13/05/2022
#ဗိုက်တာမင်ဒီအကြောင်းတစေ့တစောင်း
Vitamin D
ဘာတွေအတွက်အရေးကြီးလဲ
Vitamin D လို့ဆိုလိုက်တာနဲ့ ကယ်လ်ဆီယမ် နဲ့ အရိုးတည်ဆောက်ရေးမှာ အရေးကြီးတာ လူတိုင်းသိနေကြပြီးပါပြီ။ Calcium ကိုအူထဲကနေ စုတ်ယူနိုင်ဖို့ သူ့ကို အဓိက လိုတယ်။
Vit D ဟာ ကယ်လ်ဆီယမ်နဲ့ အရိုးအတွက်သာမက အခြား ဇီဝဖြစ်စဉ်တွေ လုပ်ဆောင်ချက်တွေတေါ်တေါ်များများမှာ အရေးပါတယ်။ ဥပမာ ခုခံအား immune function ကိုကောင်းစေတယ်။ကြွက်သားအားရှိတယ်၊ ကလပ်စည်းတွေ ပွားများဖို့၊ ကြီးထွားဖို့၊ ပြောင်းလဲဖို့ လုပ်ငန်းတွေမှာ အရေးကြီးပါတယ်။
ဗီတာမင်ဒီ ကို ဘယ်လိုရရှိသလဲ
Vit D ဟာအခြားဗီတာမင်တွေနဲ့မတူတာက သူ့ကို အစာကရတဲ့အပြင်လူတွေရဲ့ ကိုယ်မှာလည်းပြုလုပ်လို့ရတယ်။နေရောင်ခြည်အောက်မှာ အရေခွံကနေ Pre-vitamin D ကိုတည်ဆောက်ပြီး နောက်ဆုံး အသည်းနဲ့ ကျောက်ကပ်တွေကတဆင့် အသုံးပြုနိုင်မည့် active vit D အဆင့် အဖြစ်ပြောင်းပေးလိုက်ပါတယ်။ Sunshine vitamin လို့ခေါ်တယ်။
အစားအစာ တော်တော်များများ ကနေ ဗီတာမင်ဒီ ရရှိပါတယ်။ သား၊ငါး၊ နွားနို့ ( fortified milk ) Cod liver oil ငါးကြီးဆီမှာ တော်တော်ပါတယ်။
Vit D တစ်နေ့တာ ဘယ်လောက်လိုသလဲ
ပုံမှန်လူကြီးတစ်ယောက် Daily requirement နေ့စဉ်ဗီတာမင်ဒီ 600 IU လိုပြီး အသက် ၇၀ ကျော်ရင်တော့ 800 IU လိုအပ်တယ်။ ဒါက အစာ နဲ့ နေရောင်ခြည် ခံရင် လုံလောက်နိုင်တယ်။
ဒါပေမဲ့ နေရောင်မထိတွေ့သူတွေအတွက်
ခလေးရော လူကြီးပါ 800 မှ 1000 IU လိုတယ်လို့ဆိုပါတယ်။
အလွန်ဆုံး ဘယ်လောက်ထက် မကျော်သင့်ဘူးလဲ
(The upper tolerable limit)
vitamin D3 အများဆုံး ပေးနိုင်တဲ့ ပမာဏ
-1000 IU/d in infants ages 06 months, -1500 IU/d in infants ages 612 months; -2500 IU/d in children ages 15 years; -3000 IU/d in children ages 48 years, -4000 IU/d in adolescents and adults
ဗီတာမင်ဒီချို့တဲ့သူ များပြားသလား
vitamin D deficiency is common
လူတွေကို စမ်းစစ်ကြည့်ရင် လူတော်တော်များများ(၄၀-၆၀% ထိ) မှာ ဗီတာမင်ဒီဟာ သတ်မှတ်ထားတဲ့ ပုံမှန် level ထက်နည်းနေကြတာတွေ့ရတယ်။ အထူးသဖြင့် နေရောင် မထိတွေ့တဲ့သူတွေ၊ ကျန်းမာတဲ့ အစားအစာ မစားတာကြောင့်ဖြစ်နိုင်တယ်။
အသားအရေမည်းသူတွေမှာပိုဖြစ်တယ်။
သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါ၊ အစာမကျေတဲ့ရောဂါ ( Malabsorption )၊ နာတာရှည်ကျောက်ကပ်ရောဂါ ရှိသူတွေ မှာအဖြစ်များတယ်။
ထူးခြားချက်က အဝလွန် Obesity နဲ့ ဗီတာမင်ဒီ နည်းတာ ဒွန်တွဲနေတတ်တယ်။ ဒါက ဗီတာမင်ဒီနည်းလို့ အဝလွန်တာလား၊ အဝလွန်လို့ နည်းနေတာလား။ အခုထိ တိကျတဲ့ အဖြေမတွေ့သေးပါဘူး။ ဗီတာမင်ဒီကို အဆီမှာစုဆောင်းတဲ့ အတွက် အဆီသိပ်များသူတွေမှာ ဗီတာမင်ဒီတွေက အဆီးအများကြီးမှာ ဖြန့်ထားတော့ သွေးထဲမှာ နည်းနေတယ်လို့ဆိုပါတယ်။
vit D ချို့တဲ့ရင် ဘာဖြစ်မလဲ
အစာအာဟာရ ပြတ်လတ်တဲ့ သူတွေ၊ ခလေးတွေမှာ Vit D နည်းတတ်တယ်။ Ricket ခေါ်အရိုးပျော့ အရပ်ပု တာဖြစ်တတ်တယ်။ လူကြီးမှာ (Osteomalacia )နဲ့ Osteoporosis အရိုးပွ ပိုဖြစ်တတ်တယ်။
Vit D နည်းရင် အခြားဘာဆိုးကျိုးတွေရှိလဲ
အထွေထွေ ကျန်းမာရေးနဲ့ ဗီတာမင်ဒီ ချို့တဲ့ခြင်းဟာ ဆက်စပ်နေတာတွေ့ရတယ်။
တိတိကျကျ မဟုတ်ပေမဲ့ ရောဂါတော်တော်များများမှာ ဗီတာမင်ဒီနည်းနေရင် ကုသရတဲ့ outcomes ရလဒ်တွေမကောင်းတာတွေ့ရသလို ဗီတာမင်ဒီ ဖြည့်ပေးရင် သက်သာတာပိုမြန်တာ တွေ့ရတယ်။
ကင်ဆာ၊ သွေးတိုး၊ဆီးချို ၊ အဆစ်ရောင်နာ၊ အကြောသေရောဂါ (multiple sclerosis) , အရိုးပွ၊ ကြွက်သားအားမရှိတာတွေ နဲ့ ဆက်စပ်မှုရှိတယ်။
ဆေးရုံတက်နေသူတွေမှာ အာဟာရမပြည့်လို့ ဗီတာမင်ဒီနည်းရင် high mortality သေနှုန်းပိုများတာတွေ့ရတယ်။
Covid 19 and vitamin D .... ကိုဗစ်ကို ကူးစက်မှုနည်းအောင်၊ ဖြစ်လာရင်လဲ မြန်မြန် တိုက်ထုတ်နိုင်အောင်၊ မြန်မြန်ပြန်ကောင်း၊ အသေပျောက်နှုန်းနည်းအောင် လူနာတိုင်းကို ပေးသင့်တယ်။ high dose short course . ဆိုကျိုးမရှိပါ။
ဒါပေမဲ့ မဖြစ်ခင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ very high dose နှစ်နဲ့ချီသောက်မနေသင့်ပါ။
ဗီတာမင်ဒီကို ကျန်းမာ သက်ရှည်ဆေးလို့ခေါ်ရမလိုဖြစ်နေပါတယ်။ ချို့တဲ့သူများကြတယ်။ မကျန်းမာသူ ၊ ရောဂါမျိုးစုံ ဗီတာမင်ဒီ ဖြည့်ပေးတာ ပိုကောင်းကြတာတွေ့ရတယ်ဆိုတော့ ဗီတာမင်ဒီက နေရာတကာကောင်းနေသလိုဖြစ်နေပါတယ်။
တိကျခိုင်မာတဲ့ အဖြေတွေမဟုတ်ပေမဲ့ လျော့ရင် ဖြည့်တာက မမှားပါဘူး။
Vit D ကောင်းကြောင်းတွေ အများကြီးပြောကြတာရှိတော့ ထပ်မပြောတော့ပါဘူး။
Hypervitaminosis D
Vit D toxicity
ဗီတာမင် ဒီ ဟာ အခုနောက်ပိုင်း ပေါ်ပြူလာ ဖြစ်လာပြီး ရောဂါမျိုးစုံ အတွက် အသုံးများလာကြပါတယ်။ အထူးသဖြင့် အခုလိုကာလမှာ Vit D intoxication ဖြစ်တာ အတွေ့များလာတယ်။
ဘယ်လောက်သောက်ရမလဲ၊ ဘယ်လောက်ကြာကြာသောက်သင့်လဲ ...ဒါတွေမသိပဲ သောက်ချင်သလို သောက်နေကြလို့ vitamin D toxicity ဘေးထွက်ဆိုးကျိုးတွေလည်း ပိုပြီးတွေ့လာရပါတယ်။
ဗီတာမင်ဒီ လွန်ကဲခြင်း ၊ အဆိပ်အတောက်ဖြစ်ခြင်းဟာ တော်ရုံနဲ့ မသိသာလို့ အသိနောက်ကျတတ်ပါတယ်။အချိန်မှီမပြုပြင်ရတော့ ပြန်မကောင်းနိုင်တော့တဲ့ irreversible damage to organs ပျက်ဆီးခြင်း ဥပမာ .. ကျောက်ကပ် ပျက်ခြင်း တွေဖြစ်သွားတတ်ပါတယ်။ ဆရာဝန်များ high index of suspicion ထားရှိဖို့လိုပါတယ်။
ဒါကြောင့် ဒီဆေးရဲ့ ကောင်းကျိုး၊ဆိုးကျိုးတွေကို သိရှိနားလည်အောင် dose ဘယ်လောက် ၊ duration ဘယ်လောက်ကြာ သောက်သင့်သလဲ ဆိုတာ health care providers တွေနဲ့ လူနာတွေကို အသိပညာပေးဖို့လိုအပ်ပါတယ်။
တနေ့ 10,000 ကျော် ဥပမာ 50,000 တို့ 60,000 IU တို့ကို လနဲ့ချီ ပြီးသောက်နေသူတွေမှာ Toxicity ဆိုတဲ့ အဆိပ်အတေါက်ဖြစ်တဲ့ အဆင့်ရောက်သွါးတတ်ပါတယ်။
High dose vitamin D နေ့စဉ် 10,000 IU ( တစ်သောင်း ယူနစ် ) ထက်ကျော်ကို မစစ်ဆေးပဲ အကြာကြီးသောက်ရင် အဆီမှာပျော်ဝင်တဲ့ ဗီတာမင် ဒီ ဟာ အဆီ၊အသည်းတွေမှာ သိုလှောင်ထားတော့ တဖြည်းဖြည်း များလာပြီး over ဖြစ်လာမယ်။ အချို့ ( ၅၀၀၀ ယူနစ်) ကိုအကြာကြီးနှစ်ပေါင်းများစွာ စွဲသောက်နေသူတွေ လည်းသတိထားရမယ်။
သွေးစစ်လို့ရှိရင် vit D level 100 ng/mL ထက်များရင် ကယ်လ်ဆီယမ် တွေကို လိုအပ်တာထက်ပိုစုတ်ယူ ပြီး Hypercalcemia သွေးတွင်း ကယ်လ်ဆီယမ်ဓါတ်တွေ များလာတဲ့ ရောဂါ။
ပြီးတော့ သတိပြုရမည့် အခြားလက္ခဏာတွေကတော့ .......
-ကြွက်သားတွေနာမယ်၊
-စိတ်ကစင့်ကလျားဖြစ်မယ်၊
-ဆက်တိုက်အန်မယ်၊ဗိုက်နာမယ်၊ဝမ်းချုပ်မယ်၊ -ရေအရမ်းဆာမယ်၊ ဆီးအရမ်းများမယ်၊ ဆီး ကျောက်တည်မယ်၊ ကျောက်ကပ်ပျက်မယ်၊ -ပိန်သွားမယ်။
-လိမ့်ကျပိုလွယ်ပြီး အရိုးပိုကျိုးတတ်တယ်။
-အချို့ မှာ နှလုံးစည်းချက်မမှန်တာ ၊ နှလုံးဖေါက်တာ၊ လေဖြတ်တာ လည်းဖြစ်နိုင်ကြောင်းဖေါ်ပြထားတယ်။
ဗီတာမင်ဒီ ၅ ထောင် နဲ့ တစ်သောင်းအားကျော်
အကြာကြီးသောက်နေမိသူတွေ အထက်ပါ လက္ခဏာများရှိခဲ့ရင် သတိထားပြီး ဆရာဝန်တွေနဲ့တိုင်ပင်ပါ။ စစ်ဆေးပါ။
ဆရာဝန်တွေအဖို့
Hypervitaminosis D ဟာ (Acute or Chronic Renal Injury )ကျောက်ကပ်ပျက်ဆီးတာဖြစ်နိုင်တဲ့အတွက် ကျောက်ကပ်အကြောင်းမဲ့ ပျက်တာတွေ့တိုင်း Vit D အားဆေးတွေ high dose သောက်နေတာ ရှိမရှိ မေးမြန်းပါ။
calcium နဲ့ Vit D level တွေကိုပါ တိုင်းကြည့်ပြီး vit D intoxication များဖြစ်နေမလားလို့ ထည့်သွင်းစဉ်းစား ဖို့လိုပါတယ်။ Vit D intoxicationကို important differential diagnosis အဖြစ် ထည့်သွင်းစဉ်းစားဖို့ မမေ့ပါနဲ့။
****
သွေးမှာ Vit D level ဘယ်လောက်များရင် အန္တရာယ် ရှိနိုင်ပြီလဲ
အချိန်တို Vit D3 ဆေးကို 10000IU/day သောက်နေလို့ သွေးဗီတာမင် ဒီအဖြေက ၁၂၅ nmol/L ( သို့မဟုတ် ၅၀ ng/mL ) ထက်မကျော်ရင် toxicity ဘေးအန္တရာယ် မရှိပါဘူး။
ဒါပေမဲ့ ၁၀၀ mmol /L ကျော်ရင် ဆေးရပ်ထားသင့်ပါတယ်။
သွေးနဲ့ ဆီးတွင်း ကယလ်ဆီယမ်ဓါတ်နဲ့ ဖေါ့စဖရပ်စ် Phosphorus တွေလည်းများနေရင် Vit D toxicity ဖြစ်ဖို့ များတယ်။ Parathyroid hormone လည်းနည်းနေတာတွေ့ရပါမယ်။
လူအပေါ်မူတည်ပြီး အချို့ Vit D 200nmol/L ကျော်ပေမဲ့ ဘာမျှမဖြစ်ပါဘူး။
ဘယ်လိုကုမလဲ
vit D ကိုလုံးဝဖြတ်ပါ။၆လ မှ ၁ နှစ်လောက် အနည်းဆုံးဖြတ်ပါ။ သောက်ချင်ရင် ပြန်စစ်ပါ။ နည်းမှပြန်သောက်ပါ။
Calcium ပြန်ကျအောင်၊ ကျောက်ကပ်ကောင်းအောင်၊ ရေများများသောက်၊ ကယ်လ်ဆီယမ်ပါတဲ့ အစာနဲ့ ဆေးတွေဖြတ်၊
သိပ်ဆိုးလို့ ရှိရင် NS infusion , corticosteroid , calcitonin , ပေးရပါမယ် ။
အသေးစိတ်ထပ်၍လေ့လာရန်။
******
နိဂုံးချုပ်
-အားမရှိရင် ၊ စားမကောင်းရင် အဓိက အကြောင်းရင်းကို ရှာဖို့ ၊ ကုဖို့ ပိုအရေးကြီးပါတယ်။ အားဆေးကို ဘဲအားကိုးလို့မရပါ။
- အထွေထွေတွေဘာတွေ ပိုကောင်းချင်လို့ ၊ အသက်ပိုရှည်ချင်လို့ ချို့တဲ့တာ မရှိပဲ
လိုလိုမယ်မယ် သောက်နေကြတဲ့ အားဆေးတွေက ဘေးထွက်ဆိုးကျိုးနည်းပေမဲ့ ဆိုးကျိုး မကင်းပါဘူး။
- အားဆေးအတွက် ကုန်ကျစရိတ်ကို အခြားအရေးကြီးတဲ့အခါသုံးရမည့် ဆေးကုစရိတ်
အတွက် ချွေတာသင့်တယ်။ ( သိပ်မလုံလောက်သူများအဖို့ )
- အားဆေး တစ်မျိုးသာသုံးပါ။
- ဈေးကြီးလေ ပိုကောင်းလေ လို့ အမြဲ မယူဆသင့်ပါ။ မိမိလိုအပ်နေတဲ့ ဗီတာမင်ဓါတ်ကို ဆေးကဖြည့်ဆည်းပေးရင် လုံလောက်ပါတယ်။
- ဆေးကုရာမှာ တန်ရင်ဆေး လွန်ရင်ဘေးဆိုတာ အမြဲမှန်ကန်တဲ့ စကားဖြစ်ပါတယ်။
ဆုတောင်း
အားဆေးများကို မှန်ကန်စွာ လိုတဲ့ သူတွေအတွက် ဘေးကင်းစွာ သောက်သုံးတတ်ကြပါစေလို့ ဆန္ဒပြုရင်း။ ကျွန်တော်တို့ ဆရာမကြီး Prof Daw Than Than Aye ကို လေးစားစွာဖြင့် Credit ပေးပါတယ်။
ဒေါက်သိန်း(ဆီးချိုနှင့်ဟော်မုန်း)
10/5/2022
Photo credit