13/06/2024
တုန်ခါဝေ့ယိုင်စွာ တိုက်ခတ်လာတဲ့ ဇွန်လရဲ့ ဆွတ်ပျံ့အေးစိမ့်ဖွယ်လေတို့နှင့်အတူ ယီးလေးခို၍ လိုက်ပါလာသော မိုးရေစက်တို့သည် အညာဒေသ တောင်သူယာသမားတို့အတွက် အားအင်သစ်စေသည်ဟု ဆိုရသော် လွန်အံ့မည်မထင်။
သို့သော် အညာဒေသရဲ့ တစိတ်တပိုင်း စစ်ကိုင်း၊ ဘုတလင်က ရွာလေးတစ်ရွာမှာတော့ ... ဇွန်လ မိုးကျပြီဆိုမှဖြင့် အဆိုတော်ဗညားဟန်ရဲ့ "မိုးကို ချစ်သည်..ဒါပေမယ့် မုန်းသည်"ဆိုတဲ့ သီချင်းကို ညည်းမိကြမယ်ထင်ပါရဲ့ ...
အညာဒေသ တောင်သူယာသမားဘဝ မိုးရွာ မိုးကောင်းမှ ဝမ်းဝ ခါးလှပေမည်။ ဒါကြောင့် သူတို့ မိုးကိုချစ်ကြသည်။ မိုးကျလို့ ရွာအရှေ့က ချောင်းပေါက်မျှ စီးကျလာသော ရေအလျဥ်သည် ထိုရွာကလေးအား ရင်းနှီးစွာ ပွေ့ဖက်နှုတ်ဆက်ချင်၍လား မပြောတတ်။
မိုးကျပြီဆိုမှဖြင့် ရွာလယ်လမ်းမတလျောက် ဖြတ်တိုးစီးဝင်လာသော ရေအလျဥ်သည် ချောင်းပေါက်တခုပမာ။ ထိုအခါ အညာက ရွာသားတို့ စိတ်ညစ်ရပြီ။ ရွာလယ်လမ်းမှ စီးဆင်းလာသော ရေများသည် ခြံဝင်းများထဲသို့ ဝင်ရောက်လေ၏။ အထက်မှ ရေများ မကျမချင်း ရွာလယ်လမ်းနှင့် မြေနိမ့်အိမ်ခြံဝင်းများ ရေဖုံးလွှမ်းလျက်။ အညာမှာ ရေကြီးခြင်းပါတကား။
ဤသို့ နှစ်စဥ်ကြုံတွေ့ခံစားနေရသော ဘုတလင်မြို့နယ်မှ ကျေးရွာလေးသည် ရေလွှမ်းမိုးခြင်းကို ယခုနှစ်တွင်တော့ လက်ကာပြ၍ တာ့တာကြတော့မည်။
ဟုတ်ပေ၏။ ကျွန်ုပ်တို့ "ရွှေချင်းတွင်း" အဖွဲ့သည် အဖွဲ့အစည်းအဖြစ်ဖြင့် စတင်ခဲ့ပြီးသည့်အချိန်မှစ၍ ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူများ၏ အခက်အခဲများကို ကျွန်ုပ်တို့တတ်စွမ်းနိုင်သမျှသော
- စာသင်ကျောင်းဆောင်များဆောက်လုပ်လှူဒါန်းပေးခြင်း
- အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း
- ရပ်ရွာအခြေပြု အခမဲ့ဆေးပေးခန်းများ ဖြစ်ပေါ်လာရန် အားပေးကူညီတည်ထောင်ပေးခြင်းနှင့်
- လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခြင်းတို့ကို ဖြည့်ဆည်းလုပ်ပေးလျက်ရှိပါသည်။
ယခုပုံတွင် ဖော်ပြထားသော ဘုတလင်မြို့နယ်အတွင်းမှ ကျေးရွာအား မိုးရာသီရေကြီးရေလျှံမှုကြောင့် ပျက်ဆီးနေသော ရွာလယ်လမ်းကို ကျွန်ုပ်တို့ "ရွှေချင်းတွင်း"အဖွဲ့မှ ကွန်ကရစ်လမ်းခင်းပေးနေခြင်းဖြစ်ပါသည်။
#ကွန်ကရစ်
#ဘုတလင်