Genomics Myanmar

Genomics Myanmar This page was created by two medical doctors who are passionate about Molecular Biology and Biotech.

Designer Baby ခေတ် ရောက်တော့မလား?16 November 2025ဒီနေ့ခေတ်မှာ နည်းပညာ သူဌေးကြီးတွေ ဇီဝနည်းပညာဘက် ငွေတွေမြှုပ်နှံလာကြတာ အ...
16/11/2025

Designer Baby ခေတ် ရောက်တော့မလား?

16 November 2025

ဒီနေ့ခေတ်မှာ နည်းပညာ သူဌေးကြီးတွေ ဇီဝနည်းပညာဘက် ငွေတွေမြှုပ်နှံလာကြတာ အထူးဆန်းတော့ မဟုတ်တော့ပါဘူး။ ဂျက်ဖ် ဘီဇော့ဖ် တို့ လာရီ အယ်လီဆန် တို့ ဆို အိုမင်းရင့်ရော်တာ တိုက်ဖျက် ဖို့ ဆိုပြီး Google ရဲ့ Calico Lab မှာ၊ နောက် Peter Thiel တို့က Gene Therapy ဘက်မှာ၊ Zuckerberg တို့ စုံတွဲကလည်း CZI ဆိုတာ ထောင်ထားပြီး ရောဂါမျိုးစုံ ကုသနိုင်ရေး ရည်ရွယ်လုပ်ဆောင်နေတာ။ Ben Lamm တို့ကလည်း George Church တို့နဲ့ ပေါင်းပြီး မျိုးသုန်းပြီး သတ္တဝါတွေ ပြန်မွေးဖို့လုပ်တာမျိုး အများကြီး မြှုပ်နှံကြတယ်။ တချို့က ရောဂါတွေကာကာကွယ်ဖို့၊ တချို့က ကုသဖို့၊ တချို့က အိုမင်းရင့်ရော်တာ ကာကွယ်ဖို့၊ တချို့က de-extinct လုပ်ဖို့ စတဲ့ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ရင်းနှီးမြှုပ်နှံကြတာ။

အခု ထွက်လာတဲ့ The Independent သတင်းအရ Open AI ရဲ့ CEO ဖြစ်တဲ့ Sam Altman နဲ့ သူ့ချစ်သူ Oliver Mulherin တို့ ၂ ယောက်ပေါင်းပြီး Preventive ဆိုတဲ့ Biotechnology company တခု ကို ဒေါ်လာ သန်း (၃၀) နဲ့ စတင်တည်ထောင်လိုက်တယ် ဆိုပါတယ်။

သူတို့ရည်ရွယ်တာက လူတွေမှာ မွေးကတည်းက ပါလာတဲ့ မျိုးဗီဇရောဂါတွေ (genetic disease) တွေ ကာကွယ်ဖို့လို့ ဆိုပါတယ်။ ဆိုတော့ မျိုးဗီဇရောဂါတွေ (genetic disease) ကာကွယ်ဖို့ဆိုရင် အဲ့ဒီ ‌ဗီဇတွေကို ပြုပြင်လိုက်မှ ရမယ်။ ဒါ့ကြောင့် သူတို့ဟာက မျိုးရိုးလိုက်ိိနိုင်တဲ့ ရောဂါပါတဲ့ စုံတွဲတွေဟာ genetically engineered babies တွေ မွေးရမယ့်သဘောပေါ့။ ဒါ့ကြောင့်လည်း သူတို့ရဲ့ စွန့်ဦးလုပ်ငန်း ကုမ္ပဏီကို အငြင်းပွားဖွယ် အဖြစ် ဝေဖန်နေကြတာ။

ဘာလို့လဲဆိုတော့ UK တို့ US တို့ အပါအဝင် နိုင်ငံတော်တော်များများမှာ Genetically Engineered Babies ဆိုတာ ကျင့်ဝတ်အရရော ဥပဒေအရပါ ပိတ်ပင်ထားတာ။ သန္ဓေသားလောင်း ဆဲလ်ကို ပြုပြင်ဖို့က ဘေးကင်းရေးအရရော၊ နောက်ဆက်တွဲ ပြသနာတွေအရရော ခွင့်ပြုဖို့ မသင့်ဘူးဆိုပြီး ပိတ်ပင်ထားကြတဲ့အရာပါ။ ဒါပေမယ့် သူတို့တွေ က အမေရိက မှာ ခွင့်မပြုတာတွေကို တခြားနိုင်ငံတွေမှာ သွားလုပ်လေ့ရှိကြတဲ့အတိုင်း အခုလည်း ဌာနချုပ်ကို San Francisco မှာ တည်ထားပေမယ့် တခြားကိစ္စတွေကိုတော့ UAE မှာ လုပ်နိုင်လောက်တယ် ဆိုထားပါတယ်။

အရင်ကလည်း gene therapy နဲ့ သက်ဆိုင်တဲ့ စမ်းသပ်မှုတွေ လုပ်ကြတဲ့အခါ အမေရိကားမှာ ခွင့်ပြုမထားတာတွေကို မက္ကဆီကို နဲ့ ကိုလံဘီယာတို့မှာ သွားလုပ်တတ်ကြပါတယ်။ ၂၀၁၅ လောက်ကတည်းက BioViva ရဲ့ CEO Lizz Parrish တို့လည်း တီလိုးမီးယား ရှည်အောင် gene therapy ကုသမှု ခံယူတဲ့အခါ ကိုလံဘီယာ မှာ သွားလုပ်ကြတာမျိုးပါ။

https://www.facebook.com/share/p/16VE1SzjDr/

တရုတ်ကတော့ လက်မြန်ခြေမြန်ရှိတယ်။ ၂၀၁၈ ကတည်းက He Jiankui က Gene edited babies (Lu Lu and Na Na) ကို မွေးလိုက်လို့ နာမည်ကြီး ပွက်လောရိုက်သွားသလို သိပ္ပံပညာရှင်လည်း ခွင့်ပြုမထားတာ လုပ်လို့ ထောင် (၃) နှစ် ချခံခဲ့ရပါတယ်။ အခုတောင် ကလေးတွေက ကျောင်းတက်နေပြီဆိုပါတယ်။

အခု Sam Altman တို့ စုံတွဲကို ထောက်ခံပြီး ရင်းနှီးမြှုပ်နှံမှုထဲ ပါဝင်လာတာက Coinbase ရဲ့ CEO ဖြစ်တဲ့ Brian Armstrong ဖြစ်ပါတယ်။ Armstrong ကလည်း တကမ္ဘာလုံးမှာ လူဦးရေ သန်း (၃၀၀) ကျော် မျိုးဗီဇရောဂါ ခံစားနေကြရတာမို့ ဒါက လုပ်သင့်နေတဲ့ အလုပ်ပါလို့ ဆိုထားပါတယ်။ ဒီနှစ် မေလထဲမှာတင် မွေးမွေးချင်း ပြင်းထန် CPS1 Deficiency ခံစားနေရပြီး သေသွားနိုင်တဲ့ ကလေး KJ Muldoon ကို Gene Editing ကုသနည်းနဲ့ ကောင်းသွားလို့ ဒီနည်းပညာကို အရမ်းစိတ်ဝင်စားနေကြတာပါ။ ဒီ Gene Editing နည်းနဲ့သာမကုနိုင်ရင် ဒီကလေးက သက်ဆိုးရှည်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါက မွေးပြီးမှ ကုသတဲ့ နည်းပေါ့။ တနည်းဆိုရရင် Somatic Cell မှာ ပြုပြင်ရတာပါ။ သန္ဓေသားဆဲလ် ကို ပြုပြင်တာ မဟုတ်ပါဘူး။

KJ Muldoon Case

https://www.facebook.com/share/p/1Ad44g1Q3C/

တဖက်ကလည်း Sam Altman တို့ စုံတွဲဟာ ဒီနည်းနဲ့ပဲ သူတို့ ကလေး ယူဖို့ စဉ်းစားတဲ့ ပုံပါပဲ။ တချို့ နည်းပညာ ကုမ္ပဏီကြီးတွေကလည်း ဒီလိုမျိုး ရောဂါတွေကုသဖို့ ရည်ရွယ်တာတင် မဟုတ်ဘဲ အရပ်အမောင်း၊ ဉာဏ်ရည်ဉာဏ်သွေး စတာတွေပါ design လုပ် ပြုပြင်ပြီး designer baby အတွက်ရည်ရွယ် ခြေလှမ်းနေကြတာကလည်း ရှိပြန်ပါတယ်။

Gene Editing Vs Gene Therapy

https://www.facebook.com/share/p/1BbN3wNhNV/

ဒါ့ကြောင့် Hacking Darwin စာအုပ်ရေးတဲ့ Jamie Metzl က “နောင်တချိန် မျိုးဗီဇပြုပြင်ရေး နယ်ပယ်ဟာ ဘေးကင်းစိတ်ချရတဲ့ အချိန်ရောက်လာရင် လူတွေဟာ ဆေးကုသဖို့တင်မကတော့ဘဲ တခြားရည်ရွယ်ချက်တွေပါ လုပ်လာကြနိုင်တယ်။ အဲ့တာကို တကိုယ်ရေ ဆုံးဖြတ်ချက် (individual decision) နဲ့ လုပ်ကိုင်ခွင့် ပြုမလား၊ လူများစု ကစုပေါင်းပြီး (collective decision) လုပ်သင့် မလုပ်သင့် ဆုံးဖြတ်ပြီး လုပ်ကြမလဲ စဉ်းစားထားကြပါ” လို့ တိုက်တွန်းထားပါသေးတယ်။ အခုတော့ သူပြောတဲ့ အချိန် တစိတ်တပိုင်းကို ရောက်လာခဲ့ပြီပေါ့။

Jamie Metzl: Hacking Darwin

https://www.facebook.com/share/p/14Tban5dxxe/

အဲ့လိုဖြစ်လာခဲ့ရင် သမိုင်းဆရာ Yuval Harari ဆိုထားတဲ့ ဒီနည်းပညာတွေကို လက်လှမ်းမီ တတ်နိုင်တဲ့ လူသားအုပ်စုနဲ့ လက်လှမ်းမမီ မတတ်နိုင်တဲ့ လူသား အုပ်စု ဆိုပြီး အချိန်ကြာလာတာနဲ့အမျှ မျိုးစိတ်တွေ ကွဲတဲ့အထိပါ ဖြစ်လာနိုင်မလား ဆိုတာကလည်း စိတ်ဝင်စားစရာပါ။







Photo Pink News

🧬 ဒီအဲန်အေ ဖွဲ့စည်းပုံကို ရှာဖွေတွေ့ရှိခဲ့သူ၊ နားလည်ရခက်သော ပညာရှင် ဂျိမ်းစ် ဒီ ဝပ်ဆန် ကွယ်လွန်၁၉၅၃ ခုနှစ်မှာ မျိုးရိုးဗ...
08/11/2025

🧬 ဒီအဲန်အေ ဖွဲ့စည်းပုံကို ရှာဖွေတွေ့ရှိခဲ့သူ၊ နားလည်ရခက်သော ပညာရှင် ဂျိမ်းစ် ဒီ ဝပ်ဆန် ကွယ်လွန်

၁၉၅၃ ခုနှစ်မှာ မျိုးရိုးဗီဇ (Heredity) မော်လီကျူးဖြစ်တဲ့ ဒီအဲန်အေ (DNA) ရဲ့ ဖွဲ့စည်းပုံကို ရှာဖွေတွေ့ရှိခြင်းဖြင့် မျိုးရိုးဗီဇဆိုင်ရာခေတ် (Age of Genetics) ကို ဖွင့်လှစ်ပေးခဲ့ပြီး (၂၀) ရာစုနှောင်းပိုင်း ဇီဝနည်းပညာတော်လှန်ရေး (Biotechnology Revolution) အတွက် အခြေခံအုတ်မြစ် ချပေးခဲ့သူ၊ ထူးချွန်သော်လည်း အငြင်းပွားဖွယ်ရာ အမေရိကန် ဇီဝဗေဒပညာရှင် ဂျိမ်းစ် ဒီ ဝပ်ဆန် (James D. Watson) ဟာ အသက် ၉၇ နှစ်မှာ (၇-၁၁-၂၀၂၅) ကွယ်လွန်သွားခဲ့ပါတယ်။

သူရဲ့ ကွယ်လွန်ခြင်းကို သူနှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့တဲ့ လောင်းအိုင်လန် (Long Island) ရှိ ကိုးလ်ဒ်စပရင်းဟာဘာ ဓာတ်ခွဲခန်း (Cold Spring Harbor Laboratory) က အတည်ပြုခဲ့ပါတယ်။ ဝပ်ဆန်ဟာ ယခုသီတင်းပတ်အတွင်း လောင်းအိုင်လန် က နာတာရှည်လူနာပြုစုရေးဂေဟာတစ်ခုမှာ ကွယ်လွန်သွားကြောင်း နယူးယောက်တိုင်းမ် သတင်းစာကလည်း ဖော်ပြခဲ့ပါတယ်။

သူ့ ဘဝနှောင်းပိုင်းနှစ်တွေမှာ မျိုးရိုးဗီဇနှင့် လူမျိုး ရေးခွဲခြားမှုဆန်တဲ့ မှတ်ချက် တွေကြောင့် သူ့ရဲ့ ဂုဏ်သတင်း မှေးမှိန်ခဲ့ရပြီး သိပ္ပံပညာရှင်အသိုင်းအဝိုင်းကတောင် ဖယ်ကြဉ်တာကို ခံခဲ့ရတာပါ။

သူဟာ ငယ်ရွယ်စဉ်ကပင် သိပ္ပံပညာအတွက်သာမက စာပေ ရေးသားမှုနှင့် ဆိုးတေတဲ့ ကလေးဆိုးကြီး အထာ ပင်ကိုစရိုက်တို့ကြောင့်လည်း လူသိများခဲ့တာ‌ေပါ့။

အခြားသိပ္ပံပညာရှင်တစ်ဦးရဲ့ ဒေတာ‌ တွေကို သူ့ အသက်မွေးဝမ်းကျောင်း တိုးတက်ရေး အသုံးချလိုစိတ် ရှိသူဖြစ်ပြီး သူရဲ့ ၁၉၆၈ ခုနှစ် ကရေးခဲ့တဲ့ ကိုယ်‌တွေ့မှတ်တမ်းဖြစ်တဲ့ "The Double Helix" (နှစ်ပင်လိမ်)" စယအုပ် ဟာ သူနှင့် ဗြိတိသျှ ရူပဗေဒပညာရှင် ဖရန့်စစ် ခရစ် (Francis Crick) တို့တွေ ဒီအဲန်အေရဲ့ သုံးဖက်မြင် ပုံသဏ္ဌာန်ကို ပထမဆုံး ဖော်ထုတ်ခဲ့ပုံအကြောင်းရေးသားထားတဲ့ ခပ်ကြမ်းကြမ်း မှတ်တမ်းတစ်ခုဖြစ်ပါတယ်။

ဒီအောင်မြင်မှုဟာ သူတို့နှစ်ယောက်ကို ၁၉၆၂ ခုနှစ် ဆေးပညာဆိုင်ရာ နိုဘယ်ဆု မျှဝေရရှိစေခဲ့ပြီး နောက်ဆုံးမှာ မျိုးရိုးဗီဇ အင်ဂျင်နီယာပညာ၊ မျိုးရိုးဗီဇကုထုံးနှင့် အခြားသော ဒီအဲန်အေ-အခြေပြု ဆေးပညာနှင့် နည်းပညာများ ကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။

ခရစ် (Crick) ကတော့ အဲ့ဒီစာအုပ်ဟာ "သူရဲ့ ကိုယ် ရေးကိုယ်တာ‌ တွေကိုပါ အလွန်အကျွံ စွက်ဖက် ရေးသားထားတယ်" လို့ ဝေဖန်ခဲ့ပြီး အခြားလုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ မောရစ် ဝီလ်ကင်းစ် (Maurice Wilkins) ကလည်း အဲ့ဒီစာအုပ်ကို "သိပ္ပံပညာရှင်တွေဟာ ရှာဖွေတွေ့ရှိမှုတစ်ခု ပြုလုပ်နိုင် ဖို့အတွက် လုပ်ဖော်ကိုင်ဖက်တွေနဲ့ အခြားပြိုင်ဘက်‌ တွေကို လှည့်ဖြားဖို့ ရည်မှန်းချက်ကြီးတဲ့ သူတွေအဖြစ် အထင်လွဲ အဆိုးမြင်စေတယ်" ဆိုပြီး ကန့်ကွက် ပြောကြားခဲ့ပါ‌ သေးတယ်။

ဒါ့အပြင်၊ အင်္ဂလန်နိုင်ငံ ကင်းဘရစ်ချ် တက္ကသိုလ် မှာ သုတေသနပြုခဲ့တဲ့ ဝပ်ဆန်နှင့် ခရစ်တို့ဟာ X rays ပုံဆောင်ခဲဗေဒပညာရှင် (X-ray Crystallographer) ရိုဆလင်း ဖရန့်ကလင် (Rosalind Franklin) စုဆောင်းထားတဲ့ ဒေတာ အကြမ်း (Raw Data) တွေကို သုံးပြီး ၎င်းတို့ရဲ့ ဒီအဲန်အေပုံစံ (နှစ်ပင်လိမ်လှေကားပုံ) ကို တည်ဆောက်ခဲ့ကြပေမယ့် သူမရဲ့ ပံ့ပိုးကူညီမှုကို အပြည့်အဝ အသိအမှတ်ပြုခြင်းမရှိခဲ့တဲ့အတွက် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံခဲ့ရပါ‌ သေးတယ်။

ဝပ်ဆန် ဟာ "Double Helix" စာအုပ်မှာ သိပ္ပံနည်းကျ သုတေသနဆိုတာမှာ "ရည်မှန်းချက်နှင့် တရားမျှတမှုတို့ရဲ့ ဆန့်ကျင်ဘက် အားပြိုင်မှုတွေ" ကို ခံစားရကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

၂၀၀၇ ခုနှစ်တုန်းက ဝပ်ဆန် ဟာ လန်ဒန်တိုင်းမ်စ် သတင်းစာမှာ "အာဖရိကန်လူမျိုး တွေရဲ့ ဉာဏ်ရည်ဟာ ကျနော်တို့နဲ့ တကယ်တမ်းတော့ မတူညီ ကြောင်း စစ်ဆေးမှုရလဒ်တွေက ဖော်ပြတယ်" လို့ သူယုံကြည်ကြောင်းပြောခဲ့လို့ လူအများရဲ့ ဒေါသထွက်တာ ခံခဲ့ရပါတယ်။

ရှေးနှစ်များစွာကတည်းက အသိအမှတ်မပြုကြတော့တဲ့ လူမျိုးရေးခွဲခြားတဲ့ သီအိုရီတွေကို အားပေးနေတယ်လို့ စွပ်စွဲခံရပြီး မကြာမီမှာ နယူးယောက် ရှိ ကုတ်စ်ပရင်းဟာဘာ ဓာတ်ခွဲခန်း (CSHL) ရဲ့ အဓိပတိရာထူးကနေ နှုတ်ထွက်ဖို့ အတင်းအကျပ် ဖိအားပေးခြင်း ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ သူတောင်းပန်ခဲ့ပေမယ့် ၂၀၁၉ ခုနှစ် မှတ်တမ်းရုပ်ရှင်တစ်ခုမှာ အလားတူ မှတ်ချက်တွေ ပေးခဲ့ပြီး မတူညီသော လူမျိုးစုတွေရဲ့ ဉာဏ်ရည်စစ်ဆေးမှု (IQ Test) ရလဒ် ကွာခြားမှု ကို "မျိုးရိုးဗီဇ” ကြောင့်လို့ ပြောဆိုခဲ့ပြန်ပါတယ်။ သိပ္ပံပညာရှင်အများစုက ပတ်ဝန်းကျင်ကြောင့်လို့ သတ်မှတ်ကြတာကိုး။

‘'အိုင်းရစ်လူကြမ်းကြီး”

ဂျိမ်းစ် ဒူးဝီး ဝပ်ဆန် (James Dewey Watson) ကို ၁၉၂၈ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် ရှီကာဂို မှာ မွေးဖွားခဲ့ပြီး ၁၉၄၇ ခုနှစ်မှာ ရှီကာဂို တက္ကသိုလ် ကနေ သတ္တဗေဒ ဘွဲ့ဖြင့် ဘွဲ့ရရှိခဲ့ပါတယ်။ အင်ဒီယားနား တက္ကသိုလ် ကနေ ပါရဂူဘွဲ့ ကိုရရှိခဲ့ပြီး မျိုးရိုးဗီဇပညာ ကို အဓိကထား လေ့လာခဲ့တယ်။ ၁၉၅၁ ခုနှစ်တွင် ကင်းဘရစ်ချ် ရှိ ကာဗင်ဒစ်ရှ် ဓာတ်ခွဲခန်း (Cavendish Lab) ဆီ ရောက်ရှိလာခဲ့ပြီး အဲ့ဒီမှာပဲ ခရစ်နှင့် တွေ့ဆုံကာ ဒီအဲန်အေ၏ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ဓာတုဗေဒ ကို ရှာဖွေသည့် ခရီးကို စတင်ခဲ့ပါတယ်။

နှစ်ပင်လိမ် (Double Helix) ပုံစံဟာ မျိုးရိုးဗီဇ တော်လှန်ရေးအတွက် တံခါးတွေ ဖွင့်ပေးခဲ့တာ‌ ပေါ့။ ခရစ်နှင့် ဝပ်ဆန်တို့ တင်ပြခဲ့တဲ့ တည်ဆောက်ပုံမှာ လိမ်နေတဲ့ လှေကားထစ်ရဲ့ အထစ်တိုင်းဟာ နျူကလီယိုတိုက်ဒ် (Nucleotide) သို့မဟုတ် ဘေ့စ် (Base) လို့ခေါ်တဲ့ ဓာတုပစ္စည်းအတွဲ တွေနဲ့ ပြုလုပ်ထားပါတယ်။

သူတို့ရဲ့ ၁၉၅၃ ခုနှစ် သုတေသနစာတမ်းရဲ့ နိဂုံးချုပ်မှာ ဖော်ပြခဲ့တဲ့အတိုင်း "ကျ‌နော်တို့ သတ်မှတ်ထားတဲ့ တိကျတဲ့ တွဲဖက်မှုဟာ မျိုးရိုးဗီဇဆိုင်ရာပစ္စည်းရဲ့ ကူးယူခြင်းယန္တရား (Copying Mechanism) ဖြစ်နိုင်ခြေရှိတယ်ဆိုတာ ချက်ချင်း သတိပြုမိခဲ့ပါတယ်" ဆိုပြီး ဖော်ပြထားပါတယ်။

ဇီဝဗေဒသမိုင်းတစ်လျှောက်မှာတော့ ဒီစာကြောင်းကို အကြီးမားဆုံးသော လျှော့ပေါ့ ဖော်ပြခြင်း (Understatement) လို့ မကြာခဏ ပြောဆိုလေ့ရှိပါတယ်။ ဒီ ဖော်ပြချက်ဟာ ဘေ့စ်နှင့် ကြောင်လိမ်လှေကား ဖွဲ့စည်းပုံဟာ မျိုးရိုးဗီဇဆိုင်ရာ အချက်အလက် တွေကို မျိုးဆက်တစ်ခု ကနေ နောက်တစ်ခုကို တိတိကျကျ ကူးယူနိုင်တဲ့ ယန္တရားကို ပံ့ပိုးပေးတယ်လို့ အဓိပ္ပာယ်ရပါတယ်။

ဒီနားလည်မှုကပဲ မျိုးရိုးဗီဇ အင်ဂျင်နီယာပညာ နှင့် အခြား ဒီအဲန်အေ နည်းစနစ်များစွာကို ရှာဖွေတွေ့ရှိဖို့ ဦးတည်စေခဲ့ပါတယ်။

ဝပ်ဆန်နှင့် ခရစ်တို့ ဟာ သူတို့ရဲ့ ဒီအဲန်အေ သုတေသနပြီးတဲ့နောက် လမ်းခွဲခဲ့ကြသည်။ ဝပ်ဆန် က အဲ့ဒီအချိန်တုန်းက အသက် (၂၅) နှစ်ပဲရှိသေးပြီး နှစ်ပင်လိမ်ရဲ့ အရေးပါမှုနဲ့ နီးစပ်တဲ့ အခြားသိပ္ပံနည်းကျ ရှာဖွေတွေ့ရှိမှုမျိုးကို တစ်ခါမျှ မပြုလုပ်ခဲ့ပေမယ့် သိပ္ပံနယ်ပယ်မှာတော့ သြဇာအာဏာရှိသူအဖြစ် ဆက်လက်တည်ရှိခဲ့ပါတယ်။

"သူ အဲဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုရပြီး သူ့ဘဝနဲ့ပတ်သက်လို့ ရှေ့ဆက် ဘာလုပ်ရမလဲဆိုတာကို သူစဉ်းစားခဲ့ရတယ်။ သူ့ရဲ့ အားသာချက်တွေကို အသုံးချနိုင်မယ့် နည်းလမ်းတွေ သူရှာဖွေတွေ့ရှိခဲ့ပါတယ်” လို့ ၁၉၆၀ ပြည့်လွန်နှစ်များတွင် ဝပ်ဆန် နဲ့ တွေ့ဆုံခဲ့ပြီး သူငယ်ချင်းဖြစ်ခဲ့သူ ဇီဝဗေဒပညာရှင် မတ် ပတာရှနီ (Mark Ptashne) က ရိုက်တာ သတင်းဌာနနှင့် ၂၀၁၂ ခုနှစ် အင်တာဗျူးမှာ ပြောခဲ့ဖူးပါတယ်။

အဲ့ဒီအားသာချက်ဆိုတာ မော်လီကျူး ဇီဝဗေဒ (Molecular Biology) မှာ အမေရိကန်ရဲ့ ဦးဆောင်မှုနေရာကို ခုန်တက်နိုင်ဖို့အတွက် ပတာရှနီ ဖော်ပြခဲ့သည့်အတိုင်း "အိုင်းရစ်လူကြမ်းကြီး" အဖြစ် သရုပ်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။ ဝပ်ဆန် ဟာ ၁၉၅၆ ခုနှစ်မှာပဲ ဟာဗတ်ဒ် တက္ကသိုလ် ရဲ့ ဇီဝဗေဒဌာနမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။

"(အဲ့ဒီအချိန်က) လက်ရှိ ဇီဝဗေဒဌာနက မော်လီကျူး ဇီဝဗေဒဟာ ခဏတာ ရေပွက်ကလေးမျှသာ ဖြစ်မယ်လို့ ထင်ခဲ့ကြတာ" လို့ ဟာဗတ်ဒ် ဇီဝဓာတုဗေဒပညာရှင် ဂွီဒို ဂွီဒေါ့တီ (Guido Guidotti) က ပြောပြခဲ့ပါတယ်။ ဒါပေမယ့် ဝပ်ဆန် ရောက်ရှိလာတဲ့အခါ သူက ဇီဝဗေဒဌာနရှိ လူတိုင်း (ဆဲလ်များနှင့် မော်လီကျူးများကို အာရုံမစိုက်ဘဲ သက်ရှိများနှင့် လူဦးရေကိုသာ အဓိကထား သုတေသနပြုခဲ့သည့် သိပ္ပံပညာရှင်များ) ကို "အချိန်ဖြုန်းနေကြပြီး အငြိမ်းစားယူသင့်ကြောင်း" ချက်ချင်း ပြောဆိုခဲ့တယ်လို့ ဂွီဒေါ့တီက ဆိုပါတယ်။

ဒီလို အပြောအဆိုအပြုအမူကြောင့် ဝပ်ဆန် ကို ရိုးရာ ဇီဝဗေဒပညာရှင်အချို့ရက ဆယ်စုနှစ်များစွာကြာ ရန်လိုမုန်းထားမှု ကို ရရှိစေခဲ့ပေမယ့် သူဟာ နောက်ပိုင်းမှာ မျိုးရိုးဗီဇတော်လှန်ရေးကို ဖော်ဆောင်ကြမယ့် လူငယ်သိပ္ပံပညာရှင်တွေနဲ့ ဘွဲ့လွန်ကျောင်းသား တွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

၁၉၆၈ မှာ ဝပ်ဆန်သည် လောင်းအိုင်လန် ရှိ CSHL ကို သူရဲ့ အဖွဲ့အစည်းတည်ဆောက်ရေး စိတ်ဓာတ် နဲ့ တည်ထောင်ခဲ့ပြီး CSHL နှင့် ဟာဗတ်ဒ် တို့ကြားတွင် ရှစ်နှစ်ကြာ အချိန်ကို မျှဝေအသုံးပြုခဲ့ပါတယ်။ အဲ့ဒီအချိန်က CSHL ဓာတ်ခွဲခန်းဆိုတာ "ခြင်များပေါက်ဖွားရာ ရေပုပ်နောက်ချေးမြေ" သာဖြစ်ကြောင်း ပတာရှနီက ပြန်ပြောပြခဲ့တယ်။ ဒါရိုက်တာတယောက် အနေနဲ့ "ဂျင်မ်က အဲ့ဒီဓာတ်ခွဲခန်းကို တက်ကြွပြီး ကမ္ဘာ့အဆင့်မီတဲ့ အဖွဲ့အစည်း ဖြစ်လာအောင် ပြောင်းလဲပေးခဲ့တာ" လို့ ပတာရှနီ ကဆိုပါတယ်။

🧬 လူ့မျိုးရိုးဗီဇ စီမံကိန်း (Human Genome Project)

၁၉၉၀ ပြည့်နှစ်တွင် ဝပ်ဆန်ဟာ လူသားမျိုးရိုးဗီဇ စီမံကိန်း (Human Genome Project) ကို ဦးဆောင်ဖို့ ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ အဲ့ဒီစီမံကိန်းရဲ့ ရည်ရွယ်ချက်က လူသားတွေရဲ့ ဒီအဲန်အေ အပြည့်အစုံကို ဖွဲ့စည်းထားတဲ့ ဓာတုယူနစ်ပေါင်း (၃)ဘီလီယံ ရဲ့ အစီအစဉ်ကို ဖော်ထုတ်ဖို့‌ ပေါ့။ စီမံကိန်းအတွက် ရန်ပုံငွေထောက်ပံ့ပေးတဲ့ အမျိုးသားကျန်းမာရေးဌာန (NIH) က ဒီအဲန်အေ အစီအစဉ်အချို့အတွက် မူပိုင်ခွင့်များ ရယူဖို့ ဆုံးဖြတ်တဲ့အခါမှာတော့ ဝပ်ဆန်ဟာ NIH ဒါရိုက်တာကို ဆန့်ကျင်ဝေဖန်ခဲ့ပြီး ရာထူးက နုတ်ထွက်ခဲ့ပါတယ်။ မျိုးရိုးဗီဇဆိုင်ရာ အသိပညာကို လူအများရဲ့ ပိုင်ဆိုင်မှုအဖြစ် ဆက်လက်တည်ရှိသင့်ကြောင်း လည်း သူက အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

၂၀၀၇ ခုနှစ်မှာတော့ ကမ္ဘာပေါ်မှာ ကိုယ့်ရဲ့ မျိုးရိုးဗီဇ အပြည့်အစုံကို ပုံဖော်ဖတ်ရှုနိုင်ခဲ့တဲ့ (Sequenced) ဒုတိယမြောက်ပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ်။ "မျိုးရိုးဗီဇဆိုင်ရာ ကိုယ်ရေးကိုယ်တာ လုံခြုံမှု (Genetic Privacy)" နဲ့ပတ်သက်တဲ့ စိုးရိမ်ပူပန်မှု တွေဟာ အလွန်အကျွံ ဖြစ်နေတယ်လို့ ငြင်းဆိုပြီး သူ့ရဲ့မျိုးရိုးဗီဇ အစီအစဉ်ကို လူအများသိရှိစေဖို့ ထုတ်ပြန် ပေးခဲ့ပါတယ်။ ဒါပေမယ့် သူဟာ အယ်လ်ဇိုင်းမားရောဂါ (Alzheimer's Disease) ဖြစ်နိုင်ခြေ တိုးလာခြင်းနဲ့ ဆက်နွှယ်နေတဲ့ ဗီဇ ရှိမရှိကိုတော့ မသိလိုကြောင်း ချွင်းချက် တစ်ခု ‌ အနေနဲ့ ထားခဲ့ပါတယ်။ ဝပ်ဆန့် မှာ အသစ်အဆန်းကို ရှာဖွေလိုစိတ် (Novelty-Seeking) နဲ့ ဆက်နွှယ်နေတဲ့ ဗီဇတစ်ခု ရှိခဲ့ပါတယ်။

သူရဲ့ အကြီးမားဆုံးသော အောင်မြင်မှုကတော့ ဒီအန်အေ နှစ်ပင်လိမ်ကို ရှာဖွေတွေ့ရှိခြင်းမဟုတ်ဘဲ သူ့ရဲ့ စာအုပ်များသာဖြစ်ကြောင်း Discover မဂ္ဂဇင်းနဲ့ ၂၀၀၃ ခုနှစ် အင်တာဗျူးမှာ ဝပ်ဆန်က ပြောပြခဲ့တာပါ။

" (DNA နှစ်ပင်လိမ်ဟာ) နောက်တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွင်းမှာ ဘယ်လိုပဲဖြစ်ဖြစ် တွေ့ရှိရတော့မှာဖြစ်ပါတယ်"

"ကျွန်တော့်အတွက် သူရဲကောင်းတွေဟာ သိပ္ပံပညာရှင်တွေ မဟုတ်ခဲ့ပါဘဲ စာရေးဆရာကောင်းတွေပါ" လို့ သူကဆိုပါတယ်။ ဂရေဟမ် ဂရင်း (Graham Greene) နဲ့ ခရစ်စတိုဖာ အစ်ရှာဝုဒ် (Christopher Isherwood) တို့က သူ့ရဲ့ သူရဲကောင်းတွေလို့ဆိုပါတယ်။

ဝပ်ဆန်ဟာ "Double Helix" စာအုပ်မှာ သူဖော်ပြခဲ့တဲ့ ကလေးဆိုးကြီး ပုံရိပ် ကို မြတ်နိုးခဲ့ကြောင်း သူငယ်ချင်းများက ပြောဆိုခဲ့ကြသလို၊ ၂၀၀၇ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ "Avoid Boring People" (ပျင်းစရာကောင်းသူများကို ရှောင်ပါ)" ဆိုတဲ့ စာအုပ်မှာ ထပ်လောင်းအလေးပေးဖော်ပြခဲ့သည်။

ဇနီးနဲ့ သားနှစ်ဦးရှိသူ ဝပ်ဆန်ဟာ လူရှေ့သူရှေ့ မှတ်ချက် တွေမှာ အမျိုးသမီး တွေကို မကြာခဏဆိုသလို ပုတ်ခတ်ပြောဆိုခဲ့ပြီး “ဆွဲဆောင်မှုရှိသောမိန်းမလှလေးများ (Popsies)" လို့ သူခေါ်ဝေါ်ပြီး လိုက်လံကျီစယ်ခဲ့ကြောင်း ကြွားဝါခဲ့‌ သေးတယ် ဆိုပါတယ်။ ဒါပေမယ့် သူဟာ မက်ဆာချူးဆက် စက်မှုတက္ကသိုလ် (Massachusetts Institute of Technology) က ဇီဝဗေဒပညာရှင် နန်စီ ဟော့ပ်ကင်းစ် (Nancy Hopkins) အပါအဝင် အမျိုးသမီး သိပ္ပံပညာရှင် အများအပြားကိုတော့ ကိုယ်တိုင် ကိုယ်ကျ အားပေးထောက်ခံခဲ့ပါတယ်။

"သူ့ရဲ့ ထောက်ခံမှုမရှိရင် ကျွန်မသိပ္ပံနယ်ပယ်မှာ အလုပ်လုပ်နိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်" ဆိုပြီး သိပ္ပံပညာနယ်ပယ်မှာ အမျိုးသမီးများကို ခွဲခြား ဆက်ဆံတာနဲ့ ပတ်သက်ပြီး ကာလ ကြာရှည် ထုတ်ဖော် ပြောဆိုခဲ့သူ ဟော့ပ်ကင်းစ်ကိုယ် တိုင်က ပြောတာပါ။ "ဂျင်မ်ဟာ ကျွန်မနဲ့ တခြားအမျိုးသမီးတွေကို အရမ်းထောက်ခံခဲ့သူပါ။ ဒါဟာ နားလည်ရခက်တဲ့ အရာတစ်ခုပါ"။

** Reuters News ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုပါသည်။

Rest In Peace, Mr. James D Watson.

Photo credit

RIPFather of "The Double Helix"
08/11/2025

RIP

Father of "The Double Helix"

06/11/2025
05/11/2025

Nature and Nurture Vs Genetic Testing

လူတွေနဲ့ပတ်သက်လို့ ကောင်းကျိုး ဆိုးကျိုး တွေ ပေါ်လာတိုင်း မေးခွန်းထုတ်ကြတာက Nature ကြောင့်လား၊ Nurture ကြောင့်လား? ဘယ်ဟာက ပိုအရေးကြီးလဲပေါ့။ တကယ်က ၂ ခုစလုံးက အရေးကြီးပါတယ်။ ဗီဇ ပါလာရင် တပမ်းသာတယ် ဒါပေမယ့် ပတ်ဝန်းကျင် ရဲ့ ဖန်တီးပေးမှု မပါဘဲ အကောင်းဆိုးတွေ အထွဋ်ထိပ်ထိ မရောက်နိုင်ဘူး။

တဖက်ကလည်း တူညီတဲ့ ပတ်ဝန်းကျင် ကြိုးပမ်းအားထုတ်မှုရှိပေမယ့် ဗီဇ ပါလာ‌တဲ့လူတွေကို မယှဉ်နိုင်ကြတာ တွေ့ဖူးကြပါလိမ့်မယ်။ တချို့ဆို ပိုပြီးဝီရိယ စိုက်ထုတ်ကြိုးစားတာတောင် ဗီဇ သမားကို မယှဉ်နိုင်တာလည်းရှိတယ်။ ဒါကို ပါရမီရှင် (Genius) ဆိုပြီး ကင်ပွန်းတပ်ပေးကြတာမလား။

ဒီနေ့ခေတ် ဗီဇ စစ်ဆေးမှု နည်းပညာတွေ အဆင့်မြင့်လာတယ်။ စစ်ဆေးတဲ့ ကုန်ကျစားရိတ်သက်သာလာတယ်။ ဒါ့ကြောင့် အရာရာ သည် ဗီဇနဲ့ ဆက်စပ်သက်ဆိုင်တယ် ဆိုပြီး သုတေသနတွေ အများကြီးလုပ်လာကြတယ်။ ဥပမာ အသိသာဆုံးက Trait လို့ ခေါ်တဲ့ ရုပ်သွင်ပြင်လက္ခဏာတွေ။ Behaviour လို့ခေါ်တဲ့ အမူကျင့်တွေ။ Psychosocial လိုမျိုးတွေ၊ နောက် အားကစားထူးချွန်တာမျိုး၊ Cognitive function ‌ကောင်းတဲ့ skill တွေရှိတာမျိုး၊ ကျောင်းစာထူးချွန်တာမျိုး ဒါတွေအားလုံး ဘယ် ဗီဇ တွေကြောင့်လဲ ဆိုတဲ့ အဆက်စပ်ကို ရှာဖွေဖော်ထုတ်လာကြတယ်။

ဒါတင်ပဲလား ဆိုတော့ မဟုတ်ဘူး။ ရောဂါတွေဆိုလည်း ဘယ် ဗီဇ ချို့ယွင်းလို့ ဖြစ်ရတာလဲ အဆက်စပ်ရှာကြတယ်။ တချို့ဆို ဒီရောဂါချင်းတူတူ ဘယ်ဗီဇ မျိုးကွဲပါလို့ ပိုပြင်းထန်တာရှိသလို၊ ဘာမှ မဖြစ်တာလည်းရှိတယ်။

ဒါလည်း လွယ်ကူတာတော့ မဟုတ်ပါဘူး။ တချို့ trait တွေ disease တွေက ဗီဇ တခုတည်း(Single Gene) မျိုးကွဲလို့၊ အထွန်းဖြစ်လို့ ပေါ်ထွက်လာတာ ဖြစ်ပေမယ့် တချို့ Genetic disease တွေ၊ Cognitive function တွေ Behaviour တွေနဲ့ Psychosocial conditions တွေကကျတော့ gene တွေအများကြီး (Polygenic) ပေါင်းစပ်အလုပ်လုပ်ပြီးမှ ပေါ်ထွက်လာတာမျိုးပါ။

ဒီလိုပြောတော့ ဗီဇ (Nature) အပေါ် မှီခိုလွန်းရာ ကျနေပါတယ်။ တကယ်က ကောင်းခြင်း၊ ဆိုးခြင်း အတွက် အလားအလာ (potential) တွေရှိတယ်လို့ပဲ မှတ်ယူနိုင်တာပါ။ အဲ့ဒီ ကောင်းခြင်းဆိုးခြင်းအလားအလာတွေက ပတ်ဝန်းကျင်ရဲ့ လှုံ့ဆော်မှုတွေနဲ့ ထိတွေ့လိုက်မှသာ အထွဋ်ထိပ်ကို ရောက်ကြတာမျိုးဆိုပါတော့။

ဆိုတော့ ဘယ် ဗီဇမျိုးကွဲ တွေ အထွန်းတွေ ပါလာရင် ဘယ်လိုတွေဖြစ်လာနိုင်လဲ ဆိုတာ သိချင်လာကြတော့ direct-to-comsumer genetic testing လုပ်ပေးတဲ့ ကုမ္ပဏီတွေ၊ Genome Sequencing ဝန်ဆောင်မှုအမျိုးမျိုးပေးတဲ့ ကုမ္ပဏီတွေ အများကြီးပေါ်ထွက်လာကြတယ်။ menu အမျိုးမျိုးနဲ့ပေါ့။ ဒါသိချင်ရင် gene variation ဘယ်နှမျိုးစစ်ပေးမယ်။ ဒီလောက် ပေးရမယ်ဆိုတာမျိုး။

ဥပမာ ကိုယ့်ကလေး ဘယ်နယ်ပယ် ဘက်ထူးချွန်နိုင်တဲ့ အလားလာရှိလဲ စစ်ပေးတဲ့ personality traits လိုမျိုးလည်းရှိတယ်။ ဘယ်မျိုးရိုးက ဆင်းသက်လာလဲ စစ်ပေးတဲ့ Ancestry စစ်ပေးတာမျိုး။ Nutrigenomic ခေါ်တဲ့ ကိုယ့် ခန္ဓာကိုယ်နဲ့ ကိုက်ညီတဲ့ ဘယ်လိုစားသောက်နေထိုင်မှုမျိုးလုပ်သင့်လဲ စစ်တာမျိုး။ Diseases predisposition လို့ခေါ်တဲ့ ဘယ်လိုရောဂါတွေ ဖြစ်လာနိုင်‌ေချရှိတယ် ဆိုတာသိအောင် စစ်ဆေးတာမျိုး စတဲ့စတဲ့ စစ်ဆေးနည်း ပေါင်းစုံကို ဈေးနှုန်းအမျိုးမျိုးနဲ့ ကမ်းလှမ်းစစ်ဆေးပေးနေကြတယ်။ နိုင်ငံအစုံ၊ ကုမ္ပဏီနာမည်အစုံပါပဲ။

ဒါပေမယ့် အထက်ကပြောခဲ့သလို ဒီ Gene Variation တွေ mutations တွေ ပါလာရင် ကိုယ်က တသမှတ်တည်း ဒါဖြစ်မှာလား ဆိုရင်တော့ အဲ့လိုအတိအကျ မဟုတ်သေးဘူး။ မိဘအုပ်ထိန်းမှု၊ ပတ်ဝန်းကျင်အသိုင်းဝိုင်း၊ လေ့ကျင့်မှု၊ အ‌စားသောက်အနေထိုင် စတဲ့ Nurture ကလည်း အရေးကြီးတယ်။ တနည်းပြောရရင် Epigenetic Mechanisms ပေါ့။

ဒါဆိုဘာလို့ ပိုက်ဆံကုန်ခံ စစ်နေမလဲဗျာဆိုရင်တော့ ကျနော်တို့တွေ ပိုက်ဆံကုန်ခံပြီး အနာဂတ်အတွက် ဗေဒင်မေးတာ ယတြာချေတာ တောင်လုပ်ကြသေးတာပဲ မဟုတ်လား။ ဒီအတွက်ကုန်ရတာ ထိုက်တန်လို့ထင်ပါတယ်။

ဘယ် Gene Variation or mutations ပါရင် ဘာရောဂါဖြစ်လာနိုင်တယ် ဆိုတာ ကြိုသိထားတော့ အစားသောက် အနေထိုင် ကြိုပြင်တာရှောင်တာ လုပ်လို့ရတယ်။ ဥပမာ ရုပ်ရှင်မင်းသမီး အင်ဂျလီနာဂျိုလီ ဆိုရင် သူမအမေ ရင်သားကင်ဆာဖြစ်တယ်။ သူမလည်း စစ်လိုက်တော့ BRCA gene mutations တွေ့ရတယ်။ ရင်သားကင်ဆာ ဖြစ်လာနိုင်တဲ့ အလားလာက ရာခိုင်နှုန်းများတယ် ဒါကြောင့် Prophylactic Surgery ဆိုပီး ရင်သားဖြတ်ထုတ်လိုက်ပြီး reconstructive surgery လုပ်ထားလိုက်တယ်။ ဒါမျိုးတွေကျ အရမ်း အကျိုးရှိတယ်လေ။ ဒါ့ကြောင့်လည်း ဖွံ့ဖြိုးပြီးနိုင်ငံအသီးသီးက Genome Sequencing တွေလုပ်ပြီး Precision Medicine ဘက်ကို သွားဖို့ ကြိုးပမ်းလာကြတာဖြစ်ပါတယ်။

https://t.me/biotechandgenetics


ပျိုရွယ်နုဆေးပြီးခဲ့တဲ့ ရက်ပိုင်းက သူငယ်ချင်း က သူတို့ Product Launch တခုမှာ “မင်းစိတ်ဝင်စားတဲ့ ဘာသာရပ်မို့ လာတက်နိုင်မလ...
31/10/2025

ပျိုရွယ်နုဆေး

ပြီးခဲ့တဲ့ ရက်ပိုင်းက သူငယ်ချင်း က သူတို့ Product Launch တခုမှာ “မင်းစိတ်ဝင်စားတဲ့ ဘာသာရပ်မို့ လာတက်နိုင်မလား” ဆိုပြီး ဖိတ်တော့ ကျေးဇူးတင်ရတယ်။ တကယ်လည်း ကျနော်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေပါ။ ဇရာကို အန်တုကြတဲ့ အကြောင်းကိုမှ Molecular Biology တို့ Genetics တို့ဘက်ကနေ ပတ်သက်နေတဲ့ အကြောင်းတွေပေါ့။

ကျနော်တို့ အိုမင်းရင့်ရော်ခြင်း (Aging) နဲ့ ပတ်သက်ပြီး ရှေ့မှာ ကျနော်တို့ အတော်အတန်ရေးခဲ့ပြောခဲ့ကြပါသေးတယ်။ ဒီနေ့ခေတ်မှာ အိုမင်းရင့်ရော်ခြင်း (Aging) ကို ရောဂါတခုအဖြစ် သတ်မှတ်လာကြပြီး AI နည်းပညာထွန်းကားမှုရယ်၊ Biotechnology နည်းပညာ ဖွံ့ဖြိုးလာမှုရယ် ပေါင်းပြီး ကာကွယ်နိုင်ဖို့ ၊ကုသနိုင်ဖို့ လုံးပမ်းလာကြပါတယ်။ အဓိက ကတော့ နိုင်ငံတကာ က သူဌေးကြီးတွေပေါ့။ ပိုက်ဆံတွေ စိုက်ထုတ်ပေးပြီး သုတေသနတွေ လုပ်ခိုင်းကြတာ။

ဆိုတော့ အို၊နာ‌၊သေ ဆိုတဲ့ ဒီဒုက္ခ (၃) မျိုးမှာ အို ဆိုတာကို ကာကွယ်နိုင်ရင် နာတာနဲ့ သေတာ ကို နောက်‌ရွေ့ထားလို့ရတယ် ဆိုပြီး ယူဆလာကြတာ။
နောက်ပြီး လူသားတွေထဲမှာ သေချာမှတ်တမ်းတင်ထားတဲ့ အမြင့်ဆုံး သက်တမ်းက ပြင်သစ်အမျိုးသမီးကြီး ဂျီးန် ကဲလ်မန့် တဲ့။ (၁၂၂) နှစ်အထိနေသွားတယ်။ ကျန်းမာရေးလည်း ဘာကောင်းလဲဆို အသက် (၁၀၀) ပြည့်ပွဲမှာ သူတို့မြို့က အပြေးပြိုင်ပွဲ ဝင်တုန်းဆိုပါတယ်။

Aging

https://m.facebook.com/story.php?story_fbid=3505719156151437&id=100001401624509&mibextid=Nif5oz

ဒီမှာတင်ကြည့်ရင် ကျနော်တို့လူသား တွေက ဘာအကူညီမှ မပါဘဲနဲ့တောင် သက်တမ်း (၁၂၀) ကျော်ထိ နေဖူးထားတယ်။ နောက်ပြီး ကမ္ဘာမှာ သက်ရာကျော်ရှည်တဲ့ ပုဂ္ဂိုလ်ကြီးများ လူဦးရေကလည်း တိုးတက်လာနေတယ်။ အခုဆို ၆၃၀, ၀၀ဝ ရှိပြီး လာမယ့် ၂၀၅၄ ခုနှစ်မှာ အသက်ရာကျော်လူဦးရေ (၄) သန်းအထိရှိလာမယ် လို့ WHO က ခန့်မှန်းမျှော်လင့်ထားတာပါ။ အသက်ရှည်ဆုံးနိုင်ငံတွေကတော့ ဂျပန် တို့ဖြစ်ပြီး လူ (၁၀၀၀၀) မှာ (၁၂) ယောက်က အသက်ရာကျော်ရှည်ကြတယ် ဆိုပါတယ်။

ဆိုတော့ လူတွေဟာ တဖြည်းဖြည်း အသက်ပိုရှည်လာကြတယ်ပေါ့။ ကိုယ့်ခန္ဓာကိုယ် ဇီဝဖြစ်စဉ်တွေအကြောင်း၊ ရောဂါတွေအကြောင်း၊ ပိုးမွှားတွေအကြောင်း၊ ကာကွယ်ရေးနည်းတွေအကြောင်း၊ ကုသရေးနည်းတွေ အကြောင်း အသေးစိတ် ပိုမိုသိရှိလာတာနဲ့အမျှ ပိုပြီး အသက်ရှည်အောက်၊ကျန်းမာအောင် စွမ်းဆောင်နိုင်လာကြတယ်။

အိုမင်းရင့်ရော်ခြင်း (Aging) ကို ရောဂါတခုအဖြစ် သတ်မှတ်လာကြပြီး ဘာ့ကြောင့် အိုမင်းလာကြသလဲ ဆိုတာကို ဘက်ပေါင်းစုံကနေ အဖြေထုတ်လာကြတယ်။ အထူးခြားဆုံးကတော့ Biochemist ဖြစ်တဲ့ Carlos Lopez Otin တို့ ဦးဆောင်ပြီး ဇရာဖြစ်စေတဲ့ အကြောင်းကြီးများ ကို စုပေါင်းဖော်ထုတ်ကြတာမှာ အားလုံးသဘောတူ လက်ခံထားတဲ့ 9 Hallmarks of Ageing ဆိုပြီး ထွက်ပေါ်လာတယ်။ အဲ့ဒီအချက်ကြီး ၉ ချက်ကြောင့် အိုမင်းရင့်ရော်ရပါတယ်ပေါ့။

ဇရာရဲ့ အမှတ်သရုပ်များ (9 Hallmarks of Ageing)

https://www.facebook.com/share/p/1MLf3ZzTxQ/

အဲ့ဒီ ၉ ချက်ထဲက အရေးကြီးတဲ့ တချက်က တယ်လိုမီးယား တွေ တိုတောင်းလာလို့ အိုမင်းရင့်ရော်လာရပါတယ် ဆိုတာပဲ။ အဲ့ဒီအချက်ကို ရှာတွေ့ခဲ့လို့ အဲ့လိဇဘက် ဘလက်ဘန်း နဲ့ ကာရိုးလ် ဂရိုင်ဒါ တို့ ၂၀၀၉ မှာ နိုဗယ်လ်ဆု ချီးမြှင့်ခံခဲ့ရတာပေါ့။

The Telomere Effects စာအုပ်

https://www.facebook.com/share/p/1CpBj9ydvq/

တယ်လိုမီးယား တိုတယ်ဆိုတာကလည်း ဆဲလ်ကွဲပွားမှုဖြစ်နေရတဲ့ ခန္ဒာကိုယ်သဘာဝ ဖြစ်စဉ်ကြောင့်ပဲ။ အဲ့ဒီ တယ်လိုမီးယား လေး မြန်မြန်တိုတဲ့လူက မြန်မြန် ရုပ်ရင့်တယ်၊ ဇရာကျတယ်ပေါ့။ ဒီကောင်ကို ထိန်းထားနိုင်ရင် ရုပ်နုပျိုတယ်။ ဇရာအဖြစ်နှေးတယ်။ ဆိုတာ သိလာကြတယ်။ ဘယ်သူကထိန်းထားပေးတာလဲ ဆို တယ်လိုမရေ့စ် အင်ဇိုင်း။ အဲ့ဒီအင်ဇိုင်းကို အားပေးတဲ့ မော်လီကျူးတွေရှာနိုင်ရင် ဒီ တယ်လိုမီးယား ကို ထိန်းပြီး ရုပ်နုပျိုစေပြီပေါ့။

တယ်လိုမီးယား နဲ့ ဇရာ

https://www.facebook.com/share/p/1CFbU813GY/

အဲ့ဒီမှာ မွန်ဂိုလီးယားဘက် မှာ ပေါက်တဲ့ Astragalus ဆိုတဲ့ ပဲပင် တမျိုးရဲ့ အမြစ်မှာ Cycloastragenol ဆိုတဲ့ မော်လီကျူး ဟာ တယ်လိုမရေ့စ် အင်ဇိုင်းထွက်အောင် လှုံ့ဆော်ပေးနိုင်တာ ရှာဖွေတွေ့ရှိခဲ့ကြတယ်။ ဒါကို အမေရိက က TA Science ဆိုတဲ့ company ကနေ TA 65 ဆိုတဲ့ နာမည်နဲ့ supplements ထုတ်ရောင်းပါတယ်။ ဈေးကြီးပါတယ်။ အလုံး (၉၀) ပါ တဘူးကို ဒေါ်လာ (၆၀၀) လောက်ထိ ကုန်ကျတတ်ပါတယ်။

အခု မြန်မာပြည် မှာတင် အဲ့ဒီ အပင်က အမြစ်ရဲ့ အနှစ်ကို FAME Pharmaceuticals ကနေ ဖြည့်စွက်ဆေးဝါး (Rejumax) အဖြစ် ထုတ်လုပ်လိုက်ပါပြီ။ TA 65 အနေအထားရပြီး TA 65 လောက် ဈေးမကြီးဘဲ ရနိုင်မယ်ဆိုတော့ အင်မတန်ကောင်းပါတယ်။ ဒီ Supplements ထုတ်နိုင်ဖို့ သူတို့တွေ လွန်ခဲ့တဲ့ ၄-၅ နှစ်ကတည်းက သုတေသနအတွက် လိုအပ်တဲ့ စက်ပစ္စည်း Equipment တွေ ဝယ်ယူ စမ်းသပ်နေတာ ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ရသူအနေနဲ့ တကယ်ကို လေးစားအထင်ကြီး မိပါတယ်။ ဘာလို့ဆို‌တော့ Molecular Lab ပါ ထောင်ပြီး သေချာ စနစ်တကျ စမ်းသပ်နေလို့ပါ။ ကျနော်တို့ နိုင်ငံမှာ Private Molecular Research Lab ဆိုတာ သူတို့ပဲ ရှိပါတယ်။

Disclaimer

ဆေးကြော်ငြာတာမဟုတ်ပါ။ အဲ့ဒီ Product Launch လုပ်တာမှာ ဆရာက သူ့ကို ယုံကြည်အားပေးသူ မိတ်ဆွေ အချို့ကိုသာ ဖိတ်ကြားပြီး ရှင်းပြခဲ့တာပါ။ ကျနော်က သူငယ်ချင်း က သီးသန့် ဖိတ်လို့သာ ရောက်သွားတာ။ ကျနော် ကိုယ်တိုင်လည်း ပုံမှန်ဝယ်မသောက်နိုင်‌ပါဘူး။ ပွဲပြီးလို့ သူငယ်ချင်း က ဆရာနဲ့ မိတ်ဆက်ပေးတော့ Genetics အကြောင်း၊ Molecular Biology အကြောင်း၊ Bioinformatics အကြောင်းတွေ သူစိတ်ဝင်စားသမျှ ပြောဖြစ်ကြပါ‌သေးတယ်။ ကျနော်တို့တွေ စိတ်ဝင်စားတဲ့ field တူနေတော့ စကားပြောလို့ အတော်ကောင်းခဲ့ပါသေးတယ်။ နောက်ပြီး သူက ဒီ ဆေးကို အမြတ်အစွန်းအတွက် လုပ်တာ မဟုတ်ဘဲ သူ့အာသီသ အရ လုပ်တဲ့အကြောင်းလည်း ရှင်းပြပါသေးတယ်။ သူက အပင်တွေရဲ့ genetics တွေပါ ဆက်လုပ်ချင်ကြောင်း ပြောပြတော့ အားတက်ရပါတယ်။ မြန်မာပြည်မှာပါ ဒီလိုမျိုး ခေတ်ရှေ့ပြေးလုပ်နိုင်တာ တကယ်ကို အားရစရာပါ။

#‌AntiAging

Address

Yangon

Telephone

+959960995979

Website

Alerts

Be the first to know and let us send you an email when Genomics Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram