03/12/2025
" မွေးကတည်းက မသန်စွမ်းသူအဖြစ် မွေးလာခဲ့တာမဟုတ်ဘဲ အသက်၁၀နှစ်ကျော်ဝန်းကျင်လောက်မှ wheelchair အသုံးပြုခဲ့ရတဲ့ မသန်စွမ်းသူဘဝကိုရောက်ခဲ့တာပါ။
ငယ်ငယ်တုန်းက ကိုယ့်ရဲ့မသန်စွမ်းမှုကြောင့် လူရှေ့ထွက်ဖို့ကိုတော်တော်ကြောက်ခဲ့ပါတယ်။ အိမ်ကိုဧည့်သည်လာရင် အမေ့နောက်မှာဝင်ပုန်းပြီး လူကြောက်တဲ့ကောင်မလေးအဖြစ်ပေါ့။
ဒါပေမဲ့ အဲ့ဒီလူကြောက်တတ်တဲ့အကျင့်ကိုလုံးဝပျောက်သွားအောင်လုပ်ပေးခဲ့တာကတော့ အမေပါပဲ။
အမေက ကျွန်မ မသန်စွမ်းသူတစ်ယောက်ဖြစ်ခဲ့တဲ့အချိန်မှာ သူကိုယ်တိုင် မသန်စွမ်းသူနဲ့ ပတ်သက်တဲ့ သင်တန်းတွေတက်ပြီး ကျွန်မကို အကောင်းမွန်ဆုံး ပြုပြင်ပြောင်းလဲပေးခဲ့တဲ့သူတစ်ယောက်ပါ။ အိမ်ထဲမှာ အတားအဆီးလုံးဝမရှိတဲ့ သူတစ်ယောက်အဖြစ်ကြီးပြင်းစေတယ်။ အမေ့ကြောင့်သာမဟုတ်ရင် ဒီနေ့ ဒီလိုစကားတွေပြောခွင့်ရတဲ့သူတစ်ယောက်ဖြစ်လာမှာ လုံးဝမဟုတ်ပါဘူး။ ကျွန်မရဲ့ဖြစ်တည်မှုကို သီးခြားသူတစ်ယောက်လိုလုံးဝမမြင်တဲ့မိသားစုမှာ ကြီးပြင်းခဲ့ရတဲ့အတွက် တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် ပြင်ပအတားအဆီးတွေရှိနေတဲ့ မသန်စွမ်းသူတစ်ယောက်ဆိုတာကိုမေ့နေတဲ့အထိပါပဲ။
ကိုယ့်ရဲ့မသန်စွမ်းမှုနဲ့ ပတ်သတ်ပြီး စိတ်ဓာတ်ကျတဲ့ဆိုတဲ့အရာကို မေ့ထားခဲ့တာမဟုတ်ဘဲ ဖျောက်ပစ်ခဲ့တာပါ။
လူဆိုတော့လည်းစိတ်ဖိစီးမှုဆိုတာရှိပါတယ်။ ဒါပေမဲ့ မသန်စွမ်းမှုနဲ့ပက်သတ်ပြီး တစ်ခါမှစိတ်ဓာတ်ကျတာ၊ အလိုမကျတာမျိုးမဖြစ်ခဲ့ဖူးပါဘူး။ လူ့ဘဝဆိုတာ ကိုယ်တိုင်ရွေးချယ်လို့မရဘူးဆိုပေမဲ့လည်း ကိုယ်တိုင်ပုံဖော်လို့ရနိုင်တယ်ဆိုတာ ယုံကြည်ထားတယ်။ ကိုယ်ရဲ့ဖြစ်တည်မှုကို ကိုယ်တိုင်ပဲပုံဖော်တယ်၊ ဖြစ်လာသမျှကိုလည်း အကောင်းမြင်စိတ်နဲ့ မြင်ပြီး အကောင်းဆုံးဆက်သွားဖို့ပဲဆုံးဖြတ်ခဲ့ပါတယ်။ "
- သဇင် (U-Reporter)