07/01/2026
မျက်နှာတစ်ခြမ်း ရုတ်တရက်ရွဲ့သွားခြင်း (Facial Palsy) အကြောင်း သိကောင်းစရာ
ရုတ်တရက် မျက်နှာတစ်ခြမ်းရွဲ့သွားတဲ့အခါ အများစုက "လေဖြတ်တာ" လို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ ဒါဟာ မျက်နှာကြွက်သားတွေကို ထိန်းချုပ်တဲ့ (၇) ခုမြောက် အာရုံကြော (Facial Nerve) ရောင်ရမ်းလို့ ဖြစ်ရတာပါ။
၁။ ဘယ်လိုလက္ခဏာတွေ ပြတတ်လဲ။
👉မျက်နှာတစ်ခြမ်း အားနည်းသွားပြီး ပါးစပ်ထောင့်က အောက်ကို တွဲကျနေခြင်း။
👉မျက်လုံးကို ကောင်းကောင်း ပိတ်မရခြင်း (သို့) မျက်တောင်ခတ်ရ ခက်ခြင်း။
👉ပြုံးခြင်း၊ ရယ်ခြင်း၊ မျက်မှောင်ကြုံ့ခြင်း စတဲ့ မျက်နှာအမူအရာတွေ မလုပ်နိုင်ခြင်း။
👉နားအနောက်က နာကျင်ခြင်း၊ အသံတွေ ပိုကျယ်ပြီး စူးရှစွာ ကြားနေရခြင်း။
👉လျှာရှေ့ပိုင်းမှာ အရသာပျောက်ခြင်း (သို့) ပြောင်းလဲသွားခြင်း။
👉စကားပြောလျှင် ဗလုံးဗထွေးဖြစ်ခြင်းနှင့် သွားရည်ကျခြင်း။
၂။ ဘာကြောင့် ဖြစ်ရတာလဲ။
အဓိက အကြောင်းရင်းကို အတိအကျ မသိရသေးပေမဲ့ အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်ခြေ များပါတယ် -
♦️ဗိုင်းရပ်စ်ပိုးဝင်ခြင်း: ရေယုန်ဗိုင်းရပ်စ်၊ အအေးမိတုပ်ကွေး ဗိုင်းရပ်စ်တွေကြောင့် အာရုံကြော ရောင်ရမ်းခြင်း။
♦️ကိုယ်ခံအားစနစ်: ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားက ကိုယ့်အာရုံကြောကို ပြန်တိုက်ခိုက်မိခြင်း။
♦️ရာသီဥတု: အေးလွန်းတဲ့ဒဏ်ကို ရုတ်တရက် ခံရခြင်း။
♦️အန္တရာယ်ရှိအုပ်စု: ကိုယ်ဝန်ဆောင်မိခင်များ၊ ဆီးချိုနှင့် သွေးတိုးရောဂါ ရှိသူတွေမှာ ပိုဖြစ်တတ်ပါတယ်။
၃။ လေဖြတ်တာနဲ့ ဘယ်လိုခွဲမလဲ။
⭐Bell's Palsy: မျက်ခုံးပင့်မရတာ၊ နဖူးက အရေးအကြောင်းတွေ မရှိတော့တာအထိ မျက်နှာတစ်ခြမ်းလုံး (အပေါ်ရော၊ အောက်ရော) ပါသွားတတ်ပါတယ်။ လက်ခြေတွေ အားနည်းတာမျိုး မရှိပါဘူး။
⭐လေဖြတ်ခြင်း (Stroke): မျက်ခုံးပင့်လို့ ရသေးပေမဲ့ ပါးစပ်ပဲ ရွဲ့သွားတတ်ပါတယ်။ လက်ခြေတွေ အားနည်းခြင်း၊ စကားပြောမရခြင်း စတဲ့ တခြားလက္ခဏာတွေ တွဲပါတတ်ပါတယ်။
၄။ ဘယ်လို ကုသ/ဂရုစိုက်ရမလဲ။
🩶ဆရာဝန်နဲ့ အမြန်ပြပါ: ရောဂါလက္ခဏာစပြပြီး ၇၂ နာရီ (၃ ရက်) အတွင်း ဆေးကုသမှု ခံယူတာက အမြန်ဆုံး ပြန်ကောင်းစေဖို့ အထောက်အကူပြုပါတယ်။
🩶မျက်လုံးကို ဂရုစိုက်ပါ: မျက်လုံးပိတ်မရတဲ့အတွက် မျက်ကြည်လွှာ မခြောက်အောင် မျက်ရည်တု ခပ်ပေးပါ။ အိပ်တဲ့အခါ မျက်လုံးကို ပိတ်ပြီး တိပ်နဲ့ ကပ်ထားတာမျိုး (သို့) မျက်လုံးအုပ်တဲ့ အကာ (Eye Patch) သုံးပေးပါ။
🩶လေ့ကျင့်ခန်းလုပ်ပါ: မျက်နှာကြွက်သား လေ့ကျင့်ခန်းတွေ (ဥပမာ- မှန်ကြည့်ပြီး ပြုံးခြင်း၊ ပူဖောင်းမှုတ်ခြင်း၊ မျက်မှောင်ကြုံ့ခြင်း) ကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ပုံမှန်လုပ်ပေးပါ။
🩶အပူပေးနှိပ်နယ်ပါ: နာကျင်တဲ့နေရာတွေကို ရေနွေးဝတ်လေးနဲ့ အသာအယာ ကပ်ပေးနိုင်ပါတယ်။
📌အရေးကြီးသတိပေးချက်: မျက်နှာရွဲ့တာအပြင် လက်ခြေတွေပါ မလှုပ်နိုင်ရင်တော့ ဒါဟာ အရေးပေါ် လေဖြတ်တဲ့ လက္ခဏာဖြစ်လို့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး သွားရောက်သင့်ပါတယ်။