19/11/2025
🔷ဒေါက်တာဟောင်းဝတ္ထု🔷
အင်္ဂလန်ပြည် လန်ဒန်မြို့မှ အထူးစိတ်ရောဂါကု ပါရဂူ 3 : (DR.ERIC GRAHAM HOWE) သည် ၁၃၁၄ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၇ ရက်က နတ်တော် လဆန်း ၇ ရက်အထိ ရန်ကုန် သာသနာ့ရိပ်သာ၌ မဟာစည် ဆရာတော်၏ ညွှန်ကြားချက်အတိုင်း ရှုမှတ်အားထုတ်သွားသည်။ ရှုမှတ်၍ ၄ ၊ ၅ ရက်ကြာသောအခါ “တရားအားမထုတ်မီက တစ်ယောက်တည်း တွေ့သိရပါသည်၊ ယခု နှစ်ယောက်တွေ့နေပါ သည်၊ ဘာကြောင့်ပါလဲ”လို့ သူက မေးပါသည်။ “ရှုသိရတာက ရုပ်တရား၊ ရှုသိတာက နာမ်တရား၊ ဒါကြောင့် ၂ ယောက်လိုပင် နှစ်မျိုးအနေဖြင့် သိရတာပါ။ အမှန်သိပါပဲ” လို့ ဖြေကြားရသည်။ နောက် ရက်အနည်းငယ် ကြာသောအခါ ရှုမှတ်တိုင်း ရှုမှတ်တိုင်း ပျောက် ပျောက်သွားသည်ကိုသာ တွေ့ရကြောင်း ပြောပါသည်။ ဒါဖြင့် အဲဒီလို ပျောက်ပျောက် သွားတာဟာ မြဲတာလား၊ မမြဲတာလားလို့ မေးကြည့်တော့ မမြဲတာပါလို့ သူကဖြေကြားသည်။ ဒါဖြင့် အတ္တ ကောင်ဆိုတာကော မရှိတော့ဘူးလားလို့ မေးကြည့်တော့ အတ္တကောင် ကတော့ ရှိနေသေးတာပဲလို့ လျှောက်ပါသည်။ ဒါဖြင့် ရှုမြဲသာ ဆက်ပြီး ရှုမှတ်သွားပါလို့ ပြောကြားလိုက်ပါတယ်။ နောက် ရက် အနည်းငယ်ကြာသောအခါ “ရှုမှတ်တိုင်း ရှုမှတ်တိုင်း ရှုသိရတာရော ရှုသိတာရော ချက်ချင်း ပျောက်ပျက်သွားတာကို တွေ့ရကြောင်း” သူက လျှောက်ပါသည်။ အဲဒီတော့ အမြဲတည်နေတဲ့ အတ္တကောင် ကလေးကို တွေ့သေးရဲ့လား” လို့ မေးကြည့်ပါသည်။ မတွေ့ရတော့ ပါဘူးလို့ သူက ဖြေကြား လျှောက်ထားပါသည်။ အဲဒီလို ခဏမစဲ ပျောက်ပျက်သွားလို့ မမြဲတာချည်းပဲ၊ ဆင်းရဲချည်းပဲ၊ အတ္တကောင်မဟုတ်တဲ့ အနတ္တသဘောတရားချည်းပဲလို့ ရှုမှတ်နေရင်း ကိုယ်ပိုင် ဉာဏ်ဖြင့် သိတာဟာ အလွန်ကောင်းပါတယ်။ ဒီလို သိရအောင်လို့ ပေါ်လာသမျှကို အမြဲမပြတ် ရှုမှတ်နေရတာပဲ၊ ရှုမြဲသာ မပြတ်ရှုမှတ် သွားပါ။ အင်မတန် ကောင်းပါတယ်လို့ ချီးကျူးပြီး ဆက်လက်ရှုဖို့ တိုက်တွန်းလိုက်ရပါသည်။
ရည်မှန်းထားသည့် ရက်စေ့၍ ပြန်ခါနီးမှာ “ဒီတရားဟာ အလွန်ကောင်းပါတယ်၊ တစ်ကမ္ဘာလုံးက စာသင်ကျောင်းတွေမှာ ဒီသတိပဋ္ဌာန် တရားတော်ကို ကျောင်းသားတွေအား သင်ပေးပြီး တရားအားထုတ်ကြမယ်ဆိုရင် တစ်ကမ္ဘာလုံး ငြိမ်းချမ်းရေး ရသွားမှာ ပဲ” လို့ သူက သူ့ထင်မြင်ချက်ကို ဖွင့်ဟ လျှောက်ထားသွားပါသည်။
နောက်တစ်ချိန်၌ ရန်ကုန်မြို့မှ ဒေါက်တာ ခင်မောင်လတ် (မဟာစည် ယောဂီ) အင်္ဂလန်သို ့ အထူးစိတ်ရောဂါကု ဆရာဝန် အတတ်သင်ရန် သွားရာ ယင်းဆရာဝန်ကြီး ဒေါက်တာဟောင်း ဌာနသို့ ရောက်သွားသည်။ ထိုအခါ ဒေါက်တာဟောင်းက သူ၏ လူမမာများကို တန်းစီစေပြီးလျှင် ဖောင်းတယ်၊ ပိန်တယ်ဟု ရှုမှတ် ခိုင်းနေတာကို တွေ့ရသဖြင့် ဒေါက်တာ ခင်မောင်လတ်က အလွန် အံ့အားသင့်ပြီးတော့ “ခင်ဗျားဟာ ဗုဒ္ဓဘာသာဝင်ပါလား” လို့ ဆရာဝန်ကြီး ဒေါက်တာဟောင်းကို မေးသည်၊ ထိုအခါ ဆရာဝန်ကြီး ဒေါက်တာဟောင်းက “ဗုဒ္ဓဘာသာဝင်တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီတရားက အလွန်ကောင်းတဲ့ တရားဖြစ်ပါတယ်။ လူမမာတွေကို စိတ်ချမ်းသာမှု အေးချမ်းမှု ရစေပါတယ်၊ ဒါကြောင့် ဒီလို ရှုမှတ်ခိုင်း ပါတယ်” လို့ပြန်ကြားပါသည်။ “ဒီလို ရှုမှတ်ပုံနည်းကို ဘယ်က ရလာပါသလဲ”လို့ မေးမြန်းတော့ မြန်မာပြည် ရန်ကုန်မြို့ မဟာစည် ဆရာတော်ဘုရားကြီးထံမှ ရလာခဲ့ကြောင်း ဖြေကြားလိုက်ပါသတဲ့။
▪️ကျောင်းဆရာကြီး ပင်နေကာဝတ္ထု▪️
၁၉၅၅ ခုနှစ်က ကမ္မဋ္ဌာနာစရိယ ဦးဇဝနသည် သီရိ လင်္ကာခေါ် သီဟိုဠ်ကျွန်း၌ နာယက ကမ္မဋ္ဌာနာစရိယ အရှင်သုဇာတ မထေရ်နှင့် အတူတကွ သတိပဋ္ဌာန်ဝိပဿနာ ပဋိပတ္တိ သာသနာတော် ကို ပြုစုလျက်ရှိခဲ့သည်။ ထိုစဉ်အခါက ကိုလံဘိုမြို့ ကောလိပ်ကျောင်း မှ ခရစ်ယန် ကျောင်းဆရာကြီး တစ်ဦးဖြစ်သော (MR. PINNEKA) မစ္စတာ ပင်နေကာသည် ကမ္မဋ္ဌာနာစရိယ ဦးဇဝနထံ လာရောက်၍ “အလုပ်ကိစ္စတွေနှင့် ပတ်သက်ပြီး စိတ်ပူပန်မှုတွေ များနေသော ကြောင့် စိတ်အေးချမ်းအောင် ဘယ်လို အားထုတ်ရပါမည်လဲ” လို့ မေးမြန်း လျှောက်ထား တောင်းပန်သည်၊ ဦးဇဝနက ဖောင်းတယ် ပိန်တယ်လို့ ရှုမှတ်ပုံမှစ၍ သတိပဋ္ဌာန် ရှုမှတ်ပုံ အကျဉ်းချုပ်ကို ညွှန်ကြားသည်။ ထိုညွှန်ကြားချက်အတိုင်း ရှုမှတ်၍ ၁ဝ မိနစ်လောက် အတွင်းမှာပင် စိတ်ပူပန်မှုတွေ ငြိမ်းပြီး အေးချမ်းသွားတာကို တွေ့ရ သောကြောင့် ဝမ်းမြောက်ဝမ်းသာနှင့် လျှောက်ထားပြီးလျှင် အချိန်ရ သလောက် ရှုမှတ် အားထုတ်သွားသည်။ တစ်လခွဲ နှစ်လလောက် ကြာသောအခါ ယင်း မစ္စတာပင်နေကာသည် သူ၏ဇနီးနှင့် သားသမီး များပါ ခေါ်လာပြီးလျှင် ကမ္မဋ္ဌာနာစရိယ ဦးဇဝနအား ကျေးဇူးတင် ကြောင်း ဒီလို လျှောက်ထားပါသတဲ့။ “တပည့်တော်ဟာ ဝိပဿနာ တရားတွေ အားထုတ်ပြီးတဲ့ နောက်ပိုင်းမှာ အလုပ်ကိစ္စတွေက အလွန် များပြီး စိတ်ဆင်းရဲစရာတွေက အလွန်များနေပါတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဆရာတော်ညွှန်ကြားတဲ့အတိုင်း ကောင်းကောင်းဆိုးဆိုး အားလုံးဟာ ရှုမှတ်လိုက်လျှင် ပျောက်သွားတာချည်းပဲ၊ အဲဒီလို ပျောက်သွားပြီးတော့ အလွန် အေးငြိမ်း ချမ်းသာသွားတာကို တွေ့မြင် ခံစားနေရပါတယ်” လို့ ဝမ်းပန်းတသာနဲ့ လျှောက်ထားပါသတဲ့။
ယခုထုတ်ဖော်ပြခဲ့တဲ့ သာဓကဝတ္ထုတွေဟာ ကိုယ်တိုင် တွေ့မြင်နိုင်တဲ့ သန္ဒိဋ္ဌိက တရားတော်ကို တကယ် ကျင့်ကြည့်လျှင် မူလက ယုံကြည်ခဲ့တဲ့ အယူဝါဒနဲ့ မတူသော်လည်း ကိုယ်တိုင်တွေ့ မြင်ပြီး သက်ဝင် ယုံကြည်နိုင်ကြောင်း၊ ကျင့်သူမှာလည်း တကယ် လိုလားအပ်သည့် အကျိုးများကို ရကြောင်း ထောက်ခံတဲ့ သာဓကဝတ္ထုများ ဖြစ်ပါသည်။ ထို့ပြင် အလားတူ ဝတ္ထုများလည်း ရှိပါသေးတယ်။ ကံ ကံ၏အကျိုးမရှိ၊ နောင်တမလွန် ဘဝမရှိဟု တစ်ထစ်ချ ခိုင်မြဲစွာ အယူရှိတဲ့သူ အချို့လည်း သတိပဋ္ဌာန် ဝိဿနာ အလုပ်ကို စမ်းသပ် အားထုတ်ကြည့်သောအားဖြင့် သက်ဝင် ယုံကြည် သွားကြတာတွေ ရှိပါသည်။ ယုံကြည်သင့်သော တရားကို ယုံကြည်၍ ကျင့်သုံးသောအားဖြင့် လိုလားအပ်သည့် အကျိုးနှင့် ပြည့်စုံကြပါစေ။
#အနန္တကျေးဇူးရှင်မဟာစည်ဆရာတော်ကြီးဟောကြားအပ်သောတရားတော်မှ