TK Counselling Service

TK Counselling Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TK Counselling Service, Mental Health Service, Hpa-an township, Hpa-an.

" ချစ်နေရင် ပြီးတာပဲ " ဆိုတဲ့ အတွေးရဲ့အန္တရာယ် "ငါ သူ့ကို ချစ်တယ်၊ သူ ငါ့ကို ချစ်တယ်... ဒါဆို ကျန်တာတွေ ဘာအရေးပါလို့လဲ" ...
26/04/2026

" ချစ်နေရင် ပြီးတာပဲ " ဆိုတဲ့ အတွေးရဲ့အန္တရာယ်

"ငါ သူ့ကို ချစ်တယ်၊ သူ ငါ့ကို ချစ်တယ်... ဒါဆို ကျန်တာတွေ ဘာအရေးပါလို့လဲ"

ဒီစကားကို ဘယ်နှစ်ကြိမ်လောက် သင်ကိုယ်တိုင် ပြောဖူးခဲ့လဲ။
ဒါမှမဟုတ် သူများပြောတာ ဘယ်နှစ်ခါကြားဖူးလဲ။

ချစ်ခြင်းဆိုတာ သန့်ရှင်းတယ်။ လှပတယ်။ ဒါပေမဲ့...
ချစ်ခြင်းလို့ ​ခေါင်းစဥ်ပြီး သူ့လုပ်သမျှအရာတိုင်းက သင့်ကို နာကျင်​စေ​နေရင် ဒါက ချစ်ခြင်း ဟုတ်​မနေ​တော့ပါဘူး​နော်...

တချို့ လူ​တွေက "ချစ်နေရင်ပြီးပြီ" ဆိုပြီး...

✓ မလေးစားတာကို သည်းခံတယ်
✓ နှိမ်ချပြီးဆက်ဆံတာကို ခံယူတယ်
✓ နာကျင်စေတာကို ခွင့်လွှတ်တယ်
✓ ကိုယ့်ရဲ့နယ်နိမိတ်တွေကို တစ်ခုပြီးတစ်ခု ဖြိုဖျက်​နေရင်လည်းရတယ်

ဘာလို့လဲဆိုတော့... "သူ ငါ့ကို ချစ်​နေတာပဲ... ဒါဆို ရပါပြီ"
စသဖြင့် သင့်ကိုယ်သင်​ သင်လိုရာဖြည့်​တွေးပြီး သာယာ​နေတယ်။

ဒါပေမဲ့ အမှန်တရားက...

သူသာ မင်းကို တကယ်ချစ်ရင်...
ဘာဖြစ်လို့ မင်းကို ငိုအောင်လုပ်ရတာလဲ။
ဘာဖြစ်လို့ မင်းရဲ့ခံစားချက်ကို ဂရုမစိုက်တာလဲ။
ဘာဖြစ်လို့ မင်းပြောတဲ့စကားကို နားမထောင်တာလဲ။
ဘာဖြစ်လို့ မင်းပြောင်းလဲဖို့ကိုပဲ အမြဲတောင်းဆိုပြီး ကိုယ်တိုင်ကျ ဘာလို့မပြောင်းလဲတာလဲ။

အဖြေက... ဒါဟာ ချစ်ခြင်း မဟုတ်​တော့ပါဘူး။

ဒါဟာ တွယ်တာမှု (attachment)
ဒါမှမဟုတ် အလေ့အထ (habit)
ဒါမှမဟုတ် အဆင်ပြေမှု (convenience)
ဒါမှမဟုတ် အရှုံးမပေးချင်တဲ့စိတ် (ego)

စတဲ့အရာ တစ်ခုခု​ကြောင့်ပါ။

စစ်မှန်တဲ့ ချစ်ခြင်းမှာ...
• လေးစားမှုရှိတယ်
• ယုံကြည်မှုရှိတယ်
• သင့်ရဲ့ခံစားချက်ကို အရေးပေးတယ်
• အမှားရှိရင် နားလည်​ဖို့ကြိုးစားတယ်
• သင့်အတွက် အ​သေးအမွှား​လေးကအစ မခံစားရအောင် ဂရုတစိုက်ပြုမူတယ်

ဒါကြောင့် ဒီမှတ်တိုင်လေးကို သတိရပါ...

"ချစ်နေရင် ပြီးပါပြီ" ဆိုတဲ့ အ​တွေးနဲ့ သင့်ဘဝရဲ့ အရာအားလုံးကို စ​တေးလိုက်ဖို့ မတန်ပါဘူး။

ချစ်ခြင်းမှာ အပြန်အလှန် လေးစားမှု၊ ယုံကြည်မှု၊ ပွင့်လင်းမြင်သာမှု၊ လက်ခံနိုင်မှု... ဒါတွေအားလုံးရှိမှ ပြည့်စုံမှု ရှိတာပါ။

ဒါကြောင့် ယနေ့ကစပြီး...

"သူငါ့ကိုချစ်လို့" ဆိုတဲ့ အကြောင်းပြချက်နဲ့ မလေးစားမှုကို လက်မခံပါ​တော့နဲ့။
"သူငါ့ကိုချစ်လို့" ဆိုတဲ့ အကြောင်းပြချက်နဲ့ နာကျင်အောင်လုပ်ခြင်းကို သည်းမခံပါ​တော့နဲ့။
"သူငါ့ကိုချစ်လို့" ဆိုတဲ့ အကြောင်းပြချက်နဲ့ သင့်ရဲ့နယ်နိမိတ်ကို ဖြိုချက်ခွင့်မပေးပါ​တော့နဲ့။

သင်ဟာ စစ်မှန်တဲ့ ချစ်ခြင်းကို ရပိုင်ခွင့်ရှိတဲ့သူ တစ်ဦးပါ။

အဲဒီလို မမှန်တဲ့ မှားယွင်းတဲ့ ဆက်ဆံရေးမျိုး ဆိုရင်...
ချစ်နေတာတစ်ခုတည်းနဲ့ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်​မ​နေပါ​တော့နဲ့...အချစ်သူရဲ​ကောင်းလုပ်ဖို့ထိ တန်မ​နေပါဘူး​။

သင့်ရဲ့ချစ်ခြင်းက သင်လိုမျိုး ချစ်တဲ့သူနဲ့ဆုံဆည်းဖို့ ထိုက်တန်ပါတယ်​နော်...

Toxic Relationship က ရခဲ့တဲ့ ဒဏ်ရာများကို healing လုပ်ချင်သူများ၊ Healthy Relationship ကို ​ကောင်းမွန်စွာတည်ဆောက်လိုသူများအတွက် TK Counselling Service မှာ Relationship Counseling Package စီစဥ်​ပေးထားတာ ရှိပါတယ်ရှင့်။

အ​သေးစိတ် သိလိုပါက page messenger က​နေတစ်ဆင့် ဆက်သွယ်​မေးမြန်း စုံစမ်းနိုင်ပါတယ်ရှင့်။

👩‍🎓 Dr.Khin Aye Soe
(Counselling Psychologist)


အလုပ်တွေ၊ တာဝန်တွေ၊ လူမှုဆက်ဆံရေးတွေကြားမှာ ကိုယ်တစ်ယောက်တည်း မောပန်းနွမ်းနယ်နေတယ်လို့ ခံစား​နေရပါသလား။ တစ်ခါတစ်လေ ဘာကို...
25/04/2026

အလုပ်တွေ၊ တာဝန်တွေ၊ လူမှုဆက်ဆံရေးတွေကြားမှာ ကိုယ်တစ်ယောက်တည်း မောပန်းနွမ်းနယ်နေတယ်လို့ ခံစား​နေရပါသလား။

တစ်ခါတစ်လေ ဘာကိုမှ စိတ်မဝင်စားတော့ဘူး၊ ကိုယ်လုပ်နေကျအရာတွေကိုတောင် လုပ်ဖို့ ပင်ပန်းနေတယ်လို့ ခံစားရပါသလား။

ဒါဆိုရင် သင်ဟာ Burnout လို့​ခေါ်တဲ့ စိတ်​ရောကိုယ်ပါပင်ပန်းနွမ်းနယ်မှုကို ခံစား​နေရတာပါ။

ဒါဟာ သာမန် ပင်ပန်းနွမ်းနယ်ခြင်းနဲ့ မတူဘဲ၊ ခဏအနားယူရုံနဲ့ချက်ခြင်း ပျောက်ကင်းနိုင်တဲ့ အခြေအနေတစ်ခု မဟုတ်ပါ။ ​​ရေရှည်ထိ အင်အားပြန်ဖြည့်ဖို့ လိုအပ်တဲ့ အ​ခြေအ​နေတစ်ခု ဖြစ်ပါတယ်။

သင်က Burnout ခံစား​နေရမှန်း သိနိုင်တဲ့ အချက်ပြလက္ခဏာတွေက​တော့....

💠စွမ်းအင်ကုန်ခမ်းခြင်း - အမြဲတမ်း ပင်ပန်းနွမ်းနယ်နေပြီး အနားယူပြီးရင်လည်း မလန်းဆန်းဘူးလို့ ခံစားရခြင်း။

💠စိတ်ဝင်စားမှု လျော့နည်းခြင်း - အရင်က ဝါသနာပါတဲ့အရာ၊ အလုပ်၊ လူမှုရေးတွေအပေါ် စိတ်မဝင်စားတော့ခြင်း။

💠စွမ်းဆောင်ရည် ကျဆင်းခြင်း - အလုပ်မှာ၊ ကျောင်းမှာ၊ အိမ်မှာ ကိုယ့်ရဲ့လုပ်ဆောင်နိုင်စွမ်း သိသိသာသာ ကျဆင်းလာတယ်လို့ ခံစားရခြင်း။

💠စိတ်တိုဒေါသထွက်ခြင်း - အသေးအဖွဲကိစ္စတွေနဲ့ကို အလွယ်တကူ စိတ်တို၊ စိတ်ဆတ်လာခြင်း။

💠ကိုယ့်ကိုယ်ကိုယ် အထီးကျန်ခြင်း - သူများတွေနဲ့ ဝေးဝေးနေချင်တဲ့ စိတ်ဖြစ်ပေါ်လာခြင်း။

ဒီလို ခံစားလာရပြီဆိုရင် သင့်ကိုယ်တိုင် ​ဖြေရှင်းဖို့ ကြိုးစားရမှာက...

☑ကိုယ့်ရဲ့ ကန့်သတ်ချက်ကို အသိအမှတ်ပြုပါ။

“မရဘူး” လို့ ပြောတတ်ဖို့ သင်ယူပါ။ အားလုံးကို လုပ်နိုင်တယ်၊ အားလုံးကို ဖြေရှင်းနိုင်တယ်လို့ မထင်ပါနဲ့။ ကိုယ့်မှာ ကန့်သတ်ချက်တွေရှိတယ်ဆိုတာကို လက်ခံပြီး တစ်ခါတစ်ရံ “NO” လို့ ပြောဖို့ သတ္တိရှိပါ။

☑အလုပ်နဲ့ ဘဝကို ခွဲခြားပါ။

အိမ်အလုပ်တွေ၊ ရုံးအလုပ်တွေကို အိပ်ယာထဲထိ ယူမသွားပါနဲ့။ အလုပ်ပြီးရင် အနားယူဖို့၊ ကိုယ်ကြိုက်နှစ်သက်တဲ့ဝါသနာတစ်ခုခုကို လုပ်ဖို့ အချိန်သတ်မှတ်ထားပါ။

☑ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်းကို ဦးစားပေးပါ။

အိပ်ရေး၀၀အိပ်ပါ။ ပုံမှန်လေ့ကျင့်ခန်း လုပ်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ။ ဒါတွေဟာ အခြေခံကျတဲ့အရာတွေဖြစ်ပေမယ့် Burnout ကာကွယ်ရေးအတွက် အရေးကြီးဆုံးပါ။

☑ရင်ဖွင့်ဖို့ လူတစ်ယောက် ရှိပါစေ။

ယုံကြည်ရတဲ့ မိသားစုဝင်၊ မိတ်ဆွေ၊ ဒါမှမဟုတ် စိတ်ပညာရှင်တစ်ယောက်ကို ကိုယ့်ခံစားချက်တွေကို ပြောပြပါ။ ဒါက သင့်ရဲ့ပင်ပန်းနွမ်းနယ်မှုကို ​လျော့ပါးသက်သာ​စေနိုင်ပါတယ်။

☑သေးငယ်တဲ့ ပျော်ရွှင်မှုတွေကို ရှာဖွေပါ။

ကော်ဖီတစ်ခွက် သောက်ရင်း သီချင်းနားထောင်တာ၊ စာအုပ်တစ်အုပ်ဖတ်တာ၊ သဘာဝထဲလမ်းလျှောက်တာ စသဖြင့် သေးငယ်တဲ့ ပျော်ရွှင်မှုတွေက စိတ်ကို အားပြန်ဖြည့်ပေးနိုင်ပါတယ်။

Burnout ဖြစ်လာရခြင်းဟာ သင့်ရဲ့ အားနည်းချက် မဟုတ်ပါဘူး။ ဒါဟာ သင်က အချိန်အကြာကြီး ကိုယ့်ရဲ့ ကန့်သတ်ချက်ထက် ကျော်လွန်ပြီး ကြိုးစားခဲ့ရတယ်ဆိုတဲ့ အချက်ပြမှု တစ်ခုပါ​နော်။

ဒါကြောင့် ဒီနေ့ကစပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ ပင်ပန်းနေပြီဆိုရင် အနားယူပါ။ အကူအညီတောင်းခံဖို့ မတွန့်ဆုတ်ပါနဲ့။

မိမိကိုယ်ကိုယ် ဂရုစိုက်ခြင်းဟာ အတ္တဆန်ခြင်း မဟုတ်ပါဘူး၊ ကျန်းမာ​ပျော်ရွှင်ဖို့အတွက် လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။

လူတိုင်း လူတိုင်း စိတ်ရောကိုယ်ပါ ကျန်းမာကြပါစေရှင့်။

မိမိတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အ​ခြေအ​နေများကို ရင်ဖွင့်​ဆွေး​နွေးတိုင်ပင် လိုပါက TK Counselling Service တွင် counselling packages ​တွေ စီစဥ်​ပေးထားတာ ရှိပါတယ်ရှင့်။

အ​သေးစိတ် သိလိုပါက page messenger က​နေတစ်ဆင့် ဆက်သွယ်​မေးမြန်း စုံစမ်းနိုင်ပါတယ်ရှင့်။

👩‍🎓 Dr.Khin Aye Soe
(Counselling Psychologist)



အောင်မြင်ချင်တဲ့သူတိုင်းမှာ "ဇွဲ" ဆိုတာ ရှိကြပါတယ်။ " ဇွဲ " ရှိတယ် ဆိုတာ ကောင်းတဲ့အကျင့်ပါ။ ဒါပေမယ့် ဇွဲအလွန်အကျွံရှိပြီ...
22/04/2026

အောင်မြင်ချင်တဲ့သူတိုင်းမှာ "ဇွဲ" ဆိုတာ ရှိကြပါတယ်။

" ဇွဲ " ရှိတယ် ဆိုတာ ကောင်းတဲ့အကျင့်ပါ။

ဒါပေမယ့် ဇွဲအလွန်အကျွံရှိပြီး "လိုက်လျောညီထွေရှိမှု" မပါရင် တစ်ခါတလေ ကျောက်ဆောင်ကြီးကို ဦးခေါင်းနဲ့ဝင်တိုးသလို ဖြစ်တတ်ပါတယ်။

လူတော်တော်များများက "ငါအရှုံးမပေးဘူး" ဆိုတဲ့ စကားကို ဂုဏ်ယူကြတယ်။ တကယ်လည်း ဂုဏ်ယူစရာပါ။

ဒါပေမယ့် တစ်ခါတလေ အရှုံးမပေးတာကောင်းပေမဲ့ "လမ်းမှားကို " ဇွဲ " လုံးလုံးနဲ့ ဆက်သွားနေတာ" က အောင်မြင်မှုကို ပိုဝေးစေတယ်ဆိုတာ သိဖို့လိုပါတယ်။

ဒါကြောင့် "Grit" (ဇွဲ) ရယ်၊ "Adaptability" (လိုက်လျောညီထွေရှိမှု) ရယ် နှစ်ခုစလုံးကို ဟန်ချက်ညီအောင် ထားတတ်ဖို့ အရေးကြီးပါတယ်။

ဒီနှစ်ခုရဲ့ ခြားနားချက်လေးကို ရှင်းပြရရင် -

၁။ ဇွဲ (Grit) ဆိုတာ ရေရှည်ပန်းတိုင်တစ်ခုအတွက် စိတ်အားထက်သန်မှုနဲ့ ဇွဲလုံးလုံးနဲ့ ရှေ့ဆက်သွားတာ။ "ငါ ဒီပန်းတိုင်ကို ရောက်အောင်ရမယ်" ဆိုတဲ့ စိတ်ဓာတ်ပါ။

ဥပမာ - တစ်နှစ်လုံး ခက်ခက်ခဲခဲ ကျက်မှတ်ပြီး စာမေးပွဲကို ရှောင်မပြေးဘဲ ဖြေတာက ဇွဲ။

၂။ လိုက်လျောညီထွေရှိမှု (Adaptability) ဆိုတာ ပတ်ဝန်းကျင်အခြေအနေအရ နည်းလမ်း၊ လမ်းကြောင်း၊ သဘောထားတွေကို ပြောင်းလဲနိုင်တဲ့ စွမ်းရည်။ "လမ်းပိတ်နေရင် တခြားလမ်းရှာမယ်" ဆိုတဲ့ ​လိုက်​လျောညီ​​ထွေ ပြောင်းလဲမှုသဘောပါ။

ဥပမာ - စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ရင်း ပထမနည်းလမ်းက အဆင်မပြေတော့တဲ့အခါ ဒုတိယနည်းလမ်းကို အလျင်အမြန် ပြောင်းလုပ်တတ်တာ။

ဒါဆို ဘယ်အချိန်မှာ ဇွဲထားရမလဲ၊ ဘယ်အချိန်မှာ ပြောင်းလဲရမလဲ။

သိရခက်တဲ့မေးခွန်းပါ။ ဒါပေမယ့် အောက်ပါအချက်လေးတွေကို သုံးသပ်ကြည့်လို့ရပါတယ်။

ဇွဲထားသင့်တဲ့အခါ -

✅ပန်းတိုင်က ကိုယ့်အတွက် တကယ်အဓိပ္ပာယ်ရှိတယ် (ဥပမာမိသားစုကို လုံခြုံစေချင်တာ၊ ကိုယ်ကြိုက်တဲ့အိပ်မက်အလုပ်ကို ရချင်တာ)
✅ရေရှည်မှာ အကျိုးရှိမယ်ဆိုတာ သေချာတယ်
✅လမ်းကြောင်းက ခက်ပေမဲ့ မှန်တယ်ဆိုတာ သိတယ်

ပြောင်းလဲသင့်တဲ့အခါ -

ℹတစ်ခါတစ်လေ သုံးတဲ့နည်းလမ်းက ရလဒ်မထွက်တာ ကြာနေပြီ
ℹပတ်ဝန်းကျင်က လုံးဝပြောင်းသွားပြီ (ဥပမာ - စျေးကွက်၊ နည်းပညာ၊ လူမှုအခြေအနေ)
ℹကိုယ့်ရဲ့ စိတ်ကျန်းမာရေးနဲ့ ခန္ဓာကိုယ်ကျန်းမာရေးကို ထိခိုက်လာပြီ
ℹပြောင်းလဲဖို့ အခွင့်အရေးကောင်းတစ်ခု ပေါ်လာပြီ

ဆိုရင်​တော့ ပြောင်းလဲဖို့ ကြိုးစားကြည့်သင့်ပါပြီ။

ဒါကို နားလည်​အောင် လက်တွေ့ ဘဝ ဥပမာ လေးနဲ့ ရှင်းပြ​ပေးလိုက်ပါတယ်။

သင့်မှာ တစ်နှစ်လုံး အားသွန်ခွန်စိုက် လုပ်ထားတဲ့ Business Plan တစ်ခုရှိတယ်ဆိုပါစို့။

ဒါပေမယ့် စျေးကွက်ထဲမှာ အလုပ်မဖြစ်ဘူးဆိုတာ သုံးလလောက်စမ်းကြည့်လို့ သိလာရတယ်။

ဇွဲပဲရှိပြီး လိုက်လျောမှုမရှိရင် "ငါ့ Plan က မှားနေတယ်လို့ မထင်ဘူး၊ ဆက်လုပ်နေမယ်" ဒီ​တော့ နောက်ထပ် ငွေ၊ အချိန်၊ စိတ်ခံစားချက်တွေ ဆက်ကုန်လာမယ်။

လိုက်လျောမှုရှိပြီး ဇွဲမရှိရင် သုံးလပဲကြာတာနဲ့ "ဒီ Business လုံးဝမဖြစ်ဘူး" ဆိုပြီး လုံးလုံးလက်လျှော့ပစ်မယ်။

နှစ်ခုစလုံးရှိရင် "ဒီ Plan က အဆင်မပြေဘူး၊ ဒါပေမယ့် ငါ့ရဲ့ Business ကိုတော့ ဆက်လုပ်ချင်တယ်။

ဒါဆို Plan B သို့မဟုတ် Plan C ကို ပြောင်းကြည့်မယ်" ဆိုတဲ့ စဉ်းစားတာမျိုးရှိပါတယ်။

ဒါ​ကြောင့် အောင်မြင်တဲ့လူတွေဟာ ဇွဲပဲရှိလို့ပဲ မဟုတ်ဘူး။ သူတို့ရဲ့ ပန်းတိုင်ကို မမေ့ဘဲ လမ်းကြောင်းတွေကို ပြောင်းလဲနိုင်တဲ့ သတ္တိရှိလို့ပါ။

သဘာဝတရားကိုပဲ ကြည့်ကြည့်ပါ။ ရေဟာ တောင်ကိုဖြတ်ဖို့ ကျောက်ဆောင်ကို တိုက်ရိုက်မဝင်ပါဘူး။ ရှေ့ဆက်ချင်တဲ့ ဇွဲရှိပေမဲ့ လိုအပ်တဲ့နေရာမှာ ကွေ့သွားပါတယ်။

ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။

"ငါ လက်ရှိလုပ်နေတဲ့အရာက ငါ့ရဲ့အိပ်မက်ကို တကယ်ရောက်အောင်ပို့ပေးနေတာလား။ ဒါမှမဟုတ် ငါ လမ်းမှားကို ဇွဲလုံးလုံးနဲ့ သွားနေတာလား။"

ဇွဲကောင်းတယ်ဆိုတာ အားကျစရာပါ။
ဒါပေမယ့် လိုက်လျောညီထွေ ရှိတယ်ဆိုတာ " သာလွန်တဲ့ ဉာဏ်ပညာ " တစ်ခု ဆိုတာကို ​မေ့မသွားပါနဲ့။

ဒါကြောင့် အောင်မြင်ချင်ရင် -

♾အိပ်မက်ကြီးကြီးထားပါ။
♾ဇွဲကောင်းကောင်းထားပါ။
♾ဒါပေမယ့် လိုအပ်ရင် လမ်း​ကြောင်းပြောင်းဖို့ကိုလည်း တွန့်ဆုတ်မနေပါနဲ့။

(အောင်မြင်တဲ့လူတွေမှာ ဇွဲတစ်မျိုးတည်းရှိတာ မဟုတ်ပါဘူး။ ဘယ်အချိန်မှာ လမ်း​ကြောင်းပြောင်းရမလဲ ဆိုတာကိုလည်း သူတို့​ကောင်း​ကောင်းသိပါတယ်။)

စာဖတ်သူအားလုံး ကိုယ့်ရဲ့ခရီးမှာ ဇွဲရော၊ လိုက်လျောညီထွေရှိမှုပါ ဟန်ချက်ညီညီဖြင့် လျှောက်လှမ်းနိုင်ကြပါစေရှင်။

မိမိလမ်း​ကြောင်းကို မိမိကိုယ်တိုင် ထုဆစ်ပုံ​ဖော်ချင်တဲ့ သူ​တွေအတွက် TK Counselling Service မှာ self-transformation package စီစဥ်​ပေးထားတာ ရှိပါတယ်ရှင့်။

အ​သေးစိတ် သိလိုပါက page messenger က​နေတစ်ဆင့် ဆက်သွယ်​မေးမြန်း စုံစမ်းနိုင်ပါတယ်ရှင့်။

👩‍🎓Dr.Khin Aye Soe
(Counselling Psychologist)



တစ်ခါတစ်ရံမှာ Narcissist ​တွေဟာ အော်ဟစ်ငေါက်ငမ်းတာ၊ ဒေါသတကြီးပြန်တိုက်တာမျိုး မလုပ်ဘဲ ရုတ်တရက် ငြိမ်သွားတတ်တယ်။ ဒီလိုငြိ...
19/04/2026

တစ်ခါတစ်ရံမှာ Narcissist ​တွေဟာ အော်ဟစ်ငေါက်ငမ်းတာ၊ ဒေါသတကြီးပြန်တိုက်တာမျိုး မလုပ်ဘဲ ရုတ်တရက် ငြိမ်သွားတတ်တယ်။

ဒီလိုငြိမ်နေတာက သူ လက်လျှော့လိုက်ပြီလို့ ထင်စရာကောင်းပေမယ့်... တကယ်တမ်းကျတော့ အန္တရာယ်အကြီးဆုံး အချိန်ပါ။

ဘာလို့လဲဆိုရင်...

ပုံမှန်လူတစ်ယောက်ဟာ စိတ်ဆိုးရင် ဆိုးတယ်၊ ဝမ်းနည်းရင် ငိုတယ်၊ စိတ်ထိခိုက်ရင် ပြောပြတယ်။ ဒါပေမယ့်...

Narcissist အတွက်ကျတော့ “ငြိမ်နေတာ” ဟာ လက်လျှော့တာမဟုတ်ဘူး။ သူ့တို့ရဲ့ လက်နက်ကို ပြန်ထက်မြက်​အောင်လုပ်နေတာပါ။

အဲ့အချိန်မှာ သူတို့​တွေ ဘာတွေလုပ်လေ့ရှိလဲဆိုရင်...

♾တိတ်တိတ်လေး လက်စားချေဖို့စီစဉ်တယ်

အပြင်မှာ အေးဆေးနေပေမယ့် အတွင်းမှာ “ငါ့ကို လုပ်ထားတဲ့ ဟာ၊ ဒီအကြွေးကို ပြန်ဆပ်မှရမယ်” လို့ အမြဲတွေးနေတတ်ပါတယ်။ နေ့ရက်တွေကြာတဲ့အထိ စောင့်ဆိုင်းပြီး အခွင့်ကောင်းကို ​စောင့်​နေတတ်ပါတယ်။

♾“အားလုံး ငါ့အတွက် မထိုက်တန်ဘူး” ဆိုတဲ့ အကာအကွယ်ကို ယူတယ်

သူကျရှုံးတာ၊ လူတွေကငြင်းပယ်တာကို ခံနိုင်ရည်ရှိအောင် “ဒီလူတွေအားလုံးက အရည်အချင်းမရှိကြတာ” “ဒီလောကကြီးက ငါ့ကို နားမလည်တာ” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်​နေတတ်တယ်။

သို့​သော်လည်း ဒီအကာအကွယ်အောက်မှာ သူ့ရဲ့ ဒေါသအိုင်က ပိုပြီး နက်ရှိုင်းလာတယ်။

♾အကြောင်းပြချက်မရှိဘဲ ရုတ်တရက် တိုက်ခိုက်ပြန်တယ်

ရက်အတော်ကြာ အေးဆေးနေပြီးမှ သင်ဘာမှမထင်ထားတဲ့အချိန်၊ သင်အားနည်းချက်ပြမိတဲ့အချိန်မှာ တစ်စချင်းစီပြန်တိုက်ခိုက်ပြန်တယ်။

ဥပမာ - လွန်ခဲ့တဲ့ ၃လက သင်ပြောမိခဲ့တဲ့စကားတစ်ခွန်းကို အခုမှ ပြန်​ဖော်ပြီး သင့်ကိုအရှက်ခွဲတာ၊ သင့်အမှားသေးသေးလေးတွေကို လူရှေ့သူရှေ့ ထုတ်​ဖော်​ပြောဆိုတာမျိုးလုပ်လာတယ်။

ဒီလိုတုန့်ပြန်တာကို စိတ်ပညာအရ “Narcissistic Revenge Cycle” လို့ခေါ်ပါတယ်။

ဆိုလိုတာက - ကျရှုံးမှုကို လက်မခံနိုင်တဲ့နာကျင်မှုက → ငြိမ်နေတဲ့အဆင့် → ပြီးရင် ကြိုတွက်ချက်ထားတဲ့လက်စားချေမှု။

စသဖြင့် Narcissist ​တွေက အဲ့အတိုင်း တုန့်ပြန်တတ်ပါတယ်။

ဒါကြောင့် Narcissist တစ်ယောက် ရုတ်တရက် ငြိမ်သွားတာကို မြင်ရင်...

⚠️ သူ့ရဲ့ ဒေါသ ပြေသွားပြီလို့ မထင်ပါနဲ့။
⚠️ “သိပ်ကောင်းတဲ့လူဖြစ်သွားပြီ” လို့ မချီးကျူးပါနဲ့။
⚠️ ကိုယ်တိုင်လည်း “ငါအနိုင်ရပြီ” လို့ မခံစားပါနဲ့။

အဲဒီအစား...
✅ အကွာအဝေးယူထားပါ။
✅ ကိုယ့်ကာကွယ်ရေးအတွက် သတိရှိပါ။
✅ သူနဲ့ထပ်မပတ်သက်ဖို့ ဖြည်းဖြည်းချင်းခွာပါ။

သတိရပါ - Narcissist ရဲ့ “ငြိမ်သက်ခြင်း” ဟာ ငြိမ်းချမ်းရေးမဟုတ်ပါဘူး။ တိုက်ပွဲအသစ်အတွက် ပြင်ဆင်နေတာပါ​နော်။

ဒါ​ကြောင့် Narcissist ​တွေရဲ့ ငြိမ်သက်မှုကို ​လျှော့မတွက်ထားဖို့ လိုပါမယ်ရှင့်။

မိမိတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲများကို ရင်ဖွင့်​ဆွေး​နွေးတိုင်ပင်လိုပါက TK Counselling Service တွင် mental health counselling package စီစဥ်​ပေးထားတာ ရှိပါတယ်ရှင့်။

အ​သေးစိတ် သိလိုပါက page messenger က​နေတစ်ဆင့် ဆက်သွယ်​မေးမြန်း စုံစမ်းနိုင်ပါတယ်ရှင့်။

👩‍🎓 Dr.Khin Aye Soe
(Counselling Psychologist)


သင်ကိုယ်တိုင်က People Pleasing Trap ထဲ ပိတ်မိနေပြီလား ?? ဒီအကြောင်းကို မပြောခင်... People Pleasing Trap ဆိုတာကို အရင်နား...
17/04/2026

သင်ကိုယ်တိုင်က People Pleasing Trap ထဲ ပိတ်မိနေပြီလား ??

ဒီအကြောင်းကို မပြောခင်...

People Pleasing Trap ဆိုတာကို အရင်နားလည်အောင် ပြောပြရရင်...

People Pleasing Trap ဆိုတာ တစ်ခြားလူတွေ ပျော်အောင်၊ ကျေနပ်အောင် အမြဲလုပ်နေရင်း ကိုယ့်ကိုယ်ကိုယ် မေ့သွားတဲ့ အခြေအနေကို ဆိုလိုတာပါ။

ဥပမာ - ကိုယ် မလုပ်ချင်တာကို "အင်း" လို့ ပြောမိ​နေတာမျိုး၊ ကိုယ်ပင်ပန်းနေပေမယ့် "အေးပါ ရပါတယ်" လို့ ​ပြောနေမိတာမျိုးပါ။

ဒီလို ကိုယ့်ကို အမြဲ​နောက်မှာထားပြီး သူများအတွက် အမြဲ​စဥ်းစား​ပေးပြီး ခေါင်းညှိတ်မိ​နေရင် သင်က People Pleasing Trap မှာ ပိတ်မိ​နေတာ ဖြစ်ပါတယ်။

ပုံမှန်အ​ခြေအ​နေမှာ လူတစ်ယောက်က တစ်ခါတလေ ငြင်းတယ်၊ တစ်ခါတလေ လက်ခံတယ်။ ကိုယ့်အတွက်လည်း နေရာရှိတယ်၊ အချိန်​ပေးတယ်။ သို့သော်...

သင်က People Pleasing Trap ထဲ ပိတ်မိနေပြီဆိုရင်...အဲ့လိုမျိုး​တွေ မရှိ​တော့ဘဲ...

"ငါမကူညီရင် သူတို့ ငါ့ကို စိတ်ဆိုးသွားလိမ့်မယ်"
"ငါမပျော်ရရင်လည်း​ သူတို့ပျော်ရင် ကျေနပ်ပါတယ်​လေ"
"ငါက အကြီးပဲ​လေ ​အလျှော့​ပေးလိုက်ပါမယ်​လေ"

စသဖြင့် "သူများစိတ် အဆင်​ပြေဖို့ပဲ" အဓိက ထားပြီး အမြဲလုပ်​ပေး​ဖြစ်နေမိတယ်။

အဲ့အတွက်​ကြောင့် ကြာလာရင်...
သင် ဘာဖြစ်ချင်တာ၊ ဘာကို လိုချင်မှန်းကိုတောင် မသိတော့ဘူး။

တဖြည်းဖြည်းနဲ့..

🔴 စိတ်ပင်ပန်းလာတယ်

"ငါဘာလို့ဒီလောက်တောင် ပင်ပန်းနေရတာလဲ"
"ငါဘယ်သူ့အတွက် နေနေရတာလဲ"
"ငါ​နေရာက ဘယ်မှာလဲ"

🔴 နောက်ဆုံး ပေါက်ကွဲတယ်

တစ်နေ့မှာ သည်းမခံနိုင်တော့ဘဲ ရုတ်တရက် ဒေါသထွက်တယ်၊ ငိုတယ်၊ လူတွေကို ပြန်တိုက်ခိုက်မိတယ်။ ပြီးရင် "ငါဘာလို့ ဒီလို လုပ်မိလိုက်တာလဲ" ပြန် "နောင်တ" ရတယ်။

🔴 စိတ်ထဲမှာ အရမ်းအထီးကျန်တယ်

လူတိုင်းနဲ့ပေါင်းပေမယ့် ဘယ်သူမှ သင့်အကြောင်း တကယ်မသိဘူး။ သင်ကိုယ်တိုင်လည်း သင့်အကြောင်း မသိတော့ဘူး။

ဘာကြောင့်လဲဆိုရင် သင်က သူများအတွက် ငဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ဦးစား​ပေးဖို့ မေ့​နေခဲ့လို့ပါ။

တကယ်​တော့ လူတိုင်းကို ကျေနပ်အောင်လုပ်ဖို့ မလိုအပ်ပါဘူး။သင်ကိုယ်သင် အရင် ကျေနပ်အောင်နေဖို့က ပိုအရေးကြီးတယ်။

အဲ့လိုမှမဟုတ်ဘဲ အမြဲတမ်း "လူသဘောကျအောင်ပဲ" နေမိခဲ့မယ်ဆိုရင် သင်ဟာ တစ်နေ့မှာ ဘာမှမကျန်တော့တဲ့အထိ ကိုယ့်ကိုယ်ကိုယ် ပေးဆပ်ပြီး ​နေသွားရပါလိမ့်မယ်။

ဒါကြောင့်...

သင့်ကိုယ်သင် " No" လို့ ​ပြောတတ်​အောင် ​လေ့ကျင့်ယူကြည့်ပါ။

တစ်ခါတ​လေ "No" လို့ပြောလိုက်တာဟာ ရက်စက်တာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာပါ။

ကိုယ်ချစ်ရတဲ့သူတွေကို ကူညီ​ပေးတာ ကောင်းပါတယ်။ ဒါပေမယ့် သင့်ကိုယ်သင် လောင်ကျွမ်းသွား​အောင်အထိ ကူညီဖို့ မလိုအပ်ပါဘူး​နော်။

👩‍🎓Dr.Khin Aye Soe
(Counselling Psychologist)

တစ်ခါတလေ ကိုယ်ခံစားနေရတဲ့ စိတ်ခံစားချက်တွေကို "မဖြစ်သင့်တဲ့ခံစားချက်" ၊ "အားနည်းတဲ့ခံစားချက်" လို့ တံဆိပ်ကပ်မိတတ်ကြပါတယ်...
14/04/2026

တစ်ခါတလေ ကိုယ်ခံစားနေရတဲ့ စိတ်ခံစားချက်တွေကို "မဖြစ်သင့်တဲ့ခံစားချက်" ၊ "အားနည်းတဲ့ခံစားချက်" လို့ တံဆိပ်ကပ်မိတတ်ကြပါတယ်။

ဥပမာ- "ဒီလောက်လေးနဲ့ ငါ ဘာလို့ စိတ်ဆိုးနေတာလဲ" ၊ "ငါသာ ပိုပြီး သည်းခံသင့်တာ" ၊ "စိတ်မပူဖို့ပဲ ကြိုးစားရမယ်"

စသဖြင့် ခံစားချက်​တွေကို အတည်ပြု​ပေးဖို့ထက် အပြစ်ရှာမိတာ၊​ဝေဖန်တာ​တွေ လုပ်တတ်ပါတယ်။

တကယ်တမ်းမှာ စိတ်ခံစားချက်တွေအားလုံးဟာ တရားဝင်ပါတယ်။

သူ ရောက်ရှိလာခြင်းမှာ အ​ကြောင်းအရင်း ရှိ​တာမို့ ...
သူ့ကို ​မှန်သည်/မှားသည်" ဟု ဆုံးဖြတ်တာမျိုး မလုပ်ဘဲ

"ငါဒီလိုခံစားနေရတာ ဟုတ်တယ်၊ ဒါကို လက်ခံပါတယ်၊ နားလည်ပါတယ်" လို့ ကိုယ့်ကိုယ်ကိုယ် အတည်ပြု​ပေးဖို့ လိုပါမယ်။

ဒီလို ကိုယ့်ရဲ့ စိတ်ခံစားချက်​တွေကို အတည်ပြုပေး​လိုက်တာနဲ့အောက်ပါ ​ကောင်းကျိုးများစွာကို ရရှိ​စေနိုင်ပါတယ်။

✅ စိတ်ခံစားချက်တွေ မြန်မြန် ငြိမ်သက်သွားတယ်
✅ ဒေါသ၊ ဝမ်းနည်းမှုတွေ ကြာရှည်မခံတော့ဘူး
✅ ကိုယ့်ကိုယ်ကိုယ် ပိုပြီး ကြင်နာတတ်လာတယ်
✅ တစ်ကိုယ်ရည်ဆက်ဆံရေးကောင်းမွန်လာတယ်
✅ အခြားသူတွေကိုပါ နားလည်လက်ခံတတ်လာတယ်

Emotional Validation လုပ်တယ်ဆိုတာ အဆိုးဘက်ကိုအားပေးတာ (ဥပမာ "ငါဆိုတာ ဒေါသကြီးတဲ့လူပဲ" )လို့ လက်ခံထားဖို့ မဟုတ်ပါဘူး။ အခု ​ငါ့ဆီမှာ ဒေါသကြီးတဲ့စိတ်တစ်ခု ဖြစ်​နေတယ် စသဖြင့် ခံစားချက်ကို လက်ခံပြီး​တော့ ကျန်းမာတဲ့ တုန့်ပြန်မှုကို ရွေးချယ်နိုင်ဖို့အတွက်ပါ။

​ဒါ​ကြောင့် နေ့တိုင်း ကိုယ့်ခံစား​နေရတဲ့ ခံစားချက်​တွေကို မပယ်ချဘဲ လက်ခံပြီး ကျန်းမာစွာ တုန့်ပြန်တတ်ဖို့ လိုပါမယ်။

📝 စတင်လေ့ကျင့်နိုင်တဲ့ စကားလုံး​တွေက​တော့...

😌"ငါဒီလိုခံစားရတာ အဆင်ပြေပါတယ်။ ငါလည်း လူပါပဲ။" အမြဲတမ်း​တော့ ဘယ်အဆင်​ပြေ​နေပါ့မလဲ။

😌"ဒီအခက်အခဲအတွက် ငါ့ကိုယ်ငါ စိတ်ဆိုးနေတာ သဘာဝကျပါတယ်"

😊"ငါ့ရဲ့ခံစားချက်က တရားဝင်တယ်။ ဒါကို ရှင်းပြ​နေစရာလည်းမလိုအပ်ပါဘူး​လေ"

စသဖြင့် ခံစားချက်​တွေကို လက်ခံပြီး သတိနဲ့ကျန်းမာစွာတုန့်ပြန်ကြည့်​ပေးပါ။

ဒီလိုသာ သတိပြု လက်ခံတတ်သွားရင် အရင်ကထက် ပိုပြီးစိတ်ကို တည်ငြိမ်​အောင် ထားတတ်သွားပါလိမ့်မယ်။

လူတိုင်း လူတိုင်း စိတ်​ရောကိုယ်ပါ ကျန်းမာကြပါ​စေရှင်။

မိမိတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲများကို ရင်ဖွင့်ဆွေးနွေး တိုင်ပင်လိုပါက TK Counselling Service တွင် mental health counselling package စီစဥ်ပေးထားတာ ရှိပါတယ်ရှင်။

အသေးစိတ် သိလိုပါက page messenger ကနေတစ်ဆင့် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်ရှင်။

👩‍🎓 Dr.Khin Aye Soe
(Counselling Psychologist)

တစ်ခါတလေ လူတွေဟာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးသတ်မှတ်ဖို့အတွက် အကြောင်းပြချက်တွေ ရှာနေတတ်ကြတယ်။ "ငါ ဒီလောက်အောင်မြင်မှ ငါတန်ဖ...
11/04/2026

တစ်ခါတလေ လူတွေဟာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးသတ်မှတ်ဖို့အတွက် အကြောင်းပြချက်တွေ ရှာနေတတ်ကြတယ်။

"ငါ ဒီလောက်အောင်မြင်မှ ငါတန်ဖိုးရှိမယ်"
"ငါ ဒီလောက်လှပမှ ငါချစ်ခံထိုက်မယ်"
"ငါ သူများကို ဒီလောက်ကူညီနိုင်မှ ငါကောင်းတဲ့လူဖြစ်မယ်" စသဖြင့်​ပေါ့...

ဒါပေမဲ့ အမှန်တရားက ပိုရိုးရှင်းပါတယ်။ ပိုလည်း လှပါတယ်။
ကိုယ်ဟာ ကိုယ်ဖြစ်နေလို့ကို တန်ဖိုးရှိနေတာပါ။

ဒါကို ယုံကြည်​ပေးပါ။

ပန်း​လေးတစ်ပွင့်က သူ့ကို ခူးပန်သည်ဖြစ်​စေ၊ မပန်သည်ဖြစ်​စေ ဘယ်သူ့ကိုမှ မလှဘူးလို့ မပြောပါဘူး။

သူတို့ရှိနေရုံနဲ့ သူတို့ရဲ့တန်ဖိုး ပြည့်စုံနေတယ်၊ လှပတယ်ဆိုတာကို သူတို့ သိပါတယ်။

ကိုယ်လည်း အဲဒီလိုပါပဲ။

ကိုယ့်ရဲ့အားနည်းချက်တွေကြားမှာ
ကိုယ့်ရဲ့အမှားတွေကြားမှာ
ကိုယ့်ရဲ့မစုံလင်မှုတွေကြားမှာ

ကိုယ်ရှိနေတယ်ဆိုတဲ့အချက်တစ်ခုတည်းက
ကိုယ့်ကို တန်ဖိုးအရှိတဲ့ လူသားတစ်ယောက် ဖြစ်စေပါတယ်။

ဘာလို့လဲဆိုရင်...
ကိုယ်လောက်တန်ဖိုးရှိတဲ့သူ ဒီကမ္ဘာမှာ နောက်တစ်ယောက်မရှိလို့ပါ။

ကိုယ့်ရဲ့ရယ်ပုံ၊ ကိုယ့်ရဲ့တွေးပုံ၊ ကိုယ့်ရဲ့ခံစားပုံ၊
ကိုယ့်ရဲ့အတိတ်၊ ကိုယ့်ရဲ့အိပ်မက်၊ ကိုယ့်ရဲ့အနာဂတ် —
ဒါတွေအားလုံးဟာ ကိုယ့်ဆီမှာပဲရှိတဲ့ သီးသန့်လက်ဆောင်တွေပါ။

ဒါကြောင့်...

တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုယ် အဆိုးဘက်က စပြီးတွေးမိရင်
"ငါ မလုံလောက်ဘူး" လို့ ခံစားရရင်
ကိုယ့်ရင်ဘတ်ပေါ်ကို လက်တစ်ဖက်တင်ပြီး ပြန်ပြောလိုက်ပါ —

"ငါ ဒီအတိုင်း လုံလောက်တယ်။
ငါဟာ ငါဖြစ်နေလို့ကို တန်ဖိုးရှိတယ်။
ဒါကို သက်သေပြဖို့ ငါ ဘာမှ ထပ်လုပ်စရာမလိုဘူး။"

ဒီစကားကို ကိုယ်တိုင် မယုံဝံ့သေးရင်တောင် ထပ်ပြောပါ။
မှန်ကြည့်တိုင်း ပြောပါ။
အိပ်ရာမဝင်ခင်လည်း ပြောပါ။
နိုးလာတာနဲ့ ပြောပါ။

တစ်နေ့မှာ ကိုယ် ဒါကို ခံစားလာလိမ့်မယ်။
ပြီးတော့ ကိုယ် လွတ်လပ်သွားလိမ့်မယ်။
သူများရဲ့အသိအမှတ်ပြုခြင်းကနေ၊
သူများရဲ့လက်ခံခြင်းကနေ၊
ကိုယ်တိုင်ကိုယ်ကျ ကိုယ့်အတွက် လုံလောက်နေပြီဆိုတာ သိသွားလိမ့်မယ်။

သတိရပါ —

ပန်း​လေတစ်ပွင့်လိုပဲ ကိုယ်ရှိနေရုံနဲ့တင် ဒီကမ္ဘာကြီးက ပိုလှပ​နေပါတယ်၊ ကိုယ်ဖြစ်နေလို့ကို တန်ဖိုးရှိနေတဲ့ ကိုယ့်အတွက် ကိုယ့်ကိုယ်ကိုယ် အမြဲ ပွေ့ဖက် ဂုဏ်ယူလိုက်ပါ။

လူတိုင်း လူတိုင်း စိတ်​ရောကိုယ်ပါ ကျန်းမာကြပါ​စေရှင်။.

👩‍🎓Dr.Khin Aye Soe
(Counselling Psychologist)



လူတိုင်းမှာ စိုးရိမ်ပူပန်စရာတွေ ရှိတတ်ကြပါတယ်။စာမေးပွဲ၊ အလုပ်အင်တာဗျူး၊ ချစ်ရသူရဲ့ကျန်းမာရေး၊ ငွေကြေးအခြေအနေ… စသဖြင့်။ ဒ...
07/04/2026

လူတိုင်းမှာ စိုးရိမ်ပူပန်စရာတွေ ရှိတတ်ကြပါတယ်။စာမေးပွဲ၊ အလုပ်အင်တာဗျူး၊ ချစ်ရသူရဲ့ကျန်းမာရေး၊ ငွေကြေးအခြေအနေ… စသဖြင့်။

ဒါပေမဲ့ တစ်ခါတစ်လေ ဘာမှမဖြစ်သေးဘဲ၊ ဖြစ်နိုင်ခြေနည်းတဲ့အရာတွေအတွက်ပါ စိတ်တွေပူနေတာ​တွေဖြစ်​နေပြီလား။

ဥပမာ...

"အပြင်သွားတိုင်း လမ်းမှာ ကားတိုက်ခံရမှာ စိုးတယ်"
"ဖုန်းမြည်တိုင်း သတင်းဆိုးဖြစ်မှာ စိုးရိမ်မိတယ်"
"လေယာဉ်ခရီးစဉ်ရဲ့ ဘေးကင်းလုံခြုံမှုကို သိပေမယ့် လေယာဉ်ပျက်ကျမှာပဲ စိုးရိမ်နေမိတယ်"

ဒါက သာမန်စိုးရိမ်ပူပန်ခြင်း လား၊ GAD (Generalized Anxiety Disorder) လားဆိုတာ စာဖတ်သူ​တွေအ​နေနဲ့ ခွဲခြားပြီး သိနားလည်ဖို့ ​ရေးတင်​ပေးလိုက်ပါတယ်ရှင့်။

သာမန်စိုးရိမ်ပူပန်ခြင်း (Normal Anxiety)

သာမန်စိုးရိမ်ပူပန်ခြင်းဆိုတာ ဘဝရဲ့ဖိစီးမှုတွေကို တုံ့ပြန်တဲ့ သဘာဝနည်းလမ်းတစ်ခုပါ။ ဒါဟာ လိုအပ်တဲ့အချိန်၊ လိုအပ်တဲ့အကြောင်းရင်းနဲ့ ဖြစ်တတ်ပါတယ်။

သာမန်စိုးရိမ်ပူပန်ခြင်းရဲ့ လက္ခဏာများ

💭 အကြောင်းရင်းရှိတယ် – စာမေးပွဲရှိလို့ ပူတယ်၊ အလုပ်ပြိုင်ဆိုင်မှုများလို့ ပူတယ်။
💭 ထိန်းချုပ်နိုင်တယ် – ပြဿနာဖြေရှင်းလိုက်ရင် စိုးရိမ်စိတ်ပြေသွားတယ်။
💭 အချိန်တိုခံစားရတယ် – ဖြစ်ရမယ့်အချိန်နီးလာရင် ပူတယ်၊ ပြီးသွားရင် ပြေသွားတယ်။
💭 နေ့စဉ်ဘဝကို သိပ်မထိခိုက်ဘူး – စိုးရိမ်နေပေမယ့် ပုံမှန်အလုပ်၊ ကျောင်း၊ လူမှုရေးတွေ လုပ်နိုင်သေးတယ်။
💭 တစ်ခုခုနဲ့ အာရုံလွှဲလို့ရတယ် – ရုပ်ရှင်ကြည့်၊ သူငယ်ချင်းနဲ့စကားပြော၊ အလုပ်လုပ်လိုက်ရင် ခဏမေ့သွားတတ်တယ်။

ဥပမာ

"မနက်ဖြန် presentation ရှိတယ်။ ငါပြင်ဆင်ထားတာ လုံလောက်ရဲ့လား။ မေးခွန်းမေးရင် ငါဖြေနိုင်မှာလား။" စသဖြင့် ​တွေးပူတယ်။
→ presentation ပြီးသွားတာနဲ့ ဒီစိုးရိမ်စိတ် ပျောက်သွားတယ်။

GAD (အထွေထွေစိုးရိမ်စိတ်ရောဂါ)

GAD ကတော့ အကြောင်းရင်းရှိတာ/မရှိတာ မရွေး၊ ဘဝရဲ့ကဏ္ဍအမျိုးမျိုးအတွက် နေ့စဉ်နီးပါး စိုးရိမ်ပူပန်နေတတ်တဲ့ စိတ်ကျန်းမာရေးအခြေအနေတစ်ခုပါ။

GAD ရဲ့ လက္ခဏာများ

🔄 အကြောင်းရင်းမရှိဘဲလည်း ပူတတ်တယ် – ဖြစ်နိုင်ခြေအရမ်းနည်းတဲ့အရာ၊ လုံးဝမဖြစ်သေးတဲ့အရာတွေအတွက်ပါ ပူတယ်။

🔄 ထိန်းချုပ်ရခက်တယ် – "မပူတော့ဘူး" လို့ ကိုယ်တိုင်ကြိုးစားပေမယ့် မရဘူး။ အတွေးတွေက ဆက်ပြီးဝင်နေတယ်။

🔄 ကြာရှည်ခံစားရတယ် – အနည်းဆုံး ၆ လကျော် ဒီလိုစိုးရိမ်စိတ်မျိုး ခံစားနေရတယ်။

🔄 ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေပြတတ်ပါတယ် – ကြွက်သားတွေတင်းမာနေတယ်၊ ပင်ပန်းနွမ်းနယ်လွယ်တယ်၊ အိပ်မပျော်ဘူး၊ စိတ်တိုလွယ်တယ်၊ အစာမကြေဘူး။

🔄 နေ့စဉ်ဘဝကို သိသိသာသာထိခိုက်လာတယ် – စိုးရိမ်စိတ်ကြောင့် အလုပ်အာရုံမစိုက်နိုင်ဘူး၊ ဆုံးဖြတ်ချက်ချရခက်တယ်၊ လူမှုဆက်ဆံရေးတွေ ရှောင်မိတယ်။

ဥပမာ..

"သားဖြစ်သူ ကျောင်းသွားတိုင်း လမ်းမှာ ကားတိုက်ခံရမှာစိုးတယ်။ သူကျောင်းရောက်ပြီ ဆိုတဲ့ ဖုန်းလာတိုင်အောင် စိတ်မအေးဘူး။ အိမ်မှာ မီးဖိုသုံးတိုင်း မီးလောင်မှာ စိုးတယ်။ အိမ်ကထွက်တိုင်း တံခါးသော့ခတ်ထားတာ သေချာရဲ့လားဆိုပြီး ပြန်ပြန်စစ်တယ်။ ဒါတွေက တစ်နေ့ကို နာရီပေါင်းများစွာ ကုန်သွားတယ်။ ငါဘာလို့ ဒီလောက်ပူနေရတာလဲ ကိုယ်တိုင်လည်းနားမလည်ဘူး။"

သင့်အ​နေနဲ့ GAD ဖြစ်နေပြီဆိုရင် ဘယ်လိုလုပ်မလဲ ...စိတ်မပူပါနဲ့...

GAD ဟာ ကုသလို့ရတဲ့ စိတ်ကျန်းမာရေးပြဿနာတစ်ခုပါ။
အောက်ပါနည်းလမ်းတွေက ထိရောက်စွာ ကူညီပေးနိုင်ပါတယ်။

📍CBT (စိတ်ပိုင်းဆိုင်ရာအပြုအမူကုထုံး)
→ စိုးရိမ်စိတ်တွေရဲ့ နောက်ကွယ်က အတွေးပုံစံတွေကို ပြောင်းလဲဖို့ သင်ကြားပေးတဲ့ ကုထုံးတစ်မျိုးပါ။

📍စိတ်ကိုဖြေလျှော့တဲ့ နည်းလမ်းများ
→ အသက်ပြင်းပြင်းရှူခြင်း၊ တရားထိုင်ခြင်း၊ ကြွက်သားများဖြေလျှော့ခြင်းတို့က ရုပ်ပိုင်းဆိုင်ရာတင်းမာမှုကို လျှော့ချပေးတယ်။

📍နေ့စဉ်ဘဝပုံစံ ပြောင်းလဲခြင်း
→ လုံလောက်စွာအိပ်စက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်း၊ ကဖိန်းဓာတ်နဲ့ အရက်လျှော့သုံးခြင်းတို့က စိုးရိမ်စိတ်ကို သက်သာစေပါတယ်။

📍ဆေးဝါးကုသခြင်း
→ လိုအပ်ပါက စိတ်ရောဂါအထူးကုဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးသုံးစွဲခြင်းက ရောဂါလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။

အောက်ပါလက္ခဏာတွေ ရှိလာရင်တော့ ကျွမ်းကျင်တဲ့ စိတ်ကျန်းမာရေးပညာရှင်နဲ့ ပြသဖို့ အကြံပြုပါတယ်-

⚠️ အနည်းဆုံး ၆ လကျော် ဒီလိုစိုးရိမ်စိတ်မျိုး ခံစားနေရတယ်
⚠️ စိုးရိမ်စိတ်ကို ကိုယ်တိုင် ထိန်းချုပ်ဖို့ အရမ်းခက်ခဲနေတယ်
⚠️ စိုးရိမ်စိတ်ကြောင့် အလုပ်၊ ကျောင်း၊ လူမှုဆက်ဆံရေးတွေ ထိခိုက်လာတယ်
⚠️ ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေ (ခေါင်းကိုက်၊ ကြွက်သားတင်း၊ အိပ်မပျော်၊ ပင်ပန်းနွမ်းနယ်) ပါ ခံစားလာရတယ်
⚠️ စိုးရိမ်စိတ်ကြောင့် အရက်သောက်တာ၊ ဆေးသုံးတာ စတဲ့ မလိုလားအပ်တဲ့အပြုအမူတွေ လုပ်မိနေတယ်

ဆိုရင် ကျွမ်းကျင်တဲ့ စိတ်ကျန်းမာရေးပညာရှင်နဲ့ ပြသဖို့ အကြံပြုပါတယ်​နော်။

ကိုယ်ခံစားနေရတဲ့ အတွေ့အကြုံတွေကို ပြောပြရမှာ ရှက်စရာ၊ အားနည်းစရာလို့ ယူဆပြီး ကြိတ်မှိတ် ခံစားမ​နေပါနဲ့။

လိုအပ်လို့ အကူအညီတောင်းတာဟာ ကိုယ့်ရဲ့စိတ်ကျန်းမာရေးကို ဂရုစိုက်ဖို့အတွက် ရဲရင့်တဲ့ ဆုံးဖြတ်ချက် တစ်ခုပါ​နော်။

မိမိတို့ရဲ့ GAD လက္ခဏာကိုလျှော့ချနိုင်ရန် TK Counselling Service မှာ mental health counselling package စီစဉ်ပေးထားတာ ရှိပါတယ်ရှင်။

အသေးစိတ်သိလိုပါက page messenger ကနေတစ်ဆင့် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်ရှင်။

👩‍🎓Dr.Khin Aye Soe
(Counselling Psychologist)


ဘဝမှာ အခက်အခဲ​တွေ၊ ကျရှုံးမှု​တွေ၊ ဆုံးရှုံးမှုတွေ ကြုံ​တွေ့ရတာက လူတိုင်းအတွက် ရှောင်လွှဲလို့မရတဲ့ အရာတွေပါ။ သို့​သော်  ...
01/04/2026

ဘဝမှာ အခက်အခဲ​တွေ၊ ကျရှုံးမှု​တွေ၊ ဆုံးရှုံးမှုတွေ ကြုံ​တွေ့ရတာက လူတိုင်းအတွက် ရှောင်လွှဲလို့မရတဲ့ အရာတွေပါ။

သို့​သော် ဒီအခက်အခဲတွေ ကြုံ​တွေ့ရပြီဆို ဒါကို ရင်ဆိုင်ပြီး ပြန်လည်ထူထောင်နိုင်တဲ့စွမ်းရည် Emotional Resilience ကတော့ လူတိုင်းမှာ မရှိတတ်ကြပါဘူး။

ဒီစွမ်းရည် မရှိကြတဲ့အတွက် ဘဝမှာ အခက်အခဲ​တွေ ကြုံလာရပြီဆိုရင် လွယ်လွယ်နဲ့လက်​လျှော့လိုက်ကြတာ များပါတယ်။

ဒါက ဘာကို​ ထောက်ပြ​နေလဲဆိုရင် မိမိကိုယ်ကို ယုံကြည်မှုအားနည်းတာ​ကြောင့်​​ရယ်၊ ရှုံးဆုံးမှုဒဏ်ကို ရင်မဆိုင်ရဲလို့ပဲ ဖြစ်ပါတယ်။

တကယ်​တော့ လူတစ်​ယောက်မှာ Emotional Resilience ရှိခြင်းက အောက်ပါတို့အတွက် များစွာ အ​ထောက်အကူ ဖြစ်​စေနိုင်ပါတယ်။

စိတ်ဖိစီးမှုကို ထိန်းညှိပေးခြင်း - ဖိစီးမှုများတဲ့အချိန်မှာ စိတ်ခံစားချက်တွေ လွန်ကဲမသွားအောင် ထိန်းညှိပေးပါတယ်။

ပြဿနာဖြေရှင်းနိုင်စွမ်းကို မြှင့်တင်ပေးခြင်း - အခက်အခဲတွေကို ကြောက်ရွံ့မသွားဘဲ အေးဆေးစွာ ချဉ်းကပ်ဖြေရှင်းနိုင်စေပါတယ်။

စိတ်ကျန်းမာရေးပြဿနာများ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးခြင်း - စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှုလွန်ကဲခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

ဘဝတွင် ပိုမိုပျော်ရွှင်မှုခံစားရခြင်း - အတက်အကျတွေကြားမှာလည်း ဘဝရဲ့အလှအပကို မြင်တွေ့နိုင်စေပါတယ်။

ဒီလို့ အ​ကျိုး​ကျေးဇူးများတဲ့ Emotional Resilience ကို မိမိကိုယ်တိုင် တည်ဆောက်ဖို့ လက်​တွေ့ လုပ်​ဆောင်လို့ရမယ့် နည်းလမ်း​လေး​တွေကို ​ရေးသား​ပေးလိုက်ပါတယ်​နော်။

၁။ အတွေးအမြင်ကို ပြန်လည်ပုံဖော်ခြင်း (Cognitive Reframing)

အခက်အခဲတစ်ခုကြုံလာရင် “ငါဘာလို့ ဒီလိုဖြစ်ရတာလဲ” (Why me?) ဆိုတဲ့ မေးခွန်းမေးမယ့်အစား “ဒီကနေ ငါဘာသင်ယူနိုင်မလဲ၊ ဒီကနေ ဘယ်လိုရှေ့ဆက်သွားနိုင်မလဲ” (What can I learn from this?) ဆိုတဲ့ မေးခွန်းကို မေးကြည့်ပါ။ ကြုံ​တွေ့ရတဲ့ ပြဿနာတိုင်းကို ခြိမ်းခြောက်မှု​အဖြစ် မမြင်ဘဲ စိန်ခေါ်မှု (challenge)အနေနဲ့ ပြန်လည်ရှုမြင်တတ်ဖို့ လေ့ကျင့်တည်​ဆောက်ပေးပါ။

၂။ မိမိကိုယ်ကို ကရုဏာထားခြင်း (Self-Compassion)

အခက်အခဲတစ်ခုကြုံပြီးချိန်မှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်း၊ ဝေဖန်ခြင်းတွေဟာ ကိုယ့်ရဲ့ Resilience ကို ကျဆင်းစေပါတယ်။ ကိုယ့်ကိုယ်ကို “ဒီလိုအချိန်မျိုးမှာ ငါဒီလိုခံစားရတာ ပုံမှန်ပဲ၊ ငါလည်းလူပဲလေ” လို့ နားလည်ပေးတာ၊ သူငယ်ချင်းတစ်ယောက်ကို နှစ်သိမ့်သလို ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ပေးဖို့ လိုပါမယ်။ ဒါက ​ရှေ့ဆက်ဖို့အတွက် စိတ်ခွန်အားကို ရရှိ​စေနိုင်ပါတယ်။

၃။ လူမှုဆက်ဆံရေး အရင်းအမြစ်များ ဖန်တီးခြင်း

ခက်ခဲတဲ့အချိန်မှာ အားကိုးရတဲ့ မိသားစု၊ မိတ်ဆွေ၊ ယုံကြည်ရတဲ့သူတွေရှိဖို့ဟာ အကြီးမားဆုံး ခွန်အားတစ်ခုပါပဲ။ ကိုယ့်ခံစားချက်တွေကို လွတ်လွတ်လပ်လပ် ဝေမျှနိုင်တဲ့ ဘေးကင်းလုံခြုံတဲ့ လူမှုအဝန်းအဝိုင်းတစ်ခု ဖန်တီးထားဖို့ အရေးကြီးပါတယ်။

၄။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်း (Self-Care)

ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ရှိမှုဟာ ဆက်စပ်နေပါတယ်။ ဒီအတွက် ကိုယ်ခန္ဓါကို ​ကောင်းမွန်စွာ ​စောင့်​ရှောက်ဖို့ လိုပါမယ်။

လုံလောက်စွာ အိပ်စက်ခြင်း - စိတ်ခံစားမှုတွေကို ထိန်းညှိဖို့အတွက် အိပ်ရေးဝဝအိပ်ဖို့က အခြေခံအကျဆုံး ဖြစ်ပါတယ်။

ပုံမှန် ကိုယ်လက်လှုပ်ရှားမှုပြုခြင်း - လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်ဖိစီးမှုဟော်မုန်းကို လျှော့ချပေးပြီး စိတ်ခံစားချက်ကောင်းမွန်စေတဲ့ ဓာတုပစ္စည်းတွေကို ထုတ်လွှတ်ပေးပါတယ်။

အာဟာရပြည့်ဝစွာ စားသုံးခြင်း - ဦးနှောက်ကျန်းမာရေးအတွက် လိုအပ်တဲ့ အာဟာရတွေကို ဖြည့်ဆည်းစား​သောက်ပေးဖို့ လိုပါမယ်။

၅။ ရည်ရွယ်ချက်ရှိခြင်း (Sense of Purpose)

ဘဝမှာ ရည်ရွယ်ချက်တစ်ခု၊ ကိုယ်လုပ်ချင်တဲ့အရာ၊ ကိုယ်တန်ဖိုးထားတဲ့အရာတစ်ခုရှိဖို့လိုပါမယ်။ ဒါက မုန်တိုင်းတွေကြားမှာ ကိုယ့်ကို ကျောက်ဆူးတစ်ခုလို ထိန်းထားပေးနိုင်ပါတယ်။ ဒီအတွက် ကိုယ့်ရဲ့ဘဝအတွက် ရည်မှန်းချက်၊ ​မျှော်မှန်းချက် အမြဲထားရှိပါ။

ခံနိုင်ရည်ရှိခြင်းနဲ့ လက်လျှော့ခြင်းက မတူပါဘူး။

သတိပြုရမှာက Emotional Resilience ဟာ ခံစားချက်တွေကို ဖိနှိပ်ခြင်း (suppression) ဒါမှမဟုတ် ​တွေ့ကြုံရတဲ့ဒုက္ခတွေကို သည်းခံပြီး လက်လျှော့လိုက်ခြင်း (resignation) မဟုတ်ပါဘူး။

Emotional Resilience ဆိုတာ အခက်အခဲကို အသိအမှတ်ပြုတယ်၊ ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်းတို့ကို ခံစားခွင့်ပေးတယ်၊ ဒါပေမယ့် အဲဒီခံစားချက်တွေထဲမှာ နစ်မြုပ်မသွားဘဲ မိမိရဲ့တန်ဖိုးနဲ့ ရည်မှန်းချက်တွေကို မမေ့ဘဲ ရှေ့ဆက်လျှောက်ဖို့ ရွေးချယ်လိုက်တာပါ။

Emotional Resilience ရှိခြင်းဟာ ပျော်ရွှင်မှုတွေကို တိုးပွားစေရုံသာမက ဘဝရဲ့အမှောင်ဆုံးအချိန်တွေကို ဖြတ်ကျော်ဖို့ အားကိုးရတဲ့ မီးရှူးတန်ဆောင်တစ်ခုလည်းဖြစ်ပါတယ်။

ဒါ​ကြောင့် မိမိမှာ ဒီလို ခံနိုင်ရည်သတ္တိရှိဖို့ ဒီ​နေက​နေစပြီး လေ့ကျင့်တည်ဆောက်ယူကြည့်ပါ​နော်။

လူတိုင်း လူတိုင်း စိတ်ရောကိုယ်ပါ ကျန်းမာကြပါစေရှင့်။

မိမိတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲများကို ​ဆွေး​နွေးတိုင်ပင်လိုသူများအတွက် TK Counselling Service တွင် mental health counselling package စီစဥ်​ပေးထားတာ ရှိပါတယ်ရှင့်။

အ​သေးစိတ် သိလိုပါက page messenger က​နေတစ်ဆင့် ဆက်သွယ်​မေးမြန်း စုံစမ်းနိုင်ပါတယ်ရှင့်။

Telegram Channel 📍
https://t.me/tkcounsellingservice

👩‍🎓 Dr.Khin Aye Soe
(Counselling Psychologist)






Toxic Relationship ထဲ ပိတ်မိနေတဲ့သူတွေမှာ ဖြစ်တတ်တဲ့ အခြေအနေတစ်ခု ရှိပါတယ်။ အဲဒါက ဘာလဲဆို​တော့ Self-Gaslighting လို့​ခေါ...
28/03/2026

Toxic Relationship ထဲ ပိတ်မိနေတဲ့သူတွေမှာ ဖြစ်တတ်တဲ့ အခြေအနေတစ်ခု ရှိပါတယ်။

အဲဒါက ဘာလဲဆို​တော့ Self-Gaslighting လို့​ခေါ်တဲ့ ကိုယ့်ကိုယ်ကို ကိုယ် လှည့်စားခြင်းပါ။

Toxic Relationship မှာ သင်ကိုယ်တိုင်က ဒီလို ဖြစ်လာရင် ရုန်းထွက်ဖို့ ပိုခက်ခဲလာတတ်ပါတယ်။

ဘာလို့လဲဆိုတော့ ကိုယ့်ကိုယ်ကို လှည့်စားနေတာကို ကိုယ်တိုင်က မသိ​နေတဲ့အခါ ဘယ်သူက ပြဿနာကို ဖန်တီးယူနေတာလဲဆိုတာ ကိုယ်တိုင် မမြင်နိုင်တော့တာပါ။

ကိုယ်ကိုယ့်ကိုယ် လှည်းစား​နေတဲ့ သူ​တွေမှာ ​အောက်ပါ​တွေး​​ခေါ်မှု ပုံစံ​တွေ ရှိတတ်ပါတယ်။

၁။ “ငါက ခံစားလွယ်တယ်၊ ငါက ခံနိုင်ရည်နည်းတယ်”

တစ်ဖက်လူက နာကျင်အောင်လုပ်လဲ ကိုယ်တိုင်က “ငါပဲ ခံနိုင်ရည်နည်းတာပါ” လို့ ကိုယ့်ကိုယ်ကို အပြစ်တင်​နေမိတယ်။

တကယ်တမ်းမှာ နာကျင်ရပြီ ဆိုကတည်းက ကိုယ့်ကို “ဒါ မှားနေပြီ” လို့ အချက်ပြ​နေတာပါ။ ဒီအချက်ပြမှုကို "ငါကပဲ ခံစားလွယ်တာ၊ ခံနိုင်ရည် မရှိတာပါဆိုပြီး ကိုယ့်ကိုယ်ကိုယ် လှည့်စား​မ​နေပါနဲ့​တော့။ အမှန်ကို လက်ခံဖို့ ကြိုးစားကြည့်ပါ။

၂။ "သူ ရည်ရွယ်ချက်ရှိရှိ လုပ်တာမှ မဟုတ်တာ၊ ငါ မှားပြီး နားလည်မိပြန်ပြီ"

ဘာမဆို သူ့လုပ်ရပ်အတွက် သူ့ဖက်ကို ဆင်ခြေပေးနေမိလား။

“သူ ဒီလောက်ဆိုးတဲ့သူ မဟုတ်ဘူး” – ဒီစကားက ကိုယ့်ကို ထပ်ခါထပ်ခါ ပြောနေမိရင် ရပ်လိုက်ပါ။

သတိရပါ။ လူတစ်ယောက်ရဲ့ “ရည်ရွယ်ချက်” ထက် သူ့ရဲ့ လုပ်ရပ်​ကြောင့် “သက်ရောက်မှု” က ပိုအရေးကြီးပါတယ်။

၃။ “ငါ ကောင်း​အောင်နေရင် သူ ပြောင်းလဲလာမှာပါ”

"ငါ စကား​ပြောရင် သူစိတ်မဆိုး​အောင် ထိန်း​ပြောမှ ရမယ်၊ ငါ ပိုဂရုစိုက်​ပေးရမယ်" " ငါသူ့အတွက် ပို​ကောင်း​အောင် ​နေ​ပေးရမယ်..စသဖြင့် တဖက်လူရဲ့ အပြုအမူကို ငါ​ကောင်း​အောင်​နေပြရင် သူ​ပြောင်းလဲလာမှာပါဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ ကြိုးစားနေတယ်။

ဒါဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေတာပါ။ တကယ်တမ်းမှာ တခြားသူတစ်ယောက်ရဲ့ အပြုအမူကို ကိုယ်က ထိန်းချုပ်လို့ မရပါဘူး။

၄။ “သူက ငယ်ငယ်တုန်းက​နေ စိတ်ဒဏ်ရာ​တွေနဲ့ကြီးပြင်းလာရတာ၊ ငါ နားလည်​​ပေးရမယ်”

သူ့ရဲ့ အတိတ်က ဒဏ်ရာတွေကို သိတဲ့အခါ “ငါ နားလည်ပေးရမယ်” လို့ အမြဲတွေး​​ပေး​နေမိတယ်။

နားလည်ပေးတာက ကောင်းပေမယ့် ကိုယ့်ရဲ့ နယ်နမိတ်ကို ကျော်လွန်ပြီး နားလည်ပေးတာက အန္တရာယ်များပါတယ်။

အတိတ်က ဒဏ်ရာတွေဆိုတာ လူတိုင်းမှာ ရှိတတ်ပါတယ် ဒါက “အကြောင်းပြချက်” ဖြစ်နိုင်ပေမယ့် “ ခွင့်​ပြုပေး​နေတာ” မျိုး မဖြစ်သင့်ပါဘူး။

ဒီလို သင်ကိုယ်သင့် လှည့်စားမိနေပြီဆိုရင် ​သေချာ​တာက ဒါဟာ toxic relationship ဖြစ်​နေမှန်းမသိ​တော့သလို ၊ ဒီစက်ဝန်းထဲမှာပဲ သင်ကိုယ်တိုင် ပိတ်မိ​နေပါလိမ့်မယ်။

ဒါ​ကြောင့် ဆက်ဆံ​ရေး​တွေကို အမှန်အတိုင်း မြင်​စေဖို့ တစ်ဖက်လူ​တွေရဲ့ လုပ်ရပ်​တွေနှင့်သင့်ရဲ့ စိတ်ခံစားချက်ကို ​​ပြန်သုံးသပ်ကြည့်ဖို့ ​အောက်ပါအတိုင်း လုပ်​ဆောင်ကြည့်ဖို့ လိုပါမယ်။

💡 ကိုယ့်ခံစားချက်ကို အသိအမှတ်ပြုပါ။
“ငါ နာကျင်နေတယ်။ ဒါက တရားဝင်တယ်။ ဆင်ခြေရှာ​စရာ မလိုဘူး” – ဒီစကားကို ကိုယ့်ကိုယ်ကိုယ် ပြန်ပြောပါ။

📓 ဖြစ်ရပ်မှန်ကို မှတ်တမ်းထားပါ။
သူပြောတဲ့စကား၊ လုပ်တဲ့အပြုအမူတွေကို ရေးမှတ်ထားပါ။ ဆင်ခြေပေးနေတုန်း “တကယ်ဖြစ်တာက ဘာလဲ” ဆိုတာ ပြန်မြင်လာပါလိမ့်မယ်။

👂 သံသယမရှိတဲ့ ပြင်ပလူတစ်ယောက်နဲ့ ပြောပါ။
မိတ်ဆွေ၊ မိသားစု၊ ဒါမှမဟုတ် ပညာရှင်တစ်ယောက်ဆီက​နေ အကူအညီယူလိုက်ခြင်းက ကိုယ် မမြင်မိတဲ့ အမှန်တရားကို မြင်လာအောင် ကူညီပေးနိုင်ပါတယ်။

သတိရပါ။
သင့်ရဲ့ခံစားချက်တွေဟာ တရားဝင်ပါတယ်။
သင့်စိတ်ချမ်းသာမှုအတွက် ဘယ်တော့မှ ဆင်ခြေရှာစရာ မလိုပါဘူး။

ဒါ​ကြောင့် ကိုယ့်ကိုယ်ကို လှည့်စားတဲ့အလေ့အထကို ဖြုတ်ချလိုက်ပါ။ ဒါမှသာ ကျန်းမာတဲ့ဆက်ဆံရေးဆီ ခြေလှမ်းတစ်လှမ်း စတင်နိုင်မှာ ဖြစ်ပါတယ်။

Toxic Relationship နဲ့ Self-Gaslighting ပြဿနာတွေအတွက် TK Counselling Service မှာ relationship counseling package စီစဥ်​ပေးထားတာ ရှိပါတယ်ရှင့်။

အ​သေးစိတ် သိလိုပါက page messenger က​နေတစ်ဆင့် ဆက်သွယ်​မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်။

👩‍🎓 Dr.Khin Aye Soe
(Counselling Psychologist)



Address

Hpa-an Township
Hpa-an

Opening Hours

Monday 06:00 - 21:00
Tuesday 06:00 - 21:00
Wednesday 06:00 - 21:00
Thursday 06:00 - 21:00
Friday 06:00 - 21:00
Saturday 06:00 - 21:00
Sunday 06:00 - 21:00

Telephone

+959450334140

Website

Alerts

Be the first to know and let us send you an email when TK Counselling Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to TK Counselling Service:

Share