Aye Mya Lann Sun - အေးမြလန်းဆန်း

Aye Mya Lann Sun - အေးမြလန်းဆန်း Medical and Health Services

10/11/2025

“Online ပေါ်က ကင်ဆာသတင်းများ”

လွန်ခဲ့တဲ့ ၃ ရက်လောက်က သူငယ်ချင်းတယောက်က လှမ်းမေးတယ်။သူက အဆုတ်ကင်ဆာအတွက် ဆေးကုနေတာပါ။”သူငယ်ချင်း.အခု အင်္ဂလန်မှာ ထိုးနေတဲ့ Opdivo (nivolumab) ဆေးက ကင်ဆာရောဂါ ၁၅ မျိုးလောက်ကို ကုနိုင်တယ်ပြောတယ်၊အဲဒါ ဘယ်လို အခြေအနေရှိသလဲ” တဲ့။

ဒီတော့မှ ကျနော့်ဆီကို UK က မိတ်ဆွေတယောက်က မကြာသေးခင်က သတင်းတခု ရှယ်ပေးတာ သတိရတယ်။ The Independent သတင်းစာမှာပါတဲ့ “New vaccine to treat 15 types of cancer now available on NHS” ဆိုတဲ့ သတင်း။ “ကင်ဆာရောဂါ ၁၅ မျိုးကို ကုနိုင်တဲ့ ကင်ဆာဗက်ဆင်း(Cancer Vaccine)အသစ် အင်္ဂလန် ကျန်းမာရေးဌာန NHS မှာ ရပြီ” လို့ ဘာသာပြန်ရမှာပေါ့။ဒါကို ဖတ်ပြီးကထဲက ဒီသတင်းဟာ မှားနေတယ်လို့ သူ့ကို ပြောဖြစ်တယ်။ ဒီဆေး nivolumab ဟာ ကင်ဆာဗက်ဆင်း (Therapeutic Cancer Vaccine) မဟုတ်ဘူး၊ Immune Checkpoint Inhibitor လို့ ခေါ်တဲ့ ကိုယ်ခံအားစနစ်ကို အသုံးချပြီး ကင်ဆာကို တိုက်တဲ့ ဆေးတမျိုးဆိုတာ ပြောဖြစ်တယ်။
ကျနော်အနေနဲ့ လွန်ခဲ့တဲ့ ၁၈ နှစ်လောက်က စလို့ ကင်ဆာဗက်ဆင်း(Therapeutic Cancer Vaccine) တို့၊ Immune Checkpoint Inhibitorတို့ ရဲ့ သုတေသနေတွေထဲမှာ ထဲထဲဝင်ဝင်ပါခဲ့‌တော့ ဒီဆေးတွေအကြောင်း‌ ကောင်းကောင်းသိတယ်။ တကယ်‌တော့ Immune Checkpoint Inhibitorတွေဖြစ်တဲ့ anti-PD 1/anti-PDL1 တို့ က ၂၀၁၄ ကထဲက ပေါ်ခဲ့တာ။ ပထမပေါ်လာတဲ့ pembrolizumab နဲ့ nivolumab ဆိုတဲ့ ဆေးတွေဟာ အစက မှဲ့ကင်ဆာ (Melanoma) နဲ့ အဆုတ်ကင်ဆာ(NSCLC) တွေမှာ သုံးဖို့ အတည်ပြု ချက်ရခဲ့တယ်။နောက်ပိုင်းမှာ တခြားကင်ဆာတွေမှာ သုတေသနတွေ ဆက်လုပ်ရင် အခုလို၁၀ နှစ်အကြာမှာ ရောဂါ ၁၅ မျိုးကျော်ကို ကုနိုင်တဲ့ ဆေးတွေဖြစ်လာတာ။ဆေးတွေရဲ့ ရလာဒ်ကလဲ ကောင်းပါတယ်။ နိုင်ငံတကာမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးနေကြတာ ၁၀နှစ် လောက်ရှိပြီ။ ဒါ့ကြောင့် ရောဂါ ၁၅ မျိုးကို ကုနိင်တယ်ဆိုတာ ကတော့ မှန်တယ်၊ဒါပေမယ့် သူတို့က ဆေးအသစ် တွေမဟုတ်ဘူး။နောက်ပြီး သူတို့ဟာ ကင်ဆာဗက်ဆင်း (Therapeutic Cancer Vaccine) မဟုတ်ဘူးလို သူ့ကို ပြောဖြစ်တယ်။

အခု အင်္ဂလန်မှာ သုံးဖို့ အတည်ပြုတာက ဆေးသွင်းတဲ့ နည်းပြောင်းတာကို အတည်ပြုတာပါ။အရင်က ဒီဆေးတွေသွင်းရင် နာရီဝက်-၁ နာရီ ကြာလောက် သွေးကြောထဲက IV infusion သွင်းတာကနေ အခု ၅ မိနစ်လောက်အတွင်း အရေပြားအောက်(Subcutaneous injection)ဆေးထိုးတာအဖြစ်သုံးဖို့ အတည်ပြု လိုက်တာပါ။အမေရိကန်မှာလဲ အတည်ပြုခဲ့ပါတယ်.. လို့ UK က မိတ်ဆွေကို ပြောဖြစ်ပါတယ်။

ဒီစာမှာ အဓိကပြောချင်တာက ဆေးအကြောင်းမဟုတ်ပါဘူး(ဆေးတွေအကြောင်းကို နောက်မှ ရေးပါဦး မယ်)။ပြောချင်တာက UK က The Independent လို နံမည်ကြီး သတင်းစာတစောင်ကတောင် ဒီလို မှားမှားယွင်းယွင်းခေါင်းစဥ်တပ်ပြီး ရေးထားတဲ့ အကြောင်းပါ။ မကြာသေးခင်က ဒီသတင်းကို ကိုးကားပြီး Facebook ပေါ်မှာ မြန်မာလိုရေးထားတာလဲ တွေ့ရတယ်။ဖတ်ရတဲ့ ကင်ဆာလူနာတွေအတွက်ကတော့ ကင်ဆာဆေးအသစ်၊ကင်ဆာ၁၅ မျိုးတောင်ကုနိုင်တာဆိုတော့ မျှော်လင့်စရာ သတင်းကောင်းပေါ့။ ဒါ့ကြောင့်လဲ အစက‌ ပြောခဲ့သလို ကျနော့် သူငယ်ချင်းက လှမ်းမေးတာ ထင်ပါရဲ့ ။ဒါပေမယ့် မူရင်းသတင်းရဲ့ ဖော်ပြချက်ကကို မှားနေတာ၊လိုအပ်နေတာ တွေ့ရပါတယ်။ဒီထက်ပိုလို့ တိတိကျကျ၊မှန်မှန်ကန်ကန် ရေးနိုင်ရင် ကင်ဆာလူနာတွေအတွက် ပိုအကျိုးရှိမှာပါ။
၂၀၁၈ ခုနှစ် Journal of Cancer Education မှာ ဖော်ပြခဲ့တဲ့ လေ့လာမှုတခုမှာ social media မှာတွေ့ရ တဲ့ ကင်ဆာနဲ့ ပါတ်သက်တဲ့ သတင်းအချက်အလက်တွေဟာ ၆၇% ပဲ မှန်တာကို တွေ့ရတယ်လို့ ထောက်ပြခဲ့ ပါတယ်။ ဒါဆို ၃ပုံတပုံက သတင်းမှားတွေပေါ့။
ဒါ့ကြောင့် မေးထားတဲ့ ကျနော့် သူငယ်ချင်းကို ရှင်းပြရင် မိတ်ဆွေတို့ အတွက် သတိထားစရာတခုကို မျှဝေလိုက်ပါတယ်။

‌‌‌ဒေါက်တာ အောင်မျိုး(ကင်ဆာ ဆရာဝန်)
၂၄-မေ-၂၀၂၅
ညွှန်း။ New vaccine to treat 15 types of cancer now available on NHS | The Independent

10/11/2025

အသည်းမှာအဆိပ်တွေပုံနေပြီလို့ သတိပေးနေတဲ့ လက္ခဏာ ၁၈ ချက်

ကျွန်တော်တို့ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အသည်းဟာ လူ့ခန္ဓာကိုယ်ကို ဆိုးကျိုးပေးမယ့် အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ အဓိက အစိတ်အပိုင်းတခုပါ။

-အသည်းဟာ သွေးတွင်း ဝင်ရောက်လာတဲ့ ပစ္စည်းတွေထဲကနေအဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေကို စစ်ထုတ်တဲ့ တာဝန်ယူရပါတယ်။

-အဆိပ်အတောက်ဖြစ်စေတဲ့ ပစ္စည်းတွေကို ဖြိုခွဲလိုက်ပြီး စွန့်ပစ်ပစ္စည်း(အရည်)အနေနဲ့ ချွေး၊ ဆီး၊ဝမ်းတွေနဲ့အတူ စွန့်ထုတ်ပေးပါတယ်။

-အချက်များစွာက အသည်းရဲ့ လုပ်ငန်း ဆောင်တာတွေကို ကောင်းကောင်းမလုပ်အောင်၊ ချွတ်ချော်အောင် ပြုလုပ်နိုင်ပါတယ်။ ဥပမာအနေနဲ့ ပြည့်ဝအဆီများစွာနဲ့

အစားအစာတွေကို တာရှည်ခံအောင်သုံးထားတဲ့ဓာတုဗေဒပစ္စည်းများပါဝင်မှုမြင့်မားတဲ့ အစားအစာတွေကို စားသုံးရင် အသည်းကို ပိုမိုအလုပ်လုပ်ရကာ အကောင်းဆုံး စွမ်းဆောင်မှုကို မရနိုင်ပါဘူး။

-အရက်အများကြီးသောက်တဲ့အခါ အသည်းဟာ ပြင်ပက အဆိပ်တောက်နဲ့ ထိတွေ့ရသလို ဖြစ်ပါတယ်။ ဟော်မုန်း မညီမျှမှုတွေ ဖြစ်စေပါတယ်။

အဲလိုဖြစ်တဲ့အခါ အသည်းဟာ သူရဲ့ တာဝန်ကို ကောင်းမွန်စွာ လုပ်နိုင်ဖို့ ခဲယဉ်းပါတယ်။

-အသည်းကို ဝန်ပိစေတဲ့ အကြောင်းအရာတွေကတော့ အသက်ကြီးလာတာ၊ ခဲ၊ ပြဒါးတို့လို သတ္တုဓာတ်တွေ ထိတွေ့မှုများတာတွေက အသည်းရဲ့ အဆိပ်ဖယ်ရှားတဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို နှောင့်ယှက်နိုင်ပါတယ်။

-အသည်းက အဆိပ်အတောက်တွေကို လုံလောက်အောင် မဖယ်ရှားနိုင်တော့တဲ့အခါအဆိပ်တွေကို အဆီဆဲလ်တွေနဲ့ တစ်ရှူးတွေမှာ သိမ်းဆည်းပါတယ်။

-အဆိပ်တွေ သွေးကြောထဲ ပြန့်နှံ့ရင် ပြင်းထန်တဲ့ ဆိုးကျိုးများစွာ ချက်ချင်းရနိုင်ပါတယ်။ ပိုလျှံလာတဲ့ အဆိပ်တွေဟာ အသည်းနဲ့ တစ်ရှူးမှာ စုပုံလာတဲ့အခါ လူကို မသက်မသာဖြစ်စေတဲ့အပြင် ရောဂါပါ ဖြစ်စေပါတယ်။

-အသည်းက အဆိပ်အတောက်တွေကို ဖယ်ရှားတဲ့အခါ နည်းလမ်းနှစ်ခု ရှိပါတယ်။

-နံပါတ်၁ အနေနဲ့ ဆဲလ်တွေကို ပျက်စီးစေမဲ့ အဆိပ်အတောက်တွေကို အင်ဇိုင်းအကူနဲ့ အန္တရာယ်နည်းတဲ့ ပုံစံကို ပြောင်းပါတယ်။ အဆီမှာပျော်ဝင်တဲ့ ပစ္စည်းတွေ ရပါတယ်။

-နံပါတ်၂ အနေနဲ့ အန္တရာယ်နည်းအောင်ပြောင်းလဲထားတဲ့ အဆီမှာပျော်ဝင်တဲ့ ပစ္စည်းတွေကို တခြားမော်လီကျူးတွေနဲ့ ပေါင်းစပ်ပြီး ရေမှာပျော်ဝင်တဲ့ ပစ္စည်းအဖြစ်ပြောင်းကာ ခန္ဓာကိုယ်ကနေ ဖယ်ထုတ်ပါတယ်။

-အသည်းမှာ အဆိပ်တွေစုပုံလာတဲ့အခါ ပုံမှန်လုပ်စဉ်အတိုင်း မလုပ်နိုင်တော့ရင် အဆိပ်တွေကို(အဆီမှာပျော်ဝင်တာမို့) အဆီတစ်ရှူးတွေမှာ သိုလှောင်ပါတော့တယ်။

-အသည်းရဲ့ လုပ်ငန်းဆောင်တာတွေ ပုံမှန်ပြန်ဖြစ်မှသာ အဆီထဲစုပုံနေတဲ့ အဆိပ်တွေကို ပြန်ပြီး ဖယ်ရှားပေးပါတယ်။

အသည်းမှာ အဆိပ်တွေပုံလာတဲ့အခါ

-ပင်ပန်းနွမ်းနယ်ခြင်း၊ နာတာရှည်နွမ်းနယ်နေခြင်း
-မကောင်းမြင်စိတ်တွေ ဖြစ်ပေါ်လာခြင်း
-အာရုံစူးစိုက်ဖို့ ခက်ခဲခြင်း၊မကြာခဏ ခေါင်းကိုက်ခြင်း၊ စိတ်ကသိကအောင့်ဖြစ်ခြင်း
-ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊အနားယူမှ သက်သာခြင်း၊ ခေါင်းတခြမ်းကိုက်ခြင်း
-ကြွက်သားနှင့် အဆစ်အမြစ်များ နာတာရှည် နာကျင်ခြင်း
-ချွေးထွက်လွန်ခြင်း
-အစာမကြေခြင်း၊ ဝမ်းချုပ်ခြင်း
-သွေးတွင်းသကြားဓာတ် ထိန်းချုပ်ရ ခက်ခဲခြင်း
-ယားယံခြင်း
-အရေပြားတွင် အနီကွက်ထွက်ခြင်း
-လေထိုး၊ ဗိုက်နာ၊ ဗိုက်အောင့်ဖြစ်ခြင်း
-ရာသီမလာခင် ပိုမိုကိုက်ခဲခြင်း
-စိတ်တိုစိတ်ဆတ်ခြင်း၊ စိတ်ဓာတ်ကျခြင်း
-ဓာတုပစ္စည်းများနဲ့ ဓာတ်မတည့်မှုဖြစ်လွယ်ခြင်း
-မနက်အစော ၂နာရီ-၄နာရီတွင် နိုးနိုးလာခြင်း
-ကိုယ်အလေးချိန် တက်လာခြင်း
-အစားရှောင်၊ လေ့ကျင့်ခန်းလုပ်သော်လည်း ဝိတ်မကျခြင်း
မျက်ကွင်းညိုခြင်း၊ အားနည်းခြင်း

အသည်းက စားသုံးလိုက်တဲ့ အဆီတွေကို ဖယ်ရှားပေးရတဲ့အပြင် သွေးထဲက အဆိပ်အတောက်တွေနဲ့ အညစ်အကြေးတွေပါ ဖယ်ရှားပေးရပါတယ်။ အသည်းမှာ အဆိပ်တွေစုပုံလာတဲ့အခါ ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ အဆိပ်တွေ သွေးထဲမှာများလာရင် ကင်ဆာဆဲလ်တွေဖြစ်ပေါ်ဖို့ထိ အားပေးနိုင်ပါတယ်။

ကံအားလျော်စွာပဲ အသည်းက ပျက်စီးသွားရင် သူ့ဘာသာ ပြန်ကောင်းအောင် လုပ်နိုင်တဲ့ တခုထဲသော ခန္ဓာကိုယ်အတွင်းပိုင်း အစိတ်အပိုင်းဖြစ်ပါတယ်။ ဒါကလည်း ပြန်ကောင်းအောင်တည်ဆောက်နိုင်တဲ့ အတိုင်းအတာ တခုထိပဲရှိပါတယ်။ အသည်းကို ပျက်စီးစေတဲ့အရာနဲ့ အပြုအမူတွေကို စောစီးစွာရပ်တန့်လိုက်ပြီး အသည်းအားဆေးတွေ မှီဝဲဖို့တော့ လိုအပ်ပါတယ်။
ဥပမာ အရက်ဖြတ်ခြင်း။

အသည်းကျန်းမာရေးအတွက် စားရမဲ့ အစားအစာများ

လီမွန် -လတ်ဆတ်တဲ့ လီမွန်သီးဖျော်ရည်က အသည်းအတွက်လိုအပ်တဲ့ အင်ဇိုင်းတွေ များလာစေဖို့ ကူညီနိုင်ပါတယ်။ လီမွန်မှာ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေ ပါတာမို့ သွေးကို သန့်ရှင်းစေပါတယ်။

နနွင်း- နနွင်းက အသည်းကိုကာကွယ်ပေးပြီး ပျက်စီးနေတဲ့ အသည်း ပြန်လည်ထူထောင်ရာမှာအထောက်အကူ ဖြစ်စေပါတယ်။

ကြက်သွန်ဖြူ -ကြက်သွန်ဖြူက အသည်းအင်ဇိုင်းဓာတ်တွေထွက်ဖို့ လှုံ့ဆော်ပေးပါတယ်။ ဒီအင်ဇိုင်းဓာတ်တွေက အသည်းကနေ အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ ကူညီနိုင်ပါတယ်။

အစိမ်းရောင်ဟင်းသီးဟင်းရွက်များ-
ဥပမာ ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်း၊ဂေါ်ဖီထုပ်တွေမှာ ဓာတ်တိုးဆန့်ကျင်ဓာတ်တွေ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ phytochemicals တွေပါတာမို့ အသည်းက အဆိပ်ဖယ်ရှားတဲ့အခါ လိုအပ်တဲ့ အင်ဇိုင်းထုတ်ဖို့ ကူညီနိုင်ပါတယ်။

ထောပတ်သီး -ထောပတ်သီးမှာပါတဲ့ antioxidant glutathione က ပျက်စီးနေတဲ့ အသည်းတစ်ရှူးတွေ ပြန်လည်တည်ဆောက်ရာမှာ ကူညီပါတယ်။

ပန်းသီး-ပန်းသီးမှာပါတဲ့ Pectinက အသည်းမှာစုပုံနေတဲ့ heavy metalsတွေကို ဖယ်ရှားဖို့ ကူညီနိုင်ပါတယ်။

Cr

29/10/2025

သောက်တာ #အကျိုးသက်ရောက်မှု ရှိ/မရှိ သိနိုင်တဲ့ အဓိက လက္ခဏာရပ်တွေကတော့-
✅ အစာအိမ် အူလမ်းကြောင်း လက္ခဏာများ
* အစာခြေစနစ် ပုံမှန်ဖြစ်လာခြင်း (More Regular Digestion):

* ဝမ်းသွားခြင်း ပုံမှန်ဖြစ်လာခြင်း။ ဝမ်းချုပ်တာ သက်သာပြီး ဝမ်းသွားတဲ့ အကြိမ်ရေ ပုံမှန်ဖြစ်လာတာ။

* ဝမ်းပျက်တာ၊ ဝမ်းမမှန်တာတွေ လျော့နည်းလာခြင်း။

* ဝမ်းပုံစံ ပိုမို ကောင်းမွန်လာခြင်း။

* ဗိုက်ပူ/ဗိုက်ကယ်ခြင်း လျော့နည်းလာခြင်း (Less Bloating/Gas):

* အစာစားပြီးနောက် ဗိုက်ပူခြင်း၊ လေပွခြင်း နှင့် အောင့်ခြင်း တို့ သိသိသာသာ လျော့ကျလာခြင်း။
* ဗိုက်နာကျင်မှု သက်သာလာခြင်း (Less Abdominal Pain):

* အကြောင်းအရင်း မသိရတဲ့ ဗိုက်အောင့်တာ၊ ဗိုက်နာတာတွေ နည်းသွားခြင်း။

* အစာခြေဖျက်မှု ကောင်းလာခြင်း (Better Digestion):

* အစာခြေဖျက်ရာမှာ အသံထွက်တာ၊ အဆင်မပြေတာတွေ လျော့နည်းသွားပြီး ပိုမို ချောမွေ့လာခြင်း။

✨ အခြား ခန္ဓာကိုယ်ဆိုင်ရာ အကျိုးကျေးဇူးများ
Probiotics ဟာ အူလမ်းကြောင်းအပြင် အခြား ခန္ဓာကိုယ် စနစ်တွေကိုပါ သက်ရောက်မှု ရှိနိုင်ပါတယ်။
*
ကိုယ်ခံစွမ်းအား ကောင်းမွန်လာခြင်း (Stronger Immunity):
* အအေးမိ၊ တုပ်ကွေး ဖြစ်တာ သို့မဟုတ် မကြာခဏ ဖျားနာတာတွေ နည်းသွားခြင်း။ (ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအား ၇၀% လောက်ဟာ အူလမ်းကြောင်းမှာ ရှိတဲ့အတွက်)
* အသားအရေ ပိုမို ကောင်းမွန်လာခြင်း (Healthier Skin):
* ဝက်ခြံ၊ နှင်းခူ (Eczema) သို့မဟုတ် အခြား အသားအရေ ပြဿနာများ သက်သာလာခြင်း။ (Gut-Skin Axis ကြောင့်)
* စိတ်ခံစားမှုနှင့် ဦးနှောက် စွမ်းဆောင်ရည် တိုးတက်လာခြင်း (Improved Mood & Focus):

* အူလမ်းကြောင်းနဲ့ ဦးနှောက် အဆက်အသွယ် (Gut-Brain Axis) ကောင်းမွန်လာတဲ့အတွက် စိတ်ခံစားမှု ပိုမို တည်ငြိမ်လာပြီး စိတ်ဖိစီးမှု လျော့ကျကာ အာရုံစူးစိုက်မှု ကောင်းလာနိုင်ခြင်း။

💡 မှတ်သားရန် အချက်များ
* အချိန်ယူပါ: ရလဒ်ကောင်းတွေ ရဖို့ အနည်းဆုံး ၂ ပတ်မှ ၄ ပတ်အထိ စဉ်ဆက်မပြတ် သောက်သုံးကြည့်ပါ။

* ကနဦး လက္ခဏာ: တချို့သူတွေမှာ Probiotics စသောက်တဲ့ အစပိုင်းမှာ လေပွတာ၊ ဗိုက်အောင့်တာ နည်းနည်း ပိုဆိုးနိုင်ပါတယ်။ ဒါဟာ အူလမ်းကြောင်းက ဘက်တီးရီးယား အသစ်တွေနဲ့ ချိန်ညှိနေတဲ့ သဘောဖြစ်ပြီး များသောအားဖြင့် ရက်အနည်းငယ်အတွင်း သက်သာသွားပါတယ်။

* ဒိုင်ယာရီ မှတ်ပါ: Probiotics မသောက်ခင် နဲ့ သောက်နေစဉ်အတွင်းမှာ သင့်ရဲ့ ဝမ်းပုံစံ၊ ဗိုက်နာကျင်မှု၊ လေပွမှု စတဲ့ လက္ခဏာတွေကို နေ့စဉ်မှတ်တမ်း ထားပြီး နှိုင်းယှဉ်ကြည့်ရင် အကျိုးသက်ရောက်မှု ရှိ/မရှိ ပိုသိသာစေမှာပါ။

* မှန်ကန်သော အမျိုးအစား: Probiotics အမျိုးအစား (Strain - ဥပမာ: Lactobacillus, Bifidobacterium) တစ်ခုစီဟာ ပေးတဲ့ အကျိုးကျေးဇူး မတူနိုင်ပါဘူး။ သင့်ရဲ့ လိုအပ်ချက် (ဥပမာ: ဝမ်းချုပ်တာ၊ IBS ရောဂါ) နဲ့ ကိုက်ညီတဲ့ Strain ကို ရွေးချယ်ဖို့ ဆရာဝန် သို့မဟုတ် ကျန်းမာရေး ပညာရှင် နဲ့ တိုင်ပင်တာ အကောင်းဆုံးပါပဲ။

Probiotics ကောင်းမကောင်းကို သင့်ခန္ဓာကိုယ်က ပေးတဲ့ လက္ခဏာတွေနဲ့ အဓိက သိနိုင်ပါတယ်။
Prof Thein Myint (GI)

27/10/2025

ဖော်မလင် (Formalin) နှင့် အန္တရာယ်

ဒီရက်ပိုင်း အစားအသောက် တွေ မှာ ဖော်မလင် တွေပါတာ တွေ့ရတာ များလာတော့ ဖော်မလင်ရဲ့ ကျန်းမာရေးဆိုးကျိုးတွေ ကို စုစည်းတင်ပြလိုက်ပါတယ်။

ဖော်မလင် မှာ ပါဝင်တဲ့ ဓါတုပစ္စည်း Formaldehyde ကို စားသောက်ကုန်မဟုတ်တဲ့ အခြား ကုန် ပစ္စည်း တွေမှာ ထည့်ကြပါတယ်။ ဥပမာ - ပလစ်စတစ် ပစ္စည်းများ၊ အလှကုန်ပစ္စည်း တစ်ချို့၊ ဆေးကျောင်းမှာ ဆိုရင်တော့ သင်ကြားရေးအတွက် ဝမ်းတွင်းကလီစာတွေ စိမ်ရာမှာ ထည့်သုံးကြပါတယ်။ ဒါပေမယ့် စားသောက်ကုန်တွေ မှာ ထည့် သုံးလာကြတော့ ကျန်းမာရေးအတွက် မလိုလား အပ်တဲ့ ဆိုးကျိုးတွေ အများကြီး ဖြစ်လာပါတယ်။

ဖော်မလင် အဆိပ်သင့်ပြီဆိုလျှင် ချက်ချင်းဖြစ်နိုင်တဲ့ ကျန်းမာရေး ဆိုးကျိုးများ

1. ခန္ဓာကိုယ် အနှံ့ ယောင်ယမ်းခြင်း
2. အရေပြားအှာ အနာတွေဖြစ်လာခြင်း
3. ပျို့၊ အန် ခြင်း
4. သွေးဝမ်းသွားခြင်း
5. ဆီးသွားရင် သွေးပါခြင်း
6. ခေါင်းမူးခြင်း
7. အသက်ရှူ ကျပ်ခြင်း
8. မျက်ရည် ယိုခြင်း
9. ဗိုက်အောင့်ခြင်း

ဖော်မလင် ပါတဲ့ အစားအစာတွေ စားတာကြာလာတဲ့ အခါ ဖြစ်လာနိုင်သော ကင်ဆာရောဂါများ

1. သွေးကင်ဆာ
2. အဆုတ်ကင်ဆာ
3. အစာမျိုပြွန်ကင်ဆာ
4. အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကင်ဆာရောဂါ များ
5. နား နှာခေါင်း လည်ချောင်း ဆိုင်ရာ ကင်ဆာရောဂါ များ

ဖော်မလင် ရဲ့ အဓိက ပါဝင်တဲ့ ဓါတ်ပစ္စည်းဂကတော့ Formaldehyde ပါ။ အချို့ အစားအစာတွေ မှာ သဘာဝ အတိုင်း ပါဝင်ပြီးသားပါ။ဒါပေမယ့် ပါဝင်တဲ့ ပမာဏ အရမ်း အရမ်း နည်းပါတယ်။ ကျန်းမာရေး ကို မထိခိုက်စေတဲ့ ပမာဏတွေပါ။ ဒါပေမယ့် တာရှည် ခံအောင် ဖော်လမင် စိမ်တဲ့ ပမာဏကတော့ ကျန်းမာရေးကို ထိခိုက်စေတဲ့ ပမာဏပါ။
ဖော်မလင် 30 ml (30 cc) ဆိုတဲ့ ပမာဏ ပာာ လူကိုသေစေနိုင်ပါတယ်။ ရေမွှေးတစ်ဘူးစာတောင် မရှိပါဘူး။

ဖော်မလင် ထည့်ထားတတ်သော အစားအစာများ
(ဖော်မလင် က မပုပ်မသိုးအောင် လုပါတဲ့နေရာ မျာသုံးတဲ့အတွက် လူတွေ က လွဲမှားစွာ အသုံးပြုလာကြပါတယ်။ အထူးသဖြင့် ကြာကြာမခံဘဲ ချဉ်လွယ် ပုပ်လွယ်တဲ့ အစားအစာ တွေ မှာထည့်ထားတတ်ကြပါတယ်။)

1. ပဲပြား
2. ဘဲသွေး
3. မုန့်ဖတ်
4. နို့ဆီ (Brand တိုင်း မဆိုလိုပါ)
5. အခြား ချဉ်လွယ်သော အစားအစာ များ

ဒါဆို ဘယ်လို ဆင်ခြင်ပြီးစားကြမလဲ။
1. မြန်မာလူမျိုး အတွက် မုန့်ပာင်းခါး စားကြတော့ မုန့်ဖတ် မစားဘဲနေဖို့ခက်ခဲပါတယ်။ မုန့်ဖတ် အစို စားမယ့် အစား မုန့်ဖတ်ခြောက်လိုမျိုးစားပါ။ မုန့်ဖတ်ခြောက် စားမယ်ဆိုရင်လည်း ပြုတ်ပြီး ရေ သုံး၊လေး ခါ ပြန်ဆေးပေးပါ။ ဒါမှ ဓါတုပစ္စည်းတွေ ပါခဲ့ ရင် ဖယ်ပြီးသားဖြစ်အောင်လို့ပါ။
2. ပဲပြား အစား ပုံစံ ခပ်ဆင်ဆင် ဂျပန်တိုပာူး၊ ဂျပန်ပဲပြားစားပါ။ Phytoestrogens (ဖိုက်တို အီစတိုဂျင်) ပါတဲ့ အတွက် ကင်ဆာရောဂါ အချို့ (အထူးသဖြင့် အမျိုးသမီးတွေ မှာ ရင်သားကင်ဆာ) ကို ပါ ကာကွယ်ပေးပါတယ်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

Photo credit to internet source

24/10/2025

စျေးကြီးတဲ့ ဆေးဝါးတွေမလိုပါ —မီးဖိုချောင်ထဲမှာပဲ ကင်ဆာကာကွယ်ရာမှာ အထောက်အကူပေးနိုင်တဲ့ အရာတွေရှိပါတယ်။
ဒီနေ့တော့ အလွယ်တကူရနိုင်တဲ့ “အစားအစာ ၅ မျိုး” နဲ့ စပြောပြချင် ပါတယ်။
________________________________________
🍅 ခရမ်းချဉ်သီး
ခရမ်းချဉ်သီးရဲ့ အနီရောင်ဟာ Lycopene ဆိုတဲ့ သဘာဝ antioxidant ကြောင့်ဖြစ်ပါတယ်။
ဒီဓာတ်က ဆဲလ်တွေရဲ့ ပျက်စီးမှုကို နည်းပါးစေပြီး ကင်ဆာအန္တရာယ်ကို လျှော့ချနိုင်ပါတယ်။
အမေတွေရဲ့ “ခရမ်းချဉ်သီးချက်”ဟာ သာမန်ဟင်းမဟုတ်ဘဲ — ကင်ဆာနဲ့ နှလုံးရောဂါကို ကာကွယ်နိုင်တဲ့ “သဘာဝဆေး” တစ်ခွက်ပါ။

🌿 အစိမ်းရောင် အရွက်များ
ချဉ်ပေါင်၊ ကန်စွန်းလို အရွက်တွေမှာ ဗီတာမင် A, C, E တွေအပြင် Lutein, beta-carotene နဲ့ flavonoids လို antioxidant ဓာတ်တွေအပြည့်အဝပါဝင်ပါတယ်။ဒီဓာတ်တွေက ဆဲလ်ပျက်စီးမှုနဲ့ ယောင်ရမ်းမှုကို လျှော့ချနိုင်ပါတယ်။
နေ့စဉ် ဒီလိုအစိမ်းရောင်အရွက်တွေကို ထည့်စားပေးတာဟာ အူလမ်းကြောင်းကျန်းမာရေးနဲ့ ကိုယ်ခံအားကိုလဲ ကောင်းစေပါတယ်။

🥦 ပန်းဂေါ်ဖီ (Broccoli / Cauliflower)
ပန်းဂေါ်ဖီတွေအထဲမှာ Sulforaphane ဆိုတဲ့ ဓာတ်ပါဝင်ပြီး ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာဖြစ်လို့ ကင်ဆာဆဲလ်တွေ မကြီးထွားအောင် တားဆီးပေးနိုင်ပါတယ်။
အပူနည်းနည်းပေးပြီး ချက်စားတာက ဒီဓာတ်တွေကို ပိုမိုကျန်ရှိစေပါတယ်။

🧄 ကြက်သွန်နီ၊ ကြက်သွန်ဖြူ
မိသားစုထမင်းစားပွဲမှာ မဖြစ်မနေ ပါဝင်တဲ့ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတွေအထဲမှာ Allicin ဆိုတဲ့ သဘာဝဓာတ် ပါဝင်ပါတယ်။
ဒီဓာတ်ဟာ ကိုယ်ခန္ဓာအတွင်း ယောင်ရမ်းမှုနဲ့ အချို့ဆဲလ်ပုံမမှန်ပြောင်းလဲမှုတွေကို လျှော့နည်းစေပြီး ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

🥭 သင်္ဘောသီး
သင်္ဘောသီးထဲမှာ Beta-carotene, Lycopene, Vitamin C နဲ့ Flavonoids လို antioxidant ဓာတ်တွေ ပါဝင် ပါတယ်။ဒီဓာတ်တွေက ကိုယ်ခန္ဓာအတွင်းရှိ ဆဲလ်ပျက်စီးမှုကို တားဆီးပြီး၊ ယောင်ရမ်းခြင်းကို လျှော့ချပေးလို့ ကိုယ်ခံအားတက်စေပါတယ်။
အမှည့်ဖြစ်ဖြစ်၊ သင်္ဘောသီးသုပ်လို အစိမ်းအနေနဲ့လည်း စားလို့ရတဲ့ သဘာဝအချိုပွဲလေးပါ။
________________________________________
💚 ဒီအစားအစာတွေဟာ ကင်ဆာလူနာများအတွက်လဲ အသုံးဝင်ပါတယ်။အထူးသဖြင့် chemotherapy နဲ့ radiation treatment လက်ခံနေသူတွေအတွက် သဘာဝအသီးအနှံတွေက ကိုယ်ခံအားတက်အောင်၊ အဟာရပြည့်ဝအောင် ကူညီပေးနိုင်ပါတယ်။
⚠️ သတိထားဖို့ကတော့ အသီးအရွက်တွေကို လတ်ဆတ်သန့်ရှင်းအောင် သေချာဆေးကြောပြီး စားသုံးပါ။
________________________________________
တကယ်တော့ ကင်ဆာကို တားဆီးနိူင်ဖို့ လိုအပ်တဲ့ အစားအစာတွေဟာ
🛒 ဈေးထဲမှာ၊ 👩‍🍳 မီးဖိုချောင်ထဲမှာ၊ 🍽️ ကျနော်တို့ ထမင်းဝိုင်းမှာ ရှိပါတယ်။
💚 ကျန်းမာရေးအတွက် သဘာဝ အသီးအနှံတွေကို နေ့တိုင်း စားသုံးဖို့ မမေ့ပါနဲ့။
________________________________________

ဒေါက်တာအောင်မျိုး
(ကင်ဆာဆေးပညာ)
Member, American College of Lifestyle Medicine
& Singapore Society of Lifestyle Medicine

21/10/2025

အူမကြီးကင်ဆာ ဆရာဝန်များက ရှောင်ကြဉ်ရန် သို့မဟုတ် လျှော့ချရန် အကြံပြုထားသော အစားအစာ (၅) မျိုး

၁။ အမဲသား (နှင့် အခြား အသားနီများ)

ကင်ဆာဖြစ်စေနိုင်သော N-nitroso ဒြပ်ပေါင်းများ ဖြစ်ပေါ်မှုကို တိုးစေသည့် Heme Iron ပါဝင်ပြီး၊ ကျန်းမာရေးနှင့် မညီညွတ်သော အူမကြီးအတွင်းရှိ အဏုဇီဝပိုးမွှားများ နှင့် ဆက်စပ်နေသည်။

၂။ ဟော့ဒေါ့နှင့် အခြား စီမံထားသော အသားများ

ကင်ဆာဖြစ်စေနိုင်သည်ဟု သတ်မှတ်ခံထားရသော အသားများဖြစ်သည်။ ဓာတုပစ္စည်းများ (နိုက်ထရိတ်/နိုက်ထရိုက်) ပါဝင်ပြီး ဆားနယ်ခြင်း၊ အခြောက်ခံခြင်း၊ အချဉ်ဖောက်ခြင်း သို့မဟုတ် မီးခိုးချခြင်းတို့မှတစ်ဆင့် ကင်ဆာဖြစ်နိုင်ခြေကို မြှင့်တင်စေသည်။

၃။ မီးသွေးခဲအထိ ကင်ထားသော အသားတုံး (Charred Steak)

အနီရောင်အသားကို အပူချိန် အလွန်မြင့်မားစွာ ချက်ပြုတ်ခြင်းကြောင့် DNA ကို ပျက်စီးစေပြီး အကျိတ်ဖြစ်စေနိုင်သောဓာတုပစ္စည်းများ (HCAs နှင့် PAHs ကဲ့သို့) ကို ဖြစ်ပေါ်စေသည်။

၄။ သကြားလုံး (နှင့် အခြား သကြားဓာတ်များသော အစားအစာ/အချိုရည်များ)

အဝလွန်ခြင်း (ကင်ဆာဖြစ်နိုင်ခြေအန္တရာယ်) ကို ဖြစ်စေနိုင်သော အာဟာရမပါဝင်သည့် ကယ်လိုရီများ ပါဝင်သည်။ ဆဲလ်ပွားများခြင်းနှင့် အကျိတ်ဖြစ်ပေါ်ခြင်းကို အားပေးသည့် အင်ဆူလင်ခုခံအားနှင့်အကျိတ်ကြီးထွားမှု နှုန်းကို မြှင့်တင်ပေးသည်။

၅။ အရက်

ကင်ဆာဖြစ်နိုင်ခြေကို တိုးစေသည်။ အူမကြီးရှိ အဏုဇီဝပိုးမွှားများကို ပြောင်းလဲစေပြီး၊ ကာကွယ်ပေးသော အင်ဇိုင်းများကို ဖိနှိပ်ကာ ကင်ဆာဖြစ်စေနိုင်သော Acetaldehyde ကို ထုတ်လုပ်ပေးသည်။

အစားထိုးအနေဖြင့် အောက်ပါတို့ကို စားသုံးပါ-

✅ ငါး၊ ကြက်သား၊ ပဲအမျိုးမျိုး၊ နှင့် ပဲပင်များ (ပရိုတင်းအတွက်)။
✅ ပန်းမုန်လာမျိုးနွယ်ဝင် ဟင်းသီးဟင်းရွက်များ (ဘရိုကိုလီ၊ ပန်းဂေါ်ဖီ ကဲ့သို့)။
✅ အမျှင်ဓာတ် (ဆန်လုံးညို၊ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များမှ)။
✅ နို့ထွက်ပစ္စည်းများ (နို့၊ ချိစ်၊ ဒိန်ချဉ်)။
✅ မြေထဲပင်လယ် အစားအသောက်ပုံစံ (Mediterranean Diet) ကို လိုက်နာခြင်း။




20/10/2025

၂၀၁၂ခုနှစ်ကာလက တနှစ်တာ လိုအပ်တဲ့ မြွေဆိပ်ဖြေဆေးက dose တသိန်းလောက်ရှိပြီး MPF ကထုတ်လုပ်ပေးနိုင်တာက တနှစ် ၃သောင်း‌ခန့်ပါပဲ။

ပိုထုတ်နိုင်ဖို့ နည်းလမ်းရှာရာမှာ England က church world service (potential doner) ဆိုတဲ့ အဖွဲ့အစည်းနဲ့ ကျွန်တော် ချိတ်ဆက်မိတယ်။
အဲဒီက တာဝန်ခံ Miss Poly Newell နဲ့ MPFက ဦးကိုကိုလွင်၊ ဒေါက်တာအောင်ဇော်တို့နဲ့ တွေ့ဆုံဖို့ စီစဉ်ပေးနိုင်ခဲ့တယ်။

သူမကို ASV production အဆင့်တိုင်း ရှင်းပြခဲ့တယ်။ စုစုပေါင်း dinner ၆ကြိမ်ပေါ့။

ဒီလိုကြိုးပမ်းရင်း ၂၀၁၆လောက်မှာ ASV dose တသိန်း (liquid form + crystalline form) ထုတ်လုပ်နိုင်ခဲ့တယ်။

အဲဒီအချိန် ၂၀၁၂က ရေးထားခဲ့တာတွေက zawgyi font နဲ့ ဖတ်မရတော့တာမို့ Unicode font ပြန်ပြောင်းပြီး တင်ပေးထားတာပါ။

အခက်အခဲတခုကို ပြေလည်ဖို့ ၅နှစ်လောက် ကြိုးပမ်းခဲ့တဲ့ ဒေါက်တာအောင်ဇော်ကို အမှတ်တရဂုဏ်ပြုပါတယ်။
****

"ကြင်နာစွာ မြွေဆေးကလေးများပေးပါ.."

"ဒီလူတော့ မြွေကိုက်နေပြီ" ဆိုရင် အတော်လေး ဒုက္ခရောက်နေပြီလို့ဆိုလိုချင်တာ လူတိုင်းနားလည်ကြမှာပါ။ ဒါပေမယ့် ဒီဒုက္ခက သေလောက်အောင် မကြီးသေးပါဘူး။

"ဒီမှာ ပိုးထိလာလို့ဗျို့" ဆိုရင်တော့ လူတစ်ယောက် အထူးသဖြင့် လယ်သမားတစ်ယောက် မြွေကိုက်လာပြီ.. နာရီပိုင်းအတွင်း သေခြင်းတရားက ရောက်လာ တော့မယ်လို့လူနာရော မိသားစုပါ ခြိမ်းခြောက်ခံရတဲ့ ကိစ္စပါပဲ။

ကျွန်တော်တို့နိုင်ငံမှာ လူဦးရေကလည်းတိုး တစ်သီးစားကနေ နှစ်သီး သုံးသီးစားအထိ စိုက်လာကြတော့ တောင်သူလယ်သမားတွေ မြွေကိုက်ခံရတဲ့ အဖြစ်အပျက်ဟာ တစ်နှစ်ထက်တစ်နှစ် တိုးပွားလို့ နေပါတယ်။

ကျန်းမာရေးဦးစီးဌာနနဲ့ ဆေးသုသေသန ဦးစီးဌာနတို့မှာ snake bite project လို့ခေါ်တဲ့ မြွေကိုက်ကာကွယ် ကုသရေး စီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။
တတ်နိုင်သမျှ မြွေကိုက်မခံရအောင်၊ အကိုက်ခံရသည့်တိုင် အသက်ဘေးက မဆုံးရှုံးအောင် ကြိုတင်ကာကွယ်ရေး ပညာပေးလုပ်ငန်းတွေ၊ မြွေဆိပ် ဖြေဆေး စမ်းသပ်ထုတ်လုပ်မှုတွေ၊ ထိရောက်တဲ့ ကုထုံးနည်းသစ်တွေ မြွေဆိပ်ဖြေဆေး လုံလုံလောက်လောက် ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေတာတွေ စသည်စသည်ဖြင့် လုပ်ဆောင်နေပါတယ်။

မြွေကိုက်မခံရအောင် လမ်းသွားတဲ့ အခါ လည်ရှည်ဘိနပ်စီးဖို့.. လက်နှိပ်ဓါတ်မီး တုတ် အသံနဲ့ ခြောက်လှန့်ဖို့ စတဲ့ ကြိုတင်ကာကွယ်ရမယ့် နည်းလမ်းတွေကို ပညာပေးနေပေမယ့် "အရှင်ရုက္ခစိုးနတ်မင်းကြီးရယ် ကျွန်တော် မသိလို့ သူပါးစပ်ဟပြီး သန်းနေချိန်မှာ ပေါက်မိတာပါ" ဆိုတဲ့ ကျန်းမာရေးပညာပေး ဗီဒီယို အပိုင်းတို လေးများလာရင် ကျော်ခွပစ်လိုက်တော့လည်း ထိရောက်မှု နည်းပေမှာပေါ့လေ။

ဘယ်လိုပဲ ပြောပြော မြွေကိုက်ပြီဆိုရင်ဖြင့် ဖြေရှင်းနည်းကတော့ မြွေဆိပ်ဖြေဆေးရှိရာ ဆေးရုံကို အရောက် ပြေးရမှာပါ။
ဒီမှာ တကယ့် ပြဿနာက စတော့တာပါပဲ။ အားကိုးတကြီး ပြေးလာပေမယ့် ဆေးရုံမှာ မြွေဆိပ် ဖြေဆေးက အသင့်မရှိတဲ့ အချိန်အခါမျိုးမှာ လူနာကို ဆေးရှိရာ တဆင့်မြင့်ဆေးရုံကို အမြန် လွှဲပေးရပြန်ရော။

ပြေးပြေး လွားလွှားနဲ့ အချိန်တွေလင့်တဲ့အခါ ကံဆိုးသူမောင်ရှင်ခမျာ အသက်ဆုံးရပါတော့တယ်။ ဒီလိုပုံစံနဲ့ ကျွန်တော်တို့စားမယ့် ထမင်းတွေဖန်တီးတဲ့ လယ်သမား ယာသမားတွေ အသက်ဆုံးရှုံးနေရတာ တစ်နှစ်တစ်နှစ် မနည်းလှပါဘူး။

ရွာတစ်ရွာသွားလို့ "ပိုးထိတဲ့သူ တစ်ယောက်မှ မရှိတဲ့ရွာ"ဆိုတာ မရှိသလောက် နည်းပါးလှပါတယ်။ ကြေကွဲဝမ်းနည်းစရာကောင်းတဲ့ ဒီဖြစ်ရပ်တွေဟာ ပြည်သူ့ကျန်းမာရေး လုပ်ငန်းခွင် ကျန်းမာရေး ပြဿနာတစ်ရပ် (public & occupational health problem) အနေနဲ့ အခုတိုင် ခက်ခက်ခဲခဲ ဖြေရှင်းနေရတုန်းပါပဲ။

ကျွန်တော်တို့နိုင်ငံမှာ အဆိပ်ရှိမြွေက နှစ်မျိုးပဲ ရှိပါတယ်။ မြွေပွေး (Viper) နဲ့ မြွေဟောက် (Cobra)ပါ။

ဆေးတက္ကသိုလ် သင်ရိုးမှာ မြွေတွေရဲ့ ဦးခေါင်းအကြေးခွံပုံသဏ္ဍန်တွေအရ အဆိပ်ရှိမြွေ၊ မြွေပွေး၊ မြွေဟောက် ဘယ်လိုခွဲခြားရသလဲ သင်ရပါတယ်။

မြွေပွေးအဆိပ်က လူခန္ဓာကိုယ်သွေးခဲတဲ့စံနစ်ကို ထိခိုက်ပျက်စီးစေပါ တယ်။ မြွေပွေးကိုက်ပြီဆိုရင် သွေးမတိတ်ဘဲ ခန္ဓာကိုယ်တွင်းမှာ သွေးယိုစီး သွေးထွက်တာ ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်း အထူးသဖြင့် ကျောက်ကပ်ပျက်စီးတာတွေကြောင့် အသက်ဆုံးရှုံးရပါတယ်။.

မြွေဟောက်က တော့ အာရုံကြောစံနစ်ကို ထိခိုက်တာကြောင့် လူနာက မှိန်းလာမယ် အသက်ရှုခက်လာမယ်. နောက် အသက်ရှုရပ်ပြီး သေဆုံးရပါတယ်။

ဒါကတော့ မြွေကိုက်ခံရတဲ့ ရောဂါလက္ခဏာနဲ့ ဝေဒနာကို အကြမ်းဖျင်း ပြောပြတာပါ။

မြွေကိုက်လို့ အသက်ဆုံးရတဲ့ ပြဿနာရဲ့ အဓိက အဖြေက(Solution)တော့ မြွေဆိပ်ဖြေဆေးပါပဲ။
ကျန်တဲ့ အထောက်အကူပြုကုထုံးတွေ (supportive measure) က အရေးပါတာ မှန်ပေမယ့် ဒါတွေကို ဆေးရုံတွေမှာ တတ်နိုင်သလောက် လုပ်ပေးနိုင်ပါတယ်။ ဆေးရုံ ဆရာဝန်တွေ မတတ်နိုင်တာကတော့ မြွေဆိပ်ဖြေဆေး (Anti-Snake Venom ASV) ပါပဲ။

မြွေနှစ်မျိုးရှိလို့ မြွေဆိပ်ဖြေဆေးလည်း နှစ်မျိုးရှိပါတယ်။ Anti-Viper နဲ့ Anti-Cobra ပါ။ (ဘာမြွေမှန်း မကွဲပြားတဲ့အခါ သုံးရတဲ့ Poly-valent Anti-venom ဆိုတာမျိုးတော့ ရှိပါသေးတယ်)။

ဒီမြွေဆိပ်ဖြေဆေး (ASV) တွေကို မြန့်မာ့ဆေးဝါးလုပ်ငန်းစက်ရုံ (Myanmar Pharmaceutical Factory MPF) က ထုတ်လုပ်ပေးပါတယ်။

အရည်အသွေးမပြည့်မှီရင် ချက်ခြင်းလူနာအသက်ဆုံးရှုံးနိုင်တာမို့ ဒီလိုဆေးမျိုးကို ဘယ်ပုဂ္ဂလိက ဆေးဝါးစက်ရုံမှ ထုတ်လုပ်ခွင့်မပြုထားပါဘူး။ MPF က ထုတ်လုပ်ပေးပြီး ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးဦးစီးဌာနကိုရောင်း၊ ဗဟိုဆေးသိုလှောင်ရေး (Central Medical Store Depot) မှာ အအေးခန်းနဲ့ သိမ်းထား။ပြီးမှ မြို့နယ်ဆေးရုံတွေက ခွဲတမ်းနဲ့ လာထုတ်ယူစေပါတယ်။

MPF က တစ်နှစ်တစ်နှစ်အတွက် အကောင်းဆုံး ကြိုးစားထုတ်လုပ်ပေမယ့် လိုအပ်ချက်ကိုမှီအောင် မထုတ်လုပ်ပေးနိုင်ဘူး။ သူ့မှာလည်း သူ့အခက်အခဲနဲ့ သူပါ။

မြွေဆိပ်ဖြေဆေးထုတ်လုပ်ဖို့အဓိက လိုအပ်တဲ့ကုန်ကြမ်းကတော့ မြွေနဲ့ မြင်းပါပဲ။

၁။ မြွေ

မြွေတွေမှာ species အမျိုးမျိုးရှိတာကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းကမြွေကိုအသုံးပြုပြီး ထုတ်လုပ်ထားတဲ့ မြွေဆေးဟာ ဧရာဝတီတိုင်းက မြွေကိုက်လူနာအတွက် ထိရောက်မှုနည်းတတ်ပါတယ်။ (ဒီလို မြွေအမျိုးအစား Species မတူတာကြောင့်ဘဲ မြွေဆိပ်ဖြေဆေး ASV ကို နိုင်ငံခြားက မှာယူတင်သွင်းပြီး အသုံးပြုလို့ သိပ်အဆင်မပြေပါဘူး။ ဒါကြောင့် ASV ဟာ ဒီနိုင်ငံမှာပဲ ထုတ်လုပ်ရမှာ ဖြစ်ပါတယ်။)

ဒီအချက်ကို ကျော်လွှားနိုင်ဖို့ သတင်းစာမှာ ကြေညာပြီး အနယ်နယ် အရပ်ရပ်က မြွေတွေကို ဝယ်ယူရပါတယ်။ တစ်ခါတလေ မြွေဆရာက မြွေတွေကို ကားတစ်စီးတိုက် ဖမ်းလာပြီး လာရောင်းတဲ့အခါ ဝယ်ယူဖို့ သတ်မှတ်ထားတဲ့ အကောင်အရေအတွက်ထက် ပိုနေတဲ့အတွက် ဝယ်ဖို့ရာ အခက်တွေ့တတ်ပါတယ်။ မဝယ်ပြန်ရင် သူ့မြွေတွေ ဒီနားလွှတ်ခဲ့ရင် ဒုက္ခဆိုပြီး ကြုံခဲ့တာတွေ လည်းရှိသလို အခု Restaurant တွေက မြွေသားအတွက် ဈေးကောင်းပေးဝယ်လို့ မြွေဝယ်ရတာ ခက်ခဲလာတာ မျိုးလည်း ရှိပါတယ်။ နောက်တစ်ခါ နယ်စပ်ကနေတဆင့် တရုပ်ပြည်ဈေးကွက်ကို မှောင်ခို ရောင်းချ နေတာတွေလည်း ရှိပါသေးတယ်။ ခုထိတော့ မြွေကို လုံလောက်အောင် ဝယ်ယူနိုင်ပါတယ်။

မြွေတွေရလာပြီဆိုတော့ သူတို့ဆီက မြွေဆိပ်ကို ထုတ်ယူရပါတယ်။
တစ်ချို့မြွေတွေရဲ့ အဆိပ်ပမာဏဟာ လူလေးယောက်က ခြောက်ယောက်လောက်အထိ သေနိုင်လောက်အောင်ပြင်းထန်တာမို့ သတိထား ကိုင်တွယ်ရပါတယ်။ ဒေသ အမျိုးမျိုးက မြွေဆိပ်တွေကိုပေါင်းစပ်ပြီး မြွေဆိပ်တွေထဲက (common antigen) ကို ထုတ်ရပါတယ်။ ဒါမှလည်း ထုတ်လုပ်တဲ့ မြွေဆိပ်ဖြေဆေးက ဘယ်ဒေသက snake bite ကိုမဆို သုံးလို့ ရမှာဖြစ်ပါတယ်။ ဒါကတော့ ပထမ ကုန်ကြမ်း ပါပဲ။

၂။ မြင်း

တစ်နှစ်တာအတွက် လုံလောက်တဲ့ ASV ထုတ်လုပ်နိုင်ဖို့ မြင်းကောင်ရေ ၃၀၀ လောက်လိုအပ်ပါတယ်။ တကယ်လိုချင်တာ ကျန်းမာတဲ့ ပေါင် ၁၀၀၀ အလေးချိန်ရှိတဲ့မြင်းဖြစ်ပေမယ့် မြင်းကို စီးပွားဖြစ် မွေးရောင်းစားသူမရှိလို့ မြင်းပိန်ကလေးများ (ပေါင် ၇၀၀လောက် အကောင်)သာရပါတယ်။ မြင်းအိုနဲ့ သိပ်အသုံးမချနိုင်တဲ့ မြင်းများသာ ရပါတယ်။ မြင်းအစား ဒေါ်လှကြည်တွေ သုံးလာတော့မြင်းရှားတယ် ဆိုပါစို့။ မြင်းတစ်ကောင် ၇သိန်းကျော် လောက် ပေးရပါတယ်။ မြင်းသစ်တစ်ကောင်ရောက်လာရင် သူ့ဆီက ရောဂါများပါလာခဲ့ရင် အခြားမြင်းတွေကို မကူးစက်နိုင်အောင် သီးသန့်၂လ (quarantine) ခွဲထားရပါတယ်။ မြင်းတစ်ကောင်ရဲ့ တစ်နေ့ စားစရိတ်က ၃၀၀၀ကျပ်လောက် ရှိတာမို့ တစ်လ မြင်းစားရိတ်တင် မနည်းလှပါဘူး။

၃။ Immunization

ဒီနောက်တော့ မြင်းကို တစ်နေ့ မြွေဆိပ်အနည်းငယ်(LD 50 dose) တွက်ချက်ပြီး ထိုးပေးရပါတယ်။

မြွေဆိပ် (antigen) က မြင်းခန္ဓာ ကိုယ်ထဲရောက်သွားတဲ့အခါ မြင်းက မြွေဆိပ်ဖြေပစ္စည်း (Antibody) ကို ထုတ်ပေး ပါတယ်။ တစ်ခါတလေများ မြေဆိပ်ထိုးပေးရင်းနဲ့ အဆင်မသင့်ရင် မြင်းသေသွားတတ်ပါတယ်။ ဒါကြောင့်မို့ နေ့စဉ် မြင်းရဲ့ ကျန်းမာရေးကို ကြည့်နေရပါတယ်။ ဒီလို မြွေဆိပ်နေ့စဉ် ထိုးပေးနေရင်း မြင်းရဲ့ သွေးထဲမှာ မြေဆိပ်ဖြေပစ္စည်း (Anti-Snake Venom Level) ဘယ်လောက်အထိ တိုးတက် ရှိနေပြီလဲဆိုတာ တိုင်းတာ နေရပါတယ်။ အနည်းဆုံး နှစ်လခွဲ သုံးလလောက်ကြာတဲ့အခါ မြင်းရဲ့ သွေးရည်ကြည်ထဲမှာ လုံလောက်တဲ့ (ASV Level) ကို ရတတ်ပါတယ်။ MPF ရဲ့ စက်ရုံမှူးခမျာ နေ့စဉ် မြင်း(နံပါတ်တွေပေးထားပါတယ်)ရဲ့ ကျန်းမာရေး Report ကို ဂရုစိုက်နေရပါတယ်။

၄။ မြွေဆိပ်ပြီး မြင်းသွေးထုတ်ယူခြင်း၊ သွေးရည်ကြည်ခွဲထုတ်ခြင်း Separation of plasma from blood

အဲဒီအချိန်ရောက်ပြီဆိုရင် မြင်းဟာ ဆေးထုတ်လုပ်ဖို့ အဆင်သင့်ဖြစ်တဲ့ တန်ဖိုးရှိတဲ့ (လူတွေကိုကယ်ဖို့) သတ္တဝါ ပါပဲ။ တစ်လကို တစ်ကြိမ်၊ တစ်ကြိမ်ကို သွေး ၃ လီတာ စုပ်ထုတ်ရပါတယ်။

(ခေတ်မှီတန်ဖိုးကြီး စက် ကိရိယာတွေ မသုံးနိုင်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း၄၀လောက်က ထုတ်လုပ်ပုံကို ပြောပြပါမယ်။) ဒီမြင်းသွေး ၃လီတာကို ဖန်ပုလင်းမှာထည့် ငြိမ်ငြိမ်လေး ထောင်ထားတဲ့အခါ(Gravity Sedimentation Method) ၂၄နာရီကျော်ကြာချိန်မှာ သွေးမှာပါတဲ့ သွေးနီဥနဲ့ (Packed cell)ဟာ အနည်ထိုင်ပြီး အပေါ်မှာ သွေးရည်ကြည်ကို ရပါတယ်။

ဒီသွေးရည်ကြည်ကို ယူပြီးတော့ သွေးနီဥအပိုင်းကို မြင်းထဲ ပြန်သွင်းပေးရပါ တယ်။ ဒါမှမဟုတ်ရင် မြင်းဟာ သွေးအား နည်းပြီး သေဆုံးတတ်တာမို့ ကြာရှည်သုံးလို့မရတတ်ပါဘူး။

၅။ Separation of ASV protein from plasma protein.

သွေး ၃လီတာကို အနည်ထိုင်ရင် သွေးရည်ကြည် ၁.၂၅ (သို့) ၁.၅လီတာလောက်ပဲရပါတယ်။ ဒီသွေးရည်ကြည် (plasma) ထဲမှာ protein အမျိုးမျိုးပါပါတယ်။ အဲဒီProtein တွေထဲက လိုချင်တာကတော့ ASV protein ပါပဲ။ ဒီသွေးရည်ကြည်ကို အမိုးနီးယား ဆာလဖိတ် (Ammonium Sulphate precipitation Method) နဲ့ အနည်ချလိုက်တဲ့အခါ လိုချင်တဲ့ ASV protein တွေ အနည်ကျလို့ စုဆောင်းရယူပါတယ်။

လက်ရှိသုံးစွဲနေတဲ့နည်းကတော့ (Caprylic acid precipitation method ) ပါပဲ.။ သွေးရည်ကြည်ထဲက မလိုတဲ့ ပရိုတိန်းတွေကို Caprylic acid နဲ့ အနည်ချပြီး ASV ပါတဲ့ သွေးရည်ကြည် ( ASV IgG) ကို ခွဲထုတ်ယူတာပါပဲ..။

၆။ Bottling (Liquid form)

ဒီလိုနဲ့ ရလာတဲ့ ASV Protein ကို အရည် (Liquid form) နဲ့ ပုလင်းသွတ်.။ သတ်မှတ်တဲ့ အအေးချိန်မှာ အမြဲ ထားရပါတယ်။ ပစ္စည်းထုတ်လုပ်ရာကနေ နောက်ဆုံးမြွေကိုက်လူနာဆီ (from production to end user) အထိ သတ်မှတ်ထားတဲ့ အအေးမှတ် (Cold chain) မှာ ထားရတာမို့ အဲဒီ cold chain ပျက်ခဲ့ရင် ဆေးဟာ အလဟဿ ဖြစ်ရပါတယ်။

နောက်တစ်ချက်က ကျေးရွာတွေ (Station hospital) တွေမှာ ရေခဲသေတ္တာမရှိ ရှိပြန်တော့လည်း မီးကမမှန်တာကြောင့် မြွေဆိပ်ဖြေဆေးဟာ ဆေးရုံကြီးအဆင့်တွေမှာသာ ရှိတတ်ပါတယ်။ (တစ်ချို့ တိုက်နယ်ဆေးရုံမှာတော့ နေရောင်ခြည် စွမ်းအင်သုံး (Solar refrigerator . provided by UNDP) ရေခဲသေတ္တာလေးတွေရှိပေမယ့် ဆေးက အဆင်သင့် လုံလုံလောက်လောက်မရှိနေတော့ အခက်အခဲ ဖြစ်ရတာ ပေါ့။ ခက်ခက်ခဲခဲ အကုန်အကျခံ ပင်ပန်းခံ ထုတ်လုပ်ထားတဲ့ end product ဟာ Infra-structure ပြည့်ပြည့်စုံစုံမရှိလို့ လူနာဆီမရောက်နိုင်၊ မရောက်ခင် ပျက်စီးကုန်တာလည်း ဆုံးရှုံးမှုတစ်ခုပါပဲ။

ဒီအခက်အခဲကြောင့်ပဲ လူနာနဲ့ဆေး တွေ့ရဖို့အရေး "စောင့်စားလို့သာ မောင့်မှာနေရတယ်.. ခင်ပျိုနှမရယ်" ဆိုပြီး အချိန်ပေးစောင့်လို့ကလည်းမဖြစ် အချိန်လုပြီး ကုရတဲ့အခါ ဆေးရှိရာ အရောက်ပြေးရင်း အချိန်နှောင်းလို့ ဘဝတစ်ပါး ပြောင်းသွားကြရတာပါ။ ဒါတွေကြောင့် မြွေရှိ ကိုက်ခံရတဲ့သူရှိ ဆေးရုံရှိ ဆရာဝန်ရှိလျှက်နဲ့ကို အလျှားလိုက် ဆေးရုံဆင်းခွင့်ရသွားသူတွေ ၂၀- ၂၁ရာစု ပဋာစာရီတွေ မနည်းတော့ပါဘူး။

ပရိမိတ္တဇာလသုတ်လေး သတိရမိပါရဲ့။

"ယတ္ထယတ္ထ (အကြင်ကြင်သော)
အ ပါဒကာ (ခြေမရှိသော သတ္တဝါ သည်လည်းကောင်း)………..

မုခအန္ဓံ (ပါးစပ်မဟနိုင်စေသတည်း).. ဆိုတာကို အလွတ်ရအောင်ကျက် အိမ်ပြင်မထွက်ခင် နေ့တိုင်းရွတ်လော့" ဆိုတာကို ကျန်းမာရေးပညာပေးမှာ ထည့်ရမလို ဖြစ်နေပါပကောလား။

"ကိုင်း ဒီလိုဆို တစ်နှစ်တစ်နှစ် လိုအပ်တဲ့ မြွေဆိပ်ဖြေဆေးကို ဘယ်လို ထုတ်နိုင်မှာလဲ"ဆိုတာဟာ ..

၁။ လိုအပ်တဲ့ မြင်းကောင်ရေ ရအောင် နိုင်ငံခြားက stallion မြင်းထီးအနည်းငယ် တင်သွင်းရပါမယ်။ ပြီးတော့ ပြည်တွင်းမှာ မျိုးစပ်ယူ (75% local Blood ပါမှ ဒီတိုင်းပြည်ရေမြေရာသီဥတုခံနိုင်ရည်ရှိ) ရပါမယ်။

၂။ shaking machine

သွေး ၃ လီတာ ထုတ်ပြီး Gravity Sedimentation method အစား Shaking Machine and Plasma pack ကို သုံးရပါမယ်။ သွေးကို ပလတ်တစ်အိတ်ထဲထည့် ဗဟိုခွာအားစံနစ် (centrifugal action) နဲ့ သွေးရည် ကြည်ခွဲထုတ်ရင် သွေးရည်ကြည် ၂လီတာလောက် ရပါတယ်။ ပထမစံနစ်ထက် သွေးရည်ကြည်ရနှုန်း ပိုများပါတယ်။

နောက်စံနစ်တစ်ခုကတော့ Automated Plasmaphresis Machine

မြင်းကိုယ်ထဲကသွေးကို စက်ထဲထည့်လှည့်၊ စက်က သွေးရည်ကြည်ကိုခွဲထုတ်ပြီး သွေးနီဥအပိုင်းကို မြင်းထဲ တိုက်ရိုက် ပြန်သွင်းတဲ့ စက်ပါပဲ။ အဲဒီစက်ကိုသုံးရင် တစ်ကြိမ်ကို သွေးရည်ကြည် ၃လီတာ တစ်ပြိုင်နက် ထုတ်နိုင်ပါတယ်။ Automated Plasmaphresis Machine လို့ ခေါ်ပါတယ်။

၃။ Tangential Fluid Filter (TFF Method)

သွေးရည်ကြည်ထဲက anti-toxin ကို အမိုးနီးယား ဆာလဖိတ် အနည်ကျနည်းအစား ဒါမှမဟုတ် (Caprylic acid နဲ့ အနည်ကျနည်းအစား Tangential Fluid Filter (TFF Method) ဆိုတဲ့ ခေတ်မှီနည်းတစ်ခုကတော့ ASV Protein ကို စစ်ထုတ်ယူ (Filter) လုပ်ယူတာပါပဲ။ သွေးရည်ကြည်ထဲက ASV protein ရာခိုင်နှုန်းပြည့် ထုတ်ယူလိုက်နိုင်တဲ့ နည်းစံနစ်ပါပဲ။

၄။ Freeze Dryer

ရလာတဲ့ ASV protein ကို အရည်အစား အခဲ crystal အဖြစ် ထုတ်လုပ်ရပါမယ်။ ဒီ အဆင့်အတွက် Freeze Dryer ဆိုတဲ့ စက်တစ်လုံး လိုအပ်ပါတယ်။

ASV protein အရည်ကို အရည်ခဲမှတ်အောက်အထိ အအေးခံပြီး အခဲလုပ်ရပါတယ်။
အဲဒီနောက် လေဖိအားကိုလျှော့ပြီး အပူပြန်ပေးရပါတယ်။ အလွန်နည်းတဲ့ လေဖိအားမှာ ရေဆူမှတ် (boiling temperature) က အလွန်နိမ့်လေတော့ အနည်းငယ် အပူပေးရုံနဲ့ ရေ (water component from ASV protein) အပိုင်းဟာ အခဲကနေ အငွေ့အဆင့်ကို တိုက်ရိုက်ပြောင်းသွားပါတယ်။

အဲဒီရေငွေ့ကို စုပ်ထုတ်လိုက်တဲ့အခါ ASV Protein ဟာ အခဲ Crystal form အဖြစ်ရလာပါတယ်။

ဒီလို ပုံဆောင်ခဲဆေးကို Cold chain နဲ့ ထိန်းသိမ်းထားစရာမလိုလို့. သယ်ရတာလဲလွယ်. ကျေးရွာအရောက် မြွေကိုက်လူနာနားအထိ ဖြန့်ထားလို့ရပါတယ်။ ပျက်စီးလေလွင့်တာမရှိတဲ့အပြင် အရည် (Liquid form) ရဲ့ ဆေးအာနိသင် သက်တမ်း ၃နှစ်သာရှိပေမယ့် အခုရလာတဲ့ ပုံဆောင်ခဲ Crystal form ရဲ့ သက်တမ်းဟာ ၅နှစ်ရှိတာမို့ အလွန်ကို အဆင်ပြေ လှပါတယ်။ ဆေးကို လူနာလက်တစ်ကမ်းအကွာထိ ပို့ပေးထားနိုင်မှာပါ။

Freeze Dryer တစ်လုံးလည်ပတ်ရာမှာ ၇၂နာရီ ဆက်တိုက် လည်ပတ်ရပြီး လည်ပတ်နေစဉ် လျှပ်စစ်မီး ပြတ်တောက်လို့ လုံးဝမရပါဘူး။ ပြတ်တောက်ခဲ့ရင် စက်ရဲ့ Compressor တွေ Motor တွေ ပျက်စီးပါတယ်။ ဒါကြောင့် ဒီစက်နဲ့အတူ (UPS.. uninterrupted power supply) တစ်ခု မရှိမဖြစ် လိုပါတယ်။

၅။ ဒီစက်တွေကို ကျွမ်းကျင်စွာကိုင်တွယ်နိုင်ဖို့ ရေရှည် ပြုပြင်ထိန်းသိမ်းနိုင်ဖို့ လူတွေ နည်းပညာသင်တန်းတွေ လိုပြန်ပါတယ်။ နောက် ဓါတ်ခွဲခန်းတွေ သုသေသနလုပ်ငန်းတွေအတွက် ရန်ပုံငွေလိုပါတယ်။

ကုသရေးအပိုင်းမှာလည်း ကိုက်တဲ့အချိန်မှာ မြွေဆိပ် ဘယ်လောက်ပြင်းသလဲ (toxicity)

(မြွေက တစ်ခုခုကို အရင်ကိုက်ထားရင် မြွေဆိပ်နည်းနေတတ်ပါတယ်)၊

လူ့ခန္ဓာကိုယ်ထဲ အဆိပ်ဘယ်လောက် ဝင်သွားသလဲ (amount of venom injected)။

လူနာရဲ့ နဂို အသည်းအခြေအနေ ကျောက်ကပ်အခြေအနေ
ဒါတွေကိုအခြေခံလို့ ဆေး ဘယ်လောက်လောက် ထိုးရမလဲ။ (Initial Dose = 4 ampules)။
ဘယ်လို လက္ခဏာတွေကို ကြည့်ပြီး ဆေးထပ်ထိုးသင့်မထိုးသင့်ဆိုတဲ့ ဆုံးဖြတ်ရမယ့် criteria တွေ၊

သွေးထဲမှာ မြွေဆိပ်ကျန်နေသေးသလား တိုင်းတာနိုင်မယ့် နည်းစံနစ် ၊ ပစ္စည်း (Testing Material and Method) တွေ..ဒီလိုဒီလို လေ့လာစရာ သင်ယူစရာ သုသေသနပြုစရာ များပြားလှပါတယ်။

ဒီလိုအပ်ချက်တွေကို တွက်ချက်ကြည့်လိုက်တော့ လိုအပ်ငွေ (Fund) က ဒေါ်လာ ငါးသိန်းနဲ့ တစ်သန်းကြားလောက်ရှိတယ်ဗျို့..

ဒီလောက်ငွေနဲ့ စက်တွေတပ်ဆင်လည်ပတ်ထုတ်လုပ်နိုင်ခဲ့ရင် တစ်နှစ်မြွေကိုက်သေဆုံးသူ တောင်သူလယ်သမား တစ်ထောင်ကျော်ကို အသက်ဘေးက ကယ်တင်နိုင်မှာ ဖြစ်ပါတယ်..။ တစ်နှစ်တည်း မဟုတ်ပါဘူး။ စက်တွေ လည်ပါတ်နေသမျှ ကာလပါတ်လုံး နှစ်တိုင်းဆိုပါတော့..။

"ပြဿနာတစ်ရပ်ဖြစ်လာပြီဆိုရင် ဟိုလူ ဟိုဌာနကို တာဝန်လွှဲချ၊ ဒီပုဂ္ဂိုလ် ဒီဌာနကို အပြစ်ဖို့နေမယ့်အစား ကိုယ်နဲ့ တိုက်ရိုက်သက်ဆိုင်သည်ဖြစ်စေ မသက်ဆိုင်သည်ဖြစ်စေ ကိုယ်တတ်နိုင်တဲ့ အပိုင်းလေးမှာ တတ်နိုင် သမျှလေး ကူညီဆောင်ရွက်ပြီး ဖြေရှင်းပေးကြမယ်ဆိုရင် ပြဿနာတွေကို ကျော်လွှားနိုင်မှာ အမှန်ပါပဲ။"

(မောင်မောင်မြင့်)

၂၇ ဇန်နဝါရီ ၂၀၁၂

Credit _ Maung Maung Myint

ချမ်းသားတဲ့သူတွေ ငွေကြေး မပူမပင်ကြရသူတွေ
ခုလို အမှန်တကယ် လူသားအကျိုးပြု ကျန်းမာရေး နဲ့ ပညာရေးဘက်မှာ အားပြု ပေးလှူ မတည်ကူညီကြရင် မဝေးတဲ့ တနေ့ လူသားအကျိုးပြု ပညာဉာဏ်ရည် ပြည့်ဝ သာယာ လှပတဲ့ အနာဂတ်ကို ပိုင်ဆိုင်လာကြမှာ မလွဲပါဘူး လို့ တိုက်တွန်းအကြံပြုအပ်ပါတယ်။

Address

Mandalay
05041

Telephone

+9595240273

Website

Alerts

Be the first to know and let us send you an email when Aye Mya Lann Sun - အေးမြလန်းဆန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram