06/07/2025
ဆေးဆိုင်တွင်ဝယ်ယူရရှိနိုင်ပါသည်။
🌳 𝐺𝑖𝑛𝑘𝑔𝑜 𝑏𝑖𝑙𝑜𝑏𝑎 ခေါ်ကမ္ဘာဦးပင်အကြောင်းသိကောင်းစရာ🌳
ရုက္ခဗေဒအမည် 𝐺𝑖𝑛𝑘𝑔𝑜 𝑏𝑖𝑙𝑜𝑏𝑎 ဆိုတဲ့နာမည်ကို သရုပ်ခွဲကြည့်ရင် Ginkgo ဆိုတဲ့ genus နာမည်မှာ ‘Gin’ ဆိုတဲ့ဝေါဟာရဟာ တရုတ်ဘာသာကနေ ဆင်းသက်လာတာဖြစ်ပြီး silver (ငွေရောင်) လို့အဓိပ္ပာယ်ရပါတယ်။ kgo ဆိုတာကတော့ kyo လို့ခေါ်တဲ့ ဂျပန်ဘာသာကနေ ဆင်းသက်လာတာဖြစ်ပြီး Apricot မက်မန်းသီးလို့ဆိုပါတယ်။ ဒါကြောင့် Ginkgo ဆိုတာကတော့ ငွေရောင်မက်မန်းသီးလို့ အဓိပ္ပာယ်ရပါတယ်။ သူ့ရဲ့အသီးဟာ ငွေရောင်ရှိပြီး မက်မန်းသီးနဲ့ဆင်တူတယ်လို့ဆိုပါတယ်။ biloba ဆိုတဲ့ species နာမည်ကတော့ သူ့ရဲ့အရွက်ကလေးဟာ bi ဆိုတာ နှစ်ခုလို့ဆိုလိုပြီး lobe ဆိုတာကတော့ အရွက်ချပ်လေးကိုခေါ်တာဖြစ်ပါတယ်။ ဒါကြောင့် biloba ဆိုတာကတော့ ရွက်ချပ်လေး ၂ ခုရှိတဲ့ အရွက်လို့ အဓိပ္ပာယ်ရပါတယ်။ ဒါ့ကြောင့် 𝐺𝑖𝑛𝑘𝑔𝑜 𝑏𝑖𝑙𝑜𝑏𝑎 ဆိုတဲ့နာမည်ဟာ တရုတ်နဲ့ဂျပန် နာမည်ကပြား ဖြစ်ပါတယ်။ အင်္ဂလန်မှာတော့ Maiden hair tree လို့ခေါ်ပါတယ်။ သူ့ရဲ့အရွက်ဟာ မိန်းကလေးဆံပင်နဲ့တူလို့ ဖြစ်ပါတယ်။ မြန်မာလို “ကညာကေသာ” လို့ခေါ်ရခြင်းဟာလဲ ဒါကိုပဲရည်ညွှန်းပါတယ်။ ကမ္ဘာဦးပင်လို့လဲ ခေါ်ပါသေးတယ်။
ကျောက်ဖြစ်ရုပ်ကြွင်းတွေကို လေ့လာတဲ့အခါမှာ ပင်စည်နဲ့ အရွက်တွေကို လွန်ခဲ့တဲ့နှစ်ပေါင်းသန်း ၂၀၀ လောက်ကတည်းက ဖြစ်တည်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ကမ္ဘာကြီးစတင်ခဲ့တဲ့ ခေတ်ဦးပိုင်းကတည်းက ပေါ်ပေါက်ခဲ့တဲ့အပင်မို့လို့ ကမ္ဘာဦးပင်လို့ ခေါ်ခြင်းဖြစ်ပါတယ်။ ဒီနေ့ လက်ခံထားတာကတော့ ကမ္ဘာပေါ်မှာ ပထမဆုံးပေါ်ခဲ့တဲ့ အပင်ဖြစ်ပြီး ဒီကနေ့အထိ မျိုးပျောက်ဆုံးမသွားဘဲ ဆက်လက်တည်ရှိနေတဲ့အပင်ဆိုလို့ 𝐺𝑖𝑛𝑘𝑔𝑜 𝑏𝑖𝑙𝑜𝑏𝑎 အပင်ဟာ အကောင်းဆုံးဥပမာဖြစ်ပါတယ်။ အစောဆုံးပေါ်ခဲ့တဲ့အပင်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့်လဲ ဒီအပင်မှာ ထူးခြားချက်တွေနဲ့ ပြည့်နေပါတယ်။
နံပါတ် (၁) ကတော့ ကမ္ဘာပေါ်မှာ ပထမဆုံးပေါ်ခဲ့တဲ့အပင် နှစ်သန်းပေါင်း ၂၀၀ ကတည်းက စတင်ပေါ်ပေါက်ခဲ့တဲ့အပင်ဖြစ်ပြီး ဒီနေ့အထိ မျိုးမသုန်းသေးတာဟာ ထူးခြားချက်တစ်ခု ဖြစ်ပါတယ်။
(၂) သူ့မှာ တခြားရုက္ခဗေဒအပင်တွေလိုမဟုတ်ဘဲ ဆွေမရှိမျိုးမရှိတစ်ကောင်ကြွက်ဖြစ်ပါတယ်။
Division, Class, Order, Family, Genus, Species အားလုံးမှာ အပင်တစ်ပင်ထဲရှိပါတယ်။ ဒါဟာ တစ်ခုတည်းသော ထူးခြားချက်ဖြစ်ပါတယ်။
(၃) အပင်မှာ အဖိုပင်၊ အမပင်ရယ်လို့ သီးခြားရှိပါတယ်။ အမပင်ကတော့ အသီးသီးပြီး အဖိုပင်နဲ့ ဝတ်မှုန်ကူးခါ မျိုးအောင်တဲ့မျိုးစေ့တွေကို ရပါတယ်။ အဲ့ဒီမျိုးကိုပျိုးပြီးစိုက်လို့ ရပါတယ်။ အဖိုပင်တစ်မျိုးထဲပဲဖြစ်ဖြစ် အမပင်တစ်မျိုးတည်းပဲဖြစ်ဖြစ် ရှိရင်လဲ ကိုင်းထိုးစိုက်ရင် ပေါက်တဲ့အတွက် မျိုးဆက်ထိန်းသိမ်းရာမှာ များစွာအထောက်အကူပြုတာတွေ့ရပါတယ်။
(၄) နောက်ထူခြားချက်တစ်ခုက အပင်ဟာ နှစ်ပေါင်းများစွာခံပြီး သဘာဝအလျောက် သေဆုံးခြင်းမရှိတဲ့အပင်ဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံ Bath မြို့မှာနှစ်ပေါင်း ၁၀၀၀ ကျော်တဲ့အပင်ကြီးကို ထိန်းသိမ်းထားပါတယ်။ တရုတ်၊ ဂျပန်၊ ကိုရီးယားတို့မှာလဲ နှစ်ပေါင်းရာချီတဲ့အပင်တွေ ဒီနေ့အထိ ရှိနေဆဲဖြစ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ သူ့ကို သဘာဝပိုးကောင်တွေ ဖျက်ဆီးနိုင်ခြင်းမရှိလို့ပဲဖြစ်ပါတယ်။
ဒါ့အပြင် ဒီကနေ့ကြုံတွေ့နေရတဲ့ Air Pollution ဒဏ်ကိုလဲ ခံနိုင်ရည်အရှိဆုံးအပင်လို့ ဆိုပါတယ်။ Pollution air ကိုစုပ်ယူပြီး ပြန်သန့်စင်တဲ့ အောက်ဆီဂျင်ကိုပြန်ထုတ်ပေးနိုင်လို့ လူနေထူထပ်တဲ့မြို့ကြီးတွေမှာ သူ့ကိုအဓိကထားပြီး ပြောင်းလဲစိုက်ပျိုးလာတာတွေ့ရပါတယ်။ ဥပမာ တရုတ်ပြည်မှာဆို Beijing, Shanghai တို့ ကိုရီးယားမှာဆို Seoul တို့ Busan တို့မှာဆို တစ်မြို့လုံး Ginkgo ပင်တွေနဲ့ပြည့်နေပါတယ်။
အစောဆုံးအထောက်အထားအနေနဲ့ ဒီကနေ့တရုတ်ပြည် Shanghai ဒေသဖြစ်ပါတယ်။ နောက်မှ ကိုရီးယားတို့ ဂျပန်တို့ကို ပြန့်နှံ့ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အခုတော့ ဥရောပရော အမေရိက တိုက်ပါမကျန် တစ်ကမ္ဘာလုံးမှာ စိုက်ပျိုးကြတာတွေ့ရပါတယ်။ အေးပြီးစွတ်စိုတဲ့ ရာသီဥတုရှိရင် ပေါက်ပါတယ်။ များသောအားဖြင့်တော့ပေ ၅၀နဲ့ ၁၀၀ ကြားမှာ တွေ့ရလေ့ရှိပါတယ်။ သက်တမ်းရင့်တဲ့ အပင်တွေကတော့ ပေ ၁၅၀ လောက်အထိရှိပါတယ်။ သဘာဝအလျောက်လည်းတွေ့ရတတ်ပါတယ်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသအချို့မှာ တွေ့နိုင်ပါတယ်။ ဒါပေမယ့် သိပ်ပေါပေါများများတော့ မတွေ့ရပါဘူး။
စိုက်မယ်ဆိုရင်လည်း ကောင်းကောင်းဖြစ်ပါတယ်။ သာဓကအနေနဲ့ ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ်မှာ စိုက်ပျိုးထားတာတွေရှိပါတယ်။ ကျွန်တော်ကိုယ်တိုင် တရုတ်ပြည်က မျိုးယူပြီး ပြင်ဦးလွင်အနီးစခန်းဒေသမှာ အပင်၂၀၀၀ ကျော်စိုက်ပျိုးထားတာ ၁၅ နှစ်သားလောက်ရှိနေပါပြီ။
ပြီးတော့ ကချင်ပြည်နယ် ပန်ဝါအထူးဒေသမှာ မူးယစ်ဆေးဝါးအစားထိုးသီးနှံအဖြစ် ဂျပန်နိုင်ငံအကူအညီနဲ့ အပင်ပေါင်းတစ်သိန်းကျော်စိုက်ပျိုးထားတယ်လို့လဲ ဒေသခံပညာရှင်များက ပြောပါတယ်။ ကျွန်တော်ကိုယ်တိုင်တော့ မရောက်ဖူးသေးပါဘူး။
အပင်ရဲ့ စားလို့ရတဲ့အစိတ်အပိုင်းကတော့ အစေ့ဖြစ်ပါတယ်။ အစေ့ကို အခြောက်ခံပြီးစားရင် အလွန်ပဲစိမ့်ပါတယ်။ ကြက်သားတို့ဘဲသားတို့နဲ့ ဟင်းချက်စားလို့လဲရပါတယ်။ ဆေးဖက်ဝင်တဲ့ အစိတ်အပိုင်းကတော့ အရွက်ဖြစ်ပါတယ်။ ဒါပေမယ့် အပင်သက်တမ်း 10 နှစ်ကျော်မှ အရွက်မှာ ဆေးဖက်ဝင်အာနိသင်ပြည့်ပြည့်၀၀ရရှိပါတယ်။ အပင်နုရင်တော့ ဆေးဖက်ဝင်အာနိသင် ပါဝင်မှုလျော့နည်းမှာဖြစ်ပါတယ်။
အဓိကပါတာကတော့ flavonoid နဲ့ terpenoids တို့ဖြစ်ပါတယ်။ အရွက်ကနေ extract လုပ်ရာမှာ စံသတ်မှတ်ချက်အနေနဲ့ Flavonoid glycoside 24% အနည်းဆုံးပါဝင်ရမှာဖြစ်ပြီး Terpene Lactones ကတော့ 6% ပါဝင်ရမှာဖြစ်ပါတယ်။ ဒါကို EGb 761 လို့ခေါ်ပါတယ်။ ဒါမှအဆင့်မီတယ်လို့ သတ်မှတ်ပါတယ်။
အဓိကကတော့ သွေးကြောလေးတွေထဲမှာ သွေးလှည့်ပတ်မှုကောင်းအောင် ပြုလုပ်ပေးခြင်းဖြစ်ပါတယ်။ သဘာဝဆေးဝါးတွေထဲမှာတော့ အထိရောက်ဆုံး၊ အစွမ်းထက်ဆုံးဖြစ်ပါတယ်။ ဓာတုဗေဒဆေးဝါးတွေထက်လဲ အများကြီးသာပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ နည်းလမ်းပေါင်းများစွာနဲ့ ဆောင်ရွက်ပါတယ်။
(၁) Anti-platelet action - သွေးကိုမခဲအောင်ဆောင်ရွက်ပေးပါတယ်။ သွေးခဲပြီး သွေးကြောပိတ်ရင် လေဖြတ်တာတို့ နှလုံးသွေးကြောပိတ်ပြီး Heart attack ရတာတို့ မဖြစ်အောင်ကာကွယ်ပေးပါတယ်။
(၂) Prevent atherosclerosis - သွေးကြောထူလာတာဟာ LDL oxidation ကြောင့်ဖြစ်ပါတယ်။ သူက antioxidant ဖြစ်လို့ ဟန့်တားထားပါတယ်။ သွေးကြောနံရံတွေ ထူမလာအောင် ဟန့်တားထားပါတယ်။ နံရံတွေထူလာမယ် မာလာမယ်ဆိုရင် သွေးကြောတွေကျဉ်းပါတယ်။ သွေးကြောကျဉ်းရင် သွေးဖိအား များလာပြီး သွေးတိုးရောဂါရနိုင်သလို လေဖြတ်တာလဲဖြစ်နိုင်ပါတယ်။
(၃) Microcirculation လို့ခေါ်တဲ့ ဆံချည်မျှင်သွေးကြောတွေကို ဖွင့်ပေးတဲ့အတွက် သွေးလှည့်ပတ်မှုကောင်းပြီး တစ်သျှူးတွေကို Oxygen ကောင်းစွာရရှိစေနိုင်ပါတယ်။
အသုံးပြုနိုင်တဲ့ ရောဂါများအနေနဲ့
(၁) Hypertension (သွေးတိုးရောဂါ)
(၂) Occlusive stroke (သွေးကြောပိတ်၍လေဖြတ်ခြင်း)
(၃) Impaired memory (မှတ်ဉာဏ်လျော့နည်းလာခြင်း)
(၄) Alzheimer (အသက်အရွယ်ကြီးရင့်သူများတွင် ဦးနှောက် အတွင်းရှိအာရုံကြော ဆဲလ်များ တဖြည်းဖြည်းပျက်ဆီးသေဆုံးသောရောဂါ)
(၅) Vertigo (မူးဝေခြင်း) နှင့် Motion sickness (or) Altitude sickness (ကား၊ ရထား၊ လေယာဉ်ပျံမူးခြင်း)
(၆) Intermittent claudication (ခြေထောက်နှစ်ဖက်ထုံကျဉ်ခြင်း၊ လမ်းလျှောက်လျှင် နာကျင်ကိုက်ခဲခြင်း)
(၇) Impotence and erectile dysfunction (အမျိုးသားများ ပန်းသေပန်းညှိုးဖြစ်ခြင်း)
တို့အတွက် အကျိုးရှိပါတယ်။
သူ့ကို အသက်၅၀ ကျော်တဲ့ မည်သူမဆိုသောက်သင့်ပါတယ်.။ ဘာဖြစ်လို့လဲဆိုတော့ အသက် ၅၀ ကျော်ရင် လူတိုင်းလူတိုင်းသွေးကြောတွေ တဖြည်းဖြည်းကျဉ်းလာလို့ဖြစ်ပါတယ်။ အထူးသဖြင့် ဦးနှောက်နဲ့အာရုံကြောကို သွားတဲ့သွေးကြောတွေ ကျဉ်းမသွားအောင် ကာကွယ်တဲ့အနေနဲ့ သောက်မယ်ဆိုရင် များစွာအကျိုးရှိပါတယ်။
အခုချိန်မှာ Ginkgo leaf ကနေ extract ထုတ်ပြီး ဆေးဝါးအဖြစ် အလွယ်တကူသောက်သုံးနိုင်ပြီဖြစ်ပါတယ်။ တစ်နေ့ကို 120 mg လိုအပ်ပြီး 60 mg ပါတဲ့ capsule ဆိုရင်တော့ တစ်နေ့ ၂ ကြိမ်၊ 40 mg ပါတဲ့ဆေးပြားဆိုရင်တော့ တစ်နေ့ (၃)ကြိမ် အစာမစားမီသောက်ရပါမယ်။ အကယ်၍ အစာအိမ်နာရှိရင်တော့ အစာလေးတစ်ခုခုစားပြီးမှ သောက်ရမှာဖြစ်ပါတယ်။
ဆေးအများစုနဲ့တော့ တွဲသောက်လို့ရပါတယ်။ ဒါပေမယ့် တွဲမသောက်သင့်တဲ့ဆေးတွေလဲရှိပါတယ်။
ဒါတွေကတော့
(၁) Antiplatelet drugs (သွေးကျဲဆေးများ ဥပမာ- Aspirin ,warfarin)
Ginkgo biloba ဟာ သွေးကျဲစေတတ်ပါတယ်။ ဒါကြောင့် သူ့ကိုသောက်ရင် အခြားသွေးကျဲဆေးများသောက်ရန်မလိုပါ။ အကယ်၍ အရင်ကသောက်ခဲ့ရင် ဖြတ်ရမှာဖြစ်ပါတယ်။ အတူတူတွဲသောက်ရင် သွေးပိုပြီးကျဲသွားနိုင်တဲ့အတွက် သွေးယိုစီးမှုတွေ ဖြစ်နိုင်လို့ဖြစ်ပါတယ်။
(၂) Vitamin E
အခုချိန်ခါမှာ Vitamin E ကို လူတော်တော်များများ သောက်လေ့ရှိပါတယ်။ dose နည်းရင် သိပ်ပြဿနာမရှိပါ။ 100 IU ထက်နည်းရင် တွဲသောက်လို့ရပါတယ်။ ဒါပေမယ့် 400 IU ထက် ပိုပြီးသောက်တဲ့သူတွေဆိုရင်တော့ နှစ်ခုထဲက တစ်မျိုးပဲသောက်ရမှာဖြစ်ပါတယ်။
ဒေါက်တာခင်မောင်လွင် (FAME)