10/04/2026
ကင်ဆာနဲ့ မျိုးဗီဇ
9 April 2024
Cancer ကို Oxford Dictionary က “uncontrolled division of abnormal cells in a part of the body” လို့ အဓိပ္ပာယ်ဖွင့်ထားတယ်။ “ခန္ဓာကိုယ်အစိတ်အပိုင်း တခုခုက မူမမှန်တဲ့ဆဲလ်တွေ မထိန်းနိုင်မသိမ်းနိုင် ဆဲလ်ကွဲပွားခြင်း” လို့ ဆိုရမှာပေါ့။ ဆိုတော့ မူမမှန်တဲ့ဆဲလ်တွေဆိုတာ ဘာ့ကြောင့်ဖြစ်လဲ? ဆဲလ်မိတ္တူကွဲပွား စဥ်မှာ အတိအကျမိတ္တူမကူးနိုင်တာ အပြင်၊ ပြင်ပရိုက်ခတ်မှုကြောင့် ဆဲလ်တွင်း DNA တွေ မှားယွင်းတာ၊ (mutations)အထွန်းဖြစ်တာတွေကြောင့် ကင်ဆာ ဖြစ်လာရတာဖြစ်ပါတယ်။ ဒါ့ကြောင့် ကင်ဆာ နဲ့ ပတ်သက်ရင် မျိုးဗီဇတွေက အဓိက ကျတယ် ဆိုရမှာပါ။
ဗီဇအထွန်းဖြစ်ပြီး ပြောင်းလဲတာ (mutation) ဖြစ်တိုင်း ကင်ဆာ ဖြစ်တာလား ဆိုရင်လည်း မဟုတ်ပြန်ပါဘူး။ ပုံမှန်ရှိနေကျ ဗီဇအစီစဥ်ကနေ ကွဲထွက်ပြီး (mutation) ဖြစ်တိုင်း အဆိုးတွေချည်း ဖြစ်တာတော့ မဟုတ်ဘူးပေါ့။ ကောင်းတယ်ဆိုနိုင်တာတွေလည်း ရှိပါသေးတယ်။ ဥပမာ ဥရောပမြောက်ပိုင်းက ဆွီဒက်စ် (Swedes) နွယ်က ဆင်းသက်လာသူတွေရဲ့ တစ်ရာခိုင်နှုန်းလောက်မှာ သူတို့ဆဲလ်ရဲ့ မျက်နှာပြင်ပေါ်က HIV ပိုးဆဲလ်ထဲဝင်ရောက်ဖို့ လက်ခံအခြေချတဲ့ လက်ခံနေရာ (Receptor) ပရိုတိန်းထုတ်ပေးတဲ့ ဗီဇ (CCR-5 gene) က အထွန်း (mutation) ဖြစ်နေကြတယ်လို့ဆိုပါတယ်။ အဲ့ဒါကြောင့် HIV ပိုးက သူတို့ရဲ့ ဆဲလ်မျက်နှာပြင်ပေါ်ကို ခြေကုတ်ယူလို့မရတော့ဘဲ HIV ကူးစက်တာ မခံရတော့ဘူးပေါ့။ ဒီလို ဗီဇအထွန်းကျတော့ ကောင်းတဲ့ အထွန်း လို့ဆိုရမှာပါ။
ကင်ဆာ ဖြစ်ဖို့ မျိုးဗီဇပြောင်းလဲ မှု ဖြစ်တာမှာ မွေးရာပါ ဗီဇအထွန်းပါလာတာ နဲ့ အသက်ရွယ်ရလာမှ ပတ်ဝန်းကျင်, အနေထိုင်၊ အစားသောက်ကြောင့် မျိုးဗီဇတွေ အထွန်းဖြစ်ပြီး ပြောင်းလဲလာတာ ဆိုပြီး (၂) ပိုင်းရှိပါတယ်။ မွေးရာပါ မိဘများဆီက အထွန်း အမွေဆက်ခံလာပြီး ကင်ဆာ ဖြစ်တာကတော့ ရာခိုင်နှုန်းနည်းတယ်ဆိုရမှာပါ။ သူတို့မှာ သူများတွေထက် ကင်ဆာ ဖြစ်နိုင်လာနိုင်ချေ ပိုတယ်လို့ပဲ ဆိုရမှာဖြစ်ပြီး။ ထိန်းထိန်းသိမ်းသိမ်း နေထိုင်သွားနိုင်ရင် ဖြစ်လာနိုင်ချေကို လျော့ချလို့ရပါတယ်၊။
ဒါ့ကြောင့်လည်း တချို့တွေက Genetic testing တွေ စစ်ဆေးပြီး လိုအပ်သလို ကာကွယ်ကြတာတွေ ရှိလာကြတာဖြစ်ပါတယ်။ ဥပမာ ဟောလိဝုဒ် ရုပ်ရှင်မင်းသမီးကြီး အင်ဂျလီနာ ဂျိုလီပေါ့။ သူ့အမေနဲ့ အဒေါ်မှာ ရင်သားကင်ဆာ ရယ်၊ သားဥအိမ်ကင်ဆာရယ် အသီးသီးဖြစ်ပြီးတော့ သူလည်း ဖြစ်လာနိုင်ချေ မြင့်တယ် ဆိုပြီး Genetic testing တွေ စစ်ဆေးလိုက်တယ်။ သူမမှာ BRCA1 gene mutaion ပါတယ်ဆိုတာ သိရပြီး ဒါက ရင်သားကင်ဆာ ဖြစ်လာနိုင်ချေ ၈၇ ရာခိုင်နှုန်းရှိပြီး၊ သားဥအိမ်ကင်ဆာ ဖြစ်လာနိုင်ချေ (၅၀) ရာခိုင်နှုန်းရှိတယ်ဆိုပါတယ်၊ ဒါ့ကြောင့်ပဲ ကာကွယ်ဖို့အနေနဲ့ သူမက ၂၀၁၃ မှာ ရင်သား (၂) ဖက်စလုံး ဖြတ်ထုတ်ပြီး ပြန်လည်အစားထိုး ခွဲစိတ်မှု ခံယူခဲ့ပါတယ်။
ဆိုတော့ ကင်ဆာ ဖြစ်လာနိုင်ချေရှိတဲ့ ဗီဇတွေနဲ့ သူတို့ရဲ့ အထွန်းတွေ (mutations) ဗီဇပုံစံကွဲတွေ (gene variants) တွေ ကို သေချာလိုက်ဖော်ထုတ်လေ့လာခဲ့ကြပါတယ်။
ကျနော်တို့မှာ ကင်ဆာနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ ဗီဇ အမျိုးအစား တွေကို
(၁) ကင်ဆာ ဖြစ်လာနိုင်တဲ့ ဗီဇတွေ (Oncogenes)၊
(၂) အလုံးအကြိတ်မဖြစ်လာစေဖို့ ဖိနှိပ်ပေးထားတဲ့ ဗီဇတွေ (Tumor Suppressor Genes) နဲ့
(၃) မျိုးဗီဇ ပြုပြင်ရေး ဗီဇတွေ (DNA repair genes) ဆိုပြီး (၃) အုပ်စု ရှိပါတယ်။
(၁) ကင်ဆာ ဖြစ်လာနိုင်တဲ့ ဗီဇတွေ (Oncogenes)
ဒီ Genes တွေက သူ့ဘာသာ ကင်ဆာ ဖြစ်လာနိုင်တဲ့ ဗီဇတွေ (Oncogenes) ဆိုပြီး ရှိနေတာတော့ မဟုတ်ပါဘူး။ ကျနော်တို့ ရဲ့ (၂၅၀၀၀) ခန့်ရှိတဲ့ ဗီဇအားလုံးထဲက တချို့ (ဗီဇ ၁၀၀ နီးပါး) က အထွန်းဖြစ်သွားရင် ကင်ဆာဖြစ်လာနိုင်ချေရှိတယ် လို့ဆိုပါတယ်။ သူတို့ကို (Proto-oncogenes) လို့ ခေါ်ကြပြီး အထွန်းဖြစ်ပြီး ပြောင်းသွားတယ်၊ ကင်ဆာလည်းဖြစ်လာနိုင်တယ် ဆိုမှသာ Oncogenes လို့ ခေါ်ကြတာ ဖြစ်ပါတယ်။ သူကတော့ ဥပမာဆိုရရင် ကားတွေမှာဆို လီဗာ ပဲပေါ့။ ကားမောင်းနေဖို့ လီဗာ နင်းမှရမှာ ဖြစ်ပေမယ့် ထိန်းညှိ၊ အရှိန်ေလျော့ချရမယ့်နေရာ ဒါမှမဟုတ် ရပ်ရမယ့် နေရာမှာ (အထွန်းဖြစ်ပြီး) သူ့ကို ဖိနင်းမိရင် ပြသနာ တက်တဲ့ သဘောပဲ။
အဖြစ်များဆုံး Oncogenes တွေကတော့
MUC16 - ကင်ဆာ အားလုံးရဲ့ (၁၉) ရာခိုင်နှုန်းလောက်မှာ ဒီ ကောင် အထွန်းဖြစ်တာ တွေ့ရတယ်ဆိုပါတယ်။ (ပန်ကရိယ၊ ရင်သား၊ အဆုတ် နဲ့ သားဥအိမ် ကင်ဆာ နဲ့ အခြား ကင်ဆာအချို့ တို့ မှာ ဒီဗီဇ အထွန်းကို တွေ့ရပါတယ်)
PIK3CA - ကင်ဆာ အားလုံးရဲ့ (၁၂) ရာခိုင်နှုန်းလောက်မှာ ဒီ ကောင် အထွန်းဖြစ်တာ တွေ့ရပြီး ရင်သား အတုတ်၊ အစာအိမ်၊ မျိုးဥအိမ်၊ ဦးနှောက်၊ အူမကြီးနဲ့ သမ္ဗအိမ် ကင်ဆာတွေမှာ ဒီဗီဇအထွန်းကို အဓိက တွေ့ရတယ်ဆိုပါတယ်။
KRAS - သူ့အထွန်းတော့ ကင်ဆာတွေရဲ့ (၁၁) ရာခိုင်နှုန်းလောက်မှာတွေ့ရပြီး ပန်ကရိယ၊အဆုတ်၊အူမကြီးနဲ့ သမ္ဗအိမ် ကင်ဆာတွေမှာ ဒီဗီဇအထွန်းကို အဓိက တွေ့ရတယ်ဆိုပါတယ်။
BRAF - သူ့အထွန်းတော့ ကင်ဆာတွေရဲ့ (၇) ရာခိုင်နှုန်းလောက်မှာတွေ့ရပြီး ထူးခြားတာက Melanoma ကင်ဆာတွေမှာ တဝက်လောက် နီးပါးက ဒီ ဗီဇအထွန်း ဖြစ်နေတာ တွေ့ရတယ်။ သွေးကင်ဆာ၊ Non-Hodgkin lymphoma လို ကင်ဆာတွေ၊ သိုင်းရွိုက်ကင်ဆာ၊ သားဥအိမ်၊ အူမကြီးနဲ့ သမ္ဗအိမ် ကင်ဆာတွေမှာ လည်း တွေ့ရပါတယ်။
(၂) အလုံးအကြိတ်မဖြစ်လာစေဖို့ ဖိနှိပ်ပေးထားတဲ့ ဗီဇတွေ (Tumor Suppressor Genes)
ဒီ အလုံးအကြိတ်မဖြစ်လာစေဖို့ ဖိနှိပ်ပေးထားတဲ့ ဗီဇတွေ (Tumor Suppressor Genes) ကတော့ DNA တွေမပျက်စီးအောင် ထိန်းသိမ်းပေးတာ၊ ထိခိုက်ပျက်ဆီးသွားတဲ့ ဆဲလ်တွေကို ရှင်းလင်းဖယ်ရှားတာတွေ လုပ်ပေးတယ်။ အထက်ကလိုမျိုး ကင်ဆာ ဖြစ်လာနိုင်တဲ့ ဗီဇတွေ (Oncogenes) ရှိနေရင်တောင် သူက ထိန်းပေးထားသေးတယ်။ ဒါပေမယ့် ဒီဗီဇ အထွန်းဖြစ်ပြီး သူ့ရဲ့ လုပ်ငန်းမလုပ်နိုင်တော့ရင်လည်း ကင်ဆာဖြစ်လာနိုင်ချေ မြင့်တက်လာတာပေါ့။ ဥပမာ ပြောရရင် ကားတွေမှာဆို သူက ဘရိတ်ပေါ့ ။ သူ့လုပ်ငန်းပျက်လို့ ဘရိတ်ပေါက်ရင် ပြသနာတက်တဲ့ သဘောပဲ။
နာမည်အကြီးဆုံး (Tumor Suppressor Genes) တွေကတော့
TP53 - ဒီဗီဇကိုတော့ မျိုးဗီဇစောင့်နတ်ကြီးအဖြစ်တောင် တင်စားကြတာ။ သူက ထိန်းသိမ်းပေးထားလို့သာ ကင်ဆာတွေ လွယ်လွယ် ထွက်ပေါ်မလာတာ။ ဆင်တွေမှာ ဒီဗီဇ အစုံ (၂၀) တောင်ပါလို့ ကင်ဆာ ဆိုတာ မဖြစ်သလောက် ပဲလို့ ဆိုကြတယ်။ လူမှာတော့ (၁) စုံပဲ ပါတာကိုး။ ဒီဗီဇ အထွန်းဖြစ်ပြီး အလုပ်မလုပ်နိုင်တော့ ကင်ဆာ ဖြစ်နိုင်ချေက ပိုတက်လာတာပေါ့၊။ ကင်ဆာ အားလုံးရဲ့ (၃၇) ရာခိုင်နှုန်း လောက်မှာ ဒီ ဗီဇအထွန်းတွေ့ရတယ် ဆိုပါတယ်။ ဆိုတော့ သူပျက်သွားရင် ကင်ဆာဖြစ်နိုင်ချေ က အများဆုံးလို့ ဆိုနိုင်တာပေါ့။
CSMD3 နဲ့ LRP1B ဆိုတဲ့ ဗီဇ (၂) ခုကတော့ ကင်ဆာ အားလုံးရဲ့ (၁၄) ရာခိုင်းနှုန်းဆီမှာ သူတို့ အထွန်းတွေ တွေ့ရတယ်ဆိုပါတယ်။
(၃) မျိုးဗီဇ ပြုပြင်ရေး ဗီဇတွေ (DNA repair genes)
သူကတော့ နာမည်ကိုက မျိုးဗီဇပြုပြင်ရေးဆိုတော့ သူကလည်းပဲ DNA တွေ မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့အထဲပါတယ်။ မိတ္တူကူးစဥ်လွဲတာ ဖြစ်စေ၊ ပတ်ဝန်းကျင် အကြောင်းတွေကြောင့် ပျက်စီးတာဖြစ်စေ သူက ပြန်ပြင်ပေးတာပေါ့။
Oncogenes က ကားရဲ့ လီဗာ ၊ Tumor Supressor genes က ကားရဲ့ ဘရိတ် ဆိုရင် DNA repair genes က ဝပ်ရှော့ဆရာ မက္ကင်းနစ်နဲ့ တူပါတယ်။ မိတ္တူကူးရင်းသော်လည်းကောင်း၊ ပတ်ဝန်းကျင်ရိုက်ခတ်မှု ကြောင့်သော်လည်းကောင်း DNA တွေ ပျက်ဆီးလာခဲ့ရင် ဟောဒီ မျိုးဗီဇ ပြုပြင်ရေး ဗီဇတွေ (DNA repair genes) က ပြုပြင်ပေးကြတယ်။ မပြုပြင်ပေးနိုင်ဘူးဆိုရင်တောင် အဲ့ဒီဆဲလ်ကို ဆက်မပွားစေတော့ဘဲ ဖျက်ဆီးပစ်လိုက်ပါတယ်၊ ဆိုတော့ ကင်ဆာ ဖြစ်လောက်အောင် အမှားတွေ ဆက် မိတ္တူမပွားတော့ဘူးပေါ့။
ဒါပေမယ့် ဒီ မက္ကင်းနစ် တဖြစ်လည်း ဝပ်ရှော့ဆရာတွေက သူတို့မှာ ဗီဇအထွန်းဖြစ်ပြီး ပြုပြင်ရေးလုပ်ငန်း မလုပ်နိုင်တော့ရင် မှားနေတဲ့ ဗီဇတွေက ဆက်မှား ဆက်ပွားနေတော့မှာပေါ့။ အဲ့တော့ ကင်ဆာ ဖြစ်လာနိုင်တော့တာပေါ့။
နာမည်ကျော် မျိုးဗီဇ ပြုပြင်ရေး ဗီဇတွေ (DNA repair genes) ကတော့ BRCA1 နဲ့ BRCA2 တို့ပဲ ဖြစ်ကြပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ ဂျိုလီ မှာ အဲ့ဒီ gene တွေ အထွန်းဖြစ်နေတော့ ရင်သားကင်ဆာ ဖြစ်လာနိုင်ဖို့ အခွင့်လမ်းများတာကြောင့် ကာကွယ်တဲ့အနေနဲ့ ရင်သားခွဲစိတ်မှုလုပ်ခဲ့တာပါ။ ဆိုတော့ ဖွံ့ဖြိုးပြီး နိုင်ငံများမှာတော့ ကင်ဆာရောဂါ ကာကွယ်ဖို့၊ ရောဂါဖော်ထုတ်ဖို့နဲ့ ကုသရေးတို့အတွက် မျိုးဗီဇစစ်ဆေး (Genetic testing) နည်းတွေ အသုံးပြုနေကြပါတယ်။
Photo credit: NIH