28/03/2026
“ကိုယ်မသိလိုက်တဲ့ ကံကောင်းခြင်းတွေ”
ကိုယ်က ဒါဖြစ်ချင်တယ်၊
မဖြစ်လိုက်ရဘူး။
ဒါလိုချင်တယ်၊ မရလိုက်ဘူး။
ဒါဆို ကိုယ်တွေက ကံမကောင်းဘူးပဲ တွေးတာ။
ကိုယ်က အရှေ့ကို ကြိုမမြင်ရဘူး။
ဘာတွေ ဖြစ်လာနိုင်တယ်၊ ဘာတွေ ဆုံးရှုံးသွားနိုင်တယ်ဆိုတာ မသိဘူး။
တကယ်တော့ လူတော်တော်များများရဲ့ ဘဝမှာ
ကိုယ်တောင် မသိလိုက်ခင် ပိုင်ဆိုင်ထားတဲ့
ကံကောင်းခြင်းတွေ အတော်များများ ရှိတတ်ကြတယ်။
ဘတ်စကားစောင့်နေတယ်၊ ရှေ့ကားတစ်စီး
လွတ်သွားလို့ ကံဆိုးတယ်ထင်တယ်။
နောက်ကားတစ်စီး ရောက်လာတယ်။
လူသိပ်မပါဘူး၊ ထိုင်ခုံရတယ်၊
ပိုမြန်တယ်၊ အဲ့လိုမျိုး။
ကိုယ်က တစ်ခုခုကို ဆုံးရှုံးလိုက်ရတယ်ဆိုတိုင်း
ကံဆိုးတာမဟုတ်ဘူး၊ ကိုယ် လွဲချော်သွားတဲ့အရာထက်
ကောင်းတဲ့ အရာတွေ ရဖို့လည်း ဖြစ်နိုင်တယ်။
အလားတူပဲ ပိုကောင်းတဲ့အရာတွေ ရမလာရင်တောင်
ပိုမဆိုးသွားအောင် တားဆီးပေးတာမျိုးပေါ့။
ဇာတ်လမ်းတွေ၊ ရုပ်ရှင်တွေ ကြည့်ဖူးရင် ကိုယ်က ဇာတ်ကောင်တွေရဲ့ ဘဝကို ကြိုသိနိုင်၊ မြင်နိုင်နေတော့
အသည်းတယားယား ဘာလုပ်လိုက်ရမှာကိုဆိုပြီး
ဝင်တွေးမိတတ်တာတွေ ရှိကြတယ်ဟုတ်။
ကိုယ့်ဘဝမှာလည်း ကိုယ်က မမြင်နိုင်လို့သာ၊
ထိုင်ကြည့်နေမဲ့ တစ်ယောက်ယောက်သာရှိရင်
ဒီဟာ လွဲသွားတာဟာ နင် ဒုက္ခမရောက်ဖို့၊
ဒီလိုဖြစ်သွားတာဟာ နင့်အတွက် ပိုမခက်ခဲသွားအောင်လို့ဆိုတဲ့ အခိုက်အတန့်တွေ သေချာပေါက်ရှိမယ်။
ရီယာ့ဘဝမှာလည်း မရလိုက်တဲ့အရာတွေ အတွက်
စိတ်မကောင်းဖြစ်တာတွေ ရှိတယ်။
ဒါပေမဲ့ အချိန်လွန်မှ သိလိုက်ရတဲ့အရာက
ငါ လိုချင်တဲ့အရာတွေ၊ ငါ ဖြစ်ချင်ခဲ့တဲ့အရာတွေက
ဖြစ်များဖြစ်လိုက်ရင် ငါနဲ့မကိုက်ပါလားဆိုတာ သိခွင့်ရခဲ့တယ်။
အဲ့တော့မှ တော်သေးလို့၊ ကံကောင်းလို့ဆိုတဲ့ အတွေးဝင်တယ်။
တစ်ခါနှစ်ခါ မဟုတ်ဘူး၊ အချိန် တော်တော်များများမှာပဲ။
တစ်ကယ်ကို တော်ပါသေးရဲ့လို့။
ဘဝမှာ ကိုယ်ဖြစ်ချင်တာတိုင်း ကိုယ့်အတွက် ကိုယ်ထင်ထားသလို မကောင်းဘူး၊
ကိုယ်လိုချင်တာတိုင်းလည်း ရလာရင် ကိုယ့်အတွက် အဆင်ပြေမယ် မသေချာဘူး။
လွယ်လွယ်ပဲ တွေးပြီး ရှင်သန်ပါ။
လွဲချော်သွားတဲ့အရာတွေတိုင်းက ကိုယ့်အတွက် ပိုမဆိုးစေဖို့၊ မရလိုက်တဲ့ အရာတွေက ပိုကောင်းတဲ့အရာတွေအဖြစ် ပြန်လာဖို့ဆိုတာပဲ။
လူတွေဟာ ကိုယ်နဲ့ထိုက်တန်ရင် ထိုက်တန်တဲ့အရာကို ပိုင်ဆိုင်ခွင့်ရတာပဲ။ ကိုယ်မပိုင်ဆိုင်ရရင် ကိုယ့်အတွက် မသင့်တော်လို့၊ ကိုယ့်အတွက် မဟုတ်လို့ဆိုတဲ့ စိတ်ပဲထားတယ်။ စိတ်လည်း အေးချမ်းသလို၊ တစ်ဖက်မှာလည်း တကယ်ကို ပိုကောင်းတဲ့အရာတွေ ပိုင်ဆိုင်ရတယ်။
စိတ်တွေ လောနေရင် ရွတ်ဖြစ်တဲ့ affirmation ရှိတယ်။
If sth is meant for me, I’ll get it anyway .
If it’s not, I won’t.
Whatever it is, people or things♥️✍🏼
တစ်ခေါက်လောက်ရွတ်ကြည့်၊ ဘဝမှာ detachment ဖြစ်တဲ့ စိတ်ဟာ လွတ်လပ်မှုဆီကို ဦးဆောင်တယ်။