21/08/2024
ဖိလစ်ပိုင်မှာ မျောက်ကျောက်ရောဂါတွေ့၊ ဆေးစစ်အတည်ပြုချက်စောင့်နေ
~~~
■ ဖိလစ်ပိုင်နိုင်ငံမှာ Mpox လို့ခေါ်တဲ့ မျောက်ကျောက်ရောဂါတွေ့ရှိရတယ်လို့ ကျန်းမာရေးဌာနက သြဂုတ် ၁၉ ရက်က ပြောကြားတယ်လို့ CNA သတင်းက ဖော်ပြပါတယ်။
မနှစ်က ဒီဇင်ဘာကစလို့ ပထမဆုံးထပ်တွေ့ရတာဖြစ်ပြီး နိုင်ငံပြင်ပကို မထွက်တဲ့ ၃၃ နှစ်ရွယ် အမျိုးသားမှာတွေ့ရတာလို့ ဆိုပါတယ်။ မျောက်ကျောက်ရောဂါ ဟုတ်၊ မဟုတ် ဆေးစစ်ချက် စောင့်နေပြီး သိရင် နောက်ဆုံးအခြေအနေကို ပြောမယ်လို့ ဆိုပါတယ်။
ကွန်ဂို သမ္မတနိုင်ငံမှာ မျောက်ကျောက်ရောဂါ ဖြစ်ပွားပြီးနောက် ကမ္ဘာ့အရေးပေါ် ပြည်သူ့ ကျန်းမာရေး အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က သြဂုတ် ၁၄ ရက်က ကြေညာပြီးနောက်တစ်ရက်မှာ ဆွီဒင်နိုင်ငံမှာ ဒီရောဂါဖြစ်ပွားသူ တစ်ယောက်တွေ့ရပါတယ်။ ပါကစ္စတန်နိုင်ငံကလည်း ပင်လယ်ကွေ့က ပြန်လာတဲ့ သူတစ်ယောက်မှာ တွေ့ရတယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က ကြေညာပါတယ်။
ဒါပေမဲ့ မျောက်ကျောက်ရောဂါ ဗိုင်းရပ်စ် ဟုတ်၊ မဟုတ် မသိရသေးဘူးလို့ ဆိုပါတယ်။
မြန်မာ့အိမ်နီးချင်းထိုင်းနိုင်ငံက ပညာရှင်တွေကလည်း မျောက်ကျောက်ရောဂါဟာ ထိုင်းနိုင်ငံကို အန္တရာယ်ပေးနိုင်တဲ့ အနေအထားမှာ ရှိတယ်လို့ သတိပေးတဲ့အကြောင်း ဘန်ကောက်ပို့စ်က သြဂုတ် ၁၉ ရက်မှာ ဖော်ပြပါတယ်။
----------------
မျောက်ကျောက်ရောဂါ ကူးစက်ခံထားရသည့် ကွန်ဂို သမ္မတနိုင်ငံမှ ကလေးငယ်ကို ကျန်းမာရေးဝန်ထမ်းများမှ ၂၀၂၄ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင် ကြည့်ရှုစစ်ဆေးနေစဉ်။ (Photo : Reuters)
Source RFA
#မျောက်ကျောက်ရောဂါ #ဖိလစ်ပိုင် #ကွန်ဂို #လွတ်လပ်တဲ့အာရှအသံ