27/02/2025
လူပြောများနေတဲ့ အသည်းရောင်အသားဝါ Aပိုး နဲ့ Eပိုး အကြောင်း
အသည်းရောင်အသားဝါလို့ ပြောလိုက်ရင် Bပိုး Cပိုးကိုပဲ လူသိများကြပါတယ်။ အသည်းရောင်အသားဝါ ရောဂါကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေဟာ A, B, C, D, E ဆိုပြီး အမျိုးအစားအများကြီးရှိပါတယ်။ ဒီထဲမှာ မှ လတ်တလောမှာ ကူးစက်မှုများလာတာကတော့ အသည်းရောင်အသားဝါ Aပိုး နဲ့ Eပိုး ပဲဖြစ်ပါတယ်။
အသည်းရောင်အသားဝါ A နဲ့ E ဟာ ရေ နှင့် အစားသောက်ကနေ ကူးစက်နိုင်တဲ့အတွက် ကူးစက်ခံရဖို့ကလွယ်ကူပါတယ်။ ဗိုင်းရပ်ပိုးပါတဲ့ အစားသောက်ကို စားမိခြင်း၊ ရောဂါရှိသူနှင့် နီးကပ်စွာထိတွေ့ခြင်း၊ ရောဂါပိုးရှိသူနဲ့ ရေခွက်တစ်ခွက်ထဲ တူတူသောက်ခြင်း /ဇွန်းတစ်ချောင်းထဲနဲ့ အတူတူစားသောက်ခြင်း၊ ရောဂါပိုးရှိသူ၏ သွေး နှင့် ခန္ဓာကိုယ်မှ ထွက်သောအရည်များထိတွေ့မိခြင်း၊ လိင်ဆက်ဆံခြင်း တို့ကနေ ကူးစက်နိုင်ပါတယ်။
မစင်အညစ်အကြေးကနေလဲ အများဆုံးကူးစက်ပါတယ်။ (ဥပမာ။ ။ ရောဂါပိုးရှိသူရဲ့မစင်အညစ်ကြေးကို ယင်ကောင်နား ပြီး ထို ယင်ကောင်ဟာ အစားသောက်တွေပေါ်နားတဲ့အခါ ထိုအစားသောက်တွေကို စားမိတဲ့သူတွေဟာ အသည်းရောင်အသားဝါ Aပိုး သို့မဟုတ် Eပိုး ကူးစက်ခံရနိုင်ပါတယ်)။
ကူးစက်ခံရပါက ဖြစ်လေ့ဖြစ်ထ ရှိတဲ့ လက္ခဏာများကတော့ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း၊ နုံးခြင်း၊ အသား နှင့် မျက်စိ ဝါခြင်း၊ မူးဝေအော့အန်ခြင်း၊ ဖျားခြင်း တို့ဖြစ်တတ်ပါတယ်။
ကိုယ်ခံအားနည်းတဲ့သူများ နှင့် နာတာရှည်ရောဂါဖြစ်ပွားနေသောသူများမှာ ကူးစက်ခံရဖို့ ပိုလွယ်ကူပြီး ရောဂါပြင်းထန်ခြင်းကို ကြုံတွေ့ရနိုင်ပါတယ်။
ဒီနေ့ကူးစက် ဒီနေ့လက္ခဏာပြတာမျိုးမဟုတ်ဘဲ ၂ ပတ် ကနေ ၆ ပတ်အတွင်းမှာ လက္ခဏာပြတတ်ပါတယ်။ ဒီရောဂါဟုတ် မဟုတ် ကိုတော့ လူနာရဲ့ သွေးကိုယူ၍ ဓာတ်ခွဲ စစ်ဆေးလို့ရပါတယ်။
ရောဂါကုသဖို့ သီးသန့်ဆေးဝါးများမရှိသေးပေမယ့် အသည်းရောင်အသားဝါ A ပိုးအတွက်တော့ ကာကွယ်ဆေးထိုးနှံလို့ရပါတယ်။
ရောဂါမဖြစ်အောင် ကာကွယ်ဖို့ဆိုရင် မသန့်ရှင်းသော အစားအစာများကို မစားပါနဲ့ သန့်ရှင်းသောရေကိုသာ သောက်သုံးပါ။ ပူပူနွေးနွေးချက်ပြုတ်စားသောက်ပါ။ အစားအစာများကို ယင် မနားအောင် ဖုံးအုပ်ထားပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပါ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးကိုလဲ ဂရုပြုဆောင်ရွက်သင့်ပါတယ်။
အသည်းရောင်အသားဝါ Aပိုး နဲ့ E ပိုး ကူးစက်ခံရတယ်လို့ သံသယရှိပါက အမြန်ဆုံးဆေးရုံ ဆေးခန်းတွေကို သွားရောက်ပြသပြီး ကုသမှုခံယူသင့်ပါတယ်။ လူနာကိုပြုစုစောင့်ရှောက်မယ့်သူတွေအနေနဲ့လဲ ကာကွယ်ရေးနည်းလမ်းတွေကို ဆရာဝန်များပြောပြတိုင်းအတိအကျလိုက်နာပြီး ကာကွယ်မှုတွေရယူသင့်ပါတယ်။
#ထွန်းအခမဲ့ဆေးခန်း #အသည်းရောင်အသားဝါ