17/08/2020
" ဝေဒနာ" ပယ်သတ်နည်း
•••••••••••••••••••••
" ဝိပဿနာ" စတင်အားထုတ်နေကြသော သူတော်ကောင်း ဓမ္မမိတ်ဆွေများ အတွက်ရော၊ အခုမှစပြီး စတင် တရားအားထုတ်ကြမည့် ဓမ္မမိတ်ဆွေများ အတွက် ရည်စူးပြီး "ဝေဒနာ"ကို ဘယ်လို "ပယ်သတ်"မလဲ ဆိုတာ မရေးခင်၊ "ဝေဒနာ"ဆိုတဲ့ စကားလုံးကို သိဖို့လိုအပ်ပါတယ်။တစ်ချို့လည်း နားလည်သဘောပေါက်ပြီးသား ဖြစ်ကြမှာပါ။
ပုထုဇဉ်တွေ အနေနဲ့ အများစု က "နာကျင် ကိုက်ခဲ" မှ "ဝေဒနာ" ဆိုပြီး မှတ်ယူနေကြတဲ့ လူတွေ များပါတယ်။ အဲဒီအတွက်ကြောင့် ဝေဒနာ အကြောင်းကို အကြမ်းဖျင်းရှင်းပြပါရစေ...
ဝေဒနာက (၃)မျိုးရှိပါတယ်။
(၁) ခံသာ တဲ့ဝေဒနာကို "သုခဝေဒနာ"လို့ခေါ်တယ်။
(၂) မခံသာတဲ့ဝေဒနာကို "ဒုက္ခဝေဒနာ"လို့ခေါ်တယ်။
(၃) ခံသာတာလဲမဟုတ်၊မခံသာတာလဲမဟုတ်တဲ့ ဝေဒနာ ကို "ဥပေက္ခာဝေဒနာ"လို့ ခေါ်ပါတယ်။
အဲဒီဝေဒနာ ( ၃ )မျိုးထဲက.. "ဒုက္ခဝေဒနာ" အကြောင်းဘဲ လောလောဆယ် ပြောပါရစေ။ ဘာလို့လဲဆိုတော့..
တရားအားထုတ်ကြသူတိုင်း ကြုံတွေ့ကြရတာ၊နာကျင် ကိုက်ခဲ တဲ့" ဝေဒနာ" ပါ။ ဓမ္မမိတ်ဆွေများဟာ "ဝေဒနာ" လို့ပြောလိုက်တာနဲ့အဲဒီ "ဒုက္ခဝေဒနာ" ကြီး ကို ပြေးပြေးမြင်နေကြပါတယ်၊ တရားအားထုတ်တဲ့ အခါ အဲဒီဝေဒနာ ပေါ်လာမှာ ကို စိုးရိမ်ကြတယ်၊ ခန္ဓာရှိသ၍.. "ဝေဒနာ" ကပေါ်တာ ဓမ္မတာတရားပါ။ မိမိတို့ကိုးကွယ်နေတဲ့ မြတ်စွာဘုရားကိုယ်တော် တောင် ပျောက်အောင် မလုပ်ပေးနိုင်ပါဘူး။ ပျောက်အောင် လုပ်ပေးနိုင်တာ.. မြတ်စွာဘုရားရှင်ကိုယ်တိုင် ရှာတွေ့ထားတဲ့ မှန်ကန်တဲ့ "ဗုဒ္ဓတရားတော်"တွေ ကသာ အဲဒီ " ဝေဒနာ " ကို ကုစား ပေးနိုင်တာပါ။
"ဝေဒနာ လာသေးလား " " ဝေဒနာချုပ်သွားပြီလား" "ဝေဒနာ" "ဝေဒနာ"ဆိုတဲ့ စကားကို တရားအားထုတ်ဖူးသူတိုင်း တရားစခန်းတိုင်းမှာ ဘဲ ဖြစ်ဖြစ် အချင်းချင်း တရားဆွေးနွေး၍ သော်လည်ကောင်း၊ တရားနာကြားစဉ် ၌ သော်လည်ကောင်း အမြဲကြားရတဲ့ စကားလုံးဖြစ်နေပါတယ်.. နာကျင်တာကို ဘဲ "ဝေဒနာ" လို သတ်မှတ်ကြတာကိုလည်း အပြစ်လို့မပြောလိုပါဘူး၊ နာကျင်တာက ထင်ရှားနေတာကိုး...။
ဒါကြောင့်မို့ တရားအားထုတ်တဲ့ အချိန်တိုင်း ဓမ္မမိတ်ဆွေ တို့ အများအားဖြင့် ကြုံတွေ့ရတဲ့ အဲဒီ နာကျင် ကိုက်ခဲမှု"ဒုက္ခ ဝေဒနာ"ကို ဘယ်လို ရှုပြီးပယ်သတ် တယ် ဆိုတာ၊ ဖတ်ရှုထားသမျှအား ...ဓမ္မဒါနပြုလိုက်ပါတယ်။
ပထမဆုံးအနေနဲ့...
"ရောဂါ နှင့် ဝေဒနာ"ကို တော့ ကွဲအောင် ကြည့်ရပါမယ်။
ကိုယ်ထဲမှာ "နာတာ၊ ကျင်တာ၊ ကိုက်တာ၊ ခဲတာ" အဲဒါက "ရောဂါ" ပါ။
အဲဒီ ကိုယ့် အနာရောဂါ ကို အကြောင်းပြုပြီးတော့ စိတ်ထဲမှာ မခံသာတာ ကတော့ "ဝေဒနာ(ခံစားချက်)" ဖြစ်ပါတယ်။
အဲဒီဖောက်ပြန်တဲ့ ရောဂါကိုဘဲ.."နာလှချည်" ရဲ ့ဆိုပြီး သွားကြည့်နေရင် သိပ်အခံရ ခက်ပါတယ်။
"စိတ် "ထဲ မှာ ရှိနေတဲ့ အဲဒီ "မခံသာတဲ့" ဝေဒနာ(ခံစားချက်)ကို ကြည့်ပေးပါ။
"မခံသာတဲ့ ဝေဒနာ"က သပ်သပ်။
"ရောဂါ"က သပ်သပ်...ဆိုတာ မြင်လာပါလိမ့်မယ်။
အဲဒီ မခံသာတဲ့စိတ် ကို ရှုကြည့်နေလိုက် ရင် တော့ "ကိုယ်မှာနာနေတာ" ဟာ မဆိုင်တော့ဘူး.. ဆိုတာ မြင်လာမှာပါ။
ဥပမာ...
သူများဖြစ်တာလေး ကို ကြည့်နေရသလို၊
ဆရာဝန်က လူမမာ ကို ကြည့်နေရသလိုပါဘဲ...
ကိုယ် ပါ ရောပြီး မနာတော့ပါဘူး။
ကိုယ်နာတာချဉ်း သွားကြည့်နေရင် ၊ကိုယ်ရောစိတ်ပါ ရောပြီးနာသွားပါလိမ့်မယ်။
"မခံနိုင်ဘူး။ ပြင်ချင်တယ်။ ပြောင်းချင်တယ်" အဲဒီ စိတ်ကလေးဖြစ်လာရင်လည်း..အဲဒီဖြစ်တဲ့ စိတ် ကို သိပေးပါ။
ပျောက်ချင်စိတ် ဖြစ်နေရင်လည်း
အဲဒီ"စိတ်ကလေး"ကို ဘဲ သတိထားပြီးကြည့်ပေးပါ။
မကျေနပ်စိတ်ဖြစ်ရင်လည်း ကြည့်ပေး၊ သိပေးပါ။
ဥပမာ တစ်ခုထပ်ပေးရရင်တော့....
မီးဖိုပေါ်မှာ တည်ထားတဲ့ ဟင်းချိုအိုး က ဟင်းချို ကို "အပေါ့၊အငံ" မြည်းသလိုပါဘဲ။ အဲဒီလို "အပေါ့ အငံ" ကို မြည်းတဲ့ အခါမှာ မီးဖိုပေါ်မှာ ရှိတဲ့ ဟင်းချိုအိုး ပွက်ပွက်ဆူနေတာကို ပူမှန်း သိလျက်....ဇွန်း နဲ့ခပ်ပြီး မြည်းကြတယ်မဟုတ်လား။ ဘာလို့ပူမှန်း သိသလဲ ဆိုတော့ မှုတ်ပြီး သောက်ကတည်း က "ပူမှန်း" သိလို့ပါ။
အဲဒီလို ဟင်းရေအပူကြီး ပါးစပ်ထဲကို ရောက်တဲ့အခါ..
"ပူတာကို..အာရုံပြုကြ တာလား"
"အပေါ့..အငံ ကို အာရုံပြုကြ တာလား"
ဓမ္မမိတ်ဆွေတို့ အနေနဲ့.."ပူတာကို သတိမထားကြပါဘူး..ဂရုမစိုက်ပါကြဘူးနော်။
"အပေါ့အငံ"ကိုပဲ သတိထား ကြပါတယ်။
"အပေါ့အငံ"ကိုပဲ အကဲခတ် ကြပါတယ်။
အဲဒီဥပမာ တွေလို....
ပုထုဇဉ်တွေဟာ အများအားဖြင့် နာတာ၊ကျင်တာကြီး ကို ဂရုစိုက်၊ ကိုက်တာ၊ခဲတာကြီး ဂရုစိုက်နေကြတာများပါတယ်။
သူ့ကို ဂရုမစိုက်ပါ နဲ့ ....
"အပေါ့အငံ"နဲ့ တူတဲ့.."မခံချင်တာကို ခံစားနေရတဲ့ စိတ်"ကလေးကို ဂရုစိုက် ရပါမယ်။
နာကျင်တဲ့..အပေါ်မှာ ခံစားတယ်
ကိုက်ခဲနေတဲ... အပေါ်မှာ ခံစားတယ်။
ခံစားတာ "ဝေဒနာ" ကိုး....။
အဲဒီ" ဝေဒနာ" အပေါ့အငံ ကိုသာ ကိုယ်က အကဲခတ် ဖမ်းရမှာ ဖြစ်ပါတယ်။
အဲဒီလို...မဖမ်းဘဲ နဲ့ အပေါ့ အငံ နဲ့၊ ငါ နဲ ့ပေါင်းပြီးတော့ ပူတာကြီး အာရုံပြုပြီး ကြောက်နေတယ်။ ဒီတော့...အရသာကို မသိတော့ဘူး
ဖြစ်သွားတယ်။
ဟင်းချိုသောက်သလို...ပူတာကို ဂရုမစိုက်ပါဘူး။ အပေါ့အငံ ကို ဂရုစိုက်တယ်။
နာကျင်၊ ကိုက်ခဲတာကြီး ပေါ်လာတယ်။ ပေါ်လာတဲ့ နာကျင်၊ ကိုက်ခဲတာ ကို ပဓာန မထားပါနဲ့။ သာမညထားပါ။
အဓိက က ဘယ်သူလဲ၊
နာကျင်၊ ကိုက်ခဲတာ အပေါ်မှာ မခံချင်တာ ခံစားနေရတာ။ အဲဒီ ခံစားနေရတဲ့ သ ဘောကသာ အဓိက ဖြစ်ပါတယ်။နာကျင်၊ ကိုက်ခဲတာဟာ သာမညပါ။
အဲဒီလို ဟင်းမြည်းသလိုပဲ ဓမ္မမိတ်ဆွေတို့ " ဝေဒနာ" ခံစားတဲ့ သဘောကို ရှုချင် ရင် အဲလို ရှုရင် အဆင်ပြေဆုံးလို့ယူဆမိပါတယ်။
ဒီလိုနဲ့...
နာကျင်နေတဲ့ ဒုက္ခဝေဒနာ ဟာ ဘယ်ရောက်နေမှန်းမသိ.....ပျောက်ချက်သား ကောင်းနေတော့မှာပါ...ဘဲ။
အကျဉ်းချုပ်အနေနဲ့....
အောက်ဆုံးအဆင့် " သောတာပန် " တည်ပြီးသား အရိယာပုဂ္ဂိုလ် ကတော့.. အဲဒီ "နာကျင်ကိုက်ခဲတဲ့.. ဒုက္ခဝေဒနာ " ကျော်လွှားတတ်ကြတဲ့ သူတွေချည်းပါဘဲ.. ။
ဒါကြောင့်...ဓမ္မမိတ်ဆွေများ အနေနဲ့လည်း အရင်ဆုံး "သောတာပတ္တိမဂ်" ရရှိတဲ့ ပုဂ္ဂိုလ်ထူးများ ဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း ဓမ္မဒါန ပြုလိုက်ပါသည်။
(ခန္ဓာ-၅ပါးတစ်ဦး)
••••••••••••••••••••••••••••••••
ကိုးကား-
( ရွှေဥမင်ဆရာတော် ဘုရားကြီး ဟောကြားသောသြဝါဒများ နှင့် ပြည် ဝိဇ္ဇောဒယ (သဲအင်း) ဆရာတော်ကြီး ဦးသီရိဓမ္မ ဟောကြားတော်မူသော တရားတော်များ မှ ကောက်နှုတ်၍ ဓမ္မဒါန ပြုပါသည် )