22/11/2020
ဖြစ်ပျက်တစ်ခါမြင်လျှင် တစ်သံသရာလုံးအတွက် စိတ်ချရပြီလား...?
မဟာစည်ဆရာတော်ကြီး၏ ဝိပဿနာရှုနည်းကျမ်း ဒုတွဲမှ ပစ္စယပရိဂ္ဂဟညာဏ်နှင့် ကင်္ခါဝိတရဏဝိသုဒ္ဓိအဖွင့်ဖြင့် ရှင်းလင်းအံ့။
#စူဠသောတာပန်
ဣမိနာ ပန ဉာဏေန သမန္နာဂတော ဝိပဿကော ဗုဒ္ဓသာသနေ လဒ္ဓဿာသော လဒ္ဓပတိဋ္ဌော နိယတဂတိကော စူဠသောတာပန္နော နာမ ဟောတိ။
(ဝိသုဒ္ဓိမဂ် ၂-၂၄၀)
ပန၊ ကင်္ခါဝိတရဏ ဝိသုဒ္ဓိ၏အကျိုးကား။ ဣမိနာ ဉာဏေန၊ ကင်္ခါဝိတရဏ ဝိသုဒ္ဓိမည်သော ဤဉာဏ်နှင့်။ သမန္နာဂတော၊ ပြည့်စုံသော။ ဝိပဿကော၊ ဝိပဿနာ ရှုသောသူသည်။ ဗုဒ္ဓ သာသနေ၊ မြတ်စွာဘုရား၏ အဆုံးအမ = သာသနာတော်၌။ လဒ္ဓဿာသော၊ ရအပ်ပြီးသော သက်သာရာ ရှိသည်ဖြစ်၍။ လဒ္ဓပတိဋ္ဌော၊ ရအပ်ပြီးသော ထောက်တည်ရာ ရှိသည်ဖြစ်၍။ နိယတဂတိကော၊ ကိန်းသေမြဲသော သုဂတိရှိသော။ စူဠသောတာပန္နော နာမ၊ စူဠသောတာပန် = သောတာပန်ငယ် မည်သည်။ ဟောတိ၊ ဖြစ်၏။
အရိယာဖိုလ်သည် သာသနာတော်၌ သက်သာရာ အစစ်ပေတည်း။ အရိယာမဂ်သည် ထောက်တည်ရာ အစစ်ပေတည်း။ ဤယောဂီသည်ကား ထိုအရိယာ မဂ် ဖိုလ်တို့ကို မရသေးပေ။ သို့သော်လည်း ထိုမဂ်ဖိုလ်ကို ဧကန်ရစေနိုင်သော ရှုမှတ်မှုအကျင့်၌ တည်သောကြောင့် “သက်သာရာ ထောက်တည်ရာတို့ကို ရသော သူ” ဟူ၍ ဆိုအပ်ပေသည်။
တနည်းကား= နာမရူပ ပရိစ္ဆေဒဉာဏ်ဖြင့် နာမ်ရုပ်တို့ကို အမှန်အတိုင်း သိရ၍ သာသနာ၌ တရားနှင့်ဆိုင်သော ပါမုဇ္ဇ=အနည်းငယ်နှစ်သိမ့် အားရမှုကို ရပေ၏။ ထို့ကြောင့် “သက်သာရာကို ရသည်” ဟု ဆိုပေသည်။ ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့် “အကြောင်းကြောင့် ဖြစ်သော နာမ်ရုပ်မျှသာ ရှိသည်”ဟု သိပြီး ဖြစ်သောကြောင့် “ငါကောင်ရှိသည် ဟူ၍၎င်း၊ သတ္တဝါတွေကို ဘုရားသခင်က ဖန်ဆင်းသည်ဟူ၍၎င်း၊ အကြောင်းမဲ့ အလိုလိုပင် ငါကောင် ဖြစ်ပေါ်လာသည် ဟူ၍၎င်း” ဤသို့ စသည်ဖြင့် ထင်မှား ယူမှားသော ဒိဋ္ဌိ မဖြစ်နိုင်ပြီ၊ ထိုဒိဋ္ဌိများကြောင့် ယုံကြည်မှု သဒ္ဓါတရား မပျက်နိုင်ပြီ၊ သာသနာ၌ မပျက်နိုင် မလှုပ်နိုင်အောင် မြဲခိုင်တည်တံ့သော ဤသဒ္ဓါနှင့် ပြည့်စုံသောကြောင့် “ထောက်တည်ရာကို ရသည်”ဟု ဆိုပေသည်။
#ဂတိမွဲပုံ
စူဠသောတာပန် မည်ပုံကို အောက်ပါ မဟာဋီကာဖြင့် သိအပ်၏။
အ-ပရိဟီနကင်္ခါဝိတရဏဝိသုဒ္ဓိကော ဝိပဿကော လောကိယာဟိ သီလသမာဓိပညာသမ္ပဒါဟိ သမန္နာဂတတ္တာ ဥတ္တရိ အပ္ပဋိဝိဇ္ဈန္တော သုဂတိပရာယဏော ဟောတီတိ ဝုတ္တံ “နိယတဂတိကော”တိ။ တတော ဧဝ စူဠသောတာပန္နော နာမ ဟောတိ ။ (၂-၃၈၅)
အ-ပရိဟီနကင်္ခါဝိတရဏဝိသုဒ္ဓိ၊ မဆုတ်ယုတ် မပျက်စီးသော ကင်္ခါဝိတရဏဝိသုဒ္ဓိ ရှိသော။ ဝိပဿကော၊ ဝိပဿနာယောဂီသည်။ လောကိယာဟိ သီလသမာဓိပညာသမ္ပဒါဟိ၊ ပြည့်စုံ=စင်ကြယ်သော လောကီ သီလ သမာဓိ ပညာတို့နှင့်။ သမန္နာဂတတ္တာ၊ ပြည့်စုံခြင်းကြောင့်။ ဥတ္တရိ အပ္ပဋိဝိဇ္ဈန္တော၊ အထက် ဉာဏ်ထူး တရားထူးကို မသိလတ်သော်(လည်း)။ သုဂတိပရာယဏာ၊ သုဂတိလျှင် လားရာရှိသည်။ ဟောတိ၊ ဖြစ်၏။ ဣတိ၊ ထို့ကြောင့်။ နိယတဂတိကော၊ မြဲသောဂတိ ရှိသည်ဟူ၍။ ဝုတ္တံ၊ မိန့်ဆိုအပ်၏။ တတော ဧဝ၊ ထိုဂတိ မြဲခြင်းကြောင့်ပင်လျှင်။ စူဠသောတာပန္နော နာမ၊ ဂတိမြဲပုံ အနည်းငယ်တူမျှ၍ စူဠသောတာပန် မည်သည်။ ဟောတိ၊ ဖြစ်ပေ၏။
ဤဋီကာတွင် အ-ပရိဟီန ကင်္ခါဝိတရဏဝိသုဒ္ဓိကော ဟူသော ပုဒ်ဖြင့် ဤသို့သော အနက်ကို ပြ၏။ ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာ ကင်းမြဲပင် ကင်းကွာဆဲဖြစ်၍ ဤကင်္ခါဝိတရဏဝိသုဒ္ဓိ မဆုတ်ယုတ် မပျက်စီး သောသူသာလျှင် “ဂတိမြဲသည်”ဟု တိုက်ရိုက်ပြ၏။ ထို့ပြင် ဤဝိသုဒ္ဓိသည် လောကုတ္တရာ မဟုတ်သေး၊ လောကီမျှသာတည်း။ ထို့ကြောင့် ဆုတ်ယုတ်ပျက်စီးနိုင်သေး၏။ မိမိအလိုလို မသင့်စွာ နှလုံးသွင်းမိခြင်းကြောင့် ဖြစ်စေ, မစ္ဆာတရားကို နာကြားမိခြင်းကြောင့် ဖြစ်စေ ယုံမှားမှု=ဝိစိကိစ္ဆာလည်း ဖြစ်နိုင်သေး၏။ ထင်မှားမှု ယူမှားမှု = ဒိဋ္ဌိလည်း ဖြစ်နိုင်သေး၏။ ထို ဒိဋ္ဌိ ဝိစိကိစ္ဆာတို့ မြဲမြံစွာ ဖြစ်သောအခါ၌ ဤဝိသုဒ္ဓိသည် ဆုတ်ယုတ် ပျက်စီးလေ၏။ ထို အခါ၌ကား “ဂတိမြသည်”ဟု မဆိုအပ်ကြောင်းကိုလည်း ဗျတိရေက= ပြောင်းပြန်နည်းဖြင့် ပြ၏။
သီလသမာဓိပညာသမ္ပဒါဟိ သမန္နာဂတတ္တာ ဟူသော အပိုဒ်ဖြင့်လည်း ဤသို့ ပြ၏။ အားထုတ်ဆဲ၌ စင်ကြယ်သော သီလ, သမာဓိ, ပညာ ဤသုံးပါးလုံးနှင့် ပြည့်စုံသောကြောင့် “ဂတိမြဲသည် ”ဟု တိုက်ရိုက် ပြ၏။ ထို့ပြင် “ဝိပဿနာအလုပ်ကို စွန့်လွှတ်လျက် သီလ သမာဓိ ပညာတို့ ပျက်စီးနေခိုက်၌ကား “ဂတိမြဲသည်”ဟု မဆိုအပ်ကြောင်းကိုလည်း ပြောင်းပြန်နည်းဖြင့် ပြ၏။ သို့ဖြစ်၍ ဝိသုဒ္ဓိနှင့်ပြည့်စုံသောသူသည် ဝိပဿနာ ရှုဆဲသော်လည်း ဖြစ်ရမည်၊ ဝိပဿနာရှုဆဲ မဟုတ်ပါက ဒိဋ္ဌိ ဝိစိကိစ္ဆာတို့ ကင်းမြဲပင် ကင်းကွာဆဲဖြစ်၍ အယုတ်ဆုံးအားဖြင့် သီလ စင်ကြယ်အောင်သော်လည်း ဖြစ်ရမည်။ သို့ဖြစ်မှသာလျှင် “ဂတိ မြဲသည်” ဟု ယုံကြည် စိတ်ချသင့်ပေသည်။ “စူဠသောတာပန် ဖြစ်ပြီ၊ ဂတိ မြဲပြီ”ဟု ထိုဉာဏ်ဖြင့် အားရကျေနပ်ပြီးလျှင် ဝိပဿနာ အလုပ်ကို စွန့်လွှတ်၍ သီလ သိက္ခာကိုပင် စင်ကြယ်စွာ မစောင့်ရှောက်ဘဲ ပေါ့လျော့စွာနေခြင်းကား မသင့်သည်သာတည်း။
#ဂတိမြဲရာ_ဘဝ_အပိုင်းအခြား
ဤစူဠသောတာပန်၏ ဂတိသည် အစဉ် ထာဝရ ဘဝတိုင်း၌ မြဲသလော? သို့မဟုတ် ဒုတိယဘဝ၌သာ မြဲသလော? ဟူငြားအံ့။ ဒုတိယဘဝ၌သာ “ဧကန် မြဲသည်”ဟု စိတ်ချရ၏။ တတိယဘဝ စသည်၌ကား “ဧကန် မြဲသည်”ဟု စိတ်မချရသေးပေ။ အကြောင်းမူကား- ပြခဲ့သော ဋီကာ၌ “ကင်္ခါဝိတရဏဝိသုဒ္ဓိ မဆုတ်ယုတ်ပါမှ ဂတိ မြဲသည်ဟူ၍၎င်း၊ လောကီ သီလ သမာဓိ ပညာတို့နှင့် ပြည့်စုံသောကြောင့် ဂတိ မြဲသည် ဟူ၍၎င်း” မိန့်ဆိုသော စကားတို့ဖြင့် “ယခုဘဝ၌သော်လည်း သီလ သမာဓိနှင့် ကင်္ခါဝိတရဏဉာဏ်ပညာကို ပျက်စီး ချွတ်ယွင်း နိုင်သေးသည်ကို၎င်း၊ ထိုအခါမှာ ဒုတိယဘဝ၌ သော်လည်း ဂတိ မြဲရန် အကြောင်းမရှိသည်ကို၎င်း” ထင်ရှား ဖော်ပြ၏။ ဒုတိယဘဝ စသည်၌ ထိုသီလ, သမာဓိ, ပညာတို့ ပျက်စီးနိုင်၍ တတိယဘဝ စသည်၌ ဧကန် ဂတိ မြဲရန် အကြောင်းမရှိသည်မှာ ဆိုဘွယ်ပင် မရှိတော့ပြီ။ ဤမျှသာ မကသေး၊ ထောက်ထားဘွယ် အကြောင်း တပါးလည်း ရှိသေး၏။ ငါတို့၏ ဘုရားအလောင်းတော်သည် လွန်ခဲ့သော ကမ္ဘာပေါင်း ၃-အသင်္ချေ ထက်က ပွင့်တော်မူသော ကောဏ္ဍည မြတ်စွာဘုရားမှ စ၍ ၉-ဆူသော ဘုရားရှင်တို၏ထံတော်၌ ၉-ဘဝတိုင်တိုင် ရဟန်း ပြုခဲ့ဖူးသည်-ဟု ဗုဒ္ဓဝင် ပါဠိ၌ လာ၏။ မြတ်စွာဘုရားထံ၌ ရဟန်းပြုသော ဘုရားအလောင်းတော် ဟူသမျှသည် "ဂတပစ္စာဂတ" ဝတ်ကို ဖြည့်ကျင့်လျက် ဝိပဿနာကို ပွားစေ၍ အနုလောမဉာဏ်တိုင်အောင် ဆိုက်ရောက်၍ တည်သည်ဟု မဇ္ဈိမပဏ္ဏာသ ဃဋိကာရသုတ်အဖွင့် အဋ္ဌကထာ စသည်တို့၌ မိန့်ဆို၏။ “သုမန မြတ်စွာဘုရား, ဝိပဿီ မြတ်စွာဘုရားတို့၏ လက်ထက်မှာ ငါတို့၏ ဘုရားအလောင်းတော်သည် နဂါးမင်းဖြစ်လျက် ဗျာဒိတ်ခံခဲ့သည်။ ပဒုမ မြတ်စွာဘုရား၏ လက်ထက်မှာ ခြင်္သေ့မင်းဖြစ်လျက် ဗျာဒိတ်ခံခဲ့သည်”ဟု ဗုဒ္ဓဝင် ပါဠိ၌ လာ၏။ ဤကမ္ဘာ၌ ဖြစ်သော ဇာတ်နိပါတ်, ဝတ္ထုများစွာတို့၌ ဘုရားအလောင်းတော်သည် တိရစ္ဆာန် အဖြစ်သို့ ရောက်လျက် ရှိသည်ကို တွေ့ရ၏။ တေမိယဇာတ်တွင် ငရဲ၌ ဖြစ်ခဲ့သည်ကိုလည်း တွေ့ရ၏။ ထို့ကြောင့် ဤပါဠိအဋ္ဌကထာ စကားအလုံးစုံကို စပ်၍ ကြည့်လျှင် ကင်္ခါဝိတရဏဝိသုဒ္ဓိထက် လွန်ကဲမြင့်မြတ်လှစွာသော သင်္ခါရုပေက္ခာဉာဏ် ရောက်ပြီးသော ဘုရားအလောင်းတော်မြတ်သော်မှ သုဂတိ၌ ထာဝရ မမြဲကြောင်း, အပါယဂတိမှ မလွတ်သေးကြောင်းကို ထင်ရှားသိရ၏။ ဘုရားအလောင်းတော်ကဲ့သို့ သဒ္ဓါ, ဝီရိယ စသည်လည်း မထက်သန် သင်္ခါရုပေက္ခာအောက်လည်း များစွာ အောက်တန်းကျလျက် ကင်္ခါဝိတရဏ ဉာဏ်မျှနှင့် ပြည့်စုံသော သာမန်ပုဂ္ဂိုလ်အား အစဉ်ထာဝရ ဂတိမြဲခြင်းသည် အဘယ်မှာ ဖြစ်နိုင်ပါတော့အံ့နည်း။ သို့ဖြစ်၍ အပါယ်ဘုံမှ အစဉ်ထာဝရ လွတ်ကင်း၍ ဂတိမြဲခြင်းကို လိုလားသော သူသည် သောတာပတ္တိမဂ်ဖြင့် သက္ကာယဒိဋ္ဌိကို အကြွင်းမဲ့ ပယ်နိုင်ရန် ထက်သန်သော စိတ်ထားဖြင့် မနားမဆုတ် ဆက်လက်၍သာ အားထုတ်ရာ၏။ ကင်္ခါဝိတရဏဝိသုဒ္ဓိမျှဖြင့် စိတ်ချလက်ချ အားရ၍ နေခြင်းကား မသင့်သည်သာတည်း။
#သံယုတ်ပါဠိ_ဩဝါဒမိန့်ခွန်းတော်
သတ္တိယာ ဝိယ ဩမဋ္ဌော၊ ဒယှမာနောဝ မတ္တကေ။ သက္ကာယဒိဋ္ဌိပဟာနာယ၊ သတော ဘိက္ခု ပရိဗ္ဗစေ။
(သဂါထာဝဂ္ဂသံယုတ် ၁၂)
သတ္တိယာ၊ လှံဖြင့်။ ဩမဋ္ဌော ဝိယ၊ ရင်ဝ လယ်နှိုက် ထိုးစိုက်ခံရ နာကျင်လှသော သူသည်၊ ထိုလှံကိုသာ, လျင်စွာ နှုတ်ရန် ကြံဖန် မနှေး စိတ်မအေးဘဲ အရေးတကြီး, သုတ်သီးသုတ်ပျာ, အားထုတ်ရာ သကဲ့သို၎င်း။ မတ္ထကေ၊ ဦးခေါင်း၌။ ဒယှမာနော ဣဝ၊ ရဲရဲပြောင်ပြောင် မီးလောင်ခံရ ပူလောင်လှသော သူသည် ထိုမီးကိုသာ လျင်စွာငြိမ်းရန် ကြံဖန်မနှေး စိတ်မအေးဘဲ အရေးတကြီး သုတ်သီးသုတ်ပျာ အားထုတ်ရာ သကဲ့သို့၎င်း။ ဘိက္ခု၊ သံသရာဘေး, နောင်အရေးကို ကြံတွေးမြော်ထောက် ရွံ့ကြောက်လေ့ရှိသော သူသည်၊ သက္ကာယဒိဋ္ဌိ ပဟာနာယ၊ ထင်ရှားရှိသော နာမ် ရုပ်အပေါင်း အစဉ်၌ အတ္တအယောင် ငါကောင် အနေအားဖြင့် ထင်မှားသော သက္ကာယဒိဋ္ဌိကို အရိယာမဂ်ဉာဏ်အလင်းဖြင့် အကြွင်းမဲ့ ပယ်ခြင်းငှာ။ သတော၊ အမှတ်ရမှု-မမေ့မှု -ဟူသော သတိနှင့် ပြည့်စုံသည်ဖြစ်၍ ။ ပရိဗ္ဗဇေ၊ မရပ်မနား လွတ်မြောက်အောင် ထွက်သွားရာ၏။ ဝါ၊ ခေါင်းက မီးလျှံ၊ ရင်ကလှံကို ပယ်ရန်မအား, လျစ်လျူထား၍သော်လည်း, မနားမဆုတ် အားပါးထုတ်၍, သုတ်သုတ်လျင်စွာ ရှုမှတ်ရာတော့သတည်း။
Yarzar