DR SOE HTET AUNG

DR SOE HTET AUNG M.B.,B.S( Ygn) , MRCP(UK)

25/03/2026

# ကျီးပေါင်းကို ဘယ်လိုကုသလဲ။

ကျီးပေါင်းကုသရေးမှာ အရေးကြီးတာက

၁။ လေ့ကျင့်ခန်းလုပ်ဖို့အရေးကြီးတယ်။ ဆိုလိုတာ ကိုယ်လက်လှုပ်ရှားအားကစားလည်း လုပ်ဖို့လိုသလို၊ corrective exercise လို့ခေါ်တဲ့ လေ့ကျင့်ခန်းတွေ ( ဥပမာ- လည်ပင်းကျီးပေါင်းသမားတွေအတွက် လည်ပင်းလေ့ကျင့်ခန်းတွေ၊ ဒူးနာသမားတွေအတွက် လေ့ကျင့်ခန်းတွေ)လည်း လုပ်ဖို့လိုပါတယ်။ ကြွက်သားတွေ သန်မာမှ ( ဆိုလိုတာက local muscle strength တက်မှ) နာကျင်မှုဝေဒနာတွေ သက်သာပြီး အရိုးအဆစ်တွေ ဒဏ်
မပိမှာ။ နားလည်တဲ့ ပညာရှင်တွေ၊ Physiatrist ခေါ် ခန္ဓာကိုယ်ပြန်လည်ထူထောင်ရေးနှင့် သန်စွမ်းရေးအထူးကုတွေနဲ့ပါ ပြသင့်ရင်ပြရမယ်ဗျ။

၂။ လည်ပင်းအနေအထား၊ခါးအနေအထားမှန်ဖို့ အရေးကြီးတယ်။ ကားတောင် အလိုင်းမင်း မချိန်ရင် အတွင်းဘက်ခြမ်းတာယာတွေ စားသေးတာ မဟုတ်လား။ လူလည်း အနေအထားမမှန်ရင် အရိုးအဆစ်တွေ ဒဏ်ပိမယ်။ ကျီးပေါင်းပိုဆိုးမှာပေါ့။

၃။ ပါရာစီတမောကတော့ ဘေးကင်းတယ်။အစာအိမ်မထိဘူး။ ကျောက်ကပ်ဘာညာမထိဘူး။ အသည်းအခံကောင်းရင်၊ ကျောက်ကပ်အခံကောင်းရင် တစ်နေ့ ၆ ပြားထိ သောက်လို့ရပါတယ်။ အခြားအကိုက်အခဲပျောက်ဆေးတွေကတော့ ဘေးထွက်ဆိုးကျိုးရှိလို့ ဆရာဝန်ညွှန်မှ သောက်ပါ။ စပ်ဆေးတွေ မသောက်ပါနဲ့။

၄။အကိုက်အခဲပျောက်ဆေးလိမ်းဆေးတွေ လိမ်းလို့ရတယ်။ ဆေးပူက အချို့အရေပြားနုသူတွေဆို လောင်တတ်တယ်။ သတိထားဗျ။ ဆေးအအေးဆို ပိုအဆင်ပြေတယ်။

၅။ ရေနွေးအိတ်ကပ်တာ၊ ရေခဲကပ်တာ လုပ်လို့ရပါတယ်။ရေခဲက အရောင်ကျတယ်။ ရေနွေးက အကြောအခြင်ပြေလျော့စေတယ်ဗျ။ရောင်ပြီးနာရင် ရေခဲကပ်၊ အကြောတွေတင်းနေ၊ တက်နေရင် ရေနွေးအိတ်ကပ်ပါ။

၆။ ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်က intervertebral disc တွေကို သွေးစီးဆင်းမှုလျော့ကျစေလို့ပါ။

၇။ အဝမလွန်အောင် ထိန်းထားပါ။ ဝိတ်များလေ၊ အဆစ်တွေ ဝန်ပိလေပဲ။

၈။ ရေများများသောက်ပါ။

၉။ chiropractic တို့၊ အပ်စိုက်ကုထုံးတို့၊ massage တို့ လည်း သူ့နည်းသူ့ဟန်နဲ့ အကျိုးရှိတယ်လို့ ဆိုတယ်။ နားလည်တတ်ကျွမ်းတဲ့ professional နဲ့တော့ လုပ်ပါ။ တွေ့ကရာလူနဲ့ အနှိပ်
ခံ၊ အနင်းခံရင် ဘူးလေးရာ ဖရုံဆင့်သွားမယ်ဗျ။

၁၀။ အရမ်းဆိုးရင် ၊အထူးသဖြင့် အကြောညပ်တာ၊ ကျောရိုးအာရုံကြောမကြီး အဖိခံရတာတွေဖြစ်ရင် ခွဲစိတ်ကုသဖို့ လိုပါတယ်ဗျ။

ဒီလောက်ဆို ကျီးပေါင်းရောဂါအကြောင်း အတော်အသင့် သဘောပေါက်လောက်ပါပြီ။

အားလုံးအဆင်ပြေကြပါစေခင်ဗျာ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP( UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်

တကယ်မှန်ပြီး အနှစ်သာရပြည့်ဝတဲ့ comment ပါဗျ။🙏🙏🙏
24/03/2026

တကယ်မှန်ပြီး အနှစ်သာရပြည့်ဝတဲ့ comment ပါဗျ။🙏🙏🙏

I've just reached 6K followers! Thank you for continuing support. I could never have made it without each and every one ...
24/03/2026

I've just reached 6K followers! Thank you for continuing support. I could never have made it without each and every one of you. 🙏🤗🎉

23/03/2026

ကျီးပေါင်းဆေးဆိုတာ ရှိလား။

အချို့လူနာတွေ ရောဂါအခံမေးရင် ကျီးပေါင်းရှိတယ်။ ကျီးပေါင်းဆေးတွေ သောက်နေရတယ်ဆရာဆိုပြီး
ဆေးအထုပ်လိုက်ကြီးတွေ လာပြတာ ဆရာဝန်မိတ်ဆွေတွေ ကြုံဖူးမယ်ထင်တယ်ဗျ။
ဆရာဝန်မဟုတ်တဲ့ မိတ်ဆွေတွေထဲမှာလည်း ကျီးပေါင်းဆေးဆိုပြီး ဆေးအများကြီး သောက်နေရတဲ့သူတွေ၊ ဆေးဖိုးတွေ မနည်းမနောကုန်နေသူတွေရှိမယ်ထင်တယ်ဗျ။

အဲ့ဒီတော့ စဉ်းစားစရာက ကျီးပေါင်းဆေးဆိုတာ တကယ်ရှိသလား။

စွဲသောက်စရာရော လိုသလား

တကယ်တော့ ကျီးပေါင်းဆိုတာ လူကြီးနာပါ။ အသက်ကြီးလာရင် လူတိုင်းဖြစ်မှာပဲဗျ။ မဖြစ်ချင်လည်း ဖြစ်မှာပဲ။

အသက်ကြီးတာကို ဟန့်တားတဲ့ဆေးမှ မပေါ်သေးတာ။ ကြီးတဲ့အသက်ကို ပြန်ငယ်စေတဲ့ဆေးလည်း မရှိသေးဘူးဗျ။
အဲ့ဒါကြောင့် ကျီးပေါင်းဆိုတာ မပျောက်နိုင်ဘူး။ ကျီးပေါင်းပျောက်ဆေးလည်း လူ့လောကမှာ မရှိဘူး။ အဲ့ဒီအမှန်တရားကို နှလုံးသားထဲက လက်ခံဖို့လိုတယ်။ မဟုတ်ရင် ဂျင်းအတောင့်လိုက်မိလိမ့်မယ်။

တကယ်တော့ ကျီးပေါင်းကို ဆရာဝန်တွေ ဆေးပေးတယ်ဆိုတာ ကျီးပေါင်းရဲ့ ရောဂါလက္ခဏာတွေကို သက်သာအောင်ပေးတာပါ။

နာကျင်ကိုက်ခဲရင် အကိုက်အခဲပျောက်ဆေးတွေပေးတယ်။
ထုံကျဉ်ရင် ထုံကျဉ်တာကို ဆေးပေးတယ်။ အကြောတက်ရင် အကြောပြေဆေးပေးတယ်။ ဒါပဲဗျ။
ဒီဆေးတွေကိုလည်း မဖြစ်မနေ နှစ်ရှည်လများ စွဲသောက်စရာမလိုဘူး။ ဝေဒနာခံစားရချိန်ပဲ သောက်ဖို့လိုပါတယ်။ အကိုက်အခဲပျောက်ဆေးတွေဆို စွဲသောက်ရင် ကျောက်ကပ်ထိတာ၊ လေဖြတ်နိုင်ချေမြင့်တက်တာ၊ အစာအိမ်ထိတာတောင် ဖြစ်နိုင်
တယ်ဗျ။

အချို့ glucosamine တွေ၊ chondritin sulphate တွေ အကြာကြီးသောက်နေကြတာတွေ့ရတယ်။ ဒီဆေးတွေက ကျီးပေါင်းကို မဟန့်တားနိုင်ပါဘူး။ အကျိုးမရှိတာ များပါတယ်ဗျ။ ( Glucosamine and chondritin products are not helpful in treating cervical spondylosis.)

ဗမာဆေးထဲမှာလည်း ကျီးပေါင်းဆေး ဆိုပြီး ရောင်းတာတွေရှိတယ်။ သောက်ရင် သက်သာတယ်။ သက်သာမှာပေါ့ဗျ။အများစုက အင်္ဂလိပ်ဆေးတွေ ကြိတ်ပြီးဖော်ထားတာကိုး။ တိုင်းရင်ဆေးစစ်စစ်မှ မဟုတ်တာ။ ပြီးရင် ဆေးဒဏ်တွေ စုခံရရော။

ဒီလောက်ဆို ကျီးပေါင်းဆေးအကြောင်းရှင်းလောက်ပါပြီ။

အားလုံးအဆင်ပြေကြပါစေဗျာ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP( UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်
အားလုံးအဆင်ပြေကြပါစေဗျာ။

ဆီးချ်ုကြောင့် ကျောက်ကပ်အားနည်းနေတယ်။ဘာအားဆေးစားရမလဲဆရာ။အဖြေ။၁။ HbA1c ကို 7% အောက်ချခြင်း၊ ၂။သွေးပေါင်ကို 125/75 မကျော်အ...
23/03/2026

ဆီးချ်ုကြောင့် ကျောက်ကပ်အားနည်းနေတယ်။
ဘာအားဆေးစားရမလဲဆရာ။

အဖြေ။

၁။ HbA1c ကို 7% အောက်ချခြင်း၊
၂။သွေးပေါင်ကို 125/75 မကျော်အောင် ထိန်းခြင်း
၃။ကျောက်ကပ်ထိစေမည့် အကိုက်အခဲပျောက်ဆေး၊ တိုင်းရင်းဆေးများကို ရှောင်
ခြင်း
၄။ACEI/ ARB အုပ်စုဝင်ဆေးများကို စနစ်တကျသုံးခြင်း
၅။SGLT-2 inhibitor များကို စနစ်တကျသုံးခြင်းထက် ပိုကောင်းတဲ့ ကျောက်ကပ်
အားဆေးမပေါ်သေးပါဘူးခင်ဗျ။

အဲ့ဒီလို ကုရင် အသက်ရှည်ပါလိမ့်မယ်။ ကျောက်ကပ်မဆေးရအောင် ဆွဲဆန့်နိုင်ပါလိမ့်မယ်။

အားလုံးအဆင်ပြေကြပါစေဗျာ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn) , MRCP(UK)
ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်

“လူကို မြင်မှ အဖြေရ”မှတ်ချက်- ဆေးပညာလောကသားများအတွက် Experience sharing post ဖြစ်ပါသည်။ဒီတစ်ခါလူနာက အသက် ၆၀ အမျိုးသမီးပါ...
22/03/2026

“လူကို မြင်မှ အဖြေရ”

မှတ်ချက်- ဆေးပညာလောကသားများအတွက် Experience sharing post ဖြစ်ပါသည်။

ဒီတစ်ခါလူနာက အသက် ၆၀ အမျိုးသမီးပါ။ အဖျားတက်လိုက်ကျလိုက်ဖြစ်နေတာ ၁ လကျော်လောက်ရှိပါပြီ။ နှာခေါင်းသွေးလည်း ခဏခဏ လျှံတယ်လို့ ပြောပါတယ်။ နေရတာ မကောင်းဘူး။ နုန်းတယ်လို့လည်း ပြောပါတယ်။ Investigation တွေလည်း စစ်ထားတာ ရှိပါတယ်။ လွန်ခဲ့တဲ့ ၁ လကျော်လောက်က စစ်ထားတာပါ။ ကျွန်တော့်ဆီကို ရောက်လာတာကတော့ သူငယ်ချင်းဆရာဝန်တစ်
ယောက်က လွှဲလို့ရောက်လာတာပါ။

ကျွန်တော်လည်း ဆေးစစ်ထားတာတွေကို ဖတ်ကြည့်လိုက်ပါတယ်။သွေးအဖြေတွေက

B,C- NR
ALT-89.1(⬆️)
AST-75(⬆️)
Alkaline phosphatase 1137(⬆️⬆️)
Full blood count မှာ Hb-10.2,,WBC-Normal ,platelets-141 ( mildly reduced)
USG - Acute hepatitis and duodenitis ပါ။

အဖြေတွေအရတော့ လူနာရဲ့ liver function test က cholestatic pattern ဖြစ်နေပါတယ်။ Full blood count မှာ normochromic normocytic anemia နဲ့ mild thrombocytopenia ရှိပါတယ်။

အဲ့ဒါနဲ့ ကျွန်တော်လည်း လူနာကို စမ်းသပ်ပါတယ်။ လူနာရဲ့ ခြေထောက်တွေကို ထမီလှန်ပြီးကြည့်လိုက်တာနဲ့ စတွေ့တာပါပဲ။ Vasculitic rash တွေပါ။ အဲ့ဒါနဲ့ လူနာကို အဆစ်နာလားမေးတော့ အဆစ်တွေနာတာ၊ မနက်အိပ်ရာထရင် အဆစ်တွေတောင့်တင်းနေတာ ပေါ်လာပါတယ်။ Joint pain ရော၊ morning stiffness ရောရှိနေတာပါ။ဆီးအရောင်ပြောင်းလား၊ သွေးပါလား မေးကြည့်တော့ ဆီးအရောင်ရင့်တယ်လို့ ဆိုပါတယ်။ အခြားဟာတွေ စမ်းကြည့်တာတော့ အကုန်ကောင်းပါတယ်။

ဒါဆိုရင်လူနာမှာ ရောဂါရှာဖို့အတွက် Vasculitic rash ကပဲ စရမှာပါပဲ။ မကြာမကြာဖျားနေတာ၊ Epistasix ရရနေတာ၊ Joint pain တွေရနေတာအတွက် vasculitis ကို နံပတ်(၁) အရင်ဆုံး exclude လုပ်ဖို့လိုပါတယ်။ မဟုတ်ရင် multiorgan failure ထိ ဖြစ်သွားပြီး အန္တရာယ်ရှိနိုင်ပါတယ်။

အဲ့ဒါနဲ့ ကျွန်တော်လည်း လူနာကို အခြေအနေရှင်းပြပြီး သွေးတွေစ၊ ဆီးတွေ စစ်ခိုင်းလိုက်ပါတယ်။ အဖြေတွေက ၁ ပတ်လောက်နေမှ စုံမှာမို့လို့ ကြားထဲမှာ လူနာကို steroid ပါ high dose ခဏ ပေးထားလိုက်ပါတယ်။

၁ ပတ်လောက်နေတော့ အဖြေတွေရလာပါပြီ။ အဖြေတွေကို ကြည့်လိုက်တော့

FBC - Anemia and thrombocytopenia
ESR-125⬆️⬆️
Creatinine-Normal
LFT-AST 324, ALT 151, ALP 158, bilirubin-5.7 ပါ။( hepatitis pattern ပေါ့။ အရင်က cholestatic pattern ပါ)
Urinalysis မှာ RBC++, protein +( Nephritis pattern)
ANA -1:640( positive)
ENAမှာ
dsDNA +++
Nucleosome++
Histone++
Mi2alpha++
PM-SCL 75(+)
DFS70(+) ပါ။
ANCA profile မှာတော့ lactoferin and myeloperoxidase weak positive ပါ။

ဒါဆို လူနာက SLE ကတော့ သေချာသွားပါပြီ။ Active SLE with vasculitis ပေါ့။ ESR တက်၊ dsDNA strong positive ပြ၊ urinalysis မှာ RBC တွေပါဆိုတော့ disease activity ကတော့ high ဖြစ်နေပါပြီ။ Lupus nephritis တောင် ဝင်နေပြီလား မသိပါဘူး။ Aggressive immunosuppression လိုတဲ့ အနေအထားပါ။ ကျွန်တော်ကုလိူ့ မရပါဘူး။ အဲ့ဒါကြောင့် Rheumatologist ဆီ urgent လွှဲရပါတယ်။

ဒီcase မှာ

၁။ လူနာကို ကျွန်တော်ကိုယ်တိုင်ကြည့်ခွင့်ရလိုက်တာ တော်တော်အဆင်ပြေသွားတယ်လို့ ပြောရပါမယ်။ လူနာရဲ့ လုံခြည်ကို လှန်လိုက်ပြီး Vasculitic rash တွေမြင်တာနဲ့ ရောဂါက ၃ ပုံ ၂ ပုံလောက် အဖြေပေါ်သွားတာပါ။ လူနာကို ကိုယ်တိုင်သွားပြဖို့ လွှဲတဲ့ သူငယ်ချင်းဆရာဝန်လင်မယားကိုလည်း ကျေးဇူးတင်ရပါမယ်။ လူနာကို မလွှတ်ဘဲ ဒီတိုင်း investigation results တွေ ပို့ပြီး ကျွန်တော့်ကို မေးရင် cholestastic jaundice ဘက်က စလိုက်ရမလို ဖြစ်ပြီး diagnosis လမ်းလွဲသွားနိုင်ပါတယ်။ လူနာကို ကြည့်လိုက်ရတာနဲ့ လုပ်ရမယ့် လမ်းကြောင်းလည်း ရှင်းရှင်းလင်းလင်းပေါ်သွားသလို၊ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေပါ မှန်မှန်ကန်ကန်ချနိုင်သွားတာပါ။ အဲ့ဒါကြောင့် ကျွန်တော်တို့ ဆေးကုသသူတွေအနေနဲ့ လူနာရဲ့ clinical context ကို သေချာကြည့်ဖို့၊ ကိုယ်မြင်နေရတဲ့ Abnormal Investigation results တွေသည် သူဖြစ်နေတဲ့ ဝေဒနာနဲ့ တကယ်ရော ဆိုင်ရဲ့လား မေးခွန်းထုတ်ဖို့ လိုပါတယ်။ ဒီဘက်ခေတ်မှာ အချို့လူနာတွေ လိုင်းပေါ်မှာ ဆေးစစ်ချက်တွေ တင်ပြီး “ ဒီအဖြေလေးဖတ်ပေးကြပါဦး”ဆိုပြီး မေးတာ ၊ အဖြေဖတ်ခိုင်းတာဟာ အများကြီးသတိထားရမယ့်အချက်၊ ပြဿနာဖြစ်နိုင်တဲ့အချက်ပါ။ အဲ့ဒီလိုမေးရင် လူနာရဲ့ပကတိအခြေအနေကို ကိုယ်စားပြုသော၊ အသုံးဝင်သော အဖြေရဖို့ ခဲယဉ်းသလို၊ တစ်ခါတရံမှာ လူနာကို လက်တွေ့ကုနေတဲ့ဆရာဝန်ကိုပါ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ( ဥပမာ- ဆရာဝန်က လူနာကို Enalapril လို၊ Losartan လို၊ telmisartan လိုဆေးမျိုးပေးတယ်။ ၂ ပတ်နေတော့ သွေးစစ်ခိုင်းတယ်။ creatinine နည်းနည်းတက်တယ်။ ဆေးရပ်စရာလိုတဲ့ ပမာဏတော့ မဟုတ်ဘူး။ ဆက်ပေးလို့ရတယ်။ ဒါပေမယ့် လူနာက လိုင်းပေါ်တက်မေး။ ဖြေတဲ့သူက ကျောက်ကပ်အားနည်းတယ်တို့၊ ကျောက်ကပ်ထိနေပြီတို့ ဖြေလိုက်တော့ လူနာ စိတ္တဇဖြစ်ပြီး ဆေးဆက်မသောက်တာတို့၊ ကုတဲ့ ဆရာဝန်ကို အပြစ်တင်တာတို့ဆို လူနာ အတွက် ပြဿနာရှိသလို၊ ဆရာဝန်လည်း အထင်လွဲခံရတတ်ပါတယ်။) လူနာအကြောင်းကို သူ့ကို ကုနေတဲ့ ဆရာဝန်ထက် လိုင်းပေါ်ကလူက ပိုမသိနိုင်ပါဘူး။လူနာကြီးမြင်နေရရင်တောင် ဆရာဝန်ဆုံးဖြတ်ချက်မှားနိုင်ပါသေးတယ်။လစ်ဟာမှုရှိနိုင်ပါသေးတယ်။သတိပြုစရာပါ။

၂။ANCA weak positive ဖြစ်နေတာကတော့ စဉ်းစားစရာပါ။ True ANCA associated vasculitis နဲ့ SLE overlap ဖြစ်နေတာဖြစ်နိုင်သလို၊ active SLE alone မှာလည်း အဲ့ဒီလို non specific ANCA pattern တွေ့ရတတ်ပါတယ်။ ဒါကတော့ နောက်မှ စာပြန်ဖတ်ကြည့်ရင်း တွေ့တာပါ။ ကျွန်တော်ကတော့ Active SLE with lupus nephritis လို့ပိုထင်ပါတယ်။ ဒါက ကျွန်တော့်အထင်ပါ။ ဟုတ်မဟုတ်ကတော့ ကျွန်တော် ဉာဏ်မီတဲ့ အတိုင်းအတာကို ကျော်သွားပါပြီ။ Rheumatologist တွေက ပိုနားလည်ပါလိမ့်မယ်။ နားလည်တဲ့ ဆရာဆရာမတို့ ဝင်ရောက်ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော်လည်း ပညာယူချင်လို့ပါခင်ဗျား။

၃။ SLE သည် အသက်ငယ်ငယ် မိန်းကလေးတွေသာမက အဘိုးအဘွားအရွယ်တွေမှာပါ ဖြစ်နိုင်ပါတယ်။ ကျားမ မရွေးလည်း ဖြစ်နိုင်ပါတယ်။ အဆစ်တွေနာပြီး လာတာရှိသလို၊ ရောဂါလုံးလုံးပေါ်တဲ့အထိ အဆစ်နာကြောင်း တစ်ခွန်းမှ မဟတဲ့ SLE လူနာတွေလည်းရှိပါတယ်။ အဖျားကြာပြီးလာတဲ့ SLE၊ သွေးစစ်တာ blood cell count တွေကျလို့ မသင်္ကာလို့ စစ်မှ ပေါ်လာတဲ့ SLE ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ သွေးတိုးလို့ မသင်္ကာလို့ စစ်မှ ပေါ်တဲ့ SLE ( Lupus nephritis)၊ ကယောင်ချောက်ခြားတွေ ပြောနေလို့ စိတ်ရောဂါထင်နေတာ မသင်္ကာလို့ စစ်မှ ပေါ်တဲ့ SLE( Lupus cerebritis) စသဖြင့် လက္ခဏာပေါင်းစုံလာနိုင်ကြောင်း ၊ awareness ရှိဖို့ အထူးလိုအပ်ကြောင်း တင်ပြလိုက်ရပါတယ်။

အားလုံးအဆင်ပြေကြပါစေဗျာ။

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအား ဂါရဝပြုလျက်ပါ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP ( UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်

12/03/2026

ဆုလာဘ်ဆေးခန်း(တောင်ဒဂုံ) ကို ၁၄.၃.၂၀၂၆ မှ ၁၇.၃.၂၀၂၆ ထိ မနက်ပိုင်းတွေပိတ်ပါတယယ်။ ညနေပိုင်းတွေ ဖွင့်ပါတယ်ခင်ဗျ။

ဆုလာ်ဆေးခန်း( လှိုင်မြို့နယ်) ကို ၁၄.၃.၂၀၂၆ မှ ၁၇.၃.၂၀၂၆ ထိ ညနေပိုင်းတွေပိတ်ပါတယ်။ မနက်ပိုင်းတွေ ဖွင့်ပါတယ်ခင်ဗျ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn) , MRCP(UK)
ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်

12/03/2026

အသည်းရောင်အသားဝါ A ပိုးအကြောင်း လိုတိုရှင်း

၁။ ဘယ်လိုကူးစက်သလဲ။

ရှင်းရှင်းပြောရင် ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ကူးနည်းအတူတူပဲလို့ မှတ်
လိုက်ဗျာ။ လက်မသန့်၊ ရေမသန့်၊ အစာမသန့်၊ အိမ်သာမသန့်၊ ယင်နားစာစား၊ လမ်းဘေးစာစားရင်ကူးမယ်ဗျ။ သေချာမဆေးကြော၊ မချက်ပြုတ်ထားတဲ့ Shellfish တွေ( ခရု၊ ကမာ၊ ယောက်သွား၊ ဂုံး) တွေကလည်း ကူးတယ်။

၂။ ဘယ်လို ကာကွယ်မလဲ။

အပေါ်ကဟာတွေ သာရှောင်ဗျ။ဒါအရှင်းဆုံးပဲ။

၃။ ဘာတွေ ခံစားရမလဲ။

အဖျားကြာတယ်။ ၁ ပတ်ကျော်တယ်။ မသိရင် တိုက်ဖွိုက်လိုလို ဘာလိုလို။ Relative bradycardia လည်း ရှိတတ်တယ်။ (ဆိုလိုတာ အဖျားကြီးသလောက် နှလုံးခုန်မမြန်ဘူး။ ပုံမှန်အားဖြင့်ဆို အဖျားကြီးရင် နှလုံးခုန်မြန်တတ်တယ်။)။ တော်တော်အန်တယ်။ ခံတွင်းတော်တော်ပျက်တယ်။ ဗိုက်အောင့်တယ်။ အချို့ ဝမ်းလျှောတယ်။
ခုနကဟာတွေက အသားမဝါခင်ဖြစ်တာ။ ဒီအဆင့်မှာ အသည်းရောင်အသားဝါလို့ ဘယ်သူမှ မသိနိုင်ဘူး။ ဆရာဝန်တွေလည်းအခြားရောဂါပဲထင်ကြမှာဗျ။
မျက်စိတွေဝါ၊အသားဝါမှပဲ ဪ ဒါအသည်းရောင်အသားဝါဖြစ်နေပါလား ဆိုပြီး သိဖို့များတယ်။

၄။ လူနာတွေက အသားတွေ ဝါလာရင် ကြောက်လန့်ကုန်ကြတယ်ဗျ။ အရမ်းမကြောက်ကြပါနဲ့။ ကျွန်တော့်အတွေ့အကြုံအရ အသားဝါပြီးရင် လူနာတော်တော်များများ နေလို့ကောင်းလာကြတာ၊ သက်သာလာကြတာများတယ်ဗျ။ အဖျားကျလာတယ်။ မအန်ကြတော့ဘူး။ ခံတွင်းပြန်ကောင်းလာတယ်ဗျ။ နောက်ပိုင်းရက်တွေမှာတော့ ဆီးအရောင်ရင့်တာ၊ ဝမ်းအရောင်ဖျော့တာ၊ အသားတွေယားတာလည်း ဖြစ်တတ်ပါတယ်။

၅။ အသည်းရောင်အသားဝါ A ပိုးက အချိန်တန်ရင် သူ့ဘာသာသူ ပြန်ကောင်းတယ်ဗျ။ ကိုယ်ခံအားက တိုက်လို့ ပြန်ကောင်းတာ။ အဲ့ဒါကြောင့် ခံတွင်းပျက်လည်းအာဟာရပြည့်အောင်စား။ကြိတ်မှိတ်သာစား။ ရေဓာတ်သေချာဖြည့်တင်း၊ ဓာတ်ဆားရည်သောက်၊ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်သောက်ပါ။ ဆရာဝန်နဲ့ သေချာပြပါ။ အရက်ဆေးလိပ်၊ တိုင်းရင်းဆေးရှောင်ပါ။ အများစုက ပြန်ကိုကောင်းပါတယ်။

၆။ အသည်းရောင်အသားဝါ A ပိုးက နာတာရှည်မဖြစ်ဘူး။ အသည်းမခြောက်ဘူး။ အသည်းကင်ဆာမပြောင်းဘူး။ B ပိုး၊ C ပိုးနဲ့ မတူတာ အဲ့ဒါပဲဗျ။ B ပိုး၊ C ပိုးက ပြဿနာပိုကြီး၊အန္တရာယ်ပိုများတယ်ဗျ။

၇။ အသည်းရောင်အသားဝါ A ပိုး ကာကွယ်ဆေးရှိတယ်။ ၆ လခြားပြီးနှစ်ကြိမ်ထိုးရတယ်။ တစ်လုံးကို သိန်းဂဏန်းရှိတယ်။ ထိုးနိုင်ရင်ကောင်းတယ်။ သင်္ဘောသားတွေထိုးလေ့ရှိတယ်။( သူတို့ကတော့ ပင်လယ်ထဲရောက်မှ အသည်းရောင်အသားဝါထဖြစ်ရင် အဆင်မပြေဘူးလေ။)
တစ်ခုသေချာမှာချင်တာက ကာကွယ်ဆေးသည် ၂ ပတ်လောက်နေမှ ခုခံအားရမှာဖြစ်တယ်။ ဒီနေ့ ဆေးထိုး၊နောက်နေ့ လမ်းဘေးမှာ တုတ်ထိုးတွေ၊အသုပ်တွေ သွားစားလို့ကတော့ ၂ ပတ်လောက်နေရင် မျက်စိတွေအသားတွေဝါပြီး ဆေးခန်းရောက်သွားလိမ့်မယ်ဗျ😁။
ဆေးအားကိုးနဲ့ မမိုက်ပါနဲ့။

၈။ B ပိုးသတ်ဆေး၊ C ပိုးသတ်ဆေးရှိပေမယ့် A ပိုးသတ်ဆေးမရှိပါဘူး။လိုလည်း မလိုပါဘူး။

၉။ ဒါကတော့ Junior ဆရာဝန်မိတ်ဆွေ များအတွက်ပါ။ LFT အရမ်းတက်လေ့ရှိတယ်။ ALT ,AST အများကြီးကို တက်တတ်ပါတယ်။ မကြောက်ပါနဲ့။ Clinical response ကို သေချာဂရုစိုက်ပါ။ Symptomatic ( especially vomiting)သေချာကု၊ Dehydration သေချာ correct လုပ်ရင် အဆင်ပြေပါတယ်။ တစ်ခု အကြံပြုချင်တာက အခြား Differential တွေ exclude လုပ်ဖို့ပါ။ ( Example- Leptospirosis, Acute Hepatitis B infection )

အားလုံးအဆင်ပြေကြပါစေဗျာ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP( UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်

08/03/2026

ဆီးချိုသွေးချိုရှိနေတယ်။ဆေးသောက်နေရတယ်။ဆီးချိုသွေးချိုက ဘယ်လောက်ရှိရင် ကောင်းလဲ။( Glycemic Target)

ဆီးချိုရောဂါရှိနေတဲ့ သူဆိုရင်

၁။ မနက်စောစော အစာမစားခင်ဆီးချိုကို ၁၃၀ mg/dl အောက် ရှိရပါမယ်။
အချို့လူနာတွေက ဆီးချို ကို ချဲဂဏန်းလို ထိပ်စီးနဲ့မှတ်တာရှိပါတယ်။၁ ထိပ်စီးဆို ကောင်းတယ်။ ၂ ထိပ်စီးဆို မကောင်းဘူးပေါ့။ အဲ့ဒီလို မဟုတ်ပါဘူး။ မနက်စာမစားခင်ဆို ၁၃၀ မကျော်သင့်ပါဘူး။

၂။ စားပြီး ၂ နာရီ ဆီးချိုကို ၁၈၀ mg/dl အောက်ပဲရှိရပါမယ်။
အချို့လူနာတွေ စားပြီးချိန် ဆီးချိုစစ်လို့ ၂၀၀/၃၀၀ ကျော် နေရင် ကျွန်တော်၊ ကျွန်မ ခုလေးတင် စားထားလို့ပါ ဘာညာနဲ့ အတင်း ဘူးခံ ငြင်းတာ ရှိပါတယ်။ အမှန်က စားပြီးချိန်မှာစစ်ရင်လည်း ၁၈၀ မကျော်သင့်ပါဘူး။ မယုံရင် ဆီးချိုမရှိတဲ့ ကိုယ့်သားသမီး လူငယ်တစ်ယောက်ယောက်ကို ခုအချိုရည်တိုက်ပြီး တစ်နာရီ၊၂ နာရီ နေရင် ဆီးချိုကောက်စစ်လိုက်ပါ။ ၁၄၀ တောင် မကျော်တာ တွေ့ရပါလိမ့်မယ်။

၃။ ၃ လ တစ်ခါ စစ်ရတဲ့ HbA1c ဆိုတဲ့ ဓာတ်သည် ၇% မကျော်သင့်ပါဘူး။
HbA1c ကို မြန်မာလို သုံးလ ဆီးချို၊ သုံးလစုပေါင်းအချိုဓာတ်၊ သွေးနီဥတွင်း သကြားဓာတ် စသဖြင့် ခေါ်ကြပါတယ်။ ဆီးချိုရောဂါသည်တစ်ယောက် ဆီးချို ထိန်းနိုင် မထိန်းနိုင် သိချင်ရင် HbA1c စစ်လိုက်တာနဲ့ ပေါ်ပါတယ်။ အပေါ်က တန်ဖိုးနှစ်ခု( မနက်စောစောဆီးချိုနဲ့ စားပြီး ၂ နာရီ ဆီးချို)ဟာ လက်ရှိစစ်တဲ့ အချိန်မှာရှိတဲ့ ဆီးချိုကိုသာ ကိုယ်စားပြုပါတယ်။ အဲ့ဒီတန်ဖိုးနှစ်ခုကောင်းနေပေမယ့် HbA1c များနေရင် ဆေးလျှော့လို့မရသေးပါဘူး။ဆီးချိုမကောင်းသေးဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။ အဲ့ဒီလိုပဲ။ အဲ့ဒီနှစ်ခု နည်းနည်းတက်နေပေမယ့် HbA1c ကောင်းနေရင် အလောတကြီးဆေးမတိုးသေးဘဲ စောင့်ကြည့်လေ့ရှိပါတယ်။ ဆေးကို စွတ်တိုးရင် အခန့်မသင့်ရင် ဆီးချိုထိုးကျတတ်ပါတယ်။ဆေးအတိုးအလျှော့လုပ်ဖို့အတွက်ဆို HbA1c က ပိုအသုံးဝင်ပါတယ်။ နိုင်ငံခြားမှာဆို လူနာကိုယ်တိုင်က သူ့ရဲ့နောက်ဆုံးစစ်ထားတဲ့ HbA1c တန်ဖိုးကို မှတ်ထားလေ့ရှိပါတယ်။ ဒီမှာတော့ HbA1c ကို တော်တော်များများ မရင်းနှီးသေးတာ တွေ့ရပါတယ်။ HbA1c တန်ဖိုးကို ၇% အောက်မှာ ထိန်းထားနိုင်ရင် အာရုံကြောတွေ ပျက်စီးမှု၊ မျက်စိသွေးကြောတွေပျက်စီးမှု၊ ကျောက်ကပ်သွေးကြောမျှင်တွေ ပျက်စီးမှုကို ဟန့်တားနိုင်တယ်လို့ ဆိုပါတယ်။

အားလုံးအဆင်ပြေကြပါစေဗျား

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn) , MRCP(UK)
ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်

06/03/2026

#သွေးလေးဖက်နာ ရှိတယ်။ ဘာတွေလိုက်နာရမလဲ။

၁။ ဆရာဝန်ညွှန်ကြားတဲ့ ရောဂါထိန်းဆေးတွေ မှန်မှန်သောက်ပါ။ မသောက်ရင် လက်ချောင်းတွေ ကောက်ပြီး ပုံပျက်သွားလိမ့်မယ်။

၂။ ရက်ချိန်းမှန်မှန်ပြပါ။ ဒီဆရာဝန် ငါ့ကို ခဏခဏချိန်းပြီး ပါးပါးလှီးနေတာ မဟုတ်ဘူးနော်။ ရောဂါ အရှိန်အတက်အကျကို သိပြီး ဆေးကို လိုသလို ညှိနိုင်အောင်၊ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို အချိန်မီသိပြီး ဆေးရပ်စရာရှိရင် ရပ်၊ ပြောင်းစရာရှိရင် ပြောင်းနိုင်အောင်ပါ။

၃။ ဆရာဝန်သွေးစစ်ခိုင်းရင် မှန်မှန်
စစ်ဖို့လိုပါတယ်။ရောဂါအရှိန်အတက်အကျကို သိဖို့၊ ဆေးအတိုးအလျှော့လုပ်နိုင်ဖို့ သွေးအဖြေသိမှ ရမှာပါ။

၄။ သွေးလေးဖက်နာ ရောဂါဟာ သွေးတိုးဆီးချိုလိုပဲ နှလုံးသွေးကြောပိတ်တာ၊ လေဖြတ်တာဖြစ်နိုင်ချေကို မြင့်တက်စေပါတယ်။ Independent risk factor for CVD ပါ။ လူနာတော်တော်များများ အဲ့ဒါကို မသိကြပါဘူး။ အဲ့ဒါကြောင့် သွေးလေးဖက်နာရှိမှန်းသိရင်
- ဆေးလိပ်ဖြတ်ပါ။
- အဆီအဆိမ့်( အထူးသဖြင့် ဝက်ဆီ၊ အမဲဆီ၊စားအုန်းဆီ ၊ margarine စတဲ့ပြည့်ဝဆီတွေ ရှောင်ပါ။
- သွေးတိုး၊ ဆီးချို မဖြစ်အောင် ထိန်းပါ။ သွေးတိုးဆီးချိုရှိရင် သေချာကုပါ။
- သွေးကျဲဆေးတွေ၊ အဆီကျဆေးတွေ သောက်နေတဲ့ လူနာတွေ ဆေးကို ကိုယ့်သဘောနဲ့ကိုယ် မရပ်ပစ်ပါနဲ့။
- အဝမလွန်ပါစေနဲ့။
- အသားငါးအသီးအရွက်အစုံစားပါ။
- မျှစ်တွေ၊ မှိုတွေ ပဲပင်ပေါက်တွေ ရှောင်စရာ မလိုပါဘူးဗျာ။
- အားကစားလုပ်ပါ။ အားကစားလုပ်လို့ရပါတယ်။ အရမ်း မပြင်းထန်တဲ့အားကစားတွေ လုပ်ပါ။

၅။ သွေးလေးဖက်နာရှိသူတွေဟာ သာမန်လူတွေထက်စာရင် အရိုးပွရောဂါဖြစ်ပွါးမှု ပိုများပါတယ်။ အဲ့ဒါကြောင့် ဆရာဝန်က ကယ်လစီယမ်နဲ့ vitamin D အားဆေးတွေ ပေးရင် သေချာသောက်ပါ။

၆။ သွေးလေးဖက်နာမှာ ပေးတဲ့ methotrexate,/ leflunamide/ sulfasalazine/ azathioprine စတဲ့ သောက်ဆေးတွေ၊ Infliximab/ Etanercept/ adalimumab စတဲ့ ဇီဝကုထုံးတွေ၊ baricitinib/ upadacitinib စတဲ့ ဆေးတွေအားလုံး ကိုယ်ခံအားကျစေတယ်ဗျ။ ဒါကြောင့် ရောဂါပိုးဝင်စေမယ့် အပြုအမူတွေရှောင်ရှားပါ။
လူစုလူဝေးသွားရင် mask တပ်ခြင်း၊
လမ်းဘေးစာ၊ ယင်နားစာတွေ ရှောင်ခြင်းတို့ဟာ ကောင်းတဲ့အမူအကျင့်တွေပါ။

၇။နောက်ပြီး သွေးလေးဖက်နာဆေးတွေသောက်နေရတဲ့လူနာတွေမှာ ရောဂါပိုးဝင်ရင် တော်တော်နဲ့ လက္ခဏာ မပြတတ်ဘူးဗျ။ အသိနောက်ကျတတ်တယ်။ အဲ့ဒါ ပြဿနာရှိတယ်ဗျ။ ဥပမာ- လူကောင်းတစ်ယောက် ဝက်ခြံတစ်လုံးပေါက်ရုံနဲ့ မျက်နှာကြီးတစ်ခုလုံး ရောင်ကိုင်းလာတာ အလွန်ဖြစ်ခဲတယ်။ ခင်ဗျားတို့၊ ကျွန်တော်တို့ဆို ဝက်ခြံကို လက်
တောင် မဆေးဘဲ ညှစ်ချင်ညှစ်လိုက်သေးတာမဟုတ်လား😁။ ဒါပေမယ့် ဒီဆေးတွေပေးထားတဲ့ လူနာ ဝက်ခြံတစ်လုံးတည်းက အနာမကျက်ဘဲ cellulitis ကြီး ရလို့ ပိုးသတ်ဆေးပြင်းပြင်း ပေးရတာ ကြုံဖူးတယ်။
နောက်ပြီး သာမန်လူ အူအတက်ရောင်ရင် ဖျားမယ်၊ ဗိုက်အောင့်မယ်၊ အန်မယ်။ သွေးစစ်ရင် သွေးဖြူဥတွေများနေတာ၊ CRP လို့ခေါ်တဲ့ အရောင်ဓာတ်တွေ တက်နေတာစတဲ့ ပိုးဝင်ခြင်း၏လက္ခဏာတွေ တွေ့ရမယ်။ ဒါပေမယ့် သွေးလေးဖက်နာဆေးတွေ သောက်နေတဲ့သူတွေ အူအတက်ရောင်ရင် ခုနကဟာတွေ မတွေ့ရတော့ဘူးဗျ။ အဲ့ဒီတော့ ဆရာဝန်ဆုံးဖြတ်ချက် မှားတတ်တယ်။အချို့တွေဆို အူအတက်ရောင်ပြီး ပေါက်တော့မယ့်အထိကို လူနာက အဖျားမတက်၊ သွေးအဖြေမှာ WBC မတက်၊ CRP ထင်သလောက်မတက်တာ ၊ ဗိုက်ထင်သလောက် မအောင့်တာတောင် ရှိတယ်။ ခွဲစိတ်ဆရာဝန်တောင် ခွဲရမလို၊ မခွဲရမလိုဖြစ်သွားတာ။ On call ကြည့်ပေးတဲ့ သမားတော်ဆရာက clinical acumen ကောင်းလို့ သာပေါ့။ သူက လူနာ အူအတက်ရောင်နေကြောင်း၊ သွေးလေးဖက်နာဆေးတွေကြောင့် ရောဂါလက္ခဏာ ငုပ်လျှိုးနေတာသာဖြစ်ကြောင်း၊ ခွဲစိတ်မှုပြုလုပ်ရန် အထူးအကြံပြုလိုကြောင်း ရေးပေးလိုက်လို့ ခွဲခန်းဝင်လိုက်တော့မှ အူအတက်က ပေါက်တော့မယ့်ဆဲဆဲဖြစ်နေတာတွေ့ရတာ။ ဒါကြောင့် သွေးလေးဖက်နာဆေးတွေ သောက်နေတဲ့လူနာတွေ ရောဂါပိုးဝင်ပြီ။ ဖျားနာပြီ ဆိုရင် ဆရာဝန်ရော၊ လူနာရော မပေါ့ပါနဲ့ဗျ။ ဆေးခဏ ရပ်သင့်ရင်ရပ်ရမယ်။ ဆေးခဏပြောင်းသင့်ရင် ပြောင်းရမယ်ဗျ။

၈။ သွေးလေးဖက်နာဆေးတွေသောက်နေရတဲ့လူတွေမှာ ကိုယ်ခံအားက သာမန်ထက် လျော့နည်းနေတတ်တယ်။ အဲ့ဒီတော့ နောက်ပြဿနာက ကာကွယ်ဆေးတွေထိုးရင် ကာကွယ်ဆေးမအောင်တာ၊ ကိုယ်ခံအား မထွက်တာ ဖြစ်တတ်တယ်။ ဒါကြောင့် အချို့သွေးလေးဖက်နာဆေးတွေကို ကာကွယ်ဆေးထိုးပြီးရင် ခဏနားထားရတာမျိုးရှိပါတယ်။ အဲ့ဒါကြောင့် သွေးလေးဖက်နာသောက်နေသူတွေ ကာကွယ်ဆေးထိုးရင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

၉။ တိုင်းရင်းဆေးတွေ မသောက်ပါနဲ့။

အားလုံးအဆင်ပြေကြပါစေဗျ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP( UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊(၈) ရပ်ကွက် ၊ လှိုင်မြို့နယ်
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်

“ရှုပ်လည်းရှုပ်။ တတ်လည်းတတ်နိုင် ပါပေ့။”မှတ်ချက်- ဆေးပညာလောကသားမိတ်ဆွေများအတွက် Experience sharing post ဖြစ်ပါသည်။”လူနာက...
02/03/2026

“ရှုပ်လည်းရှုပ်။ တတ်လည်းတတ်နိုင် ပါပေ့။”

မှတ်ချက်- ဆေးပညာလောကသားမိတ်ဆွေများအတွက် Experience sharing post ဖြစ်ပါသည်။”

လူနာက ၆၃ နှစ်။ အမျိုးသမီးပါ။တရှောင်ရှောင်နဲ့ နေမကောင်းဖြစ်နေတာ ၃ လလောက်ရှိပါပြီ။ အဖျားတက်လိုက်၊ ကျလိုက်ဖြစ်တယ်။ တစ်
ပတ်လောက် ငွေ့ငွေ့ဖျားလိုက်။ ၃၊၄ရက်လောက်ကောင်းလိုက်ပေါ့။ ခံတွင်းပျက်တယ်။ နည်းနည်းပိန်သွားတယ်။ အဆစ်အမြစ်တစ်ခါတလေကိုက်တယ်။ အဲ့ဒီလောက်ပါပဲ။ အနီးအနားမှာ ဆေးခန်းပြလိုက်ကောင်းလိုက်ဖြစ်နေတာပါ။ ကျွန်တော့်ဆီရောက်လာတာက နောက်ဆုံးပြခဲ့တဲ့ဆေးခန်းက သမားတော်နဲ့ပြရမယ်ဆိုပြီး လွှဲစာနဲ့ လွှတ်လို့ရောက်လာတာပါ။
ကျွန်တော်လွှဲစာသေချာဖတ်ကြည့်တော့ လူနာက အသည်းရောင်အသားဝါ C ပိုးဖြစ်ဖူးပြီး ၂၀၁၈ ကတည်းက ပျောက်သွားပါပြီ။ ( တနည်းအားဖြင့် SVR 12 ရပြီးဖြစ်ပါတယ်)
လွန်ခဲ့တဲ့ ၁၀ နှစ်က အစာအိမ်ခွဲစိတ်မှု ( Partial gastrectomy )လုပ်ဖူးပါတယ်။ CA stomach suspect နဲ့ပါ။ ဒါပေမယ့် biopsy မှာ TB gastritis ထွက်ပါသတဲ့။

Investigation တွေလည်း လောလောလတ်လတ်လုပ်ထားတာတွေ့ပါတယ်။
CP auto မှာ Hb 8.7, MCV-62
WBC,plt -within normal
USG, CXR- NAD
Urine RE- NAD ပါ ။
Hypochromic microcytic anemia တွေ့တယ်။ ကျန်တာ OK တယ်ပေါ့။
အဲ့ဒါနဲ့ လူနာကို စမ်းကြည့်ပါတယ်။ အဲ့ဒီမှာ လူနာရဲ့ လက်ဝါးနဲ့ လက်ထိပ်တွေမှာ ပုံမှာပြထားတဲ့အတိုင်း အနီရောင်
အစက်တွေ တွေ့တာပါ။ Vasculitic rash တွေပါ။ palm မှာရော၊ finger tips တွေမှာပါတွေ့ရပါတယ်။ ခြေထောက်ကိုကြည့်တော့ ခြေထောက်မှာလည်း vasculitic rash လိုမျိုးထပ်တွေ့ပါတယ်။
အဲ့ဒါနဲ့ vasculitic rash ကနေ ရောဂါအစရှာဖို့ စဉ်းစားလိုက်ပါတယ်။ လူနာကို နည်းနည်းထပ်မေးကြည့်တော့ လက်ချောင်းထိပ်လေးတွေနာတယ်။ Raynaud’s phenomenon တော့ မရှိပါဘူး။ အဆစ်အမြစ်တွေ ကိုက်တယ်။ Non specific joint pain ပါပဲ။ Photosensitive rash တွေ ဘာတွေမရှိပါဘူး။
ဒါဆို ဒီအရွယ်ကြီး vasculitis ရမယ့် cause ဘာရှိလဲ။
Primary vasculitis တွေလား။( Large vessel , medium vessel, small vessel vasculitides)
Secondary vasculitis တွေလား( Other autoimmune diseases, Infection, malignancy)
ဒီအရွယ်မှာတော့ malignancy ကို အရင်ရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။
Hypochromic microcytic anemia ရှိ၊ loss of appetite and loss of weight ရှိတယ်ဆိုတော့ GI malignancy exclude လုပ်ဖို့ stool FIT စစ်မယ်။ IDA confirm ဖို့ iron study စစ်မယ်။ Inflammatory marker အဖြစ် ESR စစ်မယ်ပေါ့။
နောက်တစ်ချက်က အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော် vasculitic rash ကို နောက်ဆုံးမြင်ဖူးတာ ၂၀၁၈ လောက်ကပါ။ မတွေ့တော့တာ ၆ နှစ်လောက်ရှိနေပြီဆိုတော့ vasculitic rash ဟုတ်မဟုတ် confirm လုပ်ဖို့ရယ်၊ ဘာတွေ ထပ်စစ်ရင် ကောင်းမလဲသိအောင်ရယ်အတွက် ကျွန်တော့်အစ်ကိုလို ခင်ရတဲ့ Rheumatologist ဆရာကို ပုံတွေပို့ပြီး လှမ်းအကြံဉာဏ်တောင်းရပါတယ်။ ဆရာက ANCA profile နဲ့ ENA profile စစ်ခိုင်းလို့ အဲ့ဒါပါ ထည့်စစ်လိုက်ပါတယ်။
အဖြေရလာတော့
FIT- negative
ESR-37
ANCA profile- negative
ENA profile မှာ
SSA- positive
RNP/Sm- positive
Mi-2b- positive
PCNA- positive ပါ။
အဲ့ဒါနဲ့ ဆရာက
SLE ( D/Dx- MCTD) လို့ Diagnosis လုပ်ပေးပါတယ်။ အဲ့ဒါနဲ့ ဆရာကြီး ဦးချစ်စိုးဆို လွှဲလိုက်ပါတယ်။ ဒီကြားထဲ လူနာက financial problem ရှိလို့ ချက်ချင်းမပြဖြစ်သေးလို့ ကျွန်တော်ပဲ အစ်ကိုဆရာနဲ့ တိုင်ပင်ပြီး ၁ လလောက် ကုလိုက်ရပါသေးတယ်။ ခုတော့ လူနာလည်း မှန်ကန်တဲ့ကုသမှုရလို့ တော်တော်လေးနေကောင်းနေပါပြီ။

နောက်တစ်ယောက်ကတော့ အသက် ၂၅ နှစ်မိန်းကလေးပါ။သူက ဗိုက်
ခဏခဏအောင့်နေတာပါ။ gastritis ဆိုပြီး ဆေးခန်းတွေပြ။ ဆေးသောက်ဆေးထိုးလည်း မသက်သာ။ နောက်ဆုံး အစာအိမ်နဲ့အူလမ်းကြောင်းပြ ။ scope ကြည့်တော့လည်း ဘာမှမတွေ့။ နောက်ဆုံး အထွေထွေသမားတော်( နာမည်မေ့သွားတာ ခွင့်လွှတ်ပါ)တစ်ယောက်နဲ့ ပြ၊ အဲ့ဒီဆရာက ENA profile နဲ့ Urine RE , ESR တွေစစ်တော့မှ dsDNA strongly positive, Sm antibody positive , Urine RE မှာ heavy proteinuria, ESR တော်တော်တက်နေလို့ ဖြစ်နေလို့ SLE မှန်း diagnosis ရပြီး Rheumatologist ဆီ ရောက်သွားတာပါ။ ခုတော့ Immunosuppressant နဲ့ အဆင်ပြေနေပါပြီ။ သူကတော့ ကျွန်တော့်ဆီမှာ Diagnosis ရတာမဟုတ်ပါဘူး။ အခြားမှာ ရခဲ့တာပါ။ကျွန်တော့်ဆီလာတာ အခြားရောဂါလာပြတာပါ။ ဆေးမှတ်တမ်းတွေပါလာလို့ ဖတ်ကြည့်ရင်း စိတ်ဝင်စားစရာကောင်းလို့မှတ်မိနေတာပါ။ SLE ရဲ့ GI involvement ပေါ့။ vasculitic phenomenon ပဲ ထင်ပါတယ်။

နောက်တစ်ယောက်ကတော့ ကျွန်တော် PUO အကြောင်း ရေးတုန်းက ပထမဆုံးဖော်ပြခဲ့ဖူးတဲ့ လူနာပါ။၂၃ နှစ် အမျိုးသား။ ၁ လလောက်ဖျားနေတာ အဖျားမကျ။ ကျွန်တော့ဆီလာပြတော့ စမ်းကြည့်တော့ လူနာက Marked pallor နဲ့ hepato-splenomegaly ရှိတယ်။ သွေးစစ်တော့ Hb က အရမ်းကျ။ MCV -100 ကျော်။ ESR- 110, Urine RE မှာ heavy proteinuria ။ B,C,R all negative ။ ဘယ်လိုမှ အစရှာမရလို့ ဆေးရုံလွှဲလိုက်တော့မှ SLE with autoimmune hemolytic anemia ဖြစ်နေတာပါ။ တစ်ခါ ကျွန်တော်ဖော်ပြခဲ့ဖူးပါတယ်။

အချုပ်ပြောရရင်

၁။ SLE ( Systemic Lupus Erythematosus ) ကို အရေပြားလေးဖက်နာဆိုပြီး မြန်မာလို အမည်ပေးထားပါတယ်။ နာမည်
အတိုင်းပဲ။ အရေပြားမှာ အကွက်တွေထတယ်။ ဆံပင်တွေ ကျွတ်တယ်။ လေးဖက်နာဆိုတဲ့အတိုင်း အဆစ်တွေ နာတယ်။ ရောင်တယ်ပေါ့။ အသက်အရွယ်အားဖြင့် လူငယ်ပိုင်းအမျိုးသမီးတွေ ပိုဖြစ်လေ့ရှိပေမယ့် အသက်အရွယ်မရွေး၊ ကျားမမရွေးဖြစ်နိုင်တယ်ဆိုတာ သတိပြုဖို့လိုပါတယ်။ SLE ဟာ ရောဂါအားဖြင့် connective tissue disease ထဲမှာ အကြုံးဝင်ပါတယ်။ တစ်ကိုယ်လုံးမှာရှိတဲ့ organ အစုံ၊ system အစုံထိနိုင်ပါတယ်။ မာယာများသလို၊ အန္တရာယ်လဲ ကြီးပါတယ်။ အချိန်မီမသိ၊ အချိန်မီမကုရင် organ threatening, life threatening disease ဖြစ်ပါတယ်။

၂။ presentation ပေါင်းစုံလာတတ်ပါတယ်။ ကျွန်တော်တို့ သိထားတဲ့ “သွေးမဆုံးသေးတဲ့ အမျိုးသမီး၊ အဆစ်အမြစ်နာ၊ နေပူထဲသွားရင် မျက်နှာမှာ အကွက်ထ၊ ဆံပင်ကျွတ်ရင် SLE ကို မမေ့နဲ့” ဆိုတာ မှန်ပါတယ်။ ဒါပေမယ့်
အချို့ အဖျားမကျတာကြာလို့လာပြတယ်။ စစ်လိုက်တော့ SLE။
အချို့ ငယ်ငယ်ရွယ်ရွယ်နဲ့ သွေးတွေတိုးနေတယ်။ ဆီးစစ်၊ သွေးစစ်တော့ SLE ကြောင့် ကျောက်ကပ်ထိတာဖြစ်နေတယ်။ အချို့ ခေါင်းကိုက်တယ်။ ဆေးခန်းပေါင်းစုံရောက်တယ်။ မသက်သာဘူး။ နောက်ဆုံး fits ရပြီး ဆေးရုံရောက်မှ စစ်လိုက်တော့ Lupus cerebritis ။ အချို့ နှာခေါင်းသွေးလျှံတယ်။ သွေးယိုတယ်။ သွေးစစ်တော့ platelet count ကျတယ်။ Cause ရှာတော့ SLE။ အချို့ severe anemia နဲ့ MCV အရမ်းတက်၊ Retic count တက်။ Direct Coomb test positive နဲ့ Autoimmune Hemolytic anemia လို့ diagnosis ထွက်။ Cause ရှာတော့ SLE ။ အချို့ ဘာဖြစ်မှန်းမသိဘူး။ တရှောင်ရှောင်ဖြစ်။ system အစဆွဲထုတ်လို့မရ။ နောက်ဆုံး လက်ဖဝါးတွေ၊ finger tip တွေမှာ vasculitic rash တွေ့မှ အစဖော်လို့ရပြီး SLE ထွက်သွားရော။ ဒါက ကျွန်တော်ကြုံဖူးသမျှ ကိုယ်တွေ့ရော၊ ကိုယ်တွေ့မဟုတ်တာရော ပါပါတယ်။ ဒါတောင် ကျွန်တော့်လို ကုသရေးနယ်ပယ်ထဲဝင်တာ ၆နှစ်မပြည့််သေးတဲ့ ဆရာဝန်ပေါက်စ ကြုံဖူးသမျှပါ။ ကျွန်တော်မကြုံဖူးတဲ့ presentation တွေ ဘယ်လောက်တောင်ရှိမလဲမသိပါဘူး။

၃။ SLE က GP setting မှာ ကုလို့အဆင်မပြေပါဘူး။ ကျွန်တော်လည်း မကုနိုင်၊ မကုတတ်ပါဘူး။ Rheumatologist referral လိုပါတယ်။ GP အနေနဲ့က awareness ရှိရင် အဆင်ပြေပါပြီခင်ဗျ။

SLE အကြောင်း စိတ်ဝင်စားရင် Z-waka application မှာ Senior Consultant Rheumatologist အစ်မ ဒေါက်တာဇာခြည်ဝေလင်း ရဲ့ SLE အကြောင်း CME ကို နားထောင်ကြည့်ဖို့ recommend လုပ်ချင်ပါတယ်။ အလွန်ကောင်းပါတယ်ခင်ဗျ။

Rheumatology case တွေကို ရောဂါရှာတတ်အောင် သင်ကြားပေးခဲ့သော Rheumatologist အစ်မ ဒေါက်တာဇာခြည်ဝေလင်းနှင့် ကျွန်တော် လှမ်းတိုင်ပင်တိုင်း မညည်းမညူဖြေကြားပေးသော Rheumatologist အစ်ကို ဒေါက်တာစိုးသီဟကျော်တို့ကို ဂါရဝပြုအပ်ပါတယ်ခင်ဗျား။

အားလုံးအဆင်ပြေကြပါစေဗျာ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn) , MRCP(UK)
ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်

အပန်းမကြီးရင် SLE နဲ့ ပက်သက်တဲ့ မိတ်ဆွေတို့ရဲ့ Experience တွေ မန့်ခဲ့ပေးပါဦး။ ကျွန်တော်လည်း ပညာရအောင်လို့ပါခင်ဗျ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when DR SOE HTET AUNG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share