Chan Thar Medicine Store

Chan Thar Medicine Store မြန်မာဆေးနှင့်နိုင်ငံခြားဆေးမျိုး?

08/03/2024

အိပ်မက်ထဲမှာ အိပ်မက်ဆိုးတွေမမက်အောင် ကြိုတင်ကာကွယ်လို့ ရပါသလား?

ညအိပ်မပျော်ခင် လှုံ့ဆော်မှုမျိုးစုံ (Presleep stimuli) ဟာ အိပ်မက်ပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ဥပမာ အသက် ၁၀ နှစ်လောက်ရှိတဲ့ ကလေးငယ်တစ်ယောက်ကို မအိပ်ခင်မှာ ကြောက်လန့်စရာရုပ်ရှင်ကား ပြထားမယ်ဆိုရင် ဒီကလေးဟာ ညအိပ်တဲ့အခါ အိပ်မက်ဆိုးတွေမက်ပြီး လန့်နိုးတာတို့ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အိပ်ခါနီးမှာ တရားမှတ်တာတို့၊ တရားခွေဖွင့်ပြီး အိပ်တာတို့၊ တရားထိုင်ခြင်း (Meditation) လုပ်ပြီး အိပ်တာတို့၊ ပျော်ပျော်ရွှင်ရွှင် မိသားစုဝိုင်းဖွဲ့စကားပြောပြီးမှ အိပ်တာတို့တွေဟာ အိပ်မက်ကောင်းကောင်း မက်ဖို့ အထောက်အပံ့ပေးပါတယ်။ စိတ်ဆင်းရဲမှုတွေ၊ စိတ်ပူပင်မှုတွေ၊ သောကတွေနဲ့ အိပ်ရာဝင်ရင်တော့ မကောင်းတဲ့အိပ်မက်တွေမက်ဖို့ ပိုများတယ်လို့ ဆိုပါတယ်။

ဒေါက်တာခင်မောင်လွင် (FAME)

08/03/2024
01/01/2024

နောက်နာရီပိုင်းလောက်ဆို ၂၀၂၃ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ နှစ်ဟောင်းကို ပြန်သုံးသပ်၊ နှစ်သစ်အတွက် ဘာတွေလုပ်မယ် စသဖြင့် ပြင်ဆင်ပြီးကြပြီလည်း ထင်ပါတယ်။

အများစုအတွက်တော့ ပျော်စရာမကောင်းတဲ့ နှစ်သစ်ကူးဟာ ဒါပါနဲ့ဆို ၃ နှစ်ရှိပါပြီ။ နောက်နှစ် ဒီလိုအချိန် ရောက်ရင်တော့ ကျွန်တော်တို့အားလုံး ပျော်ကြရလောက်ပြီ မျှော်လင့်ပါတယ်။

ဒီနှစ်အတွင်း ကျွန်တော့်ရဲ့ ဖြတ်သန်းမှုကတဆင့် ရလိုက်တဲ့ အမြင်တချို့ကိုလည်း မျှဝေချင်ပါတယ်။

💟 “ဘယ်လိုအကြောင်းကြောင့်နဲ့မှ ကိုယ့်ရဲ့ စံတန်ဖိုးတွေကို ပြောင်းလဲမပစ်လိုက်နဲ့”

အောက်တန်းကျကျ တိုက်ခိုက်ခံရလို့ သူ့လို ကိုယ်လည်း လိုက်လုပ်မယ်၊ လက်တုံ့ပြန်မယ် စိတ်မကူးနဲ့။ ဒေါသထွက်နေတုန်းတော့ လုပ်ပစ်ချင်ပေမဲ့ နောင်တချိန်ကျ ကိုယ်ရေးခဲ့၊ ပြောခဲ့၊ လုပ်ခဲ့တာတွေ ပြန်သတိရပြီး နောင်တရနေရလိမ့်မယ်။ ဒါကြောင့် ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် ကိုယ့်ရဲ့ စံတန်ဖိုးတွေကို ထိန်းသိမ်းထား။ တန်းလိုက်မညှိနဲ့။ ဘယ်လိုဖြိုဖြို မပြိုအောင်နေ။ ဘယ်လိုလှဲလှဲ မလဲအောင်နေ။ ဒါ အကောင်းဆုံးသော တုံ့ပြန်နည်းပဲ။

ကိုယ်ယုံကြည်ရာတွေကို စွန့်လွှတ်လိုက်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားလိမ့်မယ်။ အဲဒါ ကြောက်စရာ သိပ်ကောင်းတယ်။ Self-esteem ကို ကြီးကြီးမားမား ထိခိုက်သွားစေတယ်။

အရာအားလုံး ဆုံးရှုံးသွားရင်တောင် အဲဒီထဲ ကိုယ့်ကိုယ်ကိုယ် လေးစားမှုတော့ ပါမသွားဖို့ လိုတယ်။

💟 “ရေရှည်ကို ကြည့်”

အခွင့်ကြုံတာနဲ့ ကိုယ့်ကို အဆင်းဘီးတပ်ပြီး တိုက်ခိုက်မဲ့သူတွေ ရှိတယ်။ ပုံမှန်အချိန်ဆို သူတို့က ပျောက်နေတာ။ ကိုယ် တစ်ခုခုဖြစ်ပြီဆိုမှ ပေါ်လာတတ်တဲ့သူတွေ ဖြစ်တယ်။ အဲဒါတွေကို သိပ်မခံစားနဲ့။ ကိုယ့်ကိုယ်ကိုယ်သာ တည်ဆောက်။ မှန်အောင်နေ။ ကောင်းအောင်နေ။ အချိန်က စကားပြောလာလိမ့်မယ်။ ဘယ်သူက ဘာလဲ တဖြည်းဖြည်း သိလာကြလိမ့်မယ်။

ဒါကြောင့် ဘာပဲလုပ်လုပ် တစ်နပ်စား မကြံနဲ့။ သူများကို ချနင်းပြီး တက်ဖို့ စိတ်မကူးနဲ့။ ဘယ်တော့မှ ကြာရှည်မခံဘူး။

💟 “စိတ်စေတနာကို ယုံကြည်ပါ”

အထူးသဖြင့် ခုလို အနာဂတ်က မှောင်မိုက်နေတဲ့အချိန်မှာ သိပ်အရေးကြီးတယ်။ ရှေ့ကို မျှော်ကြည့်ပြီး ပြင်ဆင်ဖို့ ခက်တာမို့ စိတ်အားထက်သန်မှုတွေ ပါးလျနေတယ်။ ဘာဆက်လုပ်ရမှန်း မသိ လမ်းပျောက်နေတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လျှောက်တော့ လျှောက်နေရမှာပဲ။ အနာဂတ် သေချာရေရာလာမဲ့ တစ်နေ့ကို ထိုင်စောင့်နေလို့တော့ မဖြစ်ဘူး။

ဒီတော့ ဘာလုပ်စရာရှိလဲ ရှာ။ အဲဒါကို အကောင်းဆုံးဖြစ်အောင် လုပ်။ တွေ့တဲ့လူတိုင်းကို အကောင်းဆုံးဖြစ်အောင် ဆက်ဆံ။ ကိုယ့်ရဲ့ အားထုတ်ကြိုးပမ်းမှု မှန်သမျှဟာ အသီးအပွင့်တွေ တစ်နေ့ ဖြစ်ပေါ်လာလိမ့်မယ် ဆိုတဲ့ ယုံကြည်စိတ်ကို ထား။

💟 “မျှော်လင့်ချက် ဆိုတဲ့ မမြင်ရတဲ့အလင်းရောင်”

ဆင်းရဲဒုက္ခတွေက လူကို ပင်ပန်းစေတာ မဟုတ်ဘူး၊ အဲဒီဒုက္ခတွေကို ငါ ကျော်လွန်နိုင်မှာ မဟုတ်ဘူး ဆိုတဲ့ မျှော်လင့်ချက် ကင်းမဲ့မှုကသာ ပင်ပန်းစေတာပါ။

မနက်ဖြန် ပိုကောင်းလာမှာပါ ဆိုပြီး ကယ်တင်ရှင် မျှော်နေဖို့ထက် မနက်ဖြန် ငါပိုကောင်းအောင် လုပ်မယ်၊ ဒါဆို ပိုကောင်းတဲ့ အရာတွေ ရလာလိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်မျိုး ထားထားဖို့ ဖြစ်ပါတယ်။

💟 “ကိုယ့်ရဲ့ ဘဝဒဿနက ဘာလဲ”

လူတွေမှာ ကိုယ်စီကိုယ်စီ Life philosophy တွေ ရှိကြတယ်။ ကိုယ့်ဟာကိုယ်သာ သတိမထားမိတာ။ တကယ်က လူတိုင်းမှာ ရှိတယ်။ ကိုယ်အဆင်ပြေဖို့၊ ပိုက်ဆံရှိဖို့ အဓိက ဆိုတဲ့လူတွေ မြင်ဖူးမယ်။ သူတို့ရဲ့ အဘိဓမ္မာက တစ်ကိုယ်စာ ကောင်းစားရေးပဲ။ တိုင်းပြည်အခြေအနေတွေ၊ အများဒုက္ခရောက်နေတာတွေ သွားပြောလည်း တုတ်တုတ်မျှ မလှုပ်ဘူး။ နားကိုမလည်ဘူး။ သူတို့မှာ အဲဒါတွေကို ကိုယ်ချင်းစာ ခံစားပေးနိုင်စွမ်းက ပါကိုမလာတာ။

တချို့အတွက်ကျ သားသမီးတွေ ဖြစ်ရင်ဖြစ်မယ်။ တချို့အတွက်ကျ အများအကျိုးပြုခြင်း။ "ခေတ်က ကိုယ့်ပခုံးပေါ် တင်ပေးလိုက်တဲ့ တာဝန်ကို ကျေပွန်မှ တန်ဖိုးရှိတာ" လို့ ခံယူထားသူတွေလည်း ရှိမယ်။

ဒါကြောင့် ကိုယ့်ဘဝဒဿနက ဘာလဲ သေချာစဉ်းစား။ အဲဒီအတိုင်း ခိုင်ခိုင်မာမာ ရပ်တည်။ သူများနဲ့ သွားမနှိုင်းယှဉ်နဲ့။ Android နဲ့ iOS မတူသလို လူတွေမှာလည်း တစ်နေ့တာကို လည်ပတ်တဲ့ Operating System ချင်း မတူကြဘူး။ ဒါကို သဘောပေါက်ထားဖို့ လိုတယ်။

💟 “ကိုယ်စထားတဲ့ ကိစ္စတစ်ခုကို ဆုံးခန်းတိုင်အောင်လုပ်”

ကျောင်းသူကျောင်းသားတွေကို နှစ်ရှည်သုတေသန လုပ်ထားတာ ရှိတယ်။ ဘယ်အချက်က ဒီကလေးတွေရဲ့ အနာဂတ်အောင်မြင်မှုကို အာမခံပေးနိုင်သလဲ ဆိုတာကို လေ့လာတာ။

မိသားစုချမ်းသာတာ၊ စာမေးပွဲအမှတ်ကောင်းတာ စသဖြင့် စသဖြင့် အချက်တွေထဲကမှ အာမခံချက် အပေးနိုင်ဆုံးက ဘာလဲဆိုတော့ “ဆုံးခန်းတိုင်အောင် လုပ်တတ်ခြင်း” ပဲ။

ကျောင်းပြင်ပ လှုပ်ရှားမှုတွေ လုပ်တယ်။ အပျော်သဘော မဟုတ်ဘူး။ နည်းနည်းအဆင်မပြေတာနဲ့ လက်လျှော့မပစ်လိုက်ဘူး။ မရရအောင် လုပ်တယ်။ မကောင်းကောင်းအောင် လေ့ကျင့်တယ်။ အားထုတ်တယ်။ ဒီလိုကလေးတွေဟာ အသက်ကြီးလာတဲ့အခါ ပိုပြီး အောင်မြင်ကြတာကို တွေ့ရတယ်။

ဆုံးခန်းတိုင်အောင် မလုပ်ပါများလာရင် လက်လျှော့ခြင်းနဲ့ အသားကျလာတယ်။ ကိုယ့်ကိုယ်ကိုယ် လက်လျှော့လွယ်သူအဖြစ်ပဲ မြင်နေတော့တယ်။ အဲဒီအခါ ပိုပိုပြီး လက်လျှော့လွယ်လာတယ်။

တစ်ခုခုကို ဆုံးခန်းတိုင်အောင် လုပ်ဖူးသွားရင်တော့ ကိုယ့်ကိုယ်ကိုယ် လေးစားမှု မြင့်တက်လာတယ်။ နောက်အခါတွေမှာလည်း အလွယ်တကူ လက်မလျှော့မိတော့ဘဲ မဖြစ်ဖြစ်အောင် လုပ်နိုင်လာတယ်။

💟 “ကိုယ့်ကိုယ်ကိုယ် Victim လို မတွေးနဲ့”

ကိုယ့်မှာ ဘယ်လိုစိတ်ဒဏ်ရာတွေ ရှိနေသလဲ၊ အဲဒီဒဏ်ရာတွေ ဘယ်က ရလာသလဲ၊ ဒါတွေကြောင့် ကိုယ် ဘယ်လိုတုံ့ပြန်မှု၊ ရွေးချယ်မှုတွေ လုပ်မိနေသလဲ သတိထားမိခြင်းက သိပ်ကောင်းပါတယ်။

သို့သော် ဒီဒဏ်ရာတွေ ရှိခဲ့လို့ ဒီလိုဖြစ်နေတာ ဆိုတဲ့အဆင့်မှာပဲ ရပ်နေလို့တော့ မရဘူး။ လူတိုင်းကို ကိုယ့်အပေါ် နားလည်ပေးဖို့ တောင်းဆိုနေလို့ မဖြစ်ဘူး။ ဒီဒဏ်ရာကို လွန်မြောက်အောင် ငါလုပ်နိုင်တယ် ဆိုတဲ့ Mindset မျိုး ရှိမှ ရလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူရလိမ့်မယ်။ ငယ်ဘဝကို ပြန်ပြင်မရတော့ပေမဲ့ အဲဒီငယ်ဘဝက ဒဏ်ရာတွေကို ကုစားဖို့ကတော့ ကိုယ်တတ်နိုင်တယ်။ ဒီလိုအတွေး ရှိဖို့ အရေးကြီးပါတယ်။

💟 “မာန်တက်နေမဲ့အစား ကိုယ့်ရဲ့ ကံကောင်းခြင်းတွေကို မျှဝေ”

တောသား ဆိုပြီး နှိမ်ကြတာရှိတယ်။ (တောမှာ နေသူတွေကို ပြောတာမဟုတ်ဘူး၊ အတွေးအမြင်တွေ၊ အပြုအမူတွေက ပိန်းတယ်၊ တောဆန်တယ်လို့ ဆိုလိုချင်တာ) တကယ်ကတော့ သူတို့ရခဲ့တဲ့ ပညာရေး၊ သူတို့ရဲ့ ဝင်ငွေ၊ သူတို့နေထိုင်နေရတဲ့ ပတ်ဝန်းကျင်ကို လိုက်ကြည့်ကြည့်။ ကိုယ်နဲ့ တခြားစီ ဖြစ်နေတာကို တွေ့ရလိမ့်မယ်။

ကျောင်းကောင်းကောင်းမှာ တက်။ အင်္ဂလိပ်စာ သင်ခွင့်ရ။ ပညာရေးစရိတ် ပူပန်စရာ မလိုရ။ အင်တာနက် အလွယ်တကူ သုံးခွင့်ရ။ ဒီတော့ အမြင်ကျယ်တာ ဘာဆန်းသလဲ။ ကိုယ်တွေကို သူတို့နေရာ သွားထားကြည့်။ သူတို့ကို ကိုယ့်နေရာမှာ လာနေခိုင်းကြည့်။ တောသားဆိုပြီး ပြောခံနေရမှာ ကျွန်တော်တို့ ဖြစ်သွားလိမ့်မယ်။

တကယ်တော့ ဝန်းကျင်အထောက်အပံ့၊ ခေတ်စနစ်ရဲ့ အပံ့အပိုးကြောင့် ဖြစ်နေတာတွေပဲ။ ကြိုးစားအားထုတ်မှု ကွာခြားနေကြတာ မဟုတ်ဘူး။ အခွင့်အလမ်းချင်း ကွာခြားနေတာ။

ဒါကြောင့် သိပ်မာန်တက်မနေနဲ့။ သူများကို နှိမ်မနေနဲ့။ ဒီကွာခြားချက်ကို အသုံးချပြီး ငွေရှာဖို့၊ ချင်းထည့်ဖို့ချည်းလည်း တွေးမနေနဲ့။

ကိုယ့်ရဲ့ ကံကောင်းခြင်းတွေကို မျှဝေ။ ကိုယ့်လို အခွင့်အလမ်းရတဲ့သူတွေ များများဖြစ်လာအောင် ဝိုင်းကြိုးစားပေး။ မဟုတ်ရင်တော့ ကိုယ်ဟာ မိဘပိုက်ဆံကို ကိုယ့်ပိုက်ဆံထင်ပြီး အောက်ခြေလွတ်နေတဲ့ သူဌေးသားသမီးတွေနဲ့မခြား ဖြစ်နေပါလိမ့်မယ်။

ဒေါက်တာ ဖြိုးသီဟ
၃၁.၁၂.၂၀၂၃

သွေးတိုးရောဂါရှင်များအတွက် ဆောင်ရန်/ရှောင်ရန် စားသောက်ရန် ................***t******h******u******r*******a***12 - 1 - 2...
27/08/2023

သွေးတိုးရောဂါရှင်များအတွက် ဆောင်ရန်/ရှောင်ရန်
စားသောက်ရန် ................
***t******h******u******r*******a***
12 - 1 - 2014 > 14 - 9 - 2018

သွေးတိုးရောဂါရှင်များ စားသင့်သော အစားအသောက်များ
သွေးတိုးရောဂါရှင်တွေဟာ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်နဲ့ အမျှင်ဓာတ်ပါဝင်တဲ့ အစာတွေကို စားပေးသင့်ပါတယ်။ လတ်လတ်ဆတ်ဆတ် သစ်သီး၊ ဟင်းသီးဟင်းရွက်တွေနဲ့ ဆန်လုံးညိုကို များများစားပေးပါ။ အောက်ပါ အစားအသောက်တွေကတော့ သွေးတိုးရောဂါရှင်တွေအတွက် အထူးအကျိုးရှိတာကြောင့် စားပေးသင့်ပါတယ်။
• ထောပတ်သီး
• ငှက်ပျောသီး
• ပန်းဂေါ်ဖီစိမ်း
• ကညွတ်
• ဂရိတ်ဖရုသီး
• ပဲသီး
• အဆီနည်းအသား
• အဆီထုတ်ထားတဲ့ နွားနို့ ဒါမှမဟုတ် မလိုင်ဖယ်ထားတဲ့ နွားနို့
• လိမ္မော်သီး
• ဆော်လ်မွန်ငါး
• နေကြာစေ့
• ခရမ်းချဉ်သီး

***"သွေးတိုးရောဂါရှင်များ ရှောင်ကြဉ်သင့်သော အစားအသောက်များ။"***

သွေးတိုးရောဂါရှင်တွေအနေနဲ့ ငန်တဲ့အစာတွေကို ရှောင်ကြဉ်သင့်တယ်ဆိုတာကိုတော့ အများသိကြပြီးသားပါ။ ဒါပေမဲ့ သွေးတိုးရောဂါရှင်တွေဟာ ငန်တဲ့ အစာတွေတင်မကဘဲ တခြားရှောင်ကြဉ်သင့်တဲ့ အစာတွေရှိပါသေးတယ်။

ယေဘုယျအားဖြင့် သွေးတိုးရောဂါရှင်တွေဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဆီများတဲ့အသား၊ အဆီပါဝင်မှုများတဲ့ နို့ထွက်ပစ္စည်းတွေ၊ ဆားပါဝင်မှုများတဲ့ အဆင်သင့်စားစရာအမြန်စာ (Fast Food) တွေနဲ့ အရက်ကို ရှောင်ကြဉ်ရပါမယ်။ ဆား ဒါမှမဟုတ် ပိုပြီးတိတိကျကျပြောရရင် ဆိုဒီယမ်ဓာတ်ဟာ သွေးပေါင်ချိန် မြင့်တက်မှုအတွက် အဓိကတရားခံပါ။ ငန်နေတဲ့ အစားအစာတွေမှာ ဆားပါဝင်မှုများတယ်လို့ အလွယ်တကူသိနိုင်ပေမယ့် မငန်တဲ့ အဆင်သင့် စားစရာတွေမှာ ဆားပါဝင်မှုများတာကို သတိမထားမိရင် အလွယ်တကူမသိပါဘူး။

ဒါကြောင့် သွေးတိုးရောဂါရှင်တွေအနေနဲ့ အိမ်မှာ ဟင်းချက်တဲ့အခါ ဆားလျှော့ထည့်ရုံနဲ့ မလုံလောက်ဘဲ အဆင်သင့် စားစရာဘူးတွေ၊ အထုပ်တွေကို ဝယ်တဲ့အခါ ဆိုဒီယမ်ပါဝင်မှု ပမာဏကိုပါ ကြည့်ရှုစစ်ဆေးဖို့ လိုအပ်ပါတယ်။ အကောင်းဆုံးကတော့ သွေးတိုးရောဂါရှင်တွေအနေနဲ့ ကြာရှည်ခံအောင် လုပ်ထားတဲ့ အဆင်သင့် စားစရာတွေကို တတ်နိုင်သမျှ ရှောင်ပြီး စားစရာတွေကို လတ်လတ်ဆတ်ဆတ် ချက်ပြုတ်စားသောက်ပါ။

သွေးတိုးရောဂါရှင်တွေဟာ အောက်ပါအစားအသောက်တွေကို ရှောင်ကြဉ်သင့်ပါတယ်။

• ငါးပိ၊ ငါးခြောက်နဲ့ ဆားနယ်ထားတဲ့ တခြားအသားခြောက်များ။

• ဆိုဒီယမ်ပါဝင်မှုများတဲ့ အဆင်သင့်စားစရာများ။

• ကြက်အရေခွံ။

• အမြန်စာများ

• ပြည့်ဝဆီ ဒါမှမဟုတ် ထပ်ပြန်ကြော်ဆီပါဝင်မှုများတဲ့ အစာများ။

• သကြားပါဝင်မှုများတဲ့ အစာများ။

သွေးတိုးရောဂါရှင်တွေအနေနဲ့ စားသင့်တဲ့ အစားအသောက်တွေကို စားသောက်ပြီး ရှောင်ကြဉ်တာကို ဆင်းရဲဒုက္ခလို့ မယူဆဘဲ အရသာအသစ်တွေကို စူးစမ်းရှာဖွေကြည့်နိုင်တဲ့ အခွင့်အရေးအဖြစ် ယူဆပါ။ ဟင်းချက်တဲ့အခါ ဆားမပါဘဲ အရသာရှိအောင် ဟင်းခတ်အမွှေးအကြိုင်အမျိုးမျိုးကို စမ်းသပ် သုံးစွဲကြည့်ပါ။

ဆားလျှော့စားခါစမှာ အရသာမရှိသလို ခံစားရပေမယ့် စားရင်းနဲ့ နောက်ပိုင်းမှာ အကျင့်ဖြစ်သွားပြီး ပုံမှန်အတိုင်း စားနိုင်သွားမှာ ဖြစ်ပါတယ်။ ဒါဆိုရင် သွေးတိုးရောဂါကို ထိန်းချုပ်ကုသမှုမှာ အောင်မြင်မှာ ဖြစ်ပြီး သွေးတိုးကြောင့် ဖြစ်နိုင်တဲ့ လေဖြတ်ခြင်းနဲ့ တခြားနောက်ဆက်တွဲ အန္တရာယ်တွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။Health


Mg Mandalay 12 - 1 - 2014
Aye Chan Mon # Credit To : သတင်းပေါင်းစုံ> ပြန်လည် မျဝြေခင်း ဖြစ်ပါသည်

Neonatal jaundice မွေးစကလေး အသားဝါခြင်းဆရာ ကျွန်တော်သမီးလေးက ၂လပိုင်း၁၅ ရက်နေ့က မွေးတာပါ အမေက'O'သွေးပါ ကလေးက 'A'သွေးပါ က...
12/03/2023

Neonatal jaundice မွေးစကလေး အသားဝါခြင်း

ဆရာ ကျွန်တော်သမီးလေးက ၂လပိုင်း၁၅ ရက်နေ့က မွေးတာပါ အမေက'O'သွေးပါ ကလေးက 'A'သွေးပါ ကလေးက မွေးပီး(ပြီး) ၃ရက်မြောက်နေ့မှာ အသားစဝါပါတယ် ၄ရက်မြောက်နေ့မှာ မီးပြရပါတယ် အချိန်က ၄နာရီသာသာလောက်ပါ နောက်ရက်ဆေးရုံဆင်းရပါတယ် ကလေးက အဝါမကျလို့ ဆေးရုံဆင်းပီး(ပြီး) ၁ပတ်နေတော့ မီး ၂ရက်ပြန်ပြရပါတယ် တရက်ကို ၆နာရီပြရပါတယ် အသားဝါတာမကျသေးလို့ ကလေး အသက် ၁၇ရက်မှာသွေးစစ်ရပါတယ် ခုကလေးက ၁လပြည့်ဖို့ ၃ရက်ပဲလိုပါတော့တယ် ဝါတာ မကျသေးဘူးလို့စိတ်ထဲထင်နေလို့ပါ နို့လဲစို့ပါတယ် ဖျားလဲမဖျားပါဘူး အီတာ အသံဆူးဆူးနဲ့ငိုတာလဲမရှိပါဘူး ဆရာ စိတ်ထဲမရှင်းလို့ ဆရာ့အကြံပြုချက်လေးသိချင်လို့ပါခင်ဗျာ စိုးရိမ်ရလားလဲ သိချင်လို့ပါ ခင်ဗျာ
Neonatal jaundice မွေးစကလေး အသားဝါခြင်း https://dr-tint-swe.blogspot.com/2021/01/neonatal-jaundice.html
G6PD မွေးရာပါရောဂါ အမေး-အဖြေ https://dr-tint-swe.blogspot.com/2021/05/g6pd.html
G6PD မွေးရာပါရောဂါ https://dr-tint-swe.blogspot.com/2022/03/g6pd.html
G6PD Low-risk Drugs မွေးရာပါချို့ယွင်းချက်နဲ့ ဆေး https://dr-tint-swe.blogspot.com/2021/07/g6pd-low-risk-drugs.html
တရက်ရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။

ဒေါက်တာတင့်ဆွေ

ရှီးပဒီး (𝐂𝐨𝐫𝐝𝐲𝐜𝐞𝐩𝐬) နှင့် သုံးစွဲနိုင်သောရောဂါများ (၂)ကင်ဆာရောဂါအမျိုးမျိုး================ရှီးပဒီးတွင်ပါဝင်သော ကော်ဒီဆ...
02/02/2023

ရှီးပဒီး (𝐂𝐨𝐫𝐝𝐲𝐜𝐞𝐩𝐬) နှင့် သုံးစွဲနိုင်သောရောဂါများ (၂)

ကင်ဆာရောဂါအမျိုးမျိုး
================
ရှီးပဒီးတွင်ပါဝင်သော ကော်ဒီဆက်ပင် (𝗖𝗼𝗿𝗱𝘆𝗰𝗲𝗽𝗶𝗻) များကြောင့် ကင်ဆာဆဲလ်များ ပွားများမှုကို ထိန်းချုပ်ပေးပါသည်။ အထူးသဖြင့် သွေးကင်ဆာတစ်မျိုးဖြစ်သည့် လူကီးမီးယား (Leukaemia) ရောဂါကိုကုသရာ၌ များစွာအထောက်အကူပြုပါသည်။ အခြားကင်ဆာများဖြစ်သည့်လည်ချောင်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် အရေပြားကင်ဆာတို့တွင်လည်း ထိရောက်မှုရှိပါသည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ
===========================
သလိပ်ကိုပျော်စေပြီး ချွဲများအဖြစ်သို့ အလွယ်တကူထွက်စေရန်
လှုံ့ဆော်နိုင်စွမ်းရှိပါသည်။ အထူးသဖြင့် ပန်းနာရင်ကျပ်လူနာများ၊ နာတာရှည် အဆုတ်လေပြွန်ရောင်ရမ်းသောရောဂါများ (Chronic bronchitis) ပုံမှန်သောက်သုံးပါက များစွာအကျိုးရှိပါသည်။

ခန္ဓာကိုယ်ခုခံအားကျဆင်းနေသူများ
=======================
ခုခံအားစနစ်ကို လှုံ့ဆော်ပေးနိုင်သောအာနိသင်ရှိပြီး အင်တာဖရွန် (𝗜𝗻𝘁𝗲𝗿𝗳𝗲𝗿𝗼𝗻) ထွက်ရှိအောင်ဆောင်ရွက်ပေးသည်။ သွေးဖြူဥများ၏ ဘတ်တီးရီးယားကို တိုက်ခိုက်ဖျက်ဆီးနိုင်မှုကို တိုးတက်မြင့်မားစေသည်။ ထို့ကြောင့် ခုခံအားကျဆင်းနေသူများ၊ မကြာခဏဖျားနာလေ့ရှိသူများအတွက် အထူးသင့်လျော်ပါသည်။

ဆီးချိုသွေးချိုဝေဒနာရှင်များ
===================
ရှီးပဒီးသည် သွေးတွင်းရှိ ဂလူးကို့စ်ကို ကျဆင်းစေသဖြင့် ဆီးချိုသွေးချိုရောဂါသည်များသောက်သုံးပါက များစွာအကျိုးရှိပါသည်။ ယင်း၏လုပ်ငန်းဆောင်ရွက်မှုမှာ မက်ဖော်မင် (𝗠𝗲𝘁𝗳𝗼𝗿𝗺𝗶𝗻) ဆေးနှင့်အာနိသင်တူသဖြင့် ကျောက်ကပ်မကောင်းသည့်သူများတွင် မက်ဖော်မင်အစား သောက်သုံးနိုင်ပါသည်။

နာလန်ထစလူမမာများ
===============
ရှီးပဒီးသည် ခွန်အားကိုဖြစ်စေသဖြင့် အသက်ကြီးသူများ၊ နာလန်ထစလူမမာများအတွက် အထူးသင့်လျော်သည်။ အားကစားသမားများ စားသုံးပါက အမောခံနိုင်ပြီး သက်လုံကောင်းစေသောကြောင့် စံချိန်များတက်စေရန် အထောက်အကူပြုပါသည်။

သွေးတွင်းအဆီများခြင်း
================
သွေးတွင်းကိုလက်စထရော များနေသူများ၊ မကောင်းသောအဆီဓာတ် (LDL) များနေသူများသုံးပါက ထိရောက်စွာ ကျဆင်းစေသည့်အပြင် ကောင်းသောအဆီဓာတ်ဖြစ်သည့် HDL များ တစ်ခဏချင်းမြင့်တက်လာသည်ကို တွေ့ရပါသည်။

လမ်းဘယ်လောက်လျှောက်သင့်သလဲ❓❓ပြီးခဲ့တဲ့ရက်တွေက လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို တင်ပေးတော့ အများစုက “လမ်းဘယ်လောက်လ...
05/01/2023

လမ်းဘယ်လောက်လျှောက်သင့်သလဲ❓❓

ပြီးခဲ့တဲ့ရက်တွေက လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို တင်ပေးတော့ အများစုက “လမ်းဘယ်လောက်လျှောက်သင့်သလဲ” ဆိုတဲ့မေးခွန်းကို မေးလာကြတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီ Post လေးနဲ့ ပြန်လည်ဖြေကြားလိုက်ရပါတယ်။

အမေရိကန်အစိုးရ၊ အမျိုးသားကျန်းမာရေးသိပ္ပံ (National Institutes of Health) ရဲ့ အဆိုအရ

🚶‍♂️ အရွယ်ရောက်ပြီးသူတွေဟာ နေ့စဉ် ခြေလှမ်း ၈၀၀၀ နှင့်အထက် လှမ်းလျှောက်သင့်တယ်လို့ ဆိုပါတယ်။ သုတေသနတွေ့ရှိချက်အရ ခြေလှမ်း ၈၀၀၀ နှင့်အထက် လျှောက်သူတွေဟာ၊ ခြေလှမ်း ၄၀၀၀ သာ လျှောက်လေ့ရှိသူတွေထက် လာမယ့် ၁၀ နှစ်အတွင်း သေဆုံးနိုင်မှုနှုန်းကို သိသိသာသာ ကျဆင်းစေပါတယ်။ ခြေလှမ်း ၈၀၀၀ နှင့်အထက် လျှောက်တဲ့သူတွေဟာ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတွေကြောင့် သေဆုံးမှုနှုန်း သိသိသာသာ လျော့နည်းတာကို တွေ့ရပါတယ်။ ခြေလှမ်းများများလျှောက်လေ သေဆုံးမှုနှုန်း နည်းလေပါပဲ။ ဥပမာ - ခြေလှမ်း ၄၀၀၀ လျှောက်သူတွေနဲ့ ယှဉ်ရင် ခြေလှမ်း ၈၀၀၀ လျှောက်သူတွေက ၅၀%၊ ခြေလှမ်း ၁၂၀၀၀ လျှောက်သူတွေက ၆၅% စသဖြင့် အသီးသီး သေဆုံးမှုနှုန်း လျော့နည်းတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို အနည်းဆုံး ခြေလှမ်း ၈၀၀၀ တော့ လျှောက်ပေးသင့်ပါတယ်။ ယခုခေတ်ပေါ် စမတ်လက်ပတ်နာရီများ (Smart watches) နဲ့ Fitness trackers လို့ခေါ်တဲ့ ကျန်းမာရေးခြေရာခံ လက်ပတ်နာရီများမှာ ခြေလှမ်းမှတ်တဲ့ လုပ်ဆောင်ချက်ပါလို့ အလွန်အဆင်ပြေစေပါတယ်။

🚶‍♂️ အထက်ပါအကျိုးကျေးဇူးတွေက လမ်းလျှောက်မှုအမြန်နှုန်း (တစ်မိနစ်လျှင် လျှောက်လှမ်းသည့် ခြေလှမ်းအရေအတွက်) ပေါ်မူတည်၍ ကွာခြားမှုမရှိတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ခြေလှမ်းအရေအတွက်ကသာ ပို၍ အရေးပါတယ်လို့ ဆိုလိုပါတယ်။

ဒေါက်တာခင်မောင်လွင် (FAME)

ရှီးပဒီး (𝐂𝐨𝐫𝐝𝐲𝐜𝐞𝐩𝐬) နှင့် သုံးစွဲနိုင်သောရောဂါများ (၁)မျိုးပွားစနစ်ဆိုင်ရာရောဂါများ===================အမျိုးသားများပုံမ...
01/01/2023

ရှီးပဒီး (𝐂𝐨𝐫𝐝𝐲𝐜𝐞𝐩𝐬) နှင့် သုံးစွဲနိုင်သောရောဂါများ (၁)

မျိုးပွားစနစ်ဆိုင်ရာရောဂါများ
===================
အမျိုးသားများပုံမှန်သောက်သုံးပါက မျိုးပွားအင်္ဂါအရွယ်အစား ပိုမိုကြီးထွားစေရန် အထောက်အကူပြုခြင်း၊ သုက်လွှတ်စောခြင်းကို ပျောက်ကင်းစေခြင်း၊ ပန်းသေပန်းညှိုးရောဂါကို သက်သာပျောက်ကင်းစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေပါသည်။ အမျိုးသမီးများတွင် ရာသီသွေးမှန်စေပြီး မျိုးပွားအင်္ဂါခြောက်သွေ့ခြင်းမဖြစ်စေရန် ကာကွယ်ပေးပါသည်။

နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ
========================
နှလုံးသွေးကြောကျဉ်းရောဂါသည်များ၊ သွေးတိုးရောဂါကြောင့် နှလုံးအလုပ်များများလုပ်နေရသူများ၊ နှလုံးခုန်မမှန်သူများ၊ နှလုံးကြွက်သားအားနည်းသူများ စားသုံးပါက များစွာအကျိုးရှိပါသည်။ နှလုံးကြွက်သားများ၏ အောက်ဆီဂျင်ဓာတ်လိုအပ်ချက်ကို လျော့နည်းအောင် ပြုလုပ်ပေးသဖြင့် ရင်ဘတ်အောင့်ခြင်း၊ မောပန်းခြင်းတို့ကို သက်သာစေပါသည်။ နှလုံးသွေးကြောမပိတ်စေရန် ကာကွယ်ပေးပါသည်။

အသည်းနှင့် သည်းခြေအိတ်အဖွဲ့ဆိုင်ရာရောဂါများ
================================
အသည်းအဆီဖုံးရောဂါများ၊ အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်းတို့ကို သက်သာပျောက်ကင်းစေသည်။ ထူခြားမှုအနေနှင့် အသည်းရောင်အသားဝါ ဘီပိုး၏အခွံ (HBsAg) ပျောက်ကင်းစေကြောင်း သုတေသနစာတမ်းတစ်ခုက တွေ့ရှိချက်မှာ စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။ နာတာရှည်ဘီပိုးရောဂါ ပျောက်ကင်းအောင်ကုသရာ၌ များစွာအစွမ်းထက်သော သဘာဝဆေးစွမ်းကောင်းတစ်လက်ဖြစ်သည်။

အသက်(၄၅)ကနေ (၆၀) သမားများအထူးသတိ ထားဖို့ပါ ။အဲဒီအတွင်းကို ဂရုစိုက်နေထိုင်ရင်...ကျန်းမာအသက်ရှည်ပါတယ် တဲ့၊ အလေ့ကျင့်ကောင်း...
01/01/2023

အသက်(၄၅)ကနေ
(၆၀) သမားများ
အထူးသတိ ထားဖို့ပါ ။
အဲဒီအတွင်းကို
ဂရုစိုက်နေထိုင်ရင်...
ကျန်းမာအသက်ရှည်ပါတယ် တဲ့၊
အလေ့ကျင့်ကောင်းသွားရင်
ရောဂါကြီးကြီးမား ...
မရှိရင်အသက် ရာကျော်အထိ
အသက်ရှည်
ကျန်းမာပါတယ်လို့ ဆိုကြတယ်။

၁။ ကိုယ်အလေးချိန်ကို
အမြဲထိမ်းပါ။
(weightချိန် ပါ )...

၂။ အိပ်ရေးဝအောင် အိပ်ပါ....

၃။ အစာအိမ်ကို ဂရုစိုက်ပါ။
ဖြေးဖြေးနဲ့ နည်းနည်းပဲစားပါ။
၇၀% ပြည့်အောင်ပဲစားပါ။
အလွန်အကျွံ မစားပါနဲ့။
ပျော့တဲ့အစားစာရွေးစားပါ။
အဆီ,အငန်,အချို,
အပူစာတွေလျော့စားပါ။

၄။ အရိုးအဆစ်ကိုဂရုစိုက်ပါ။

၅။ vitamin D ရအောင်
နွားနို့,ငါး,ပဲ စားတဲ့အပြင်
မနက်(သို့) ညနေခင်း
နေရောင်ခြည်ကို
10min လောက်
အနည်းဆုံး ခံယူပါ။
vitamin Dအားဆေးလည်း
တခါတလေ စားပေးပါ။

၆။ လမ်းလျှောက် လေ့ကျင့်ခန်း
လုပ်ပေးပါ။
ကြွက်သားအားကောင်းအောင်
လေ့ကျင့်ပေးပါ။
ခြေသလုံးကြွက်သား
အားကောင်းရင်
နှလုံးရောဂါမဖြစ်နိုင်ပါဘူး။
ကခုန်ခြင်းဖြင့်လည်း
ကိုယ်လက် လှုပ်ရှား
လေ့ကျင့်ခန်းတမျိုးပါပဲ။

၇။ ရေချိုးချိန်၊
ကိုယ် အဆင်ပြေချိန်တွင်
သီချင်းအော်ဆိုပေးခြင်း ဖြင့်
အဆုတ်အားကောင်းအောင်
လုပ်ပေးပါ။
လက်ခုပ်တီးပေးပါ။

၈။ pressure ,stress လျော့ပေးပါ၊
စိတ်ပျော်ရွှင်အောင်နေပါ၊
ပြသနာအကြီးကို
သေးအောင်လုပ်၊
အသေးကိုပျောက်အောင်လုပ်။
တော်ရုံ အရေးမကြီးတာတွေနဲ့
ရန်မဖြစ်နဲ့။
စိတ်ထဲ မထားကြပါနဲ့။

၉။ စိတ်အေးချမ်းတည်ငြိမ်အောင်
တရားထိုင်ပေးပါ၊
ဝင်လေထွက်လေမှတ်ပေးပါ။
၁၀။ သန့်ရှင်းမှုကို
အလေးထားပါ၊
တကိုယ်ရည် သန့်ရှင်းမှုနဲ့
အိမ်တွင်းအိမ်ပြင်
ပတ်ဝန်းကျင် သန့်ရှင်းရေးကို
ဂရုစိုက်ပါ။
၁၁။ ပိုးဟပ်၊ကြွက်၊ခြင်၊ယင်၊
ပရွက်ဆိတ်စတဲ့
အင်းဆက်ပိုးတွေကို
ကိုယ့်အိမ်တွင်း
အိမ်ပြင်မရှိအောင်ဂရုစိုက်ပါ။

၁၂။ ဦးနှောက်ကို
တခုခုလုပ်နေရင်းအသုံးချပါ။
စီးပွါးလုပ်ငန်း၊
အလုပ်၊ပညာ တခုခု
ကိုယ်ဝါသနာပါရာကို
အမြဲ လေ့လာရင်း
လုပ်နေရင်းနဲ့
ဦးနှောက်ကို အသုံးချပေးပါ။
ဦးခါင်းကိုအသုံးချခြင်းဖြင့်
အယ်ဇိုင်းမားရောဂါ
မဖြစ်အောင်
ကာကွယ် ပေးနိုင်ပါတယ်။

၁၃။ ဝမ်းမှန်အောင် လုပ်ပါ၊
အညစ်အကြေး စွန့်ခြင်းဖြင့်
ကိုယ်ထဲက
အဆိပ် အတောက်ကို
ဖယ်ပေးနိုင်ပါတယ်။
ရေများများသောက်ခြင်းဖြင့်
သွေးကြောပိတ်ခြင်း၊
အပူကြီးခြင်းကို
ကာကွယ်ပေးနိုင်ပါတယ်။
ကျောက်ကပ်
ကျောက်တည်ခြင်းကို
ကာကွယ်ပေးနိုင်တယ်။

၁၄။ မနက်အစာမစားခင်
ပုံမှန်ရေတခွက်
ရေနွေး၂ခွက်
သောက်ပေးခြင်းဖြင့်
အူလမ်းကြောင်းက
အညစ်အကြေးတွေ
ထုတ်ပေးနိုင်ပါတယ်။
အိပ်ကာနီး
ရေတခွက်သောက်ခြင်းဖြင့်
မနက်ဆီးသွားပြီး
ကိုယ်တွင်းက အပူကို
ကျစေပါတယ်။
အသက်၃ဝကျော်ရင်
သွေးကြောတွေက
တဖြေးဖြေးအဆီပိတ်ပြီး
ကျဉ်းလာပါတယ်။
တချို့ကသွေးပျစ်ပီး
ကျဉ်းလာပါတယ်။

ဒါ့ကြောင့်
အဆီအကြော်စာတွေ
လျော့စားပါ
ရေနွေးရေသောက်ပေးခြင်း
လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် သွေးကြောပိတ်ခြင်းကို
ကာကွယ်နိုင်ပါတယ်။

တရုတ်ဆေးပညာ ကနေ
ဘာသာပြန် ရေးပေးတာပါ။
မိတ်ဆွေသူငယ်ချင်းများအားလုံး
ကျန်းမာအသက်ရှည်ပါစေ...

Nay MyoThwin
Welcome to Peace
Dover #ဘာသာပြန်ပေးသူEMT(YUFL)
Photo(internet )
credit - original.

နေ့စဉ် လမ်းလျှောက်တဲ့အတွက် ရရှိနိုင်တဲ့ အကျိုးကျေးဇူးပေါင်း များစွာထဲက အရေးကြီးတဲ့ အချက်တွေကတော့🔹 ခန္ဓာကိုယ်အလေးချိန်ကို...
29/12/2022

နေ့စဉ် လမ်းလျှောက်တဲ့အတွက် ရရှိနိုင်တဲ့ အကျိုးကျေးဇူးပေါင်း များစွာထဲက အရေးကြီးတဲ့ အချက်တွေကတော့

🔹 ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးခြင်း

🔹 နှလုံးနှင့် သွေးကြောရောဂါတွေကို ကာကွယ်ကုသရာမှာ အထောက်အကူပြုခြင်း

🔹 ဆီးချိုသွးချိုရောဂါကို ကာကွယ်ကုသရာမှာ အထောက်အကူပြုခြင်း

🔹 ဦးနှောက်နှင့် အာရုံကြော အားကောင်းစေခြင်း

🔹 စိတ်ဖိစီးမှုလျော့ကျစေပြီး စိတ်ကြည်လင်လန်းဆန်းစေခြင်း

🔹 သက်လုံကောင်း၍ အမောခံနိုင်လာခြင်း

🔹 အရိုးအဆစ်နှင့် ကြွက်သားများ သန်စွမ်းစေခြင်း

🔹 ကိုယ်ခံစွမ်းအား မြင့်တက်စေပြီး ရောဂါပိုးမွှားများရန်မှ ကာကွယ်ပေးခြင်း

🔹 အိပ်ပျော် စားဝင်စေခြင်း

🔹 ကင်ဆာရောဂါအမျိုးမျိုးမှ ကာကွယ်ပေးခြင်း

🔹 အသက်ရှည် နုပျိုလှပ ကျန်းမာစေခြင်း တို့ဖြစ်ပါတယ်။

လမ်းလျှောက်တဲ့အခါ ကိုယ်ဟန်အနေအထားကို ဘယ်လိုမျိုးထားပြီး လျှောက်ရင် အကောင်းဆုံး ဖြစ်ပါသလဲ❓❓

သိပ္ပံနည်းကျ အကောင်းဆုံး အနေအထားကတော့ ဦးခေါင်းနဲ့ခါးကို တည့်မတ်စွာ ထားရပါမယ်။ ခေါင်းကို ရှေ့တည့်တည့် မျက်နှာမူရပါမယ်။ တံတောင်ဆစ် နှစ်ခုကို ၉၀ ဒီဂရီထားပြီး လွှဲလို့လျှောက်ရပါမယ်။ လည်ပင်းမှာ တဘက်တစ်ခုတင်ထားပြီး အစွန်းနှစ်ဖက်ကို လက်နဲ့ကိုင်ထားတဲ့ အနေအထားဖြစ်ပါတယ်။ လက်ကိုလွှဲပေမဲ့ မျက်နှာသုတ်ပုဝါကတော့ မရွေ့သွားပါဘူး။ ခြေလှမ်းရင် ဖနောင့်နဲ့ အရင်ဆုံးချပြီးမှ ရှေ့ခြေဖဝါးကို ချရပါမယ်။ ခြေထောက်နဲ့လက် လွှဲချက်မှာ ဟန်ချက်ညီညီထားပြီး လျှောက်ရပါမယ်။ မှန်မှန် လျှောက်နိုင်သလို ပိုပြီးမြန်မြန်လျှောက်ချင်သူတွေလည်း လျှောက်နိုင်ပါတယ်။ မိမိရဲ့အသက်အရွယ်၊ နှလုံး၊ သွေးတိုးရောဂါ ရှိ/မရှိနဲ့ ခံနိုင်ရည်ပေါ်မူတည်ပြီး နှေးခြင်း၊ မြန်ခြင်းကို ညှိရပါတယ်။

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက် - "သဘာဝမှရသော ကျန်းမာသုခ" စာအုပ်၊ အခန်း (၆) လမ်းလျှောက်လေ့ကျင့်ခန်းပြုလုပ်ခြင်း နှင့် ကျန်းမာရေး မှထုတ်နုတ်ဖော်ပြသည်။

ဘလူးဘယ်ရီသီးက ခါးသေးသွယ်စေနိုင်သလား❓❓🫐 ဘလူးဘယ်ရီသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများကို ဖတ်ရှုလေ့လာရင်း တွေ့ရှိရသော သုတေသနစာ...
29/12/2022

ဘလူးဘယ်ရီသီးက ခါးသေးသွယ်စေနိုင်သလား❓❓

🫐 ဘလူးဘယ်ရီသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများကို ဖတ်ရှုလေ့လာရင်း တွေ့ရှိရသော သုတေသနစာစောင် တစ်ခုအကြောင်းကို အလျဉ်းသင့်၍ မျှဝေပေးချင်ပါသည်။ ထိုစာတမ်းမှာ လူများတွင်ပြုလုပ်ထားသော သုတေသနများကို စုပေါင်းသုံးသပ်ထားသည့် သုတေသနစာစောင် (Systematic review and meta-analysis) တစ်ခုဖြစ်ပါသည်။

🫐 ဘလူးဘယ်ရီသီး (သို့) ဘလူးဘယ်ရီ ပါဝင်သော ဖြည့်စွက်ဆေးဝါးများကို ရက်သတ္တပတ် ၆ ပတ်ကျော်ကြာ မှီဝဲလျှင် ခါးလုံးပတ်အကျယ် (Waist circumference) ကို (၇) စင်တီမီတာကျော် လျော့နည်းသွားစေကြောင်း တွေ့ရသည်။ သုတေသန (၁၁) ခုမှ ထွက်ပေါ်လာသော အချက်အလက်များပေါ် မူတည်၍ ကောက်ချက်ချထားသော ရလဒ်များဖြစ်ပါသည်။ ကိုယ်အလေးချိန် (Body weight) ကို ပျမ်းမျှခြင်း (၀.၃၂) ကီလိုဂရမ် ကျဆင်းစေပြီး Body Mass Index (BMI) ကို (၀.၁၉ kg/m2) ကျဆင်းစေပါသည်။

🫐 အဆိုပါတိုင်းတာမှုများအနက် ခါးလုံးပတ်ကျဆင်းစေသော အာနိသင်မှာ အသိသာဆုံးဖြစ်ပါသည်။ ကိုယ်အလေးချိန်သာမက သွေးအတွင်း ကိုလက်စထရောဓာတ်များကိုပါ လျော့နည်းစေနိုင်ပါသည်။ မကောင်းသော ကိုလက်စထရောဓာတ်များဖြစ်သည့် (TC, TG, LDL) တို့ကို ကျဆင်းစေပြီး ကောင်းမွန်သော HDL ကိုလက်စထရောကို များလာစေသည်။ HDL ကိုများစေသော အာနိသင်မှာ ပိုမိုထင်ရှားပါသည်။

🫐 ဘလူးဘယ်ရီ၏ အထက်ဖော်ပြပါအာနိသင်ကို အလျဉ်းသင့်၍ ဖော်ပြထားခြင်း ဖြစ်သော်လည်း ကိုယ်အလေးချိန် ကျဆင်းစေရန်နှင့် သွေးတွင်း ကိုလက်စထရောဓာတ်များ ကျဆင်းစေရန်အတွက် ဘလူးဘယ်ရီတစ်မျိုးတည်းအပေါ် အားကိုးမည့်အစား အဆီနှင့် ကယ်လိုရီဓာတ်များ လျှော့စားခြင်း၊ ကိုယ်လက်လှုပ်ရှား အားကစား ပုံမှန်ပြုလုပ်ပေးခြင်းနှင့် အခြားသော အဆီကျပြီး ပိန်စေသည့် ဆေးဝါးများကို တွဲဖက်မှီဝဲပေးသင့်ပါသည်။

🫐 ဘလူးဘယ်ရီသီးမှာ အစားအစာတစ်မျိုးဖြစ်ပြီး အန္တရာယ်လည်း ကင်းသောကြောင့် ကိုယ်အလေးချိန် လျှော့ချလိုသူများ၊ ခါးသေးသွယ်လိုသူများနှင့် ကိုလက်စထရောဓာတ်များ လျှော့ချလိုသူများအတွက် နည်းလမ်းတစ်ခုအနေနှင့် အကျိုးရှိပါစေကြောင်း တင်ပြလိုက်ရပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

စိတ်ဝင်စားဖွယ် ဆေးဖက်ဝင် "ဆေးကမြင်းပင်"ဆေးပင်အမည်က ထူးခြားနေပါသည်။ “ဆေးကမြင်း” ပင်ဟု အမည်ပေးထားရခြင်းမှာ ထိုအပင်မှ အရွက်...
27/12/2022

စိတ်ဝင်စားဖွယ် ဆေးဖက်ဝင် "ဆေးကမြင်းပင်"

ဆေးပင်အမည်က ထူးခြားနေပါသည်။ “ဆေးကမြင်း” ပင်ဟု အမည်ပေးထားရခြင်းမှာ ထိုအပင်မှ အရွက်ငယ်ကလေး နှစ်ခုစီသည် လေမတိုက်သည့် အချိန်များတွင်ပင် သူ့အလိုလို လှုပ်ရှားနေသောကြောင့် ဖြစ်ပါသည်။ (ထိုသို့ အရွက်၏လှုပ်ရှားနေပုံကို Comment ရှိ Link တွင် ကြည့်ရှုနိုင်ပါသည်။)

အင်္ဂလိပ်လိုလည်း ကခုန်နေသောအပင် (𝗗𝗮𝗻𝗰𝗶𝗻𝗴 𝗽𝗹𝗮𝗻𝘁) ဟုခေါ်ပါသည်။ ကြေးနန်းဆက်သွယ်ရေး နည်းလမ်းတစ်ခုဖြစ်သော Semanphore telegraph signal ပြပုံနှင့် ဆင်ဆင်တူသောကြောင့် (𝗧𝗲𝗹𝗲𝗴𝗿𝗮𝗽𝗵 𝗽𝗹𝗮𝗻𝘁) ဟုလည်း ခေါ်ပါသေးသည်။ ရုက္ခဗေဒအမည်မှာ 𝑪𝒐𝒅𝒂𝒓𝒊𝒐𝒄𝒂𝒍𝒚𝒙 𝒎𝒐𝒕𝒐𝒓𝒊𝒖𝒔 ဖြစ်ပြီး ကြောင်းတူသံကွဲအမည် (Synonym) မှာ 𝑫𝒆𝒔𝒎𝒐𝒅𝒊𝒖𝒎 𝒈𝒚𝒓𝒂𝒏𝒔 ဖြစ်၍ Fabaceae မျိုးရင်းတွင် ပါဝင်ပါသည်။ ဤအပင်မှာ နှစ်ရှည်ခံချုံပင် (Perennial shrub) အမျိုးအစား ဖြစ်ပါသည်။

ဆေးကမြင်းပင်၏ ဆေးဖက်ဝင်အစိတ်အပိုင်းများမှာ အမြစ်၊ ပင်စည်၊ အရွက်နှင့် အစေ့တို့ဖြစ်ပါသည်။ သုတေသနပြုချက်များအရ ဆေးကမြင်းပင်တွင် ဆေးဖက်ဝင်ဓာတ်ပေါင်းများဖြစ်သော 𝗟𝘂𝘁𝗲𝗼𝗹𝗶𝗻, 𝗮𝗽𝗶𝗴𝗲𝗻𝗶𝗻, 𝗯𝘂𝗳𝗼𝘁𝗲𝗻𝗶𝗻𝗲, 𝗶𝘀𝗼𝗾𝘂𝗶𝗻𝗼𝗹𝗶𝗻𝗲, 𝘁𝗿𝘆𝗽𝘁𝗮𝗺𝗶𝗻𝗲, 𝗵𝘆𝗽𝗮𝗽𝗵𝗼𝗿𝗶𝗻𝗲, 𝗽𝗲𝗻𝘁𝗮𝗯𝗼𝗿𝗮𝗻𝗲, 𝘀𝗰𝘂𝘁𝗲𝗹𝗹𝗮𝗿𝗲𝗶𝗻-𝟲-𝗢-𝗴𝗹𝘂𝗰𝘂𝗿𝗼𝗻𝗶𝗱𝗲 တို့ပါဝင်ကြောင်း တွေ့ရသည်။

နိုင်ငံတကာသုတေသနများအရ ဆေးကမြင်းပင်၏ ဆေးဖက်ဝင်အာနိသင်များမှာ -
🔰 ရောင်ရမ်းမှုကို ကျဆင်းစေသော အာနိသင်
🔰 ဓာတ်တိုးဆန့်ကျင်အာနိသင်
🔰 စိတ်ဖိစီးမှုကို ကျဆင်းစေပြီး စိတ်ဓာတ်ကျဆင်းခြင်းကို သက်သာစေသော အာနိသင်
🔰 အသားဖြူစေသော အာနိသင်
🔰 သွေးတွင်းအဆီဓာတ်ကို ကျဆင်းစေပြီး သွေးကြောကျဉ်းခြင်းနှင့် အသည်းအဆီဖုံးခြင်းကို ကျဆင်းစေသော အာနိသင်
🔰 သွေးကျဲစေပြီး သွေးခဲပိတ်ဆို့မှုကို လျော့နည်းစေသော အာနိသင်
🔰 ဘက်တီးရီးယားပိုးမွှားများကို သေစေပြီး အနာကျက်စေသော အာနိသင် တို့ဖြစ်ပါသည်။

အဆိုပါသုတေသနများမှာ ဓာတ်ခွဲခန်းအတွင်း ပြုလုပ်ထားသော သုတေသနများနှင့် တိရစ္ဆာန်များတွင် ပြုလုပ်ထားသော သုတေသနများသာ ဖြစ်ပါသည်။ လူများတွင် အသုံးပြုရန်အတွက် သုတေသနများ ဆက်လက်ပြုလုပ်ရန် လိုအပ်ပါသေးသည်။

ဒေါက်တာခင်မောင်လွင် (FAME)

Address

ကျောက်ဖူးကုန်းလမ်းမတန်း
Bago City

Telephone

+959424499700

Website

Alerts

Be the first to know and let us send you an email when Chan Thar Medicine Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram