11/01/2026
https://m.facebook.com/story.php?story_fbid=1411842290308479&id=100044481637389&mibextid=wwXIfr
အနုပညာဆိုတာ သင်ကြားလို့ ရသလား
နှစ်နဲ့နှစ်ပေါင်းရင် လေးဆိုပြီး တိတိကျကျ အဖြေပေးလို့ မရတဲ့ မွေးခွန်းမျိုးဟာ အထက်ပါ မေးခွန်းပါပဲ။
အိုင်အိုဝါ တက္ကသိုလ်ကို ရောက်ခဲ့တုန်းက စာသင်ခန်းတစ်ခုကို သွားရတယ်။ ကျွန်တော်က ဘယ်လို စာတွေရေးတယ်၊ ဘာကြောင့် စာတွေရေးတယ်ဆိုတာ ခဏတာ မိတ်ဆက်ပြောရပါတယ်။
နောက်တော့ ကျောင်းသားတွေက ကျွန်တော့်လက်ရာတွေနဲ့ပတ်သက်ပြီး မေးခွန်းထုတ်တယ်။ ဆွေးနွေးတယ်။ ကျွန်တော်က ပြန်ဖြေရတာပေါ့လေ။ အဲ့ဒီကျောင်းသားတွေဟာ MFA လို့ခေါ်တဲ့ Master of Fine Art တတ်နေကြသူတွေပါ။
သူတို့အားလုံးဟာ ကဗျာဆရာ၊ စာရေးဆရာ၊ အယ်ဒီတာတွေ ဖြစ်ချင်လို့ MFA တတ်နေကြတာတဲ့။ သူတို့တတွေဟာ စာသင်ခန်းထဲကနေ အနုပညာကို ဘယ်လို ဖန်တီးမလဲဆိုတာ သင်ယူနေကြသူတွေပါ။
MFA ဘွဲ့ရပြီးတော့ ပရိုဖက်ရှင်နယ် စာရေးဆရာ၊ ကဗျာဆရာ ဘယ်နှစ်ယောက်ဖြစ်သွားသလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။
ထဝမ် (Thawan Duchanee) ဆိုတဲ့နာမည်ဟာ ထိုင်းအနုပညာလောကနဲ့ နီးစပ်သူတိုင်း သိကြပါတယ်။ ထိုင်းအမျိုးသား အနုပညာရှင် (National Artist) တစ်ယောက်ဖြစ်ပြီး သူ့ကိုယ်ပိုင်ပြတိုက် Black House (Baan Dam) ဟာလည်း ချင်းရိုင်မြို့ရဲ့ အထင်ကရ နေရာတစ်ခုပါ။ ဘန်ကောက်က Silpakorn University မှာ ပန်းချီသင်ယူခဲ့သူပါ။ ပါရမီရှင်ပီပီ ထဝမ်ဟာ ပထမနှစ်မှာ ကျောင်းတွင်း အတော်ဆုံး၊ အမှတ်အများဆုံး ရခဲ့ပါတယ်။ ဒုတိယနှစ်ရောက်လည်း ပထမနှစ်လို လက်စွမ်းပြပါတယ်။ ပုံတွေဆွဲပါတယ်။ ဒါပေမယ့် သူ့အမှတ်တွေဟာ ပထမနှစ်နဲ့ ဇောက်ထိုးဖြစ်သွားတယ်။ ဘိတ်ဖြစ်သွားတယ်။
ဒါနဲ့ သူက သူ့ဆရာကို သွားတွေ့တယ်။ သူက ပထမနှစ်ကထက် ဘာလို့ အမှတ်တွေ နည်းသွားတာလဲ။ သူ့လက်ရာတွေက ပထမနှစ်ကထက်တောင် ပိုကောင်းလာတယ်မဟုတ်လားလို့ ကွန်ပလိန်းတတ်တယ်။
သူ့ဆရာက ပြန်ဖြေတယ်။ မင်းလက်ရာတွေက ကောင်းတယ်။ နောက်ပြီး မင်းပန်းချီကားတွေဟာ ကြည့်လို့ကောင်းတယ်။ သဘာဝနဲ့တူတယ်။ ဒါပေမယ့် အနုပညာဆိုတာ အတတ်ပညာမဟုတ်ဘူး။ သဘာဝကို ထပ်တူကူးဆွဲတာဟာ ပထမနှစ်ကျောင်းသားအနေနဲ့ သင့်တော်ပေမယ့် ဒုတိယနှစ်အတွက် မသင့်တော်တော့ပါဘူးသတဲ့။
ထဝမ်လည်း အဲ့ဒီနောက်မှာ အနုပညာဖန်တီးမှုကို ပိုပြီး လေးလေးနက်နက်ဆင်ခြင် မိသွားတယ်။ နောက်ပိုင်း ထူးချွန်ကျောင်းသားအနေနဲ့ နယ်သာလန်မှာ စကောလားရှစ်ရခဲ့တယ်။ နောက်ဆုံးမှာတော့ ထိုင်းနိုင်ငံရဲ့ အထင်ရှားဆုံး အနုပညာရှင်တစ်ယောက်ဖြစ်ခဲ့ပါတော့တယ်။
ပုံကတော့ ၂၀၂၃ ခုနှစ် ခရစ်စတီလေလံပွဲမှာ ဒေါ်လာ ခုနှစ်သိန်းကျော် (မြန်မာငွေ ကျပ်သိန်းသုံးသောင်းဝန်းကျင်)နဲ့ လေလံအောင်ခဲ့တဲ့ ထဝမ်ရဲ့ Scream of Sorrowful ပန်းချီကားဖြစ်ပါတယ်။
မြေမှုန်လွင်