17/09/2025
🗣️ပန်းနာရင်ကျပ်ရောဂါ ဆိုတာ...
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
ပန်းနာရင်ကျပ်ဆိုတာ လေပြွန်တွေ ရောင်ရမ်းတဲ့ရောဂါပါ။ လေပြွန်တွေ ရောင်ရမ်းတဲ့အတွက်ကြောင့် ကျဉ်းမြောင်းလာပြီး ချွဲတွေနဲ့ ပြည့်လာတာကြောင့် အသက်ရှူရကျပ်လာပြီး တရွှီရွှီနဲ့ မောလာပါတယ်။ နာတာရှည်ရောဂါဖြစ်ပြီး အမြစ်ပြတ်ကုသဖို့ မလွယ်ပါဘူး။ ဒါပေမယ့် ဆောင်ရန် ရှောင်ရန်တွေကို လိုက်နာရင်တော့ လူကောင်းအတိုင်း နေသွားနိုင်ပါတယ်။
🗣️ပန်းနာရင်ကျပ်ရောဂါ ဘာကြောင့်ဖြစ်တာလဲ။
ပန်းနာရင်ကြပ် ဘာကြောင့် ဖြစ်တာလဲဆိုတာ အတိအကျ မပြောနိုင်သေးပါဘူး။ မျိုးဗီဇနဲ့ ပတ်ဝန်းကျင်က အချက်အလက်တွေကြောင့်လို့ပဲ ယူဆထားကြပါတယ်။ ဒါပေမယ့် ပန်းနာရင်ကျပ်သမားတွေမှာ ရင်ကျပ်ထစေတဲ့ ပစ္စည်းလေးတွေ ရှိပါတယ်။ ဒါကို triggersလို့ ခေါ်ပါတယ်။
•အမှုန်အမွှားတွေ၊ ဖုန်တွေ၊ ဝတ်မှုန်တွေ ရှူပြီး ကျပ်တာ
•အအေးမိပြီး ကျပ်တာ
•လေ့ကျင့်ခန်း လုပ်ရင် ကျပ်တာ
•ရာသီဥတုအေးရင် ကျပ်တာ
•မီးခိုးငွေ့တွေ၊ ဆေးလိပ်ငွေ့တွေ ရှူမိရင် ကျပ်တာ
•စိတ်ဖိစီးမှုများရင် ကျပ်တာ
•ဆေးတွေသောက်မိရင် ကျပ်တာ
•စားချဉ့်ရည်ပြန်ပြီး ကျပ်တာ
အမျိုးမျိုး ရှိပါတယ်။
🗣️ပန်းနာရင်ကျပ်ရောဂါရဲ့ လက္ခဏာများ
ပန်းနာရင်ကျပ်က ဘာကြောင့်ပဲ ကျပ်ကျပ်၊ ဘယ်အမျိုးအစားပဲ ဖြစ်ဖြစ် ရောဂါအရ လေပြွန်ရောင်ရမ်းပြီး ကျဉ်းမြောင်းတာဖြစ်တဲ့အတွက် လက္ခဏာတွေက အတူတူပါပဲ။
🔸မောမယ်
🔸ရင်ဘတ်ထဲမှာ တင်းကျပ်ကျပ် ခံစားရမယ်
🔸အသက်ရှူရင် တရွှီရွှီမြည်မယ်
🔸ချောင်းဆိုးမယ်၊ ချွဲကျပ်မယ်
🔸ညဘက်တွေ အိပ်မရဖြစ်မယ် စတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။
🗣️ဘယ်သူတွေ ပန်းနာရင်ကျပ်ရောဂါ ပိုဖြစ်နိုင်လဲ။
🔹မိဘ ဒါမှမဟုတ် မောင်နှမတွေမှာ ပန်းနာရင်ကျပ် မျိုးရိုးရှိသူတွေ
🔹ဓာတ်မတည့် ရောဂါအခံရှိသူတွေ
🔹အဝလွန်တဲ့သူတွေ
🔹ဆေးလိပ်သောက်တဲ့သူတွေ
🔹ကိုယ်တိုင်မသောက်တောင် ဆေးလိပ်ငွေ့နဲ့ ထိတွေ့မှု များတဲ့သူတွေ
🔹လေထုညစ်ညမ်းတဲ့ နေရာမှာ နေတဲ့သူတွေ
🔹လုပ်ငန်းခွင်မှာ အမှုန်အမွှားတွေ၊ ဖုန်တွေ၊ အငွေ့တွေ ရှူရှိုက်ရတဲ့သူတွေမှာ အဖြစ်များပါတယ်။
🗣️ပန်းနာရင်ကျပ်ရောဂါကို ဘယ်လိုကုသလို့ ရသလဲ။
ပန်းနာရင်ကြပ်ရောဂါကို Stepwise managementလို့ ခေါ်တဲ့ ပြင်းထန်မှု အဆင့်အလိုက် ဆေးတွေ အတိုးအလျှော့လုပ်ပြီး ကုသပေးပါတယ်။ ရံဖန်ရံခါ ကြပ်တာလား၊ မကြာခဏ ကြပ်တာလား။ မကြာခဏ ကြပ်တာကိုမှ သာမန်ပဲလား၊ နည်းနည်းပြင်းထန်သလား၊ ပြင်းထန်အဆင့်လား စသဖြင့် အဆင့်ခွဲပြီး ကုသပေးပါတယ်။
သုံးတဲ့ ဆေးတွေကတော့
ရေရှည်မှာ ထိန်းချုပ်နိုင်ဖို့ ပုံမှန်သုံးရတဲ့ ဆေးတွေကတော့
-စတီးရွိုက်ရှူဆေးတွေ
-စတီးရွိုက်နဲ့ လေပြွန်ကျယ်ဆေးတွေကို ပေါင်းစပ်ထားတဲ့ ရှူဆေးတွေ
-Leukotriene modifiersလို့ ခေါ်တဲ့ ဆေးတွေ
-Theophyllineဆိုတဲ့ ဆေးတွေပဲ ဖြစ်ပါတယ်။
ကြပ်လာရင် အမြန်သက်သာဖို့ ဆောင်ထားခိုင်းတဲ့ ဆေးတွေကတော့
-လေပြွန်ကျယ်ဆေးတွေ
-စတီးရွိုက်တွေပဲ ဖြစ်ပါတယ်။
🗣️ပန်းနာရင်ကျပ်ရောဂါအတွက် ဆောင်ရန် ရှောင်ရန်တွေက ❗
ဆေးကုသမှုကို စနစ်တကျ ခံယူပါ။
တုပ်ကွေး ကာကွယ်ဆေးတွေ ထိုးထားပါ။
ကိုယ့်ကို ပန်းနာရင်ကျပ် ထစေတဲ့ ပစ္စည်းတွေနဲ့ ဝေးဝေးရှောင်ပါ။
အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။
ကျပ်မယ့် အရိပ်အယောင်ပြတာနဲ့ ဆေးရှူပါ။ ဒါမှ ပြင်းထန်တဲ့ အဆင့်ထိ ရောက်မသွားမှာ ဖြစ်ပါတယ်။
ဆေးကို ကိုယ်နဲ့ မကွာဆောင်ထားပါ။
ကျပ်တဲ့အချိန်တွေကို အသေးစိတ်ချရေးထားပါ။ ဆရာဝန်နဲ့ ရက်ချိန်းပြတဲ့အခါ အများကြီး အထောက်အကူဖြစ်ပါတယ်။
ဆေးတွေကို ညွှန်ကြားထားတဲ့အတိုင်းပဲ သုံးပါ။
ဆေးရှူနည်း မှန်ကန်ပါစေ။
ကိုယ့်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထားပါ။
ပန်းပွင့်တဲ့ ရာသီဆို အခန်းပြတင်းပေါက်တွေ ပိတ်ထားပါ။ အထူးသဖြင့် ဝတ်မှုန်နဲ့ မတည့်တဲ့သူဆို ပိုပြီး သတိထားသင့်ပါတယ်။
အခန်းတွင်း စိုထိုင်းဆ မများပါစေနဲ့။ မှိုစွဲပြီး ရင်ကျပ်တတ်ပါတယ်။
တိရစ္ဆာန်အမွေးနဲ့ မတည့်တဲ့သူဆို အိမ်မှာ မမွေးပါနဲ့။
#ဒေါက်တာonline
#ပန်းနာ
Via Hello doctor