10/10/2025
🔮 ဒီဘက်ခေတ် လောကီပညာမှာ ထူးဆန်းအံ့ဖွယ်တွေကို ဘာကြောင့် မမြင်ကြရတော့တာလဲ 🔮
{အလွန်လောကီဆန်တဲ့ အကြောင်းအရာတွေနဲ့ အယူအဆတွေ ပါဝင်ပြီး ဗဟုသုတရှာမှီးသူများနဲ့ ယုံကြည်သူများအတွက်သာ ဖြစ်ပါတယ်။ ကျွန်တော့်စာတွေက အမြဲနီးပါး ရှည်တတ်ပါတယ်။ အချိန်မရရင် share ထား safe ထားပြီး အေးဆေးမှ ဖတ်ပါ}
လောကီပညာ ဗဟုသုတလေးတစ်ခု ရေးပေးချင်ပါတယ်။ "ဒီဘက်ခေတ် လောကီပညာမှာ ထူးဆန်းအံ့ဖွယ်တွေကို ဘာကြောင့် မမြင်ကြရတော့တာလဲ" ဆိုတဲ့ အကြောင်းပါ။ ဈာန်အဘိဉာဏ် မရပါပဲ လောကီသက်သက်နဲ့ မြေလျှိုး, မိုးပျံနိုင်တဲ့ အတတ်ပညာတွေ၊ မျက်စိရှေ့မှာတင် အမျိုးမျိုး ဖန်ဆင်းနိုင်တဲ့ နာနာရုပ်လို အတတ်ပညာတွေ၊ ဓား, လှံ, သန်လျက်, မီးပေါက်လက်နက် မထိခိုက်နိုင်တဲ့ ကာယသိဒ္ဓိလို အစွမ်းတွေ၊ ဓန, ပီယ အပြီးတိုင်တဲ့ သိဒ္ဓိမျိုးတွေ စသဖြင့်တွေကို ဆိုလိုပါတယ်။ ဒီလို ထူးဆန်းအံ့ဖွယ် ပညာတွေ၊ အစွမ်းတွေဟာ လောကမှာ ရှိတာကတော့ ရှိပါတယ်။ ဒါပေမယ့် ဒီဘက်ခေတ်လူတွေကြားမှာ ပေါ်ပေါ်ထင်ထင် တွေ့ရခြင်း မရှိတော့ပါဘူး။ လူလိမ်တွေ၊ အတုအယောင်တွေ ဘာမှမလုပ်နိုင်တာကို ဆိုလိုတာ မဟုတ်ပဲ ဆရာအစစ်အမှန်တွေဆီမှာ မမြင်တွေ့ရတာကို ဆိုလိုတာပါ။
ဘာလို့ ဒီလိုဖြစ်ရတာလဲဆိုတဲ့ အကြောင်းအရင်းကို ပြည့်ပြည့်စုံစုံ ရှင်းပြရရင်တော့ ရှုပ်ထွေးပြီး ရှည်လျားသွားပါလိမ့်မယ်။ အရေးအကြီးဆုံးတစ်ချက်ကိုပဲ ပြောရရင် လောဘ၊ ဒေါသ၊ မောဟ ထူပြောလှတဲ့ ဆုတ်ကပ်ကြီးထဲမှာ လူသားတွေ ပိုပြီး ကမောက်ကမ မဖြစ်သွားရလေအောင် အလွန်ထက်မြတ်တဲ့ လောကီပညာတွေကို ဝိဇ္ဇာလောကနဲ့ နတ်လောကတို့ ပေါင်းပြီး အဘက်ဘက်က ထိန်းချုပ်ထားမှု ရှိတာကြောင့်ပါ။ ဒီလိုပညာမျိုးတွေကို ထုတ်ပြလို့ မရအောင် ကန့်သတ်ထားတာ၊ မဆိုင်သူတွေ သိနေရင် အထမမြောက်အောင် ဖျက်တာ၊ တိမ်မြုပ်ပျောက်ကွယ်သွားအောင် လုပ်တာ၊ ဝိဇ္ဇာလောင်းဖြစ်နေလို့ အောင်မြင်သွားခဲ့ရင်တောင် ဝိဇ္ဇာဖြစ်ဖို့အတွက် စာမေးပွဲစစ်သလို အစစ်ခံရတာ စသဖြင့်တွေအားလုံး ပါဝင်ပါတယ်။ ဒီအကြောင်းကို အဘဘိုးမင်းခေါင်အပါအဝင် ဝိဇ္ဇာတွေကိုယ်တိုင် လူတွေသိအောင် ပြောပြခဲ့ဖူးတာတွေရှိပြီး ပြစရာယုတ္တိတွေလည်း ခိုင်ခိုင်မာမာရှိပါတယ်။
ဘာလို့ ထိန်းချုပ်ထားရတာလဲဆိုတာကို အရင်ပြောပြပါမယ်။ အဓိကအားဖြင့်တော့ အတိတ်မှာ ဒီလိုပညာမျိုးတွေကိုတတ်တဲ့ ဝိဇ္ဇာဓိုရ်တွေ မွှေလို့ လူ့ဘုံမှာ ပြဿနာပေါင်းစုံဖြစ်ခဲ့ရတဲ့ သာဓကတွေ အထင်အရှားရှိခဲ့တဲ့အတွက် ဒါတွေကို တားဆီးပြီး သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်လိုတာကြောင့်ရော၊ လူတွေကို သနားငဲ့ညှာကြတာကြောင့်ရောပါ။ ဥပမာအားဖြင့် ၅၅၀ နိပါတ်တော် "ဝိဇ္ဇာဓရဇာတ်တော်" ထဲက ဝိဇ္ဇာဓိုရ်ဟာ ဘုရင့်မိဖုရားကို ညဘက်မှာ လာကျူးလွန်ပြီး နေ့ခင်းဘက်မှာ လူမိသွားတော့ မန္တရားကို မန်းပြီး ကောင်းကင်ပျံသွားခဲ့ပါတယ်။ အဲဒီဝိဇ္ဇာဓိုရ်ဟာ ရဟန်းယောင်ဆောင်ထားခဲ့တာကြောင့် ဘုရင်ကြီးဟာ အထင်လွဲပြီး ယူဇနာ ၃၀၀ ကျယ်တဲ့ သူ့ရဲ့တိုင်းပြည်အတွင်းက ရဟန်းတွေအားလုံးကို မောင်းထုတ်ခဲ့ပါတယ်။ ဒီလိုအဖြစ်မျိုး ထပ်မဖြစ်ရလေအောင် ပညာတွေရဲ့ဆိုင်ရာပိုင်ရာတွေက တင်းကြပ်စွာ ထိန်းချုပ်မှုတွေ လုပ်ထားကြရပါတယ်။ မကောင်းမှုကြီးကြီးမားမားပြုပြီးတာတောင် ကောင်းကင်ပျံနိုင်သေးတဲ့ မန္တရားမျိုးသာ ဒီဘက်ခေတ်မှာ ပေါ်ပေါ်ထင်ထင်ရှိနေရင်လည်း အားလုံး မတွေးဝံ့စရာတွေ ဖြစ်ကုန်မှာပါ။
ဒါကြောင့် သာမန်လူတွေအတွက် လောကီပညာကို အကန့်အသတ်တစ်ခုအထိသာ အသုံးပြုခွင့်ပေးထားပါတယ်။ တကယ်လို့ လူတစ်ယောက်ဟာ ဒါကို အများကြီးကျော်လွန်ပြီး အလွန်ထက်မြတ်စွာ သုံးနိုင်တယ်ဆိုရင် သာမန်လူမဟုတ်တော့ပဲ ဝိဇ္ဇာလောကရဲ့စည်းမျဉ်းစည်းကမ်းအတိုင်း နေရမယ့် ဝိဇ္ဇာဓိုရ်တစ်ဦး ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ပညာအသိမ်းခံရဖို့သာ ရှိပါတယ်။ ဝိဇ္ဇာဓိုရ်ဆိုတာ လူအယောက် ကုဋေချီလို့ တစ်ယောက် မဖြစ်နိုင်ပါဘူး။ အတိတ်ကံရော၊ ဝိဇ္ဇာလောကနဲ့ ပဋ္ဌာန်းဆက်ရော အများကြီး လိုပါတယ်။
ဒီလိုဆိုရင် သာမန်လူတွေအတွက် လောကီပညာဟာ ဘာမှအသုံးမဝင်ဘူးလားလို့ မေးချင်စရာပါပဲ။ အဲဒီလို မဟုတ်ပါဘူး။ မြေမလျှိုး, မိုးမပျံနိုင်ပေမယ့် သွားနေတဲ့ ခရီးပိုမြန်အောင်၊ အဖုအထစ်မရှိအောင်တော့ လုပ်လို့ရနိုင်ပါတယ်။ လက်ညှိုးညွှန်ရာ ရွှေ, ငွေဖြစ်အောင် လုပ်လို့မရပေမယ့် လာဘ်လာဘလေးတွေ ပုံမှန်ထက် ပိုဝင်အောင်တော့ လုပ်လို့ရနိုင်ပါတယ်။ ဘာလက်နက်မှ တိုးမပေါက်အောင် လုပ်ဖို့မလွယ်ပေမယ့် ရန်သူမျက်စိမှောက်အောင်၊ ရန်သူ့လက်က တစ်နည်းနည်းနဲ့လွတ်အောင်တော့ လုပ်လို့ရနိုင်ပါတယ်။ တဏှာပေမ အချစ်ရေးကိစ္စကျတော့ ဝိဇ္ဇာလောကအတွင်းမှာကို ကန့်သတ်မှုတွေ များလှပါတယ်။
အဓိက ထိန်းချုပ်ခံထားရတဲ့ လောကီပညာတွေထဲမှာ ရတနာသုံးပါးနဲ့ ဆက်စပ်မှု၊ ကုသိုလ်ပါဝင်မှု နည်းပါးပြီး လောကကြီးရဲ့သဘာဝအစွမ်းတွေကိုသာ အဓိကအသုံးချတဲ့ ဆေးဝိဇ္ဇာအတတ်၊ ပြဒါးဝိဇ္ဇာအတတ်၊ သံဝိဇ္ဇာအတတ်၊ လောကီသက်သက် မန္တန်မန္တရားအတတ် စတာတွေ ပါဝင်ပါတယ်။ သိုက်ဝင်ဂမုန်းလို အပင်တွေကို လွယ်လွယ်နဲ့ ရှာလို့ မရပဲ အစောင့်အကြပ် ကြီးမားနေရခြင်းဟာ ဒီလိုအကြောင်းတွေကြောင့် ဖြစ်ပါတယ်။ ရတနာသုံးပါးနဲ့ ဆက်စပ်တဲ့၊ ကုသိုလ်ရတဲ့ လောကီပညာတွေဆိုရင်တော့ အများကြီး ပိုပြီး အသုံးပြုခွင့်၊ ကြိုးစားခွင့်ရှိပါတယ်။ ကုသိုလ် မပါဝင်တဲ့ လောကီသက်သက်ပညာတွေကို လုပ်တာထက်လည်း အများကြီး မြတ်ပြီး ဒီဘဝအတွက်သာမက နောင်သံသရာအထိပါ အကျိုးရှိစေနိုင်ပါတယ်။
အလွန်ထက်မြတ်တဲ့ လောကီပညာတွေကို ဝိဇ္ဇာလောကက ထိန်းချုပ်ထားပုံတစ်ခုကို ပြောပြပါမယ်။ နှစ်ပေါင်း ရာထောင်ချီအသက်ရှည်နိုင်တဲ့ အာယုသိဒ္ဓိအပါအဝင် သိဒ္ဓိအမျိုးမျိုးပြီးစီးနိုင်ကြောင်း ဆရာစဉ်ဆက် လက်ဆင့်ကမ်းလာကြပေမယ့် လုပ်တိုင်းမဖြစ်တဲ့ လောကီပညာတွေထဲမှာ အထင်ရှားဆုံးတစ်ခုကတော့ ဖိုထိုးခြင်းလို့ လူသိများတဲ့ အဂ္ဂိရတ်ပညာပါ။ အဂ္ဂိရတ်မှာ လက်ယာ၊ လက်ဝဲ ဆိုပြီး ရှိတဲ့အထဲက လက်ယာလမ်း၊ ဓာတ်ကြီးလမ်း၊ ထွက်ရပ်လမ်း စသဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြတဲ့ အောင်မြင်ရင် ပြဒါးဝိဇ္ဇာ၊ သံဝိဇ္ဇာဖြစ်တဲ့လမ်းကို လိုက်ရင် အရမ်းအဖျက်များပါတယ်။ နည်းလမ်းအစစ်အမှန်ကို တော်ရုံနဲ့ မသိနိုင်အောင် ကွယ်ထားသလို အကြောင်းကြောင်းကြောင့် သိလာပြီး အကောင်အထည်ဖော်မယ်ဆိုရင်လည်း မယုံနိုင်လောက်အောင်ကို အဖျက်များတာပါ။ အဖျက်ဆိုလို့ ကြောက်စရာကောင်းတာတွေမှ မဟုတ်ပဲ ကိုယ်လုပ်တဲ့အရာကို လွဲချော်သွားရလေအောင်၊ ပျက်စီးသွားရလေအောင်၊ ဆုံးရှုံးသွားရလေအောင် အကြောင်းဖန်လာတာတွေကို ဆိုလိုပါတယ်။
ဓာတ်ကြီးလမ်းကို အခြေအနေတစ်ခုအထိရောက်အောင် လိုက်ဖူးသူတွေ အကြုံရဆုံးကတော့ ဓာတ်လုံးပျောက်တာပါပဲ။ ဒီဓာတ်လုံးကို ဂရုတစိုက် တန်ဖိုးထားပြီး တသသလုပ်ရင်း၊ မျက်စိအောက်က လုံးဝအပျောက်မခံရင်းနဲ့ကို ပျောက်တာပါ။ ဘာမှမရှိပဲ ပြောင်ရှင်းနေတဲ့ မြေကြီးပေါ်ကို ဖန်ဂေါ်လီအကြီးစားလောက်ရှိပြီး ပြောင်လက်နေတဲ့ ဓာတ်လုံး လွတ်ကျသွားတာ လူအကုန်လုံးမြင်လိုက်ပေမယ့် ပြန်ရှာလို့မတွေ့တော့တာ၊ ဓာတ်လုံးကို ဓာတ်ဘူးထဲစိမ်ပြီး ရေနွေးနဲ့ ဆေးကုပေးနေရင်း ရေနွေးငှဲ့ချိန် ဂလောက် ဂလောက်မြည်သံ မကြားရတော့လို့ မသင်္ကာဖြစ်ပြီး ဖွင့်ကြည့်လိုက်မှ မရှိတော့တာ၊ သေတ္တာလေးထဲ သော့ခတ်သိမ်းထားတာကို သော့မပျက် ခြေရာလက်ရာမပျက်ပဲ အထဲမှာ မရှိတော့တာ၊ လုံထဲမှာတင် ထိုးနေရင်း ပျောက်တာ စတာတွေအပြင် အဆိုးဆုံးကတော့ မျက်စိရှေ့တင် ပျံတက်သွားပြီး လိုက်ဖမ်းရင် လေကို ဖမ်းရသလို ဖြစ်တာပါပဲ။ ရှေးအဂ္ဂိရတ်ကျမ်းတွေထဲမှာ ဒီလိုဖြစ်တာကို "ဖမ်း၍ မရ" ဆိုတဲ့ စကားနဲ့ အဆင့်သတ်မှတ်ထားပြီး ဒီပုံစံအတိုင်း ဓာတ်လုံးဆုံးရှုံးသွားတာကို မြင်ရလို့ သည်းခြေပျက်သွား၊ ရူးသွားတဲ့သူတွေ ရှိခဲ့ဖူးပါတယ်။
ဒါတွေအားလုံးဟာ သာမန်လူတွေကြားမှာ အထူးအဆန်းတွေ ဖြစ်နိုင်ပေမယ့် အဂ္ဂိရတ်သမားစစ်စစ်တွေအတွက်တော့ မထူးဆန်းပဲ ကြားဖူးနေကျ ထမင်းစား၊ ရေသောက်လောက်သာ သဘောထားကြပါတယ်။ ဒီလိုပျောက်ရင် "မထိုက်လို့ အသိမ်းခံရတယ်" ဆိုတာလည်း အားလုံးသိကြပါတယ်။ ဘယ်သူတွေ လာသိမ်းတယ်၊ ဖျက်တယ်ဆိုတာတော့ ရှင်းပြစရာ လိုတော့မယ် မထင်ပါဘူး။ တစ်စုံတစ်ယောက် အစွမ်းကြီးမားသွားမှာကို မနာလိုတဲ့ ပုဂ္ဂိုလ်တွေ ဖျက်တာလည်း ရှိတတ်သေးပေမယ့် ဝိဇ္ဇာလောကရဲ့ထိန်းချုပ်မှုက ပိုသိသာပါတယ်။ ကြုံလို့ ပြောရရင် အဂ္ဂိရတ်ဆိုတာ ယုံတမ်းမဟုတ်ပါဘူး။ သူ့ရဲ့သဘောတရားကို နည်းနည်းရှင်းပြပါမယ်။ ဥပမာ - ပြဒါးကို စီရင်တယ်လို့ ဆိုကြပါစို့။ လူတွေ မြင်ဖူးကြတဲ့အတိုင်း ပြဒါးဟာ အရည်ဖြစ်ပေမယ့် အလေးချိန်စီးပြီး သံထက်တောင် လေးလို့ သံတုံးတင်လိုက်ရင် ပြဒါးရည်မှာ ပေါ်နေပါတယ်။ သူ့မှာ "အာပေါ" အလွန်အားကောင်းပြီး "ပထဝီ" လည်း များပါတယ်။
များနေတဲ့ ပထဝီကို များသထက်များအောင် လုပ်ပြီး "ပထဝီဆိုက်တယ်" ဆိုတဲ့ အခြေအနေကို ရောက်အောင် အရင်လုပ်ရပါတယ်။ အစပိုင်းကတော့ ဘော် (ငွေ) လို သတ္တုတစ်ခုခုနဲ့ ရောထားမှ အခဲဖြစ်တာပါ။ တခြား ဘာမှမလုပ်ရသေးတဲ့အချိန်မှာ အဲဒီ ဘော်ပြဒါးတွဲကို အပူနည်းနည်းပေးလိုက်ရင်တောင် ပြဒါးတွေ အငွေ့ပျံတက်သွားပြီး ဘော်လုံးကြီး၊ ငွေလုံးကြီးပဲ ကျန်ပါတယ်။ တခြားနည်းနဲ့ ပြဒါးခဲတာတွေလည်း ရှိပါတယ်။ နည်းလမ်းမှန်နဲ့ ရှေ့ကို ဆက်တက်သွားလို့ ပထဝီဆိုက်ချင်လာတဲ့၊ မီးရင့်လာတဲ့ အဆင့်ကို ရောက်နိုင်ရင်တော့ ပြဒါးဟာ မပျံပြေးနိုင်တော့ပဲ အနည်းငယ် "သေ" သွားပါတယ်။ သိဒ္ဓိဝင်ဖို့ နီးစပ်လာပါတယ်။
ဆက်ကြိုးစားရင်း ပထဝီဟာ အလွန်ခိုင်မာသွားပြီဆိုရင် သူ့မှာ အာပေါနဲ့ ပထဝီဆိုတဲ့ ဓာတ် ၂ ပါး အပြန်အလှန်အကျိုးပြုရင်း ကောင်းကောင်း တည်ရှိနေပါပြီ။ အဲဒီမှာ "ဓာတ်တေဇော, မီးတေဇော" ကို ရှိသထက်ရှိအောင် အပြင်းအထန်သွင်းရပါတယ်။ ဓာတ်လုံးအစာကျွေးတယ်ဆိုတာ အဲဒါကို ခေါ်တာပါ။ တစ်ခုခုကို မီးရှို့လိုက်ရင် အငွေ့ထွက်လာသလိုပဲ၊ တေဇော ဝသွားပြီဆိုရင် တန်ခိုးသိဒ္ဓိဖြစ်စေတဲ့ "ဝါယော" ဟာလည်း သူ့အလိုလိုဆိုက်လာပါတယ်။ မြေလျှိုး၊ မိုးပျံ၊ စိတ်အလိုရှိတိုင်း အမျိုးမျိုးဖန်ဆင်းနိုင်တယ်ဆိုတဲ့ အဆင့်ဟာ "ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော" ဓာတ်ကြီး ၄ ပါး အလွန်ညီညွတ်ထက်သန်တဲ့ အဲဒီမှာမှ စဖြစ်တာပါ။
ဒါက အကျဉ်းပြောခဲ့တာပါ။ တကယ်ကတော့ ရှုပ်ထွေးလှပါတယ်။ အလွန်ကွယ်ဝှက်ပြီးလည်း ရေးထားတဲ့အတွက် ဒီအခြေခံသဘောတရားလေးလောက် သိဖို့ကိုတောင် အဂ္ဂိရတ်ကျမ်းပေါင်းများစွာ ဖတ်ယူရပါတယ်။ ဓာတ်သတ္တုတွေ၊ အထူးသဖြင့် လုပ်ရတ်ဝင်ဓာတ်တွေဟာ မြေကြီးထဲမှာတည်းက အစွမ်းပါလာပြီးသားပါ။ "ယူရေနီယမ်" ဆိုရင် အခုခေတ်မတိုင်မီက ကြွေထည်၊ ဖန်ထည်တွေကို အရောင်ဆိုးဖို့နဲ့ အစောပိုင်း ဓာတ်ပုံရိုက်ကူးရေးတွေမှာ သုံးတာလောက်ပဲ ရှိခဲ့တာပါ။ ဒီနေ့ခေတ်မှာတော့ သူ့ရဲ့အစွမ်းက အားလုံးသိကြတဲ့ အတိုင်းပါပဲ။
ဝိဇ္ဇာလောကဟာ "ပြဒါးရှင်လုံး" တွေကို အခုခေတ် လောဘ၊ ဒေါသ၊ မောဟ ထူပြောတဲ့ သာမန်လူတွေ လက်ထဲ လုံးဝ အရောက်မခံပါဘူး။ သဘောတရား နားလည်ရင် လည်မယ်။ နည်းလမ်း သိရင် သိမယ်။ ဖန်တီးလို့၊ လုပ်ယူလို့ လုံးဝမလွယ်ပါဘူး။ ကြားထဲမှာ ပျောက်ကိုပျောက်၊ ပျက်ကိုပျက်ပါတယ်။ အရာရာဟာ "ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော" ဆိုတဲ့ ဓာတ်ကြီး ၄ ပါးနဲ့ ဖွဲ့စည်းထားလို့ ဓာတ်လုံးဆိုတာဟာလည်း ပြဒါးရှင်လုံးဖြစ်သွားမှ စွမ်းတာ မဟုတ်ပဲ ဓာတ်တစ်ခု ခိုင်မာလာတာနဲ့ နောက်ဓာတ်တွေပါ လိုက်ခိုင်မာလာပြီး ကြားထဲမှာတင် အဆင့်ဆင့်တက်ရင်း အခြေအနေတစ်ခုအထိ အစွမ်းရှိလာနိုင်ပါတယ်။ ကာယ၊ ဓန၊ ပီယ အခြေခံသိဒ္ဓိကြီးတွေ ပြီးစီးလာနိုင်ပါတယ်။ အဲဒီလောက်အထိ အဆင့်မြင့်တဲ့ ဓာတ်လုံးဖြစ်လာပြီဆိုရင်တောင် "မထိုက်ဘူး" ဆိုပြီး လာသိမ်း၊ လာဖျက်တော့တာပါပဲ။ ချွင်းချက်အနေနဲ့ ကိုင်ခွင့်ရတာဆိုလို့ ဝိဇ္ဇာဖြစ်မယ့်သူတွေပဲရှိပါတယ်။ လူအယောက် ကုဋေချီလို့ တစ်ယောက် မဖြစ်နိုင်ကြောင်း ပြောခဲ့ပြီးပါပြီ။ ပြဒါးရှင်လုံးအထိ ကိုင်ခွင့်ရပြီဆိုရင်တော့ မကြာခင်မှာ သူဟာလည်း ဝိဇ္ဇာလောကရဲ့စည်းမျဉ်းစည်းကမ်းအတိုင်းပဲ နေရတော့မှာပါ။
ဒါကြောင့်လည်း "ဆောင်လုံး" ထိုးတယ်ဆိုတာ ဖြစ်လာရတာပါ။ အသိမ်းမခံရ၊ အဖျက်မခံရပဲ အနည်းငယ်အကျိုးပြုလောက်တဲ့ အခြေအနေအထိပဲ ဓာတ်လုံးကို အဆင့်မြှင့်တင်ပြီး ရပ်ပစ်လိုက်ရပါတယ်။ ဝိဇ္ဇာလောင်း မဟုတ်သူတွေလည်း ကိုင်ခွင့်ရှိတဲ့အဆင့်အထိပါ။ ဆောင်လုံးဟာ အံ့ဖွယ်သရဲတွေ မလုပ်ပြနိုင်ပါဘူး။ ဒါပေမယ့် အစွမ်းတော့ရှိပါတယ်။ ဒီလောက်နဲ့ပဲ "ကိုယ်ထိုက်တာနဲ့ ကျေနပ်ကြရပါတယ်။" ဒါတောင် မဆိုင်သူလက်ထဲရောက်ရင် အစွမ်းငုပ်တာတွေ၊ လိုတာထက်ပိုပြီး အစွမ်းရှိသွားလို့ အသိမ်းခံရ, အဖျက်ခံရတာတွေ ရှိပါသေးတယ်။ ဝိဇ္ဇာတွေဘက်က ဒီလို ထိန်းချုပ်တဲ့အနေနဲ့ သိမ်းတာ၊ ဖျက်တာတွေ မရှိပဲ ဒီဘက်ခေတ်လူတွေလက်ထဲမှာ ပြဒါးရှင်လုံးတွေ၊ အဆင့်မြင့်တဲ့ ဓာတ်လုံးတွေ ပေါ်ပေါ်ထင်ထင် ရှိနေမယ်ဆိုရင် မတွေးဝံ့စရာတွေ ဖြစ်ကုန်မှာပါ။
ကျန်တဲ့အချက်တွေအနေနဲ့ကတော့ နည်းမမှန်လို့ မဖြစ်မြောက်တာ၊ ပြုလုပ်သူကိုယ်တိုင်က ကံ, ဉာဏ်, ဝီရိယ ချွတ်ယွင်းလို့ မဖြစ်မြောက်တာ စသဖြင့်တွေ ရှိပါတယ်။ ဒါပေမယ့် အလွန်ထက်မြတ်တဲ့ လောကီပညာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ကြီးမားစွာ ထိန်းချုပ်ကန့်သတ်ထားတယ်ဆိုတာလောက်ကို သိရင် ဒီဘက်ခေတ်မှာ ဘာလို့ ထူးဆန်းအံ့ဖွယ်တွေကို မမြင်ကြရတော့တာလဲဆိုတာ အလိုလို သဘောပေါက်လာပါလိမ့်မယ်။ ပုံထဲမှာ မြင်ရတာကတော့ ကျွန်တော်ဆုံးရှုံးခဲ့ဖူးတဲ့ ဓာတ်လုံးတွေထဲက တစ်လုံးဖြစ်ပါတယ်။ ဓာတ်လုံးမကျန်တော့ပဲ ဓာတ်ပုံသာ ကျန်ရစ်ခဲ့ပါတယ်။ ကျန်းမာချမ်းသာခြင်းများနဲ့ ပြည့်စုံကြပါစေ။
⬧⬧⬧⬧⬧⬧⬧⬧⬧⬧
✶ ပညာဒါနစာတွေနဲ့ ပတ်သက်ပြီးဖြစ်စေ၊ လောကီပညာအကြောင်းဖြစ်စေ၊ သိချင်တာရှိရင် လာမေးနိုင်ပါတယ်။ တတ်နိုင်သလောက် ဖြေကြားပေးပါမယ်။
✶ ကိစ္စပေါင်းစုံအတွက် အဟောမေးနိုင်ပါတယ်။ ဆေးဖယောင်းတိုင် အစီအရင်လည်း ပြုလုပ်ပေးပါတယ်။
09780992963 ဖုန်း/viber/telegram
page cb ကနေလည်း ဆက်သွယ်နိုင်ပါတယ်။