31/03/2026
စိတ်အေးချမ်းလိုတဲ့အခါ အမှန်ကို မြင်အောင်ကြည့်တတ်ရတယ်တဲ့။ တချို့လူတွေရဲ့ အတ္တဟာ တချို့လူတွေရဲ့ အိပ်မက်တွေကို ပျက်စီးစေတယ်။ ခေတ်မီနည်းပညာတွေက အပြစ်မရှိတဲ့ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ လူငယ်လေးတွေအတွက် ကောင်းမွန်တဲ့ အခွင့်လမ်း၊ ကျန်းမာရေး၊ ပညာရေးတွေဖြစ်လာသလို၊ တချက်တည်းနဲ့ ပြာပုံအတိဘဝကိုလည်း ပို့လာနိုင်ကြတယ်။
တဖက်မှာ ထမင်းလေးတနပ် အာဟာရပြည့်ဖို့မပြောနဲ့၊ အသက်ဆက်ရုံကို ရုန်းကန်နေရချိန်မှာ၊ သွားပြ စားပြ ကြွားပြနေကြတဲ့ တဖက်က ရှိကိုရှိတယ်။ ကျမ အဖွားက မမျှော်လင့်သင့်တဲ့ အရာလေးတွေ ပြောပြဖူးပါတယ်။ ဗြဟ္မာစိုရ်တရား လေးပါးပေါ့။ လူတိုင်းမှာ မရှိနိုင်ဘူးတဲ့။ မေတ္တာဟာ လူတိုင်းမကိန်းအောင်းနိုင်ဘူး၊ ဘယ်သူ့ကိုမဆို ကိုယ့်ရင်ဝယ်သား မိဘကဲ့သို့ ရှုမြင်ချစ်ခင်ပြီး သည်းခံဖို့၊ ဖေးမကြင်နာဖို့ မဖြစ်နိုင်ဘူး။ ကရုဏာ လူတိုင်းမှာ မဖြစ်ထွန်းဘူး၊ ဆင်းရဲဒုက္ခကို သနားကောင်း သနားပေမဲ့၊ တချို့က ဝမ်းသာတတ်ကြတယ်။ ခံရမှာပေါ့ သူကိုက ဘာသွားလုပ်လဲမှ မသိတာလို့ ပြစ်တင်တတ်ကြသေးတယ်။ မုဒိတာဟာလည်း လူတိုင်းမှာ ရှိဖို့ခဲယဉ်းပါတယ်။ သူများကောင်းစားတဲ့အခါ ကိုယ့်ထက်သာလွန်သွားတဲ့အခါ ဘာမှဆုံးရှုံးနစ်နာတာ မရှိတောင် မသိရင် ဆုံးရှုံးသွားသလို စိတ်အပူကို ကြံဖန်မွေးပြီး၊ ဘယ်အချိန်ကျရှုံးမလဲ မျှော်တတ်ကြတယ်။ သူဘယ်လို အောင်မြင်ပါလိမ့် ငါလည်းပဲ ကြိုးစားရမယ် သူလည်း ချမ်းသာစေ၊ ငါလည်း ဝမ်းသာစေဆိုတာမျိုး တချို့တွေမှာ တွေးရကောင်းမှန်းတောင် မသိကြဘူး။ ဥပေက္ခာကတော့ .. ပိုလို့ခက်မယ်ထင်ပါတယ်။ တခုခုကို လွှတ်ချဖို့ထက် ဆုပ်ကိုင်ထားပြီး သောကပရိဒေဝ လောင်ကျွမ်းပြတဲ့ ရုပ်ရှင်တွေကနေ အလွယ်တွေ့နိုင်ပါတယ်။ ဒါဟာ ငါတတ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး။ လောကမှာ အရာရာဟာ သဘာဝအတိုင်း၊ သူတို့ပြုတဲ့ ပုံရိပ်အတိုင်း အကျိုးပေးမှာပဲ ဘာကို ပူလောင်နေမလဲဆိုပြီး၊ လူတော်တော်များများ တွေးဖို့ဆိုတည သိပ်ခက်တာပါပဲ။
ကျမတို့က ကိုယ်တိုင်သာ ကောင်းချင်မှကောင်းမယ်၊ သူများဆီကတော့ ကောင်းတာမှလိုချင်တယ်ဆိုတဲ့ စိတ်ကလေးကလည်း ရှိကြပြန်တာကိုး။ ဒီတော့ ငါလုပ်ရင် အမှန်၊ နင်လုပ်ရင် အမှားဆိုပြီး၊ အမြဲတမ်းအနိုင်ကို မျှော်လင့်ကြတယ်။ လူတွေဟာ သူတို့ဖြစ်တည်မှုအတ္တကို ကာကွယ်ဖို့ စကားလုံးတသောင်းကိူ တချိန်တည်းမှာ ထွက်နိုင်ပေမဲ့၊ “မှားသွားပါတယ်” ဆိုတဲ့ စကား၊ “တောင်းပန်ပါတယ်” ဆိုတဲ့ စကားကိုတော့၊ နောက်ဆုံးထားပြီး ရွေးချယ်တတ်ကြတယ်တဲ့။ ရေးနေရင်းနဲ့ကို ပြုံးမိပါတယ်။ လူ့သဘာဝက တကယ်တော့ ဆန်းသလိုနဲ့ အင်မတန်ရိုးရှင်းပါတယ်။ ကိုယ်နဲ့ကိုယ့်မိသားစု ကောင်းစားရေးအတွက် တခြားသူတွေ ဘာဖြစ်ဖြစ်ဆိုသူတွေဆီက၊ စာနာတရား ငံ့လင့်နေကြသူတွေကို ပြောချင်တာက .. အဲဒီ့မျှော်လင့်ချက်တွေအစား အကောင်းဆုံးရှင်သန်နိုင်ဖို့နည်းလမ်းတွေ၊ တဘို့တည်းတွေကို ခဏလောက်ဖြစ်ဖြစ် ဥပေက္ခာပြုပြီး၊ ကိုယ့်ရဲ့မောပန်းနာကျင်နေတဲ့ စိတ်နဲ့ခန္ဓာကို အနားပေးစေချင်တာပါပဲ။
ဘယ်တော့မှ တယောက်တည်း ခံစားနာကျင်နေရတယ်လို့ မတွေးပါနဲ့။ အရှုံးပေးလိုက်ဖို့လည်း မစဉ်းစားပါနဲ့၊ လူကောင်းတွေအတွက် လောကကြီးဟာ နေရာရှိသေးကြောင်း ယုံကြည်ပြီးသာ၊ ဘဝကို တန်ဖိုးထားစေချင်ပါတယ်။ အတ္တသမားတွေတောင် သူတို့အတ္တအတွက် ရှင်သန်ရဲသေးရင်၊ ကိုယ်လည်းပဲ ရအောင်ရှင်သန်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ အားလုံးပဲ ကျန်းမာချမ်းသာဘေးရန်ကွာပြီး၊ စိတ်နဲ့ခန္ဓာ အေးချမ်းနိုင်ကြပါစေ 🤍✨🧜♀️
Witchy Candy 🍭