27/07/2016
မြန်မာအမျိုးသမီးတွေ သားအိမ်ခေါင်း ကင်ဆာကြောင့် မသေသင့်တော့ဘူး
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
(ဒေါက်တာစိုးလွင်)
ဆရာ...
သမီးကြောက်ကြောက်နဲ့ပဲဒီစာကို ရေးလိုက်တာပါ။ သမီးရဲ့မေမေ မစားနိုင်၊
မသောက်နိုင် ပိန်ချုံးချိနဲ့ အပြင်းအထန်နာကျင်ကိုက်ခဲရာ က သွေးပုပ် ပြည်ပုပ်တွေဆင်း၊ နောက်ဆုံး ဆီးမသွားနိုင်တော့ဘဲ မရှုမလှ သေဆုံးသွားခဲ့တဲ့ မြင်ကွင်း မျက်စိထဲကမထွက်ဘူးဆရာ။ မေမေ့ကို သမီးတို့ အားလုံးနဲ့ခွဲခွာပြီး သေရွာကို ခေါ်ဆောင်သွားခဲ့တဲ့ ရောဂါက သိပ်ကြောက်စရာ၊ သိပ်မုန်းစရာကောင်း
တာပဲ။ သူ့အမည်ကို ကြားတောင် မကြားချင်ပါဘူးဆရာ။ အဲဒီရောဂါက သားအိမ်ခေါင်းကင်ဆာတဲ့။မေမေ့ဆီ ဒီရောဂါရောက်လာတာက ဒီလိုပါ။ သွေးဆုံးပြီး နှစ်နှစ်ကျော်ကြာမှသွေးပြန်ဆင်းတယ်။ သွေးပုပ်တွေပြန်ဆင်းတော့ သွေးသန့်သွားတာပေါ့လို့ပြောပြီး ခပ်ပေါ့ပေါ့ပါပဲ။ အိမ်မှုကိစ္စတွေနဲ့ အလုပ်ရှုပ်၊ ဆေးရုံ၊ ဆေးခန်းသွားရမှာလည်းကြောက်၊ အရေးကြီးတယ်လည်း မထင်တာနဲ့ ဒီလိုပဲ နေမိတယ်။ ငါးလ၊ ခြောက်လ လောက်ကြာတဲ့အချိန် တစ်ရက်မှာတော့ သွေးတွေ ဒလဟောသွန်ပြီး သတိလစ်မတတ် ဖြူဆုတ်သွားတော့မှ ဗဟိုအမျိုးသမီးဆေးရုံကို အရေးပေါ်ရောက်သွားတယ်။ သွေးသုံးလုံးသွင်းရတယ်။ ဆရာဝန်ကြီး
တွေ စမ်းသပ်စစ်ဆေးကြည့်တော့ မေမေ့ရဲ့ သားအိမ်ခေါင်းမှာ ကင်ဆာအနာကြီးဖြစ်နေတယ်။ အဆင့်က သုံးလို့ပြောပြီး ဓာတ်ကင်ဖို့စီစဉ်ပါတော့တယ်။
အရပ်ထဲက ဓာတ်ကင်ရင် သေမှာပဲ။ ဒါကြောင့်ကင်မနေနဲ့။ ဆေးတစ်ဖုံ ဘယ်လောက်နဲ့ အမြစ်ပြတ်ကုတဲ့ ပျောက်စေ ဆရာရှိတယ် လို့ပြောတဲ့စကားတွေကို နားယောင်ပြီး မေမေက ဓာတ်မကင်ဘဲ ဆေးတစ်ဖုံသိန်းနဲ့ချီပေးရတဲ့ ကင်ဆာအမြစ်ပြတ်ပျောက်ဆေးတွေဝယ်သောက်တယ်။ ရောဂါတော့ မသိဘူး။ မေမေကတော့ မရှုမလှ အသက်ပျောက်သွားပါတော့တယ်။ ကင်ဆာက မျိုးရိုးလိုက်တတ်တယ်တဲ့။ သမီးကြောက်လွန်းလို့ ညည အိပ်မက်ဆိုးတွေတောင် မက်ပါတယ်။
ဒီရောဂါကို မဖြစ်အောင် ကာကွယ်လို့ရပါ သလား။ အင်တာနက်ထဲမှာ ကြော်ငြာတွေ့တယ်။ အသိအကျွမ်းတွေကလည်း ဝယ်သုံးကြတယ်။ အဲ့ဒီဆေးကို နှစ် လ သောက်ရင် ပိုက်ဆံတစ်သိန်းကျမယ်။ နှစ်လသောက်ပြီးရုံနဲ့ ရင်သားကင်ဆာရော သားအိမ်ကင်ဆာတွေဖြစ်မှုကို လုံးဝ ဟန့်တားကာကွယ်တယ်။ အိမ်
အထိ အရောက်ပို့ပေးတယ်တဲ့။ ကြော်ငြာနေပါတယ်။ အဲ့ဒီဆေးကို သောက်ရင် တကယ်ကာကွယ်မှာလား။ တကယ်ကာကွယ်မယ်ဆိုရင် ဝယ်သောက်ချင်ပါတယ်။ ကင်ဆာဆိုတာမျိုးရိုးလိုက်တတ်တာမို့ ...သမီးမေမေလို အသေဆိုးနဲ့ သေမှာ ကြောက်လို့ပါ...သမီးကို ကူညီပါဦး ဆရာ...သမီးပုံ့ပုံ့ (မြောက်ဥက္ကာလာပ)
မေမေ့လို အဖြစ်ဆိုမျိုးနဲ့ ကြုံရမှာကို အကြောက် ကြီးကြောက်နေရှာတဲ့ သမီးလေး ပုံ့ပုံ့...သမီးကြောက်မယ်ဆိုရင်လည်း ကြောက်သင့်တယ်။ သမီးရဲ့ခံစားချက်ကိုလည်း ကိုယ်ချင်း စာနားလည်မိတယ်။ ဆရာနဲ့ခံစားချက်တူလွန်းလို့... အလယ်တန်းကျောင်းသားဘဝလောက်မှာ အိမ်နားက ဦးကြီးတစ်ယောက် အဆုတ်ကင်ဆာရောဂါနဲ့ ဝေဒနာ အပြင်းအထန်ခံစားပြီး မရှုမလှသေဆုံးသွားခဲ့တာ မြင်ခဲ့ပြီးကတည်းက ကင်ဆာရောဂါကို အကြောက်ကြီးကြောက်မိတာ။ ညညဆို အိပ်မက်ဆိုးတွေ မက်မက်ပြီးလန့်နိုးတဲ့ အထိပါပဲ။ ကင်ဆာဆိုတဲ့ကြောက်စရာ သေမင်းတမန် မကောင်းဆိုး ဝါးကောင်က နောက်ကလိုက် ဆရာကရှေ့က
ပြေး...ပြေးရင်းပြေးရင်း နောက်ဆုံးချောက်ကမ်းပါးအစွန်းကြီးကိုရောက်။ ပြေးစရာ မရှိတော့ဘဲ သေမင်းက နီးသထက်နီးလာ။အဲ့ဒီအချိန်ကျ မှ ကြောက်လန့်တကြားနဲ့ လန့်နိုးလာ တော့တာဖြစ်တယ်။ ဘယ်လောက်ထိတ်လန့် တုန်လှုပ်ဖို့ကောင်းတဲ့ အိပ်မက်ဆိုးလဲ။သမီးမေမေလို အဖြစ်ဆိုးမျိုးနဲ့ ကြုံရတဲ့ မိခင်တွေက အများကြီးမှ အများကြီး၊ ဆရာတို့တွေရဲ့ လက်တွေပေါ်မှာ၊ မျက်စိရှေ့မှာ သမီး
မေမေလိုမျိုး အသေဆိုးနဲ့သေဆုံးနေရတဲ့ လူနာတွေကို ထပ်ခါထပ်ခါ တွေ့မြင်နေရတယ်။ မြန်မာပြည်က အမျိုးသမီးတွေကိုသေမင်းဆီ အများဆုံးပို့ပေးနေတဲ့ မျိုးပွားအင်္ဂါ ကင်ဆာရောဂါ၊ မသေဆုံးခင်မှာလည်း ကိုယ်ရောစိတ်ပါ ပြင်းထန်ဆိုးရွားလှတဲ့ဝေဒနာတွေကို ခံစားရစေတတ်တဲ့၊ ကိုယ့်မိသားစု ပတ်ဝန်းကျင်က ချစ်ခင်ရတဲ့သူတွေအားလုံးရဲ့ အသည်းနှလုံးတွေကို ကြေကွဲခံစားစေတတ်တဲ့ ကင်ဆာရောဂါ၊ အဲ့ဒီကင်ဆာက တခြား ဟုတ်ပါရိုးလား။ သမီးပုံ့ပုံ့အကြောက်
ကြီးကြောက်တဲ့ သားအိမ်ခေါင်း ကင်ဆာ ပဲပေါ့။နေ့စဉ်နဲ့အမျှ သမီးမေမေလို လူနာတွေကို ဆေးကုသပေးနေရတဲ့ ဆရာဝန်တစ်ဦး အနေနဲ့ ဒီအဖြစ်ဆိုးတွေကို ကြည့်ပြီး လုံးဝ လုံးဝမကျေနပ်ဘူး။ ဒီလိုလူနာတစ်ယောက်တွေ့တိုင်း သေတိုင်း၊ မြန်မာအမျိုးသမီးတွေ ဒီလိုရောဂါကြောင့် အသေဆိုးနဲ့သေနေတဲ့ ကိစ္စ
ဟာ ရပ်တန်းက ရပ်သင့်ပြီလို့ မချင့်မရဲနဲ့ရေရွတ်မိတယ်။ဟုတ်တယ် သမီးရေ။ တကယ်တမ်းကျတော့ ဒီသားအိမ်ခေါင်းကင်ဆာဖြစ်နှုန်းတွေ၊ သေဆုံးနှုန်းတွေဟာ တိုးတက်ခေတ်မီတဲ့နိုင်ငံ တွေမှာ သိသိသာသာကြီးကို ကျဆင်းသွားပြီ။ ထိရောက်တဲ့ရောဂါကာကွယ်နည်းတွေ ကုသနည်းတွေကို စနစ်တကျ သုံးနိုင်လာလေလေ၊ ရောဂါဖြစ်နှုန်းနည်းသွားလေဖြစ်တယ်။ ဆရာတို့နိုင်ငံမှာကျတော့ ဒီရောဂါဆိုးကြီးကတစ်နေ့ တခြား ဖြစ်ပွားမှုနှုန်းတွေ၊ သေတဲ့နှုန်းတွေမြင့်သထက်မြင့်တက်လာနေတာကို ရင်နာနာနဲ့ တွေ့နေရတယ်။ ဘာကြောင့်ဒီလိုအဖြစ်ဆိုး တွေဖြစ်ရတာလဲ။ ဒီလိုအဖြစ်ဆိုးမျိုးတွေ လျော့နည်းပပျောက်သွားအောင် ဘယ်လိုလုပ် ကြမလဲ။ အခု သမီးပုံ့ပုံ့ရဲ့မေးခွန်းလေးကို ကြည့်..သမီး မေမေ့လို
အဖြစ်ဆိုးမျိုး ဖြစ်မှာကို သိပ်ကြောက်နေပြီ။ဘယ်လို ကာကွယ်ရမလဲ။ သမီးသိချင်နေပြီ။ ဒီမေးခွန်းလေးအတွက် သမီးပုံ့ပုံ့ကို အထူးကျေးဇူးတင်မိတယ်။
သမီးပုံ့ပုံ့ကို ဖြေရင်းနဲ့ မြန်မာတစ်ပြည်လုံးက ပြည်သူတစ်ရပ်လုံး ဒီရောဂါဆိုးကြီးရဲ့ကြောက်မက်ဖွယ်ကောင်းပုံ၊ သူ့ရဲ့လက္ခဏာတွေ၊ ဘယ်ပုံဘယ်နည်း ကာကွယ်ရမယ်။ကုသရမယ်ဆိုတာတွေကို မီးမောင်းထိုးလို့ပြချင်မိတယ်။ ဘာကြောင့်လည်းဆိုတော့ ဆရာတို့ မြန်မာပြည်သူတွေက မျက်ကမ်းတစ္ဆေမကြောက်ဆိုတဲ့ စကားလိုပဲ မသိတော့မမြင်၊မမြင်တော့မကြောက်၊ မမြင်မကန်းနဲ့ ရမ်းသမ်း
သွားရင်း ဒီရောဂါဆိုးကြီးရဲ့ ရက်စက်မှုဒဏ်တွေကို အကြီးအကျယ် ခံနေရတော့ တာပေါ့။ ဒီလိုမျိုး မသိခြင်းဆိုတဲ့ အမှောင်ကို အသိပညာအလင်းရောင်နဲ့ဖယ်ခွင်းလိုက်နိုင်ရင် ဒီရောဂါဆိုးကြီးကို ကာကွယ်တိုက်ဖျက်နိုင်တဲ့ နည်းလမ်းမှန်တွေကို ပြည်သူတစ်ရပ်လုံး သိမြင်လာမယ်။ အဲ့ဒီအခါကျ ဒီရောဂါကြောင့် မြန်မာအမျိုးသမီးတွေ မသေ နိုင်တော့ဘူးပေါ့။ပထမဆုံး သားအိမ်ခေါင်း ဆိုတာဘာလဲ အရင်ဆုံးသိရမယ်။ သားအိမ်ခေါင်းဆိုတာ သားအိမ်ကိုယ်ထည်ရဲ့ေ အာက်ဖက်ပိုင်း မွေးလမ်းကြောင်းထဲကနေ သားအိမ်ထဲအဝင်ဝထိပ်ဝပိုင်းကို ခေါ်တာ။ အဲ့ဒီသားအိမ်ခေါင်းမှာ ကင်ဆာဖြစ်စေတဲ့ တရားခံက HPVHuman Papilloma Virus အမည်ရတဲ့ဗိုင်းရပ်ပိုးဖြစ်တယ်။ ဒီရောဂါပိုးဟာ လိင်ဆက်ဆံခြင်း သို့မဟုတ် လိင်အင်္ဂါရေပြားချင်းထိတွေ့ခြင်းကြောင့် အဓိက ကူးစက်တာ
ဖြစ်တယ်။ ဒီရောဂါပိုးဖြစ်တတ်တဲ့ သူတွေကအသက်ငယ်ငယ်နဲ့ လိင်ဆက်ဆံတဲ့ သူတွေ၊လိင်ဆက်ဆံဖော်များတဲ့သူတွေ သို့မဟုတ်လိင်ဆက်ဆံဖော်များတဲ့ ယောက်ျားနဲ့ ဆက်ဆံမိတဲ့သူ၊ စီးကရက်သောက်တဲ့သူတွေ ပဲဖြစ်တယ်။
ဒီရောဂါပိုးဝင်တာနဲ့တစ်ခါတည်းတန်းပြီး ကင်ဆာအနာကြီးဖြစ်မသွားဘူး။ ကင်ဆာအကြို အဆင့်(၁)၊(၂)၊(၃) စသဖြင့် တဖြည်းဖြည်း ပြောင်းလဲသွားပြီး ဆယ်နှစ်၊ နှစ်၂ဝလောက်ကြာမှ ကင်ဆာအနာဖြစ်လာတာ။ဒီအကြိုအဆင့်လေးတွေမှာတော့ ဘယ်လိုလက္ခဏာမှ မပြဘူး။ ကင်ဆာအနာ ဖြစ်လာပြီဆိုရင် ပြတတ်တဲ့လက္ခဏာတွေက ပုံမမှန်သွေးဆင်းတာ၊ ဥပမာ- သွေးဆုံးပြီးမှ သွေးပြန်
ဆင်းတာ၊ ရာသီခွင်တွေကြား ပုံမှန်မဟုတ်ဘဲ သွေးတွေဆင်းတာ၊ လိင်ဆက်ဆံတဲ့အခါသွေးဆင်းတာ၊ မိန်းမကိုယ်က ပုပ်စော်နံတဲ့အဖြူတွေဆင်းလာတာတွေပဲဖြစ်တယ်။ ရောဂါဖြစ်ပြီး စောစောစီးစီးနဲ့ ထိထိရောက်ရောက်မကုသခဲ့ရင် ကင်ဆာဆဲလ်တွေကဘေးဖက်၊ အောက်ဖက်၊ အပေါ်ဖက်တွေ ပျံ့နှံ့၊ပြန်ရည်ကြောတွေထဲကတောင် တစ်ကိုယ်လုံးပျံ့နှံ့သွားပြီး အဆင့် (၁)၊ (၂)၊ (၃)၊(၄) စသဖြင့် အဆင့်တွေ မြင့်တက်ပွားများသွား တော့တယ်။ အဲ့ဒီအခါကျ သမီးမေမေ ကြုံခဲ့ရသလိုမျိုး သွေးထွက်လွန်၊ အပြင်းအထန်နာကျင်ကိုက်ခဲ၊ သွေးအားနည်း၊ ကျောက်ကပ်တွေပျက်စီး၊ တစ်ကိုယ်လုံးဖောရောင်၊ ပိန်ချုံးချိနဲ့အား နည်းစသဖြင့် ရောဂါဝေဒနာတွေ အပြင်းအထန်ခံစားရပြီး နောက်ဆုံးမှာတော့သေမင်း ခေါ်ရာ နောက်ကောက်ကောက်ပါကပ်လိုက်ပါ သွားရတော့တာပဲဖြစ်တယ်။ဒီရောဂါကြောင့် မြန်မာအမျိုးသမီးတွေမသေသင့်တော့ဘူးလို့ ဆရာဘာကြောင့် ပြောရသလဲ ဆိုတော့ ဒီရောဂါဟာ တခြားကင်ဆာတွေနဲ့ မတူဘဲ ကောင်းကောင်းကြီး ကာကွယ်ကုသလို့ရတဲ့ ရောဂါဖြစ်လို့ပါပဲ။ ပထမအဆင့် ကာကွယ်နည်းကတော့ ဒီရောဂါကိုဖြစ်စေတဲ့ HPV ဗိုင်းရပ်ပိုးကို ကာကွယ်ခြင်းဖြစ်တယ်။ ဒီဗိုင်းရပ်က လိင်ကတစ်ဆင့် ကူးစက်နိုင်တာဖြစ်လို့အဓိကအကျဆုံး ကာကွယ်ခြင်းကတော့ လိင်ကိစ္စမှာ စည်းကမ်းရှိဖို့ပါပဲ။ လိင်အပျော် အပါးတွေ ရှောင်ကြဉ်ရမယ်။ အသက်
ငယ်ငယ်နဲ့ လိင်မဆက်ဆံနဲ့၊ အပျိုစင်ဘဝကို ထိန်းသိမ်းစောင့်ရှောက်ရမယ် တစ်ယောက်ဆိုတစ်ယောက်၊ ပိတောက်ဆို ပိတောက်တစ်လင်တစ်မယားသစ္စာထားရမယ်။ အပျော်အဖော်တွေ မများရဘူး။ မျက်နှာများတဲ့သူတွေနဲ့လည်း မဆက်ဆံရဘူး။ဝေးဝေးကရှောင်ရမယ်။ မရှောင်နိုင်ရင် ကွန်ဒုံးသုံးရမယ်။တစ်ကိုယ်ရည်သန့်ရှင်း ရေးကို အလေးပေးရမယ်။ ဆေးလိပ်ငွေ့တွေကို လည်း ဝေးဝေး ရှောင်ရမယ်။မြန်မာအမျိုးသမီးတွေ ဝမ်းမြောက်ရမယ့် အချက်ကတော့ HPV ဗိုင်းရတ်ပိုးကို ကာကွယ်တဲ့ ကာကွယ်ဆေး မြန်မာပြည်မှာရှိနေပြီ။ အချစ်နဲ့မကင်းတဲ့ အမျိုးသမီးတိုင်း ထိုးသင့်တယ်။ တစ်ကမ္ဘာလုံး အသိအမှတ်ပြုပြီးထိထိရောက်ရောက် သုံးနေတဲ့ Cervarix၊ Gardasil ကာကွယ်ဆေးနှစ်မျိုးလုံးရှိနေပြီ။ အသက် ကိုးနှစ်ကျော်ရင် စထိုးလို့ရပြီ။ လိင်မဆက်ဆံခင် စထိုးရင် အကောင်းဆုံး။ တစ်ခါထိုးရင် ခြောက်လအတွင်း သုံးကြိမ်ထိုးရတယ်။တစ်ခါထိုးထား ရင် အနည်းဆုံး ကိုးနှစ်ခွဲလောက်ထိ ရောဂါကာကွယ်နိုင်တယ်။သမီးပုံ့ပုံ့ မေမေ့လို့ဖြစ်မှာ ကြောက်ရင် အခုဆရာပြောတဲ့ ကာကွယ်ဆေးကိုထိုးပါ။ သမီး 0nline ကြော်ငြာထဲမှာ တွေ့တဲ့ဆေးတွေကို သတိထားဖို့လိုမယ်။ ဒီဆေးတွေကို အိမ် အရောက်ပို့ပေးတယ်ဆိုပြီး အမျိုးသမီးတွေ ကျယ်ကျယ်ပြန့်ပြန့် သုံးနေကြတာကို မြန်မာ
နိုင်ငံ ဆေးကောင်စီ၊ ကျန်းမာရေးဝန်ကြီးဌာန FDA တွေက သေသေချာချာစိစစ်ဖို့လိုပြီ။ တစ်ကမ္ဘာလုံးရဲ့ ဆေးပညာရှင်တွေ အသိအမှတ် ပြုထားတဲ့ ကာကွယ်ဆေးကို မထိုးဘဲကြော်ငြာကောင်းကောင်းနဲ့ ရောင်းတဲ့ဆေးကိုအားကိုးယုံကြည်ဖို့ သင့်၊ မသင့် ဆိုတာကိုသမီးရဲ့ကိုယ်ပိုင်ဥာဏ်နဲ့ ဆင်ခြင်စဉ်းစားကြည့်ဖို့လိုမယ်။
သမီးပုံ့ပုံ့အနေနဲ့ အမေ့မှာ ကင်ဆာဖြစ်လို့ သမီးမှာလည်း မျိုးရိုးလိုက်ပြီး ဖြစ်မှာကို အကြောက်ကြီးကြောက်နေတယ်။ အဲ့ဒီအတွက်တော့ မစိုးရိမ်ပါနဲ့၊ သားအိမ်ခေါင်းကင်ဆာက မျိုးရိုးမလိုက်တတ်ပါဘူး။ မျိုးရိုးလိုက်တတ် တာက ရင်သားကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ သားအိမ်ကိုယ်ထည် ကင်ဆာ၊အူမကြီးကင်ဆာတွေပဲဖြစ်တယ်။ ပထမအဆင့်ပြီးရင် ဒုတိယအဆင့် ကာကွယ်နည်းကို သွားကြစို့။ ဒီရောဂါမှာ ကင်ဆာဟာတစ်ခါတည်း တန်းမဖြစ်ဘဲ အကြိုအဆင့်လေး
တွေကို ဆယ်နှစ်လောက် ဖြတ်သန်းပြီးမှကင်ဆာဖြစ်တာ။ ဒါကြောင့် ဒီအကြိုအဆင့်ကို အချိန်မှန်မှန် စစ်ဆေးဖော်ထုတ်ပြီး တွေ့တာနဲ့ စောစောစီးစီး ကုသလိုက်ရင် ကင်ဆာမဖြစ်ခင် ကာကွယ်လို့ ရတာပေါ့။ ဒီနည်းကို သားအိမ်ခေါင်းချွဲစစ်ဆေးခြင်း Cervical Smear Test လို့ခေါ်တယ်။ သားအိမ်ခေါင်းထိပ်က
ဆဲလ်လေးတွေကို သစ်သားပြားနဲ့ကော်ယူပြီး အဏုကြည့် မှန်ဘီလူးနဲ့ စစ်ဆေးမယ်။ ဒီလိုစစ်ဆေးလို့ မူမမှန်ဆဲလ်တွေတွေ့ရင်ခသူစသျခသစန လို့ခေါ်တဲ့ အထူးသားအိမ်ခေါင်းကြည့်မှန် ပြောင်းနဲ့ ကြည့်ပြီး မသင်္ကာတဲ့နေရာကို အသားစယူ စစ်ဆေးမယ်။ ဒီလိုစစ်ဆေးလို့ ကင်ဆာမဖြစ်ခင် အကြိုအဆင့်ကို တွေ့
ရင် ခေတ်မီနည်းတွေနဲ့ ဖယ်ရှားကုသပေးပြီး ကင်ဆာမဖြစ်အောင် ကာကွယ်နိုင်တယ်။ သားအိမ်ခေါင်းချွဲစစ်ဆေးတာက မနာကျင် ဘူး။ အချစ်နဲ့ မကင်းတဲ့အမျိုးသမီးတိုင်း သုံးနှစ်တစ်ခါ စစ်ဆေးသင့်တယ်။ ဗဟိုအမျိုးသမီး ဆေးရုံကြီးနဲ့ အထူးကုဆေးရုံကြီးတွေမှာ သွားရောက်ပြီး စစ်ဆေးနိုင်ကြပါတယ်။တိုးတက်ဖွံ့ဖြိုးပြီး ချမ်းသာတဲ့ နိုင်ငံတွေမှာဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အရွယ် ရောက်လာပြီဖြစ်တဲ့ အမျိုးသမီးတိုင်းကို စနစ်တကျ စီမံချက်ချပြီး အကြိုအဆင့်ရှိမည်ကို နှစ်စဉ် အချိန်မှန်မှန် ဆေးကုသပေးတယ်။ ဒါကြောင့်လည်း သူတို့နိုင်ငံတွေမှာ ဒီရောဂါကြောင့် အမျိုးသမီးတွေသေနှုန်းဟာ ၉ဝ ရာခိုင်နှုန်းထိ လျော့နည်းကျဆင်းသွားပြီ။ ဆရာတို့ နိုင်ငံမှာလည်း မကြာခင်တိုးတက်ချမ်းသာ လာတဲ့ တစ်နေ့ ဒီလို စီမံချက်မျိုးတွေနဲ့ မြန်မာအမျိုးသမီးတွေ ဒီရောဂါကြောင့် အသေဆိုးနဲ့
မသေအောင် လုပ်ပေးနိုင်ဖို့ သိပ်မဝေးတော့ဘူးလို့ မျှော်လင့်ရတာပဲဖြစ်တယ်။
ပထမအဆင့်၊ ဒုတိယအဆင့်တွေပြီးလို့ နောက်ဆုံးနဲ့တတိယအဆင့် ကာကွယ်ခြင်း ခံတပ်ကို ရောက်ပြီး ဒီခံတပ်ကတော့ သားအိမ် ခေါင်းကင်ဆာဖြစ်သွားပြီဖြစ်တဲ့ အမျိုးသမီး တွေကို ဒီရောဂါ ရဲ့ ဝေဒနာဆိုးတွေက ကင်းဝေး
အောင် ဒီရောဂါကြောင့် အသေဆိုးနဲ့မသေရ အောင် ကာကွယ်ခြင်းဆိုတဲ့ ခံတပ်ပဲဖြစ်တယ်။ဒီခံတပ်မှာ အရေးအကြီးဆုံး သော့ချက်အကျဆုံးဆောင်ပုဒ်လေးကတော့ 'စောစောသိ၊ စောစောကု၊ စောစောပျောက်ပဲ ဖြစ်တယ်။ကင်ဆာဆဲလ်တွေရဲ့သဘာဝက ကြောက်စရာကောင်းအောင် လျင်လျင်မြန်မြန်နဲ့ ပျံ့နှံ့
ပွားများ တတ်တာပါပဲ။ ဒါကြောင့် ရောဂါဖြစ်ဖြစ်ချင်း ရောဂါလက္ခဏာတွေ ပြပြချင်းမှာ မပေါ့ဆဘဲ ဆရာဝန်ဆီကို အမြန်ဆုံးသွားပြနိုင်ဖို့ အရေးကြီးတယ်။ ဒါမှသာ ရောဂါရဲ့ အစောပိုင်းအဆင့် (၁)မှာ မိလိုက်ရင် အထိရောက်ဆုံးဆေးကုပေးပြီး အမြစ်ပြတ်ပျောက်ကင်းမှာ။ဒါပေမယ့် ဝမ်းနည်းစရာ စိတ်ထဲ မကျေမချမ်းဖြစ်ရတာက ဒီရောဂါဖြစ်တဲ့ လူနာတွေ ဆေးရုံကိုရောက်လာလို့ စစ်ဆေးကြည့်တဲ့အခါကျ လူနာ ၁ဝ ယောက်မှာ ခုနစ်ယောက်လောက် က အဆင့်လွန်၊ အဆင့်မြင့်နောက်ကျကင်ဆာတွေဖြစ်နေခြင်းပါပဲ။ သမီးရဲ့ မေမေ့ရဲ့အဖြစ်ဆိုးဟာ အကောင်းဆုံးဥပမာဖြစ်တယ်။လူနာတွေက ရောဂါလက္ခဏာ တွေပေါ်လာတဲ့
ခါ အရေးကြီးမှန်း မသိတာရယ်၊ ဆေးရုံဆေးခန်းသွားပြရမှာ ဝန်လေးတာ။ ဆရာဝန်တွေ စမ်းသပ်မှာကို ရှက်ကြ ကြောက်ကြတာ၊စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားနေရတာမို့ ဆေးခန်းသွားပြဖို့ အချိန်မပေးနိုင်တာတွေကြောင့် ဆေးရုံကို စောစောရောက်မလာကြဘူး။ နောက်ဆုံး မရှူနိုင်မကယ်နိုင်ဖြစ်လာတော့မှ ဘယ်လိုမှ ရှောင်လွှဲလို့ မရတော့မှသာ ဆေးရုံကို ရောက်လာကြတာဖြစ်တယ်။ဒါကြောင့် ဆရာ ရေးစပ်ထားတဲ့'သွေးဆုံး ပြီးမှ သွေးပြန်ဆင်း၊ အတူနေသွေးဆင်း၊ အဖြူ အပုပ်ဆင်း အရေးကြီးဘိခြင်း'' ဆိုတဲ့ လင်္ကာ လေးကိုပဲ ပုံမမှန်သွေးဆင်း အဖြူအပုပ်တွေ ဆင်း၍ လုံးဝမပေါ့ဆဘဲ ဆေးရုံဆေးခန်းတွေကို အမြန်ဆုံးပြသဖို့ အရေးကြီးတယ်သမီးရေ။ နောက်အရေးကြီးတဲ့ အချက်ကတော့ရောဂါ ဖြစ်လာရင် တကယ်မှန်ကန် ထိရောက်တဲ့ ဆေးကုသမှုခံယူနိုင်ဖို့ပဲဖြစ်တယ်။ ဒီရောဂါကို ကုသနည်းနှစ်နည်းရှိတယ်။ ခွဲစိတ်ကုတဲ့
နည်းရယ်၊ ဓာတ်ရောင်ခြည်နဲ့ ဆေးကုနည်းရယ် ပေါ့။ သေသေချာချာ ထိထိရောက်ရောက်ဆေးကုရင် ပျောက်ကင်းချမ်းသာနိုင်ပါလျက်နဲ့ ပြဿနာ အခက်အခဲမျိုးစုံကြောင့် လူနာတွေမသေသင့်ဘဲ သေနေရတာတွေ့ရတယ်။
ပြဿနာတွေကို အပိုင်းနှစ်ပိုင်းခွဲပြီး ပြောရမှာဖြစ်တယ်။ ပထမပိုင်းက လူနာတွေ ပြည်သူလူထုတွေဘက်ကအပိုင်း၊ လူနာတွေက သမီးမေမေမှာ ဖြစ်သလို ဓာတ်ကင်ရမယ်ဆိုတာနဲ့အကြောက်ကြီး ကြောက်ပြီး ထွက်ပြေးချင်ကြတယ်။ အရပ်ထဲမှာ ပျံ့နှံ့နေတဲ့'ဓာတ်ကင်ရင် သေမှာပဲ။ ကင်မနေနဲ့ဆိုတဲ့စကားကြောင့်ပေါ့။ နောက်တစ်ခုက လူနာတွေက ခွဲရမှာကိုရော ဓာတ်ကင်ရမှာကိုရော ကြောက်ကြတယ်။ အဲ့ဒီမှာပဲ လူနာတွေအကြိုက် မခွဲမစိတ် မဖြတ်မတောက်၊ ဓာတ်မကင်ရဘဲ ဆေးတစ်ဖုံသောက်ရုံနဲ့ ကင်ဆာကိုအမြတ်ပြတ်အောင်ကုပေးမယ်ဆိုပြီး ကြော်ငြာတဲ့ ဆေးမြီးတို တွေကို လူနာတွေ အားကိုးတကြီးနဲ့ ရွေးချယ်တတ်
ကြတာပါပဲ။ ဒါကြောင့် ပြောတာလောကမှာ မရှိတာထက် မသိတာက ခက်သတဲ့၊ မသိတာထက် အသိမှားတာက ပိုခက်တယ်လို့လေ။ သမီးမေမေက အကောင်းဆုံးသက် သေပဲ မဟုတ်လား။
ဒီပြည်သူလူထုကြားမှာ ပျံ့နှံ့အမြစ်တွယ်နေ တဲ့ အယူအဆအမှားတွေကို ပြုပြင်ပြောင်းလဲ နိုင်ဖို့ အရေးကြီးတယ်။ ပထမဆုံး ဓာတ်ကင်တယ်။ ကင်တယ်ဆိုတဲ့ နားဝင်ဆိုးတဲ့ စကားကို ပြောင်းရမယ်။ ဒီစကားကြောင့် လူနာတွေ ကြောက်မယ်ဆိုရင်လဲ အပြစ်မတင်သင့်ဘူး။ သမီးပဲ မြင်ယောင်ကြည့်လိုက်။ ကင်တယ်ဆို
တော့ မီးဖိုမှာအကင်ခံနေရတဲ့ ငါးကလေးလိုပဲ လူနာက တန်းကနဲမြင်ပြီး အဲ့ဒီ ငါးလေးလိုဖြစ်မှာ ကြောက်တာပေါ့။ အဲသလို ငါးကင်သလို ကင်တာမဟုတ်ဘူး။ ဓာတ်ရောင်ခြည်နဲ့ပြရုံပြလိုက်တာ။ ပူတာ၊ နာတာ၊ ကျင်တာမရှိပါဘူး။ နောက် တစ်ချက်ကတော့ မခွဲမစိတ်၊ ဓာတ်မကင်ဘဲ ဆေးတစ်ဖုံနဲ့ကင်ဆာ အမြစ်ပြတ်ပျောက်ဆေးဆိုပြီး ကြော်ငြာကောင်းတဲ့ ဆေးမြီးတိုတွေ ဆရာတု၊ ဆရာ
ယောင်တွေကို ယုံစားပြီး မိမိရဲ့ အသက်နဲ့ ခန္ဓာကိုယ်ကို ပုံမအပ်လိုက်မိဖို့ပါပဲ။
နောက် ပြုပြင်ပြောင်းလဲရမယ့် အပိုင်းကတော့ ကျန်းမာရေးဌာန၊ အစိုးရရဲ့အပိုင်းပါပဲ။ ကင်ဆာလူနာတွေက ဓာတ်ရောင်ခြည်နဲ့ဆေး ကုဖို့ ပိုပိုပြီးယုံကြည်အားကိုးလာအောင် အပြောနဲ့မဟုတ် အလုပ်နဲ့လက်တွေ့ ပြနိုင်ဖို့ အရေး ကြီးတယ်။
အခုလက်တွေ့မှာ တကယ်ကြုံတွေ့ရတာကများပြားလှတဲ့ လူနာတွေနဲ့ အခု
လက်ရှိ ရှိနေတဲ့ ဓာတ်ရောင်ခြည်စက်တွေက ဝန်နဲ့အား မမျှတဲ့ ကိစ္စဖြစ်တယ်။ မြန်မာတစ်ပြည်လုံးမှာ ရန်ကုန်ရယ်၊ မန္တလေးရယ်၊တောင်ကြီးမှာရယ်ပဲ ဓာတ်ရောင်ခြည်စက်တွေရှိတယ်။ လူနာတွေကများလွန်းလို့ ဓာတ်ရောင်ခြည်နဲ့ကုသခွင့်ရဖို့ တန်းစီ စောင့်ဆိုင်းရတယ်။ နှစ်လ၊ သုံးလ၊ လေးလ စသဖြင့် လနဲ့ချီပြီး စောင့်ပြီးမှ ကိုယ့်အလှည့် ရောက်တာ။ သမီးပဲ စဉ်းစားကြည့်။ ဒီလိုမျိုး ကင်ဆာရောဂါကြီးဖြစ်မှန်းသိလို့ အိပ်လို့မပျော်၊ စားမဝင်နိုင်အောင် အကြောက်ကြီး
ကြောက်နေတဲ့ လူနာဟာ ဓာတ်ရောင်ခြည်နဲ့ကုသခွင့်ရဖို့ ဒီလောက်အကြာကြီး စောင့်နေရပြီဆိုမှတော့ အဲဒီစောင့်ရတဲ့အချိန်မှာ သူ တို့တွေ ဘယ်လို ခံစားရမလဲ။ ဘယ်လောက်တောင် တုန်လှုပ် ချောက်ချားလိုက်မလဲ။အဲ့ဒီအချိန်မှာ ရေနစ်နေတဲ့လူလိုပဲ ကောက်ရိုးမျှင်လေးတစ်မျှင်ကိုတောင် အားကိုးတကြီးနဲ့
ဆွဲမိ ဆွဲရာ ဆွဲမှာသေချာတယ်။ အဲ့သလို အားငယ်ပြီး လူနာကယ် ရာမဲ့ဖြစ်နေချိန်မှာသူတို့အနား ကြော်ငြာကောင်းကောင်းနဲ့ ရောက်လာတဲ့ ကင်ဆာအမြစ်ပြတ်ဆေးတွေကို အားကိုးမိသွားတာကို ဘယ်လိုလုပ်ပြီး အပြစ်တင်ရက်ပါ့မလဲကွယ်။
ဒါကြောင့် ဒီလိုအဖြစ်ဆိုးမျိုးတွေက ကင်းဝေးအောင် ဓာတ်ရောင်ခြည်စက် အသစ်တွေ ထပ်တိုးချဲ့နိုင်ဖို့ အရေးတကြီးလိုအပ်နေပါတယ်။ ဆရာတို့ တိုင်းပြည် ပိုက်ဆံတွေ မြန်မြန်ချမ်းသာ လာပါစေ။ ဓာတ်ရောင်ခြည်စက်အသစ်တွေ မြန်မြန်
ထပ်ဝယ်နိုင်ပါစေလို့ ဆုတောင်း လိုက်ပါတယ်။
ကိုင်း သမီးလေးပုံ့ပုံ့ရေ ဒီလို ဆိုးရွားရက်စက် ကြောက်စရာကောင်းတဲ့ သားအိမ်ခေါင်း ကင်ဆာကို ကာကွယ်နှိမ်နင်းနိုင်ဖို့ ''သိ'' ငါးလုံးနဲ့ ပြည့်စုံဖို့လိုတယ်။ ပထမ'သိ'က ဘာကြောင့် ဖြစ်မှန်းသိဖို့၊ ဒီရောဂါဟာ HPV ဗိုင်းရပ်ပိုးလိင်ကတစ်ဆင့် ကူးစက်မှန်း သိဖို့ဖြစ်တယ်။ ဒုတိယ 'သိက' ဘယ်လို ကာကွယ်ရမှန်းသိ
ဖို့၊ လိင် ကိစ္စစည်းကမ်းရှိဖို့၊ ကာကွယ်ဆေးထိုးဖို့ 'သိ' ရမှာဖြစ်တယ်။ တတိယ 'သိ'ကတော့ ဒီရောဂါ ကြီးဖြစ်မလာခင် အကြိုအဆင့်ရှိမှန်း 'သိဖို့'၊ အဲဒီ အဆင့်ကိုလည်း သားအိမ်ခေါင်းချွဲမြှော့ကို မှန်မှန်စစ်ဆေး၊ တွေ့ရင်ဆေးကုလို့ရမှန်း 'သိဖို့' ဖြစ်တယ်။
စတုတ္ထ 'သိ' ကတော့ ရောဂါလက္ခဏာ ပြ တာနဲ့ စောစော 'သိ'ဖို့၊ သွေးဆုံးပြီးမှ သွေးပြန် ဆင်း၊ ပုံမမှန်၊ အတူနေသွေးဆင်း အဖြူအပုတ် ဆင်း၊ အရေးကြီးခြင်းဆိုတဲ့ လင်္ကာလေးအတိုင်းပေါ့။
ပဉ္စမ 'သိ'ကတော့ စောစောသိ စောစောကုရင် စောစောပျောက်မှန်းသိဖို့၊ခွဲစိတ်ကု ဓာတ်ရောင်ခြည်နဲ့ ထိထိရောက်ရောက်ကုလို့ရမှန်း သိဖို့ဖြစ်တယ်။
ကိုင်း သမီးလေး ပုံ့ပုံ့ရေ ကြောက်ရွံ့ခြင်းဆို တဲ့ 'အမှောင်ထုကြီးကို အသိဥာဏ်ပညာဆိုတဲ့ အလင်းရောင်နဲ့' မောင်းနှင်ထုတ်ပစ်ကြစို့နော်။ ဒီရန်သူကိုကြောက်ရင် သူ့အကြောင်းတိတိကျကျ ဂဃနဏ သိအောင်လုပ်ရမယ်။ဒါမှ သူနဲ့ မတွေ့အောင် ကွေ့ရှောင်တဲ့နည်းတွေ၊ ကာကွယ်တဲ့ နည်းတွေ၊ မလွဲမရှောင်သာ
ရင်ဆိုင်တွေ့ ရင်တောင်ကိုယ်က ဦးအောင်အနိုင်တိုက်တဲ့ နည်းလမ်းတွေ ပိုသိလာမယ်။ 'သိ'လာတဲ့ 'အသိ'တွေကို လက်တွေ့ကျကျလိုက်နာကျင့် သုံးနိုင်ပြီဆိုရင် ဒီ ရောဂါဆိုးကြီးကို အနိုင်တိုက်နိုင်ပြီပေါ့။ သမီးပုံ့ပုံ့နှင့်တကွမြန်မာအမျိုးသမီးတွေအားလုံး သမီးကြောက်တဲ့ 'သားအိမ် ခေါင်းကင်ဆာ' ဘေးဆိုးကြီးက
လွတ်ကင်းနိုင်ကြပါစေလို့ ဆုတောင်းရင်း ...
Copied from
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/posts/920386284755905