Dear Health by Dr. Khoon

Dear Health by Dr. Khoon This page is to post health related articles written by Khoon Nyo Thway.

Most of the articles have been printed in Health Guide magazine and some are newly written ones.

"ညအချိန်မတော် ဝမ်းလျှောတဲ့အခါမျိုး ဒါမှမဟုတ် ဆေးရုံ ဆေးခန်းနဲ့ ဝေးနေတဲ့ နေရာမှာ ဝမ်းလျှောခဲ့ရင် ဘာတွေ လုပ်ပေးနိုင်မလဲ။ "...
30/01/2026

"ညအချိန်မတော် ဝမ်းလျှောတဲ့အခါမျိုး ဒါမှမဟုတ် ဆေးရုံ ဆေးခန်းနဲ့ ဝေးနေတဲ့ နေရာမှာ ဝမ်းလျှောခဲ့ရင် ဘာတွေ လုပ်ပေးနိုင်မလဲ။ "

ဝမ်းလျှောတာဟာ ခန္ဓာကိုယ်ထဲကို ဗိုင်းရပ်စ် ဘက်တီးရီးယား တစ်ခုခု ဝင်ရောက်တာ အစာ မသန့် ရေမသန့်တာကို သောက်မိတာ၊ အစာအဆိပ်သင့်တာ စတဲ့ အကြောင်းအရာတွေရဲ့ နောက်ဆက်တွဲ အနေနဲ့ ဝမ်းလျှောရတာပါ။ ပိုးတွေကနေ ထုတ်တဲ့ အဆိပ်အတောက်တွေက အူလမ်းကြောင်းကို ပိုပြီးလှုပ်ရှားစေတာ အူလမ်းကြောင်းက ရေတွေကို ဆွဲထုတ်တာကြောင့် ဝမ်းပျက်စေတာပါ။

၁။ ပထမဆုံးကတော့ သိပ်ပြီး စိုးရိမ်တာ panic ဖြစ်တာမျိုး မလုပ်ပါနဲ့။ အနားက မိတ်ဆွေ သူငယ်ချင်း ရှိနေရင် အသိပေးထားပါ။ အိမ်သာ သွားမယ် ဆိုရင် သူတို့ကို ပြောပြီး သွားပါ။

၂။ ဓာတ်ဆားရည် (ORS) သောက်ထားပါ။

ဝမ်းလျှောတဲ့အခါ ခန္ဓာကိုယ်ကနေ ရေဓာတ်နဲ့ သတ္တုဓာတ်တွေ အများကြီး ဆုံးရှုံးသွားတတ်ပါတယ်။

ဒါကြောင့် ဓာတ်ဆားထုပ် ရှိရင် ညွှန်ကြားချက်အတိုင်း ရေကျက်အေး (၁) လီတာ နဲ့ ဖျော်ပြီး သောက်ပါ။
တစ်ကြိမ်တည်း အများကြီးမသောက်ပါနဲ့။ ပျို့အန်တတ်ပါတယ်။ ခဏခဏ ငါးမိနစ် ဆယိမိနစ်ခြားတစ်ခါ နည်းနည်းချင်းစီ သောက်ပေးတာ ပိုကောင်းပါတယ်။

ဓာတ်ဆားထုတ် မရှိဘူး ဆိုရင်တော့ အိမ်သုံးဆား (လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ) နဲ့ သကြား (လက်ဖက်ရည်ဇွန်း ၆ ဇွန်း) ကို ရေကျက်အေး (၁) လီတာမှာ ဖျော်ပြီး သောက်သုံးနိုင်ပါတယ်။

၃။ အစားအသောက် ဂရုစိုက်ပါ။

ပျော့ပြီး အရည်နဲ့ အဖတ် ရောတဲ့ ဆန်ပြုတ် စွပ်ပြုတ် ကွေကာအုပ် ကြက်စွပ်ပြုတ်
အစာကြေလွယ်တဲ့ ငှက်ပျောသီး၊ ပေါင်မုန့်ကင်၊ ကြက်ဥ စတာတွေ စားပေးလို့ရပါတယ်

နို့နှင့် နို့ထွက်ပစ္စည်းများ၊ အဆီအဆိမ့်များ၊ အပူအစပ်များ၊ အမျှင်ဓာတ်များလွန်းသော ဟင်းသီးဟင်းရွက်များနှင့် ကဖင်းဓာတ် (လက်ဖက်ရည်၊ ကော်ဖီ) တို့ကို ခေတ္တရှောင်ပေးပါ။

၄။ တကိုယ်ရည် သန့်ရှင်းရေး

တကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ပါ။

* ဝမ်းသွားပြီးတဲ့အခါတိုင်း လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးပါ။
* တခြားသူတွေကို ကူးစက်မှုမရှိစေဖို့အတွက် ဖြစ်နိုင်ရင် ပန်းကန်ခွက်ယောက်အသုံးအဆောင်တွေကို သီးသန့်ခွဲထားတာမျိုး လုပ်ထားပေးပါ။

၅။ ဘာဆေးတွေ သောက်မလဲ။

* မိမိသဘောနဲ့မိမိ ဝမ်းပိတ်ဆေးတွေကို မသောက်သင့်ပါဘူး။ တချို့သော ရောဂါပိုးတွေက ထုတ်လွှတ်တဲ့ အဆိပ် toxin ကြောင့်ဖြစ်တဲ့ ဝမ်းလျှောမှုတွေမှာ ဝမ်းပိတ်လိုက်ရင် အထဲမှာ အဲဒီအဆိပ်အတောက်တွေက မထွက်ရတော့ဘဲ ခိုအောင်းနေပြီး ပိုဆိုးသွားတတ်ပါတယ်။
* ဆေးသောက်ချင်တယ်ဆိုရင် Probiotics သောက်ပေးနိုင်ပါတယ်။

၆။ ဘယ်အချိန်မှာ ဆေးရုံ/ဆေးခန်းကို အမြန်သွားသင့်သလဲ။

ဒီလို လက္ခဏာတွေရှိလာရင်တော့ မနက်လင်းအောင်မစောင့်ဘဲ/ ဆရာဝန်ရှိရာ ဆေးရုံဆေးခန်းအရေးပေါ် သို့ သွားရောက်သင့်ပါတယ်။

* ဝမ်းထဲမှာ သွေးပါလာတာ
* အဆက်မပြတ် အန်နေပြီး ပါးစပ်ကနေရေတောင် သောက်လို့မရတာ (ဓာတ်ဆားရည်မဝင်တော့တာ)
* ဖျားတာ ဗိုက်အရမ်းအောင့်လာတာ
* ရေဓာတ်ခန်းခြောက်တဲ့လက္ခဏာမျာ ဖြစ်တဲ့ လျှာနဲ့ ခံတွင်းခြောက်တာ၊ မျက်တွင်းချိုင့်လာတာ၊ ဆီးနည်းသွားတာ သို့မဟုတ် ဆီးမသွားတော့တာ၊ အရမ်းနုံးပြီး သတိလစ်ချင်သလို ဖြစ်လာတာ
* ကြွက်တက်သလို ခံစားရတာ

စတာတွေ ဖြစ်လာရင်တော့ အချိန်မဆွဲဘဲ သွားရောက်သင့်ပါတယ်။

၇။ ဝမ်းလျှောတာဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့အရာ အဆိပ်အတောက်တွေကို ထုတ်ပစ်နေတာလည်း ဖြစ်နိုင်တာမို့ ကုန်သွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးရင်း အခြေအနေကို စောင့်ကြည့်ပါ။ ဖြစ်နိုင်ရင်တော့ မနက်လင်းတာနဲ့ / ဆေးရုံဆေးခန်း ရောက်လာတာနဲ့ နီးစပ်ရာ ဆရာဝန်ထံပြသတိုင်ပင်စေချင်ပါတယ်။
ဝမ်းလျှောနေသူက ကလေးငယ်ဆိုရင်တော့ ပိုပြီး ဂရုစိုက်ရပါမယ်။ ကလေးတွေဟာ လူကြီးတွေထက် ပိုပြီး ရေဓာတ်ဆုံးရှုံးမှု မြန်လို့ပါ။

#ခွန်းညိုသွေး

"ဆီးချိုဝေဒနာရှင်များအတွက် HbA1C  စစ်ဆေးခြင်း"ပြီးခဲ့တဲ့ တစ်ကြိမ်က ဆီးချိုအကြောင်း ပြောခဲ့တော့ အခုတစ်ပတ်မှာ HbA1 C test ...
22/01/2026

"ဆီးချိုဝေဒနာရှင်များအတွက် HbA1C စစ်ဆေးခြင်း"

ပြီးခဲ့တဲ့ တစ်ကြိမ်က ဆီးချိုအကြောင်း ပြောခဲ့တော့ အခုတစ်ပတ်မှာ HbA1 C test လို့ ခေါ်တဲ့ ဆီးချိုကို ထိန်းချုပ်နိုင်စွမ်း ကောင်းလား မကောင်းလား ခန့်မှန်းလို့ရတဲ့ စစ်ဆေးမှုလေးအကြောင်းကို ပြောပြချင်ပါတယ်။

ဆီးချိုဖြစ်ပြီ လို့ သိတာနဲ့ ဆီးချိုဆေးသောက်တယ်။ အစားအသောက် ဆင်ခြင်တယ်။ ဒါပေမဲ့ ဆီးချိုပြန်စစ်ဆေးဖို့ ပျက်ကွက်တာ မစစ်မိတာ မေ့လျော့ နေကြတာတွေ ရှိပါတယ်။ တစ်ပတ်လောက် တစ်လလောက်မှ ဆီးချို တစ်ခါ စစ်တော့ စစ်တဲ့အချိန်မှာ များနေတာ / ပုံမှန်ဖြစ်နေတာက ရောဂါကို control ရရဲ့လား လို့ သေချာ မဆုံးဖြတ်နိုင်တာ ဖြစ်တတ်ပါတယ်။

တချို့လူနာတွေက ဆရာဝန်နဲ့ ရက်ချိန်းပြခါနီး တစ်ပတ်လောက်အလိုမှ အစားကို ဆင်ခြင်လိုက်တယ်။ အဲဒီတော့ ဆရာဝန်ဆီပြရင်း ဆီးချိုစစ်လိုက်တဲ့အခါ ပုံမှန် ဖြစ်နေတော့ ရောဂါကို controlရတယ်လို့ ယူဆချင်သလို ဖြစ်ပြီး ကိုယ့်ကိုယ်ကိုပါ လိမ်ညာ မှတ်ယူလိုက်သလိုမျိုး ဖြစ်နေပါတယ်။ ဆရာဝန်ကို ပြပြီး နောက်ရက်တွေမှာ ပုံမှန်လို အစားအသောက်မဆင်ခြင်တဲ့အခါ ဆီးချိုက ပိုတက်နေမြဲ ဖြစ်ပြီး ကိုယ်ကလည်း သတိမထားမိနိုင်တာ ဖြစ်လာနိုင်ပါတယ်။ ပွဲတစ်ခုတည်း နိုင်တာနဲ့ ဒီကစားသမား ကောင်းလွန်းတယ်လို့ ဆုံးဖြတ်ရခက်သလိုပါပဲ။ အဲဒီအတွက် HbA1c ကို စစ်ဆေးဖို့ အကြံပြုကြပါတယ်။

HbA1c က ဘာလဲ ?

(အလွယ်တကူ အေဝမ်းစီ လို့ ခေါ်လို့ရပါတယ်။ သုံးလဆီးချို လို့လည်း ခေါ်ကြပါတယ် )

Hb ကတော့ သွေးနီဥထဲမှာ ရှိတဲ့ hemoglobin ဆိုတဲ့ ပရိုတင်းတစ်မျိုးပါ။ သူက အောက်ဆီဂျင် ကို သယ်ပေးတဲ့ အလုပ် လုပ်ပါတယ်။ ဆီးချိုကြောင့် သွေးထဲက များနေတဲ့ သကြားဓာတ် Sugar တွေဟာ အဲဒီ hemoglobin တွေကို သွားချိတ်ပါတယ်( bond formation )။ အဲဒီအခါ HemoglobinA1c အဖြစ် ပြောင်းလဲသွားပါတယ်။ သကြားချိတ်ထားတဲ့ glycated hemoglobin ဖြစ်သွားတာပါ။

အဲဒီတော့ သဘောသဘာဝလေးက ရှင်းပါတယ်။ HbA1c တွေ များနေပြီဆိုရင် သွေးထဲမှာ သကြားဓာတ်တွေ များနေလို့၊ ဆီးချိုကို control ကောင်းကောင်းမရလို့ပဲ။ ၃လဆီးချို လို့ ခေါ်ရတဲ့သဘောက သွေးနီဥတွေရဲ့ သက်တမ်းက ၃လကနေ ၄လဝန်းကျင် ရှိတဲ့ အတွက် ဒီ HbA1c ကို စစ်ဆေးခြင်းဟာ ပြီးခဲ့တဲ့ ၂လ / ၃ လ အတွင်းမှာ ရှိခဲ့တဲ့ average သွေးတွင်းသကြားဓာတ် ထိန်းချုပ်မှု ကောင်းမကောင်းကို တွေ့ရှိသုံးသပ်နိုင်မှာပဲ ဖြစ်ပါတယ်။

HbA1c သုံးလဆီးချိုရဲ့ အဖြေတွေမှာ ဆီးချိုမရှိတဲ့လူတွေအတွက်တော့ 4% ကနေ 5.6% အထိပဲ ရှိရပါမယ်။ 5.6 နဲ့ 6.4 ကြားထဲရောက်နေပြီဆိုရင်တော့ ဆီးချိုမဖြစ်ခင် / ဖြစ်နိုင်နေတဲ့အနေအထား prediabetes အခြေအနေကို ရောက်နေတာပါ။ ဆီးချို ဖြစ်လာနိုင်တယ် ပေါ့။ 6.5 ကနေ 6.5 ထက် ကျော်လွန်နေရင်တော့ ဆီးချို ရှိနေပြီ ဖြစ်ပါတယ်။

ဒါဆို ဆီးချို ရှိနေတဲ့သူတွေအတွက်ရော HbA1c ကို ဘယ်လို ကိန်းဂဏန်းမှာ ထားမလဲ ?

များသောအားဖြင့် ဆီးချိုဝေဒနာရှင်တွေဟာ HbA1c ပမာဏကို 7% အောက်မှာပဲ ရှိအောင် ထိန်းသိမ်းနေထိုင်စားသောက်သင့်ပါတယ်။
HbA1c ပမာဏ မြင့်တက်လာလေလေ၊ ဆီးချိုနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရဖို့ အန္တရာယ်များလေပါပဲ။

ဆီးချို ရှိနေပြီး HbA1c level က မြင့်နေပြီဆိုရင်တော့ သင့်ရဲ့ဆရာဝန်က ကုသမှု ပုံစံကို ပြောင်းလဲပြီး ဆီးချိုကျအောင် ကူညီဆောင်ရွက်ပေးပါလိမ့်မယ်။
အစားအစာကို သင့်တော်ညီညွတ်စွာ ချင့်ချိန်စားသုံးမယ်၊ လေ့ကျင့်ခန်း လုပ်မယ်၊ ဆေးပုံမှန် သောက်မယ်ဆိုရင် HbA1c ပမာဏ လျော့ကျလာပါမယ်။ ဆီးချိုကို ထိန်းချုပ်နိုင်မှာလည်း ဖြစ်ပါတယ်။

HbA1c ကို ဘယ်လို အချိန်ခြားပြီး စစ်မလဲ ?

၃ လဆီးချို လို့ ခေါ်ကြတဲ့အတိုင်း ၃လအကြာမှာ တစ်ခါ စစ်ဆေးပေးသင့်ပါတယ်။
ဆီးချို ထိန်းချုပ်နိုင်မှု အပေါ်မူတည်ပြီး အပြောင်းအလဲ လုပ်ချင်လုပ်လို့ ရပေမယ့် ဆီးချိုဝေဒနာရှင်တွေအနေနဲ့ အနည်းဆုံးတော့ တစ်နှစ် ၂ ကြိမ် စစ်ဆေးကြဖို့ အကြုံပြုကြပါတယ်။

#ခွန်းညိုသွေး

"ဆီးချို အမျိုးအစား (၂) - Type 2 Diabetes Mellitus "ဆီးချိုဆိုတာကတော့ ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ မော်တော်ကားဆိုရင် အစားအ...
15/01/2026

"ဆီးချို အမျိုးအစား (၂) - Type 2 Diabetes Mellitus "

ဆီးချိုဆိုတာကတော့ ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ မော်တော်ကားဆိုရင် အစားအသောက်တွေဟာ အဲဒီကားကို လည်ပတ်စေတဲ့ 'လောင်စာ' တွေပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ကျွန်တော်တို့ စားလိုက်တဲ့ အစားအစာတွေဟာ သကြားဓာတ် (Glucose) အဖြစ် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေဆီကို စွမ်းအင်အဖြစ် ရောက်ရှိသွားပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အဲဒီသကြားဓာတ်တွေက ဆဲလ်ထဲကို မရောက်ဘဲ သွေးထဲမှာပဲ စုပုံနေတဲ့အခါ 'ဆီးချိုရောဂါ' ဆိုတာ ဖြစ်လာရပါတယ်။

ဆီးချိုရောဂါဟာ ယေဘုယျအားဖြင့် (၂) မျိုးရှိပါတယ်။ အမျိုးအစား (၁) ကတော့ ကလေးဘဝကတည်းက ဖြစ်တတ်ပြီး၊ ဒီနေ့ခေတ် လူကြီးတွေမှာ အဖြစ်အများဆုံးကတော့ အမျိုးအစား (၂) (Type 2 DM) ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ ဆီးချို (Gestational Diabetes) ဆိုတာလည်း ရှိပါသေးတယ်။

၁။ ဆီးချိုရှိ၊ မရှိ ဘယ်လိုတိုင်းတာမလဲ
ဆေးခန်းသွားလို့ သွေးစစ်တဲ့အခါ (ဥပမာ - အစားစားပြီးချိန်) သွေးတွင်းသကြားဓာတ် 200 mg/dL ကျော်နေရင် ဆီးချိုဖြစ်နိုင်ခြေ ရှိတယ်လို့ ယူဆနိုင်ပါတယ်။ ပိုမိုသေချာစေဖို့ အောက်ပါအတိုင်း ထပ်မံစစ်ဆေးရပါမယ်-
* Fasting Blood Sugar (FBS): ည ၁၀ နာရီခွဲနောက်ပိုင်း ဘာမှမစားဘဲ မနက်ခင်းမှာ သွေးဖောက်စစ်ခြင်း ဖြစ်ပါတယ်။ 126 mg/dL နှင့် အထက်ဆိုလျှင် ဆီးချိုရောဂါလို့ သတ်မှတ်ပါတယ်။
* HbA1c: ဒါဟာ လွန်ခဲ့တဲ့ (၃) လအတွင်း သွေးတွင်းသကြားဓာတ် ပျမ်းမျှအခြေအနေကို ပြတာဖြစ်လို့ အလွန်တိကျပါတယ်။ (ယေဘုယျအားဖြင့် 6.5% နဲ​့ အထက်ဆိုရင် ဆီးချိုလို့ သတ်မှတ်ပါတယ်။)
၂။ သတိထားရမဲ့ ရောဂါ လက္ခဏာများ
* ရေခဏခဏ ငတ်ခြင်း၊ ဆီးခဏခဏ သွားခြင်း။
* အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် ကျသွားခြင်း။
* နုံးချည့်ခြင်း၊ အမြင်အာရုံ ဝေဝါးခြင်း။
* အနာဖြစ်လျှင် ကျက်ခဲခြင်း။
*
၃။ ကုသခြင်းနဲ့ ထိန်းသိမ်းခြင်း
ဆီးချိုရောဂါကို ကုသရာမှာ သောက်ဆေးတွေကို အဓိက သုံးစွဲကြပါတယ်။ အသုံးများတဲ့ဆေးက Metformin ဖြစ်ပြီး လူနာရဲ့ အခြေအနေပေါ်မူတည်ပြီး ဆရာဝန်က ပမာဏ (Dose) ကို ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။ ဆရာဝန်တွေက ဆီးချိုဆေး အမျိုးအစား တစ်မျိုး ဒါမှ မဟုတ် နှစ်မျိုးပေါင်းနဲ့ ကုသမှုကို စတင်လေ့ ရှိပါတယ်။
အရေးကြီးတာကတော့ ဆေးပမာဏကို မိမိဘာသာ အတိုးအလျှော့ မလုပ်ဘဲ ဆရာဝန်ညွှန်ကြားချက်အတိုင်း တိကျစွာ သောက်သုံးရပါမယ်။

ဆီးချိုပမာဏကိုလည်း
* အစာမစားမီ (Fasting): 80 - 130 mg/dL ကြား။
* အစာစားပြီး ၂ နာရီ (2HPP): 180 mg/dL အောက် ရောက်အောင် ထိန်းရပါမယ်။

Fasting sugar 126 အောက်ရယ် 2HPP 180 အောက်ရယ် ရောက်တယ်ဆိုရင် control ရတယ်လို့ ပြောလို့ရပါတယ်။

၄။ အစားအသောက်နှင့် နေထိုင်မှုပုံစံ (Lifestyle Modification)
ဆီးချိုထိန်းရာမှာ ဆေးသောက်ရုံတင်မကဘဲ စားသောက်မှုပုံစံက ၅၀ ရာခိုင်နှုန်း အရေးကြီးပါတယ်။
* ( Plate model ): ထမင်းကို ပန်းကန်ရဲ့ လေးပုံတစ်ပုံ (1/4)၊ အသား/ငါးကို လေးပုံတစ်ပုံ (1/4) စားပြီး ကျန်တဲ့ ပန်းကန်တစ်ဝက် (1/2) ကိုတော့ ဟင်းသီးဟင်းရွက်တွေနဲ့ ဖြည့်တင်းစားသုံးရပါမယ်။
* အသီးအနှံ: သကြားဓာတ်လွန်ကဲတဲ့ သရက်သီးမှည့်၊ ဒူးရင်းသီး၊ ကြက်မောက်သီးတို့ကို ရှောင်ရပါမယ်။ ပန်းသီး၊ မာလကာသီး၊ သစ်တော်သီးတို့ကိုတော့ ပမာဏချင့်ချိန်ပြီး စားသုံးနိုင်ပါတယ်။
* ရှောင်ရန်ကတော့ အချိုရည်များ၊ သကြားများတဲ့ မုန့်များ၊ ဆီကြော်များနဲ့ အချိုမှုန့်တို့ကို လျှော့ချရမှာ ဖြစ်ပါတယ်။
* လေ့ကျင့်ခန်း: တစ်နေ့ကို မိနစ် ၃၀ ခန့် ပုံမှန် လမ်းလျှောက်ပေးခြင်းက သွေးချိုကို သိသိသာသာ ကျဆင်းစေပါတယ်။
၅။ နောက်ဆက်တွဲ ဆိုးကျိုးများ
ဆီးချိုကို စနစ်တကျ မထိန်းနိုင်ရင် အောက်ပါတို့ ဖြစ်တတ်ပါတယ်-
* နှလုံးနှင့် သွေးကြော: နှလုံးကြွက်သားပုပ်ခြင်း၊ လေဖြတ်ခြင်း။
* ကျောက်ကပ်: ကျောက်ကပ် ပျက်စီးခြင်း (Nephropathy)။
* အာရုံကြော: ခြေလက် ထိပ်များ ထုံကျင်ခြင်း (Neuropathy)။
* မျက်စိ: မျက်စိအမြင်အာရုံ ချို့ယွင်းခြင်း (တစ်နှစ်တစ်ခါ မျက်စိစစ်ဆေးသင့်ပါတယ်)။

ဆီးချိုရောဂါဟာ လုံးဝ အမြစ်ပြတ် ပျောက်ကင်းသွားတဲ့ ရောဂါမျိုး မဟုတ်ဘဲ တစ်သက်လုံး ထိန်းသိမ်းသွားရမယ့် ရောဂါပါ။ "လုံးဝ ပျောက်ကင်းစေရမယ်" ဆိုတဲ့ ကြော်ငြာတွေ၊ အထောက်အထားမဲ့ ဆေးမြီးတိုတွေကို ယုံကြည်ပြီး ငွေကုန်ကြေးကျ မခံပါနဲ့။ ဆရာဝန်ညွှန်ကြားတဲ့ အင်္ဂလိပ်ဆေးနဲ့အတူ မြန်မာဆေးကို တွဲသောက်ချင်တယ်ဆိုရင်တောင် သွေးချို အလွန်အမင်း ကျဆင်းသွားတတ်တဲ့ ဘေးထွက်ဆိုးကျိုး ရှိနိုင်လို့ ဆရာဝန်နဲ့ အသေအချာ တိုင်ပင်ဖို့ လိုအပ်ပါတယ်။
စနစ်တကျ နေထိုင်စားသောက်မယ်ဆိုရင် ဆီးချိုရှိပေမဲ့ သာမန်လူတွေလိုပဲ သက်တမ်းစေ့ ကျန်းကျန်းမာမာ နေထိုင်သွားနိုင်ပါတယ်။

#ခွန်းညိုသွေး

"သွေးဆုံးပြီးနောက် သွေးတိုးရောဂါ ဖြစ်လာနိုင်သလား "ဒီတစ်ပတ်တော့ "သွေးဆုံးပြီးနောက် သွေးတိုးရောဂါ ဖြစ်လာနိုင်သလား " ဆိုတာလ...
06/01/2026

"သွေးဆုံးပြီးနောက် သွေးတိုးရောဂါ ဖြစ်လာနိုင်သလား "

ဒီတစ်ပတ်တော့ "သွေးဆုံးပြီးနောက် သွေးတိုးရောဂါ ဖြစ်လာနိုင်သလား " ဆိုတာလေး ဆွေးနွေးပေးချင်ပါတယ်။

၁။ သွေးဆုံးခြင်းနှင့် သွေးတိုးရောဂါတို့က ဆက်နွယ်နေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သွေးဆုံးတဲ့အခါ အမျိုးသမီးတွေမှာ ဟော်မုန်းပြောင်းလဲမှုတွေ တွေ့ရပါတယ်။ လူနေမှုပုံစံပြောင်းလဲမှု နဲ့ အသက်အရွယ်ကြီးရင့်လာခြင်းတို့ကလည်း ထပ်ပြီး ဆက်စပ်နေပါသေတယ်။ အမျိုးသမီးတွေ သွေးဆုံးချိန်မှာ အီစထရိုဂျင်ဟော်မုန်ူ ကျဆင်းမှု ဖြစ်စေပါတယ်။ အဲဒီအတွက် သွေးကြောတွေမှာ ပြောင်းလဲမှုများ ဖြစ်ပေါ်စေပြီး ဆားဓာတ် sodiumကို ပိုမိုအာရုံခံနိုင်စွမ်း မြင့်တက်လာခြင်း၊ ကိုယ်အလေးချိန် တက်လာခြင်းတို့ကို ဖြစ်စေနိုင်ပြီး အဲဒီအရာအားလုံးဟာ သွေးပေါင်ချိန်ကို မြင့်တက်လာစေပါတယ်။

၂။ သွေးဆုံးခြင်းက သွေးပေါင်ချိန်ကို ဘာလို့ သက်ရောက်နိုင်တာလဲ။

* ဟော်မုန်းပြောင်းလဲမှုများ- သွေးကြောများကို ကျယ်ပြီး ပြေလျော့စေရန် ကူညီပေးတဲ့ အီစထရိုဂျင်ဟော်မုန်း ကျဆင်းမှုက သွေးကြောတွေက်ို ကျဉ်းမြောင်းစေနိုင်ပါတယ်။ အဲဒီအခါ သွေးစီးဆင်းမှုကို ပိုမိုခက်ခဲစေပြီး သွေးပေါင်ချိန်ကို မြင့်တက်လာစေနိုင်ပါတယ်။
* ဆားဓာတ် Sodium ကို ပိုမိုအာရုံခံနိုင်စွမ်း မြင့်တက်လာခြင်း- ဟော်မုန်းပြောင်းလဲမှုများက သွေးပေါင်ချိန်အတွက် အရေးကြီးတဲ့ ဆားဓာတ် Sodium အပေါ် ပိုမိုအာရုံခံနိုင်စွမ်း ရှိလာစေပြီး အဲဒီ Sodium က ရေကို ဆွဲပါတယ်။ အဲဒီအတွက် သွေးကြောအတွင်း အရည်များ စုပုံလာပြီး သွေးဖိအား မြင့်တက်လာစေပါတယ်။
* ကိုယ်အလေးချိန်တိုးလာခြင်း- အမျိုးသမီးအများစုဟာ သွေးဆုံးပြီးတဲ့အခါ ကိုယ်အလေးချိန်တက်လာခြင်းကို ခံစားရလေ့ရှိပါတယ်။ ဒါကလည်း သွေးတိုးရောဂါ ဖြစ်ပွားနိုင်ခြေရှိသော အချက်တစ်ခု ဖြစ်နေပါတယ်။
* အသက်အရွယ်ကြီးရင့်ခြင်း- သွေးကြောတွေဟာ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ သဘာဝအတိုင်း မာကျောလာတတ်ပါတယ်။ နှလုံးက အဲဒီမာကြောနေတဲ့ သွေးကြောတွေကို ဆန့်ကျင်ပြီး သွေးကို ညှစ်ထုတ်ဖို့ ပိုအလုပ်လုပ်ရပါတယ်။ ဒါကလည်း သွေးပေါင်ချိန် မြင့်တက်လာစေတဲ့ အချက်တစ်ချက်ပါပဲ။
* အခြားအချက်များ- သွေးဆုံးပြီ ဆိုတဲ့အခါ အမျိုးသမီးတွေမှာ စိတ်ဖိစီးမှု အနည်းနဲ့အများ ရှိတတ်ပါတယ်။ အဲဒါကလည်း သွေးတိုးစေဖို့က အချက်တစ်ချက် ဖြစ်လာပါတယ်။ အကူးအပြောင်းကာလ ဖြစ်တဲ့ အဲဒီကာလမှာ အိပ်မပျော်တာ အိပ်ရေးမဝတာ အိပ်လိုက်နိုးလိုက်ဖြစ်တာ စတဲ့ ပြောင်းလဲမှုများကလည်း သွေးပေါင်ချိန်ကို ဆိုးကျိုးသက်ရောက်စေနိုင်ပါတယ်။

၃။ အဲဒီတော့ သွေးဆုံးပြီးသူများ အနေနဲ့ သွေးမတိုးအောင် ကာကွယ်လုပ်ဆောင်နိုင်တာတွေကတော့

* လူနေမှုပုံစံပြောင်းလဲခြင်း- ကျန်းမာရေးနဲ့ ညီညွတ်သော အစားအစာများကို စားသုံးပေးပါ။ အဆီ အငန် အချို လွန်ကဲသော အစားအစာများကို လျှော့စားပါ။ ကိုယ်လက်လှုပ်ရှားမှု၊ လေ့ကျင့်ခန်းလုပ်ပါ။ လမ်းလျှောက်ပါ။ စိတ်ဖိစီးမှုကို လျှော့ချပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ကြိုးစားပါ။

* ကိုယ်အလေးချိန်ထိန်းသိမ်းဖို့ပါ - အဝမလွန်အောင် ကိုယ်အလေးချိန်ထိန်းသိမ်းထားခြင်းကလည်း သွေးပေါင်ချိန်ကို ပုံမှန်ထိန်းသိမ်းထားနိုင်စေပါတယ်။

* တကယ်လို့ ရောဂါအတွက် စိုးရိမ်ပူပန်မှုများအတွက် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။
သွေးပေါင်ချိန်ကို တစ်ပတ်တစ်ခါလောက် တိုင်းတာကြည့်ပြီး လိုအပ်ပါက ဆေးကုသမှု ခံယူပါ။

#ခွန်းညိုသွေး

Christmas Disease (ခရစ္စမတ်ရောဂါ) ဆိုတာ ဘာလဲ?ဒီနေ့က Christmas နေ့ ဖြစ်တာကြောင့် ခရစ္စမတ်ရောဂါဆိုတာလေးကို ဗဟုသုတအနေနဲ့ ပြ...
25/12/2025

Christmas Disease (ခရစ္စမတ်ရောဂါ) ဆိုတာ ဘာလဲ?

ဒီနေ့က Christmas နေ့ ဖြစ်တာကြောင့် ခရစ္စမတ်ရောဂါဆိုတာလေးကို ဗဟုသုတအနေနဲ့ ပြောပြချင်ပါတယ်။
Christmas Disease ဆိုတာ Hemophilia B( သွေးမတိတ်ရောဂါB) ရဲ့ နောက်အမည်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ အကြောင်းအမျိုးမျိုးကြောင့် သွေးထွက်လို့ သွေးတိတ်ဖို့ လုပ်ရတဲ့အခါ သွေးတိတ်စေတဲ့၊ သွေးခဲစေတဲ့ Factors တွေကို သုံးရပါတယ်။
အဲဒီထဲကမှ သွေးခဲစေတဲ့ဓာတ် နံပါတ်၉ ( clotting factor IX) ချို့တဲ့တာကြောင့် ဖြစ်ရတဲ့ ရှားပါးမျိုးရိုးဗီဇ ရောဂါတစ်ခုကို ခေါ်တာပါ။

ရောဂါလက္ခဏာအနေနဲ့ကတော့ သွေးထွက်ရင် မတိတ်လွယ်တာ၊ အညိုအမည်းစွဲလွယ်တာနဲ့ အဆစ်အမြစ်၊ ကြွက်သားတွေထဲမှာ အလိုအလျောက် သွေးယိုစိမ့်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒီရောဂါကို ၁၉၅၀ ပြည့်နှစ်တွေမှာ ပထမဆုံး စတင်တွေ့ရှိခဲ့တဲ့ လူနာ Stephen Christmas ကို အစွဲပြုပြီး Christmas Disease လို့ ခေါ်ဝေါ်တာဖြစ်ပါတယ်။

ဖြစ်ပွားရတဲ့ အကြောင်းရင်းက မျိုးရိုးဗီဇနဲ့ဆိုင်ပြီး
* X ခရိုမိုဆုန်းပေါ်မှာရှိတဲ့ Factor IX ဗီဇ ချို့ယွင်းမှုကြောင့် ဖြစ်ရတာပါ။
* ဒါကြောင့် X တစ်ခုတည်းရှိတဲ့ အမျိုးသား(XY) တွေမှာ ပိုပြီးအဖြစ်များပါတယ်။
* နောက်ထပ်တစ်ခုကတော့ လူနာရဲ့ သုံးပုံတစ်ပုံလောက်ကတော့ မိဘဆီက ပါလာတာမျိုးမဟုတ်ဘဲ ရုတ်တရက် မျိုးရိုးဗီဇ ပြောင်းလဲမှု (Spontaneous mutation) ကြောင့် ဖြစ်တတ်ပါတယ်။

ရောဂါလက္ခဏာတွေကို ထပ်ပြောရရင်
* ထိခိုက်ရှနာဖြစ်တာ၊ ခွဲစိတ်တာ ဒါမှမဟုတ် ဒဏ်ရာရတဲ့အခါ သွေးထွက်တာ အလွန်များတာ
* အနည်းငယ်လောက် ခိုက်မိထိမိရုံနဲ့ အညိုအမည်းစွဲတာ၊ အကျိတ်ဖုကြီးတွေ ဖြစ်လာတာ။
* အဆစ်အမြစ်တွေနဲ့ ကြွက်သားတွေထဲ သွေးယိုစိမ့်တာ။
* ဆီးထဲ၊ ဝမ်းထဲ သွေးပါတာ။
* နှာခေါင်းသွေးခဏခဏလျှံတာ။

စတာတွေ ဖြစ်တတ်ပါတယ်။

ကုသမှုက ဘာတွေ ရှိမလဲ

* Factor IX အစားထိုးကုသမှု: Factor IX ပါတဲ့ ဆေးရည်ကို ထိုးသွင်းကုသရတာပါ။
* တခြားဆေးဝါးတွေ အနေနဲ့ကတော့ သွေးထွက်တာကို ထိန်းချုပ်ဖို့ ဆေးတွေ သောက်ရပါမယ်။
* Gene therapy (မျိုးရိုးဗီဇကုထုံး): ဒါကတော့ အခုနောက်ပိုင်း ပေါ်လာတဲ့ ကုသနည်းသစ်တစ်ခု ဖြစ်ပါတယ်။
* ကာကွယ်မှု: အသည်းရောင် အသားဝါ (B) ကာကွယ်ဆေး ထိုးထားဖို့ အကြံပြုထားတတ်ပါတယ်။ ဘီပိုးကြောင့် အသည်းထိခိုက်ရင် ရောဂါပိုဆိုးနိုင်လို့ပါ။
* ပဋိပစ္စည်းကို ထိန်းချုပ်ခြင်း: အကယ်၍ လူနာ့ခန္ဓာကိုယ်က Factor IX ဆေးကို တိုက်ထုတ်တဲ့ ပဋိပစ္စည်း (Inhibitor) တွေ ထွက်လာရင် တခြားကုသနည်းတွေကို ပြောင်းသုံးရတတ်ပါတယ်။

ရောဂါပြင်းထန်မှု အဆင့်ဆင့်
ခန္ဓာကိုယ်ထဲမှာရှိတဲ့ Factor IX ပမာဏပေါ်မူတည်ပြီး အပျော့စား၊ အသင့်အတင့်နဲ့ ပြင်းထန်အဆင့်ဆိုပြီး ခွဲခြားထားပါတယ်။ အဆင့်ပေါ်မူတည်ပြီး အလိုအလျောက် သွေးယိုစိမ့်မှု အကြိမ်ရေ ကွာခြားသွားပါတယ်။

ဘာကြောင့် "ခရစ္စမတ်ရောဂါ" လို့ ခေါ်ရတာလဲ?

ခုနက ပြောသလို ပထမဆုံး တွေ့ရှိခဲ့တဲ့ လူနာအမည်က Stephen Christmas ဖြစ်လို့ပါ။ နောက်ပြီး တိုက်ဆိုင်တာက ဆေးပညာဂျာနယ်ရဲ့ ခရစ္စမတ်အထူးထုတ်မှာ ဒီရောဂါအကြောင်းကို ပထမဆုံး ဖော်ပြခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။

#ခွန်းညိုသွေး

"ဆောင်းရာသီနဲ့  ရင်ကျပ်ရောဂါ"ဆောင်းတွင်းဘက်ရောက်လာပြီဖြစ်တဲ့အတွက် ရင်ကျပ်ရောဂါအကြောင်းလေး ဆွေးနွေးပေးချင်ပါတယ်။ ပန်းနာရင...
09/12/2025

"ဆောင်းရာသီနဲ့ ရင်ကျပ်ရောဂါ"

ဆောင်းတွင်းဘက်ရောက်လာပြီဖြစ်တဲ့အတွက် ရင်ကျပ်ရောဂါအကြောင်းလေး ဆွေးနွေးပေးချင်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါဟာ အသက်အရွယ်မရွေး လူကိုထိခိုက်စေနိုင်တဲ့ နာတာရှည်အဆုတ်ရောဂါဖြစ်ပါတယ်။

လေပြွန်များရောင်ရမ်းခြင်းနှင့် လေပြွန်တဝိုက်မှာရှိတဲ့ ကြွက်သားများ တင်းကျပ်ခြင်းကြောင့် အသက်ရှုရခက်ခဲစေတယ်။ အသက်ရှုကျပ်စေပြီး သွေးတွင်းအောက်ဆီဂျင်လျော့ကျစေကာ အသက်အန္တရာယ်ပါ ထိခိုက်စေနိုင်သော ရောဂါတစ်မျိုး ဖြစ်ပါတယ်။

၁။ ရင်ကျပ်ရောဂါရဲ့ လက္ခဏာတွေက ဘာတွေလဲ ဆိုတော့
- ချောင်းဆိုးခြင်း၊
- အသက်ရှူကြပ်ခြင်း၊
- ဆုပ်ဆွဲထားသလို တင်းကျပ်တယ် ခံစားရခြင်း/ မောခြင်း တို့ ဖြစ်ပါတယ်။
- အဲဒီရောဂါလက္ခဏာတွေ ခဏခဏ ဖြစ်တတ်တာကို acute attack လို့ ခေါ်ပါတယ်။ တစ်ခါတလေမှာတော့ ရောဂါလက္ခဏာတွေက အပျော့စား/ ခဏတာ ဖြစ်နိုင်ပြီး တစ်ခါတလေမှာ အချိန်ကြာ/ပြင်းထန် လာနိုင်ပါတယ်။
- ရောဂါလက္ခဏာတွေဟာ ညဘက်မှာ ပိုဆိုးတာ (Nocturnal Asthma) နဲ့ လေ့ကျင့်ခန်းလုပ်နေစဉ်မှာ ပိုဆိုးတာ ( Exercise Induced Asthma) တို့လည်း ရှိတတ်ပါတယ်။
- အထူးသဖြင့် ညဘက်မှာ ဆက်တိုက် ချောင်းဆိုးခြင်း၊ အသက်ရှူတဲ့အခါ တရွှီရွှီမြည်ခြင်း၊ တစ်ခါတလေ ငြိမ်နေ နားနေစဉ်မှာကို တရွှီရွှီမြည်ခြင်း၊ နားနေချိန်မှာကို အသက်ရှူရကျပ်ခြင်း သို့မဟုတ် အသက်ရှူရခက်ခဲခြင်း၊ ရင်ဘတ်များ တင်းကျပ်ပြီး အသက်ပြင်းပြင်းရှူရခက်ခဲစေခြင်း တို့လည်း ဖြစ်စေပါတယ်။

၂။ ဘယ်အရာတွေက ရင်ကျပ်ရောဂါကို ပိုဆိုးစေသလဲ။

- တချို့လူတွေ အအေးမိတဲ့အခါ (virus ကူးစက်တာ)ဒါမှမဟုတ်
- ရာသီဥတု အပြောင်းအလဲမှာ ပိုဆိုးတဲ့ လက္ခဏာတွေ ခံစားရတတ်ပါတယ်။
- လူနာနဲ့ ဓာတ်မတည့်သော ဖုန်မှုန့်များ၊ မီးခိုးများ၊ အငွေ့များ၊ သုတ်ဆေးမှုတ်ဆေးများ၊
- မြက်နဲ့ ဝတ်မှုန်များ
- မတည့်သော အစားအစာ( ပင်လယ်စာ၊ မြေပဲ၊ ချဉ်ပေါင်ရွက် စသည်)
- တိရစ္ဆာန်အမွေးများ
- ပြင်းထန်သောဆပ်ပြာများ ရေမွှေးများ

စသည်တို့ကလည်း ကိုယ်နဲ့ဓာတ်မတည့်မှုအပေါ် မူတည်ပြီး ရောဂါလက္ခဏာ ထတာ ရှိတတ်ပါတယ်။

၃။ ဘယ်အခြေအနေတွေနဲ့ ဆက်စပ်နိုင်သေးလဲ။

- အခြားမိသားစုဝင်များတွင် ပန်းနာရင်ကျပ်ရောဂါရှိနေရင် အထူးသဖြင့် မိဘ ဒါမှမဟုတ် မွေးချင်းကဲ့သို့သော ဆွေမျိုးရင်းချာတွေမှာ ရှိနေရင် ရောဂါ ဖြစ်နိုင်ခြေ များပါတယ်။
- နှင်းခူ နှင့် လည်ချောင်းနာ ​​(Hay fever)ကဲ့သို့သော အခြားသော ဓာတ်မတည့်မှု အခြေအနေရှိသူများ၊
- မြို့ပြလူနေမှုပုံစံ ထွန်းကားမှုနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှု
- သန္ဓေသားဘဝမှာ ဖွံ့ဖြိုးဆဲ အဆုတ်ကို ထိခိုက်စေတဲ့ အခါတို့မှာ မွေးကင်းစကိုယ်အလေးချိန်နည်းခြင်း၊ လမစေ့ဘဲမွေးခြင်း ရှိခဲ့သူတွေမှာ
- ဆေးရွက်ကြီးမီးခိုးငွေ့နှင့် လေထုညစ်ညမ်းမှု
- အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှုများ( ဗိုင်းရပ်စ်)
- အိမ်တွင်းနဲ့ ပြင်ပ လေထုညစ်ညမ်းမှု၊ အိမ်တွင်းရှိ ဖုန်မှုန့်များ၊ မှိုများ၊ ဓာတုပစ္စည်းများ၊ မီးခိုးငွေ့ သို့မဟုတ် ဖုန်မှုန့်များနဲ့
- လုပ်ငန်းခွင်အတွင်း ထိတွေ့မှုအပါအဝင် ပတ်ဝန်းကျင်ဓာတ်မတည့်မှု၊ ယားယံစေသည့်အရာများနှင့် ထိတွေ့မှု။
- အဝလွန်ခြင်း သို့မဟုတ် အဝလွန်သော ကလေးများ၊ လူကြီးများ စတဲ့ အခြေအနေတွေမှာ ပန်းနာရင်ကျပ် ဖြစ်နိုင်ခြေ ပိုများပါတယ်။

၄။ ပန်းနာရင်ကျပ်ရောဂါက မကြာခဏ ရောဂါလက္ခဏာထတာ တွေ့ရတတ်ပါတယ်။

ကုသမှုမခံယူသေးတဲ့ ပန်းနာရင်ကျပ်ရောဂါရှိသူတွေဟာ
- နေ့ဘက်မှာ အိပ်ရေးပျက်ခြင်း
- ပင်ပန်းနွမ်းနယ်ခြင်းနှင့် အာရုံစူးစိုက်မှု အားနည်းခြင်း တို့ကြောင့် ပန်းနာရင်ကျပ်ဝေဒနာရှင်များနဲ့ သူတို့မိသားစုများတွေဟာ နေ့စဉ်လုပ်ငန်းဆောင်တာများ၊ ကျောင်းနဲ့ အလုပ်ကိစ္စများပါ ထိခိုက်လာနိုင်ပါတယ်။
- ရောဂါလက္ခဏာများ ပြင်းထန်ပါက ပန်းနာရင်ကျပ်ရောဂါရှိသူများဟယ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် လိုအပ်ပြီး ကုသမှုနှင့် စောင့်ကြည့်မှုများအတွက် လိုအပ်ရင် ဆေးရုံတင်ထားရတာမျိုး ရှိနိုင်ပါတယ်။ အပြင်းထန်ဆုံးအနေနဲ့ ပန်းနာရင်ကျပ်ရောဂါဟာ အသက်သေဆုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။

၅။ ပန်းနာရင်ကျပ်ရောဂါကို ပျောက်ကင်းအောင် မကုသနိုင်ပေမယ့် ထ်ိန်းချုပ်ကုသနည်းများစွာရှိပါတယ်။

၆။ အသုံးအများဆုံး ကုသမှုကတော့ ဆေးကို အဆုတ်သို့ တိုက်ရိုက်ပို့ဆောင်ပေးတဲ့ ရှူဆေးကို အသုံးပြုခြင်းဖြစ်ပါတယ်။

ရှူဆေး(Inhaler)တွေက အသက်ရှုလမ်းကြောင်းရောင်ရမ်းမှုကို လျှော့ချပေးနိုင်၊ ရောဂါကိုထိန်းချုပ်နိုင်ပြီး ပန်းနာရင်ကျပ်ရောဂါရှိသူများကို ပုံမှန်တက်ကြွသောဘဝမှာ နေထိုင်နိုင်စေပါတယ်။
ရှူဆေး (inhaler) အဓိကအမျိုးအစားနှစ်ခုရှိပါတယ်။

- လေပြွန်များကိုပိုပွင့်စေပြီးရောဂါလက္ခဏာများကို သက်သာစေသော bronchodilators (ဥပမာ salbutamol)၊
- လေပြွန်များရဲ့ ရောင်ရမ်းမှုကို လျှော့ချပေးသော steroids (ဥပမာ beclometasone)
စသည်တို့ ရှိကြပါတယ်။

- ကလေးများနဲ့ အရေးပေါ်အခြေအနေများတွင်တော့ ရှူဆေးအသုံးပြုခြင်းခက်ခဲနိုင်တဲ့အခါ spacer device ကိုအသုံးပြုခြင်းဖြင့် ဆေးကို အဆုတ်ထဲ ပိုမိုလွယ်ကူစွာ ရောက်ရှိစေရန် ကူညီပေးပါတယ်။ spacer ဆိုတာကတော့ ပါးစပ်ကို အုပ်မိုးတဲ့ မျက်နှာဖုံးတစ်ခုပါရှိတဲ့ ပလပ်စတစ်ကွန်တိန်နာတစ်ခုဖြစ်ပြီး အခြားတစ်ဖက်မှာ ရှူဆေးအတွက် အပေါက်တစ်ခုပါရှိပါတယ်။

၇။ ပန်းနာရင်ကျပ်ရောဂါဟာ တကယ်ပြင်းထန်လာတဲ့ အခြေအနေတစ်ခု ရှိလာနိုင်ပေမဲ့ စနစ်တကျ ကုသမှုနဲ့ ထိန်းချုပ်ထားနိုင်ပါတယ်။ အဲဒါကြောင့် ပန်းနာရင်ကျပ်ရောဂါ/ ရောဂါလက္ခဏာရှိသူတွေဟာ ကျွမ်းကျင်တဲ့ ဆရာဝန်များနဲ့ ဆွေးနွေးကုသသင့်ပါတယ်။

၈။ ပန်းနာရင်ကျပ်ရောဂါရှိသူများနဲ့ သူတို့ရဲ့ မိသားစုများကို ပန်းနာရင်ကျပ်ရောဂါအကြောင်း ပိုမိုနားလည်ရန် အသိပညာပေးမှုများ လိုအပ်ပါတယ်။ သူတို့ရဲ့ ကုသမှုအတွက် ဆေးရွေးချယ်မှုများ၊ ရှောင်ရန်ဆောင်ရန်နဲ့ သူတို့ရဲ့ ရောဂါလက္ခဏာများအတွက် ကြိုတင်သိရှိပြီး အိမ်တွင်းကုသမှုများကို သိထားခြင်းအားဖြင့် ပြင်းထန်သော attack များကို ရှောင်လွှဲလို့ရစေမှာ ဖြစ်ပါတယ်။

#ခွန်းညိုသွေး

" GERD (  Gastroesophageal Reflux Disease )" ၁။ GERD ဆိုတာကတော့ Gastroesophageal Reflux Disease ကို အတိုချုံးခေါ်တာ ဖြစ်...
23/11/2025

" GERD ( Gastroesophageal Reflux Disease )"

၁။ GERD ဆိုတာကတော့ Gastroesophageal Reflux Disease ကို အတိုချုံးခေါ်တာ ဖြစ်ပါတယ်။ (edit- စားချဉ့်ပြန်ရောဂါ လို့လည်း ခေါ်ကြပါတယ်။ )
အစာအိမ်ထဲက အစာအိမ်အက်ဆစ်တွေဟာ သူ့အပေါ်မှာ ရှိတဲ့ အစာရေမျို( esophagus) ထဲကို ပြန်လည်စီးဆင်းပြီး အဲဒီအစာပြွန်ကို ယားယံစေတာ ပူလောင်စေတာတွေ ဖြစ်စေတာပါ။

၂။ ဒီရောဂါဖြစ်ရင် ကြုံတွေ့ရတတ်တဲ့ လက္ခဏာတွေကတော့-

* ရင်ပူခြင်း (Heartburn): ရင်ဘတ်အလယ်မှာ ပူလောင်သလို ခံစားရပြီး အစားစားပြီးနောက် ဒါမှမဟုတ် လှဲအိပ်တဲ့အခါ ပိုဆိုးတတ်ပါတယ်။
* ပြန်အန်ခြင်း (Regurgitation): အစာအိမ်အက်ဆစ် ဒါမှမဟုတ် အစာတွေ လည်ချောင်းထဲကို ဒါမှမဟုတ် ပါးစပ်ထဲကို ပြန်ရောက်လာခြင်းနဲ့ ချဉ်တဲ့ ဒါမှမဟုတ် ခါးတဲ့ အရသာကို ခံစားရတတ်ပါတယ်။
* အစာမျိုချရခက်ခဲခြင်း (Dysphagia)
* တစ်ခါတလေမှာ ချောင်းခြောက်ဆိုးခြင်း
* လည်ချောင်းနာခြင်း

တွေ ခံစားရတတ်ပါတယ်။

၃။ GERD ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းကတော့ အစာအိမ်နဲ့ အစာပြွန်ကြားက
အောက်ဘက်အစာပြွန် ရှုံ့ကြွက်သားကွင်း (Lower Esophageal Sphincter - LES) ဟာ ကောင်းကောင်းမပိတ်နိုင်လို့ ဖြစ်ပါတယ်။
(ပုံမှန်အားဖြင့် LES ရှုံ့ကြွက်သားကွင်းဟာ အစာအိမ်ထဲကို အစာတွေ ဝင်ရောက်တဲ့အချိန်မှသာ ဖွင့်ပြီး၊ ကျန်တဲ့အချိန်တွေမှာ အစာအိမ်အက်ဆစ်တွေ အစာပြွန်ထဲကို ပြန်မတက်လာအောင် တင်းတင်းပိတ်ထားပေးရပါတယ်။)
အဲဒီအတွက် အောက်ဘက်အစာအိမ်က အစာချေရည်တွေက အပေါ်ကို ပြန်မတက်တာပါ။

ဒီရောဂါကို မကုသဘဲထားရင် အစာပြွန် ရောင်ရမ်းတာ၊ အစာပြွန်ကျဉ်းတာနဲ့ အခြားသောနောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

၄။ ဒီ LES ကောင်းကောင်းအလုပ်မလုပ်နိုင်ခြင်းကို ဖြစ်စေနိုင်တဲ့ အချက်တွေနဲ့ အခြားအကြောင်းအရင်းတွေကတော့-

* LES ကြွက်သားကွင်းဟာ အားနည်းခြင်း
* အစာအိမ်ရဲ့ အပေါ်ပိုင်းက ကျွံတက်ခြင်း (Hiatal Hernia): အစာအိမ်ရဲ့ အပေါ်ပိုင်းဟာ ရင်ခေါင်းနဲ့ ဝမ်းဗိုက်ကို ပိုင်းခြားထားတဲ့ ရင်ဝမ်းခြားကြွက်သား (Diaphragm) ရဲ့ အဖွင့်ပေါက် (Hiatus) ကနေတဆင့် အပေါ်ကို ကျွံတက်နေခြင်း။
* ဒီအခြေအနေတွေဟာ LES ရဲ့ အလုပ်လုပ်ပုံကို ထိခိုက်စေပြီး အက်ဆစ်ပြန်တက်ခြင်းကို ပိုဖြစ်စေပါတယ်။

၅။ ဘယ်သူတွေမှာ အန္တရာယ် ရှိလဲဆိုတော့
အဝလွန်သူတွေ၊ကိုယ်ဝန်ဆောင်တွေ၊ ဆေးလိပ်သောက်သူတွေ၊ အစားများများ စားပြီး ချက်ချင်းလှဲအိပ်တတ်သူညညဉ့်နက်တဲ့အထိ အစာစားတတ်သူတွေ မှာ ပိုဖြစ်နိုင်ပါတယ်။
အဆီများတဲ့ အစားအစာများ၊ ကြော်ထားသော အစားအစာများ၊ ချောကလက်၊ ပူဒီနာ၊ ကော်ဖီ၊ အရက်၊ ခရမ်းချဉ်သီး ဒါမှမဟုတ် အချဉ်ဓါတ်များသော အစားအစာများ စသည်တို့ဟာ LES ကို ပိုပြီး လျော့ရဲစေပါတယ်။
ပန်းနာရင်ကျပ်ဆေးများ၊ ကယ်လ်စီယမ်လိုင်းပိတ်ဆို့သည့်ဆေးများ (Calcium Channel Blockers)၊ စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးများ (NSAIDs) အချို့တို့ဟာ ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။

၆။ GERD ကို ကုသရာမှာ အဓိကအားဖြင့် လူနေမှုပုံစံ ပြောင်းလဲခြင်း၊ ဆေးဝါးများ သောက်သုံးခြင်းနဲ့ ပြင်းထန်တဲ့ အခြေအနေတွေမှာ ခွဲစိတ်ကုသခြင်း စတဲ့ နည်းလမ်းတွေ ရှိပါတယ်။

A. လူနေမှုပုံစံ ပြောင်းလဲခြင်း (Lifestyle Modifications)
ဆေးမသောက်ဘဲ ဒါမှမဟုတ် ဆေးဝါးကုသမှုနဲ့ တွဲဖက်ပြီး GERD လက္ခဏာတွေ သက်သာစေဖို့ အောက်ပါအတိုင်း ပြောင်းလဲနိုင်ပါတယ်။
* တစ်ကြိမ်တည်း အများကြီးစားမယ့်အစား အစာကို နည်းနည်းချင်း ခဏခဏ စားပေးပါ။
* အိပ်ရာဝင်ချိန်ရဲ့ အနည်းဆုံး ၂ နာရီမှ ၃ နာရီ မတိုင်မီ အစာစားခြင်းကို ရပ်တန့်ပါ။
* အိပ်တဲ့အခါ ခန္ဓာကိုယ်ရဲ့ အပေါ်ပိုင်း (ခေါင်း၊ ပခုံး) ကို ၆ လက်မမှ ၉ လက်မခန့် မြှင့်ထားပြီး အိပ်ပါ။
* အဆီများသော အစားအစာများ၊ ချောကလက်၊ ပူစီနံ၊ ကော်ဖီ၊ အရက်၊ အချဉ်ဓါတ်များသော သစ်သီးဖျော်ရည်များနှင့် အစပ်များကို တတ်နိုင်သမျှ လျှော့စားပါ။
* ကိုယ်အလေးချိန် လျှော့ချခြင်းက ဝမ်းဗိုက်ဖိအားကို လျှော့ချပေးပြီး အက်ဆစ်ပြန်တက်ခြင်းကို သက်သာစေပါတယ်။
* ဆေးလိပ်ဖြတ်ပါ: ဆေးလိပ်သောက်ခြင်းသည် အစာရေမျိုအောက်ပိုင်း ရှုံ့ကြွက်သားကို အားနည်းစေလို့ပါ။

B. ဆေးဝါးဖြင့် ကုသခြင်း (Medication)
GERD အတွက် အသုံးများဆုံး ဆေးဝါး အမျိုးအစားများကတော့-
အက်ဆစ်ဓာတ်ကို လျှော့ချပေးသော ဆေးများ (Acid-Suppressing Medications)
အခြားဆေးများ ဖြစ်တဲ့
Antacids: (အက်ဆစ်ကို ချက်ချင်း Neutralize လုပ်ပေးပြီး လက္ခဏာတွေကို ချက်ချင်း သက်သာစေပါတယ်။ အာနိသင်ကတော့ ခဏပဲ ခံပါတယ်။)
Prokinetics စတာတွေကို သုံးလေ့ရှိပါတယ်။

C. ခွဲစိတ်ကုသခြင်းနှင့် အခြားလုပ်ထုံးလုပ်နည်းများ (Surgery and Procedures)
ဆေးဝါးနဲ့ လူနေမှုပုံစံပြောင်းလဲခြင်းတို့နဲ့ ကုသလို့ မရတဲ့ ပြင်းထန် GERD အခြေအနေများ ဒါမှမဟုတ် နောက်ဆက်တွဲ ပြဿနာများ (ဥပမာ- Hiatal Hernia) ရှိပါက ခွဲစိတ်ကုသမှုကို စဉ်းစားရလေ့ရှိပါတယ်။
ကိုယ့်ရဲ့ ရောဂါလက္ခဏာပြင်းထန်မှုပေါ် မူတည်ပြီး ဘယ်ကုသမှုနည်းလမ်းကို ရွေးချယ်ရမလဲဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

#ခွန်းညိုသွေး

"မုန့်ချိုအိတ် ရောင်ခြင်း "ဒီတစ်ပတ်တော့ မုန့်ချိုအိတ်ရောင်ခြင်း (Pancreatitis) ကို အနည်းငယ် ပြောပြပေးသွားပါမယ်။မုန့်ချို...
17/11/2025

"မုန့်ချိုအိတ် ရောင်ခြင်း "

ဒီတစ်ပတ်တော့ မုန့်ချိုအိတ်ရောင်ခြင်း (Pancreatitis) ကို အနည်းငယ် ပြောပြပေးသွားပါမယ်။

မုန့်ချိုအိတ် ဆိုတာကတော့ ခန္ဓာကိုယ်ရဲ့ ဂလင်းတစ်ခု ဖြစ်ပြီး အစာချေဖျက်ရာမှာ ကူညီပေးတဲ့ အင်ဇိုင်းတွေနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့ အင်ဆူလင် (Insulin) လို ဟော်မုန်းတွေကို ထုတ်ပေးတဲ့ ဝမ်းဗိုက်အတွင်းရဲ့ အနောက်ဘက်နားမှာရှိတဲ့ ဂလင်းတစ်ခု ဖြစ်ပါတယ်။

၁။ မုန့်ချိုအိတ် ရောင်တဲ့အခါ သူ့အထဲမှာရှိတဲ့ အစာချေအင်ဇိုင်းတွေဟာ မုန့်ချိုအိတ်ကိုယ်တိုင်ကို စတင်ဖျက်ဆီးပစ်တာကြောင့် ရောင်ရမ်းခြင်း (Inflammation) ဖြစ်လာတာပါ။

မုန့်ချိုအိတ်ရောင်တာက အဓိကအားဖြင့် အမျိုးအစားနှစ်မျိုးရှိပါတယ်။
1. ခဏတာ မုန့်ချိုအိတ်ရောင်ခြင်း (Acute Pancreatitis): ရုတ်တရက်ဖြစ်ပေါ်ပြီး ရက်သတ္တပတ်အနည်းငယ် သို့မဟုတ် ရက်အနည်းငယ်ကြာတတ်ပါတယ်။ အများစုကတော့ ကုသမှုခံယူပြီးရင် လုံးဝပြန်ကောင်းသွားတတ်ပါတယ်။
2. နာတာရှည် မုန့်ချိုအိတ်ရောင်ခြင်း (Chronic Pancreatitis): သူကတော့ အချိန်ကာလကြာရှည်စွာ ဖြစ်ပေါ်နေပြီး မုန့်ချိုအိတ်ကို ပျက်စီးစေနိုင်ပါတယ်။

၂။ အဖြစ်များတဲ့ ရောဂါလက္ခဏာများ ကတော့ - ဝမ်းဗိုက်အတွင်း ပြင်းထန်တဲ့ နာကျင်မှု ခံစားရတာ၊ ဗိုက်အောင့်တာ
- အဲဒီနာကျင်မှုက နောက်ကျောဘက်အထိ ပျံ့နှံ့နိုင်တာ၊
- ပျို့တာ၊ အန်တာ၊
- ဖျားတာတို့ ဖြစ်တတ်ပါတယ်။

၃။ မုန့်ချိုအိတ်ရောင်ခြင်း (Pancreatitis) ဖြစ်ရတဲ့ အဓိက အကြောင်းရင်းတွေကတော့-

- သည်းခြေကျောက်တည်ခြင်း (Gallstones)

* ဒါက ခဏတာ မုန့်ချိုအိတ်ရောင်ခြင်း (Acute Pancreatitis) ရဲ့ အဖြစ်အများဆုံး အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။
* သည်းခြေအိတ်ထဲက သည်းခြေကျောက်တွေဟာ သည်းခြေပြွန်ကနေတဆင့် ရွေ့လျားလာပြီး မုန့်ချိုအိတ်ပြွန်ကို ပိတ်ဆို့သွားတဲ့အခါ မုန့်ချိုအိတ်ကနေ ထုတ်လုပ်တဲ့ အစာချေအင်ဇိုင်းတွေဟာ အူသိမ်ဆီကို မရောက်နိုင်တော့ဘဲ မုန့်ချိုအိတ်ထဲမှာ စုပုံပြီး မုန့်ချိုအိတ်ကိုယ်တိုင်ကို ဖျက်ဆီး/ရောင်ရမ်းစေပါတယ်။

- အရက်ကို အလွန်အကျွံ သောက်သုံးခြင်း (Heavy Alcohol Use)

* ဒါကတော့ နာတာရှည် မုန့်ချိုအိတ်ရောင်ခြင်း (Chronic Pancreatitis) ရဲ့ အဖြစ်အများဆုံး အကြောင်းအရင်း ဖြစ်ပါတယ်။
* အရက်ကို အချိန်ကြာမြင့်စွာ၊ အများအပြား သောက်သုံးခြင်းက မုန့်ချိုအိတ်ကို တိုက်ရိုက်ထိခိုက်စေပြီး ရောင်ရမ်းမှုနဲ့ ရေရှည်ပျက်စီးမှုကို ဖြစ်စေပါတယ်။

- အခြားအကြောင်းရင်းများ

အထက်ပါအချက်နှစ်ချက်အပြင် အခြားဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းတွေလည်း ရှိပါသေးတယ်-
* အဆီဓာတ် မြင့်မားခြင်း(Hypertriglyceridemia): သွေးတွင်းရှိ အဆီဓာတ် (Triglycerides) ပမာဏ အလွန်အမင်း များပြားနေခြင်း။
* ဆေးဝါးအချို့ရဲ့ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်ခြင်း။
* သွေးတွင်းရှိ ထုံးဓာတ် (Calcium) ပမာဏ များပြားနေခြင်း။
* ဝမ်းဗိုက်ဧရိယာမှာ ထိခိုက်ဒဏ်ရာ ရရှိခြင်း သို့မဟုတ် ခွဲစိတ်ကုသမှု ခံယူပြီးနောက် ဖြစ်ပွားခြင်း။ (Surgery or Trauma)
* ဆေးလိပ်သောက်ခြင်း (Smoking):
* မျိုးရိုးလိုက်ခြင်း (Genetic Factors):
* ကူးစက်ရောဂါများ (Infections): ဥပမာ- ပါးချိတ်ရောင် (Mumps) စတဲ့ ဗိုင်းရပ်စ် ကူးစက်မှုများ။
* Autoimmune Pancreatitis: ကိုယ်ခံအားစနစ်က မုန့်ချိုအိတ်ကို တိုက်ခိုက်ခြင်းကြောင့် ဖြစ်ခြင်း။
အချို့သောကိစ္စများမှာတော့ ဘာကြောင့်ရောင်ရမ်းရလဲဆိုတဲ့ အတိအကျ အကြောင်းရင်းကို ရှာမတွေ့နိုင်ဘဲ ဖြစ်နေတတ်ပါတယ်။ ဒါကို အကြောင်းရင်းမသိရသော Pancreatitis (Idiopathic Pancreatitis) လို့ ခေါ်ပါတယ်။

၄။ မုန့်ချိုအိတ်ရောင်ခြင်း (Pancreatitis) ဖြစ်နိုင်ခြေ ပိုများတဲ့သူတွေ ဒါမှမဟုတ် အန္တရာယ်ပိုရှိတဲ့သူတွေကတော့-
- အရက်ကို အလွန်အကျွံ သောက်သုံးသူတွေ
* နေ့စဉ် ပုံမှန် အရက်ကို များများသောက်သူများဟာ အထူးသဖြင့် နာတာရှည် Pancreatitis ဖြစ်နိုင်ခြေ အမြင့်ဆုံး ရှိပါတယ်။
- သည်းခြေကျောက်တည်သူတွေ (People with Gallstones)

အခြားအန္တရာယ်ရှိသူတွေကတော့
- ဆေးလိပ်သောက်သူတွေဟာ နာတာရှည် Pancreatitis ဖြစ်နိုင်ခြေကို သုံးဆ ခန့် တိုးစေပါတယ်။
- အဝလွန်သူတွေ (Obesity)
- သွေးတွင်းအဆီဓာတ် (Triglycerides) အလွန်အမင်း မြင့်မားသူတွေ
* မျိုးရိုးလိုက်ခြင်း သို့မဟုတ် မိသားစု ရာဇဝင်ရှိသူတွေ
* ဆီးချိုရောဂါရှိသူတွေ(Diabetes)
* ဆီးချိုရောဂါရှိခြင်းကလည်း Pancreatitis ဖြစ်နိုင်ခြေကို တိုးစေပါတယ်။
* အသက်အရွယ်ကြီးသူတွေ

ဖြစ်ကြပါတယ်။

၅။ Pancreatitisကို စစ်ဆေးဖော်ထုတ်ရာမှာ ဆရာဝန်တွေဟာ လူနာရဲ့ ရောဂါလက္ခဏာတွေကို မေးမြန်းခြင်း၊ ဝမ်းဗိုက်ကို စမ်းသပ်စစ်ဆေးမှုတွေအပြင်
- သွေးစစ်ဆေးခြင်း (Blood Tests)
* Lipase နှင့် Amylase အင်ဇိုင်းများ:
* အသည်းရဲ့ အင်ဇိုင်းများ (Liver Enzymes) ကို စစ်ဆေးခြင်း။
* ရောဂါရဲ့ ပြင်းထန်မှုကို ဆုံးဖြတ်ဖို့ သွေးဆဲလ်အရေအတွက် (CBC)၊
* ကျောက်ကပ်လုပ်ငန်းဆောင်တာနဲ့ သွေးတွင်း အဆီဓာတ် (Triglycerides) များကို စစ်ဆေးခြင်း
တို့ ပြုလုပ်နိုင်ပါတယ်။

- ပုံရိပ်ဖော် စစ်ဆေးမှုများ (Imaging Tests)အနေနဲ့
* ဝမ်းဗိုက် အာထရာဆောင်း (Abdominal Ultrasound):
* ကွန်ပျူတာ ဓာတ်မှန် (CT Scan):
* သံလိုက်ပဲ့တင်ရိုက်ခတ်မှု ပုံရိပ်ဖော်ခြင်း (MRI Scan) စတာတွေကို စစ်ဆေးလို့ ရပါတယ်။

နာတာရှည် Pancreatitis ကို ရှာဖွေရာမှာတော့ အထူးပြု စစ်ဆေးမှုတွေ လိုအပ်နိုင်ပါတယ်-
* မစင်စစ်ဆေးခြင်း (Stool Test):
* Pancreatic Function Test တို့ကို စစ်ဆေးလို့ ရပါတယ်။

၆။ မုန့်ချိုအိတ်ရောင်ခြင်း (Pancreatitis) ရဲ့ ကုသမှုဟာ ရောဂါရဲ့ အမျိုးအစား ( ခဏတာ/နာတာရှည်) နဲ့ ပြင်းထန်မှုအပေါ် မူတည်ပြီး ကွဲပြားပါတယ်။ အများစုကို ဆေးရုံမှာ ဆရာဝန်နဲ့ အနီးကပ် ကုသမှုခံယူရလေ့ရှိပါတယ်။

ခဏတာ Pancreatitis (Acute Pancreatitis) အတွက် ကုသမှုတွေ အနေနဲ့ သွေးကြောထဲ ဆေးသွင်းခြင်း (IV Fluids)၊ အကိုက်အခဲ သက်သာစေသော ဆေးများ (Pain Management) ၊ အာဟာရ ထောက်ပံ့ခြင်း (Nutritional Support) ၊ ရောဂါဖြစ်စေသော အကြောင်းရင်းကို ဖယ်ရှားခြင်း(ဥပမာသည်းခြေအိတ်ထုတ်ခြင်း ခွဲစိတ်မှု ) စတာတွေ လုပ်ပေးရပါတယ်။

နာတာရှည် ရောင်ရမ်းမှု ဆိုရင်တော့ မုန့်ချိုအိတ်ကို ကာလကြာရှည် ပျက်စီးလာခဲ့စေတာကြောင့် ကုသမှုဟာ နာကျင်မှုကို ထိန်းချုပ်ဖို့နဲ့ မုန့်ချိုအိတ်ရဲ့ လုပ်ငန်းဆောင်တာ ပျက်ယွင်းမှုကို ဖြည့်ဆည်းဖို့ ရည်ရွယ်ပါတယ်။အရက် လုံးဝရှောင်ခြင်း နှင့် ဆေးလိပ်ဖြတ်ခြင်း၊ နာကျင်မှု ထိန်းချုပ်ခြင်းနဲ့ အင်ဇိုင်းများ ဖြည့်စွက်ခြင်း (Enzyme Supplements)၊ မုန့်ချိုအိတ်ပျက်စီးမှုကြောင့် အင်ဆူလင် (Insulin) ထုတ်လုပ်မှု နည်းသွားပြီး ဆီးချိုဖြစ်လာပါက အင်ဆူလင် ထိုးဆေး ဖြင့် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ခြင်း၊ ခွဲစိတ်ကုသမှု (Surgery) စတာတွေ လိုအပ်မှာပဲ ဖြစ်ပါတယ်။

သတိပြုရန်တစ်ခုကတော့ မုန့်ချိုအိတ်ရောင်ခြင်း Pancreatitis ရောဂါကို သံသယရှိပါက၊ ဆရာဝန် သို့မဟုတ် အထူးကုဆရာဝန် (အစာအိမ်နှင့် အူလမ်းကြောင်း အထူးကု) နဲချက်ချင်းတိုင်ပင်ပြီး လိုအပ်သော ကုသမှုများ ခံယူသင့်ပါတယ်။

#ခွန်းညိုသွေး

26/10/2025

မျက်စိနာတာ နီရဲရောင်ယမ်းတာတွေ ဖြစ်နေကြတော့ ဒီတစ်ပတ်မှာ မျက်စိနာလို့ မျက်စဉ်းခတ်တော့မယ်ဆိုရင် သတိထားရမယ့် အချက်လေးတွေကို ပြောပြပေးပါမယ်။

"သင်မျက်စဉ်းခတ် တော့မယ်ဆိုရင် "

၁။ ရှေးဦးစွာ ဂွမ်းလုံးလေးကို ရေနွေးမှာ စိမ်လိုက်ပါ။ ပြီးတဲ့အခါမှာ ဂွမ်းလုံးလေးကို ရေညှစ်လိုက်ပြီး မျက်တောင် မျက်ခွံစတဲ့ နေရာတဝိုက်ကို သန့်စင်ပါ။ အဲ့ဒီနေရာမှာ ရှိတဲ့ ခြောက်သွေ့ပြီးကပ်နေတဲ့ မျက်ဝတ် ပြည် စတာတွေ သန့်စင်စေဖို့ပဲ ဖြစ်ပါတယ် ။ နှာခေါင်းဘေးနေရာကနေ စတင်ပြီး အပြင်ဘက် (နားရွက်ရှိရာ)ကို ဝိုက်ပြီး ပွတ်သုတ်ပေးရမှာ ဖြစ်ပါတယ် ။တကယ်လို့ မျက်ဝတ်၊ပြည် စတာတွေ မရှိရင်တော့ ဒီ အဆင့်ကို ကျော်လို့ရပါတယ် ။

၂။ မျက်စဉ်းပုလင်းကို မကိုင်တွယ်မီ လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင်အရင်ဆေးကြောပါ။

မျက်စဉ်းပုလင်းကို စက္ကန့်အနည်းငယ် ကြာ လှုပ်ခါပေး သို့မဟုတ် လှည့်ပေးခြင်းဖြင့် အထဲထဲက ပါဝင်ပစ္စည်းများကို သမမျှတစေပါတယ်။

၃။ မျက်စဉ်းပုလင်း အဖုံးကို ဖွင့်ပါ ။ အဖုံးကို ဘေးနားမှ သန့်စင်သောနေရာတွင်ထားပါ။

သတိပြုရမှာက မျက်စဉ်းပုလင်းရဲ့ အဝ ထိပ် နှုတ်ခမ်းကို လက်နဲ့ထိတာမျိုး မလုပ်ပါနဲ့ ။

၄။ ခေါင်းကို နောက်လှန်ပြီး မျက်စဉ်းခတ်နိုင်သလို အိပ်ရာပေါ် ကို သက်တောင့်သက်သာနဲ့ လှဲချလိုက်ပြီး မျက်လုံးကို အပေါ်မော့ကြည့်တဲ့ အနေအထားကလည်း အဆင်ပြေစေပါတယ်။

အောက်ဘက်မျက်ခွံကို လက်နဲ့ ဆွဲချလိုက်ခြင်းအားဖြင့် မျက်လုံးနဲ့ အောက်မျက်ခွံကြားက ဖြစ်လာတဲ့ချိုင့်လေးဟာ မျက်စဉ်းတစ်စက်အတွက် လုံလောက်တဲ့ နေရာလေးပါပဲ။

၅။ အဲ့ဒီ ချိုင့်လေးထဲကို မျက်စဉ်းတစ်စက်ခတ်လိုက်ပါ။တကယ်လို့ ပိုခတ်မိရင်တော့ မျက်စဉ်းတွေ လျှံကျလာနိုင်ပါတယ်။

သတိထားရမှာက မျက်စဉ်းပုလင်း နှုတ်ခမ်းအဝကို မျက်ခွံ မျက်တောင် စတဲ့ အစိန်အပိုင်းတွေနဲ့ မထိတွေ့ပါစေနဲ့ ။ မျက်လုံးက ရောဂါပိုးတွေ မျက်စဉ်းပုလင်းထဲကို ဝင်သွားနိုင်လို့ပဲ ဖြစ်ပါတယ် ။

၆။ မျက်စဉ်းက ဝင်သွားတာ သေချာပါစေ။ တကယ်လို့ စိတ်ထဲမသေချာရင် နောက် တစ်စက် ခတ်နိုင်ပါတယ် ။

၇။ မျက်လုံးကို တစ်မိနစ်ခန့် ပိတ်ထားပါ ။
နှာခေါင်းရဲ့ အရင်း (နေရာအနားက အပေါ်နဲ့အောက်မျက်ခွံဆုံတဲ့နေရာလေး) ကို အသာလေးဖိထားပေးခြင်းက မျက်စဉ်းကို မျက်ရည်ပြွန်မှတစ်ဆင့် နှာခေါင်းထဲ စီးကျခြင်းကို ကာကွယ်ပေးပါတယ် ။

မျက်လုံးအနီးတဝိုက်က ပိုနေသော မျက်စဉ်းများကို ဂွမ်းစလေးနဲ့ သုတ်ပေးနိုင်ပါတယ်။ မျက်လုံးကို မပွတ်ပါနဲ့။ စီးလာတဲ့ မျက်ရည် စသည်ကို မျက်လုံးထဲကို ပြန်မသွင်းပါနဲ့။

၈။ မျက်စဉ်းက တစ်စက်ထက်ပိုခတ်ရမယ်ဆိုရင် ငါးမိနစ်ခန့်စောင့်ပြီးမှ ဒုတိယ တစ်စက်ကို ခတ်ပါ။

၉။ မျက်စဉ်းတောင့် (အဆီ ) ကို ထည့်ရမယ်ဆိုရင်လည်း မျက်စဉ်းခတ်ပုံနဲ့ သဘောတရားအတူတူပါပဲ ။ ညှစ်ဆေးointment ကို အောက်မျက်ခွံကို ဆွဲချပြီး အလျားလိုက်လေး ထည့်သွင်းပေးပါ ။

ညှစ်ဆေးတောင့်ရဲ့ ပျော်ဝင်မှုအားကောင်းစေဖို့ ဆေးတောင့်ကို အသုံးမပြုခင် လက်ထဲကိုင်ကာ (ပွတ်ပေးရင်လည်းရပါတယ်)အနွေးဓာတ်ပေးထားနိုင်ပါတယ် ။

၁၀။ #သတိပြုရမယ့်အရာတွေက

မျက်လုံးထဲကို မျက်စဉ်းတစ်စက်ခတ်ရင်လုံလောက်ပါတယ်။

ဆေးရုံကို လာပြတဲ့အခါ မျက်စဉ်းပုလင်း ကို ယူလာခဲ့ပါ ။

၁၁။ မျက်စဉ်းကို ရောဂါလက္ခဏာ သက်သာသွားပြီဆိုပြီး မျက်စဉ်းခတ်တာကို ရပ်လိုက်တာမျိုး မလုပ်ရပါဘူး ။တစ်ချို့သော မျက်စဉ်းတွေဟာ ပဋိဇီဝဆေး ပါဝင်တဲ့ အတွက် သတ်မှတ်ထားသော course အတိုင်း ရက်ပြည့်တဲ့အထိ ခတ်ရမှာ ဖြစ်တဲ့အတွက်ပါ။

ဆရာဝန်က မျက်စဉ်းခတ်တာကို ရပ်ဖို့ ပြောတဲ့ အချိန်ထိ မျက်စဉ်းကို ခတ်ပေးဖို့ လိုအပ်ပါတယ်။

မျက်စဉ်းခတ်နေစဉ် ခရီးသွားရန်ရှိတဲ့ အခါလည်း မျက်စဉ်းပုလင်းကို ယူဆောင်သွားပြီး အိမ်မှာ ခတ်နေကျ အချိန်တိုင်းကို မျက်စဉ်း ခတ်ပေးပါ ။မျက်စဉ်းပုလင်းကို ဖုန် အညစ်အကြေး စတာတွေ မဝင်စေဖို့ ဂရုစိုက်ပါ။

၁၂။ မျက်စဉ်းခတ်လိုက်လို့ မိနစ်ပိုင်းအတွင်းမှာ ပူလောင်တဲ့ ခံစားမှုဖြစ်လာတာ၊ မျက်လုံးနီရဲလာတာ ၊ မျက်ခွံ ရောင်ကိုင်းလာတာ မျိုး ယားယံလာတာမျိုး ရှိလာတဲ့အခါ မျက်စဉ်းခတ်တာကို ရပ်လိုက်ပြီး သင့်မျက်စိဆရာဝန်နဲ့ ပြန်လည်ပြသတိုင်ပင်ပါ။

၁၃။ #မျက်စဉ်း ရွေးချယ်မှုတွေကတော့

ဈေးကွက်ထဲမှာ ဝယ်လို့ရတဲ့ သင်လက်လှမ်းမီတဲ့ မျက်စဉ်း တံဆိပ်မျိုးစုံရှိပါတယ်။ ဥပမာ မျက်စိနာတာအတွက် မျက်စဉ်း၊ မျက်လုံးခြောက်တာအတွက် မျက်စဉ်း စသည်ဖြင့်ပါ။

မျက်စိနီရဲနာကျင်တာမျိုး ၃ရက်ထက်ကျော်နေပြီလား ။ ဓာတ်မတည့်ခြင်းကြောင့် မျက်စိနီရဲလာခြင်းလား ။

မျက်လုံးရဲ့ အစိုဓာတ်ကို ဖြည့်စွမ်းဖို့ပဲ လိုအပ်နေတာလား။

မျက်လုံးခြောက်သွေ့လို့၊ မျက်စိနီရဲလာလို့ ဆိုတဲ့ အကြောင်းပြချက်ဟာ လူတွေကို မျက်စဉ်းအသုံးပြုရစေတဲ့ အကြောင်းရင်းထဲက တစ်ခုပါပဲ။ယနေ့ခတ် ကွန်ပျူတာကို ကြာရှည်စွာ အသုံးပြုရတဲ့ အခြေအနေတွေမှာ မျက်စဉ်း သုံးကြပါတယ် ။ မျက်စဉ်း အဆီ (eye ointment) ကို အသုံးပြုတဲ့အခါ ကြာလာရင် အမြင်ဝေဝါးတာမျိုး ဖြစ်တတ်ပါတယ် ။ ခြောက်သွေ့တဲ့ မျက်လုံးအတွက် ဓာတုပစ္စည်းမပါဝင်တဲ့ မျက်ရည်တု (artificial tears ) က အကောင်းဆုံးပါပဲ။

ရောဂါပိုးကြောင့်ဖြစ်တဲ့ မျက်စိနီရဲ ရောင်ရမ်းခြင်းတွေအတွက် ပိုးသတ်ဆေး antibiotics ပါတဲ့ မျက်စဉ်းဆေးတွေရှိသလို ဓာတ်မတည့်ခြင်းတွေအတွက် anti histamine ပါဝင်တဲ့ မျက်စဉ်း တံဆိပ်တွေလည်း ရှိပါတယ် ။

သင့်အနေနဲ့ဈေးကွက်ထဲက ကောင်တာပေါ်မှာ ရှိတဲ့ မျက်စဉ်းပုလင်းကိုကောက်ယူလိုက်ဖို့ထက် မျက်စိဆရာဝန်နဲ့ တိုင်ပင်တာက ပိုမိုသင့်တော်ပါတယ် ။ သူက သင်မျက်စဉ်းခတ်ရမယ့် အစက်အရေအတွက် အကြိမ်ရေ နဲ့ ရက်သတ္တပတ်အပိုင်းအခြားကိုပါ ညွှန်ကြားပေးနိုင်လို့ပါပဲ။

#ခွန်းညိုသွေး

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Dear Health by Dr. Khoon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram