18/11/2024
“သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ပါ”
💬 တစ်နှစ်ကို အမျိုးသမီး ၆သိန်းကျော် ခံစားနေရတဲ့ အဖြစ်အများဆုံးကင်ဆာထဲက တစ်ခု‼️
ဒီကင်ဆာဒဏ်ကြောင့် အမျိုးသမီး ၁၀၀ မှာ ၁၇ယောက်လောက် အသက်ဘေးရှိနိုင်ပြီး
အဲ့ကင်ဆာကို ကြိုတင်ကာကွယ်နိုင်တယ်ဆိုတာကို သင်သိပါသလား?
ကာကွယ်ဆေးသာ ကြိုထိုးထားမယ်ဆို ၉၇% ထိ စိတ်ချရမယ်ဆို ထိုးရတာ မတန်ဘူးလား?
ဒီလောက် အမျိုးသမီးထုကြီးအတွက် အန္တရာယ်များပေမယ့် ကြိုတင်ကာကွယ်လို့ရတဲ့ ကင်ဆာဟာ ဘာများလဲ?
💥 အဖြေကတော့ သားအိမ်ခေါင်းကင်ဆာပါပဲ။
💬 သားအိမ်ခေါင်းကင်ဆာ ဘာကြောင့်ဖြစ်ရလဲ?
လေ့လာချက်တွေအရ Human Papilloma Virus အတိုကောက် HPVလို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်ရတာပါ။
ဒီကောင်က မျိုးစိတ်ပေါင်း ရာချီရှိတဲ့ပြီး အဲ့အထဲကမှ နံပါတ် ၁၆ နဲ့ ၁၈ က အကြမ်းဆုံးပိုးမိုက်ကြီး ၂မျိုးပါ။ ဒီပိုးက လူ့ကိုယ်ထဲကို အကာအကွယ် ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။
💬 အဲ့သလို မကူးစက်ရအောင် ကမ္ဘာ့ရောဂါကာကွယ်ရေးအဖွဲ့အစည်း (CDC) ကနေ ဆယ်ကျော်သက်ကလေးငယ်တွေကို ကျား၊မမရွေး အစောဆုံး အသက် ၉နှစ်မှ စပြီး ၄၅နှစ်ထိ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးဖို့နှိုးဆော်ထားပါတယ်။
💬 အများစု သိကြတာက သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးဆိုပြီး သတ်မှတ်ထားတာမို့ ဒါဟာ မိန်းမတွေပဲ ထိုးရမယ်၊ ထိုးဖို့ လိုအပ်တယ်ဆိုပြီး အယူအဆမှားကြပါတယ်။
တကယ်တော့ ဒီ Virus ဟာ မိန်းမတွေမှာ သားအိမ်ခေါင်းကင်ဆာ၊ အကြိုကင်ဆာအဆင့်နဲ့ လိင်အင်္ဂါကြွက်နို့တင်မကဘဲ တခြားအနေနဲ့ လိင်အင်္ဂါကင်ဆာနဲ့ စအိုကင်ဆာတွေပါ ဖြစ်စေနိုင်တာမို့ အမျိုးသားတွေအတွက်လည်း ကာကွယ်ဆေး ထိုးထားသင့်ပါတယ်။
💬 မိမိကလေး ဆယ်ကျော်သက်အရွယ် အသက် ၉နှစ်မှစပြီး ၂ကြိမ်ဆက်တိုက်ထိုးထားမယ်ဆိုရင် နောင်ရေးစိတ်အေးနိုင်ပြီပေါ့။
စောစောထိုးနိုင်လေ ကာကွယ်မှုအားကောင်းလေပါမို့ Virus စပြီးထိတွေ့နိုင်ချိန် စူးစမ်းတတ်တဲ့ ဆယ်ကျော်သက်အရွယ်ကစ ကာကွယ်ထားရမှာပါ။
💬 ကလေးငယ်တွေမှာဆို ကာကွယ်ဆေး တစ်ကြိမ်နဲ့ တစ်ကြိမ်ကြား ၆လ - ၁နှစ်ခြားပြီး ထိုးသင့်တာမို့ ၂၀၂၀ခုနှစ်ကစပြီး လက်ရှိမှာ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို အမျိုးသားကျန်းမာရေးစီမံချက်အရ
- ကလေးအသက် ၉နှစ်မှာ တစ်ကြိမ်
- ကလေးအသက် ၁၀နှစ်မှာ တစ်ကြိမ်
အခကြေးငွေမယူဘဲ ထိုးနှံပေးလျက် ရှိပါတယ်။ ဒီလိုထိုးထားခြင်းဖြင့် အကြမ်းဖျင်း ၉၇ရာခိုင်နှုန်းထိ ကာကွယ်ပေးနိုင်ပါတယ်။
💬 အသက် ၁၅နှစ်မှ ၂၆နှစ်ထိ ဆိုရင်တော့ ၆လခြားပြီး ၃ကြိမ်ထိုးဖို့ လိုအပ်ပါတယ်။ ကာကွယ်နှုန်း ၈၀ရာခိုင်နှုန်းမျှ ရနိုင်ပါသေးတယ်။
💬 အရွယ်ရောက်ပြီး အသက် ၂၆နှစ်အထက်မှာ မထိုးခင်မှာ အရင်ဆုံး OG နဲ့ တိုင်ပင်ပြီး သားအိမ်ခေါင်းအချွဲ Pap Smear ကို စစ်ဆေးပြီးမှသာ ထိုးသင့်ပါတယ်။
💬 ကာကွယ်ဆေးကို လိင်ဆက်ဆံမှု တစ်ခါမှမရှိသေးချိန်မှာ ကြိုတင်ထိုးနှံသင့်ပါတယ်။
အိမ်ထောင်ပြုမယ့် အမျိုးသမီးငယ်များအတွက် ခင်ပွန်းလောင်းဆီက တောင်းသင့်တဲ့ အိမ်ထောင်ဦး ကာကွယ်ဆေးလက်ဆောင်ပါ။ လိင်ဆက်ဆံမှု ရှိထားပြီးသားဆိုရင်လည်း ကာကွယ်မှုအား ၄၀ရာခိုင်နှုန်းထိ နည်းသွားတယ်ဆိုပေမယ့် ဆေးထိုးထားလို့ ရပါသေးတယ်။
💬 ကာကွယ်ဆေး တစ်လုံးမှာ 0.5ml ပါဝင်ပြီး လက်မောင်းမှာ ထိုးရတဲ့ အသားဆေး (Intramuscular IM) ဖြစ်ပါတယ်။
💬 တခြားကာကွယ်ဆေး (ကိုဗစ်၊ ရာသီတုပ်ကွေး) တွေနဲ့ အနည်းဆုံး ၃ပတ်ခြားပြီး ထိုးသင့်ပါတယ်။
💬 ကိုယ်ဝန်ဆောင်နေစဉ် မထိုးသင့်ပါဘူး။ ကာကွယ်ဆေး တစ်ကြိမ်အပြီး ကိုယ်ဝန်ရှိသွားခဲ့ရင် ကလေးမီးဖွားပြီးမှ လိုအပ်တဲ့အကြိမ်ရေကို ပြန်ဖြည့်ထိုးနှံနိုင်ပါတယ်။
💬 ဆေးထိုးထားတာကြောင့် ထိုးတဲ့နေရာမှာ အနည်းငယ်နီတာ၊ နာတာ၊ ယောင်တာ ဖြစ်နိုင်ပါတယ်။ ရှားပါးအနေနဲ့ ယာယီဖျားတာ၊ ခေါင်းကိုက်တာ၊ ပျို့အန်တာ ရှိတတ်ပေမယ့် စိတ်ပူစရာ မရှိပါဘူး။
ဒီသားအိမ်ခေါင်းကာကွယ်ဆေးကို ၁၅နှစ်တာ လေ့လာပြီးသားမို့ စိတ်ချယုံကြည်ရပြီး ဘေးကင်းတဲ့ ကာကွယ်ဆေးတစ်ခုပါ။
💬 လက်ရှိ ဈေးကွက်ထဲမှာ Gardasil နာမည်နဲ့ ဝယ်ယူထိုးနှံနိုင်ပြီး Gardasil - 4 နဲ့ Gardasil - 9 ဆိုပြီး ကွဲပြားပါတယ်။
💉 Gardasil - 4 ဆိုတဲ့အတိုင်း ပိုးမျိုးစိတ် ၄ခုကို နှိမ်နင်းနိုင်ပါတယ်။ (Type 6, 11, 16 & 18)
💉 Gardasil - 9 ကတော့ ပိုးမျိုးစိတ် ၉ခုထိ ကာကွယ်ပေးပါတယ်။ (Type 6, 11, 16, 18 အပြင် 31, 33, 45, 52 & 58)
ကာကွယ်ဆေး ၂ခုလုံးက သားအိမ်ခေါင်းကင်ဆာ အဖြစ်များစေတဲ့ မျိုးစိတ်တွေကို ရွေးပြီး တီထွင်ထားတဲ့သဘောပါ။
💬 Gardasil က ကျား၊ မ မရွေး ထိုးနှံနိုင်ပြီး အမျိုးသားတွေ ထိုးထားမယ်ဆို ကိုယ်တိုင်လည်း လိင်တံကင်ဆာကာကွယ်နိုင်မယ့်အပြင် ကိုယ့်လက်တွဲဖော်ကိုပါ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ပေးရာ ရောက်ပါတယ်။
တခြားသားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးတစ်မျိုးကတော့ Cervarix နာမည်နဲ့ပါ။ သူကြ အမျိုးသမီးသီးသန့်ဖြစ်ပြီး မျိုးစိတ် ၁၆ နဲ့ ၁၈ ကိုပဲ ကာကွယ်နိုင်ပါတယ်။
💬 လက်ရှိ ကလေးငယ်တွေကို ကျန်းမာရေးစီမံချက်နဲ့ထိုးပေးနေတဲ့ အမျိုးအစားက Gardasil ဖြစ်ပြီး အရေအတွက် ကန့်သတ်ချက်ရှိတာကြောင့် မြန်မာပြည်မှာတော့ မိန်းကလေးသီးသန့် ထိုးပေးလျက် ရှိပါတယ်။
ကျန်းမာရေးအမြင်ကျယ်တဲ့ မိဘတွေအနေနဲ့ သားငယ်လေးတွေကို ထိုးပေးချင်ရင် လက်ရှိဈေးကွက်မှာ အလွယ်တကူ ဝယ်ယူထိုးနှံနိုင်နေပါပြီ။
💬 အကြိမ်ရေသတ်မှတ်ချက်အတိုင်း ထိုးထားပြီးရင် ကာကွယ်နိုင်စွမ်း အနည်းဆုံး ၁၀နှစ်သက်တမ်း ရှိပါတယ်။ ၁၀နှစ်ကျော်မှ ထပ်ဆောင်းကာကွယ်ဆေး ထပ်မံထိုးနှံစရာ လိုအပ်ပါတယ်။
💬 ဆေးအားလုံး ထိုးအပြီး ၁လအကြာမှစပြီး အာနိသင်စပြပါတယ်။ ဒါကြောင့်မို့ အိမ်ထောင်ပြုဖို့ အစီအစဉ်ရှိမယ်ဆို အချိန် ၁နှစ်ခွဲလောက် ကြိုပြီး ကာကွယ်ပြင်ဆင်သင့်ပါတယ်။ ဆေးထိုးအကြိမ်ရေ မပြည့်သေးရင် လိင်ဆက်ဆံတဲ့အခါမှာ အကာအကွယ်ကွန်ဒုံးသုံးဖို့ လိုအပ်ပါတယ်။
💬 ဆေးတစ်ကြိမ်နဲ့ တစ်ကြိမ်ကြား ၁နှစ်ထက်ပိုခြားသွားပေမယ့် အစကနေ ပြန်ထိုးစရာမလိုပါဘူး။ လိုအပ်တဲ့ အကြိမ်ရေပြည့်အောင်ပဲ ထိုးနှံရင် လုံလောက်ပါတယ်။
အခုလောက်ဆို သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးအကြောင်း နားလည်သဘောပေါက်ပြီး ကလေးအရွယ်ကစ စောလျင်စွာ အချိန်မီထိုးနှံနိုင်မယ်လို့ ယုံကြည်ပါတယ်ရှင်။
ဆက်သွယ်ရန်နှင့်စာရင်းပေးသွင်းရန်
☎️ 09891158955
☎️ 09891158966
☎️ 09881100814
☎️ 09881100819
📍ဆေးခန်းလိပ်စာ-တိုက်(၂)၊အင်းဝအိမ်ရာ၊မြိတ်လမ်း၊တောင်ဒဂုံမြို့နယ်၊ရန်ကုန်မြို့။
#သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး
#သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး
#အင်းဝအထူးကုဆေးခန်း #၂၄နာရီဆေးခန်း