06/12/2025
E-Cigarette ဆိုတာ နစ်ကိုတင်းအရည်ကို ဘက်ထရီအသုံးပြုရတဲ့ ကိရိယာထဲမှာထည့်ပြီး အပူပေးလိုက်လို့ အငွေ့ပျံလာတာကိုရှူသွင်းရတဲ့ ကိရိယာတစ်ခုဖြစ်ပါတယ်။ ဆေးလိပ်သောက်ရင် အဓိကစွဲလန်းစေတဲ့၊ ကျေနပ်မှုဖြစ်စေတဲ့ နစ်ကိုတင်းကို အဓိကထည့်သွင်းထားပေမယ့် အဲ့ဒီနစ်ကိုတင်းကို အရည်ဘဝနဲ့ ကြာရှည်တည်ရှိနေနိုင်အောင် base လို့ခေါ်တဲ့ ဖျော်တဲ့ပစ္စည်းတွေ၊ အနံ့အရသာကောင်းအောင် ထည့်သွင်းထားတဲ့ essence တွေပါ ရောထားပါသေးတယ်။ e-cigs လို့လည်း အတိုကောက်ခေါ်သလို Va**ng လို့လည်း ခေါ်ပါတယ်။ အချို့တွေက တစ်ခါသုံးဖြစ်ပြီး အထဲကအရည်ကုန်တာနဲ့ လွှင့်ပစ်ရပါတယ်။ များသောအားဖြင့်တော့ အရည်ပြန်ဖြည့်ပြီးသုံးရတဲ့ Refillable Catridge နဲ့ သုံးတာကပိုများပါတယ်။ ဘက်ထရီကိုလည်း ကွန်ပြူတာ ဒါမှမဟုတ် Power Bank နဲ့ အားသွင်းပြီး အသုံးပြုနိုင်ပါတယ်။ မူလ idea ကို ၁၉၆၃ ခုနှစ်မှာ Herbert A. Giebert ဆိုသူက စတင်တီထွင်ပြီး မူပိုင်ခွင့်ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် စျေးကွက်တင်ရောင်ချနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒီကနေ့သုံးနေတဲ့ပုံစံကို တရုတ်လူမျိုး Pharmacist ဖြစ်တဲ့ Hon Lik က တီထွင်ခဲ့တာဖြစ်ပြီး Golden Dragon Holding ကုမ္ပဏီအတွက် လုပ်ခဲ့တာဖြစ်ပါတယ်။ နောင်ပိုင်းမှာတော့ အဲ့ဒီကုမ္ပဏီကို Ruyan လို့ အမည်ပြောင်းခဲ့ပါတယ်။ ၂ဝဝ၃ခုနှစ်က စတင်ထုတ်လုပ်ခဲ့ပြီး တရုတ်ပြည်မှာ၂ဝဝ၄ ခုနှစ်အတွင်း စတင်ဖြန့်ဖြူးရောင်းချခဲ့ပါတယ်။ ၂ဝဝ၅-၂ဝဝ၆ လောက်မှာတော့ နိုင်ငံအသီးသီးကို ဖြန့်ဖြူးရောင်းချနိုင်ခဲ့ပါတယ် ဒါပေမယ့် တကယ်တွင်ကျယ်လာတာက ၂ဝ၁ဝ နောက်ပိုင်းကျမှဖြစ်ပါတယ်။
၂ဝ၁၁ ခုနှစ်ကနေ ၂ဝ၁၅ ခုနှစ် ၅နှစ်တာကာလအတွင်း အမေရိကန်လူငယ်တွေကြားမှာ ရာခိုင်နှုန်း ၉ဝဝ (၉ဆ) လောက် တိုးတက်သုံးစွဲလာတာတွေ့ရပါတယ်။ ၂ဝ၁၆ ရောက်တဲ့အခါမှာ အမေရိကန်နိုင်ငံမှာရှိတဲ့ ၁၈ နှစ်အထက် လူတွေအားလုံးရဲ့ ၃့၂ % ဟာ သူ့ကို စွဲနေကြပါပြီ။ ဒါ့ကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ တစ်နေ့ထက်တစ်နေ့ များလာနေတဲ့ အတွက် အမေရိကန် FDA က ဥပဒေတွေပြဌာန်းပြီး ကန့်သတ်ဖို့ကြိုးစားလာနေရပါပြီ။
E-Cigarette သုံးရင် ဆိုးကျိုးတွေကတော့ အဓိကအနေနဲ့ (၅) ချက်ရှိပါတယ်။
(၁) နစ်ကိုတင်းကြောင့်ဖြစ်လာသည့် ကျန်းမာရေးဆိုးကျိုးများ - အဓိကအားဖြင့် နစ်ကိုတင်းအရည်ကို အငွေ့ပျံစေပြီး ရှူရှိုက်တာဖြစ်ပါတယ်။ သာမန်ဆေးလိပ်မှာပါဝင်တဲ့ နစ်ကိုတင်းထက်ပိုမိုသန့်စင်အောင် ပြုလုပ်ထားပြီး ထုတ်ထားတာဖြစ်လို့ သူ့ချည်းပါဝင်မှု Concentration ပိုများပါတယ်။ ဒါ့ကြောင့် ရှူလိုက်ရင်ဝင်သွားတဲ့ နစ်ကိုတင်းပမာဏဟာ သာမန်ဆေးလိပ်တစ်လိပ်ကို ရှူလိုက်ရင်ဝင်လာတဲ့ပမာဏထက် ပိုများပါတယ်။ ဒါ့ကြောင့် နစ်ကိုတင်းကြောင့် ဖြစ်ရတဲ့ကျန်းမာရေးဆိုးကျိုးတွေဖြစ်တဲ့ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဥ်းရောဂါ၊ လေဖြတ်တာ၊ ခြေလက်တွေသွေးကြောပိတ်ပြီး ပုပ်တာ၊ ဦးနှောက်နဲ့အာရုံကြောတွေ ထိခိုက်တာ၊ ဆီးချိုသွေးချိုဖြစ်တာ၊ ဟိုမုန်းတွေပုံမှန်မဖြစ်တော့တာ၊ အရိုးတွေပွတာ၊ ကြွက်သားတွေနာကျင်တာ၊ အသက်တိုစေတာ အစရှိသဖြင့် အကုန်လုံးဖြစ်မှာပါ။
(၂) E-Cigarette အရည်ထဲမှာပါဝင်တဲ့ ဖျော်ရည်အခြေခံပစ္စည်း (base) ဖြစ်တဲ့ Propylene glycol, glycerol တို့အပြင် ကြာရှည်ခံစေတဲ့ပစ္စည်းတွေ၊ အနံ့အရသာကောင်းဖို့ ထည့်ထားတဲ့ ဓာတုပစ္စည်းမျိုးစုံဟာလည်း ဒုက္ခပေးနိုင်ပါတယ်။ အဲ့ဒီပစ္စည်းတွေကို မီးနဲ့အပူပေးလိုက်ရင် ဓာတ်ပြုရာက Formaldehyde တွေ ထွက်လာလေ့ရှိပါတယ်။ အဲ့ဒီပစ္စည်းထဲကတစ်ချို့ဟာ အဆိပ်အတောက်ဖြစ်စေပြီး ကင်ဆာရောဂါအထိ ဖြစ်စေနိုင်ပါတယ်။
(၃) E-Cigarette ကို အပူပေးလို့ထွက်လာတဲ့ အငွေ့တွေမှာပါဝင်တဲ့ ဓာတ်ပစ္စည်းတွေဟာ ဓာတုပစ္စည်းတွေကို မီးရှို့ရာကထွက်လာတဲ့ ပစ္စည်းတွေဖြစ်လို့ အဆုတ်ကိုထိခိုက်စေပါတယ်။ အဲ့ဒီအထဲမှာ အဆိုးဆုံးပစ္စည်းကတော့ Dicetyl လို့ခေါ်ပြီး အဆုတ်ကို တိုက်ရိုက်ဖျက်ဆီးတဲ့အတွက် ဓာတ်မှန်ရိုက်ကြည့်ရင် အဆုတ်နေရာတစ်ဝိုက်မှာ အဖြူရောင်အလုံးတွေ တွေ့ရလေ့ရှိပါတယ်ပြောင်းဖူးပေါက်ပေါက်နဲ့တူလို့ ဆေးပညာအရ Popcorn Lung လို့ခေါ်ပြီး ပြန်ကုလို့မရတဲ့အခြေအနေ (Irreversible Lung Disease) ဖြစ်ပါတယ်။
(၄) E-Cigarette ရဲ့ အငွေ့ထဲမှာပါဝင်နေတဲ့ Nitrosamine တွေဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်တွေရဲ့ DNA ကို ထိခိုက်ပျက်စီးစေတဲ့အတွက် ကင်ဆာရောဂါအမျိုးမျိုး ဖြစ်စေနိုင်ပါတယ်။ လောလောဆယ် ကြွက်တွေမှာစမ်းသပ်ပြီး ထွက်ရှိလာတဲ့ သုတေသနစာတမ်းတွေအရ ကြွက်တွေကို e-cigs အငွေ့တွေ ရှူခိုင်းကြည့်ရာမှာ အဆုတ်ကင်ဆာနဲ့ ဆီးအိမ်ကင်ဆာတွေ ဖြစ်လာတာတွေ့ရပါတယ်။ အခုလောလောဆယ် အသုံးပြုနေတဲ့လူတွေကိုတော့ နောင်၁ဝ နှစ်လောက်ကြာလို့ လေ့လာခဲ့ရင် လူတွေမှာလည်း ကင်ဆာဖြစ်စဥ်တွေ ပိုတွေ့ရတော့မှာပါပဲလို့ ပညာရှင်တွေက ယုံကြည်လျက်ရှိပါတယ်။
(၅) E-Cigarette သုံးစွဲသူလူငယ်များ တိုးပွားလာခြင်းဟာလည်း အဓိကပြဿနာတစ်ခုဖြစ်ပါတယ်။ သူ့ကို စတင်ထုတ်လုပ်ခဲ့တဲ့ မူလရည်ရွယ်ချက်က ဆေးလိပ်သောက်သုံးသူတွေကို ဆေးလိပ်ဖြတ်တဲ့အခါ အစားထိုးအသုံးပြုနိုင်ဖို့ ရည်ရွယ်ပြီးထုတ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ ဆေးလိပ်လုံးဝမသောက်ဖူးသူ လူငယ်တွေအနေနဲ့ အန္တရာယ်ကင်းတယ်ထင်ပြီး အသုံးပြုမှုဟာ တဟုန်ထိုးတိုးတက်လာတာ တွေ့ရပါတယ်။ အမေရိကန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ ၂ဝ၁၁ ကနေ ၂ဝ၁၃ ခုနှစ်အတွင်း အရင်ကဆေးလိပ်လုံးဝ မသောက်သုံးခဲ့တဲ့သူ သုံးစွဲနေသူပေါင်း ၂.၆၃ သိန်း ရှိတာ တွေ့ရပါတယ်။ အခုဆိုရင် သန်းဂဏန်းကျော်သွားလောက်ပြီလို့ ထင်ပါတယ်။ ဒါကလည်း သူ့မှာပါဝင်တဲ့ နစ်ကိုတင်းဟာ စွဲလန်းစေလို့ လူငယ်တွေကြားမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုလာတာ ဖြစ်ပါတယ်။ ဒါဟာ အနာဂတ်မျိုးဆက်တွေအတွက် အင်မတန်မှ ရင်လေးစရာဖြစ်ပါတယ်။
ဒေါက်တာခင်မောင်လွင် (FAME)