Tyron 's Talking Therapy

Tyron 's Talking Therapy Coaching /Guidance & Counseling /
Psychosocial Supports

  မှမြန်မာသက္ကရာဇ်၁၃၈၈ ခုနှစ်သစ်အတွက်မဂ်လာဆုမွန်​ကောင်း ​ပေးပို့ပါတယ်Tyron 's Talking Therapy
17/04/2026

မှ
မြန်မာသက္ကရာဇ်၁၃၈၈ ခုနှစ်သစ်အတွက်
မဂ်လာဆုမွန်​ကောင်း ​ပေးပို့ပါတယ်
Tyron 's Talking Therapy

ဒီနေ့ “ဝန်းကျင်ဆိုတာကလေးတို့ဆရာ” ဆိုတဲ့စာအုပ်လေးကို Food for Thought 1111 အဖြစ်မျှဝေ လိုက်ပါတယ်။ကလေးတွေဟာ သူတို့ပတ်ဝန်းက...
16/04/2026

ဒီနေ့ “ဝန်းကျင်ဆိုတာကလေးတို့ဆရာ” ဆိုတဲ့စာအုပ်လေးကို Food for Thought 1111 အဖြစ်မျှဝေ လိုက်ပါတယ်။

ကလေးတွေဟာ သူတို့ပတ်ဝန်းကျင်မှာ နေ့စဉ်တွေ့မြင် ကြားသိ ခံစားရတာတွေကို စူးစမ်းလေ့လာ မှတ်သားပြီး တုံ့ပြန်ပြုမူရင်း ကြီးပြင်းလာကြပါတယ်။

သူတို့ ဘယ်လိုကလေးတွေအဖြစ် ကြီးပြင်းလာမယ်ဆိုတာကို သူတို့ပတ်ဝန်းကျင်က များစွာလွှမ်းမိုး ဆုံးဖြတ်ပေးနိုင်ပါတယ်။ သူတို့ပတ်ဝန်းကျင်မှာ သူတို့ကို အလွှမ်းမိုးနိုင်ဆုံးသူတွေကတော့ လက်ဦး ဆရာတွေဖြစ်တဲ့ မိဘနှစ်ပါးနဲ့ မိသားစုဝင်များ၊ ဆရာ ဆရာမများပဲ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ကလေး တို့ဟာ သူတို့ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုတွေကို ဘယ်လိုတုံ့ပြန် ကြီးပြင်းလာကြတယ်ဆိုတဲ့ ကမ္ဘာ ကျော်ကဗျာလေးကို တစ်ပိုဒ်ချင်းစီ အဓိပ္ပာယ်ဖွင့်ဆိုရှင်းလင်းတင်ပြထားပါတယ်။

မိဘတွေအနေနဲ့ ကလေးတွေကိုဘယ်လိုပြုစုပျိုးထောင်ရမယ်ဆိုတဲ့ အကောင်းဆုံးလမ်းညွှန်ချက်များ ဖြစ်ပါတယ်။

ကျွန်တော်က အဲဒီစာအုပ်ထဲမှာပါတဲ့ကဗျာလေးကို နှစ်သက်သဘောကျလွန်းတဲ့အတွက် ကျွန်တော်စာ ကြည့်စားပွဲရှေ့ဘက်နံရံမှာ ကဗျာလေးကို ကပ်ထားခဲ့ပါတယ်။ စာကြည့်စားပွဲမှာထိုင်အလုပ်လုပ်ရင်း အဲဒီကဗျာလေးကို နေ့တိုင်းလိုတွေ့မြင်နေရပါတယ်။ တွေမြင်နေရတိုင်း သဘောကျမိခဲ့ပါတယ်။ ကျွန်တော် သဘောကျသလိုမိတ်ဆွေတို့လည်းသဘောကျမှာလို့ စဥ်းစားမိတာနဲ့နောက် ထပ်တစ်ကြိမ်းထပ်ပြီးမျှဝေလိုက်တာဖြစ်ပါတယ်။

ကဗျာလေးမှာဖေါ်ပြထားတဲ့အချက်တွေကတော့ အောက်ပါတို့ဖြစ်ပါတယ်။

• ဝေဖန်ခံရမှုမှုနဲ့ကြီးပြင်းလာ အပြစ်ရှိသူလို့ခံစားရမှာ

• ရန်လိုမှုနဲ့ကြီးပြင်းလာ ခိုက်ရန်များသူဖြစ်လာမှာ

• ကြောက်ရွံ့မှုနဲ့ကြီးပြင်းလာ စိုးရိမ်တတ်သူဖြစ်လာမှာ

• အသနားခံသူအဖြစ်ကြီးပြင်းလာ ဝမ်းနည်းတတ်သူဖြစ်လာမှာ

• လှောင်ပြောင်ခံရမှုနဲ့ကြီးပြင်းလာ ရှက်ရှက်ရွံ့တတ်သူဖြစ်လာမှာ

• မနာလိုမှုနှင့် ကြီးပြင်းလာ ဝန်တိုတတ်သူဖြစ်လာမှာ

• ရှက်ရွံ့မှုနှင့်ကြီးပြင်းလာ အပြစ်ရှိသူလို့ခံစားရမှာ

• အားပေးခံရမှုနဲ့ကြီးပြင်းလာ ယုံကြည်တတ်သူဖြစ်လာမှာ

• သည်းခံမှုနဲ့ကြီးပြင်းလာ စိတ်ရှည်တတ်သူဖြစ်လာမှာ

• ချီးမွမ်းခံရမှုနဲ့ကြီးပြင်းလာ တန်ဖိုးထားတတ်သူဖြစ်လာမှာ

• လက်ခံမှုဖြင့် ကြီးပြင်းလာ ချစ်ခင်တတ်သူဖြစ်လာမှာ

• လက်ခံအတည်ပြုမှုနဲ့ကြီးပြင်းလာ မိမိကိုယ်ကိုနှစ်သက်သူဖြစ်လာမှာ

• အသိအမှတ်ပြုခံရမှုနဲ့ကြီးပြင်းလာ ရည်မှန်းချက်ထားတတ်သူဖြစ်လာမှာ

• မျှဝေမှုနှင့်ကြီးပြင်းလာ ရက်ရောသူဖြစ်လာမှာ

• ရိုးသားဖြောင့်မတ်မှုနဲ့ကြီးပြင်းလာ မှန်ကန်မှုကို မြတ်နိုးသူဖြစ်လာမှာ

• မျှတမှုနှင့်ကြီးပြင်းလာ တရားမျှတသူဖြစ်လာမှာ

• ကြင်နာမှုနဲ့ကြီးပြင်းလာ လေးစားတတ်သူဖြစ်လာမှာ

• စိတ်ဓာတ်လုံခြုံမှုနှင့် ကြီးပြင်းလာ ယုံကြည်တတ်သူဖြစ်လာမှာ

ဒီကဗျာလေးကိုရေးသားခဲ့သူကတော့ Dorathy Law Nolte (1924-2005) ဖြစ်ပါတယ်။ ဒေါ်ရသီဟာ မိသားစုများကိုအကြံပေးတဲ့အလုပ်၊ ပညာရေးတာဝန်၊ကလေးဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်တဲ့စာတွေ ကိုအထူးအလေးထားရေးခဲ့သူဖြစ်ပါတယ်။ သူကိုယ်တိုင်မူကြိုကျောင်းတစ်ကျောင်းကိုလည်း ဖွင့်လှစ် ခဲ့ပြီးမိဘများကိုပညာပေးတဲ့လုပ်ငန်းတွေလည်းတိုက်ရိုက်ပြုလုပ်ခဲ့ပါတယ်။ ၁၉၅၄ ခုနှစ်မှာတော့ အခု တင်ပြတဲ့ကဗျာလေးကိုရေးခဲ့ပါတယ်။ အဲဒီကဗာကိုရေးတဲ့အခါ မိသားစုများ၊ ကလေးများနှင့် ကောင်း တဲ့ ပတ်ဝန်းကျင်ဖန်တီးပေးမှုကအရေးကြီးကြောင်း လိုအပ်တဲ့လမ်းညွန်မှုမျာပေးခဲ့တဲ့အတွေ့ အကြုံ များအပေါ်အခြေခံထားပါတယ်။အဲဒီကဗျာလေးကိုအခြေပြုပြီးဒေါ်ရသီက စာအုပ်တစ်အုပ်ရေးခဲ့ပါ တယ်။ စာအုပ်အမည်ကလည်း ကဗျာ အမည်ပင်ဖြစ်ပါတယ်။

မိတ်ဆွေများ ဒီကဗျာလေးကလမ်းညွှန်ထားတဲ့အတိုင်း ကလေးတွေကို လေ့ကျင့် ပျိုထောင်ပေးနိုင်ကြ ပါစေ။

မေတ္တာဖြင့်
ဒေါတ်တာသိန်းလွင်၊ ပါမောက္ခ၊ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊

https://www.facebook.com/share/18UrG3SCEn/
07/04/2026

https://www.facebook.com/share/18UrG3SCEn/

ကမ္ဘာကျော် အီတလီစာရေးဆရာနဲ့ ဒဿနပညာရှင် အမ်ဘာတိုအီကို (Umberto Eco) မှာ လူမှုကွန်ရက်တွေအပေါ် ထားရှိတဲ့ တကယ့်ကို ပွင့်လင်းပြတ်သားလွန်းတဲ့ အမြင်တစ်ခုရှိပါတယ် ၂၀၁၅ ခုနှစ်မှာ သူပြောခဲ့တဲ့ Invasion of Idiots ဆိုတဲ့ စကားစုဟာ ဒီနေ့ခေတ်မှာ ပိုပြီးတော့တောင် ထင်ရှားလာသလို ရှိနေပါတယ်

သူဆိုလိုချင်တာကတော့ အရင်တုန်းက ဘာမှနားမလည်ဘဲ လျှောက်ပြောတတ်တဲ့သူတွေဟာ အရက်ဆိုင်မှာ ဝိုင်တစ်ခွက်သောက်ပြီး စကားနိုင်လုရုံလောက်ပဲ ရှိခဲ့တာပါ အဲ့ဒီအချိန်မှာ သူတို့ကို တစ်ဖက်ကနေ ချက်ချင်းပဲ ပြန်ပြီးတားဆီးနိုင်ခဲ့ကြပါတယ်

ဒါပေမဲ့ အခုလို ဆိုရှယ်မီဒီယာခေတ်မှာတော့ ပညာရှင်တစ်ယောက်ရဲ့ စကားနဲ့ ဘာမှမသိဘဲ အော်ဟစ်နေတဲ့သူတစ်ယောက်ရဲ့ စကားဟာ အခွင့်အရေးတူတူပဲ ဖြစ်သွားရုံတင်မကဘဲ တစ်ခါတလေမှာ အဲ့ဒီ ဘာမှမသိဘဲ အော်ဟစ်နေတဲ့သူတစ်ယောက်ရဲ့အသံတွေက ပိုပြီးတော့တောင် ကျယ်လောင်ပြန့်နှံ့သွားတတ်တာကို သူက ထောက်ပြခဲ့တာပါ

သူဟာ ဒီစကားကို တူရင်တက္ကသိုလ် (University of Turin) ကနေ ဂုဏ်ထူးဆောင်ဘွဲ့ လက်ခံရရှိပြီးပြီးချင်းမှာ ပြောကြားခဲ့တာဖြစ်ပါတယ် နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ လူတိုင်းမှာ လွတ်လပ်စွာ ပြောဆိုခွင့် ရှိလာတာဟာ ကောင်းတဲ့အချက်ဖြစ်ပေမဲ့ အချက်အလက်အမှားတွေနဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကလည်း လူမှုပတ်ဝန်းကျင်ကို အချိန်မရွေး လွှမ်းမိုးသွားနိုင်တယ်ဆိုတဲ့သူ့ရဲ့ သတိပေးချက်ကတော့ တကယ့်ကို အဖိုးတန်လှပါတယ်

ဒီနေ့ခေတ်မှာဆိုရင်လည်း ဆိုရှယ်မီဒီယာ Algorithm တွေရဲ့ အကူအညီနဲ့ ဒီလို ဘာအရည်အချင်းမှမရှိဘဲ အသံကျယ်တဲ့လူတွေ က ပိုပြီး နေရာရလာတာကို တွေ့နေရတာကြောင့် အမ်ဘာတိုအီကို ရဲ့ အမြင်ဟာ တကယ်ကို မှန်ကန်လွန်းနေပါတယ်

#ဗဟုသုတ #ဆိုရှယ်မီဒီယာ

ကိုယ်ကိုယ်တိုင်ရော ဒီထဲပါနေပြီလားလူငယ် ၁၀ယောက်မှာ ၇ယောက်နှုန်းဟာ နေ့စဉ်နဲ့အမျှစိတ်အတက်အကျမြန်ဝေဒနာခံစားနေရတယ်လို့ WHO နဲ...
01/04/2026

ကိုယ်ကိုယ်တိုင်ရော ဒီထဲပါနေပြီလား

လူငယ် ၁၀ယောက်မှာ ၇ယောက်နှုန်းဟာ နေ့စဉ်နဲ့အမျှ
စိတ်အတက်အကျမြန်ဝေဒနာခံစားနေရတယ်လို့ WHO
နဲ့ UNICEF အပါအဝင် Mental Health Foundation
(Myanmar) နဲ့ မြန်မာနိုင်ငံအ‌ခြေပြု စိတ်ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းများရဲ့ ၂၀၂၁ နောက်ပိုင်း စစ်တမ်း
များကဆိုထားပါတယ်

စိတ်အတက်အကျမြန်တဲ့ဝေဒနာ Mood Swings
ကြောင့် လူငယ်အများစုမှာ ပျော်ခြင်း ၊ ဝမ်းနည်းခြင်း အကြောင်းအရင်းမဲ့ မကြာခဏစိတ်တို ဒေါသထွက်
ခြင်းတို့ကို အချိန်ခဏအတွင်းပြောင်းလဲခံစားနေရတဲ့
လက္ခဏာတွေကိုလည်း တွေ့မြင်ရတယ်လို့ဆိုပါတယ်
အထူးသဖြင့် အသက်၁၅နှစ်နဲ့အထက်ကနေ အသက်
၂၈အတွင်းလူငယ်များမှာ အများဆုံးတွေ့ရပါတယ်တဲ့

လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေအရ မြန်မာလူငယ်
အတော်များများဟာ Emotional Rollercoaster
အနေအထားနဲ့ ကြုံရဖန်များလာခြင်းရဲ့အကျိုးဆက်လို့
ဆိုထားပြီး လူငယ်အများစုဟာ မိမိအနာဂတ်အတွက်
စိုးရိမ်မှုများ ပညာရေးနဲ့ အလုပ်အကိုင် ၊ လူမှုရေးဖိအား
တွေကြောင့် စိတ်မလုံခြုံမှုတွေကိုခံစားနေကြရတာပါ

ဒါတင်မက Social Media ရဲ့ ရိုက်ခတ်မှုကြောင့်
အများသူငါနဲ့ မိမိကိုယ်ကိုယ် အမြဲနှိုင်းယှဉ်မိနေကြပြီး
စိတ်ပျော်ရွှင်မှုနည်းပါလာခြင်းအပြင် ပတ်ဝန်းကျင်
ဖိအားနဲ့အိမ်တွင်းရေး ၊ လူမှုအသိုင်းအဝိုင်းရဲ့မျှော်လင့်
ချက်တွေကြားမှာဗျာများနေရခြင်းတို့က စိတ်အတက်
အကျမြန်တဲ့ဝေဒနာဆီကို ဦးတည်သွားစေခဲ့တယ်လို့ဆို
ပါတယ် ဒါပေမဲ့ ဒီလိုစိတ်အတက်အကျမြန်တာဟာ
ရောဂါအဆင့်ကိုရောက်သေးတာ မဟုတ်ဘူးလို့ဆိုတဲ့အတွက်ထိန်းချုပ်လို့ရတယ်လို့လည်းသိရပါတယ်

ပညာရှင်တွေရဲ့အဆိုပြုချက်အရ ကိုယ့်ကိုယ်ကိုယ်
စိတ်အတက်အကျမြန်တယ်လို့ ထင်မိနေပြီဆိုရင်
ဒီနည်းတွေနဲ့ ထိန်းချုပ်လို့ရကြောင်း ဝေမျှထားတာ
လေးကို တစ်ဆင့်ခံပြန်ပြောပြပါရစေ

• ကိုယ့်စိတ်ကို သတိထားလိုက်ပါ

တစ်ခုခုအပေါ်မှာ အလိုလိုစိတ်တိုတာမျိုးခံစားလာရ
တဲ့အခါ ငါအခု ဘာကြောင့်စိတ်တိုနေတာလဲ? ဒါမှမဟုတ် အလိုလိုနေရင်းဝမ်းနည်းနေသလိုခံစားရတဲ့
အခါ ငါအခု ဘာလို့ဝမ်းနည်းနေမိတာလဲ? ဆိုတာကို
ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ ၊ စိတ်လှုပ်ရှားမှု
နောက်ကို ချက်ချင်းမလိုက်သွားဘဲ အသိလေးနဲ့ဖြတ်တောက်ကြည့်ပါ ၊ ဒီလိုနည်းနဲ့ အခြေအနေတွေကို ပြန်သုံးသပ်နိုင်သွားရင် စိတ်ခံစားလွယ်တာ ၊ တက်တာ
ကျတာတွေ လျော့သွားနိုင်ပါမယ်
____

• စိတ်မရှည်ချိန်တွေမှာ အသက်ပြင်းပြင်းရှုပါ

တစ်ခုခုကို ပေါက်ကွဲမိတော့မလို စိတ်ထဲကဖြစ်လာရင် နှာခေါင်းကနေအသက်ပြင်းပြင်းရှုသွင်းပြီး ပါးစပ်
ကနေပြန်မှုတ်ထုတ်တာမျိုးလုပ်ကြည့်ပါ စိတ်မရှည်ဘူး
လို့ ကိုယ့်ကိုယ်ကိုယ်ထင်လာတဲ့အချိန်တွေမှာ တခြားသူ
တွေရဲ့စကားတွေကို ခွန်းတုံ့မပြန်ပဲ အဲ့ဒီနေရာကနေ
ရှောင်ထွက်နိုင်ပါစေ

____

• အိပ်ရေးဝဝအိပ်ပါ

စိတ်ခံစားချက်တွေက ဖိအားတွေဖြစ်လာရခြင်းရဲ့
နောက်မှာ အိပ်ရေးမဝခြင်းက အဓိကတရားခံလိုပဲ
အမြဲရှိနေပါတယ် အိပ်ရေးပျက်တဲ့အခါ ဦးနှောက်က
စိတ်ခံစားချက်ကိုမထိန်းချုပ်နိုင်တော့ဘဲ ပေါက်ကွဲ
လွယ်လာတတ်လို့ အိပ်ရေးဝအောင်အိပ်တာကလည်း
စိတ်အတက်အကျမြန်တာမျိုးမခံစားရအောင် ထိန်း
ချုပ်ပေးနိုင်ပါတယ်

____

• Journaling လုပ်ပါ

စိတ်ထဲရှိတာတွေကို ချရေးလိုက်တာမျိုးပဲဖြစ်ဖြစ်
ပြောချင်တာတွေကို ချရေးလိုက်တာမျိုးပဲဖြစ်ဖြစ်
လုပ်တာကလည်း စိတ်ထဲကအမှိုက်တွေကို ရှင်းပစ်
လိုက်သလိုပဲထိရောက်တဲ့နည်းပါ ဒီနည်းနဲ့ကိုယ့်ကိုယ်
ကိုယ် ပြန်တည့်မတ်ကြည့်ပါ ပြီးတော့ ကိုယ်ဝါသနာ
ပါတဲ့ မလုပ်ဖြစ်တာကြာတဲ့အရာတွေကိုလုပ်ကြည့်ပြီး
အာရုံစူးစိုက်နိုင်စွမ်းပြန်ရ‌လာအောင် ကြိုးစားကြည့်ပါ

____

• Social Media သုံးတာ လျော့ကြည့်ပါ

တစ်နေ့ကို အနည်းဆုံး ၁နာရီလောက် ဖုန်းမသုံးပဲ
နေကြည့်တာမျိုးလုပ်ကြည့်ပြီး သတင်းတွေ၊ သူများ
တွေရဲ့အောင်မြင်မှုတွေကြားမှာ ကိုယ့်စိတ်ကိုပိတ်မိ
မနေအောင် အနားပေးကြည့်ပါ

ဒီလိုလုပ်ကြည့်တာက စိတ်တက်ကျမြန်တဲ့ဝေဒနာကို
အကောင်းဆုံးထိန်းချုပ်နိုင်ဖို့ဖြစ်နိုင်ပါတယ် အကယ်၍
ဘယ်လိုလုပ်လို့မှအဆင်မပြေဘူး အမြဲတစ်ခုခုဖိစီးနေ
သလိုခံစားရတယ် ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ပြုချင်တဲ့
စိတ်ပေါ်လာတာမျိုးတွေဖြစ်လာတယ်ဆိုရင် နီးစပ်တဲ့
သူငယ်ချင်းတွေနဲ့မိဘတွေကို ရင်ဖွင့်ကြည့်ပါ ၊ ဒီလိုလုပ်
လို့မှလုံးဝကောင်းလာတယ်လို့ မခံစားရဘူးဆိုရင်တော့
ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့ ပြကြည့်ဖို့ လိုအပ်ရင်
စိတ်ပိုင်းဆိုင်ရာကုထုံးနဲ့ Counselling ယူသင့်ရင်ယူဖို့
ကြိုးစားရပါမယ်။

အားလုံးဘေးကင်းကျန်းမာစိတ်ချမ်းသာကြပါစေ။

#စိတ်အတက်အကျမြန်ခြင်း

https://www.facebook.com/share/p/1E4RMXKzff/
29/03/2026

https://www.facebook.com/share/p/1E4RMXKzff/

လူလတ်တန်းစားများအတွက်....
လက်ရှိအခြေအနေ တွေ အရ ကျွန်တော့်ကို မေးကြတဲ့ မေးခွန်းတွေ ထဲမှာ လူလတ်တန်းစားတွေ အနေနဲ့ ဘာတွေ ပြင်ဆင်ထားရမလဲ ဘာတွေ လုပ်သင့်လဲ ဆိုတဲ့ မေးခွန်းကလဲ ပါဝင်ပါတယ်။ ဒီမေးခွန်း က မေးလဲ မေးသင့်သလို အများအတွက် လဲ အသုံးဝင်မယ် လို့ ယူဆ တာနဲ့ ကျွန်တော့် အမြင် အရ လုပ်ဆောင်သင့်တာလေးတွေ ကို မျှဝေပေးချင်ပါတယ်။
လူလတ်တန်းစား ဆိုတာ မရှိမရှား ဆိုတဲ့ သဘောသဘာ၀ ရှိ ပြီး ချမ်းသာ တဲ့ အလွှာလို ငွေကြေး အကြောင်း တွေ နားလည် တွက်ချက် ကာ ရင်းနှီးမြုပ်နှံမှုတွေ လုပ်လေ့ရှိသူတွေ မဟုတ် သလို အောက်ဆုံး ကအလွှာ လို ဆင်းရဲ မှု နဲ့ လောကဓံကို ကောင်းကောင်းကြီး ခံစားရလို့ မခံချင်စိတ်တွေ တဖွားဖွား ဖြစ်ကာ ဘယ်လို ကြိုးစားလိုက်မယ်ကွ လို့ စိတ်ဓာတ်ပြင်းတာမျိုးလဲ တွေ့ရတာ ရှားတတ် လေ့ရှိပြန်ပါတယ်။ ဒီတော့ အလယ်မှာ လတ် နေတဲ့ အနေအထား မျိုး ကများသော အားဖြင့် တွေ့ရတာပါပဲ။
လူလတ် တန်းစားတွေ ဟာ နိုင်ငံရဲ့ စီးပွားရေး ကောင်းပြီး ဖွံဖြိုးတိုးတက် နေတဲ့ အချိန်မှာ ပိုပြီး ဝင်ငွေ ကောင်း ကြ ၊ လူနေမှု အဆင့်အတန်းမြင့်လာကြလေ့ရှိပါတယ်။ ဒီလိုကနေ မှ ကိုယ်ပိုင်လုပ်ငန်း ငယ် လေးတွေ ထူထောင်ပြီး လူချမ်းသာ အပေါ်လွှာကို ကူးလာကြပါတယ်။ တိုင်းပြည် တစ်ခုလုံး စီးပွားရေး ကောင်း နေ ချိန်မှာတော့ အောက်ခြေ အခြေခံလူတန်းစား တွေ ထဲက အရေအတွက် အများအပြား ဟာ လည်း ဝင်ငွေ ကောင်းလာကြပြီး လူလတ်တန်းစား အလွှာထဲကို အလုံးအရင်း ဝင်ရောက် လာ တတ် လေ့ရှိပါတယ်။ ဒါပေမယ့် နိုင်ငံ စီးပွားရေး ကျဆင်း သွားချိန်မှာတော့ အရင်ဆုံး လုံးပါးပါး ပြီး အရေအတွက် နည်းသွားတာက လူလတ် တန်းစားတွေ ဖြစ်ပါတယ်။ဆင်းရဲတဲ့ နိုင်ငံတွေ မှာ အခြေခံလူတန်းစား အရေအတွက် ပိုများသွားပြီး လူလတ်တန်းစားအလွှာက နည်းပါး တတ် တာ သဘာ၀ ဖြစ် ပါတယ်။
ဒီအတွက် မြန်မာနိုင်ငံရဲ့ လက်ရှိ အပြောင်းအလဲ အခြေအနေများအရ လူလတ် တန်းစား တွေ အနေနဲ့ ဘာတွေ ဆောင်ရွက်သင့်တယ် ပြင်ဆင်သင့်တယ်ဆိုတာကို အကြံပြုပေးလိုတာပါပဲ။
(၁) ဝင် မယောင်ပါနဲ့..
လူလတ်တန်းစား အများစု ဟာ ဝင်ငွေ အဆင်ပြေပြီး စုငွေ ပမာဏလေး အနည်းနဲ့အများ ရှိတတ် ကြပါတယ်။ ဒါပေမယ့် စီးပွားရေး တို့ ရင်းနှီးမြုပ်နှံမှု တို့နဲ့ ကတော့ အများစုက အလှမ်းဝေး တတ် ကြပါတယ်။ စီးပွားရေး အလှုပ် အခတ် တွေ ဖြစ်တဲ့ အချိန်မှာ လူလတ် တန်းစားတွေ ရဲ့ ပြဿနာ က ပတ်ဝန်းကျင် လှုံဆော်မှုနဲ့ ကိုယ်မကျွမ်းကျင်တဲ့ နယ်ပယ်တွေ ထဲကို ဝင်ယောင်ရင် ငွေ တွေ ပါးကုန် ပြောင်ကုန်တာပါပဲ။ ရွှေ ဈေးတွေ ထိုးတက် တယ် ဆိုတာနဲ့ ရွှေ ပြေးဝယ်၊ ကိုယ်ဝယ်တော့မှ ဈေးကြီးမိ၊ ဝယ်ပြီးတာနဲ့ ဈေးကပြန်ကျ၊ ဈေးကျ နေတုန်းငွေအသုံးကလိုလာတာနဲ့ ပြန်ရောင်း အလကားနေရင်း ဆုံးရှုံး ၊ စတဲ့ သံသရာ ကိုတွေ့ရတော့တာပါပဲ။ ရွှေ ကနေ ဒေါ်လာ ဆိုဒေါ်လာ ပြောင်း ယောင်လိုက်၊ ကား ဆိုတာနဲ့ ကားပြေးဝယ်ထားလိုက်၊ အိမ်ခြံမြေ တိုက်ခန်းဆိုတာနဲ့ ပြေး လုပ်လိုက်နဲ့ အလှုပ်အခတ် ကာလ မှာငွေ တွေ ပွန်း တတ် ကြပါတယ်။
ဒီတော့ တစ်ခုခု မှာ ညံ ကနဲ ဖြစ်သွားတိုင်း လိုက်မယောင်တာ ကောင်းပါတယ်။ ဒီလိုပြောလို့ငွေ တွေပဲ လက်ထဲကိုင်ထားရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒီကာလ ဟာ အမြတ် ရဖို့ထက် ကိုယ်ပိုင်ထားတာတွေ ပွန်းမသွားစေဖို့ ဦးတည် ရတာဖြစ်တဲ့အတွက် ရှိတဲ့ ငွေကို တတ်ကျွမ်းနားလည် သူတွေ နဲ့တိုင်ပင်ပြီး တစ်ခုခုကို အသေကိုင်ထားလိုက်တာက ပိုပြီး risk. နည်းပါတယ်။ ဒီလိုမဟုတ်ပဲ ပွဲဖြစ်တိုင်း ဖျာလိုက်ခင်း မိနေရင်တော့ ပတ်မကြီး က ဗေထိ ဆိုတာနဲ့ တန်းကွဲ တာက လူလတ်တန်းစား တွေ ပဲ ဖြစ်လေ့ရှိပါတယ်။
(၂) လောဘ မတက်နဲ့…ဖြတ်လမ်းမလိုက်နဲ့…
စီးပွားရေး မတည်ငြိမ်တဲ့ ကာလ ၊ အလှုပ်အခတ်များချိန်မှာ မမှန်ကန်တဲ့ အခွင့်အလမ်းတွေ ၊အလုပ်တွေ ပေါ်လာတတ်ပါတယ်။ ဥပမာ လက်ရှိမှာ ဆိုရင်လည်း online လောင်းကစား ဂိမ်းတွေ၊ မျိုး စုံဟာ နည်းလမ်းမျိုးစုံနဲ့ လူတွေ ကြားကို ထိုးဖောက်နေတာ ဖြစ်ပါတယ်။ ဒါတွေကို ကစားမိ ကြတဲ့ လူလတ်တန်းစား အများအပြား ဟာ အစကတော့ အပျော် ၊ တဖြည်းဖြည်း နဲ့ ဘ၀ ပျက် တဲ့ အထိ ဖြစ် မိကြတော့တာပါပဲ။ မနေ့ကတင်ပဲ လဖက်ရည်ဆိုင် တစ်ခုရဲ့ ဘေးဝိုင်းမှာ လဖက်ရည်သောက် နေတဲ့ လူနှစ်ယောက်က Slot ဂိမ်း တစ်ခုကို အတူ ကစား နေတာ တွေ့ရပါသေးတယ်။ ဒါ့အပြင် နှစ်လုံး၊ သုံးလုံး ၊ လိုလောင်းကစားတွေ၊ ဘောလုံး၊ ဖဲ ရိုက်တာ လို လောင်းကစားတွေ ကိုပါ ရှောင် သင့် ပါသေးတယ်။
ခေတ်ပျက်ချိန်မှာလဲ အခွင့်အလမ်းတွေ ပေါ်လာ တတ်ပါတယ်။ တစ်ချို့ဂွင်တွေက ပုံမှန် အခြေအနေမှာ မရနိုင်ပဲ တည်ငြိမ်မှုနည်းတဲ့ ကာလမှာ မှ မြိုးမြိုးမျက်မျက် ရတတ် တာမျိုးတွေပါပဲ။ ဒါပေမယ့် ဒါတွေ ကို သူများ ရတိုင်း ငါလဲရမယ် ဆိုပြီး၊ စီးပွားရေး အတွေ့အကြုံ မရှိပဲ ဝင်လုပ်မိရင် ကွဲရင်ကွဲ၊ အပြစ်ပုံချခံရမယ့် စတေးခံဖြစ်ရင်ဖြစ် စတဲ့ အဆိုးတွေ ကြုံတွေ့တတ်ပါတယ်။
စီးပွားရေး ကျဆင်းတဲ့ အခါ အပိုဝင်ငွေ ရှာဖို့လိုလာတယ် ဆိုတဲ့ ဖိအား က ပိုပိုကြီးလာ ရှိလာ တတ် ပါတယ်။ ဒါပေမယ့် ဒါကို အထက်က လို ဖြတ်လမ်း တွေ နဲ့ သွားမရှာ မိဖို့လိုပါတယ်။
(3) ဝင်ငွေ လျော့လာတတ်တယ်…
အဓိက အချက်ကတော့ ဝင်ငွေ လျော့လာတတ်တာပါပဲ။ ဒါမှမဟုတ် ဝင်ငွေ မလျော့ရင်တောင် ကုန်ဈေးနှုန်းက တက်လာတော့ ဝယ်ယူနိုင်စွမ်းလျော့လာ တာ ဖြစ်ပါတယ်။ ဒီအတွက် ကတော့ ကြိုတင်ပြင်ဆင်မှုလေးတွေ လုပ် ထားဖို့လိုပါတယ်။ နောက် ထပ် ဝင်ငွေ လမ်းကြောင်း တစ်ခု လောက်ကို ရှာဖွေ ထားတာ၊ ငွေဝင်မယ့် ပိုင်ဆိုင်မှုလေးတွေ ဝယ်ယူထားတာ စတာတွေ ပါပဲ။ ဥပမာ ရုံးဝန်ထမ်းပေမယ့် အိမ် မှာ ဈေးဆိုင်ကလေး ဖွင့်ထားတာမျိုး၊ တက်စီ၊ ဆိုက်ကား လို အုံနာကြေး ရမယ့် အငှားချ ထားမှုတစ်ခုခု လုပ်ဆောင်တာမျိုး၊ online shop လေးလုပ်တာဖြစ်ဖြစ် ရပ် ကွက် ထဲမှာ အထည်၊ အလှကုန် စတာလေးတွေ လက်လီရောင်းတာဖြစ်ဖြစ် စတဲ့ အပိုဝင်ငွေ ရမယ့် အလုပ်တွေ စဉ်းစားပြင်ဆင်သင့်ပါတယ်။ အပိုဝင်ငွေ ရဖို့ရှာရာမှာ အထက်ကလို ဖြတ်လမ်းတွေ ကိုရှောင်ရမှာ ဖြစ်သလို ၊ အလိမ်အညာ MLM တွေ product အတင်းထိုးရောင်း၊ လူရှာ ရတဲ့ အလုပ်တွေ မဟုတ် ဖို့ တော့လိုပါတယ်။
နည်းလမ်းတစ်ခုအနေနဲ့ကတော့ ပိုဝင်ငွေ ကောင်းတဲ့ အလုပ် ကိုပြောင်းလဲလုပ်ကိုင် တာပါပဲ။ ဒီအတွက် ပြည်တွင်းမှာပဲ ကိုယ့်ကိုကိုယ် Skill ပိုဖြည့် ကာ ဝင်ငွေကောင်းအောင်လုပ်လို့ ရတဲ့နည်း ရှိသလို ပြည်ပ ထွက်တာလဲ နည်းလမ်းတစ်ခု ဖြစ်နေပါသေးတယ်။ ပြည်တွင်းအနေနဲ့က High income skill. ဆိုတဲ့ ဝင်ငွေ မြင့်ဖို့ ကိုယ့် Professional ကိုဘာ skill. ထပ်ပေါင်းရမလဲ စဉ်းစားလုပ်ဆောင် တာဖြစ်ပါတယ် ။ ဥပမာ ရုံးကားမောင်း တာခြင်း အတူတူ English စကား၊ တရုတ်စကား တတ် တယ် ဆိုရင် ဝင်ငွေ ပိုကောင်း နိုင် တာမျိုးပါပဲ။ ပြည်ပ အလုပ်အကိုင် အနေနဲ့ ကတော့ ဟိုးယခင်က အခြေအနေအရ တစ်မိသားစုလုံးမှာ တစ်ယောက် လောက် ကတော့ ပြည်ပ အလုပ်ထွက်လုပ်မှ အဆင်ပြေ တဲ့ ဆိုတဲ့ အနေအထားတစ်ခု ရှိခဲ့ဖူးပါတယ်။ အခု လည်း မှန်ကန်ကောင်းမွန်တဲ့ ပြည်ပ အလုပ်အကိုင် တစ်ခုခုကို ပြောင်းလဲ လုပ်ကိုင်ဖို့ ပြင်ဆင် တာမျိုးကလဲ ရွေးစရာ နည်းလမ်းတစ်ခု ဖြစ်နေ တုန်းပါပဲ။
(4) ပိုင်ဆိုင်မှုလေး ကာကွယ်ပေး…
လူလတ်တန်းစားတွေ မှာ ဖြစ်ရတဲ့ ပြဿနာ ကရင်းနှီးမြုပ်နှံမှု လုပ်မယ်ဆိုရင် ဘာ လုပ်လို့လုပ်ရမှန်း မသိတဲ့ အခြေအနေပါ။ ရင်းနှီးငွေ ကလဲ ဟိုမရောက် ဒီမရောက် ၊ အတွေ့အကြုံကလဲ နည်းလေတော့ လူလတ်တန်းစားများရဲ့ ပထမ ဆုံးအကြိမ် ရင်းနှီးမြုပ်နှံမှုဟာ ဆုံးရှုံးတာနဲ့ သိပ်မမြတ် တာနှစ်ခု ထဲက တစ်ခု ဖြစ်တတ်လေ့ရှိပါတယ်။ ဘာကြောင့်ဒီလို ပြောနိုင်သလဲဆိုတော့ ကျွန်တော်ကိုယ်တိုင် ဖြတ်သန်းခဲ့ ရတာကိုးဗျ။ အခု လိုအချိန်မှာ ဆိုရင်လဲ ကျွန်တော့်ကို လာမေးကြတာက လက်ထဲ ငွေ လေး သိန်း ၁၀၀ ၊ ၁၅၀ ရှိတယ်။ လုပ်ငန်းတစ်ခု ထလုပ်ဖို့ကလဲ မမှီဘူး၊ အိမ်ခြံမြေ တိုက်ခန်း လောက်လောက်လားလား ဝယ်ဖို့ကလဲ မလောက်ဘူး၊ ရွှေ တို့ ဒေါ်လာတို့ကလဲ တစ်ပိုင်းလောက် တစ်သောင်းလောက် ဝယ်မှ အမြတ်က သိသာမယ် ဒါကြောင့်မလုပ်ချင်ဘူး၊ တစ်ခုခု လုပ်လိုက်ရင် လည်း မှားယွင်းသွားပြီး ကုန်သွားမှာ စိုးရတယ် နဲ့ ဒွိဟ တွေ ဖြစ်ကာ နောက် ဆုံး ဘာမှ မလုပ်ဖြစ် တော့ပဲ ငွေသား သက်သက်ကိုင်ထားရင်း တန်ဖိုးတွေ ကျကုန် တတ် တော့တာပါပဲ။
ဆိုတော့ အစွန်းနှစ်ဖက် လွတ် အောင် ပွဲဖြစ်တိုင်းလဲဝင်မပါ၊ ဘာမှ မလုပ်ပဲလဲ နေလို့ မရ တာပါပဲ။ ဒီအတွက် တကယ် လက်တွေ့လုပ်နေတဲ့ နားလည် ကျွမ်းကျင်သူတွေကို ချည်းကပ် ပြီး ကိုယ်နိုင်သလောက် တန်ဖိုး မကျနိုင်မယ့် ပိုင်ဆိုင်မှု Asset တွေကို ဝယ်ဖို့လိုပါတယ်။ နောက်တစ်ခါ ဝယ်ပြီး ရင်လဲ ကာလ ကြာလက်ထဲ ကိုင်ထားပြီးစောင့်ဆိုင်းမှသာ ထိုက်သင့်တဲ့ အကျိုးအမြတ်ကို ရမှာ ဖြစ်ပါတယ်။ အခုဝယ်လိုက် ၊နောက်လ ကျတော့ ဆေးဖိုး ဈေးဖိုး လိုပြန်ပြီ ပြန်ရောင်းမယ်ဆိုရင်တော့ အကျိုးဆောင်ခ ၊ သွားလာစရိတ်နဲ့တင် အတော်ပြုတ်သွားမှာပါပဲ။

(၅) စွဲမိစွဲရာ…
သူငယ်ချင်းတွေက၊ ဒါမှမဟုတ် ရပ်ကွက်ထဲက သူငယ်ချင်းတွေ ကဒီ အချိန် ဒါလုပ်လိုက်ရင် အတော်မြတ် မှာ ပဲ ဆိုတာနဲ့ ကိုယ့်မှာ ရှိတာလေးတွေ ပုံပြီး ရင်းလိုက်မယ့်သူတွေ အတော် တွေ့ရဖူးပါတယ်။ ဒါ့အပြင် အဲ့ဒီသူငယ်ချင်း ဆိုတာက အဲဒီလုပ်ငန်းကို လက်ရှိလုပ်နေ မြတ်နေသူလား ၊ဒါမှမဟုတ် ကျွမ်းကျင် တဲ့ ပညာရှင်လား ဆိုတော့လဲ မဟုတ်ပြန်ပါဘူး။ ကိုယ့်ထက်တောင် အခြေအနေ မကောင်းတဲ့ သူ ဖြစ်နေတတ် ပါသေးတယ်။ ဒါပေမယ့် ဘာကြောင့်မှန်း မသိ အချို့ဟာ အတော်ကို ယုံကြည်သွားတတ်ကြပြီး ပုံအောတတ်ကြပါတယ်။ ဒီလို စွဲမိစွဲရာလုပ်တာတွေ ကိုလဲ ဒီ ကာလ မှာ အထူးရှောင်ရှား သင့်ပါတယ်။
(၆) အမှီကောင်းကောင်း…
မတည်ငြိမ်တဲ့ ကာလ တွေ မှာ ကိုယ့်အတွက် အမှီ သဟဲ ပြုစရာကောင်းကောင်း တစ်ခု တကယ် ကို လိုအပ်ပါတယ်။ ကိုယ့်ကို ပုံမှန် ဝင်ငွေ တစ်ခု သေချာ ပေးနေနိုင်တဲ့ ကျွမ်းကျင်မှုတစ်ခုခု၊ လစာ ပုံမှန်ပေးနေနိုင်တဲ့ လုပ်ငန်း သို့မဟုတ် သူဌေး၊ Investment အကြံပြုပေးနိုင်တဲ့ ကျွမ်းကျင်သူ၊ အကူအညီကောင်းကောင်း ရလေ့ရှိတဲ့ အဆက်အသွယ်၊ ဘာလုပ်သင့်တယ်ဆိုတာ လမ်းပြပေးနိုင်တဲ့ ဆရာ၊ စီးပွားရေး တစ်ခုခု အတူလက်တွဲလုပ်နိုင်မယ့် သူငယ်ချင်း စတဲ့ အမှီသဟဲ ပြုစရာ ၊ တစ်ခုခု ရှိနေ ရင် အရေးကြုံ တဲ့အခါ သက်လုံကောင်း စေပါတယ်။
ဒီအချက်လေးတွေ ကတော့ ဒီကာလ မှာ လူလတ်တန်းစားများအတွက် အဓိက ဘာတွေ သတိထား ရမယ် လုပ်ဆောင်ရမယ်ဆိုတာကို အကြုံပြုပေးတာဖြစ်ပါတယ်။ အရေးအကြီး ဆုံးလို့ ယူဆတာလေးတွေ ကို ပြောထားတာဖြစ်လို့ ကျန်တဲ့အချက်လေးတွေ ကိုလဲ နောက်ထပ် အကြုံပြု နိုင်ဖို့ ကြိုးစားပါဦးမယ်။
လုံလောက်တဲ့အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာ ကျော်ဖြတ် စေနိုင်ပါတယ်။
Kaung Hein Soe - Strategic
Business Consultant

မာန၊ နှိမ့်ချမှုနဲ့ စည်း( Boundary) ဆိုတာဟာ လူမှုပတ်ဝန်းကျင်မှာ နေထိုင်တဲ့အခါ ခွဲခွဲခြားခြား နားလည်ထားဖို့ သိပ်အရေးကြီးတ...
27/03/2026

မာန၊ နှိမ့်ချမှုနဲ့ စည်း( Boundary) ဆိုတာဟာ လူမှုပတ်ဝန်းကျင်မှာ နေထိုင်တဲ့အခါ ခွဲခွဲခြားခြား နားလည်ထားဖို့ သိပ်အရေးကြီးတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။

အထူးသဖြင့် "နှိမ့်ချလွန်းရင် အနှိမ်ခံရတတ်တယ်" ဆိုတဲ့ စိုးရိမ်စိတ်ရှိသူတွေအတွက် ဒီအချက်တွေကို ရှင်းရှင်းလင်းလင်း သိမြင်ဖို့ လိုပါတယ်။

ပထမဆုံး မာနဆိုတာကို အရင်ရှင်းပါမယ်...

မာနဆိုတာကို သာမန်အားဖြင့် "ထောင်လွှားတာ" လို့ပဲ မြင်ကြပေမဲ့ နက်နက်ရှိုင်းရှိုင်း ကြည့်ရင်တော့ စိတ်ရဲ့ တုံ့ပြန်ပုံ အလွှာပေါင်းစုံ ရှိနေပါတယ်။ မာနရဲ့ သဘောသဘာဝကို ခွဲခြားကြည့်ရင်-

မာနရဲ့ အခြေခံအကျဆုံး အချက်က "ငါ" ဆိုတဲ့ အစွဲပါ။
ငါ့အရည်အချင်း၊ ငါ့ရုပ်ရည်၊ ငါ့ပိုင်ဆိုင်မှု၊ ငါ့ရာထူး စတာတွေကို အခြေခံပြီး တစ်ဖက်လူနဲ့ နှိုင်းယှဉ်တဲ့အခါ မာနက စတင်လာပါတယ်။
* သာလွန်မာန: "ငါက သူတို့ထက် သာတယ်" ဆိုပြီး အထင်ကြီးတာ။
* တန်းတူမာန: "ငါလည်း သူတို့နဲ့ တန်းတူပဲ၊ ငါ့ကို လာမထိနဲ့" ဆိုပြီး ပြိုင်ဆိုင်တာ။
* နိမ့်ကျမာန: "ငါကတော့ ဘာမှမဟုတ်ပါဘူး" လို့ ပြောပေမဲ့ တကယ်တမ်း ဝေဖန်ခံရတဲ့အခါ ဒါမှမဟုတ် အသိအမှတ်မပြုခံရတဲ့အခါ စိတ်တိုတာမျိုးပါ။ ဒါဟာလည်း ပုံစံပြောင်းထားတဲ့ မာနတစ်မျိုးပါပဲ။

မာန နဲ့ ဂုဏ်သိက္ခာ ဘာကွာသလဲ
လူတော်တော်များများ ရောထွေးနေတာက ဒီအချက်ပါ။

* ဂုဏ်သိက္ခာ (Dignity): မိမိရဲ့ တန်ဖိုးကို မိမိသိတာ၊ လမ်းမှားမရောက်အောင် ကိုယ့်ကိုယ်ကို ထိန်းကျောင်းတာ။ သူတစ်ပါးကို နိမ့်ကျအောင် လုပ်စရာ မလိုပါဘူး

* မာန (Pride): တစ်ဖက်လူကို နှိမ်ချမှသာ မိမိက မြင့်တက်လာတယ်လို့ ယူဆတာ။ သူတစ်ပါးရဲ့ အသိအမှတ်ပြုမှုကို အတင်းအကျပ် တောင်းဆိုတာမျိုးပါ

ဒီတခါ နှိမ့်ချမှုဆိုတာကို ကြည့်ရအောင်...

"နှိမ့်ချမှု" ဆိုတာကိုတော့ "အားနည်းမှု" ကို မရောထွေးပါနဲ့

နှိမ့်ချတယ်ဆိုတာ မိမိရဲ့ တန်ဖိုးကို မိမိသိလျက်နဲ့ သူတစ်ပါးအပေါ် မာန်မာန မပြတာကို ဆိုလိုတာပါ။ မိမိတန်ဖိုးကို နှိမ်ချဆက်ဆံခံခိုင်းတာ မဟုတ်ပါဘူး။

* မာန (Pride): "ငါက မင်းထက် သာတယ်" လို့ တွေးပြီး သူတစ်ပါးကို နှိမ်တာ။
* နှိမ့်ချမှု (Humility): "ငါ့မှာ အရည်အချင်းရှိပေမဲ့ တခြားသူတွေကိုလည်း လေးစားတယ်" လို့ တွေးတာ။
မတူပါဘူး။

လူမှုဆက်ဆံရေးမှာ နှိမ့်ချမှုများရင် အနှိမ်ခံရမယ်၊ ကိုယ့်တန်ဖိုးမဲ့သွားမယ်လို့ စိုးရိမ်ကြတာများပါတယ်။
ဒီလိုစိုးရိမ်ကြတော့ မနှိမ့်ချနဲ့ မာန်တင်းထားဆိုတာမျိုး တလွဲတွေးမိသွားတာလည်းရှိကြသလို၊ သူတို့ရဲ့ ကိုယ်တိုင် အတွေ့အကြုံတွေအရလည်း အဲ့လိုပဲ ကောက်ချက်ချသွားကြပါတယ်။

ဒီလိုအဖြစ်မျိုးတွေအတွက် အဓိက လိုအပ်တာက မာနမဟုတ်ပါဘူး။ စည်းဘောင် ပါ။

Boundary (စည်း) ဆိုတာ မာန မဟုတ်ပါဘူး

အဓိက နားလည်မှုလွဲတတ်တာက Boundary ထားတာကို မာနကြီးတယ်လို့ ထင်ကြတာပါ။

တကယ်တော့ Boundary ဆိုတာ မိမိရဲ့ ဂုဏ်သိက္ခာနဲ့ စိတ်ပိုင်းဆိုင်ရာကို ကာကွယ်တဲ့ အကာအကွယ်တစ်ခုပဲ ဖြစ်ပါတယ်။

* "ဒီလို ပြောဆိုတာကို လက်မခံနိုင်ဘူး" လို့ ပြောတာဟာ တစ်ဖက်လူကို စော်ကားတာမဟုတ်ဘဲ မိမိကိုယ်ကို လေးစားတာ (Self-Respect) ဖြစ်ပါတယ်။ မာနကြီးတာလည်း မဟုတ်ပါဘူး။

* နှိမ့်ချမှုမှာလည်း Boundary မရှိရင် အဲဒါဟာ နှိမ့်ချမှု မဟုတ်တော့ဘဲ အနိုင်ကျင့်တာကို ခေါင်းငုံ့ခံနေတဲ့ အခြေအနေမျိုး ဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့် စည်းရှိတဲ့ နှိမ့်ချမှုကသာ အလိုအပ်ဆုံး ဖြစ်ပါတယ်။

လူတွေက နှိမ့်ချတာကို အခွင့်ကောင်းယူပြီး စော်ကားလာတယ်လို့ ထင်တယ်ဆိုရင် အဲဒီနေရာမှာ Boundary ကို သုံးရပါမယ်။

ယဉ်ကျေးပျူငှာစွာ ဆက်ဆံတာက "နှိမ့်ချမှု" ဖြစ်ပြီး၊

မိုက်ရိုင်းလာတဲ့အခါ ပြတ်ပြတ်သားသား တားဆီးတာက "Boundary" ဖြစ်ပါတယ်။

ဒါကြောင့် နှိမ့်ချတယ်ဆိုတာ ခေါင်းငုံ့ခံနေဖို့ မဟုတ်ပါဘူး။ မိမိဘက်က ယဉ်ကျေးမှုရှိရှိနဲ့ တန်ဖိုးထား ဆက်ဆံပေမဲ့ တစ်ဖက်က စည်းကျော်လာရင်တော့ "ဒါဟာ မသင့်တော်ဘူး" ဆိုတာကို သိစေရပါမယ်။

အနှစ်ချုပ်ပြောရရင် နှိမ့်ချမှုက စိတ်ထားကို နူးညံ့စေပြီး Boundary က ဘဝကို ခိုင်မာစေပါတယ်။

မာနကို နှိမ်ချရမှာ မှန်ပေမဲ့ မိမိရဲ့ တန်ဖိုး (Self-worth) ကိုတော့ အကျမခံသင့်ပါဘူး။

စည်းရှိတဲ့ နှိမ့်ချမှုကသာ လူအများရဲ့ လေးစားမှုကို အစစ်အမှန် ရရှိစေမှာ ဖြစ်ပါတယ်။

နန္ဒာစာရ

"အရှင်ဘုရား တပည့်တော်တို့ရဲ့ ရန်သူတော်ကြီး ရှင်ဒေဝဒတ် မြေမြိုသွားပါပြီဘုရား" လို့ ညီတော်အာနန္ဒာက အားရဝမ်းသာ လျှောက်တင်ပါ...
23/03/2026

"အရှင်ဘုရား တပည့်တော်တို့ရဲ့ ရန်သူတော်ကြီး ရှင်ဒေဝဒတ် မြေမြိုသွားပါပြီဘုရား" လို့ ညီတော်အာနန္ဒာက အားရဝမ်းသာ လျှောက်တင်ပါတယ်။

အဲဒီအခါ မြတ်စွာဘုရားက "အရှင်ဒေဝဒတ်ရဲ့ကျေးဇူးကား ငါဘုရား၊ ငါဘုရားရဲ့ဓမ္မနှင့် သံဃာအပေါ် ကျေးဇူးကြီးစွ"လို့မိန့်တော်မူပါတယ်။

ဒါကိုညီတော်အာနန္ဒာသဘောမပေါက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ညီတော်အနန္ဒာ က သောတာပန် ရဟန်း၊ မြတ်စွာဘုရားက သဗ္ဗညုတ ဥာဏ်တော်ရှင်ပါ။ သဗ္ဗညုတ ရွှေဥာဏ်တော် ကို သာမာန်ပုထုဇဉ်ရဟန်းရဲ့ ဥာဏ်ကမလိုက်နိုင်၊ လိုက်မမှီပါ။ ဒါပေမဲ့ ညီတော်အာနန္ဒာသိထားတာက မြတ်စွာဘုရားတို့မည်သည် ဘယ်သောအခါမှ အဓိပ္ပါယ်မဲ့စကားကို ပြောလေ့မရှိပါ။ ဒါကြောင့်သူနားလည်ဖို့ ညီတော်အာနန္ဒာက "အရှင်ဘုရား ရှင်းလင်းတော်မူပါဘုရား" လို့ထပ်လျောက်တင်တော့ မြတ်စွာဘုရားက "ချစ်သားအနန္ဒာ ရှင်ဒေဝဒတ်ကား ငါဘုရား၏ရန်သူမဟုတ်၊ ငါဘုရား၏ ပါရမီဖြည့်ဖက်သာ ဖြစ်ပေသည်" လို့ထပ်မိန့်သတဲ့။

ညီတော်အာနန္ဒာက" အကျယ်ရှင်းပါဘုရား" လို့လျှောက်တဲ့အခါ မြတ်စွာဘုရားက
"ငါဘုရား ဒီပင်္ကရာ ဘုရားရှင်လက်ထက်တော် ဘုရားဆုပန်ပြီးသည့်အချိန်ကစလို့ အခုဘုရားဖြစ်တဲ့ဘဝအထိ ရှင်ဒေဝဒတ်ဟာ ငါဘုရားကို အမြဲဆန့်ကျင်ခဲ့တယ်။ သူကဆန့်ကျင်လေ ငါကကောင်းအောင်လုပ်လေပဲ၊ ငါဘုရားပါရမီတော်နုနယ်စဉ်ကာလတွေမှာ လုပ်ခဲ့တဲ့အမှားတွေကို သူက အပြစ်တင် အပုပ်ချတယ်၊ ငါဘုရားက အဲဒီလိုပြောတာတွေကို အပြစ်မမြင်ခဲ့ပါ။ နောက် သူအပြောမခံရအောင် ကောင်းအောင်ပိုပြီး ကြိုးစားပြင်ခဲ့ပါတယ်။ သူ့ရဲ့ကောင်းမှု့ကြောင့် ပါရမီတွေ ရင့်သန်မှုတွေမြန်ခဲ့တယ်။ ဘုရားဖြစ်လာတဲ့ယခုဘဝမှာတောင် ရှင်ဒေဝဒတ်ကြောင့်သာ ငါဘုရားနဲ့ဓမ္မဟာ အခုလောက်မြန်မြန် ဂုဏ်သတင်းမွှေးပြီး ငါဘုရားရဲ့သံဃ အဖွဲ့အစည်းဟာလည်း ကျစ်လစ်ခိုင်မာစွာ ဖွဲ့စည်းနိုင်ခဲ့တာ၊ ရှင်ဒေဝဒတ်က သူ့ရဲ့အဓမ္မနဲ့ပြိုင်လေ၊ ဖျက်လေ၊ ငါဘုရားရဲ့ ဓမ္မဂုဏ်သတင်းတက်လေ၊ ရှင်ဒေဝဒတ်သံဃအဖွဲ့အစည်းကိုဖျက်လိုဖျက်ဆီးလုပ်လေ၊ သံဃိကအဖွဲ့က ပိုမိုကျစ်လစ်ခိုင်မာလေပဲ၊ ငါဘုရားကို ဆန့်ကျင်တာလုပ်ရင်း လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း တိုင် ပါရမီဖြည့်လိုက်တာ ဒီဘဝမှာမြေမြို အဝီစိငရဲမှာ ကျခံရတဲ့အထိ ပါရမီဖြည့်သွားတာမို့ ကျေးဇူးရှင်လို့ဆတိုတာပါ ချစ်သား အာနန္ဒာ" တဲ့
(ဒေါက်တာမောင်သင်း၊ အတွေးအမြင် ၂၀၁၁ ဖေဖေါ်ဝါရီ စာ-၆၄)

တကယ်တော့လူအများစု စဉ်းစားတာ နားလည်မိတာက မိမိရဲ့ အကြိုက်ကို လိုက်လုပ်ပေးနေတာ၊ ကူညီနေတာ ၊ လိုတာလိုက်လဲဖြေ့ဆည်းပေးနေတာတွေနဲ့ ဘေးမှာ လာပြုစုပေးတာကို ဘဲ ပါရမီဖြည့်ဖက်လို့ နားလည်ကြ မြင်ကြမှာပါဘဲ။
တကယ်တော့ မျက်မွေးတစ်ဆုံး သာမကြည့်ဘဲ မျက်စိတစ်ဆုံးသာကြည့်တတ်ရင် ကိုယ့်ဘဝဘဝမှာ ဖြည့်ဆည်း ဖို့ ပါရမီတွေ ပြည့်ဖို့ လိုတာတွေက ကိုယ့်အကြိုက်လိုက်သူရော မလိုက်သူရော၊ ချစ်သူရောမုန်းသူရော၊ ပညာတတ်ရောပညာမဲ့ရော၊ ဥစ္စာရှိရော ဥစ္စာမဲ့ရော အကုန်ဖြစ်နိုင်ပါတယ်။
ခန္ဒီပါရမီပြည့်ဖို့ နှိပ်စက်သူလိုသလို ၊ သီလပါရမီပြည့်ဖို့ မြူဆွယ်သူ လိုပါတယ်။ ဘဝမှကြုံတွေရတာတွေကို ကိုယ့်စိတ်ကနေ ဒီအဖြစ်အပျက်တွေကို တည်မှီပြီး စိတ်က ဖြစ်ပျက်ကြတာမို့ ပတ်ဝန်းကျင် သက်ရောက်မှု့တခုတည်းက တစ်ဦးကို ကုသိုလ်ဖြစ်စေပြီး နောက်တဦးကို အကုသိုလ်ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် တခါက ဘုန်းတော်ကြီးတစ်ပါးဟာ သူကျောင်းတိုက်နား လားပြီး ရန်ဖြစ်ရင်းလုံးထွေးသတ်ပုတ် ဆူညံ့နေတာ ကို ဘုန်းကြီးကျောင်းနား လာဆူညံ့ရဦးလားလို့ မတွေးဘဲ ကိုရင်တွေဥူးဇင်းတွေ ခေါ်ပြီး ၊"မောင်ရင်တို့ကို ဒေါသ မောဟ အကြောင်းတရားလာပြပေးတဲ့ ဒီ ဒကာမကြီးတွေကို ရေတိုက် ငှက်ပျောသီးသွားကျွေးပြီး ကျေးဇူးဆပ်ချေ" လို့ မိန့်တော်မူသတဲ့။

ဒါကြောင့် ကုသိုလ် အကုသိုလ်ဆိုတာ သူများက၊ပတ်ဝန်းကျင်က ကိုယ့်ကိုပေးတာမဟုတ်ပါဘူး၊ ကိုယ်ကယူသလို ရနေတာပါလို့ ဆိုရမှာဖြစ်ပါတယ်။ ကိုယ့်ကို ဆဲနေလဲ ကိုယ်မခံယူရင် ကိုယ်မရပါဘူး ဆိုတာ ဘုရားဟောခဲ့ဘူးပါတယ်။

မြတ်စွာဘုရား ဒေဝဒတ်ကို မြင်သလို ကိုယ့်ပြိုင်ဖက် အတိုက်ခံကို ကျေးဇူးရှင်လို့မြင်တတ်ရင် ကိုယ်ဘဝ ပိုမိုတောက်ပြောင်မှာ သေချာပါတယ်။
တစ်ခါ ငယ်ငယ်က အတန်းမှာ မေးမဲ့မေးခွန်းတွေ ပြောပြပြီး စာမေးပွဲလွယ်လွယ်အောင်ခဲ့တဲ့ ဖျက်ဆီးမှု့ဟာလဲ အဆိုးပါရမီကိုဖြည့်တာဖြစ်ပြီး ကိုယ်ပညာမတတ်တဲ့ အကျိုး စာမကြိုးစားဖြစ် အတတ်ပညာ နားမလည်တော့တဲ့ အခြေခံမရခဲ့တဲ့ အပြစ်ဖြစ်တတ်ပါတယ်။

ပါရမီဖြည့်ဖက်အမည်ခံပြီး အရာရာကို အလိုက်တသိ လိုက်ဖြည့်တင်းတတ်သူတွေ ကိုယ့်ကို သာယာစေသူတွေရဲ့ ထိတွေ့မှု့ ကို မက်မောမိသူ၊မိန်းမောမိသူ၊သာယာမိသူတွေ ဘဝပျက်ကြ၊ ကျဆုံးပျက်ဆီးကြတာလည်း သမိုင်းမှာ အရည်တွက်နိုင်အောင်ပါဘဲ။

ဒါကြောင့် သံသရာခရီးမှာမဖြစ်မနေလျှောက်လှန်းနေရသူတွေအဖို့ ပါရမီဖြည့်ဖက်ဆိုတာ အတိုက်ခံလဲပါတယ်ဆိုတာကို သတိပြုမိလို့ရေးမိတာပါ။ အားလုံးလွတ်လပ်စွာ သဘောကွဲလွဲနိုင်ကြပါစေ။

-----
Ye Myat Thu
2016

“ အချစ်ဆိုတာ နှင်းဆီပင်လိုပဲ၊ မြေဩဇာကျွေးဖို့လိုတယ်၊ ယုယနေဖို့လိုတယ်၊ ပိုးသတ်ဖို့လိုတယ်။ ”“ သို့မဟုတ်ရင် ညှိုးရော်တတ်တယ်...
16/03/2026

“ အချစ်ဆိုတာ နှင်းဆီပင်လိုပဲ၊ မြေဩဇာကျွေးဖို့လိုတယ်၊ ယုယနေဖို့လိုတယ်၊ ပိုးသတ်ဖို့လိုတယ်။ ”

“ သို့မဟုတ်ရင် ညှိုးရော်တတ်တယ်၊ သေတတ်တယ်ပေါ့ ”

“ အချစ်စိတ်ဆိုတာ ရေငြိမ်မဟုတ်ဘူး။ ရေတက်ရေကျရှိတဲ့ ဒီရေ မျှသာဖြစ်တယ်။ ”

▪️ကြည်အေး
(အပြင်ကလူ)

13/03/2026

စကားမပြောမီပြောမယ့်စကားကိုစစ်ဆေးရန် စကားစစ်(၃) ခု

ရှေးခေတ်ဂရိနိုင်ငံတွင်ဆိုကရေးတီးမှာအသိဥာဏ်ကြီးမားသူဟု အများကအသိအမှတ်ပြုလက်ခံထား ကြပါတယ်။ တစ်နေ့မှာ ဆိုကရေးတီးကိုသိသူတစ်ယောက်ကဆိုကရေးတီးကိုတွေ့တဲ့အခါမှာ “ဆရာ ကြီး ဆိုကရေးတီး၊ ခင်‌ဗျားမိတ်ဆွေအကြောင်းကြားပြီးပြီလား” လို့လှမ်းမေးလိုက်ပါတယ်။

အဲဒီတော့ဆိုကရေးတီးကနေပါဦး။ ကျွန်တော့်ကိုတစ်ခုခုပြောတော့မယ်ဆိုရင် ခင်ဗျားအနေဖြင့် စကား စစ် (၃) ခုနဲ့စစ်ဆေးပြီးမှပြောဖို့ လိုအပ်ပါတယ်လို့ ဆိုကရေးတီးကပြောလိုက်ပါတယ်။ အဲဒီ စကားစစ် (၃) ခုကိုတော့ စကားစစ် (၃) ခုပါတဲ့စစ်ဆေးလွှာ (Triple Filter Test.)လို့ခေါ်ပါတယ်လို့ပြောလိုက်ပါ တယ်။
အဲဒီတော့စတင်စကားပြောလိုက်သူက “စကားစစ်(၃)ခုပါတဲ့စစ်ဆေးလွှာ” ဆိုပြီးအံ့အားသင့်စွာပြန်ပြော မိ ပါတယ်။

အဲဒီတော့ဆိုကရေးတီးက ဟုတ်ပါတယ်။ ခင်ဗျားကျွန်တော်မိတ်ဆွေအကြောင်းမပြောမှီ ခင်ဗျားပြောမဲ့ အကြောင်းအရာကိုအချိန်အနည်းငယ်ယူပြီးစစ်ဆေးရင် ကောင်းပါတယ်။ ဒါကြောင့်စကားစစ်ဆေးလွှာ (၃) ခု့လို့ခေါ်ပါတယ်လို့ဆိုကလေးတီးကပြန်ပြောလိုက်ပါတယ်။

ပထမစကားစစ်ဆေးလွှာကတော့ ခင်ဗျားပြောမဲ့အကြောင်းအရာကအမှန်တကယ်စစ်မှန်ရဲ့လားဆိုတာ သေချာအောင်စစ်ဆေးဖို့ဖြစ်ပါတယ်။

အဲဒီတော့ စကားစပြောလာသူက အစစ်အမှန်လားဆိုတာတော့မသိပါဘူး။ အဲဒါကို ကျွန်တော်ကတ ဆင့် စကားကြားလာတာပါလို့ပြန်ဖြေလိုက်ပါတယ်။
အဲဒီတော့ဆိုကရေးတီးကကောင်းပါပြီ၊ ခင်ဗျားပြောမဲ့အကြောင်းအရာကမှန်သလား။ မမှန်ဘူးလား ဆိုတာ ခင်ဗျားမသိဘူးဆိုရင်မှန်မမှန်မသေချာဘူးပေါ့။
ကျွန်တော်တို့ဒုတိယစကားစစ်ကိုကြည့်ကြရအောင်။ ဒီစကားစစ်ကတော့ ခင်ဗျားပြောမဲ့အကြောင်း အရာက ကောင်းတဲ့အကြောင်းအရာလားဆိုတာစစ်ဆေးရန်ဖြစ်ပါတယ်။ အခုခင်ဗျားပြောမဲ့ကျွန် တော့မိတ်ဆွေအ‌ကြောင်းက ကောင်းတဲ့အကြောင်းဟုတ်ပါသလားလို့မေးလိုက်ပါတယ်။

အဲဒီတော့ပြောမဲ့လူက “ဟင့်အင်း ကောင်းတဲ့အကြောင်းမဟုတ်ပါဘူး၊ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်” လို့ပြန်ဖြေလိုက်ပါတယ်။

အဲဒီတော့ဆိုကရေးတီးက အော်ခင်ဗျားကကျွန်တော့မိတ်ဆွေအကြောင်းမကောင်းတာပြောချင်နေ တာကိုး။ ပြီးတော့ အဲဒီပြောမဲ့ အကြောင်းအရာက မှန်မမှန်ဆိုတာလည်းခင်ဗျားကမသိဘူးဆိုတော့ ခင်ဗျားပြောမဲ့စကားနဲ့ပတ်သက် ပြီးတတိယစကားစစ်ကိုစစ်ဆေးကြည့်ရန် လိုပါတယ်။ တတိယစစ် ဆေးရမဲ့စကားစစ်ကတော့ ခင်ဗျားပြောမဲ့စကားက အသုံးဝင်သလားဆိုတာစစ်ဆေးကြည့်ရန် လိုလာ ပါတယ်လို့ဆိုကရေးတီးကပြောလိုက်ပါတယ်။ ခင်ဗျားပြောမဲ့ကျွန်တော့မိတ်ဆွေအကြောင်းက ကျွန် တော့ အတွက်အသုံးဝင်ပါသလားလို့မေးလိုက်ပါတယ်။

အဲဒီတော့စကားလာပြောတဲ့လူက ဟင့်အင်းအသုံးမဝင်ပါဘူးလို့ပြန်ဖြေလိုက်ပါတယ်။

အဲဒီတော့ဆိုကရေးတီးက ခင်ဗျားပြောမဲ့စကားက မှန်မမှန်လည်းမသိဘူး၊ ကောင်းတဲ့အကြောင်းအရာ လည်းမဟုတ်ဘူး၊ ပြီတော့ ကျွန်တော့အတွက်လည်းအသုံးမဝင်ဘူးဆိုရင်အဲဒီအကြောင်းကိုဘာကြောင့် ကျွန်တော့ကိုလာပြောဖို့ လိုပါသလဲ လို့မေးလိုက်ပါတယ်။

အဲဒီတော့ဆိုကရေးတီးကို လာပြောမဲ့လူလည်း ဘာမှဆက်မပြောဖြစ်တော့ဘဲရပ်သွားပါတော့တယ်။

ဆိုကရေးတီးကပြောမဲ့စကားကိုစကားစစ် (၃) ခုနဲ့စစ်ဆေးရန် လမ်းပြခဲ့သလို့ မြတ်စွာလုရားကလည်း စကားပြောတဲ့အခါ စစ်ဆေးဆင်ခြင်ရန်အချက် (၅)ချက်ကိုလမ်းညွှန်ခဲ့ပါတယ်။ အဲဒါတွေကတော့

၁။ ဟုတ်မှန်သလား၊ မဟုတ်မှန်ဘူးလားဆိုတာစစ်ဆေးပါ။

၂။ ပြောမဲ့စကားကအကျိုးရှိတဲ့စကားဟုတ်မဟုတ်ပြန်စစ်ဆေးပါ။

၃။ ပြောမဲ့စကားကိုပြောမဲ့အချိန်ဟာ ပြောသင့်တဲ့အချိန်ဟုတ်မဟုတ်ပြန်လည်စစ်ဆေးပါ။

၄။ ပြောမဲ့စကားဟာမေတ္တာဖြင့်ယှဥ်ပြီးပြောမှာဟုတ်မဟုတ်စစ်ဆေးပါ။

၅။ ပြောတဲ့အခါ ယဥ်ကျေးသိမ်မွေ့စွာပြောမှာဟုတ်မဟုတ်ပြန်စစ်ဆေးပါ။

(အဲဒီအချက် (၅) ချက်ကိုမှတ်ရလွယ်အောင် - ဟုတ်မှန်ကျိုးရှိ၊ ချိန်ခါသိ၊ ပြောသည့်အခါ၊ မေတ္တာပါ၊ ယဥ်ကျေးသိမ်မွေ့စွာ)လို့လင်္ကာလေးစပ်ထားပါတယ်။

မိတ်ဆွေများ ပြောမဲ့စကားကို ဆိုကရေးတီးပြောခဲ့တဲ့စကားစစ် (၃) ခုရယ်မြတ်စွာဘုရာလမ်းပြခဲ့တဲ့ လမ်းညွှန်ချက် (၅) ခုနဲ့ကိုက်ညီအောင် ပြောဆိုနိုင်ကြပါစေ။

မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်၊ ပါမောက္ခ၊ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။

ဟယ်လီကော်ပတာလိုမိဘ၊ နှင်းရှင်းစက်လိုမိဘနှင့် မီးပြတိုက်လိုမိဘ။=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=Dr မြင့်လွင်(စိတ်ပည...
12/03/2026

ဟယ်လီကော်ပတာလိုမိဘ၊ နှင်းရှင်းစက်လိုမိဘနှင့်
မီးပြတိုက်လိုမိဘ။
=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=
Dr မြင့်လွင်(စိတ်ပညာ)

ခေတ်တွေအမျိုးမျိုးပြောင်း၊ မျိုးဆက်တွေ
တစ်ဆက်ပြီးတစ်ဆက်ပြောင်းလာတာနဲ့အတူ
မိဘအုပ်ထိန်းမှုပုံစံ အယူအဆတွေလည်းပြောင်းလဲ
လာပါတယ်။ မိဘအုပ်ထိန်းမှုပုံစံတွေမှာ
၁။အာဏာရှင်ဆန်တဲ့မိဘအုပ်ထိန်းမှု
(Authoritarian parenting)
၂။ ကျိုးကြောင်းပြဆုံးမတဲ့မိဘအုပ်ထိန်းမှု
(Authoritative Parenting)
၃။ အလိုလိုက်လွန်းတဲ့မိဘအုပ်ထိန်းမှု
(Permissive Indulgent Parenting)
၄။ ကလေးအပေါ်စိတ်မဝင်စားပစ်ပယ်လှစ်လျှူရှု
ထားတဲ့မိဘအုပ်ထိန်းမှု(Neglectful Parenting )
ဆိုပြီး လေးမျိုးတွေ့ရတယ်လို့ ဖွံ့ဖြိုးမှုစိတ်ပညာ
ရှင်များကဆိုပါတယ်။

ယခုတခါ ဟယ်လီကော်ပတာလိုမိဘ၊ နှင်းရှင်း
စက်လိုမိဘ၊ မီးပြတိုက်လိုမိဘ ဆိုတဲ့အသုံးအနှုန်း
တွေလည်းပေါ်ထွက်လာပြန်ပါတယ်။

တကယ်တော့ မိဘများစွာဟာ သူတို့သားသမီးတွေ
အပေါ် အကဲပိုတဲ့Over-parent တွေဖြစ်ဟန်တူပါ
တယ်။ အဲလိုအကဲပိုတာကို ကလေးကိုချစ်တာ၊
မိဘတာဝန်ကျေတာလို့ ထင်ဟန်ရှိပါတယ်။ အဲလို
ဟုတ်မဟုတ်စဉ်းစားကြည့်ပါမယ်။

Merriam-Webster Dictionary ရဲ့အဆိုအရ
“ဟယ်လီကော်ပတာမိဘတွေဟာ သူတို့ကလေး
တွေရဲ့ ဘဝမှာ လွန်လွန်ကဲကဲ ပါဝင်ပတ်သက်မှု
တွေလုပ်တဲ့ မိဘအမျိုးအစားတွေ ဖြစ်ပါတယ်။
အခြေခံအားဖြင့် ဆိုရရင်ဟယ်လီကော်ပတာလို
မိဘအမျိုးအစားတွေဟာ ကလေးဘာလုပ်နေလဲ၊
ဘယ်ကိုသွားလဲ၊ ဘယ်သူနဲ့အတူရှိနေလဲ အမြဲသိ
ချင်နေပြီး ဟယ်လီကော်ပတာတစ်စင်းလို ကလေး
အပေါ် ဝဲပျံ စောင့်ကြပ်နေလိုတဲ့မိဘမျိုးဖြစ်ပါတယ်။

နှင်းရှင်းစက်(Snowplow )မိဘဆိုတာကတော့
နယူးယောက်တိုင်းမ်စ် သတင်းစာအရ ကလေး
အောင်မြင်ဖို့ ကလေးရှေ့က အခက်အခဲအတား
အဆီးမှန်သမျှကို ကလေးကျရှုံးမှု၊ လိုဘမပြည့်ဝ
မှု သို့မဟုတ် အခွင့်အရေဆုံးမှုတွေမကြုံရလေအောင်
ကလေးကိစ္စမှန်သမျှ ဝင်ရောက်လမ်းရှင်ပေးကြတဲ့
မိဘအမျိုးအစားတွေပါ။ Snowplow ဆိုတာက
ဆီးနှင်းတွေထူထဲစွာကျလို့ ကားလမ်းတွေပိတ်
ကုန်တဲ့အခါ ကားတွေသွားလို့ရအောင် ကားလမ်းမ
ပေါ်မှာဖုံးပိတ်နေတဲ့ ဆီးနှင်းတွေကိုရှင်းပေးတဲ့
ဘူလ်ထရိုဇာလို စက်ယန္တရားကြီးတွေကို ခေါ်
တာပါ။ ဒီအမျိုးအစားမိဘတွေဟာ ကလေး
ကျောင်းစာရမှတ်တွေမြင့်အောင် ဆရာ/မတွေကို
တွန်အားပေးမယ်၊ အရှုံးဆိုတဲ့ခံစားစိတ် ကလေး
မကြုံရအောင် ကလေးပါဝင်မယ့် အားကစား
အသင်းအတွက် နာမည်ကြီးနည်းပြတစ်ယောက်
ခေါ်ပေးမယ် ဆိုတာမျိုးပင်လုပ်ကောင်းလုပ်ပါ
လိမ့်မယ်။

ဘယ်မိဘမှ မိမိတို့ရဲ့ကလေး အရှုံးနဲ့ကြုံပြီး
နာကျင် ခံစားရမှာကို အလိုရှိမှာ မဟုတ်သော်လည်း
ကလေးရဲ့ဘဝချမ်းသာသုခနဲ့ ပိုပြည့်စုံနိုင်ဖို့
ကျင့်သုံးရမယ့် မိဘအုပ်ထိန်းမှုနည်းဗျူဟာတွေ
ကတော့ ဟယ်လီကော်ပတာမိဘရော နှင်းရှင်း
စက်လိုမိဘရော နှစ်ခုလုံး တစ်ခုမှ မဟုတ်ဘူး
လို့ ပညာရှင်တွေကထောက်ပြပါတယ်။

မိဘအုပ်ထိန်းမှုမှာ ဟန်ချက်ညီမှုတစ်ခု ရှိသင့်
ပါတယ်။ မိဘဟာ ကလေးအတွက်၊ ကလေးက
လိုအပ်တဲ့ အချိန်အတွက် ရှိပေးသင့်ပေမဲ့ ကလေး
ကိုယ်တိုင် ဖြေရှင်းရမယ့် ပြဿနာအတွက်တော့
ကလေးကို ကိုယ်တိုင်ဖြေရှင်းခွင့်ရဖို့ လမ်းပိတ်
မထားဘဲ့ ကလေးကိုတိုင် လမ်းရှင်းဖို့ အားပေး
ရပါလိမ့်မယ်။

ဓနဥစ္စာတွေ၊ ဒီနေ့ခေတ် နည်းပညာတွေကြောင့်
ဟယ်လီကော်ပတာမိဘ သို့မဟုတ် နှင်းရှင်းစက်
မိဘ ဖြစ်ဖို့လွယ်ပါတယ်။ ဟယ်လီကော်ပတာ
မိဘတွေဟာ ကလေးကို မေးနေစရာပင် မလိုဘဲ
ကလေးရဲ့ ဖုန်းကနေ ကလေးဘယ်မှာရှိနေလဲ၊
ဘယ်ကိုသွားနေလဲခြေရာခံဖို့ လွယ်ကူပါတယ်။
နှင်းရှင်းစက်မိဘတွေကတော့ ကလေးရဲ့ဆရာဆီ၊
ကလေးရဲ့နည်းပြဆီ အီးမေးလ်ပို့ပြီး ကလေးနဲ့
ဆရာတွေ၊ နည်းပြတွေကြားမှာ ဝင်ရောက် နေရာ
ယူနိုင်ပါတယ်။

ဟယ်လီကော်ပတာမိဘတွေဟာ ကလေးက သူတို့
ကိုလိုအပ်ချိန်မှာ ရှိပေးနိုင်ပါတယ်။ ဒါပေမဲ့ ကလေး
ပြဿနာအားလုံးကိုတော ဖြေရှင်းပေးနိုင်မှာမယ်
မဟုတ်ပါဘူး။ နှင်းရှင်းစက်မိဘတွေကလည်း
ကလေး ကြုံနိုင်မယ့် ကျရှုံးမှုတွေကို မကြုံအောင်
အခက်အခဲတွေအားလုံး ကိုတော့ လမ်းရှင်းပေး
နိုင်မှာ မဟုတ်ပါဘူး။

ဟယ်လီကော်ပတာမိဘတွေဟ ကလေးကို တချိန်
လုံးစောင့်ကြပ် ကြည့်နေပြီး ကလေးစိတ်နဲ့ကလေး
ကိုယ် လွတ်လွတ်လပ်လပ် လုပ်ခွင့်ပြုတာ ရှားပါ
တယ်။ ကလေးရဲ့စာသင်ကျောင်းနေရတဲ့ဘဝ၊
သူချင်းများနဲ့ပေါင်းသင်းနေထိုင်ဆက်ဆံမှု အစရှိတဲ့
သတင်းအချက်အလက်တွေအားလုံးကိုသိချင်ပါ
လိမ့်မယ်။ ဒါပေမဲ့လည်း ကလေးကို အောင်မြင်
စေချင်ရင် ကျရှုံးဖူးဖို့လိုတာကိုလည်းသိဖို့လိုပါတယ်။
နှင်းရှင်းစက် မိဘတွေကတော့ကလေးကို ကျရှုံးမှု
ကြုံတဲ့ အခွင့်အရေးပေးချင်မှာ ပင်မဟုတ်။ ၄င်းတို့
ဟာ ကလေးက ကျရှုံးမှု မတွေကြုံမှီ ကလေးပြဿနာ
တွေကို ရှင်းပေးထားတာက ကလေးအောင်မြင်ဖို့
ပိုလွယ်လိမ့်မယ်လို့ ယုံကြည်သူတွေဖြစ်ပါတယ်။
တကယ်တော့ သာမန်ထက်အားစိုက်ဖြေရှင်းလိုက်
ရတဲ့ “နှစ်လိုဖွယ် အခက်အခဲလေးတွေ၊ လုပ်စရာ
လေးတွေ” လည်း ရှိကြပါတယ်။ နှင်းရှင်းစက်
မိဘတွေ ဟာ ကလေးအတွက် ဒီအရာလေးတွေနဲ့
ထိတွေဖို့ ပျက်ကွက်စေတယ်၊ အဲဒီအရာတွေချို့တဲ့
ကုန်စေပါတယ်။ ဒီအမျိုးအစားချို့တဲ့မှုဆိုတာ
ကလေးကို လိုဘမပြည့်ဝချိန်မှာ အဲဒီလိုဘမပြည့်ဝ
မှုကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ သင်ယူဖို့
အခွင့်အလမ်းမရခဲ့ဘူးဆိုတဲ့ အဓိပ္ပာယ်သာဖြစ်ပြီး
တစုံတခုအတွက် စိတ်ကျေနပ်မှု မရချိန်မှာ
ကလေးကအလွယ်တကူလက်လျော့လိုက်ပါ
လိမ့်မယ်။

ကလေးတွေဟာ အောင်မြင်အောင် ကျရှုံးဖူးတဲ့
အတွေ့အကြုံလည်းရှိဖို့ လိုပါတယ်။ သူတို့ဟာ သူတို့
ရဲ့ကိုယ်တိုင် ကြိုးစားဖြေရှင်းရာမှ ရရှိလာတဲ့ ဘဝ
သင်ခန်းစာတွေကနေ ပိုပြီးအကျိုးကျေးဇူးရရှိ
နိုင်ပါလိမ့်မယ်။ သူတို့ကို ဆုံးရှုံးမှုတွေ မတွေ့ဖူး
အောင် တားဆီးကာကွယ်ပေးလွန်းတဲ့ မိဘတွေ
ကြောင့် ဒီသင်ခန်းစာတွေ သိပ်ရနိုင်မယ်မဟုတ်ပါ။
မိဘက အဲလို အကာအကွယ်ပေးလွန်းခြင်းကြောင့်
သူတို့လူကြီးဖြစ်လာလို့ မလွဲမသွေကြုံရမဲ ဘဝရဲ့
အခက်အခဲတွေ ရင်ဆိုင်ရတဲ့အခါ ကိုယ်တိုင်မဖြေ
ရှင်းတတ်ဘဲ ခက်ခဲတဲ့အချိန်တွေကြုံရနိုင်ပါတယ်။

၂၀၁၉ခုနှစ်မှာ ကောက်ယူခဲ့တဲ့ New York Times
သတင်းစာရဲ့ Surveyတစ်ခုက နှင်းရှင်းစက်
(Snowplow) မိဘတွေအကြောင်း မီးမောင်းထိုး
ပြခဲ့ပါတယ်။
-၇၆%သော နှင်းရှင်းစက်မိဘတွေဟာ သူတို့ရဲ့
အရွယ်ရောက်ကလေးတွေရဲ့ လုပ်စရာ နောက်ဆုံး
သတ်မှတ်ရက်(Deadline)ကို သတိပေးနေရဆဲ ဖြစ်သတဲ့။
-၇၄%ကတော့ ကလေးတွေအတွက် Appointကို
မှတ်ပေးနေရတုန်းတဲ့။
-၁၆%ကတော့ အလုပ်လျှောက်ဖို့ လျှောက်လွှာ
အကုန်လုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းရေးပေး
ခဲ့ရသတဲ့။
-၁၂%ကတော့ ကလေးကို တစ်နေ့မုန်ဖိုး $500
သို့မဟုတ် လစဉ်အသုံးစရတ်ထောက်ပံ့ပေးသတဲ့။
-၁၁%ကတော့ ကလေးကအလုပ်မှာ ပြဿနာရှိ
ရင် အလုပ်ရှင်ကို မိဘက လှမ်းဆက်သွယ်သတဲ့။
-၄%ကတော့ ကလေးအတွက် အက်ဆေး အကုန်
လုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်ရေးပေးသတဲ့။
ဒီလေ့လာမှုမှာ သူတို့လုပ်ရမယ့် အခြေခံအလုပ်တွေ
မိဘကလုပ် ပေးနေရတဲ့ ကလေးတွေဟာ အသက်
၁၈နှစ်ကနေ ၂၈နှစ်အတွင်း ရှိတဲ့သူတွေ ဖြစ်ကြပါ
တယ်။

တက္ကသိုလ် တက်ချိန်မှာ မိဘအိမ်ကနေခွဲနေပြီး
တက္ကသိုလ်ကိုသွား တက်ရခြင်းအဓိကအကြောင်း
ရင်းဟာ ဆယ်ကျော်သက်ကလေးကို အမှီအခို
ကင်းကင်းနေတတ်အောင်နဲ့ သူလုပ်စရာရှိတဲ့အလုပ်
တတ်ရန်၊ သူယူစရာရှိတဲ့တာဝန် သူယူတတ်အောင်
လေ့ကျင့်ပေးခြင်းလည်း ဖြစ်ပါတယ်။

မိဘတွေအနေနဲ့ ကလေးဆယ်ကျော်သက်ကလေး
တွေကို အုပ်ထိန်းရာမှာ ပေးသင့်တဲ့ မိဘအုပ်ထိန်းမှု
ပုံစံကတော့ မီးပြတိုက်လိုမိဘအုပ်ထိန်းမှုမျိုးဖြစ်ပါ
တယ်။ ဒီမိဘတွေဟာ ကလေးက သူ့ရဲ့ဘဝ
အပြောင်းအလဲတွေကို စူးစမ်းရှာဖွေရာမှာ မီးပြတိုက်
တစ်ခုလို လမ်းပြပေးတဲ့ အခန်းကဏ္ဍမျိုး လုပ်ဆောင်
ပေးပါတယ်။ပျိုဖော်ဝင်ချိန်အရွယ်ဆိုတာ စိန်ခေါ်မှု
တွေ ကြုံရတဲ့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်စဉ်မှာ
ဘဲ မိမိကိုယ်မိမိလက်ခံဖို့၊ မိမိမှာစွမ်းရည်တွေရှိတယ်
ဆိုတဲ့ ခံစားစိတ်ရဖို့လည်းအရေးကြီးပါတယ်။
အချုပ်အားဖြင့် ကလေးလိုအပ်ချိန်မှာ မီးပြတိုက်
လိုအမြဲရှိပေး လမ်းပြပေးပါ။ သို့သော် ကလေးက
ကိုယ်တိုင် လုပ်ရမယ့်အလုပ်တွေကိုတော့ ဝင်လုပ်
ပေးမိသည် အထိတော့မပါမိပါစေနဲ့။ သင်ဟာမိဘ
တစ်ယောက် ဖြစ်တယ်ဆိုရင် သင့်ကလေးရဲ့ဘဝ အခက်အခဲကြုံချိန်တွေကို သင် ဘယ်လိုကိုင်တွယ်
နေမိလည်း သင့်ကိုသင်ဂရုတစိုက်စောင့်ကြည့်ပါ။
သင့်ကလေးအတွက်နေရာ ဘယ်လောက်ပေးသင့်လဲ
တွေးပါ။ ကလေးကို သူခြေတောက်ပေါ်သူ အမှီအခို
ကင်းကင်း ရပ်တည်နိုင်သူဖြစ်အောင်၊ လူးသာလွန့်သာ
လှုပ်ရှားသာအောင် အခွင့်အလမ်းပေးပြီး ဘဝအနိမ့်
အမြင့်အတက်အကျ လောကဒဏ်တို့ကို ခံနိုင်ရည်ရှိ
သော သူတစ်ယောက်အဖြစ်လုပ်ခွင့်ပေးပါ။

Tyron 's Talking Therapy

Address

Yangon

Telephone

+959254470824

Website

Alerts

Be the first to know and let us send you an email when Tyron 's Talking Therapy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share