Helping Hands Medical Service - HHMS

Helping Hands Medical Service - HHMS Our Health Care Service Provide Helping to Patients with Our Sincere Heart to Get the Best Medical Treatments and get well as soon as possible

12/08/2025
⛔  Let's Break It Down 🚫
28/07/2025

⛔ Let's Break It Down 🚫

အသည်းအစားထိုးလို့ရပြီလို့သိလိုက်ရတော့ အစစအရာရာ ခက်ခဲစွာဖြတ်သန်းခဲ့ရတဲ့ လူနာ/လူနာရှင်တွေအတွက် ကိုယ်ချင်းစာစိတ်နဲ့ ပီတိဖြစ...
25/07/2025

အသည်းအစားထိုးလို့ရပြီလို့သိလိုက်ရတော့ အစစအရာရာ ခက်ခဲစွာဖြတ်သန်းခဲ့ရတဲ့ လူနာ/လူနာရှင်တွေအတွက် ကိုယ်ချင်းစာစိတ်နဲ့ ပီတိဖြစ် ဝမ်းသာရတာက ဘာနဲ့မှ မလဲနိူင်အောင်ပါပဲ
အန်ကယ် အမြန်ဆုံး ရောဂါပျောက်ကင်း ကျန်းမာပါစေ ဆုတောင်းပေးလျှက်ပါ

( အတွေ့အကြုံမရှိသေးတဲ့ လူနာတွေအတွက် အပင်ပန်းခံ အသေးစိတ် စေတနာနဲ့ ဝေမျှပေးတဲ့ လူနာရှင်ကိုလဲ respect ပေးပါတယ်)
( HHMS ရဲ့ policy အရ လူနာနာမည်/လူနာဓါတ်ပုံတို့ကို ခွင့်ပြုချက်မရပဲ post မှာ မထည့်တဲ့အတွက် mention မထည့်ပါဘူးနော်)

💪💪💪💪💪

ကင်ဆာကို ရင်ဆိုင်ဖြတ်သန်းကြခြင်း - ၂

မနေ့က ကင်ဆာကို ရင်ဆိုင်ဖြတ်သန်းနေကြတဲ့ ကျနော်တို့ မိသားစုအတွေ့အကြုံကို ရေးတဲ့အခါ အိန္ဒိကိုလာဖို့ ဘာတွေ လိုအပ်မလဲ၊ ဘယ်လို လာရမလဲ၊ ဘယ်ဆေးရုံ၊ဘယ်ဆရာဝန်တွေနဲ့ ပြရမလဲ စသည်ဖြင့် လာရောက်မေးမြန်းကြသူတွေ ရှိပါတယ်။
ကျနော်ကိုယ်တိုင်လည်း အခုလက်ရှိ အထိက အိန္ဒိယမှာ ရှိနေသေးပြီး ဆေးရုံနဲ့ အသွားအပြန်လုပ်နေရတာ ဖြစ်လို့ တဦးချင်းစီကို စာပြန်ဖြေရတာ အခက်အခဲလေးတွေရှိနေပါတယ်။ နောက်ပြီး ကင်ဆာဆိုတာကလည်း တရက်ဆို တရက် မြန်မြန်ကုနိုင်လေ ကောင်းလေဖြစ်လို့ ဒီစာကိုဆက်ဖတ်ပြီး ဆုံးဖြတ်ချက်ချလို့ ရအောင်ဆက်ပြီး ရေးလိုက်ပါတယ်။
ဒါတွေရှိရင် မြန်မာပြည်ကနေ လှမ်းပြီး ဆေးရုံပြလို့ရ
------------------------------------------------

၁။ ပြမယ့်သူ၊ကုသမယ့်သူ(Patient)ရဲ့ Passport
၂။ မြန်မာပြည်က ဆေးမှတ်တမ်းများ ( သွေးစစ်ထားတဲ့ မှတ်တမ်း၊ CT ရိုက်ထားတဲ့ မှတ်တမ်း၊Endoscopy လုပ်ထားတယ်ဆိုရင်လည်း အဲ့ဒီမှတ်တမ်း၊ MRI ရိုက်ထားရင်လည်း MRI မှတ်တမ်း)
၃။ ဆေးရုံမှတ်တမ်း စာအုပ်ရဲ့ အဖုံးစာမျက်နှာ

ဒါတွေရှိရင် လူမလာသေးဘဲ အိန္ဒိယမှာ ရှိတဲ့ ဆေးရုံတွေကို လှမ်းပြီးပြလို့ရနိုင်ပါတယ်။ ( ဒီနေရာမှာ ကျနော် ကူညီပေးလို့ ရနိုင်တာက လက်ရှိ ကျနော်တို့ Medanta မှာ ကုသနေတာ ဖြစ်လို့ Medanta က ဘာသာပြန်နဲ့ ချိတ်ဆက်ပေးလို့ ရပါတယ် )
ဆေးရုံပြတဲ့ ကုန်ကျစရိတ်
-----------------------
ဒါက ကျနော် တိတိကျကျ မသိပါ။ ကိုယ့်ရဲ့ ဆေးအဖြေပေါ် မူတည်ပြီး ပြသရမယ့် ဆရာဝန်၊ဌာနတွေ ကွဲလွဲမှာ ဖြစ်လို့ ဆေးရုံဘက်ကိုသာ မေးရပါလိမ့်မယ်။ ကျနော်တို့ တုန်းကတော့ မိတ်ဆွေ ဆရာဝန် ဒေါက်တာနိုင်က ကူညီပေးတာ ဖြစ်လို့ မြန်မာပြည်ကနေ ဆေးမှတ်တမ်းတွေပို့ရတဲ့ ကုန်ကျစရိတ် မရှိခဲ့ပါဘူး။
ဆေးမှတ်တမ်းနဲ့ passport က ဘယ်လိိုပို့ရလဲ

-----------------------------------------
အကုန်လုံးကို ရှင်းရှင်းလင်းလင်းမြင်ရအောင် ဓါတ်ပုံရိုက်ပါ။ ပြီးရင် viber ကနေ ပို့ပေးရုံပါပဲ။ တကယ်လို့ နားလည်တဲ့ သားသမီးတွေ ရှိရင် ဆေးရုံရဲ့ website တွေ၊ page တွေကနေတဆင့် email address ရယူပြီး ပို့ခိုင်းရင်လည်း ရပါတယ်။
ဆေးမှတ်တမ်းပို့ပြီးလို့ ပြပြီးရင် ဘာဆက်လုပ်မလဲ
----------------------------------------------
ဆေးရုံဘက်က ဆေးမှတ်တမ်းကို ကြည့်ပြီးရင် ဘာဖြစ်တယ်၊ ဘာလုပ်ရမယ်ဆိုတဲ့ ခန့်မှန်းချက် ထွက်လာပါလိမ့်မယ်။ ခန့်မှန်းချက် လို့ ပြောရတာက မြန်မာပြည်မှာ စစ်ထားလည်း အိန္ဒိယ ရောက်ရင် ပြန်စစ်ရပါတယ်။ အဲ့ဒီ စစ်ချက်ကို ကြည့်ပြီးမှ တိတိကျကျ အဖြေ ထွက်တာမျိုးပါ။ ခန့်မှန်းချက် အဖြေထွက်လာပြီဆိုရင်တော့ ကိုယ်တိုင်နဲ့ ကိုယ့်ရဲ့ မိသားစုနဲ့ တိုင်ပင်ပါ။
ဘာတွေ စဉ်းစားရမလဲ
--------------------
၁။ကုန်ကျစရိတ်

ကင်ဆာဆိုတာလည်း သေချာပြီးတော့ ကိုယ်က မြန်မာပြည်မှာလည်း မကုချင်ဘူးဆိုရင် ကုန်ကျစရိတ်ကို စဉ်းစားရပါမယ်။ ပြန်ပ ထွက်ပြီဆိုကတည်းက ကိုယ်က နိုင်ငံခြားသားဖြစ်သွားပြီဖြစ်လို့ အစစအရာရာ ကုန်ကျစရိတ် ရှိပါတယ်။ ကိုယ်က သွားနိုင်၊လာနိုင်တဲ့ အခြေအနေမှာလည်း ရှိတယ်ဆိုရင်တော့ သွားပါ။ အနည်းဆုံးတော့ body check up လုပ်ပါ။ လုပ်ပြီးတိတိကျကျ သိရတဲ့အခါမှ နောက်တဆင့် ထပ်စဉ်းစားပါ။

၂။သွားကုမယ့် နိုင်ငံ

နိုင်ငံကတော့ ကျနော်တို့နဲ့ နီးစပ်တာက ထိုင်းရှိမယ်၊ စင်္ကာပူရှိမယ်၊ အခု အိန္ဒိယ ရှိပါတယ်။ ကျနော် ဒီ အိန္ဒိယမှာ ရှိတုန်း ရောက်လာတဲ့ မြန်မာတွေနဲ့ စကား ပြောဖြစ်တဲ့အခါ ကင်ဆာက ထိုင်းမှာ အဆင်မပြေပါ။ အစားအသောက်နဲ့ အနေအထိုင်တော့ အဆင်ပြေပါလိမ့်မယ်။ သို့သော် ပြန်စဉ်းစားရမှာက ကိုယ်က ရောဂါ ကုသမှာ ဖြစ်လို့ ရောဂါကို တကယ်သက်သာအောင် ပျောက်အောင် လုပ်ပေးနိုင်မယ့် နိုင်ငံကိုပဲ စဉ်းစားသင့်ပါတယ်။ ဘာလို့ဆို ပျော်ပွဲစား ထွက်မှာ မဟုတ်လို့ပါ။

စင်္ကာပူလည်း တခြား ကင်ဆာတော့ ကျနော်မသိပါ။ အသည်းနဲ့ပတ်သက်တာကတော့ အိန္ဒိယက အကောင်းဆုံးပါပဲ။ ဒီလိုပြောရတာက တချို့ မြန်မာပြည်ကနေ စင်္ကာပူမှာ ၂ နှစ်လောက် ဆေးကုကြတယ်၊ အဆင်မပြေတော့ အိန္ဒိယကို ရွှေ့လာကြတယ်။ အဲ့ဒီအချိန်မှာ ရောဂါက ကျွမ်းနေပြီ။ အလားတူ ထိုင်းမှာ သွားကုကြတယ်၊ ၁ နှစ်လောက်နေတော့ အဆင်မပြေဘဲ အိန္ဒိယကို ပြန်ရွှေ့လာကြတယ်၊ ရောဂါက ကျွမ်းနေကြပြီ ။ ဒီလို ဖြစ်ကြတဲ့ မြန်မာတွေကို တွေ့ခဲ့ရလို့ ဖြစ်ပါတယ်။

နောက်ပြီး စင်္ကာပူနဲ့ ထိုင်းက နေထိုင်၊စားသောက် စားရိတ်လည်း ပိုပြီး မြင့်မားပါတယ်။ ကိုယ်က ကုန်ကျစရိတ် တတ်နိုင်ရင်တောင်မှ ရောဂါကို နိုင်နင်းတာကတော့ အိန္ဒိယက ပိုပြီး နိုင်နင်းပါတယ်။ ဒီတော့ တတ်နိုင်ရင် အိန္ဒိယဆေးရုံက option ကိုလည်းယူ၊ ပြီးမှ ကိုယ်တိုင် ကုသမှု အစီအစဉ်တွေကို ယှဉ်ကြည့်ပြီး ဖြစ်နိုင်ချေတွေကို သုံးသပ်ပါလို့ အကြုံပြုပါတယ်။

၃။ ဘယ်သူတွေနဲ့ သွားမလဲ

လူနာက သွားနိုင်၊လာနိုင်တယ်ဆိုရင် အဖော် ၁ ဦးနဲ့တင် လာလို့ အဆင်ပြေပါတယ်။ တချို့အိန္ဒိယ ဘာသာစကား ရတဲ့ ဂေါ်ရခါးလူမျိုးတွေ တဦးတည်း လာတာလည်း ဆေးရုံမှာ တွေ့ခဲ့ဖူးပါတယ်။
မြန်မာဆိုရင်တော့ အဖော် အနည်းဆုံး ၁ ဦးနဲ့ လာတာ ပိုကောင်းပါလိမ့်မယ်။ သွား၊လာ လှုပ်ရှားဖို့ အခက်အခဲ ရှိရင် သားသမီး ဒါမှမဟုတ် နောက်ထပ် ၁ ဦးလောက်ကို ခေါ်လာခဲ့တာ ပိုအဆင်ပြေမှာပါ။
အေးဂျင့်နဲ့ သွားရမလား၊ ဘယ်လို သွားရမလဲ
-----------------------------------------
ဒီနေရာမှာ ကျနော် နိုင်ငံတကာ ဆေးရုံတွေရဲ့ business အကြောင်း အနည်းငယ် ရှင်းပြချင်ပါတယ်။ ဆေးရုံတွေမှာ သူတို့ ချိတ်ထားတဲ့ အေးဂျင့်တွေ ရှိကြပါတယ်။ အများစုကတော့ မြန်မာနိုင်ငံသားကိုမှ အိန္ဒိယဘာသာစကားနဲ့ အင်္ဂလိပ်လို ပြောဆိုနိုင်ကြသူတွေ ဖြစ်ကြပါတယ်။
အေးဂျင့်တွေကလည်း အိန္ဒိယရဲ့ နံမည်ကျော် ဆေးရုံတွေနဲ့ ချိတ်ဆက်ထားကြပါတယ်။
အဲ့ဒီလို ချိတ်ဆက်ထားတဲ့ နေရာမှာ ဆေးရုံ တခုနဲ့ တခုက ပေးတဲ့ salary or commission fee တွေက မတူညီကြပါဘူး။ ပွင့်ပွင့်လင်းလင်းနဲ့ နားလည်လွယ်အောင်ပြောရရင် အေးဂျင့်တွေ ရတဲ့ ဝင်ငွေ မတူညီကြပါဘူးပေါ့နော်။ ဒီတော့ တချို့ နည်းနည်း ပိုပြီး လောဘကြီးတဲ့ အေးဂျင့်များက လူနာ အကျိုးရှိဖို့ထက် သူတို့ ပိုက်ဆံ ပိုပြီး ရတဲ့ ဆေးရုံကိုပဲ သွားဖို့ တိုက်တွန်းကြတာပြောဆိုကြတာမျိုးတွေ ရှိတတ်ပါတယ်။ ဆေးရုံမှ မဟုတ်ပါဘူး။ နိုင်ငံ ရွေးရာမှာလည်း အလားတူပါ။ တချို့ ဘန်ကောက်မှာ အဆင်မပြေနိုင်မှန်း သိရဲ့သားနဲ့ ဘန်ကောက်က ဆေးရုံတွေမှာ ကုသဖို့ ပြောဆိုစည်းရုံးကြတာမျိုးတွေရှိပြီး နောက်ဆုံး ဘန်ကောက်မှာတင် ရောဂါ ကျွမ်းသွားတဲ့ အဖြစ်အပျက်တွေလည်း ကျနော် ကြားခဲ့ရပါတယ်။
ဗီဇာ
----
ဗီဇာက E Visa or E Medical Visa လျှောက်လို့ ရသလို သံရုံးမှာလည်း လူကိုယ်တိုင် သွားလျှောက်လို့ ရပါတယ်။ ရန်ကုန်သံရုံးက လျှောက်ရ နည်းနည်း ခက်သလို လူများရင် စောင့်ရပါတယ်။ မန္တလေး သံရုံးက နေ့ချင်းရပါတယ်။ ၃ နာရီလောက်ပဲ ကြာပါတယ်။ သံရုံး ဗီဇာ လျှောက်ဖို့ လိုတာက Passport , India ဆေးရုံဘက်က ခေါ်စာ၊ မြန်မာပြည်က ဆရာဝန်ရဲ့ Refer စာ ဒါလေးတွေ လိုပါတယ်။ ဖြစ်နိုင်ရင် သံရုံး ဗီဇာ လျှောက်ပါ။ အရေးကြီးတာ က Medical Visa လျှောက်ပါ။ အနည်းဆုံး ၂ လ ၊ တခါတလေ ဆို ၃ လ ရပါတယ်။ ကျနော်တို့ ဒီတခေါက် ၃ လ ရလာပါတယ်။
ဘယ်လိုလူတွေ အေးဂျင့်နဲ့ သွားသင့်လဲ
-----------------------------------
တကယ်လို့ လိုအပ်တဲ့ စာရွက်စာတမ်း ပြင်ဆင်တာတွေ၊ ဗီဇာ လျှောက်တာတွေ၊လေဆိပ်သွားတာမျိုးတွေ၊ ဒီလိုကိစ္စမျိုးတွေမှာ ကိုယ့်ကို လိုက်ပါ ဆောင်ရွက်ပေးမယ့် သူမျိုး မရှိရင် အေးဂျင့်နဲ့ သွားပါ။ အေးဂျင့်က အစ၊အဆုံး လိုက်ပါ ဆောင်ရွက်ပေးမှာ ဖြစ်လို့ အဆင်ပြေပါလိမ့်မယ်။
အနည်းဆုံး Option 3 ခု ယူပါ
---------------------------
အေးဂျင်နဲ့ရောက်လာခဲ့ပြီဆိုရင် အနည်းဆုံး ဆေးရုံ ၃ ခုလောက်ကို သွားပါ။ ကုသမှု အစီအစဉ်တွေက ဆေးရုံ ၁ခု နဲ့ ၁ ခု မတူညီသလို ဆရာဝန်ကြီးတွေရဲ့ အတွေ့အကြုံတွေက မတူညီတာမို့ နားထောင်ကြည့်ပါ။ နောက်ပြီး မေးခွန်းတွေ များများမေးပါ။
ဘာသာစကား အခက်အခဲ ရှိလား
-----------------------------
နိုင်ငံတကာ ဆေးရုံတိုင်းမှာ သက်ဆိုင်ရာ နိုင်ငံက လူတွေအတွက် ဘာသာပြန်တွေ ရှိပါတယ်။ မြန်မာဆိုရင်လည်း မြန်မာ ဘာသာပြန်တွေ ရှိပါတယ်။
ကိုယ်က အင်္ဂလိပ်လို ရရင် ဆရာဝန်နဲ့ တိုက်ရိုက် ဆွေးနွေးလို့ ရသလို အင်္ဂလိပ်လို မရရင်လည်း မြန်မာ ဘာသာပြန်နဲ့ စကားပြောလို့ ရပါတယ်။
ဘယ်မှာ ဘယ်လို တည်းခိုရမလဲ
-----------------------------

တချို့ ဆေးစစ် ( Check up ) လာတဲ့သူတွေက မြန်မာ ဘုန်းတော်ကြီးကျောင်းတွေ မှာ တည်းခိုကြပါတယ်။ ကျနော်တို့ကတော့ ဆေးရုံနဲ့ ခေါက်တုံ့ခေါက်ပြန် သွားလာရတာ ဖြစ်လို့ ဆေးရုံနဲ့ ၁၀ မိနစ်လောက် လမ်းလျှောက်သွားရတဲ့ နေရာမှာပဲ တည်းပါတယ်။ တည်းရတဲ့ အခန်းတွေက ပုံစံ ၂ မျိုး ရှိပါတယ်။ ဟိုတယ်ခန်းကိုမှ မီးဖိုချောင်မပါတဲ့ အခန်းအမျိုးအစားနဲ့ ဟိုတယ်ခန်းကို မီးဖိုချောင်ပါတဲ့ အခန်းဆိုပြီးပါ ။ မီးဖိုချောင်က common kitchen ပါ။ ဥပမာ အခန်း ၁ ခန်းကို Master Bedroom ၃ ခန်းပါတယ်ဆိုရင် ဘုံသုံးလို့ရတဲ့ မီးဖိုချောင် ၁ ခုပါပါတယ်။ ကိုယ့်အခန်းထဲမှာ ကိုယ် ရေချိုးခန်း၊အိမ်သာ၊ air con ပါပါတယ်။ မီး ၂၄ နာရီလုံး ရပါတယ်။ ကျနော်တို့ အခန်းက ၃ ယောက်နေလို့ ရပြီး တရက်ပို ရူပီး ၁၂၀၀ ပေးရပါတယ်။ တရက်ကို မြန်မာငွေ ၆ သောင်း ဝန်းကျင်ပါ။
ငွေကြေး ပြင်ဆင်မှု
-----------------
အိန္ဒိယမှာ INR အိန္ဒိယ ရူပီးငွေ သုံးပါတယ်။ ဆေးရုံတက်ရတဲ့ ကိစ္စမျိုးဆိုရင် USD ဒေါ်လာနဲ့ ပေးရပါတယ်။ ကျန်တဲ့ သွေးစစ်တာ၊ဆရာဝန်နဲ့ ပြတာအားလုံးကို ရူပီးငွေနဲ့ပဲ ပေးရပါတယ်။ မြန်မာပြည်က လာမယ်ဆိုရင် မြန်မာငွေက ၁၀ သိန်းအထိပဲ သယ်ခွင့် ရှိပါတယ်။ ပိုသယ်ရင် လေဆိပ်မှာတင် ဒေါ်လာ ဝယ်ခိုင်းပါတယ်။ စျေးကြီးပါလိမ့်မယ်။ ဒီတော့ ပထမအကြိမ်လာမယ်ဆိုရင် လိုရမယ်ရ မြန်မာငွေ သိန်း ၁၀၀၀ ကနေ ၁၅၀၀ ဝန်းကျင်ဖိုး ဒေါ်လာ လဲသွားလိုက်ပါ။ ပြီးရင်တော့ ၂ ယောက်လာမယ်ဆိုရင် ၁ ယောက်ဒေါ်လာ ၅၀၀၀ စီ ခွဲပြီး သယ်ပါ။ ၃ ယောက်ဆိုရင်လည်း မျှပြီး ခွဲသယ်ပါ။
အစားအသောက်
---------------
၁ ဦးကို Kg ၃၀ သယ်လို့ ရတာ ဖြစ်လို့ ကိုယ်စားချင်တာကို များများစားစားသယ်ခဲ့ပါ။ အခြောက်အခြမ်းများများသယ်ပါ။ တချို့ အယူရှိရင် ဝက်သားခြောက်၊ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း ရှောင်ပါ။ အယူမရှိရင်လည်း သယ်ပါ။ အိန္ဒိမှာ အမဲသား မစားကြပါဘူး။ ဒါလည်း အပေါ်မှာ ပြောသလို ကိုယ်က သူ့နိုင်ငံသွားမှာ မို့ သူ့နိုင်ငံမှာ ရှောင်တာတွေ ရှောင်မှာဆိုလည်း ရှောင်၊ မရှောင်ဘူးဆိုလည်း ရပါတယ်။ ကိုယ့်အပေါ်ပဲ မူတည်ပါတယ်။ ငါးခြောက်၊ငါးခြမ်း၊ လ္ဘက်၊ပဲကြော် စသည်ဖြင့် အနည်းဆုံး ၁ လစာ ထည့်ပြီးသယ်ပါ။
မဆလာ စားနိုင်လား
------------------
မဆလာက အိန္ဒိယရဲ့ နိုင်ငံတော် အစားအစာ ဖြစ်လို့ အစားအသောက်တိုင်းမှာ ပါပါတယ်။ လ္ဘက်ရည်ထဲလည်းသလို ကြံရည်ထဲလည်းပါပါတယ်။ ဟင်းတွေထဲဆိုတာတော့ ပြောမနေပါနဲ့။ မြန်မာတွေ မစားနိုင်ဖို့က ရာခိုင်နှုန်းများပါတယ်။ဒါကြောင့် မြန်မာပြည်က ကိုယ်စားချင်တာရှိရင် များများသယ်ခဲ့ဖို့ လိုပါလိမ့်မယ်။ ကျနော်တို့ Luggage အိတ် ၁လုံးစာ အပြည့်သယ်လာတာ ၃ ယောက်ကို ၁ လ စားလို့ ရပါတယ်။
အရေးကြီးတာက ဆန်လည်း သယ်ခဲ့ပါ။ ဒီမှာက ဗာဆမာတီ ဆန် စားကြပါတယ်။ ဆန်ကောင်းပေမယ့် ည်းနည်း စေးတဲ့အတွက် စားနေကျ မဟုတ်ရင် မစားနိုင်ပါဘူး။ ထမင်းပေါင်းအိုး၊ ဒယ်နီ၊ အိုးခွက်ပန်းကန်၊သယ်ခဲ့ပါ။
Luggage အိတ်ထဲကို တတ်နိုင်မျှ ထည့်သယ်ပါ။ လေယာဉ်ပေါ်ကို သယ်ခွင့် မရှိတဲ့ အရာတွေများပါတယ်။
သွားလာရေး
------------
ဆေးရုံနဲ့ နီးတဲ့ နေရာမှာ နေပါ။ သွားလာစရိတ်က မြန်မာပြည်နဲ့ ယှဉ်ရင် သက်သာပေမယ့် ဆေးလာကုတာ ဖြစ်လို့ လူနာ သက်တောင့်သက်သာရှိဖို့က အရေးကြီးပါတယ်။ ဒီနေရာမှာ မြန်မာပြည်က လာတဲ့ လူနာ အများစုက ဆေးရုံ ချက်ချင်းတက်ရတာမျိုး မဟုတ်ဘဲ လိုအပ်တဲ့အချိန်မှာသာဆေးရုံကို သွားရတာမျိုးပါ။ ဆေးရုံ တက်ဖို့ လိုအပ်တဲ့ ကိစ္စမျိုးဆိုရင်တော့ ဆေးရုံတက်ရပါတယ်။
မီနီအိုးဝေ ကို အိန္ဒိယမှာ အော်တို Auto လို့ခေါ်ပါတယ်။ နေရာတိုင်းမှာ ရှိပါတယ်။ Uber နဲ့ Rappido လို application တွေကနေတဆင့်လည်း ကိုယ်သွားချင်တဲ့ နေရာကို သွားလို့ ရပါတယ်။ လက်တားငှားရင် စျေးကြီးပါတယ်။ Uber နဲ့ Rappido လို app ကနေငှားရင် တော်တော် သက်သာပါတယ်။
Food Panda မရှိပါ
------------------
အိန္ဒိယမှာ Food Panda မရှိပါ။ မှာစရာရှိရင် အစားအသောက်နဲ့ လူသုံးကုန်၊ ဟင်းသီးဟင်းရွက် ၊ အသီးအနှံနဲ့ သားငါး ကအစ Swiggy ဆိုတဲ့ Application ကနေ မှာယူလို့ ရပါတယ်။ ည ၁၂ လောက်အထိကိ ပို့ပေးကြပါတယ်။
ဖုန်း Sim card
-------------
မြန်မာပြည်ကနေ လာမယ်ဆိုရင် ဖုန်းဘေ ၃ သောင်းဖိုး ထည့်ပါ။ Data roaming ရော ၊ Roaming call ပါ ဝယ်ပါ။ Roaming လည်း ဖုန်း setting ထဲမှာ ဖင့်ထားပါ။ လိုအပ်ရင် အဆက်အသွယ်လုပ်နိုင်အောင် ဖြစ်ပါတယ်။
ကိုယ်က နိုင်ငံတကာ အတွေ့အကြုံရှိရင် လေဆိပ်ရောက်ရင် ဖုန်း sim card တန်းဝယ်ပါ။ ပထမဆုံး အကြိမ်ဆိုရင်လည်း မပူပါနဲ့ အေးဂျင့် ဒါမှမဟုတ် ဘာသာပြန် သူကို စီစဉ်ခိုင်းလို့ ရပါတယ်။
Sim card က Air Tel ဆိုရင် ရူပီး ၃၅၀ ပဲ ရှိပါတယ်။ ဒါကို မသိလို့ ပထမအကြိမ်တုန်းက ၁၅၀၀ ပေးပြီး ၂ ကဒ် ဝယ်လိုက်မိပါတယ်။
ကျနော်တို့ MAX ကနေ Medanta ကို ရွှေ့ဖြစ်တဲ့အကြောင်းက ပို့စ် တခုအနေနဲ့ ရေးပြီးသား ဖြစ်ပါတယ်။ ကွန်းမန့်မှာ link ရှိပါတယ်။

Medanta or Medicity က Gurugram မှာ ရှိပါတယ်။ ရန်ကုန်က အလာဆိုရင် လေယာဉ်က အင်ဒီယာဂန္ဒီ လေဆိပ်ကို ဆင်းမှာပါ။ လေယာဉ်ပေါ်မှာရော၊လေဆိပ်မှာပါ စိတ်ပူစရာမရှိပါ။ အိန္ဒိကို အသွားဆိုရင် လေယာဉ်ပေါ်မှာ ကိုယ့်လိုပဲ ကျန်းမာရေးကိစ္စနဲ့ အိန္ဒိကို သွားတဲ့သူတွေ အများကြီး ရှိပါလိမ့်မယ်။
လေယာဉ်ပေါ်မှာ immigration အတွက် arrival card လေးတွေ ဝေပါလိမ့်မယ်။ မဝေရင်လည်း တောင်းပါ။ အဲ့ဒါလေးတွေ ကြိုဖြည့်ပါ။ အိန္ဒိယဘက်ရောက်ရင် ကိုယ့် Visa ပေါ် မူတည်ပြီး immigration counter ကိုရှာရပါမယ်။
online က လျှောက်တဲ့ E visa ဆိုရင်လည်း counter အပေါ်ဘက်မှာ E Visa or E Medical Visa ဘာညာ ရေးထားလေ့ ရှိပါတယ်။ သံရုံးကို သွားလျှောက်တာ ဆိုရင် Sticker Visa ဆိုပြီး ရေးထားတာကို ရှာပါ။ ပြီးရင်တန်းစီပါ။ အမေးအမြန်း မရှိပါ။ မေးရင်လည်း ဆေးလာကုတာပါလို့ ပြောရုံပါ။
ပြီးရင်တော့ Luggage အိတ်တွေ ရွေးပြီး အပြင်ထွက်ရုံပါ။ အပြင်မှာ ဆေးရုံဘက်ကအခေါ်လွှတ်လိုက်တဲ့ အကြိုလူက ကားနဲ့ လာစောင့်နေပါလိမ့်မယ်။
ပြီးရင် တည်းရမယ့် နေရာကိုပို့ပေးပါလိမ့်မယ်။ နားပြီးမှ ဆေးရုံကို သွားဖို့ လာခေါ်ပါလိမ့်မယ်။
ဆေးရုံမှာလည်း မြန်မာတွေ အများကြီးတွေ့မှာပါ။ တည်းတဲ့ နေရာမှာလည်း ရှိကြပါတယ်။ ထင်ထားသလောက်ကို ဘာမှ အခက်အခဲ မရှိနေပါ။
ချက်စားလို့ရလား
----------------
ရပါတယ်။ကျနော်တို့လည်း ပါလာတာကုန်တော့ ချက်စားကြပါတယ်။ ကျနော်တို့က Sector 39 ( ဆေးရုံနဲ့ ကားလမ်းပဲခြား ) မှာ နေကြတော့ စျေးနဲ့လည်း နီးပါတယ်။ စျေးကလည်း လမ်းလျှောက်သွားလို့ရပါတယ်။ ညနေပိုင်းစျေးသေးသေးလေးပါ။ အသား ၊ ငါး၊ ဟင်းသီးဟင်းရွက် တွေ ပေါပါတယ်။ အိုးဝေနဲ့ သွားရင် ရူပီး ၅၀ - ၆၀ မြန်မာငွေ ၂၅၀၀ ဝန်းကျင်လောက်ပေးရပါတယ်။ ဒီမှာက Kg နဲ့ အရောင်းအဝယ်လုပ်ကြပါတယ်။ မြန်မာငွေ ၃သောင်းဖိုးဆို ၁ပတ်စာလောက် ချက်စားလို့ ရပါတယ်။ အိန္ဒိယလိုမတတ်လဲ စျေးဝယ်လို့ရပါတယ်။
စျေးဝယ်နည်း
------------
How much for 1 Kg လို့ အရင်မေးပါ။ ပြိးမှ ကိုယ်က ၅၀ သားလောက်ပဲ လိုတယ်ဆိုရင် how much for half လို့ ပြန်မေးပြီး လိုသလောက်ဝယ်ပါ။ စျေးထဲမှာ အကြွေ လဲလို့ အင်မတန်ကောင်းပါတယ်။ Taxi or အိုးဝေ စီးရင် အကြွေမရှိတဲ့ ပြဿနာ ရှိပါတယ်။ အိန္ဒိမှာက Digital pay တွေပဲ သုံးကြတော့ အကြွေရှားပါတယ်။ စျေးထဲ ရောက်ရင် အကြွေများများလဲထားပါ။
ဖြည့်စွက် အကြံ
--------------
ကင်ဆာဆိုရင် အိန္ဒိယကို သွားပါ။ သေချာပါတယ်။ စင်္ကာပူ၊ ဘန်ကောက် က လူတွေ အိန္ဒိယကိုပဲ ပြန်ပြီး လာကြရပါတယ်။ Medanta ကို ဦးစားပေးပါ။ တချို့ပြောကြတာရှိပါလိမ့်မယ် ၊ Medanta က စျေးကြီးတယ်လို့ ပေါ့။ တခု သိထားဖို့က အိန္ဒိမှာ ဆေးရုံတွေအားလုံးက ၁ နှစ် ၁ ခါ စျေးတက်ဖို့ meeting လုပ်ကြပါတယ်။ ပြီးမှ စျေး အတူတူ တက်ကြပါတယ်။ ဒါကြောင့် ဆေးရုံ ၁ ခုနဲ့ ၁ခု စျေးက မကွာပါ။ နောက်ပြီး ကိုယ်က ကိုယ့်ကျန်းမာရေးအတွက် ကောင်းတာ၊သေချာတာကိုလိုချင်လို့ လာတယ်ဆိုတာကို လည်း သတိရပါ။
ဘာကြောင့် Medanta လဲ
-----------------------
ကျနော်တို့ကိုယ်တွေ့ ဖြစ်တာရယ်၊ တခြား မြန်မာတွေရဲ့ အတွေ့အကြုံတွေကို နားထောင်ခဲ့ရတာကြောင့်ရော Medanta ကိုပဲ ဦးစားပေးဖို့ ညွှန်းချင်တာပါ။

စနစ်အင်မတန်ကောင်းပါတယ်
မလိုအပ်ဘဲ ဘာမှ မလုပ်ခိုင်းပါ။ လူနာက လုပ်ချင်နေလည်း မလိုအပ်ရင် မလုပ်ခိုင်းပါ။ ဒီအတွက် ပိုက်ဆံ အပိုမကုန်ပါ။

နောက်ပြီး ဆရာဝန်ကြီးတွေက အတွေ့အကြုံ အင်မတန်များပါတယ်။ Rating လည်း အရမ်းကောင်းပါတယ်။ ဆေးရုံက india မှာ နံပါတ် ၁ မှာ ရှိပြီး ကမ္ဘာ့အဆင့်မှာ ၆ ရှိပါတယ်။ ခွဲစိတ်ပေးတဲ့ ဆရာဝန်ကြီးက Gold Medalist ရွှေတံဆိပ်ဆုရ ဖြစ်ပါတယ်။

MAX က ဆရာကြီးလည်း Gold Medalist ဖြစ်ပါတယ်။ သို့သော် ဒီနေရာမှာ တခု ထပ်ပြီး သိဖို့ လိုအပ်တာက team ၁ ခုလုံး ကောင်းဖို့ အရေးကြီးတယ်ဆိုတာပါ။
ဥပမာ ပေးရရင် - ခွဲတဲ့ ဆရာကြီးနဲ့ မတွေ့ခင် အောက်မှာတင် ဘာသာပြန်နဲ့ ဆေးရုံက မလိုအပ်ဘဲ တခြား ကုသမှုတွေ၊စစ်ဆေးမှုတွေ လုပ်ခိုင်းလိုက်တယ်ဆိုရင် အဆင်မပြေတော့တာမျိုးပါ။
ဘယ်လိုမပြေလဲဆိုတာ ထပ်ပြီးဥပမာပေးပါ့မယ်။
MAX ကို ကျနော်တို့ ရောက်တော့ immunotherapy လုပ်ရမယ်ဆိုပြီး ပြောပါတယ်။ immuno ဆိုတာက ရောဂါကို ထိန်းချုပ်တာ ဖြစ်ပြီး ကုသတာ မဟုတ်ပါဘူး။ ထပ်မပျံ့အောင်ပဲ ထိန်းချုပ်တာပါ။
immuno ကို အရင် လုပ်မယ်ဆိုရင် ခန္ဓာကိုယ်ကနေ ဆေးကို တုံ့ပြန်တဲ့ ကာလ တလျှောက်လုံး သွင်းသွားရတော့မှာ ဖြစ်ပါတယ်။ immuno ဆေးက စျေးအင်မတန် ကြီးပါတယ်။ မြန်မာငွေနဲ့ဆိုရင် သိန်း ၃၅၀ နဲ့ ၄၀၀ ကြားမှာ ရှိပါတယ်။ သူ့ချည်းပဲ သွင်းလို့မရပါဘူး။ နောက်ထပ် ဆေးတလုံး ( သိန်း ၅၀ ) ဝန်းကျင် ထပ်ပြီီးဝယ်သွင်းရပါသေးတယ်။ သိန်း ၅၀ ဝန်းကျင်ဆိုတာ စျေးအနည်းဆုံး ဆေးပါ။ သူ့ထပ် ပိုစျေးကြီးတာတွေ ရှိပါသေးတယ်။
immuno က Buy 1 Get 1 တို့ Buy 1 Get 2 တို့ ရှိပါတယ်။ သို့သော် နောက်ထပ် ဝယ်သွင်းရတဲ့ ဆေးက မရှိပါ။ တကယ်လို့ ဆေးအလုပ်လုပ်တဲ့အထိ သွင်းရတော့မယ်ဆိုရင် ကုန်ကျစရိတ်နဲ့ ထိရောက်မှုကို ထည့်တွက်ရပါ့မယ်။ သို့သော် ဒီနည်းလမ်းကို တခြား ကုသမှု နည်းလမ်း မရှိတဲ့အခါမှာ သုံးပါတယ်။
အထူးသဖြင့် အသက်အရွယ်အားဖြင့် ကြီးရင့်သူတွေ၊ တခြား အစိတ်အပိုင်းတွေ အများကြီးကို ရာခိုင်းနှုန်း အများကြီး ပျံ့နှံ့နေသူတွေအတွက် အသုံးပြုပါတယ်။ ကီမိုနဲ့ မတူတာက ဒီဆေးသွင်းပြီးတဲ့အခါ နေထိုင်လို့ ကောင်းတာ၊အစားအသောက် ပိုစားဝင်တာမျိုး ဖြစ်ပါတယ်။ လူကို ထိခိုက်မှု နည်းပါးပါတယ်။ နာကျင်မှုလည်း မရှိပါ။
ကုသမှု နည်းလမ်းများ
--------------------
TARE
TACE
SBRT
Immunotherapy
Transplant
ဒီနည်းလမ်းတွေက အသည်းနဲ့ပတ်သက်ပြီး ကျနော် ဆေးရုံမှာ ရှိနေတဲ့ အချိန်မှာ မြင်ရ၊ကြားရတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ ဘာပဲ လုပ်လုပ် နောက်ဆုံးမှာ အသည်းအစားထိုးခြင်း - Transplant ကသာ ရေရှည်အတွက် အကောင်းဆုံးဖြစ်ပါတယ်။
ကုသမှု နည်းလမ်းတွေက တယောက်နဲ့ တယောက်ဖြစ်တဲ့ အပေါ် မူတည်ပြီးကွဲပါတယ်။ ကျနော်တို့ case မှာ ဆိုရင် AFP ၅သောင်းကျော်ဖြစ်တဲ့အပြင် အဆုတ်ကိုပါ သံသယ ရှိခဲ့ပါတယ်။ ဒါ့အပြင် အသည်းရဲ့ ဘေးနှုတ်ခမ်းမှာပါ အကျိတ် ရှိတာ ဖြစ်တဲ့အတွက် SBRT ခေါ် Radiation ကို ၁၀ ကြိမ် အရင်လုပ်ရပါတယ်။ ပြီးမှ immuno ကို ၃ ကြိမ်သွင်းရပါတယ်။
အဲ့ဒါပြီးမှ Transplant လုပ်လို့ ရမရ ကို စောင့်ကြည့်ရပါတယ်။
အသည်းအစားထိုးခြင်းက အကောင်းဆုံးလို့ ပြောရခြင်းက လည်း အကြောင်း ရှိပါတယ်။ တချို့ immuno လုပ်သွားတယ်၊ TARE လုပ်သွားတယ် ဆေးသောက်ပြီး နေတယ်၊ ၅ လ ၁ နှစ်မှာ ပြန်ပြီး ဖြစ်ကြတယ်ဆိုတဲ့သူတွေလည်းကနော် တွေ့ခဲ့ရလို့ပါ။ ဆရာဝန်ကြီးတွေကလည်း ကိုယ်က လဲလို့ ရတဲ့ အခြေအနေမှာ ရှိနေရင် ကံကောင်းတယ်။ ဒါကြောင့် လဲနိုင်ရင် လဲပါလို့ အကြံပေးကြပါတယ်။
အသဲလဲဖို့ ဘာတွေ လိုလဲ
----------------------
အရင်ဆုံးတော့ ငွေကြေး ပမာဏ ၁ ခုလိုအပ်ပါတယ်။ ကိုယ်က Transplant ကို တန်းပြီး သွားလို့ရတဲ့သူဆိုရင် Medanta ရဲ့ package က မြန်မာငွေ သိန်း ၁၂၀၀ ဝန်းကျင်မှာ ရှိပါတယ်။ ဒါက ဆေးရုံ တက်စရိတ်တွေ၊ ခွဲစိတ်ခ၊ ဆေးစစ်၊သွေးစစ်၊ သူနာပြုနဲ့ ပြန်လည်ကောင်းမွန်ကောင်း လေ့ကျင့်ပေးတာမျိုးတွေ ပါဝင်ပါတယ်။
အလှူရှင်
-------
အသည်း လှူမယ့်သူက ပြင်ပက donar ဖြစ်လို့ မရပါဘူး ။ မိသားစုဝင်ဖြစ်ရပါမယ်။ သွေးအမျိုးစား တူလည်းရသလို မတူလည်း ရပါတယ်။ မတူရင် ပိုက်ဆံ ပိုကုန်မှာပါ။
နောက်တခုကတော့ ကိုယ်က အသည်း လဲလို့ရတဲ့ လိုအပ်ချက်တွေ ပြည့်မီ၊မမီ ပဲ ဖြစ်ပါတယ်။

AFP Level အရမ်းများနေတာမျိုး၊ တခြား နေရာတွေမှာ ပျံ့နှံ့နေတာမျိုးဆိုရင် လဲလို့ မရပါဘူး။
အိန္ဒိယမှာ ဘယ်လောက်ကြာကြာနေရလဲ
------------------------------------
ဆေးစစ်ရုံဆို မကြာပါဘူး။ အလွန်ဆုံး ၁ ပတ်ပါ ။ ကင်ဆာအတွက် ကုရင်းလာမယ်ဆိုရင် ကုသရမယ့် အစီအစဉ်ပေါ်မူတည်ပြီး ကြာပါတယ်။ ၁ ချို့ ဒီမှာ ၃ လ လောက်နေရပါတယ်။ ကျနော်တို့ ပထမ အကြိမ်မှာတုန်းက ၁လခွဲကြာပါတယ်။ ပြီးတော့ မြန်မာပြည်မှာ ၁ လလောက်ပြန်နေပြီး ဆေးဆက်သွင်း၊ အခု ဒုတိယအကြိမ်က ၂ ပတ် ရှိပါပြီ။ တဦးနဲ့ တဦးတော့ မတူညီနိုင်ပါဘူး။


ကျနော်တို့ ဘယ်လောက််််််ကုန်လဲ

----------------------------

ကျနော်တို့က ချက်ချင်း လဲမရတာ ဖြစ်လို့ SBRT + Immuno ၃ ကြိမ် လုပ်ရပါတယ်။ စုစုပေါင်း မြန်မာငွေ သိန်း ၁၅၀၀ ဝန်းကျင်ကုန်ပါတယ်။ အသည်း လဲရင် ဒီလောက် ဝန်းကျင်ထပ်ပြီး ကုန်ဦးမှာပါ။
ဒီလောက်ဆိုရင် တော်တော် ပြည့်စုံပြီလို့လည်း ယူဆမိပါတယ်။ အားလုံးအတွက်လည်း ကျနော်တို့ အတွေ့အကြုံက အထောက်အကူဖြစ်မယ်လို့ ယူဆမိပါတယ်။

ကျနော်ကူညီပေးလို့ ရတာတွေက ဒီမှာ ကျနော်တို့ကူ ကူညီပေးနေတဲ့ ဆေးရုံဘက်က ဘာသာပြန်နဲ့ ချိတ်ဆက်ပေးလို့ ရပါမယ်။ ဗီဇာလျှောက်ဖို့ ကျနော့် အသိနဲ့ ချိတ်ပေးလို့ ရမယ်။ ဆေးရုံ refer စာလိုအပ်ရင် ကျနော့် မိတ်ဆွေ ဆရာဝန်တွေနဲ့ ချိတ်ဆက်ပေးလို့ ရမယ်။ ( ဒါတွေအတွက် ပိုက်ဆံလည်း ပေးစရာမလိုပါ၊ ဘာမှ မလိုအပ်ပါ ) ကျနော်တို့အဆင်ပြေသလို အားလုံးကို အဆင်ပြေစေချင်ရုံမျှသာ ဖြစ်ပါတယ်။
စာကြွင်းကတော့ messenger မှာ လာမေးကြတဲ့အခါ ချက်ချင်း စာမပြန်နိုင်တာကို ခွင့်လွှတ်ဖို့ပါ။ ကျနော်ကိုယ်တိုင်က လုပ်ငန်းဦးဆောင် လုပ်နေသူတဦး ဖြစ်တာကြောင့် အိန္ဒိယကိုရောက်နေချိန်မှာတောင် မြန်မာပြည်မှာ ကျန်ခဲ့တဲ့ လုပ်ငန်းကို လှမ်းပြီး စီမံပေးနေရသေးတာကတကြောင်း ၊ လိုအပ်ရင် ဆေးရုံကို အပြေးအလွှားသွားနေရတာက တကြောင်းကြောင့်ပါ။ ဒါကြောင့်လည်း ဒီစာကို အချိန်ပေးပြီး အတတ်နိုင်ဆုံး ပြည့်စုံအောင်ရေးသား ရခြင်းပါ။
အားလုံး ကင်ဆာကို ရင်ဆိုင်ကျော်လွှားနိုင်ကြပါစေခင်ဗျာ။



Helping Hands Medical Service

ကို Ganesh Tun Tun - India တာဝန်ခံ (COO)
+91 9205 1781 32 ( viber/ Whatsapp/ Direct line)

မ Cynthia Yintn - ( Founder)
+91 8587 8087 06 (Viber/ Whatsapp/ Direct line)

မ Sophie Khin - မြန်မာပြည် တာဝန်ခံ (COO)
+95 9 257 069 136 ( Viber/ Whatsapp/ Direct line)



#အသည်းအစားထိုး

Medanta မှာ ဆေးကုသနေတဲ့ လူနာရှင်တယောက်ရဲ့အတွေ့အကြုံပါအကောင်းဆုံးကုသမှုနဲ့ အမြန်ဆုံးကျန်းမာပါစေ ဆုတောင်းပေးနေပါတယ်(အတွေ့အ...
25/07/2025

Medanta မှာ ဆေးကုသနေတဲ့ လူနာရှင်တယောက်ရဲ့အတွေ့အကြုံပါ
အကောင်းဆုံးကုသမှုနဲ့ အမြန်ဆုံးကျန်းမာပါစေ ဆုတောင်းပေးနေပါတယ်

(အတွေ့အကြုံမရှိသေးတဲ့ လူနာတွေအတွက် အပင်ပန်းခံ အသေးစိတ် စေတနာနဲ့ ဝေမျှပေးတဲ့ လူနာရှင်ကိုလဲ respect ပေးပါတယ်)
( HHMS ရဲ့ policy အရ လူနာနာမည်/လူနာဓါတ်ပုံတို့ကို ခွင့်ပြုချက်မရပဲ post မှာ မထည့်တဲ့အတွက် mention မထည့်ပါဘူးနော်)

⬇⬇⬇⬇⬇

ကင်ဆာကို ရင်ဆိုင်ဖြတ်သန်းကြခြင်း

မမျှော်မှန်းထားတာမျိုးတွေခဏခဏ ကြုံခဲ့ဖူးတော့ ဒီနှစ်အပိုင်းအခြားတွေထဲမှာ ကျနော့် စိတ်က တော်တော်လေးကို တည်ငြိမ်နေပါပြီ။ ဒါကြောင့်လည်း ကျနော့်ကို လူကသာ သေးသေးလေး၊စကားပြောလိုက်တော့ လူကြီးပုံစံလို့ပြောကြတာဖြစ်ပါလိမ့်မယ်။ ဒါကတော့ ကျနော်ဖြတ်သန်းရတဲ့ အခြေအနေတွေကြောင့် ဇွတ်လူကြီးဆန်နေတာဖြစ်ပါလိမ့်မယ်။
အခုလည်း ကျနော့်အိမ်ထောင်သက်နှစ်နှစ်မပြည့်ခင်မှာ နောက်ထပ် မမျှော်လင့်ထားတဲ့ အရာက ကျနော့်အမျိုးသမီးရဲ့ ဖခင် ၊ ကျနော့် ယောက္ခထီးက ကင်ဆာဖြစ်ပါတယ်။
ကင်ဆာဆိုတာမျိုးက မိသားစုထဲဝင်လာရင် စိတ်ပိုင်းဆိုင်ရာ၊ငွေကြေးနဲ့ တခြား ထိခိုက်မှုတွေ အများကြီးဖြစ်လေ့ရှိတာကို တခြားမိသားစုတွေဆီက တဆင့်စကားအရ သိရှိထားပြီးဖြစ်ပေမယ့်လည်း ကိုယ်တွေ့ကြုံရတဲ့အခါ တုန်လှုပ်မိတာတော့ အမှန်ပါပဲ။
ဒီကင်ဆာကို ကျနော့်အမျိုးသမီးနဲ့အတူတူ ရင်ဆိုင်ဖြေရှင်းရင်း သိလာရတာက ကျနော်တို့ မြန်မာလူမျိုးတွေ အမျိုးမျိုးသော ကင်ဆာတွေ ဖြစ်နေကြပြီး မလိုအပ်ဘဲ အသက်ဆုံးရှုံးမှုတွေ၊ငွေကြေးဆုံးရှုံးမှုတွေဖြစ်နေကြတယ်ဆိုတာကိုပါ။
ဒါကြောင့် ကျနော်တို့ ကင်ဆာကို ဘယ်လိုရင်ဆိုင်နေကြလဲဆိုတဲ့ ဘ၀အတွေ့အကြုံကို လိုအပ်သလို အသုံးချနိုင်အောင် ပြန်လည်မျှဝေပေးချင်ပါတယ်။
ရုတ်တရက် ရင်ဆိုင်ရခြင်း
-----------------------
တကယ်တော့ ငလျင်မလှုပ်ခင် ၃ လပိုင်းကုန်နဲ့၄ လပိုင်းက ကျနော်တို့လည်း ရန်ကုန်မှာ ရုံးစဖွင့်တာ မကြာသေးတဲ့အချိန်မို့ လူရော၊စိတ်ရော ရှုပ်နေကြတဲ့ အချိန်ပါ။ ၃ လပိုင်း လလယ်လောက်မှာ ယောက္ခထီးက ဝမ်းအမဲသွားတာ ၃၊၄ ရက်ရှိပြီး သွေးပေါင်ချိန်ကျတာကြောင့် မန္တလေးက ပုဂ္ဂလိက ဆေးရုံ တခုမှာ စစ်ဆေးပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းကို မှန်ပြောင်းကြည့် တဲ့အခါ အစာအိိိိိိမ််နဲ့ အူလမ်းကြောင်းမှာ သွေးကြောပေါက်နေတာတွေ့ရပြီး လိုအပ်တဲ့ ကုသမှု လုပ်ရပါတယ်။
ဒါပေမယ့် နောက်ဆက်တွဲအနေနဲ့ အသည်းကိုပါ CT Scan လုပ်ခိုင်းတဲ့အတွက် လုပ်တဲ့အခါ Spot သေးသေးလေးတွေ တွေ့ကြောင်းပြောပြီး ဆေးပေးလိုက်ပါတယ်။ လူကြီးတွေကတော့ ဆရာဝန်ပေးတဲ့ ဆေးကိုပဲ သောက်ပြီး နေဖို့ ဆုံးဖြတ်ထားပုံရပါတယ်။
ကျနော့် အမျိုးသမီးက ဆရာဝန်ပြောတဲ့ ဆေးကို google search လုပ်ကြည့်တဲ့ အခါ ကင်ဆာဆေးဖြစ်နေတာကို သွားပြီး တွေ့ပါတယ်။ ဆရာဝန်ကတော့ ၁ လတိတိသောက်ခိုင်းပြီး ပြန်ပြရမှာဖြစ်ကြောင်းပဲပြောပါတယ်။
ကျနော့် အမျိုးသမီးနဲ့ ယောက်ဖကတော့ သူတို့ချင်းတိုင်ပင်ပြီး နိုင်ငံခြားမှာ ဆေးကုခိုင်းဖို့ စီစဉ်ချင်ကြောင်းပြောပါတယ်။ ကျနော်လည်း အသိမိတ်ဆွေ ဆရာဝန်ဖြစ်တဲ့ ဒေါက်တာနိုင်(ဓူဝံဆေးရုံ) နဲ့ ဖြစ်ကြောင်းကုန်စင် တိုင်ပင်ပြီး နည်းလမ်းတွေ ဆွေးနွေးကြည့်ပါတယ်။ အဖြေကတော့ အသည်းနဲ့ပတ်သက်လာရင် အိန္ဒိယက အကောင်းဆုံးဖြစ်ကြောင်း သွားချင်ရင် ဟိုမှာရှိနေတဲ့ သူတွေနဲ့ ချိတ်ဆက်ပေးနိုင်ကြောင်း ဆရာကပြောပါတယ်။
ဒီလိုနဲ့ ကျနော်တို့လည်း လူကြီးတွေကို မပေါ့ဆသင့်ကြောင်း သေချာအောင် သွားပြီး စစ်သင့်ကြောင်း၊နောက်ဆုံးပိတ် ကင်ဆာ သေချာရင်တောင် အသည်းကို လဲလို့ ရနိုင်ကြောင်း ရှင်းပြပြီး သွားဖို့ စီစဉ်ကြပါတယ်။
မသွားခင်မှာ ပထမဆုံး လုပ်ကြတာက ဒီမြန်မာပြည်က ဆေးရုံတွေမှာ စစ်ထားတဲ့ အဖြေအားလုံးကို အိန္ဒိယမှာ ရှိနေတဲ့ နာမည်ကြီး ဆေးရုံတွေကို ကြိုပို့ပြီး ဖြစ်နိုင်ချေ ရှာတာပါ။ ဒါတွေကို ဆရာနိုင် က ကူညီပြီး လုပ်ပေးခဲ့ပါတယ်။ ဒီအတွက်လည်း ကျေးဇူးအများကြီးကို တင်ရပါတယ်။ ကျနော်တို့ ကိုယ်တိုင်ဆို ဘယ်ကဘယ်လို စီစဉ်ရမှန်း ချက်ချင်း သိမှာ မဟုတ်ပါဘူး။
ဆေးရုံ ၅ ရုံက ပြန်ရတဲ့ အဖြေကတော့ အသည်းကင်ဆရာ ကတော့ သေချာပြီး၊ Stage ဘယ်လောက်လဲ ဘာညာဆိုတာ သိရဖို့ကတော့ Pet Scan ရိုက်ဖို့ လိုအပ်တယ်။ မြန်မာပြည်မှာတော့ ရန်ကုန်က မိုးကောင်းရတနာ ဆေးရုံတခုတည်းမှာပဲ Pet CT Scan က ရိုက်လို့ရတယ်။ ဒါတောင် ချက်ချင်း ရဖို့က မသေချာဘဲ ရက်ချိန်းတွေနဲ့ စောင့်ရဖို့ကများတယ်လို့ သိရပါတယ်။
ကျနော်တို့လည်း အလျင်လိုနေတာ ဖြစ်တဲ့အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေပြင်ဆင်ပြီး ထွက်ဖို့ပြင်ကြပါတယ်။ ကြားထဲမှာ ငလျင်လှုပ်တာနဲ့ ဘာညာဆိုတော့ ၄ လပိုင်းလလယ်လောက်မှာမှ အိန္ဒိယကို ထွက်ဖြစ်ကြပါတယ်။ မြန်မာပြည်က ပေးတဲ့ ကင်ဆာဆေးသောက်တာက ၂၈ ကြိမ်ရှိပြီဖြစ်ပြီး ဝမ်းအမည်းသွားတဲ့ case ကနေ စပြီး ရေတွက်ရင် ၁ လဝန်းကျင်ရှိပြီဖြစ်ပါတယ်။
အိန္ဒိယရောက်တော့ နယူးဒေလီမှာရှိတဲ့ MAX ဆိုတဲ့ ဆေးရုံမှာ register လုပ်ကြပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ကြပါတယ်။ MAX ကို ကနဦး ရွေးဖြစ်တာကလည်း ဆရာချိတ်ပေးလိုက်တဲ့ အမကသူအေးဂျင့်လုပ်နေတဲ့ ဆေးရုံဖြစ်တဲ့အတွက် အဆင်ပြေနိုင်တယ်ဆိုပြီး recommend လုပ်ပေးတာကြောင့်ဖြစ်ပါတယ်။ ဒီအထိ အိန္ဒိယက ဆေးရုံတွေနဲ့ပတ်သက်ပြီး ကျနော်တို့ရဲ့ knowledge က zero ပါပဲ။
လိုအပ်တဲ့ ဆေးစစ်မှုတွေလုပ်ပြီးတဲ့အချိန်မှာ ဆေးရုံဘက်က Metastasis Cancer လို့ ကောက်ချချက်ပါတယ်။ ဆိုလိုတာက အသည်းတခုတည်းမှာတင်မဟုတ်ဘဲ အဆုတ်နဲ့ သွေးကြောတွေကိုပါ ပြန့်နှံ့နေပြီဖြစ်လို့ အသည်းအစားထိုးလို့ မရနိုင်တော့ဘူးပေါ့။ ဒီအတွက် treatment plan ကလည်း ကီမိုသွင်းမလား၊ဒါမှမဟုတ် နောက်ဆုံးပေါ် immunotherapy လုပ်မလားဆိုတာပဲရှိပါတယ်။
ဒီအချိန်မှာ မြန်မာပြည်မှာ ကျန်ခဲဲ့ ယောက်ဖဆီက information တခု ရပါတယ်။ သူ့ မိတ်ဆွေက Medanta ဆေးရုံမှာ ကုပြီး သက်သာသွားတယ်ဆိုတာပါ။ ဒါနဲ့ Medanta က အကိုတယောက် contact ကို ယောက်ဖီဆီက ယူပြီး ဆက်သွယ်ကြပါတယ်။ တဖက်က MAX မှာတော့ immunotherapy လုပ်ဖို့ စာရင်းပေးထားပြီးနေပါပြီ။ Medanta ကို ဆက်သွယ်ကြည့်တာကတော့ ကောက်ရိုးတမျှင်စာမျှော်လင့်ချက် အတွက် တခြား option ရှိလိုရှိငြားပါ။
မနက်ဖြန်မှာ immunotherapy လုပ်တော့မယ်ဆို ဒီနေ့လိုနေ့မျိုးမှာ Medanta ကို ကျနော်တို့ ရောက်ပြီး ခွဲစိတ်ဘက်ကရော အသည်းဘက်ကရော ဆရာဝန်တွေနဲ့ ဆွေးနွေးကြည့်ကြပါတယ်။ Surgeon ဘက်က အဖြေကတော့ Transplant လုပ်လို့ရမယ့် Criteria တွေထဲမဝင်နေတဲ့အတွက် မရနိုင်သေးဘူး။ Down-staging အရင် လုပ်ရမယ်ဆိုပြီး အသည်းဘက်လွှဲပေးပါတယ်။ အသည်းဘက်က ဆရာဝန်နဲ့ရော ဆေးရုံဘက်က အကို ကိုဂန်းနစ်ရ်တို့နဲ့ရော စကားပြောပြီးချိန်မှာ နောက်ထပ် treatment plan တွေ ထပ်ပြီး ထွက်လာပါတယ်။
Medanta ဆေးရုံးဘက်က မှတ်ချက်က အဆုတ်ကို ပျံ့နေပြီဆိုတာ မဟုတ်သေးကြောင်း။ လောလောဆယ် Metastasis လို့ပြောလို့မရသေးကြောင်းနဲ့ SPRT & Immunotherapy ကို လုပ်မယ်ဆိုရင် AFP Level ကျသွားပြီး နောက်ပိုင်းမှ Transplant က လုပ်လို့ရနိုင်ကြောင်းကနဦးအဖြေထွက်လာပါတယ်။
ဒါနဲ့ပဲ အဲ့ဒီညနေခင်းမှာ MAX ဆေးရုံနဲ့ ချိတ်ဆက်ပေးတဲ့ အမ ကို Medanta မှာ ဒီလို option ရှိကြောင်း၊ဆေးရုံရွှေ့ဖို့ အမစီစဉ်ပေးလို့ရရင်စီစဉ်ပေးပါဆိုပြီး အကြောင်းကြားကြပါတယ်။ ညဘက်မှာ reply ပြန်ရတာကတော့ Medanta အပါအဝါ တခြားဆေးရုံတွေကိုလည်း သူမေးပြီးပြီဖြစ်ကြောင်း immunotherapy ကို အရင်လုပ်ရမှာဖြစ်ကြောင်းကိုသာ အကြောင်းပြန်ပါတယ်။ ဒါနဲ့ပဲ ဒီလိုဆိုရင်တော့ ကျနော်တို့ ကိုယ့်အစီအစဉ်နဲ့ကိုယ်သာ Medanta ကို ရွှေ့ဖို့ စီစဉ်ကြပါတယ်။ ဆရာနိုင့်ကိုလည်း အကျိုးအကြောင်း လှမ်းပြောတော့ SPRT လုပ်လို့ရရင် လုပ်သင့်ကြောင်း recommend ပေးပါတယ်။
နောက်ရက် မနက်မှာ MAX ဆေးရုံဘက်က မားကတ်တင်း team ကတော့ သူတို့ဆီကို တခေါက်လာပြီး ဆွေးနွေးဖို့ ခေါ်ပါတယ်။ အားနာတာရောရှင်းရှင်းလင်းလင်းဖြစ်ချင်တာရောကြောင့် Medanta သွားမယ့် နေ့ရဲ့ မနက်မှာ MAX ဘက်ကို သွားပြီး သူတို့ပြောတာတွေ နားထောင်ကြပါတယ်။ သို့သော်လည်းကျနော်််််တို့ဆုံးဖြတ်ချက်ကတော့ သေချာနေပြီမို့ ဆေးရုံက အပြန်မှာတင် Medanta ဘက်ကို ရွှေ့လိုက်ကြပါတော့တယ်။
Medanta ရောက်ပြီး နောက်ရက်တွေမှာတော့ လိုအပ်တဲ့ အသေးစိတ် စစ်ဆေးမှုတွေ၊ဆရာဝန်တွေနဲ့ တွေ့ပြီး SPRT လုပ်ကြပါတယ်။ SPRT ဆိုတာကတော့ အသည်းတခုလုံးကို 3D scan ပုံဖော်ပြီး tumor တွေကို တိတိကျကျ လေဆာနဲ့ ပစ်ပြီးချေဖျက်တာမျိုးပါ။
ကျနော့် ယောက်က္ခထီးရဲ့ အသည်းမှာက tumor အကြီး သုံးလုံးရှိနေပြီး တလုံးက အသည်းရဲ့ ဘေးနှုတ်ခမ်းသားနားမှာဖြစ်နေတာမို့ အချိန်မရွေး အဆုတ်နဲ့ ကိုယ်တွင်းကလီစာတွကို ကူးစက်နိုင်ချေရှိနေပါတယ်။ ဒါ့အပြင် Tumor က ကွဲထွက်ပြီး ဘေးကို ပျံကုန်မှာ စိုးရတဲ့အတွက် SPRT ကို ပုံမှန်ပြင်းအားထက်လျှော့ပြီး လုပ်ရတဲ့အတွက်လည်း ပုံမှန်ထက် ၂ ဆ အချိန်ပေးရပါတယ်။
နောက်ဆုံးမှာတော့ SPRT ၁၀ ကြိမ် အောင်မြင်သွားပြီး၊ immunotherapy လုပ်ဖို့ အချိန်ထပ်စောင့်ရပါတယ်။ immunotherapy က ကုသတာ မဟုတ်ဘဲ ရှိနေတဲ့ ကင်ဆာဆဲလ်တွေ ဘေးကု ထပ်ပြီး မပျံ့သွားအောင် ဆေးနဲ့ ထိန်းတဲ့ ကိုယ်ခံအား ကုထုံးမျိုးပါ။ စုစုပေါင်း ယောက္ခထီးက သုံးကြိမ် သွင်းရမှာ ဖြစ်လို့ ပထမအကြိမ်ကို အိန္ဒိမှာ သွင်းပြီး၊ဒုတိယအကြိမ်ကို မြန်မာပြည်မှာ ပြန်သွင်းကြပါတယ်။
immunotherapy က အလွယ်တကူ ဝယ်ယူလို့ မရလို မြန်မာပြည်ကိုလည်း ဆေး ၁ လုံးသာ ပေးပြီး သယ်ခွင့်ပေးပါတယ်။ မြန်မာပြည်မှာတော့ ဆရာနိုင်ရဲ့ ဓူဝံဆေးရုံမှာပဲ ဒုတိယအကြိမ်သွင်းဖို့ ဆရာနိုင်က အစစအရာရာစီဆေးပေးခဲ့ပါတယ်။
immunotherapy က ၁ကြိမ်နဲ့ ၁ကြိမ်ကြားမှာ ၂၁ ရက်ခြားပြီးမှ သွင်းလို့ရပါတယ်။ သူက ကီမိုထက်ပိုအစွမ်းထက်ပြီး side effect လည်း သိသိသာသာနည်းပါတယ်။ ဆံပင်ကျွတ်တာနဲ့ နာကျင်တာလည်း မရှိသလောက်ပါပဲ။
ယောက္ခထီးရဲ့ ကိုယ်အလေးချိန်က မြန်မာပြည်ကနေ အိန္ဒိယကို ရောက်ခါစမှ 68 - 69Kg ထိ ကျသွားပြီး၊ ဒုတိအကြိမ် immunotherapy အပြီးမှ 71Kg အထိကို ပြန်တက်လာခဲ့ပါတယ်။ သွင်းပြီးခါစရက်ပိုင်းတွေမှာ အစာစားချင်စိတ်နည်းတာ၊မအီမသာဖြစ်တာလောက်က လွဲပြီး တခြား ဝေဒနာ လုံး၀ကို မရှိပါဘူး။
တတိယအကြိမ်ကတော့ ရင်ခုန်ရပါတယ်။ စာမေးပွဲဖြေအပြီး အောင်စာရင်း ကြည့်ရသလိုမျိုးပါပဲ။ ဘာလို့ဆို တတိယအကြိမ်မှာ AFP Level အတက်အကျနဲ့ Pet Scan ရလဒ်ကိုပါ သိရမှာကြောင့်ပါ။
ဒီနေရာမှာ AFP အကြောင်း အနည်းငယ် မျှဝေချင်ပါတယ်။ ကင်ဆာဆဲလ်ပျံ့ပွားနှုန်းလို့ အလွယ်မှတ်နိုင်ပါတယ်။ ယောက္ခထီးရဲ့ AFP Level က ၅ သောင်းကျော်ရှိခဲ့ပြီး အစိုးရိမ်ရဆုံး အခြေအနေဖြစ်ခဲ့တာပါ။ ဒါကြောင့် Transplant ကိုလုပ်မရသေးဘဲ down staging အရင်လုပ်ခဲ့ကြရတာဖြစ်ပါတယ်။
ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ကြားမှာ AFP က ၅ သောင်းကျော်ထိ ရှိခဲ့ပြီး တတိယအကြိမ် မလုပ်ခင်သွေးအဖြေမှာတော့ AFP က ၂၉၀ ဝန်းကျင်အထိ သိသိသာသာကို ကျဆင်းသွားခဲ့ပါပြီ။ ဒီအချိန်မှာတော့ ကျနော်တို့ ပထမအဆင့် သက်ပြင်းချနိုင်ပါပြီ။ ဆေးကို ခန္ဓာကိုယ်က ကောင်းကောင်း တုံ့ပြန်တာကြောင့်ပါ။ တကယ်လို့သာ ဒီအချိန်မှာ AFP မကျရင် နောက်ထပ် treatment plan ၁ခု ပြောင်းရပါလိမ့်မယ်။
ဒီကနေ့တော့ Pet CT Scan ရဲ့ အဖြေထွက်လာခဲ့ပြီးတော့ အသည်းနဲ့ပတ်သက်တဲ့ သမားတော််််ရဲ့မှတ်ချက်လည်း ထွက်လာပါပြီ။ အဖြေအရမ်းကောင်းတာမို့ Transplant သွားလို့ ရပြီဆိုတာပါပဲ။ ဒုတိယအကြိမ်သက်ပြင်း ၁ ဝက်တော့ ချနိုင်ပါပြီ။ ဒါပေမယ့် မနက်ဖြန်မှာ အသည်းနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံရဲ့ အကောင်းဆုံးနဲ့ နာမည်အကြီးဆုံး ခွဲစိတ်ဆရာဝန်ကြီးနဲ့ တွေ့ပြီး သူ့ဆီက မှတ်ချက်ကို စောင့်ရပါဦးမယ်။ အဖြေက Yes ဆိုရင်တော့ Transplant ကို သွားလို့ရပြီပဲ ဖြစ်ပါတယ်။
ဒီလတွေအတွင်း အိန္ဒိယကို ရောက်နေတဲ့အချိန်မှာ မြန်မာတွေ အများကြီး အသက်အရွယ် အပိုင်းအခြား အစုံနဲ့ တွေ့ခဲ့ရပါတယ်။ မြန်မာပြည််ကနာမည်ကျော် လုပ်ငန်းရှင်တွေလည်း အသည်းနဲ့ပတ်သက်ပြီး အိန္ဒိယကို အသည်းနဲ့ပတ်သက်ပြီး လာရောက်ကုသကြတာတွေလည်းကြားခဲ့ရပါတယ်။
ရွေးချယ်မှု မှားပြီး ကုသမှ လုပ်မရတော့တဲ့ မြန်မာပြည်က လူနာရှင်တွေလည်း တွေ့ခဲ့ရသလို အောင်မြင်စွာ ပြန်သွားတဲ့ သူတွေလည်း အများကြီးပါပဲ။ ရွေးချယ်မှု မှားတယ်ဆိုတာကတော့ အကြောင်းအများကြီးရှိနေပါတယ်။
တချို့ အသည်းဖြစ်တယ် မြန်မာပြည်မှာကုတယ်၊ ဘာဖြစ်တယ်ဆိုတဲ့ အဖြေမရဘဲအချိန်တွေကြာသွားတယ်။ နောက်ဆုံး ၂ ကြိမ်လောက်မြန်မာပြည်မှာ ခွဲစိတ်ပြီး အဖြေမရဘဲ အိန္ဒိယရောက်လာတယ် ။ ဒါမျိုးလည်းရှိသလို တခြား နိုင်ငံတွေမှာ သွားကုတယ် ၁ နှစ်၊ ၂ နှစ် နောက်ဆုံး ပိုဆိုးလာတော့မှ အိန္ဒိယကို ရောက်လာတယ်။ အဲ့ဒီအချိန်မှာ ရောဂါက ကျွမ်းနေပြီ။ ဒါမျိုးကလည်း ပုံစံတမျိုး။
နောက်တမျိုးက Medical Tourism Service လုပ်ပေးကြတဲ့ agent တွေ မြန်မာပြည်မှာ ရှိကြတယ်။ ဒီလို Agent တွေနဲ့ ချိတ်ဆက်ပြီးလာကြတဲ့အခါ Agent က ဒီဆေးရုံဆို ဒီဆေးရုံကိုရွေးပြီး treatment plan မှားသွားတာမျိုးတွေပါ။ ဒီလို ကိစ္စမျိုးက အသည်းယားစရာကောင်းပါတယ်။
ကိုယ်ရွေးလိုက်တဲ့ Agent ပေါ်မှာတင် လမ်းမဆုံးဘဲ နောက်ထပ် ဆေးရုံတွေမှာ နောက်ထပ် option တွေ ရှာကြည့်ကြဖို့ အထူးလိုအပ်ပါတယ်။ ဆေးရုံတရုံနဲ့ တရုံ၊ဆရာဝန် တဦးနဲ့ တဦးရဲ့ အတွေ့အကြုံနဲ့ ကုသမှ plan တွေက မတူညီကြပါဘူး။ Agent တွေကတော့ ဆေးရုံဘက်က လစာ ဒါမှမဟုတ် commission ပေးထားတာ ဖြစ်တဲ့အတွက် သူတို့ ချိတ်ပေးတဲ့ ဆေးရုံမှာပဲ ကုစေချင်ကြမှာပါ။ စေတနာတကယ်ကောင်းတဲ့ လူတွေလည်း ရှိပါတယ်။
ကျနော်တို့ကို အခု ကူညီပေးနေတဲ့ ကိုဂန်းနရှ်ထွန်းထွန်း ဆိုရင်လည်း မြန်မာပြည်ဖွား တောင်ကြီးသားတဦးပါ။ Medanta မှာ ၁၀ နှစ်ကျော် ရှိပြီး ငွေကြေးထက် လူနာတွေအပေါ် စေတနာ တကယ်ရှိတဲ့ သူမျိုးပါ။ တကယ်လို့သာ ပထမ option နဲ့ ကျနော်တို့ သွားခဲ့ရင် ဒီအချိန်ဆို အဆုတ်မှာပါ ရောက်နေလောက်ပြီဖြစ်ပြီး Transplant က zero မျှော်လင့်ချက်ပါ။ အခုကျနော်တို့ မနက်ဖြန် အဖြေစောင့်ပြီးရင် Transplant ခရီးလမ်းဆီ ဆက်သွားနိုင်ပါပြီ။
အရေးကြီးတာကတော့ ကင်ဆာလို့ သံသယရှိရင် မပေါ့ပါနဲ့ ။ ကင်ဆာက ပျံ့နှံ့တာကြီးထွားတာ အင်မတန်မြန်ပါတယ်။ လက္ခဏာပြတဲ့ အချိန်ဆိုရင် ကုမရဖို့က များပါတယ််။ကျနော်တို့ ၁ လအတွင်း သိပြီး အဖြေထုတ်တာတော့ Advance Stage ဖြစ်ပါတယ်။ နောက်တခုက ရမ်းကု မကုပါနဲ့။ ကင်ဆာကိုတော့ သေချာပေါက် အနောက်တိုင်းက ခေတ်မီဆေးတွေနဲ့ ကုသမှပဲ ရပါတယ်။ နောက်ပြီး second option အမြဲတမ်းယူပါ။ ဆေးရုံ တွေမှာ သွားပြီး ဆေးမှတ်တမ်းတွေနဲ့အတူ ဆွေးနွေးတိုင်ပင်ပါ။ စိတ်ချရတဲ့သူနဲ့ အလုပ်လုပ်ပါ။ စိတ်အားမလျှော့ပါနဲ့။ ကင်ဆာကို ကျော်ဖြတ်တဲ့နေရာမှာ စိတ်ပိုင်းဆိုင်ရာက ၆၀ရာခိုင်နှုန်းအရေးကြီးပါတယ်။



Helping Hands Medical Service

ကို Ganesh Tun Tun - India တာဝန်ခံ (COO)
+91 9205 1781 32 ( viber/ Whatsapp/Direct line)

မ Cynthia Yintn - (Founder)
+91 8587 8087 06 (Viber/ Whatsapp/ Direct line)

မ Sophie Khin - မြန်မာပြည် တာဝန်ခံ (COO)
+95 9 257 069 136 ( Viber/ Whatsapp/ Direct line)



#အသည်းအစားထိုး

Address

Medanta Hospital
Hospital

Telephone

+919205178132

Website

Alerts

Be the first to know and let us send you an email when Helping Hands Medical Service - HHMS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Helping Hands Medical Service - HHMS:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram