25/04/2026
☀️ကျောက်ကပ်အစားထိုးထားသူများအတွက် နွေရာသီကျန်းမာရေးလမ်းညွှန် 🍃
ခုလိုပူပြင်းတဲ့ နွေရာသီမှာ ကျောက်ကပ်အစားထိုးထားတဲ့သူတွေအနေနဲ့ ကျန်းမာရေးကို ပိုပြီး ဂရုစိုက်ဖို့ လိုလာပါတယ်။ ရရှိထားတဲ့ အစားထိုးကျောက်ကပ်လေး ရေရှည်ကောင်းမွန်ဖို့ဆိုတာ ဒီလိုနွေရာသီမျိုးမှာ ကိုယ့်ကိုယ်ကိုယ် သေချာဂရုတစိုက် စောင့်ရှောက်ဖို့က အရေးကြီးဆုံးပါပဲ။ နွေပူပူမှာ ကျန်းမာလန်းဆန်းနေစေဖို့ လိုက်နာသင့်တဲ့ အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။
💧 ရေဓာတ်ပြည့်ဝနေဖို့ ဂရုစိုက်ပါ
အပူရှိန်ကြောင့် ချွေးထွက်များပြီး ရေဓာတ်ခန်းခြောက်ရင် ကျောက်ကပ်လုပ်ဆောင်ချက်ကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်က ကန့်သတ်ထားတာမျိုး မရှိရင် တစ်နေ့တာလုံး ရေကို ခဏခဏ သောက်ပေးပါ။
🧴 နေရောင်ခြည်ဒဏ်က ကာကွယ်ပါ
ကိုယ်ခံအားလျော့ဆေး သောက်နေရသူတွေရဲ့ အရေပြားက နေလောင်လွယ်တတ်သလို အရေပြားကင်ဆာဖြစ်နိုင်ခြေလည်း ပိုများပါတယ်။ အပြင်ထွက်ရင် SPF ပါတဲ့ နေလောင်ကာခရင်မ် လိမ်းပါ၊ အင်္ကျီလက်ရှည်ဝတ်ပါ၊ နေပူထဲ အကြာကြီးနေတာမျိုး ရှောင်ပါ။
🥗 အာဟာရပြည့်ဝပြီး သန့်ရှင်းလတ်ဆတ်သော အစားအသောက်များကို စားသုံးပါ
နွေရာသီမှာ အစားအသောက်တွေ ပုပ်သိုးလွယ်တာကြောင့် အထူးသတိထားဖို့ လိုအပ်ပါတယ်။ မကျက်တကျက် အစားအစာတွေနဲ့ အစိမ်းစားတာမျိုး ရှောင်ပါ။ အသီးအနှံတွေကို သေချာဆေးကြောပြီးမှ စားပါ။
🦠 ကူးစက်ရောဂါပိုးမွှားများကို သတိပြုပါ
လူထူထပ်တဲ့နေရာတွေနဲ့ ခရီးသွားတဲ့အခါ ရောဂါပိုးကူးစက်ခံရဖို့ အခွင့်အလမ်း ပိုများပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုစိုက်ပါ၊ လက်သန့်ဆေးရည် ဆောင်ထားပါ။ ခရီးမထွက်ခင် မိမိဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။
💊 ဆေးသောက်ဖို့ မမေ့ပါနဲ့
ဆေးသောက်ဖို့ ပျက်ကွက်တာ (သို့) ဆေးပမာဏကို ကိုယ့်သဘောနဲ့ကိုယ် ပြောင်းလဲတာမျိုး လုံးဝမလုပ်သင့်ပါ။ ဆေးသောက်ချိန် မမှန်ရင် အစားထိုးကျောက်ကပ်ကို ထိခိုက်နိုင်လို့ ဖုန်းထဲမှာ Alarm ပေးထားတာမျိုး လုပ်ထားသင့်ပါတယ်။
🏃♂️ သင့်လျော်တဲ့ လေ့ကျင့်ခန်းလုပ်ပါ
လမ်းလျှောက်တာမျိုးက ကျန်းမာရေးအတွက် ကောင်းပေမယ့် နေပူရှိန် ပြင်းတဲ့အချိန်တွေမှာ မလုပ်သင့်ပါဘူး။ မနက်စောစော (သို့) ညနေစောင်း အေးမြတဲ့အချိန်မှသာ လေ့ကျင့်ခန်းလုပ်ပါ။
🧊 ခန္ဓာကိုယ်ကို အေးမြအောင်ထားပါ
အပူလွန်ကဲတာဟာ အစားထိုးထားသူတွေအတွက် အန္တရာယ်ရှိပါတယ်။ တတ်နိုင်သမျှ အရိပ်ရတဲ့ လေဝင်လေထွက်ကောင်းတဲ့ အေးမြတဲ့နေရာမှာပဲ နေပါ။
❤️ ဆရာဝန်နဲ့ ပုံမှန်ပြသပါ
အလုပ်တွေ ဘယ်လောက်ရှုပ်နေပါစေ ဆရာဝန်နဲ့ ရက်ချိန်းပြဖို့နဲ့ သွေးစစ်ဖို့တွေကိုတော့ ပထမဦးစားပေးအနေနဲ့ မပျက်မကွက်လုပ်ဆောင်ပါ။
ဒီနွေရာသီမှာ အခုလိုလေးတွေ ဂရုစိုက်ပေးရုံနဲ့ သင့်ကျန်းမာရေးကို စိတ်ချလက်ချ ထိန်းသိမ်းသွားနိုင်ပါတယ်။ မိမိကျန်းမာရေးနဲ့ ပတ်သက်ပြီး ထူးခြားမှုရှိရင် (သို့) စိုးရိမ်တာမျိုးရှိရင် မိမိပြသနေကျ ဆရာဝန်နဲ့ အမြန်ဆုံး ဆွေးနွေးတိုင်ပင်ပါ။
🏥 ရန်ကုန်ရုံး - အမှတ် (၂၄/ ၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၂၉၉၉၉၂၊ ၀၉-၉၇၇၅၉၉၉၉၅
🏥 မန္တလေးရုံး - Block(3)၊ Unit 5၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၄၉၉၉၉၄၊ ၀၉-၉၇၇၄၃၃၃၃၄