07/04/2026
လွန်ခဲ့တဲ့ရက်က ဟိုး တောင်ပေါ်ကနေ သေငယ်ဇောနဲ့ ရောက်လာတဲ့ သားအဖနှစ်ယောက် အကြောင်း ပြောဖြစ်ခဲ့ကြတော့ . ကျွန်မတို့ တွေရဲ့ တာဝန်က ဘယ်လောက်လေးလံပြီး မွန်မြတ်သလဲဆိုတာ ပြန်ပြီး သတိပြုနေမိလို့ ပီတိတွေ ဝေရပါတယ်။ ခုစာရေးနေရင်းတောင် ပြုံးနေမိတာပါပဲ ။
ပြီးတော့ ဖတ်မိတဲ့သူတွေက ဂရုဏာတွေနဲ့ ဆုတောင်းမေတ္တာတွေပါ ပို့သပေးလိုက်ကြတာဖြင့် ကြည်နူးစရာကောင်းလိုက်တာ ။ ဒါကျွန်မတို့ လူ့ဘောင်အဖွဲ့စည်းအတွက် အချင်းချင်းကြား လက်တွေ့ပွားများဖို့လိုနေတဲ့မေတ္တာတွေပဲ မဟုတ်လား ။
တကယ်ဆို သူဒီထိရောက်လာတာ သူ့ သားငယ်လေးရဲ့ ရောဂါတစ်ခုတည်း ကြောင့်ဆိုတာထက် "တောင်"လောက်ကြီးမားတဲ့ မိသားစုတစ်ခုလုံးရဲ့ "မျှော်လင့်ချက်" ဝန်ထုပ်ဝန်ပိုးတွေကိုပါ ပခုံးထက်မှာ ထမ်းပိုးလာခဲ့ရတာ။
အာဂ အဖေတစ်ယောက်နော် ။
သူလည်း သူ့တာဝန်ကျေပွန်လိုက်တာ.
ခုချိန်လောက်ဆို တောင်ပေါ်ညနေခင်းလေးလေတစ်ဖြူးဖြူးမှာ သူတို့မိသားစုတွေ ထမင်းလက်ဆုံ စားနေလောက်ကြရောပေါ့။
ဟုတ်တယ်နော်။
ဆေးရုံတစ်ခုရဲ့ စစ်မှန်တဲ့ တန်ဖိုးဆိုတာကလေ ... ခေတ်မီစက်ကိရိယာတွေ၊ ခမ်းနားတဲ့ အဆောက်အဦတွေဆိုတာ ရှိနေဖို့ဆိုတာတွေမလိုဘူးမဟုတ်ဘူး ။လိုပါတယ်။ ဒါပေမဲ့ ဒိထက် အလိုအပ်ဆုံးက လူနာတစ်ယောက် အားငယ်နေချိန်မှာ ပေးစွမ်းနိုင်တဲ့
"လူသားဆန်တဲ့ နွေးထွေးမှု"
ပေါ်မှာလည်းအများကြီးကို မူတည်ပါတယ်။
စက်ကိရိယာတွေကြားမှာ ကျွန်မတို့နှလုံးသားတွေ အေးစက်တင်းမာနေရင် ဘယ်လို ဂရုဏာတရားတွေ ထွန်းကားတော့မှာလဲ ။
ပြောပြရဦးမယ်
ကျွန်မတို့ အမြဲကြုံတွေ့ရတဲ့ မြင်ကွင်းတစ်ခုရှိပါသေးတယ်။
အဲဒါကတော့ ခွဲစိတ်ခန်းဝင်ခါနီး လူနာတွေရဲ့ မျက်ဝန်းထဲက စိုးရိမ်ထိတ်လန့်မှုအရိပ်အယောင်တွေအကြောင်းဖြစ်ပါတယ်။
သူတို့ကိုအဲ့ဒီအချိန်မှာ ဆေးပညာ အကြောင်း ရောဂါအကြောင်းတွေ ရှင်းပြနေလို့ကတော့အပိုပဲလေ ။ သူတို့ကို
"ငါ တစ်ယောက်တည်း မဟုတ်ပါလား"
"ငါ့နားမှာ ငါ့ကို ရှင်သန်ကျန်းမာဖို့ကြိုးစားပေးနေကြတဲ့ လူတွေအများကြီးရှိနေပါလား'
"ငါနောက်ထပ် မနာမကျင်နဲ့ အများကြီးရှင်သန်ခွင့်ရတော့မယ် "ဆိုတဲ့ အသိနဲ့ သတိလေး ရှိထားဖို့ အမြဲ နွေးနွေးထွေးထွေး စောင့်ရှောက်ကြပါတယ်။
လူတိုင်းဆီမှာ သူ့အပူနဲ့သူဆိုပေမဲ့ ဝေဒနာတွေနဲ့ လူတစ်ယောက် ကို
"စိတ်မပူနဲ့၊နော် အားလုံး အဆင်ပြေသွားလိမ့်မယ် သိလား"
"ခဏဆို ရင်နေပြန်ကောင်းပြီ" ဆိုတဲ့ရိုးရှင်းတဲ့ စကားလေးတစ်ခွန်း၊နှစ်ခွန်း၊ နွေးထွေးတဲ့ အပြုံးတစ်ခုနဲ့နွေးနွေးထွေးထွေးဆုပ်ကိုင်ရင်း အားပေးဖြစ်ကြတယ်ဆိုတာကလေ .... ဆရာဝန်နဲ့ လူနာကြားက ဆက်ဆံရေးဆိုတာထက်ကို ကျော်လွန်ပြီး လူသားချင်း စာနာမှုဆိုတဲ့ တံတားတစ်စင်းကို တည်ဆောက်ပေးလိုက်တာဖြစ်ပါတယ်။
အဲဒီ ယုံကြည်မှုကပဲ ကုသမှု ခရီးစဉ်ကို အောင်မြင်အောင် တွန်းပို့ပေးတဲ့ စိတ်ဓာတ်ခွန်အား ဖြစ်လာပါတယ်။
ကြားဖူးတယ်မဟုတ်လား
စိတ်ထောင်းရင်ကိုယ်ကြေတယ်တဲ့ ။
ဆုပြည့်စုံဆေးရုံမှာတော့... ကျွန်မတို့ဟာ ရောဂါကိုပဲ ကုသတာ မဟုတ်ပါဘူး။ လူနာရဲ့ စိတ်နှလုံးသားကိုပါ နားလည်ပေးပြီး၊ သူတို့ရဲ့ စိုးရိမ်မှုအဖုံဖုံကို အတူတကွ ရင်ဆိုင်ကျော်ဖြတ်ပေးဖို့ ဝန်ထမ်းတိုင်း ၊ ဆရာဝန်တိုင်းက ဂရုဏာတရားများစွာနဲ့ အမြဲ အသင့်ရှိနေအောင် မွေးမြူပြင်ဆင်ကြလျက်ရှိပါတယ်။
ကျွန်မတို့လည်း အသက်လု ကယ်တင်ရတဲ့ ကေ့စ်တွေမှာ အရမ်းကိုမောပန်းမိတာပါပဲ ။ ဒါပေမဲ့
ဝေဒနာရှင်ရဲ့ ကျန်းမာရေးအတွက်တင်မဟုတ်ဘဲ၊ စိတ်ရဲ့ ငြိမ်းချမ်းမှုအတွက်ပါ ကျွန်မတို့ အစွမ်းကုန် ဖေးကူ ဖြစ်ကြဖို့ ကြိုးစားပေးသွားကြဦးမှာပါ။
(စကားမစပ်...)
ရှင်တို့ရော ကိုယ့်ရဲ့ ချစ်ခင်ရသူတွေ ဆေးရုံတက်၊ ခွဲစိတ်ခန်းဝင်ရတဲ့အခါမျိုးမှာ... ဘယ်လို စကားမျိုးပြောပြီး သူတို့ စိတ်ဓာတ်မကျအောင် အားပေးခဲ့ဖူးသလဲ? အတွေ့အကြုံလေးတွေ ဝေမျှပေးသွားပါဦးရှင်။
#ဒေါက်တာနန်း #ဆုပြည့်စုံဆေးရုံ #ရှမ်းအရှေ့