21/01/2021
သဲအင်းဆရာတော်ကြီး နှင့် ပတ္တမြားမျက်ရှင်တော်
တေဝိဇ္ဇပတ္တရဟန္တာကြီးဟု အများကသမုတ်ခေါ်ဝေါ်ခဲ့ကြသော သဲအင်းဆရာတော်ကြီးသည် ၁၉၇၃ ခုနှစ်၊ ဇွန်လတွင် ခန္ဓာ၀န်ချခဲ့ပေသည်။ မပုတ်မသိုးသောဆရာတော်ကြီး၏ ရုပ်ခန္ဓာကို (၃) နှစ် ဆက်တိုက်အပူဇော်ခံခဲ့ရပေသည်။ ဆရာတော်ကြီး၏ ရုပ်ကလပ်ဘေးတွင် စောင့်ရသော သံဃာ(၂)ပါးမှာ လားရှိုး ဦးဥတ္တမနှင့် ညောင်လေးပင်ကိုယ်တော်တို့ဖြစ်ပါသည်။ ဇီးကုန်းဆရာတော် ကြီး၏ တပည့်ရင်းများဖြစ်ကြသည်။
ရုပ်ကလပ်ကို မီးသဂြိုလ်ခါနီး (၃) လခန့်အလိုဖြစ်ပေသည်။ အချိန်သည်နေ့လယ်ခင်းဖြစ် ပေသည်။ ဦးဥတ္တမသည် ထူးဆန်းသောအလင်းရောင်တစ်ခုကိုတွေ့၍ ညောင်လေးပင်ကိုယ်တော် ကို ပြောလိုက်တော့သည်။
ဦးဥတ္တမ ။ ။ မျက်နှာကြက်က နေအလင်းတန်းတစ်ခု၀င်နေတယ်။ ဆရာတော် ရုပ်ကလပ်ရဲ့ဦးခေါင်းပေါ်ကို အလင်းတန်းက ထိုးဆင်းနေတယ်။
ညောင်လေးပင် ။ ။ ကိုယ်တော်ကလည်း မျက်နှာကြက်မှာ အပေါက်လုံး၀မရှိပါဘူး။ မျက်နှာကြက်က၀င်လာတဲ့ အလင်းတန်းမဟုတ်ဘူး။
ဦးဥတ္တမ ။ ။ အရောင်တန်းကလည်း ပုံမှန်အလင်းရောင်အဖြူမဟုတ်ဘဲ ဘာဖြစ် လို့နီရဲနေတာလဲ။မျက်နှာကြက်ကလာတာ မဟုတ်ရင် ဘယ်ကလာတဲ့အရောင်လဲ။
ညောင်လေးပင်ကိုယ်တော်သည် အနီးရှိယပ်တောင်တစ်ခုကို ယူလိုက်ပြီး အနီရောင်အလင်းတန်း ကြားတွင် ထားလိုက်လေတော့သည်။
အနီရောင်အလင်းတန်းသည် ယပ်တောင်၏အောက်ဖက်တွင် သာရှိနေတော့သည်။မျက်နှာ ကြက်အမိုးသို့မသွားတော့။ ထို့ကြောင့်အနီးတွင်ရှိနေသော ဦးဥတ္တမက ပြောလေသည်။
ဦးဥတ္တမ ။ ။ ဆရာတော်ရဲ့မျက်နှာတော်က ထွက်နေတဲ့အနီရောင်တန်းကြီးဘဲ။ ထူးဆန်းလိုက်တာ။
နောက်ဆုံးတွင် အနီရဲရဲအလင်းတန်းစတင်ထွက်လာသော နေရာကြီးကို တွေ့ရှိ တော့သည်။
ညောင်လေးပင် ။ ။ မျက်လုံးတော်ကထွက်တဲ့ အလင်းတန်းနှစ်ခုက ပေါင်းပြီးတစ်ခု တည်းဖြစ်သွားတာကလဲ ပိုပြီး ထူးဆန်းနေတယ်။
သံဃာ(၂) ပါးသည် ဆရာရင်းဖြစ်သူ သဲအင်းဆရာတော်၏ မျက်လုံး (၂)လုံးကို ကိုယ်ပိုင်သီးသန့်ကိုးကွယ်ချင်စိတ်ဖြစ်လာခဲ့တော့သည်။ ထို့ကြောင့် ချက်ခြင်းဆုံးဖြတ်တော့သည်။
ညောင်လေးပင် ။ ။ ဇာဂနာနဲ့ ထုတ်ယူပြီး ဘယ်သူမှမသိအောင် ပူဇော်ထားကြမယ်။
အနီရောင်အလင်းတန်းထွက်နေသောမျက်လုံးတော်မှ ဓါတ်တော်မြုးနေခြင်းသဘော ကြောင့်မျက် လုံးတော်ဟုပင် မခေါ်တော့ဘဲ မျက်ရှင်တော်အဖြစ်စတင် ပညတ်တော့သည်။ ဦးဥတ္တမသည် မျက်ရှင်တော် တစ်ဆူကို သူကိုးကွယ်ရန် ယူ၏။ သူများသိမည်ကို စိုးရိမ်သဖြင့် ဇရပ်ထဲရှိ သစ်သားတိုင်ကိုဖေါက်ပြီး သိမ်း ခဲ့တော့သည်။ကျန်မျက်ရှင်တော်တစ်ဆူကိုကျေးဇူးရှိခဲ့သော သဲအင်းယောဂီကြီးဦးသခကို တိတ်တဆိတ်ပေးလိုက်တော့သည်။
လားရှိုး ဦးဥတ္တမ သိမ်းဆည်းထားသော မျက်ရှင်တော်ထားရာဇရပ်သည် သူ၏ရဟန်းအမနေထိုင်ရာ ဖြစ်သည်။ ရဟန်းအမ၏ ကျေးဇူးကိုဆပ်ခြင်းဖြင့် ရဟန်းအမဖြစ်သူကို ပေးလိုက်ပြီး ဖြစ်ပေသည်။ ရဟန်းအမ သည် ပညာတတ်ကျောင်းဆရာမ တစ်ဦးဖြစ်ပေသည်။ဆရာတော်ကြီး၏ ရုပ်ကလပ်ကိုမီးသဂြိုလ်ခဲ့ပြီး လပေါင်းတော်တော်ကြာခဲ့ပေပြီ။ (မျက်ရှင်တော်အကြောင်းကို မည်သူမှမသိကြ)ကျောင်းဆရာမ၏ ယောကျာ်းသည် ဦးလှမောင်ဖြစ်ပေသည်။ ကျန်းမာရေးစတင်ချို့ယွင်းတော့၏။ အလွန်ကျန်းမာနေရာမှ ရုတ်တရက် လေဖြတ်တော့၏။ ပါးလည်းရွဲ့စောင်းနေပေတော့သည်။
ကျောင်းဆရာမသည် ကောင်းစွာတရားမထိုင်နိုင်တော့။ ယောကျာ်းဖြစ်သူကို အချိန်ပြည့်ပြုစုနေရ တော့၏။ ၀ဋ်ကြွေးများ ဆပ်နေရတော့ပေသည်။
(၈)လခန့်အကြာတွင် ဇရပ်ထဲ၌ မွေးထားသော ခွေးသည် ရုတ်တရက် ရူးတော့လေသည်။ အနီးနားရှိ ဆရာလေးတပါးက အကြံဥာဏ်ပေးလေသည်။
ဆရာလေး ။ ။ ခွေးရူးနေဒါ အန္တရာယ်ရှိတယ်၊ မယ်တော်ကြီး၊ တနေရာကို သွားပို့လိုက်တော့။
ဆရာမ ။ ။ ငါမွေးထားတဲ့ ဒီခွေးက ငယ်ငယ်လေးထဲက ပြုစုကျွေးမွေးလာခဲ့ဒါ၊ ငါ့ကိုတော့ အန္တရာယ် မပြုပါဘူး။
မကြာခင် အချိန်တွင် ထိုခွေးရူးသည် ဆရာမကို ကိုက်လေတော့သည်။ ခွေးရူးရောဂါနှင့် ဆရာမသေ ဆုံးရတော့သည်။ ယောဂီဆရာမ၏အသုဘတွင် ဦးလှမောင်နှင့် ဦးဥတ္တမ ၂ ဦး တီးတိုးတိုင်ပင် နေတော့သည်။
ဦးလှမောင် ။ ။ ဆရာတော်ရဲ့ မျက်ရှင်တော် ဒီဇရပ်ကို ရောက်ပြီး တပည့်တော်တို့ရဲ့ မိသားစုမှာ စိတ်ဆင်းရဲစရာကြီးတွေ့ဖြစ်လာခဲ့တယ်။ မထိုက်လို့လား မသိပါဘူး အရှင်ဘုရား။
ဦးဥတ္တမ ။ ။ ဦးပဇင်းလဲ စဉ်းစားနေဒါပါ။ ဒီမျက်ရှင်တော်ဟာ ဘယ်သူမှမသိ အောင် ဦးပဇင်းကခိုးယူထားလုိ့ ဒီလိုမျိုး ကိစ္စတွေဖြစ်တယ်လို့ ထင်နေတယ်။
ဦးလှမောင် ။ ။ မျက်ရှင်တော်တဆူ ယူထားတဲ့ ဦးသခ မိသားစု အကြောင်းစုံစမ်း ကြည့်ကြမယ်။
ဦးသခသည် မျက်ရှင်တော်တဆူ ရပြီး နောက်ပိုင်းနေ့ခြင်းညခြင်း စီးပွားရေးထိုးတက် လာတော့ပေသည်။ သူသည် ငါးများ၀ယ်ရောင်းလုပ်သော ငါးဒိုင် ပိုင်ရှင်ကြီးဖြစ်ပေသည်။ တစ်နေ့၌ သူကိုး ကွယ်သော မင်းဘူး ရွှေစက်တော် ဘုရားအနီးရှိ အကြားအမြင်ဆရာတော်ထံသွား၍ အလှူလုပ်သည်။
ဆရာတော် ။` ။ ဒကာကြီးရဲ့ စီးပွားရေးအရမ်းအောင်မြင်လာတယ်နော်။
ဦးသခ ။ ။ ဘယ်သူ့ကိုမှတော့ မသိစေပါနဲ့ အရှင်ဘုရား။ သဲအင်းဆရာတော်ကြီးရဲ့ မျက်ရှင်တော်တဆူကို တပည့်တော် ရခဲ့ဒါပါအရှင်ဘုရား။ ဘယ်သူမှမသိကြပါဘူး။
ဆရာတော်သည် ဦးသခပြသော သဲအင်းဆရာတော်ကြီး၏ မျက်ရှင်တော်တဆူကို သေချာစွာ ကြည့်ပြီးနောက် ပြောလိုက်လေသည်။
ဆရာတော် ။ ။ လောကီစီးပွားရေး၊ ကာယသိဒ္ဓိအရမ်းကောင်းစေတဲ့ အရာဘဲ။
ဦးသခသည် စီးပွားရေးအောင်မြင်လာသောအခါ ဆန်စက်တလုံး၀ယ်တော့သည်။ ဆန်စက် ၀ယ်ရန် ငွေအနည်းငယ် လိုနေတော့၏၊ ထို့ကြောင့် နိုင်ငံခြားမှလာသော ကျောက်ကုန်သည် သူဌေးများကို ဆရာတော်၏ မျက်ရှင်တော်ကို ရောင်းလေတော့သည်။ ပတ္တမြားဟုပြော၍ စျေးခေါ်တော့သည်။
ကျောက်ကုန်သည်။ ။ ဘ၀မှ တခါမှ မတွေ့ဘူးတဲ့ အရမ်းကောင်းတဲ့ ပတ္တမြားအမျိုးအစားဘဲ။ (၇)သိန်းပေးပါ့မယ်။
ဦးသခ ။ ။ (၁၅)သိန်းပေးမှရောင်းမယ်။ (၁၅)သိန်းတပြားမှ မလျော့ဘူး။
မှတ်ချက် ။ ။ ထိုခေတ်ကာလတွင် ရန်ကုန်မြို့စျေးအကြီးဆုံးအင်းယားလမ်း၊ ၀င်ဒါမီယာ လမ်းတို့တွင် အကောင်းဆုံးခြံကို တသိန်းပေး၍ ၀ယ်နိုင်ပါသည်။
ဆရာတော်၏ မျက်ရှင်တော်ကို စျေးမတည့်၍ မရောင်းဖြစ်သေးပါ။ ငွေကြေးချမ်းသာလာသော ဦးသခသည် သီလပျက်တော့သည်။ ဇနီးမယားနှင့် သားသမီးများရှိနေသော်လည်း နောက်ထပ် မိန်းမထပ်ယူတော့လေသည်။ ဆန်စက်ထဲမှ ၀န်ထမ်းအလုပ်သမား ကရင်မ ချောချောငယ်ငယ်လေးဖြစ်ပေသည်။ သီလချိုးဖေါက်သော ဦးသိန်းခင်ကို ဇနီးနှင့် မိသားစုက လုံး၀မကျေနပ်တော့ပေ။ အိမ်တွင်ရေးပြဿနာကြီးဖြစ်တော့ သည်။ သဲအင်းဆရာတော်ကြီးရှိစဉ်က နေ့စဉ်တရားသံနှင့် အေးချမ်းခဲ့သော အိမ်သည် ရန်ပွဲ ဒေါသသံ တို့ဖြင့် ဖုံးလွမ်းနေပေတော့သည်။ နောက် (၆) လခန့်တွင် ဦးသခ၏ မယားကြီးသည် ကင်ဆာရောဂါကြီး စတင်ခံစားခဲ့ရတော့သည်။ တအိမ်ိလုံးသည် ဖျောင်းဆန်နေပေတောသည်။ မကြာခင်မယားကြီးသေတော့သည်။ ဇနီးမယားကြီးသေသွားသောအခါ သားသမီးတို့နှင့် အမွေကိစ္စကြီး ဖြစ်ရတော့ပြန်လည်။ ထိုအချိန်တွင် ဦးသိန်းခင်သည် သားသမီးတို့နှင့် ရန်သူကြီး ဖြစ်နေတော့သည်။ အောင်မြင်ခဲ့သော စီးပွားရေးသည် တနေ့ပြီး တနေ့ သိသိသာသာ ကျဆင်းတော့သည်။စီးပွားပျက်လေတော့သည်။
ဦးသခသည် စိတ်ဓာတ်အရမ်းကျနေပြီး ဘီးလင်းရွှေအင်ဒုံ ဆရာတော်ကြီးထံ သွားတော့သည်။ ရန်ကုန်ယောဂီများ ရွှေအင်ဒုံကျောင်းရောက်ချိန်သည် နေ့ဆွမ်းစားပြီးအချိန်ဖြစ်သည်။ အသက် (၂၀) ကျော် ကျွန်ုပ်သည် ဆရာတော်ကြီးအနီးတွင် ရှိနေချိန်ဖြစ်ပေသည်။
ယောဂီ။ ။ တပည့်တော်တို့ မိသားစုရဲ့ စီးပွားရေးဟာ ပြိုကွဲလုမတတ်ဖြစ်နေခဲ့ပါတယ်။ မိသားစုလဲ တဦးနဲ့ တစ်ဦး မတွေ့ချင်လောက်အောင် ရန်ဖက်တွေဖြစ်နေကြပါတယ်။ သဲအင်းဆရာတော် ကြီးရဲ့ ဓါတ်တော်မြူးတဲ့ မျက်ရှင်တော်တဖက်ကို ခိုးယူ ပူဇော်ထားလို့ဖြစ်ခဲ့သလားလို့ မေးလျှောက်ဒါပါ အရှင်ဘုရား။
ရွှေအင်ဒုံဆရာတော်ကြီးသည် ကွမ်းစားနေရင်း ရန်ကုန်ယောဂီများကို စိုက်ကြည့်နေပြီး ပညတ်တော့ သည်။
ရွှေအင်ဒုံ။ ။ ။ သဲအင်းဆရာတော်ကြီးရဲ့ မျက်ရှင်တော်ဟာ တဦးတစ်ယောက်ထဲ ကိုးကွယ် ဘို့ မဟုတ်ဘူး။ အများကိုးကွယ်ကြရမဲ့၊ ပစ္စည်းပါ။ ဘယ်ယူမှ မသိအောင် ခိုးယူပြီးထား ဒါကို သာသနာက မကြိုက်ဘူး။ ဒုက္ခကြီးရောက်လိမ့်မယ်။ အိမ်မှာတရက်ထားရင် တရက် ဒုက္ခတွေ့ကြရလိမ့်မယ်။ အခုချက်ခြင်း ကျောင်းကိုပြန်လှူ၊ အများကိုးကွယ်ဘို့ ဆောင်ရွက်ကြ။
ယောဂီ။ ။ တပည့်တော်တို့ကလည်း ဆရာတော်ကို ကြည်ညိုလွန်းလို့ ယူထားမိခဲ့တာပါ။
ရွှေအင်ဒုံ ။ ။ သဲအင်းဂူဆရာတော်ကြီးက မသေခင်ကတည်းက ပညတ်ခဲ့ဘူးတယ်၊ ဦးပဇင်း ခန္ဓာ၀န်ချရင် ဦးပဇင်းရဲ့ ခန္ဓာကိုယ် (ရုပ်ကလပ်) ကို ဒီအတိုင်းထား၊ မပုတ်မသိုးဘူး၊ ဦးပဇင်းရဲ့ ရုပ်ကလပ်ကို အထူးအဆန်း လာကြည့်ကြသူတိုင်းဟာ သဲအင်းတရားကို ကျင့်ကြလိမ့်မယ်။ တရားထူးတွေရကြလိမ့်မယ်။
ယောဂီ။ ။ သဲအင်းဆရာတော်ကြီးက မီးမသဂြိုလ်ရဘူးလို့ ပြောခဲ့ဒါ မှန်ရင် ဘာဖြစ်လို့ မီးသဂြိုလ်ခဲ့ကြပါသလဲ အရှင်ဘုရား။
ရွှေအင်ဒုံ ။ ။ သဲအင်းမှာ လမိုင်းတွေအရမ်းများတယ်၊ သမာဓိနည်းဒါနဲ့ သူတို့က စိတ်ကို ပြောင်းလိုက်ရော။ ဆရာတော်ကြီးရဲ့ ရုပ်ကလပ် မရှိတော့ပေမဲ့ ရုပ်ကလပ်ကိုယ်ပွား မျက်ရှင်တော် ၂ဆူ ကျန်ရစ်ခဲ့ပါတယ် ဒကာကြီး။ ဒီမျက်ရှင်တော်ရဲ့ အကြောင်းခံနဲ့ လူပေါင်းများစွာ တရားကျင့်ကြလိမ့်မယ်။ တရားထူး တွေရကြလိမ့်မယ်။
ယောဂီ ။ ။ လမိုင်းဆိုဒါဘာကို ပြောဒါလဲ အရှင်ဘုရား
ရွှေအင်ဒုံ။ ။ လမိုင်းဆိုဒါ လူတွေကိုတရား မကျင့်နိုင်အောင် အမျိုးမျိုး နှောင်ယှက်တတ်သူ၊ တရားကျင့်သူအချင်းချင်း စိတ်၀မ်းကွဲအောင် လုပ်တတ်သူ၊ လူတွေကို ကိလေသာနွံထဲက ရုန်းမထွက်နိုင်ဘဲ ဖြစ်နေအောင် လုပ်တဲ့သူတွေ၊ နာမ်လောကသားတွေ။ မာရ်နတ်ရဲ့အစေအပါးတွေ။
မျက်ရှင်တော်ယူထားသူများသည် ကြောက်လန့်စွာဖြင့် ဇီးကုန်းဆရာတော်ကြီးထံ ချက်ခြင်း လှူဒါန်း လိုက်ကြတော့ပေသည်။ ဆရာတော်ကြီး၏ မပုတ်မသိုးသော ရုပ်ကလပ်မရှိတော့သော်လည်း ရုပ်ကလပ်ကိုယ်စား ပတ္တမြားမျက်ရှင်တော် ၂ ဆူသည် အထင်အရှား ကျန်ရစ်ခဲ့ပေသည်။
ပတ္တမြားမျက်ရှင်တော်ကို ဖူးမြော်၍ သစ္စာအဓိဌာန်ပြုနိုင်ကြစေသား။
ပတ္တမြားမျက်ရှင်တော်အကြောင်းခံဖြင့် ဖူးမြော်ရသူတိုင်း တရားကျင့်ကြပြီးယခုဘ၀၌ပင် လောကီ အကောင်းစားနှင့် လောကုတ္တရာ အမြတ်စားဖြစ်သော သစ္စာလေးပါးတရားကို လွယ်ကူစွာ ရရှိနိုင်ကြ ပါစေသား။
မှတ်ချက် ။ ။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ပတ္တမြားမျက်ရှင်တော် (၂)ဆူကို တာ၀န်ရှိသူများကရေသန့်များဖြင့် ကပ်လှူဆေးကြောပြီး ယောဂီများအတွက် အလိုရှိရာ ပြည့်စေဘို့ သင်္ကြန်တွင်း၌ အလှူဒါန ပြုလုပ်ခဲ့ပါသည်။ ယောဂီများစွာသည်လည်းဘူးများဖြင့် ထိုရေများကိုသယ်ဆောင် ပြီး ဆန္ဒရှိသလို သုံးလေ့ရှိခဲ့ပါသည်။
U Aye Han(ဦးဧဟန်)