Khit Diary

Khit Diary Psychology | Self reflection | Mental notes

ဘာလိုလိုနဲ့ လတစ်လရဲ့ အစကို ရောက်လာပြန်ပြီရှေ့ဆက်ရမယ့် ရက်တွေအကြောင်း မစဉ်းစားခင် အခုရောက်နေတဲ့ နေရာလေးမှာ🌷ကိုယ့်ကိုယ်ကို...
28/02/2026

ဘာလိုလိုနဲ့ လတစ်လရဲ့ အစကို ရောက်လာပြန်ပြီ

ရှေ့ဆက်ရမယ့် ရက်တွေအကြောင်း မစဉ်းစားခင် အခုရောက်နေတဲ့ နေရာလေးမှာ

🌷ကိုယ့်ကိုယ်ကိုယ် ပေးထားတဲ့ ကတိတွေ တည်ရဲ့လား?
🌷ကိုယ့်အတွက် မဟုတ်တဲ့အရာတွေ၊ လူတွေအတွက် သက်သေပြဖို့ ကြိုးစားရင်း အချိန်ကုန်နေမိတုန်းလား?
🌷ကိုယ့်အတွက်ကိုယ်ရော အဓိပ္ပာယ်ရှိရှိ ရှင်သန်နေရဲ့လား?

🌹အရေးကြီးဆုံးက "ကိုယ်ရော အခုတကယ် ပျော်နေရဲ့လား?"

တစ်ခါတလေကျရင် ရှေ့မှာရှိမယ့် ပျော်ရွှင်မှုတွေနောက်ကို အပြေးအလွှား လိုက်နေမိရင်းနဲ့ လက်ရှိအချိန်ရဲ့ ကိုယ့်ပျော်ရွှင်မှုကို မေ့လျော့နေမိတတ်ပါတယ်

ဒီလမှာတော့ ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်ဖို့ထက် ကိုယ့်ကိုယ်ကိုယ် ပိုချစ်တတ်တဲ့ လူတစ်ယောက်ဖြစ်ဖို့ ကြိုးစားကြည့်ရအောင်ပါ

ဒါမှလည်း ပျော်နေရဲ့လားလို့
ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတဲ့အခါတိုင်း ယုံကြည်မှုအပြည့်နဲ့ ပြုံးပြီး ဖြေနိုင်မှာ မဟုတ်လား ✨

27/02/2026

“အချစ် ဆိုသည်မှာ”(Episode-2)

Episode 2 မှာတော့ Unconditional Love နဲ့အတူ အချစ်ဆိုတဲ့ ကြိုးလေးအကြောင်း နားဆင်နိုင်ပါတယ်

Valentine’s Day အမှတ်တရအနေနဲ့ မွန် နဲ့အတူတူ “အချစ် ဆိုသည်မှာ...” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ပတ်သက်ပြီး Podcast လေး တစ်ခု ပြောဖြစ်ခဲ့ပါတယ်

အချစ်ကို ရှာဖွေနေသူတွေပဲဖြစ်ဖြစ်၊ အချစ်ထဲမှာ ပျော်ရွှင်နေသူတွေပဲဖြစ်ဖြစ်၊ အချစ်ကြောင့် နာကျင်နေရသူတွေပဲဖြစ်ဖြစ်... ဒီ Podcast လေးကနေ တစ်ခုခု ရသွားမယ်လို့ မျှော်လင့်ပါတယ်

ကိုယ့်အတွက်ရော … "အချစ်" ဆိုတာ ဘာလဲ? Comment မှာ အတူတူ မျှဝေပေးသွားပါဦးနော် ✨💌

📍 Episode 1: https://www.facebook.com/share/v/1DDGLjgCSQ/?mibextid=wwXIfr

ချစ်ခြင်းမေတ္တာ၊ ချစ်ခြင်းမေတ္တာရယ်လို့ တဖွဖွ ပြောဖို့ လွယ်သလောက် အမုန်းတရားကို လက်ခံဖို့တော့ ခက်တတ်ပါတယ်အမုန်းတရားဟာ ပူ...
20/02/2026

ချစ်ခြင်းမေတ္တာ၊ ချစ်ခြင်းမေတ္တာရယ်လို့ တဖွဖွ ပြောဖို့ လွယ်သလောက် အမုန်းတရားကို လက်ခံဖို့တော့ ခက်တတ်ပါတယ်

အမုန်းတရားဟာ ပူလောင်တယ်၊ ရှောင်ရှားရမယ်လို့ပဲ သင်ကြားခဲ့ရသလို ဒီလိုပဲ လက်ခံကျင့််သုံးမိတတ်ကြပါတယ်

ဒါပေမဲ့ အမုန်းတရားကလည်း ချစ်ခြင်းမေတ္တာနည်းတူ ကိုယ်စီရဲ့ ရင်ထဲမှာ ရှိပါတယ်၊ အမုန်းတရားတွေ ရင်ထဲ စိုးမိုးလာရင် အရင်ဆုံး ပူလောင်ခံစားရတာ ကိုယ်တိုင်ပါပဲ၊ ဒါကြောင့်မို့လည်း သောင်းကျန်းပစ်လိုက်တာ၊ ပြောဆိုပစ်လိုက်တာ၊ စိတ်မထိန်းလိုက်နိုင်ဘူးဆိုတာမျိုး ဖြစ်တတ်ကြပါတယ်

ဘယ်သူ့ကြောင့်၊ ဘာကြောင့် စသဖြင့် ကိုယ့်ရင်ထဲက အမုန်းတရားကို အပြင်ကို လက်ညှိုးထိုးလိုက်ဖို့က လွယ်ပေမယ့် ကိုယ့်ရှေ့က သူကို လက်ညှိုးမထိုးဘဲ ကိုယ့်ရင်ထဲက အမုန်းကို ကိုယ်တိုင် ပြန်ရင်ဆိုင်ဖို့ကတော့ အခက်ကြီး ခက်ပါတယ်

တကယ်တမ်းတော့ အမုန်းတရားဟာလည်း သူ့ဖြစ်တည်မှုနဲ့သူ၊ ကြင်နာစွာ လက်တွဲခေါ်ပေးဖို့ တောင်းဆိုနေတဲ့ နေရာလေးတစ်ခု ပါပဲ

သူ့ကို နားလည်ပေးနိုင်ရင် အမုန်းဟာ ကိုယ့်ကိုယ်ကို ကာကွယ်တတ်ဖို့ အင်အားတွေ ဖြစ်လာနိုင်ပါတယ်

ကိုယ့်ကိုယ်ကို ချစ်ခြင်းမေတ္တာထားဖို့ ကြိုးစားသလောက် ကိုယ့်အမုန်းကိုလည်း ကိုယ်တိုင်ချစ်တတ်ရမှာ မဟုတ်လား

အမုန်းကို မမုန်းပဲ ထွေးပွေ့ပေးတာကလည်း self-love ပါပဲ 🦋

With love,
Khit 🦋


14/02/2026

“အချစ် ဆိုသည်မှာ”

အချစ်ဆိုတာ ရင်ခုန်ရတာမျိုးလား၊ နားလည်ပေးတာမျိုးလား၊ ဒါမှမဟုတ် တစ်ယောက်ကိုတစ်ယောက် အချိန်ပေးပြီး စောင့်ဆိုင်းပေးရတာမျိုးလား...

Valentine’s Day အမှတ်တရအနေနဲ့ မွန် နဲ့အတူတူ “အချစ် ဆိုသည်မှာ...” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ပတ်သက်ပြီး Podcast လေး တစ်ခု ပြောဖြစ်ခဲ့ပါတယ်

အချစ်ကို ရှာဖွေနေသူတွေပဲဖြစ်ဖြစ်၊ အချစ်ထဲမှာ ပျော်ရွှင်နေသူတွေပဲဖြစ်ဖြစ်၊ အချစ်ကြောင့် နာကျင်နေရသူတွေပဲဖြစ်ဖြစ်... ဒီ Podcast လေးကနေ တစ်ခုခု ရသွားမယ်လို့ မျှော်လင့်ပါတယ်

ကိုယ့်အတွက်ရော … "အချစ်" ဆိုတာ ဘာလဲ? Comment မှာ အတူတူ မျှဝေပေးသွားပါဦးနော် ✨💌

တစ်ခါတလေကျရင်  အလုပ်တွေ အရမ်းများနေတာပဲဖြစ်ဖြစ်၊ စိတ်ဖိစီးစရာတစ်ခုခုကို ရင်ဆိုင်နေရတာပဲဖြစ်ဖြစ်... အဲ့လိုအချိန်မှာ သတိမထ...
04/02/2026

တစ်ခါတလေကျရင် အလုပ်တွေ အရမ်းများနေတာပဲဖြစ်ဖြစ်၊ စိတ်ဖိစီးစရာတစ်ခုခုကို ရင်ဆိုင်နေရတာပဲဖြစ်ဖြစ်... အဲ့လိုအချိန်မှာ သတိမထားမိဘဲ "အသက်အောင့်ထားမိ" တတ်ကြပါတယ်

ဒီနေ့လည်း ကိုယ့်ကိုယ်ကိုယ် သတိထားမိလိုက်တာ နေ့လည်က ကွန်ပျူတာရှေ့မှာ အလုပ်တွေရှုပ်နေရင်း ရုတ်တရက် ပခုံးတွေ တင်းကျပ်နေတာကို သတိထားမိလိုက်တယ်၊ အဲဒီအချိန်မှာပဲ အသက်ကို ဝဝမရှူဘဲ အောင့်ထားမိသလို ဖြစ်နေမှန်း သိလိုက်ရတယ်

အသက်ကို ပြင်းပြင်းရှူသွင်းပြီး ပြန်ထုတ်လိုက်တဲ့အခါမှ... "ဪ... ငါ တော်တော်လေး တင်းကျပ်နေပါလား" လို့ သတိထားမိတယ်

ကိုယ့်ရဲ့ စိတ်က စိုးရိမ်ပူပန်နေတဲ့အခါ ခန္ဓာကိုယ်က "Fight or Flight" (ခုခံခြင်း သို့မဟုတ် ရှောင်ပြေးခြင်း) အခြေအနေကို ရောက်သွားပြီး အသက်ရှူနှုန်းကို ပြောင်းလဲပစ်တတ်ပါတယ်၊ အသက်အောင့်ထားမိခြင်းဟာ ကိုယ့်ကိုယ်ကိုယ် မလုံခြုံဘူးလို့ ခံစားနေရတဲ့ လက္ခဏာတစ်ခုပါ

ဒီနေရာလေးမှာ ခဏလေး ပခုံးတွေကို လျှော့ချလိုက်ပြီးတော့ အသက်ကို ဝဝရှူသွင်းပြီး ဖြည်းဖြည်းချင်း ပြန်ထုတ်လိုက်ပါတယ်
အသက်ရှူခွင့်ပေးလိုက်တာဟာ မမေ့မလျော့ဘဲ ကိုယ့်ကိုယ်ကိုယ် အနားပေးလိုက်တာပါပဲ"

ကိုယ့်ကိုယ်ကိုယ် အနားပေးဖို့ဆိုတာ အကြာကြီး အနားယူမှ မဟုတ်ပါဘူး၊ အခုလို အသက်ရှူနေတာလေးကို သတိပြုမိလိုက်တာကလည်း ကိုယ့်ကိုယ်ကိုယ် ပြန်ပွေ့ဖက်လိုက်တာပါပဲ

ဒီစာလေးဖတ်နေရင်းနဲ့လည်း အသက်ကို ဝဝလေး တစ်ချက်လောက် ရှူကြည့်လိုက်ရအောင်ပါ

With Love
Khit🦋

တစ်ခါတလေ တစ်စုံတစ်ယောက်နဲ့ စကားပြောနေရင်း၊ ဒါမှမဟုတ် နေရာတစ်ခုရောက်နေရင်း ဘာအကြောင်းပြချက်မှမရှိဘဲ ရင်ထဲမှာ မလုံခြုံသလို...
03/02/2026

တစ်ခါတလေ တစ်စုံတစ်ယောက်နဲ့ စကားပြောနေရင်း၊ ဒါမှမဟုတ် နေရာတစ်ခုရောက်နေရင်း ဘာအကြောင်းပြချက်မှမရှိဘဲ ရင်ထဲမှာ မလုံခြုံသလို ခံစားရဖူးလား? စိတ်ကတော့ "ဘာမှမဖြစ်ပါဘူး" လို့ တွေးနေပေမဲ့ ခန္ဓာကိုယ်ကတော့ တင်းကျပ်ပြီး နေမရထိုင်မရ ဖြစ်နေတတ်ပါတယ်

ဒါဟာ Emotional Safety (စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု) မရှိဘူးလို့ ခန္ဓာကိုယ်က သတိပေးနေတာပါ

ရိုးရိုးရှင်းရှင်းပြောရရင် Emotional Safety ဆိုတာ "ကိုယ့်ရဲ့ ခံစားချက်တွေ၊ အတွေးတွေကို ဖုံးကွယ်ထားစရာမလိုဘဲ အရှိအတိုင်း ထုတ်ဖော်ခွင့်ရတယ်လို့ ခံစားရတဲ့ အခြေအနေ" ပါ။ ကိုယ့်ကို ဘယ်သူကမှ ဝေဖန်မှာ၊ အပြစ်တင်မှာ၊ ဒါမှမဟုတ် အရှက်ခွဲမှာကို ကြောက်စရာမလိုတဲ့ အခြေအနေမျိုးပေါ့

📍 ဘာလို့ ခန္ဓာကိုယ်က စိတ်ထက် အရင် သိနေတာလဲ?
ကျွန်မတို့ရဲ့ ဦးနှောက်ထဲမှာ Amygdala လို့ခေါ်တဲ့ အစိတ်အပိုင်းလေးဟာ "အန္တရာယ်ရှိ၊ မရှိ" ကို အမြဲ စောင့်ကြည့်နေပါတယ်။ သူဟာ စကားလုံးတွေထက် လူတစ်ယောက်ရဲ့ မျက်လုံးအရိပ်အယောင်၊ လေသံနဲ့ ပတ်ဝန်းကျင်ရဲ့ အငွေ့အသက်တွေကို အာရုံခံတာပါ

ဒါကြောင့် စိတ်က သတိမထားမိခင်မှာတင် ခန္ဓာကိုယ်က အောက်ပါအတိုင်း တုံ့ပြန်တတ်ပါတယ်
🔺ရင်ဘတ်ထဲမှာ တင်းကျပ်လာခြင်း (သို့မဟုတ်) ဗိုက်ထဲမှာ တစ်မျိုးဖြစ်လာခြင်း
🔺ပခုံးနဲ့ လည်ပင်းကြွက်သားများ သိသိသာသာ တင်းလာခြင်း
🔺အသက်ရှူ မြန်လာခြင်း (သို့မဟုတ်) အသက်ရှူရ ခက်ခဲလာခြင်း

ဒါဟာ ကိုယ့်ရဲ့ Nervous System က "ဒီနေရာ/ဒီလူဟာ မင်းအတွက် မလုံခြုံဘူး၊ သတိထားတော့" လို့ စိတ်ထက် အရင် အချက်ပေးလိုက်တာပါ

ကိုယ့်အတွက် ဘယ်လိုလူမျိုးတွေနဲ့ ရှိနေချိန်မှာ အသက်ရှူရတာ အပေါ့ပါးဆုံးလဲ? ဘယ်လိုနေရာမျိုးမှာ ခန္ဓာကိုယ်က အပန်းပြေဆုံးလဲ?
ကိုယ့်ရဲ့ ခန္ဓာကိုယ်ကပေးတဲ့ အချက်ပြချက်တွေကို နားထောင်ပေးပါ

Emotional Safety ရှိတဲ့ ပတ်ဝန်းကျင်ကို ရွေးချယ်တတ်ခြင်းက ကုစားခြင်းရဲ့ အခြေခံအုတ်မြစ်ဖြစ်ပြီး စစ်မှန်တဲ့ ဆက်ဆံရေးတွေကို တည်ဆောက်စေနိုင်ပါတယ်

With love
Khit 🦋

"ပင်ပန်းပြီ..." ဆိုတဲ့ စကားတစ်ခွန်းဟာ ရိုးရှင်းပေမဲ့ တကယ့်ကို အဓိပ္ပါယ်တွေ အများကြီး ရှိပါတယ်။ တစ်ခါတလေ ဒီစကားကို ကိုယ့်...
02/02/2026

"ပင်ပန်းပြီ..." ဆိုတဲ့ စကားတစ်ခွန်းဟာ ရိုးရှင်းပေမဲ့ တကယ့်ကို အဓိပ္ပါယ်တွေ အများကြီး ရှိပါတယ်။ တစ်ခါတလေ ဒီစကားကို ကိုယ့်ကိုယ်ကိုယ်တောင် ပြန်ဝန်ခံဖို့ ခက်ခဲတတ်ကြပါတယ်။ အမြဲတမ်း ပြေးလွှားနေရတဲ့ ဘဝခရီးမှာ ကျွန်မတို့ဟာ "ငါ အားနည်းလို့ မဖြစ်ဘူး"၊ "ငါဆက်ကြိုးစားရမယ်" ဆိုတဲ့ ဖိအားတွေနဲ့ပဲ နေသားကျနေတတ်ကြတယ်။

ဒါပေမဲ့ တကယ်တမ်းကျတော့ ကုစားခြင်းဆိုတာ "ပင်ပန်းပြီ" လို့ ဝန်ခံလိုက်ခြင်းကနေ စတင်တာပါပဲ

🍀Acceptance: ပင်ပန်းနေမှန်း သိသိကြီးနဲ့ ဆက်ပြေးနေရင် ကိုယ့်ရဲ့ စိတ်ရော၊ ခန္ဓာကိုယ်ပါ တဖြည်းဖြည်း ပိုနွမ်းနယ်လာပါလိမ့်မယ်။ "ငါ ပင်ပန်းနေပြီ" လို့ ဝန်ခံလိုက်တာဟာ ကိုယ့်ရဲ့ စစ်မှန်တဲ့ ခံစားချက်ကို အရှိအတိုင်း လက်ခံခြင်း (Acceptance) ပါပဲ။ ဒါဟာ ရှုံးနိမ့်ခြင်းမဟုတ်ဘဲ၊ ကိုယ့်ကိုယ်ကိုယ် နားလည်ပေးလိုက်ခြင်းပါ

🍀Slowing down: အရာရာ သူ့နှုန်းနဲ့သူသွားနေချိန်မှာ ကိုယ့်ကိုယ်ကိုယ် နားခွင့်ပေးဖို့၊ အရှိန်လျှော့ဖို့ကလည်းအရေးကြီးပါတယ်။ ခဏလေး ရပ်နားလိုက်ပြီး ကိုယ့်ရဲ့ အတွင်းစိတ်ကို နားထောင်ကြည့်ပါ။ ဘာတွေလိုနေလဲ၊ ဘယ်နေရာတွေမှာ ပြန်ဖြည့်တင်းဖို့ လိုအပ်နေလဲဆိုတာကို ဒီအချိန်မှာပဲ သေချာသိနိုင်မှာပါ

🍀Recharging: ကားတစ်စီးလိုပါပဲ၊ ဆီဖြည့်ဖို့လိုသလို၊ မောင်းသူကလည်း နားဖို့လိုပါတယ်။ ကျွန်မတို့ရဲ့ စိတ်နဲ့ခန္ဓာကိုယ်ကလည်း အားအင်ပြန်ဖြည့်တင်းဖို့ လိုအပ်ပါတယ်။ ဒါမှ နောက်တစ်ကြိမ် ပြန်လည်စတင်တဲ့အခါ အင်ပြည့်အားပြည့်နဲ့ ပိုမိုကောင်းမွန်စွာ ရှေ့ဆက်နိုင်မှာပါ။

"ငါ ပင်ပန်းတယ်" လို့ ပြောရမှာကို မကြောက်ပါနဲ့။ ဒါဟာ ကိုယ့်အတွက်ကိုယ် ဂရုစိုက်စဉ်းစားပေးတာပါ။ ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်တတ်ဖို့ဆိုတာ ကိုယ့်ရဲ့ ကန့်သတ်ချက်တွေကို သိပြီး အနားပေးတတ်ဖို့ပါပဲ

ဒီနေ့လေးမှာပဲ ကိုယ့်ကိုယ်ကိုယ် ခဏလေး အနားပေးပြီး အရှိန်လေး လျှော့ကြည့်လိုက်ရအောင်လား❣️

With love
Khit 🦋

ကိုယ်စီရဲ့ ရင်ထဲက Do Ra Mi (Spoiler Alert 🚨)"Can This Love Be Translated?" ထဲက Cha Mu-hee ရဲ့ ဘဝကို ကြည့်ရင် တောက်ပတဲ့ က...
01/02/2026

ကိုယ်စီရဲ့ ရင်ထဲက Do Ra Mi
(Spoiler Alert 🚨)

"Can This Love Be Translated?" ထဲက Cha Mu-hee ရဲ့ ဘဝကို ကြည့်ရင် တောက်ပတဲ့ ကြယ်ပွင့်တစ်ယောက်ရဲ့ နောက်ကွယ်မှာ အမှောင်ကမ္ဘာတစ်ခု ရှိနေပါတယ်၊ အဲဒီအမှောင်ကမ္ဘာရဲ့ အစပြုရာကတော့ သူ့ရဲ့ "အမေ" က သူ့အဖေနဲ့ သူ့ကို အဆိပ်ခတ်ပြီး အမေကိုယ်တိုင်ပါ သ-တ်သေဖို့ ကြိုးစားခဲ့တာကို မြင်တွေ့ခဲ့ရတဲ့ ကလေးဘဝ Trauma ပါပဲ

ဒီလို ပြင်းထန်တဲ့ စိတ်ဒဏ်ရာဟာ လူတစ်ယောက်ကို ဘယ်လို ပြောင်းလဲပစ်သလဲ?

🔹ကမ္ဘာကြီးဟာ မလုံခြုံတော့ဘူး (Deep Insecurity)
ကလေးတစ်ယောက်အတွက် အိမ်ဆိုတာ လုံခြုံရာ၊ အမိအဖဆိုတာ အကာအကွယ်ပေးသူပါ၊ ဒါပေမဲ့ ကိုယ့်ရှေ့မှာတင် အကာအကွယ်ပေးရမယ့်သူက ဖျက်ဆီးသူ ဖြစ်သွားတဲ့အခါ Mu-hee အတွက် ဘယ်နေရာမှ မလုံခြုံတော့ပါဘူး၊ ဒီမလုံခြုံမှုကနေပဲ သူ့ကို ကာကွယ်ပေးမယ့် Do Ra Mi ဆိုတဲ့ ပုံရိပ် ပေါ်လာရတာပါ၊ စိတ်ပညာရှုထောင့်ကကြည့်ရင် ဒါဟာ နာကျင်မှုတွေကနေ ကိုယ့်ကိုယ်ကို ပြန်ပြီး ကာကွယ်ပေးတဲ့ Dissociative Shield တစ်ခုပါပဲ၊ Ra Mi ဟာ သူမရဲ့ ကြောက်ရွံ့မှုတွေနဲ့အတူ လက်တွေ့မှာ မရင်ဆိုင်ရဲတဲ့ ခံစားချက်တွေကို သိမ်းဆည်းထားပေးတဲ့ သေတ္တာတစ်ခုလိုပါပဲ

🔹”အမေ" ဆိုတဲ့ ဖြစ်တည်မှု
Mu-hee ရဲ့ ရင်ထဲမှာ "အမေ" ဆိုတာ အချစ်ကို ကိုယ်စားပြုသလို၊ ထိတ်လန့်စရာ သွေးစွန်းမှုတွေကိုလည်း ကိုယ်စားပြုနေတယ်၊ ဒီConflict က သူ့ကို Delusional Disorder (စိတ်ယောင်မှားမှု) ထဲအထိ တွန်းပို့ခဲ့တာပါ၊ သူဟာ အမေဖြစ်သူကို ချစ်ချင်ပေမဲ့ တစ်ချိန်တည်းမှာလည်း အမေ့ရဲ့ လုပ်ရပ်ကို ကြောက်နေရတယ်၊ ဒီတော့ "အမေ" ဆိုတဲ့ ဇာတ်ကောင်ကို Character တစ်ခုအနေနဲ့ ခွဲထွက်သရုပ်ဆောင်ပြီး အဲဒီနာကျင်မှုကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တာ ဖြစ်နိုင်ပါတယ်

Ra Mi ဟာ Mu-hee မပြောရဲတဲ့ စကားတွေကို အစားပြောပေးတယ်၊ မထုတ်ရဲတဲ့ ဒေါသတွေကို အစားထုတ်ပြပေးတယ်၊တစ်ခါတလေ Ra Mi ဟာ Mu-hee အတွက် "အမေ" တစ်ယောက်လိုမျိုး နွေးထွေးတဲ့ အကာအကွယ် ဖြစ်ပေးသလို၊ တစ်ဖက်မှာလည်း သူ့ရဲ့ မလုံခြုံမှုတွေကို ကိုယ်စားပြုတဲ့ အရိပ်တစ်ခုလည်း ဖြစ်နေပြန်ပါတယ်

🔹ရင်ထဲက Do Ra Mi ကို နားလည်ပေးခြင်း
Mu-hee ဟာ သူ့ရဲ့ ဒဏ်ရာတွေကို ကုစားဖို့ အသက်ရှင်နေသေးတဲ့ အမေဖြစ်သူကို တစ်ယောက်တည်း ပြန်သွားရှာခဲ့ပါတယ်၊ ကိုယ့်ရဲ့ အတိတ်နဲ့ Trauma တွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်မှသာ စစ်မှန်တဲ့ ရှင်သန်ခြင်းကို ရမှာမို့လို့ပါ၊ ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်တတ်လာဖို့ဆိုတာ ကိုယ့်ရဲ့ အနာတရဖြစ်ခဲ့ရတဲ့ အမှတ်တရတွေကို အရင်ဆုံး ကုစားနိုင်ဖို့ လိုပါတယ်၊ အဲဒီခရီးမှာ ကိုယ့်ကို အရှိအတိုင်းလက်ခံပေးပြီး မျှဝေကူညီပေးမယ့်သူ (Ho-jin လိုလူမျိုး) ရှိနေတာဟာလည်း တကယ့်ကို ကြီးမားတဲ့ ခွန်အားပါပဲ

🔸ကျွန်မတို့လည်း ဘဝမှာ ဒီလောက်အထိ မပြင်းထန်ရင်တောင် ကိုယ့်ကို နာကျင်စေခဲ့တဲ့ အတိတ်တွေကြောင့် "မလုံခြုံဘူး" လို့ ခံစားရတဲ့အခါ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် ပုံစံအမျိုးမျိုးနဲ့ ရှင်သန်နေတတ်ကြပါတယ်

ကိုယ်စီကိုယ်စီရဲ့ ရင်ထဲမှာလည်း Do Ra Mi ရှိပါတယ်၊ အမှောင်ကမ္ဘာထဲ၊ မလုံခြုံမှုနဲ့ ကိုယ်ပိုင် Delusions တွေကြားမှာ ကိုယ်တွေရဲ့ ရင်ထဲက Do Ra Mi ကိုရော ရှာတွေ့ရဲ့လား? ကိုယ့်ကိုယ်ကိုယ်ရော တကယ် နားလည်နေရဲ့လား?

Ra Mi ဆိုတာ ခြောက်လှန့်ဖို့ ရောက်လာတဲ့ သူမဟုတ်ဘဲ၊ Mu-hee ကို စစ်မှန်တဲ့ သူ့ကိုယ်သူ ပြန်ရှာတွေ့ဖို့နဲ့ ပြန်ချစ်တတ်ဖို့ လမ်းပြပေးခဲ့တဲ့ အစိတ်အပိုင်းလေးပါ၊ကိုယ့်ကိုယ်ကိုယ် ပြန်လည်ကုစားခြင်းဆိုတာ ကိုယ့်ရင်ထဲက Do Ra Mi လို အစိတ်အပိုင်းကို အရင်ဆုံး အသိအမှတ်ပြုပြီး နားလည်ပေးဖို့ ကြိုးစားခြင်းကနေ စတင်တာ ဖြစ်ပြီး အဲ့ဒီကနေမှ ကိုယ့်ကိုယ်ကို မေတ္တာထားနိုင်ခြင်းနဲ့အတူ ဆက်လက် ရှင်သန်ခြင်းပဲ ဖြစ်ပါတယ်



住所

Shinjuku-ku, Tokyo

ウェブサイト

アラート

Khit Diaryがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram