02/05/2018
အနံ့များအကြောင်း အပိုင်း (၁)
ပစ္စည်းထုတ်တဲ့သူတွေ၊ အထူးသဖြင့် ဆပ်ပြာ၊ အလှကုန်၊ လူသုံးကုန်ပစ္စည်းထုတ်တဲ့သူတွေက အနံ့နဲ့ပတ်သက်လို့ ဘယ်၍ဘယ်မျှထည့်ရမလဲလို့ သိချင်ကြပါတယ်။ သိလည်း သိသင့်ပါတယ်။ ဒါကြောင့် ဒီ Post ကို စုဆောင်းရေးသားလိုက်တာပါ။ အကြောင်းအရာ မရောထွေးစေဖို့နဲ့ ဖတ်ရတာ မအီသွားစေချင်လို့ အပိုင်းတွေခွဲပီးရေးသွားပါမယ်။ ပထမဆုံးရေးမှာက Essential Oil ပါ။ အင်မတန်ကျယ်ပြန့်ပါတယ်။ အကုန်ပေါ်လွင်အောင်ရေးဖို့ မလွယ်တာကြောင့် သက်ဆိုင်သူတွေ အကျဉ်းရုံးနားလည်စေဖို့လောက်ပဲ တင်ပြသွားပါမယ်။
Essential Oils အကြောင်း အခြေခံသိထားသင့်သည်များ
Essential Oils ဆိုတာဘာလဲလို့ လူတိုင်းသိအောင်ပြောရရင် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ အရွက်၊ အပွင့်၊ အခေါက်၊ အမြစ်၊ အဖူး စတဲ့အပင်အစိတ်အပိုင်းတွေမှာ ရနံ့တွေရှိနေတာ သတိထားမိပါလိမ့်မယ်။ ဒီရနံ့တွေရှိရခြင်းက ဆိုခဲ့တဲ့ Essential Oils တွေကထုတ်ပေးနေလို့ပါ။ ဒီသဘာဝအတိုင်းပါဝင်နေတဲ့ရနံ့ဆီတွေမှာ အပင်ရဲ့မူလဘူတ ဂုဏ်သတ္တိတွေပါဝင်နေပါတယ်။ ဒီအဆီတွေကိုရဖို့အတွက် အပင်တွေမှာရှိနေတဲ့ အဆီပါဝင်နိုင်မှုအများဆုံးအစိတ်အပိုင်းတွေကနေ ရေနွေးငွေ့ပေါင်းခံခြင်း (Distillation) နဲ့အများဆုံးထုတ်ယူလေ့ရှိပါတယ်။ တချို့အဆီတွေကိုတော့ ညစ်ယူခြင်း (Extraction) နည်း၊ အခြားကြားခံပစ္စည်းတမျိုးမျိုးနဲ့စုပ်ယူထုတ်လုပ်ခြင်း (Solvent Extraction) နည်းတွေနဲ့လည်း ထုတ်ယူကြပါတယ်။
အချို့အဆီတွေဟာ အမည်သာကွဲပေမယ့် အပင်တခုတည်းကထုတ်ယူထားတာ ဖြစ်ပါတယ်။ ဥပမာ- Orange Oil ကို လိမ္မော်ခွံကရရှိပီး၊ Neroli Oil က လိမ္မော်ပွင့်ကနေရပါတယ်။ Petitgrain Oil ကိုတော့ လိမ္မော်ရွက်ကနေရရှိပါတယ်။ အဆီတချို့ဟာ ဈေးကြီးပါတယ်။ များများစားစားထုတ်ယူလို့ရတဲ့အဆီတွေကတော့ ဈေးသိပ်ကကြီးလေ့မရှိပါဘူး။ သယ်ယူသိုလှောင်ပို့ဆောင်ရေး ကုန်ကျစရိတ်တွေကြောင့် အနောက်နိုင်ငံဘက်ကအဆီဟာ အရှေ့ဘက်မှာ ဈေးပိုပေးရသလို အရှေ့တိုင်းကအဆီကလဲ အနောက်နိုင်ငံမှာ ဈေးကြီးမှာပါ။
Lavender Oil ၁ ပေါင်ရရှိဖို့အတွက် လာဗင်ဒါပန်းခြောက်ပေါင်း 200 ပေါင်လောက်လိုပါတယ်။ ဒီလိုပဲ Rose Oil ၁ ပေါင်ရရှိဖို့ နှင်းဆီပွင့်ဖတ်ပေါင်း 2000 ပေါင်၊ တနည်းအားဖြင့် နှစ်တန်လောက်လိုပါတယ်။ ဒါတွေကြောင့်လည်း တချို့ Essential Oil တွေ ဈေးကြီးတာပါ။ ဒီအဆီတွေနဲ့ ဆပ်ပြာ၊ ရနံ့ဖယောင်းတိုင်တွေလုပ်လို့ရပါတယ်။ room spray, lotion, bath salt, scrub, massage oil, skin oil, balms စတာတွေလည်း ပြုလုပ်နိုင်ပါသေးတယ်။ Aromatherapy လို့လူသိများတဲ့ ရနံ့ကုထုံးအတွက်လည်း မရှိမဖြစ် အခြေခံအကျဆုံး အရာတွေလည်းဖြစ်ပါတယ်။
Essential Oils တွေဟာ 100% Pure ဖြစ်မယ်ဆိုရင် ဘယ်နေရာက၀ယ်ဝယ် အနံ့အပြင်းအပျော့တူပါတယ်။ Fragrance Oil ကတော့ ဒီလိုမဟုတ်ပဲ ထုတ်လုပ်တဲ့ကုမ္ပဏီ၊ ရောင်းချတဲ့လုပ်ငန်း၊ ဈေးနှုန်းတွေအလိုက် အပြောင်းအလဲများပါတယ်။
၂၀ ရာစုမှာကတည်းက လူအများစုကြားမှာ ကင်ဆာလိုကြီးမားတဲ့ ကျန်းမာရေးပြသနာတွေကို သတိထားကြောက် ရွံ့လာကြပါ တယ်။ ဒါကြောင့် အစားအစာတွေအပေါ်မှာ ပထမစတင်သက်ရောက်မှုရှိခဲ့ပီး နောက်ပိုင်းမှာ လူသုံးကုန်ပစ္စည်းတွေအပေါ်မှာပါ ပိုသတိပြု သုံးစွဲလာကြပါတယ်။ အဓိကကတော့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဓါတုဗေဒပစ္စည်းတွေကို တက်နိုင်သမျှရှောင်ကြဉ်လိုကြပီး မတက်သာတဲ့အရာတွေကိုတော့ လျှော့ချချင်လာကြပါတယ်။ ကိုယ့်ပတ်ဝန်းကျင်တခုလုံးကို တက်နိုင်သမျှ သဘာဝဆန်ဆန် နေထိုင်လာ ကြပါတယ်။ အကျိုးဆက်အရ စားသောက်တာကနေ ရေချိုး၊ အလှပြင်တဲ့အထိ အရိုးရှင်းဆုံးနဲ့ ကိုယ်သိနားလည်မှုအရှိဆုံး ပါဝင်ပစ္စည်း တွေကိုပဲ သုံးစွဲလာကြပါပီ။ ဒါကြောင့်လည်း Essential Oils တွေဟာ တကျော့ပြန် လူသိများထင်ရှားလာရခြင်းအကြောင်းတခုပါပဲ။
Essential oils တွေဟာ ရနံ့သက်သက်အပြင် တခြားဂုဏ်သတ္တိတွေ၊ အကျိုးကျေးဇူးတွေပါရှိပါတယ်။ Tea Tree ဆိုပါစို့။ ဒီသဘာဝအဆီဟာ ပိုးသတ်ဆေးတမျိုးပါ၊ ဘတ်တီးရီးယားနဲ့မှို၊ ဗိုင်းရပ်စ်တွေကိုလည်း ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ Eucalyptus Oil ဆိုရင်လဲ အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ ကူးစက်ရောဂါလိုမျိုးတွေကနေ ကာကွယ်ပေးပါတယ်။ အသက်ရှူလမ်းကြောင်းကိုလည်း ပိုတိုးတက်ကောင်းမွန်စေပါတယ်။ အရေပြားနဲ့ ရေချိုးခန်းသုံး ထုတ်ကုန်ပစ္စည်းတော်တော်များများမှာလည်း ထည့်သွင်းလေ့ရှိပါတယ်။ Fragrance Oils တွေမှာတော့ ရနံ့သက်သက်အပြင် ဒီလိုအခြားဂုဏ်သတ္တိတွေ မပါရှိပါဘူး။ ဒီလိုအမြင်တခုတည်းနဲ့တော့ ကောင်းတယ် မကောင်းဘူးလို့ ဆုံးဖြတ်လို့မရနိုင်တာကို နောက်ပိုင်းမှာ အလျဉ်းသင့်သလို ထည့်ရေးသွားပါမယ်။
Essential Oils & Products Knowledge
Essential Oil တွေနဲ့ဆပ်ပြာချက်လုပ်တဲ့အခါမှ ဒီအဆီတွေရဲ့ အကျိုးကျေးဇူးတွေ ဆပ်ပြာထဲမှာကျန်နေသေးရဲ့လားလို့ သိချင်ကြပါတယ်။ ကျန်တယ်၊ မကျန်ဘူး၊ မသေချာဘူးလို့ ဆပ်ပြာ website အတော်များများမှာ မှတ်ချက်ပြုထားတာတွေ့ရပါတယ်။ ဒီအပိုင်းက ပညာရှင်အပိုင်းဖြစ်လို့ ကမ္ဘာကျော် Aromatherapy ပညာရှင်ဖြစ်တဲ့ Robert Tisserand မှတ်ချက်ပေးတာကတော့ ဆပ်ပြာဖြစ်ပီးနောက်မှာ Essential Oil ရဲ့ဂုဏ်သတ္တိတွေ ကျန်တယ်လို့ဆိုပါတယ်။ တချို့သောမော်လီကျူးတွေကတော့ ဆပ်ပြာချက်ချိန်မှာ အငွေ့ပျံ့ပျက်စီးသွားတာမှန်ပေမဲ့ မူလဓာတုဂုဏ်သတ္တိတွေကတော့ မပြောင်းမလဲ ကျန်ရစ်တယ်လို့ဆိုပါတယ်။
Essential Oils တွေသုံးပီးဆပ်ပြာလုပ်တဲ့အခါမှာ အနံ့ဖျော့သွားတက်တယ်လို့ အများစုသိထားကြပါတယ်။ ဒါကိုလည်း Essential oils တွေရဲ့ Flash point ကအရမ်းနိမ့်တာကြောင့်လို့ အချို့ဆိုသလို တချို့ကလည်း မဟုတ်ဘူးလို့ဆိုကြပါတယ်။ အထူးသဖြင့် CP Soap တွေလုပ်တဲ့အခါမျိုးမှာပါ။ စဉ်းစားသင့်တဲ့အချုက်တခုက Flash point ဆိုတာ Essential Oils တွေ သယ်ဆောင်တဲ့အခါ open air မှာ သတိထားသယ်ဆောင်ဖို့ သက်မှတ်ထားတဲ့အချက်ဖြစ်ပါတယ်။ တကယ်လို့ Flash point ကြောင့်သာဆိုရင် ဘယ် CP soap မှာမှ essential Oil ထည့်လုပ်ဖို့ အဆင်မပြေနိုင်ပါဘူး။ CP Soap တွေရဲ့ Gel Phase မှာ အပူချိန်က 160ံF, 180ံF , 200ံF လောက်ရှိ နေတက်တာပါ။ အများစု Essential Oil တွေ Flash point 200ံF အောက်ပဲရှိတက်တာကြောင့် Flash point ကြောင့်သာဆိုရင် အနံ့ကျိန်း သေပျောက်သွားရမှာပါ။ ဒါပေမယ့် တကယ်က မပျောက်သွားပါဘူး။ ဆပ်ပြာ လုပ်ရာမှာတော့ Boiling point က ပိုအရေးပါပါလိမ့်မယ်။ Essential Oils အများစုရဲ့ Boiling point ကတော့ 300ံF လောက်ရှိပါတယ်။ Flash point ထက် နှစ်ဆလောက်ကိုရှိတာပါ။ ဖြစ်နိုင်ချေ ရှိတာကတော့ ဆပ်ပြာလုပ်နေတုန်း Sponification ဖြစ်စဉ်မှာ Essential Oil ထဲက အချို့အရာတွေပျက်ပြယ်သွားပီး၊ Cure လုပ်ချိန်မှာ လည်း Essential Oil အချို့အငွေ့ပျံသွားတာကြောင့် ဖြစ်နိုင်ပါတယ်။ တချို့ဆို အပေါ်ယံတော့ အနံ့ဖျော့နေပေမယ့် အပေါ်ယံအလွှာကို သုံးပီးနောက်မှာ အောက်ခံပိုင်းတွေက အနံ့ရှိနေသေးတာတွေ့ရပါတယ်။
MP Soap ပြုလုပ်ရာမှာ Essential Oil သုံးရင် ဆပ်ပြာက အရမ်းပူ၊ အရမ်းအေးနေချိန်မှာ မထည့်ပါနဲ့။ ထည့်ပီးရင် သေချာနှံ့ အောင် ဖြေးဖြေးမွှေပါ။ မြန်မြန်မွှေရင် bubbles တွေတက်လာတက်ပါတယ်။ တကယ်လို့ MP soap မှာ တခြားပေါင်းစပ် additives တွေ ထည့်တာများရင်လည်း အနံ့ကမနှံ့ပဲ အပေါ်ယံမှာပဲ တက်နေတက်ပါတယ်။
Fragrance Oils or Essential Oils တွေနဲ့ပတ်သက်ပီး ဆပ်ပြာပြုလုပ်သူတွေသတိထားသင့်တဲ့အချက်တွေရှိပါသေးတယ်။ ဒါတွေက ကိုယ်သုံးလိုက်တဲ့အဆီတွေကြောင့်လဲ အနံ့ကိုသက်ရောက်စေပါတယ်။ ဥပမာ- Natural Butters (အနံ့မသတ်ထားတာတွေ) ဖြစ်တဲ့ shea butter, cocoa butter တွေဟာ CP, HP soap တွေမှာ အနံ့တွေထွက်လာတက်ပါတယ်။ တချို့စားအုန်းဆီအမျိုးအစားတွေလဲ အနံ့ထွက်လာတက်ပါတယ်။ တမာဆီ၊ ကြက်ဆူဆီ၊ မုန့်ညှင်းဆီတွေကတော့ ပြောမနေနဲ့တော့ ပြင်းပြင်းထန်ထန်ကို ထွက်လာတက်ပါတယ်။
ဆပ်ပြာမှာ ကိုယ်ဖြစ်စေချင်တဲ့အနံ့စွဲဖို့ဆိုရင် အနံ့တွေကို ရောစပ်တက်ဖို့လိုပါတယ်။ ဒါမှမဟုတ် စပ်ထားပီးသားအနံ့တွေရဲ့ သဘောတရားကို ခြုံငုံမိဖို့လိုပါတယ်။ အခြေခံအချက်အနေနဲ့သိထားရမှာက အနံ့တွေမှာ အပေါ်၊ အလယ်၊ အောက် (Top, Middle, Base Note) ဆိုပီး ခွဲခြားထားတာပါ။ အောက်ဆုံး base note က အနံ့စွဲအကျန်ဆုံး၊ အလယ် Middle note ကတော့ အတော်အသင့်ကျန်နေမှာဖြစ်ပီး top note အပေါ်ဆုံးအနံ့ကတော့ အရင်ဆုံးဖျော့သွားမဲ့ရနံ့ဖြစ်ပါတယ်။ ဒါကြောင့်အနံ့တခုကို အောက်ခံအခြားအနံ့တခုက ထိန်းပေးထားနိုင်ရင် အနံ့အားလုံးစွဲကျန်နေမှာဖြစ်ပါတယ်။ ဒီအချက်ပေါ်မှာအခြေခံပီး Note သုံးမျိုးကို စမ်းသပ်ရောနှောသုံးစွဲတက်ဖို့က ဆပ်ပြာသမားဖြစ်ဖြစ်၊ ထုတ်ကုန်လုပ်မဲ့သူတွေပဲဖြစ်ဖြစ် သိကိုသိထားသင့်တဲ့အချက်ဖြစ်ပါတယ်။ Citrus oils တွေ (Orange, lemon, lime, Bergamot, အစရှိသဖြင့်) တွေဟာ top note စောစောပျယ်မဲ့ရနံ့ဖြစ်လို့ Litsea cubeba oil ဒါမှမဟုတ် Lemongrass Oil မျိုးနဲ့ရောစပ်သင့်ပါတယ်။ Lavender Oil ဟာလဲ CP soap တွေလုပ်ရင် အနံ့ဖျော့သွားနိုင်တာမို့ တခြား base note ဖြစ်တဲ့ patchouli oil လိုမျိုးနဲ့ရောစပ်ပေးရပါတယ်။ လူကြိုက်များတဲ့ Anchor oil (အောက်ကနေ အနံ့ထိန်းပေးနိုင်စွမ်းရှိတဲ့အနံ့များ) တွေမှာ anise oil, basil oil, cedarwood oil, cinnamon oil, patchouli oil, clove oil, oakmoss oil, peru balsam oil, vetiver oil စတာတွေပါဝင်ပါတယ်။ Anchor oil အချို့ဟာ ဈေးကြီးတာကြောင့် တွက်ခြေမကိုက်နိုင်တာမျိုးလည်းဖြစ်နိုင်တာ သတိပြုပါ။ တချို့တွေကလဲ အနံ့ပိုစွဲအောင်ဆိုပီး သုံးတဲ့အရာတွေလည်း ရှိပါတယ်။ ဒါတွေကတော့ arrowroot, cornstarch, clays, benzoin, oatmeal, orris root အမှုန့် စတာတွေဖြစ်ပါတယ်။ ဒါတွေထဲက တချို့ဟာ အရေပြားကို ယားယံစေတာ၊ ဓါတ်မတည့်စေနိုင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ တကယ်လို့ထည့်မယ်ဆိုရင်လည်း ဆပ်ပြာရဲ့ ingredients list မှာ ဖေါ်ပြထားသင့်ပါတယ်။
Essential Oils ထည့်သင့်သည့်ခန့်မှန်းနှုန်းများ
ဒီမေးခွန်းက လူအသိချင်ဆုံးလည်းဖြစ်ပါတယ်။ တကယ်တမ်းက တိတိကျကျ သက်မှတ်ဖို့မလွယ်ပါဘူး။ Fragrance Calculator တွေရှိပေမယ့် တိတိကျကျတော့ မသိနိုင်ပါဘူး။ သုံးတဲ့အနံ့ဆီရဲ့မူရင်းထုတ်လုပ်သူ၊ အမျိုးအစား၊ အနံ့အပြင်းအပျော့၊ ပြုလုပ်သူလိုချင်တဲ့အနံ့ စတာတွေကြောင့် တရားသေမှတ်ထားလို့မရနိုင်ပါဘူး။ ဒါပေမယ့် ဒီလိုပြောရင် လူအများက သဘောမတွေ့လောက်ဘူး ထင်ပါတယ်။ တကယ်က အနံ့နဲ့ပတ်သက်ပီး နိုင်ငံတကာစံနှုန်းဖြစ်တဲ့ IFRA ကချမှတ်ထားတဲ့ လမ်းညွှန်ချက်တွေရှိပါတယ်။ ဒါပေမယ့် အသေးစိတ်ပီး ကျယ်ပြန့်လွန်းလို့ သာမာန်လေ့လာမှုလောက်နဲ့မသိနိုင်ပါဘူး။ ဥပမာ - Eucalyptus Essential Oil ကို ဘယ်ထုတ်ကုန် အတွက် ဘယ်လောက်ထည့်သင့်လဲလို့ သက်မှတ်မထားပဲ ဒီအဆီထဲမှာ အဓိကပါဝင်ဓါတ်အမျိုးအစားတွေကိုသာ ဘယ်နှုန်းလောက်ပဲ သုံးသင့်တယ်လို့ IFRA က သက်မှတ်ထားတာပါ။ ဒါကြောင့် Essential Oil အမည်ကိုသိရုံလောက်နဲ့ ဘယ်ပမာဏထည့်မလဲဆိုတာ မသိနိုင်ပါဘူး။ Fragrance oil တွေဆိုရင်လည်း သူ့ဆီမှာ Registration လုပ်ထားတဲ့ အနံ့တွေကိုသာ စံနှုန်းတွေသက်မှတ်ပေးထားပီး မရှိတဲ့အနံ့တွေကိုတော့ မသက်မှတ်ထားပါဘူး။ ဒီတော့ ကိုယ်ဝယ်လိုက်တဲ့ supplier ရဲ့ တိကျသေချာမှုကပါ အရေးပါလာပါတယ်။ ဒါက အများအပြားထုတ်လုပ်မယ့် လုပ်ငန်းရှင်တွေအတွက် ပိုအရေးကြီးပါတယ်။
Essential Oil တွေကိုတော့ CP,HP soap ပြုလုပ်ရာမှာ ယေဘူယျအားဖြင့် ဆပ်ပြာချက်မဲ့အဆီပမာဏအားလုံးပေါင်းရဲ့ 2-5% လောက်ထည့်လေ့ရှိပါတယ်။ ဒါပေမယ့် အရေပြားကိုထိခိုက်စေနိုင်တဲ့ Essential Oil တွေဆိုရင်တော့ အများကြီးလျှော့ထည့်ရပါမယ်။ ဥပမာ- Cinnamon Oil လိုဆိုရင် 0.5 – 1% လောက်ပဲထည့်လေ့ရှိကြပါတယ်။ သတိထားရမှာက တချို့ Recipes တွေက သုံးမယ့် Oil ပမာဏကိုအခြေခံတွက်တာရှိသလို၊ တချို့ Recipes တွေက Lye solution, additives တွေပါ Total weight ပေါ် မှာတွက်တာမျိုးရှိတာကြောင့် ကိုယ့် Recipes ကိုသေချာအောင်လုပ်ပါ။
Oils အပေါ်မှာပဲတွက်တဲ့အုပ်စုက lye solution မှာပါတဲ့ ရေတွေက ဆပ်ပြာချက်နေစဉ်နဲ့ cure လုပ်ချိန်မှာ အငွေ့ပျံသွားတာကြောင့် Total weight အပေါ်မှာတွက်ယူရင် Essential Oil % တွေများသွားမယ်လို့ ယုံကြည်ကြပါတယ်။
ကိုးကားအသုံးပြုလို့ရအောင် လူအများအသိအမှတ်ပြုယုံကြည်ထားတဲ့ ဆပ်ပြာပြုလုပ်ရာမှာ နာမည်ကျော်တဲ့ website ၂ ခုထဲကနှုန်းတွေကို ဖေါ်ပြလိုက်ပါတယ်။ ကိုယ်ထည့်ချင်တဲ့ပမာဏကိုတော့ နည်းနည်းချင်း စမ်း သပ်ညှိယူရမှာဖြစ်ပါတယ်။ နှစ်နေရာကအချက်အလက်ကို ပြန်ညှိသုံးရင်တော့ အဆင်ပြေလောက်မယ်ထင်ပါတယ်။ ဒီနေရာမှာ ဇယားကို ထည့်ဖို့အဆင်မပြေလို့ တင်ထားတဲ့ပုံထားကဇယားကို ကြည့်ပေးပါ။
Essential Oil တွေကို ဆပ်ပြာလုပ်ရာမှာသုံးမယ်ဆိုရင်တော့ အကြမ်းဖျင်းအားဖြင့် .5-1 oz/lb ဖြစ်ပါတယ်။ soap base 1 ပေါင်၊ ဒါမှမဟုတ် ဆပ်ပြာချက်ရာမှာသုံးတဲ့ အဆီပမာဏစုစုပေါင်း 1 ပေါင်မှာ .5-1 အောင်စ (30-60 g/ml) ပမာဏ Essential Oil ထည့်လေ့ရှိ တဲ့သဘောပါပဲ။ ဒါပေမယ့် Sensitive ဖြစ်နိုင်တဲ့ Essential Oil ဥပမာ Cinnamon လိုဆိုရင် ဒီလောက်ထည့်လို့မရတော့ပဲ လျှော့ထည့်ရမှာဖြစ်ပါတယ်။
Essential Oil တမျိုးတည်းမဟုတ်ပဲ တွဲသုံးမယ်ဆိုရင် သတိထားဖို့လိုပါတယ်။ တွဲမယ့်အမျိုးအစားတွေရဲ့ ထည့်နိုင်တဲ့ပမာတွေ ကို ပြန်ချိန်ညှိပါ။ ဒါမှသာ Total Oil Weight ရဲ့ 5% ကိုမကျော်စေမှာပါ။ ဖေါ်ပြထားတဲ့ဇယားမှာ သုံးထားတဲ့နှုန်းတွေအရဆိုရင် ဆပ်ပြာရဲ့ရနံ့ဟာ ခပ်ပျော့ပျော့ကနေ အသင့်အတင့်လောက်ထွက်တဲ့နှုန်းထားတွေပါ။ ကိုယ်က ပိုပြင်းချင်ရင်တော့ ပြန်တွက်ချက်ထည့်ဖို့လိုပါမယ်။
နောက်တနေရာကတော့
ဒီတခုကတော့ MP Soap ကလွဲလို့ ကျန်တဲ့ဆပ်ပြာတွေရဲ့ weight ကိုတွက်ရာမှာ အပေါ်တခုလို့ အဆီပမာဏပေါ်မှာသာတွက်တာမဟုတ်ပဲ Lye solution, additives စတာတွေပါတဲ့ Total weight အပေါ်မှာတွက်ထားတာဖြစ်ပါတယ်။
1) MP Soap မှာဆိုရင် ဆပ်ပြာတပေါင်ကို ပျှမ်းမျှအားဖြင့် .3 oz (8.9 ml) လောက်ထည့်ပါတယ်။ ဒါကိုလည်း အဆီအမျိုးအစားအလိုက် နည်းနည်းညှိယူပါ။
2) HP/CP Soap မှာဆိုရင် ဆပ်ပြာတပေါင်ကို ပျှမ်းမျှ .7 oz (20.7 ml) လောက်ထည့်ပါတယ်။ ဒါကိုလည်း အဆီအမျိုးအစားအလိုက် နည်းနည်းညှိယူပါ။
3) Rebatch soap မှာဆိုရင်တော့ .4 oz (11.8 ml) လောက်ထည့်ပါတယ်။ ဒါကိုလည်း အဆီအမျိုးအစားအလိုက် နည်းနည်းညှိယူပါ။
4) Lotion အတွက်ဆိုရင် .2 oz (5.9 ml) လောက်ထည့်ပါတယ်။ ဒါကိုလည်း အဆီအမျိုးအစားအလိုက် နည်းနည်းညှိယူပါ။
5) Liquid soap အတွက်ဆိုရင် .2 oz (5.9 ml) လောက်ထည့်ပါတယ်။ ဒါကိုလည်း အဆီအမျိုးအစားအလိုက် နည်းနည်းညှိယူပါ။
6) Salt & Scrub အတွက်ဆိုရင် .3 oz (8.9 ml) လောက်ထည့်ပါတယ်။ ဒါကိုလည်း အဆီအမျိုးအစားအလိုက် နည်းနည်းညှိယူပါ။
7) Candle အတွက်ဆိုရင် .8 oz (23.7 ml) လောက်ထည့်ပါတယ်။ ဒါကိုလည်း အဆီအမျိုးအစားအလိုက် နည်းနည်းညှိယူပါ။
Shampoo & Conditioner အတွက်ဆိုရင် .2 oz (5.9 ml) လောက်ထည့်ပါတယ်။ ဒါကိုလည်း အဆီအမျိုးအစားအလိုက် နည်းနည်းညှိယူပါ။
ခုဖေါ်ပြတဲ့အချက်တွေအပြင် မပါဝင်သေးတာတွေရှိမှာမို့ သိသူများအနေနဲ့ comments မှာ ၀င်ရောက်ရေးပေးဖို့လဲ တိုက်တွန်းပါတယ်။