23/12/2020
ကျန်းမာရေး ဝန်ထမ်းများ အတွက်
သီးသန့် ပြိုင်ပွဲလေးပါ
ကရင်ပြည်နယ်က ဆု ဆွတ်ခူးနိုင်ပါစေနော်
https://m.facebook.com/story.php?story_fbid=4070509249645016&id=199295433433103
အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များ၏ ကျန်းမာရေးစောင့်ရှောက်မှု အထောက်အကူပြု Mobile Tablet အသုံးပြုနိုင်မှုစွမ်းရည်ပြိုင်ပွဲကျင်းပသွားမည်
(၂၀၂၀) ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ပြည်သူများ၏ ကျန်းမာရေးအသိပညာ မြင့်မားတိုးတက်လာစေရန်၊ ကျန်းမာရေးဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်များအား မြှင့်တင်နိုင်ရန်နှင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် နှင့် သတင်းအချက် အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) ကို အသုံးချနိုင်သည့်စွမ်းရည်များ ပိုမိုတိုးတက်မြင့်မားလာစေကာ နိုင်ငံတော်မှ အကောင်အထည်ဖော်နေသော e-Government စနစ် ပီပြင်အောင်မြင်စေရန် ရည်ရွယ်၍ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များ ထံသို့ ကျန်းမာရေးစောင့် ရှောက်မှု အထောက်အကူပြု Mobile Tablet များ ဖြန့်ဝေခဲ့ပါသည်။ Mobile Tablet များ ကို မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် တိုက်နယ်ဆရာများထံသို့ (၁,၀၁၃)လုံးနှင့် အခြေခံကျန်းမာရေး ဝန်ထမ်းပညာရှင်များ ထံသို့(၂၆,၀၄၉) လုံးဖြန့်ဝေပေးပြီးဖြစ်ပါသည်။
ရွေ့လျားစာကြည့်တိုက်သဖွယ် အသုံးပြုနိုင်ရန်အဆိုပါ Mobile Tablet များတွင် အခြေခံကျန်းမာရေး ဝန်ထမ်းများအတွက် လုပ်ငန်းလမ်းညွှန်နှင့် ကျန်းမာရေးအသိပညာပေး စာအုပ်များ၊ပြည်သူများအတွက် ကျန်းမာရေးသတင်းအချက်အလက်များနှင့် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာMobile Application များကိုထည့်သွင်းပေးထားပါသည်။
ဝန်ကြီးဌာနအနေဖြင့် (၂၀၂၁) ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် အခြေခံကျန်းမာရေး ဝန်ထမ်းပညာရှင်များ၏ Mobile Tablet တွင် ပါဝင်သောကျန်းမာရေး ဆိုင်ရာ စောင့်ရှောက်မှုဆိုင်ရာအချက်အလက်အကြောင်းအရာများကိုလေ့လာဖတ်ရှုထားမှု နှင့် Mobile Tablet အသုံးပြုနိုင်မှု စွမ်းရည်ပြိုင်ပွဲကို ကျင်းပသွားမည် ဖြစ်ပါသည်။
အခြေခံကျန်းမာရေးပညာရှင်များကို အောက်ပါအတိုင်းအုပ်စု (၃) ခုခွဲ၍ ပြိုင်ပွဲများကို ကျင်းပ သွားမည်ဖြစ်ပါသည်။
• အုပ်စု (၁) လက်ထောက်ကျန်းမာရေးမှူးများ၊ အမျိုးသမီးကျန်းမာရေးဆရာမများနှင့် ပြည်သူ့ကျန်းမာရေးကြီးကြပ် (၁)များ၊
• အုပ်စု (၂) သားဖွားဆရာမများ၊
• အုပ်စု (၃) ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) များ
ပြိုင်ပွဲပထမအဆင့်ကို Mobile Tablet များတွင်ပါဝင်သော ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာအကြောင်းအရာ ဗဟုသုတသိမှတ်ဖွယ်ရာများကို အွန်လိုင်း မေးခွန်းလွှာဖြင့် စစ်ဆေးကာရမှတ်အများဆုံး (၁၅) ဦးကို ပဏာမ ရွေးချယ်သွား မည်ဖြစ်ပါသည်။
ဒုတိယအဆင့် အနေဖြင့် ပဏာမရွေးချယ်ထားသော (၁၅) ဦးကို Mobile Tablet အား လက်တွေ့ကျွမ်းကျင်စွာအသုံးပြုနိုင်မှုစွမ်းရည်အား စစ်ဆေးကာဆုရရှိသူများကို ရွေးချယ်သွား မည် ဖြစ်ပါသည်။
ဆုရရှိသူများကိုထိုက်တန်စွာဆုချီးမြှင့်သွားမည်ဖြစ်ကာ -
• ပထမဆု - (၅ ) သိန်း ကျပ်
• ဒုတိယဆု - (၃ ) သိန်းခွဲ ကျပ်
• တတိယဆု - (၂ ) သိန်းခွဲ ကျပ်
• နှစ်သိမ့်ဆု - (၁ ) သိန်းကျပ် သတ်မှတ်ချီးမြှင့်သွားမည်ဖြစ်ပါသည်။
အခြေခံကျန်းမာရေးပညာရှင် အုပ်စု အမျိုးအစား အလိုက် ၊ တိုင်းဒေသကြီး/ ပြည်နယ် (၁) ခုချင်းစီအလိုက် ပြိုင်ပွဲများကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အလိုက်ပြိုင်ပွဲပြုလုပ်မည့်နေ့ရက်နှင့် အစီအစဉ်များကို ထပ်မံထုတ်ပြန် ပေးသွား မည်ဖြစ်ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန