06/01/2026
မေမေတို့ဖတ်ဖို့🥰
သားဦးမိဘများမဖြစ်မနေသိထားသင့်သော မွေးကင်းစကလေး အသက်ရှူသည့်ပုံစံများ
မွေးကင်းစမှ အသက်တစ်လအထိကလေးများ ( Newborns )ဟာ အသက်ရှူတဲ့အခါ ထူးဆန်းတဲ့အသံလေးတွေထွက်လေ့ရှိကြပါတယ်။ များသောအားဖြင့် စိုးရိမ်စရာမရှိပေမယ့် ကလေးတွေမှာဖြစ်လေ့ရှိတဲ့အသက်ရှူခြင်းပုံစံတွေကို သိထားရင်တော့ ဘယ်အချိန်မှာ မဖြစ်မနေဆေးခန်းပြရမလဲဆိုတာကိုသိနိုင်မှာဖြစ်ပါတယ်။
မွေးကင်းစကလေးတွေဟာ အသက်ရှူတဲ့အခါ ပုံစံတွေ သတ်မှတ်ထားသလို ပုံစံတကျမရှိတတ်ကြပါဘူး။ အဲဒီအခါ မိဘတွေကစိတ်ပူကြပါတယ်။ သူတို့လေးတွေအသက်ရှူတာကလည်း မြန်တဲ့အခါမြန်ပြီး ကြားထဲမှာ ခဏရပ်နေတာမျိုးလည်းတွေ့ရပါတယ်။ တခါတလေ အသံလေးတွေထွက်တတ်ကြပါသေးတယ်။ လူကြီးတွေပုံမှန်အသက်ရှူတာနဲ့မတူဘဲ ဘာလို့ခုလိုဖြစ်ရတာလဲဆိုတော့
▪️ပါးစပ်နဲ့အသက်မရှူတတ်သေးဘဲ နှာခေါင်းပေါက်ကနေသာပိုပြီး အသက်ရှူခြင်း
▪️အသက်ရှူတဲ့ pattern ဟာ ပိတ်ဆို့လွယ်ခြင်း
▪️သူတို့ရဲ့ ရင်ဘတ် (chest wall) ဟာ လူကြီးတွေလိုမသန်မာသေးဘဲ ပျော့ပြောင်းနေသေးခြင်း
▪️အသက်ရှူတဲ့အခါ အဆုတ်နဲ့ ရင်ဘတ်ကြွက်သားတွေကို ကောင်းကောင်းအသုံးမချတတ်သေးခြင်း
▪️မွေးမွေးချင်းဆိုရင် အသက်ရှူလမ်းကြောင်းထဲမှာ ရေမြွှာနဲ့ meconium တွေကို မြိုချထားမိလို့ အဲဒီအရာတွေ အနည်းငယ်ကျန်ရှိနေသေးခြင်း စတာတွေကြောင့်ဖြစ်ပါတယ်။
💠မွေးကင်းစကလေးများရဲ့ ပုံမှန်အသက်ရှူခြင်းပုံစံများ
မွေးကင်းစလေးတွေဟာ တစ်မိနစ်ကို အကြိမ် ၃၀ မှ ၆၀ ခန့်အသက်ရှူတတ်ကြပါတယ်။ အိပ်ပျော်နေရင် အကြိမ်ရေ ၃၀မှ၄၀ ခန့်လောက်ထိ နှေးသွားနိုင်ပါတယ်။ အသက် ၆လလောက်ရောက်ရင်တော့ အသက်ရှူနှုန်းက တစ်မိနစ်ကို ၂၅ကြိမ်မှ အကြိမ် ၄၀ လောက်ထိပြောင်းလဲသွားပါတယ်။ ကျွန်မတို့လို အရွယ်ရောက်ပြီးလူကြီးတွေကတော့ တမိနစ်ကို ၁၂ကြိမ်မှ အကြိမ်၂၀ ခန့်သာရှိတာဖြစ်ပါတယ်။
တခါတလေ မွေးကင်းစလေးများဟာ အသက်ရှူမြန်လာပြီး ၁၀စက္ကန့်လောက် အသက်မရှူဘဲ ခေတ္တရပ်နေတာမျိုးလည်းတွေ့ရပါတယ်။ အဲဒီလိုဖြစ်ရင် မိဘတွေကလန့်ကြပါတယ်။ လအနည်းငယ်ရရင်တော့ အဲဒီလိုအသက်ရှူခြင်း pattern ကွဲပြားတာလေးတွေက သက်သာသွားတတ်ပါတယ်။
💠မွေးကင်းစကလေးများဖြစ်တတ်သော ပုံမမှန်အသံများ
▪️တရွှီရွှီမြည်ခြင်း
▪️အက်ကွဲကွဲသံနှင့်ချောင်းဆိုးခြင်း
▪️နက်နက်ရှိုင်းရှိုင်းချောင်းဆိုးနေခြင်း
▪️နှာခေါင်းပိတ်ပြီး အသက်ရှူရာတွင် တရှူးရှူးအသံထွက်နေခြင်း
▪️အသက်ရှူနှုန်း တစ်မိနစ်လျှင် အကြိမ်ရေ ၆၀အထက်ဖြစ်နေခြင်း
▪️အိပ်လျှင်ဟောက်သံထွက်နေခြင်း
▪️ကလေးဖျားပြီး ညည်းသံထွက်နေခြင်း
▪️ဆက်တိုက်နှာချေနေခြင်း
▪️အသက်ရှူရပ်ရပ်သွားခြင်းဟာ စက္ကန့်၂၀နှင့်အထက်ဖြစ်နေခြင်း
▪️အသက်ရှူတဲ့အခါ လျှာ၊နှုတ်ခမ်းများပြာနှမ်းနေခြင်း
▪️ကလေးကဖျော့တော့နေခြင်း သို့မဟုတ် ပြာနေခြင်း
▪️အသက်ရှူတဲ့အခါ နှာခေါင်းလေးများအလွန်ပွလာတဲ့အထိအားစိုက်ရှူနေရခြင်း
▪️နို့မစို့နိုင်ခြင်း
▪️မှိန်းနေခြင်း
▪️အသက်ရှူပုံမှန်မဖြစ်ခြင်းနှင့်အတူ အဖျားရှိနေခြင်း
▪️အသက်ရှူတဲ့အခါ နံရိုးကြားကြွက်သားများနိမ့်(ချိုင့်ဝင်)တဲ့အထိ အသက်ကိုအားစိုက်ရှူနေရခြင်း
အထက်ပါအချက်များကိုတွေ့ရလျှင်တော့ ဖြစ်တဲ့အချိန်မှာ Video ရိုက်ထားပြီး ကလေးအထူးကုဆရာဝန်များနဲ့ မဖြစ်မနေပြသရမှာဖြစ်ပါတယ်။
ဖြစ်လေ့ဖြစ်ထရှိတဲ့ပုံစံတွေကို ဗဟုသုတအနေနဲ့ရေးထားပေမယ့် မိမိအနေနဲ့ ကလေးအသက်ရှူတဲ့ပုံစံကို ပုံစံမကျဘူးလို့စိုးရိမ်ရင်လည်း ဘယ်အချိန်မဆို ဆရာဝန်နဲ့သွားရောက်ပြသတာ မမှားဘူးလို့လည်း ပြောချင်ပါတယ်ရှင်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)မာမီ
✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။
စာဖတ်သူများသို့မေတ္တာရပ်ခံချက်💕
••••••••••••••••••••••••••••••••••••
ကျွန်မရေးသားသောဆောင်းပါးများနဲ့ ထုတ်လွှင့်သော ဗီဒီယိုများဟာ အယူအဆမှားတွေများတတ်တဲ့ လူမှုကွန်ယက်မှာ မှန်ကန်တဲ့ကျန်းမာရေးဗဟုသုတရရှိစေဖို့သာ ရည်ရွယ်ပါတယ်။ တစ်ဦးချင်းစီရဲ့ ကျန်းမာရေးပြဿနာများအတွက် အဖြေရှာရန်မဟုတ်ပါဘူး။
ဒါ့အပြင် ပြင်ပမှာပြသနေတဲ့ ဆရာဝန်များရဲ့ ကုသချက်၊ ဆေးပညာအကြံပြုချက်များနေရာမှာ အစားထိုးလို့မရပါ။ မိမိကိုယ်တိုင် သို့မဟုတ် မိမိကလေးငယ်ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှု၊ သီးသန့် ဆွေးနွေးလိုသော အခြေအနေများရှိပါက ကိုယ်တိုင်ပြသနေသောဆရာဝန်များနှင့်သာ တိုင်ပင်ရမှာဖြစ်ပါတယ်။ အရေးကြီးလက္ခဏာများရှိပါကလည်း နီးစပ်ရာ ဆေးခန်း/ဆေးရုံမှာ သွားရောက်ပြသရမှာဖြစ်ပါတယ်ရှင်။