GCC Centre

GCC Centre Geriatric & Continuing Care Centre

ဒီမင်းရှား ဝေဒနာရှင်များ ဆီးသွားလို၍ အိမ်သာသို့ ခဏခဏသွားနေကြသည့်အခါ…               (ဒေါက်တာသန်းထွန်းအောင်)      သိမှတ်ဉာ...
27/03/2026

ဒီမင်းရှား ဝေဒနာရှင်များ ဆီးသွားလို၍ အိမ်သာသို့ ခဏခဏသွားနေကြသည့်အခါ…

(ဒေါက်တာသန်းထွန်းအောင်)

သိမှတ်ဉာဏ်ချို့ယွင်းအားနည်း၍ အမေ့လွန်ရောဂါ (ဒီမင်းရှား - Dementia) ဖြစ်သည့်အခါ တစ်နေရာတည်းကို အာရုံရောက်နေလျှင်လည်းကောင်း၊ ခန္ဓာကိုယ်၏ ခံစားနေရမှုတစ်ခုခုကို စိတ်ထဲ စွဲနေသည့်အခါတွင်လည်းကောင်း၊ ထိုအာရုံမှလွှဲဖယ်ရန်ခက်ခဲမှုရှိတတ်သည်။ မကြာခင်ကမှ ပြီးခဲ့သည့် အဖြစ်အပျက်ကိုမမှတ်မိတော့ခြင်း (Short-term memory loss) ကြောင့် မကြာသေးမီက ဆီးသွား ပြီးပြီဖြစ်သော်လည်း ခဏအကြာမှာမေ့သွားကာ မမှတ်မိတော့ပါ။ ထိုအခါ ဆီးသွားချင် စိတ်နှင့် ဆီးသွားရဦးမည်ဆိုသည်ကို အလုပ်တစ်ခုအနေဖြင့်စိတ်စွဲနေကာ ဆီးသွားရန် အိမ်သာကိုပဲ ထပ်ခါ ထပ်ခါ သွားနေတတ်ကြသည်။ သူတို့ အခက်အခဲရှိနိုင်မည်၊ ချော်လဲသွားမည် စိုးရိမ်၍ အိမ်သာသို့ခဏခဏ သွားကြစဉ် အနီးကပ်စောင့်ကြည့်ပေးနေရသည်မှာ နေ့စဉ်ပြုစုနေရသူများ၊ မိသားစုဝင်များအတွက် စိတ်ရော ကိုယ်ပါပင်ပန်းကြသည်။ သူ့ကိစ္စကို သူကိုယ်တိုင်မလုပ်နိုင်ပါက သူ့အားပြုစုနေကြသူများ အနေဖြင့် လက်တွေ့တွင် ခဏခဏအိမ်သာသို့ပို့ပေးနေရသည်မှာ အချိန်လည်းကုန် လူလည်းပင်ပန်းလှပါသည်။

ဒီမင်းရှား ဝေဒနာရှင်များသည် ထမင်းစားပြီးပြီဖြစ်သော်လည်း မေ့သွားပြီဖြစ်ကာ မစားရသေး၊ ထမင်းမကျွေးသေးဟု ပြောတတ်ကြသည့်အခါ သူတို့စိတ်ကျေနပ်စေရန် အနည်းငယ်ထပ်၍ ကျွေးလိုက်ခြင်းဖြင့်ပြေလည်သွားနိုင်သည်။ သို့သော် ဒီမင်းရှားဝေဒနာရှင်များ ဆီးခဏခဏသွားရန် တောင်းဆိုလာသည့်အခါတွင်မူ မေ့လျော့ခြင်းနှင့် ဆက်စပ်သည့်အပြုအမူသက်သက်မျှဟု မှတ်ထင် ပြီး ဆီးတည်ပေးရုံ၊ အိမ်သာလိုက်ပို့ရုံမျှဖြင့်မပြီးပါ။ မလုံလောက်တော့ပါ။ ဒီမင်းရှားအပြင် အခြားသော ဆီးမကြာခဏပေါက်စေသည့် ရောဂါများပါ တွဲလျက်ပါရှိနေခြင်း ရှိမရှိကို စဉ်းစားစမ်းသပ် အဖြေရှာပြီး ကုသရန်လိုပါသည်။ တချို့လူနာများအတွက် ဆီးလမ်းကြောင်းဆိုင်ရာရောဂါ၊ ဆီးအိမ် ကျောက်တည်ခြင်းစသည်တို့ကိုသိရန် Ultrasound ရိုက်ရန်လိုတတ်သည်။ အရေးကြီးသည်မှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကြောင့် မဟုတ်သည်ကို သေချာရန်လိုသည်။ ဆီးလမ်းကြောင်း ပိုးဝင်သည့်အခါတွင် ဆီးခဏခဏ သွားတတ်ကြသည်။ အမျိုးသမီးများတွင် အမျိုးသားများထက် ပို၍ ဖြစ်တတ်သဖြင့် အမျိုးသမီးဝေဒနာရှင်များအတွက် ဆီးပိုးဝင်ခြင်းကို ပို၍ဂရုပြုရပါမည်။ ဆီး ပိုးဝင်ခြင်းရှိမရှိသိနိုင်ရန် ဆီးကိုစစ်ဆေး စမ်းသပ်ရန်လိုပါသည်။ ခန္ဓာကိုယ်တွင် ရောဂါပိုးဝင်ရောက် နေခြင်းကိုသိရန် သွေးစစ်ရန်လည်း လိုနိုင်သည်။ လူနာ အဖျားရှိလျှင် သို့မဟုတ် ဆီးပိုးဝင်ခြင်း ဖြစ်လျှင် သင့်တော်သောပိုးသတ်ဆေး (Antiobiotic) ဖြင့်ကုသရန်လိုပါမည်။ တချိန်တည်းမှာ ဆီး ခဏခဏသွားနေရခြင်းကို ဖြစ်စေနိုင်သည့် တခြားအကြောင်းရင်းများကိုလည်း စဉ်းစား ရှာဖွေရန် လိုအပ်သည်။ ဆေးတွင် ဆီးဆေး (Diuretic) ပါမပါစစ်ဆေးရမည်။ သက်ကြီးအမျိုးသမီးများတွင် အီစထရိုဂျင် ဟော်မုန်းဓာတ် (Estrogen hormone) နည်းခြင်းကြောင့် မိန်းမကိုယ်ခြောက်ကျုံ့၍ ရောင်ရမ်းခြင်း (Atrophic vaginitis) ဖြစ်နေလျှင်လည်း မကြာခဏ ဆီးသွားနေရခြင်းမျိုး ဖြစ်တတ်သည်။ ထိုသို့ ဖြစ်လျှင် မိန်းမကိုယ်ကို အီစထရိုဂျင်လိမ်းဆေး လိမ်းပေးခြင်းဖြင့် သက်သာသွားနိုင်သည်။ သက်ကြီးအမျိုးသားများ ဖြစ်ပါက ကြီးနေတတ်သော ဆီးကျိတ်သည် ဆီးအိမ်လည်ပင်းနေရာ(Bladder neck) ကိုဖိထားသဖြင့် မကြာခဏ ဆီးပေါက်ချင်သလို ဖြစ်နိုင်သည်ကိုစဉ်စားရမည်။

ဤနေရာတွင် ဆီးသွားချင်စိတ် ပြင်းထန်ခြင်းမျိုးဖြစ်စေသည့် ဆီးအိမ်ကြွက်သား အလုပ်လုပ်မှု လွန်ကဲခြင်း (OAB: Overactive Bladder) အကြောင်းကို အနည်းငယ် ပြောပြလိုပါသည်။ OAB ဖြစ်လျှင် ဆီးအိမ်က ဆီးကို ကြာကြာမထိန်းနိုင်ဘဲ ဆီးအိမ်ထဲ ဆီးနည်းနည်း ရှိရုံနှင့် ဆီးအိမ် ကြွက်သားများ ညှစ်ခြင်းကြောင့် ဝေဒနာရှင်သည် ဆီးမကြာခဏသွားနေတတ်ပါသည်။ ဆီး မထိန်းနိုင်ဖြစ်ရသည်။ ထိုအခြေအနေမျိုးဖြစ်လျှင် ဆီးအိမ်ကြွက်သား အလုပ်လုပ်မှု လွန်ကဲခြင်းမဖြစ်ရန် အတွက် ဆီးအိမ်ညှစ်မှု နည်းစေမည့်ဆေး၊ ဆီးအိမ်ကြွက်သားလျော့ဆေး (ဥပမာ Oxybutanin) ပေးရန်လိုအပ်ပါသည်။ OAB ကြောင့်ဖြစ်လျှင် ဆေးပေးပြီး များသောအားဖြင့် တစ်ပါတ်နှစ်ပါတ် အတွင်း သိသာသည့် ပြောင်းလဲတိုးတက်မှုကို စတင်တွေ့ရတတ်ပါသည်။ ဆီးသွားရသည့်အကြိမ် လျော့ကျသွားသည့်အခါ စိုးရိမ်စိတ်ပါလျော့လာတတ်သည်။ အိမ်သာသို့ သူသွားချင်တိုင်း ချက်ချင်း မပို့နိုင်သဖြင့် ပြုစုသူအပေါ် စိတ်တိုရသည့်အဖြစ်တို့မှာလည်း နည်းလာပေမည်။ ဆီးအိမ်ကြွက်သား လျော့ဆေး အများစုသည် (Anticholinergic action) ရှိသဖြင့် ဝမ်းချုပ်ခြင်း နှင့် အာခြောက်ခြင်းတို့ ဖြစ်နိုင်သည်။ ဒီမင်းရှား ရှိသူများအတွက် မှတ်ဉာဏ်ကို ပိုပြီးထိခိုက်စေခြင်းနှင့် ပိုပြီး စိတ်ရှုပ် ထွေးစေခြင်း စသည့် ဘေးထွက်ဆိုးကျိုးအချို့ ရှိတတ်ပါသည်။ ယခုနောက်ပိုင်း ထွက်လာသည့် Mirabegron ကဲ့သို့သော ဆီးအိမ်ကြွက်သားလျော့ဆေးအသစ်များသည် ဦးနှောက်သို့ မရောက်သဖြင့် ဒီမင်းရှားရှိသူများ အတွက် ဘေးထွက်ဆိုးကျိုးနည်းပါသည်။ OABနှင့်ဒီမင်းရှား တွဲရှိနေလျှင် အတော်ကုသရခက်ခဲပါသည်။ ဆီးအိမ်ကင်ဆာလူနာတချို့မှာ OAB ပုံစံဖြင့်လည်း လာနိုင်ပေသည်။ လိုအပ်ပါက ဆီးလမ်းကြောင်းအထူးကုဆရာဝန်နှင့်လည်း ပြသကာ ကုသမှုခံယူကြရပါမည်။

သက်ကြီးတချို့မှာ ဆီးသွားချင်စိတ်ဖြစ်သည်နှင့် ဆီးကိုထိန်း၍မရတော့ဘဲ ဆီးယိုကျခြင်း (Urgency incontinence) သည် OAB မရှိဘဲလည်း ရှိနေတတ်သည်။ အခုမှ စတင်ဖြစ်သည့် လက္ခဏာဆိုပါက ဆီးပိုးဝင်ခြင်း၊ ဝမ်းချုပ်နေခြင်း ရှိမရှိကို ကြည့်ရန်လိုသည်။ ထိုသို့ဆီးမထိန်းနိုင် သူများ အတွက် Adult Diapers (လူကြီးသုံး ဆီးခံ) သုံးရန်လိုပါမည်။ ဘေးက ကပ်ခွာပါသည့် diaper ကို မကြိုက်သူ၊ ဝတ်ရခက်သူများအတွက် ရိုးရိုးအတွင်းခံ ဘောင်းဘီနှင့် ဆင်တူသော (Pull-up diaper pants) အမျိုးအစားကိုပြောင်း၍ သုံးကြည့်နိုင်ပါသည်။ Diaper လုံးဝမဝတ်လိုသူ များအတွက် စုပ်ယူမှုအားကောင်းသည့်အခင်း (Disposable Underpads) ကို အိပ်ရာခင်းပေါ်မှာ ခင်းပေးထားနိုင်ပါသည်။ Underpad သည် diaper မကြိုက်သူများကို စိတ်အနှောင့်အယှက် မဖြစ်စေသလို ပြုစုသူအတွက်လည်း အိပ်ရာခင်းလဲရသည့်အလုပ်ကို သက်သာစေပါသည်။

တချို့ ဒီမင်းရှား ဝေဒနာရှင်များမှာ အိမ်သာသွားချင်ခြင်းက မူလအကြောင်းရင်း မဟုတ်ဘဲ စိုးရိမ်စိတ်ကြောင့် တစ်ခုခုကိုလုပ်ချင်နေသည့်လက္ခဏာလည်း ဖြစ်နိုင်ပါသည်။ အမှန်အားဖြင့် ဆီးအိမ်ထဲတွင် ဆီးများများမရှိတော့သဖြင့် အိမ်သာထပ်သွားသည့်အခါ ဆီးအနည်းငယ်သာ ထွက် တော့ခြင်း သို့မဟုတ် ဆီးလုံးဝမထွက်တော့ခြင်းမျိုး ဖြစ်တတ်သည်။ သို့သော်လည်း အိမ်သာ တွင် သွားထိုင်လိုက်ရသဖြင့် စိတ်ထဲတွင်ကျေနပ်သွားကြခြင်းဖြစ်သည်။ စိုးရိမ်စိတ်ဖြင့် ဆီးသွားရန်ကိုသာ အာရုံရောက်နေကာ စိတ်လှုပ်ရှားနေသည့်သဘော ဖြစ်သည်။ ထိုအာရုံကြောင့် ဆီးသွားပြီးပြီ ဖြစ်သော်လည်း "သွားပြီးပြီလား၊ မသွားရသေးဘူးလား" ဆိုသည်ကို ဝေခွဲမရတော့ဘဲ အသေအချာ မမှတ်မိတော့သည့်အခါ သွားချင်စိတ်ပေါ်လာတိုင်း အိမ်သာသွားရန်ကိုသာ ကြိုးစားတော့သည်။ ထိုလူနာများအတွက် စိတ်ငြိမ်ဆေးကိုပါ ထည့်ပေးခြင်းအားဖြင့် သက်သာသွားစေနိုင်ပါသည်။ ရှင်းပြပြောဆိုခြင်းကို နားလည်လက်ခံနိုင်သေးသည့် ဒီမင်းရှားဝေဒနာရှင်များအတွက် ဆီးအိမ်ကို ပြန်လေ့ကျင့်ခြင်း (Bladder retraining) ကိုလုပ်ပေးရပါမည်။ သူတို့၏ဆီးသွားတတ် သည့် ပုံစံကို လေ့လာပြီး မှတ်သားထားပါ။ ဖြစ်နိုင်ပါက တစ်နေ့တွင် စုစုပေါင်း အိမ်သာသွားရသည့် အကြိမ်၊ တကယ်ဆီးပေါက်သည့်အကြိမ်၊ ဆီးမပေါက်ဘဲ အိမ်သာမှပြန်ထွက်လာသည့်အကြိမ်တို့ကို မှတ်ထားရမည်။ ရေ နှင့် အရည်သောက်သည့် အကြိမ်၊ တစ်ကြိမ်လျှင်သောက်သည့်ပမာဏ ၊ ဝမ်းချုပ်ခြင်းရှိမရှိ၊ ဝမ်းသွားသည့်အကြိမ် စသည်တို့ကိုပါ ဆီးသွားခြင်းမှတ်တမ်းတွင် ထည့်မှတ် ထားနိုင်လျှင်ပိုကောင်း၏။ နောက်ဆုံး ဆီးသွားပြီးသည့်အချိန်မှစ၍ နှစ်နာရီခြားစီ ဆီးသွားစေခြင်း မျိုး စတင်လေ့ကျင့်ရပါမည်။ နောက်ပိုင်းတွင် ဆီးတည်ချိန်ကို အဆင်ပြေသလို ညှိပေးနိုင်ပါသည်။ ဝေဒနာရှင် တောင်းဆိုသည့်အခါတိုင်း ဆီးသွားရန် အိမ်သာသို့လိုက်ပို့နေရခြင်းထက် နှစ်နာရီ ခြား တစ်ခါ ဆီးသွားရန် အကျင့်လုပ်ပေးခြင်းဖြင့် နောက်ပိုင်းကျင့်သားရသွားသည့်အခါ ဆီးသွားလိုခြင်း နှင့်ပတ်သက်၍ စိုးရိမ်စိတ် မဖြစ်တော့ပါ။ ဆီးသွားရမည့်အချိန်ရောက်လျှင် “ဆီးသွားဖို့ အချိန်ရောက်ပြီ၊ သွားရအောင်" ဟု ပုံမှန်ဆီးတည်ပေးခြင်းဖြင့် သူတောင်းဆိုစရာမလိုတော့၍ ဆီးသွားခြင်း ပြဿနာမရှိတော့ဟု သူ့ကိုယ်သူ ယုံကြည်မှုကိုလည်း ရရှိသွားစေပါသည်။

ဆီးတည်ရန်အချိန်မတိုင်မီ ဆီးသွားရန်တောင်းဆိုလာပါက ပြုစုစောင့်ရှောက်သူအနေဖြင့် လိမ္မာပါးနပ်စွာ ကိုင်တွယ်တတ်ရန် လိုပါသည်။ "ခုနကမှ သွားထားတာပဲ" စသည်ဖြင့် သူနှင့်ဆန့်ကျင်ကာ ငြင်းဆိုလိုက်ခြင်းက သူ့ကို စော်ကားသကဲ့သို့ ခံစားရစေပြီး ပို၍စိတ်တိုသွားစေနိုင်ပါသည်။ "ဟုတ်ကဲ့ သွားကြမယ်နော်၊ ရေခဏ သွားသောက်လိုက်ဦးမယ်၊ ခဏလေးပဲစောင့်ပေးပါ၊ လိုက်ပို့ပေးမယ်" စသည်ဖြင့် အပြုသဘောဆောင်သည့် အပြောမျိုးဖြင့် အချိန်ဆွဲသည့်နည်းကို သုံးကြည့်ပါ။ ဆီးသွားချင်သည်၊ ဆီးသွားမည်ဟုပြောတိုင်း ချက်ချင်းအိမ်သာသို့လိုက်မပို့ပါနှင့်ဦး။ တစ်နည်းနည်းဖြင့်အာရုံပြောင်းကြည့်ပါ။ “ဒီတရားတစ်ပုဒ်ပြီးရင် သို့မဟုတ် ဒီသီချင်းတစ်ပုဒ်ပြီးရင် သွားရအောင်" “ငါးမိနစ်လောက် အသက်ရှူလေ့ကျင့်ခန်းလုပ်ပြီးရင် သွားကြမယ်” စသည်ဖြင့် သူ လက်ခံနိုင်မည်ထင်သည်ကို ပြောပြီး အချိန်ဆွဲကြည့်ပါ။ အဆင်ပြေလျှင် တဖြည်းဖြည်းနှင့် ၅ မိနစ် ကနေ ၁၀ မိနစ်၊ ၁၅ မိနစ်အထိ တိုး၍တိုး၍ အချိန်ဆွဲကြည့်ခြင်းဖြင့် ဆီးအိမ်က ဦးနှောက်သို့ ခဏ ခဏပို့နေသည့် မှားယွင်းသောအချက်ပေးမှု ( Wrong signal) ကိုလျှော့ချနိုင်ပါသည်။ အိမ်သာ မသွားခင်အချိန်လေးမှာလည်း သွေးပူသွားအောင်ဆိုပြီး ခြေလက်လှုပ်ရှားမှုလုပ်ကာ ရသလောက် အချိန်ဆွဲပါ။ အိမ်သာသွားရာလမ်းတွင်လည်း အမြန်မသွားပါနှင့်။ စကားတပြောပြောနှင့် အချိန်ဆွဲ လျှောက်သွားပါ။ လမ်းမှာ စိတ်ဝင်စားမည်ထင်သည့်အရာများ တွေ့လျှင်လည်း ခဏရပ်ကာ အာရုံ ပြောင်းကြည့်ပါ။ ဆီးပေါက်ပြီးသွားသည့်အခါတွင်လည်း အိမ်သာထဲမှ မြန်မြန်ပြန်မထွက်ဘဲ အဝတ်အစားကို အေးအေးဆေးဆေး သေသေချာချာ ပြန်ဝတ်ပေးခြင်း၊ လက်ကို စနစ်တကျဆေးပေးခြင်း တို့ဖြင့်အချိန်ကိုသုံးပါ။ လိုရင်း ရည်ရွယ်ချက်မှာ အိမ်သာတစ်ခါတစ်ခါသွားရသည့်အချိန်ကို ကြန့်ကြာစေခြင်းဖြင့် တစ်နေ့တာသွားမည့်အကြိမ်ရေကို လျှော့ချရန် ဖြစ်ပါသည်။ သတိပြုရမည်မှာ အချိန်ဆွဲသည့်နည်းကို ဆီးသွားချင်စိတ်ဖြစ်သည်နှင့် ဆီးထွက်ကျခြင်း (Urgency incontinence) ရှိသူများတွင် သုံး၍မဖြစ်ပါ။ ထို့အတူ မိမိအလိုရှိသည်ကို ချက်ချင်းရမှ ကျေနပ်သူ၊ မဟုတ်ပါက ဒေါသအိုး ပေါက်ကွဲမည့်သူမျိုးဆိုလျှင်လည်း သတိထားရပါမည်။

ဆီးသွားခြင်းမှတ်တမ်းမှ ညဖက်တွင် ဆီးသွားကြိမ်မည်မျှရှိသည်ကို ပိုတိကျစွာသိနိုင်သည်။ ညတွင် ဆီးမကြာခဏသွားရသဖြင့် အိပ်ရေးပျက်ခြင်းသက်သာရန် ရေသောက်ချိန်ကို ထိန်းညှိရန် လိုမည်။ မနက်နှင့် နေ့ခင်းဖက်တွင် ရေသောက်ခြင်းကို ထိန်းရန်မလိုပါ။ ညနေ ၆ နာရီ နောက်ပိုင်းမှာ ရေသောက်ခြင်းကိုစလျှော့ပြီး အိပ်ရာဝင်ခါနည်း ည ၉-၁၀နာရီ နောက်ပိုင်း ရေမသောက်တော့ရန် ဖြစ်သည်။ အပူအစပ်၊ ကေဖင်း (Caffeine)နှင့် ဂက်စ်ပါသည့်ဖျော်ရည်များ (Carbonated drinks) ကို ရှောင်သင့်ပါသည်။ အိပ်ရာမဝင်မီတွင်လည်း ဆီးသွားခိုင်းရပါမည်။ ဖြစ်နိုင်လျှင်နှစ်ခါဆက်တိုက် မိနစ်အနည်းငယ်ခြား၍ဆီးပေါက်စေခြင်း (Double voiding) လုပ်ရပါမည်။ လူနာလည်းအိပ်ရေးဝ၊ ပြုစုသူလည်းမပင်ပန်းစေရန် ညမှာ Diaper သုံးရန်စဉ်းစားနိုင်ပါသည်။ အိမ်သာတင်ကုလားထိုင် (Commode Chair) ကို အိပ်ရာဘေးတွင်ထားပေးခြင်းဖြင့် အိမ်သာအထိ သွားရ ပို့ရသည့် ပင်ပန်းမှု ကိုလျှော့ချနိုင်ပြီး ဝေဒနာရှင်အတွက် လည်း ပိုပြီးဘေးကင်းပါသည်။ တချို့မှာ Commode ကို မြင်လိုက်သည်နှင့် "ဆီးသွားချင်တယ်" ဖြစ်လာတတ်ကြသည်လည်းရှိသည်။ ထိုသူများအတွက် commode ကို အမြင်ကွယ်ရာမှာသိမ်းထားပါ။ မသုံးသည့်အချိန်မှာ အဝတ်တစ်ခုခုနှင့် ဖုံးဝှက်ထားပါ။ ဆေးခန်းသွားပြရသည့်အခါတွင်ဖြစ်စေ၊ အကြောင်းကိစ္စတစ်ခုခုကြောင့်အပြင်ထွက်ရန်ရှိသည့် အခါတွင်ဖြစ်စေ diaper ဝတ်သွားပါ။ diaper အပိုတစ်ခုပါယူဆောင်သွားက အဆင်ပြေတတ်၏။

ဒီမင်းရှား ရောဂါ၏ အစောပိုင်း သို့မဟုတ် အလယ်အလတ် အဆင့်တွင် အလုပ်တစ်ခုကို ထပ်တလဲလဲ လုပ်ဆောင်ခြင်း အပြုအမူ (Repetitive Behavior) ရှိတတ်ပါသည်။ ထိုအပြုအမူသည် စိတ်စွဲလမ်းမှုလွန်ကဲခြင်းရောဂါ (OCD: Obsessive Compulsive Disorder) နှင့်ဆင်တူနေတတ်သည်။ OCD သည် စိုးရိမ်စိတ် (Anxiety) ဖိစီးမှုကြောင့် ဖြစ်ရခြင်းဖြစ်သည်။ ထိုစိတ်ကိုလည်း ဆန့်ကျင်၍မရဘဲ ဖြစ်နေသည်။ "ဆီးသွားချင်စိတ်ဖြစ်လာသည့်အခါ ဆီးမသွားလျှင် တစ်ခုခု ဖြစ် တော့မည်" ဆိုသည့် အတွေးနှင့်စိုးရိမ်ခြင်းကို တွန်းလှန်၍မရသဖြင့် ဆီးသွားခြင်းကို လုပ်ရခြင်း ဖြစ်သည်။ ဆီးသွားပြီးထွက်လာလိုက် ထပ်သွားရန်အိမ်သာထဲထပ်ဝင်လိုက်နှင့် ဝင်လိုက်ထွက်လိုက် လုပ်ခြင်းကို အလေ့အကျင့်တစ်ခုပမာ ထပ်တလဲလဲလုပ်နေခြင်းဖြစ်သည်။ မည်သည့်အလုပ်ကိုမဆို ဖန်ဖန်ထပ်ကာ မလုပ်မနေနိုင်၍လုပ်နေခြင်းကို ကိုယ်တိုင်လည်း အနည်းငယ်သတိထားမိတတ်ကြ သည်။ ကိုယ့်ကိုယ်ကိုလည်း ထိုအဖြစ်ကြောင့် စိတ်မသက်မသာဖြစ်ရခြင်းရှိတတ်သည်။ အသေအချာ စစ်မေးကြည့်လျှင် အလုပ်တစ်ခုခုကို ထပ်ခါထပ်ခါ လုပ်တတ်သည့်အပြုအမူသည် ငယ်စဉ် ကပင် ရှိနေခဲ့ကြကြောင်း တွေ့ရတတ်သည်။ အသက်ကြီးလာသည့်အခါတွင်မှ ရုတ်တရက်ပေါ်လာခြင်းမျိုးမဟုတ်ပေ။

ဒီမင်းရှားကြောင့် ထပ်တလဲလဲ လုပ်ဆောင်ခြင်း အပြုအမူ (Repetitive Behavior) သည် ဒီမင်းရှားရောဂါဖြစ်လာသည့်အခါ၊ အသက်ကြီးလာသည့်အခါမှ ပေါ်လာခြင်းမျိုးဖြစ်သည်။ Short term memory loss နှင့် အဓိကသက်ဆိုင်ပြီး မေ့လွယ်လာခြင်း (Forgetfulness) ကြောင့်ဖြစ် သည်။ မည်သည့်အတွက်ကြောင့်ထပ်တလဲလဲလုပ်မိခြင်းကိုလည်း မပြောပြတတ်ပါ။ မသိကြပါ။ သတိထားမိမှု (Awareness) မရှိပါ။ အထူးသဖြင့် ဒီမင်းရှားကြောင့် ဦးနှောက်၏ ရှေ့ပိုင်းဖု (Frontal Lobe) ထိခိုက်လာသည့်အခါ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း (Inhibition) လျော့ကျသွားပြီး တစ်ခုခုကို ထပ်ခါတလဲလဲလုပ်ချင်စိတ်ကို တားဆီးနိုင်စွမ်း ထိန်းချုပ်နိုင်စွမ်း မရှိတော့၍ ဖြစ်ပါ သည်။ တချို့သောဝေဒနာရှင်တို့အတွက် အိမ်သာခဏခဏသွားခြင်းမှာ နေ့စဉ်အလုပ် (Routine) တစ်ခုလို ဖြစ်နေတတ်သည်။ ထိုသို့အကျင့်ဖြစ်နေသည့်သူတို့အတွက် အာရုံလွှဲပေးလိုက်ခြင်းနည်းကို သုံးခြင်းဖြင့် အတိုင်းအတာတစ်ခုထိ အဆင်ပြေနိုင်သည်။ အဓိပ္ပာယ်ရှိစေမည့်တခြားအလုပ်များ (Meaningful activities) ( ဥပမာ ဟင်းသီးဟင်းရွက်သင်ခိုင်းခြင်း၊ အဝတ်အစားများကို ခေါက်ခိုင်းခြင်း၊ တခြားစိတ်ဝင်စားမည့် အကြောင်းအရာကို စကားပြောဆိုခြင်း၊ ကြိုက်နှစ်သက်တတ်သည့် ကစားနည်းကို အတူတူကစားခြင်း) ဖြင့် အစားထိုး အာရုံလွှဲကြည့်ကြရပါမည်။ "အလုပ်ရှိနေခြင်း၊ အလုပ်ထဲတွင် အာရုံရောက်နေခြင်း" က အိမ်သာသွားချင်စိတ်ကို လျော့ကျစေပါသည်။ ဦးနှောက်က အိမ်သာသွားချင်သည့် အာရုံကို ခဏမေ့သွားစေနိုင်ပါသည်။ ပြုစုစောင့်ရှောက်သူ မိသားစုများအနေဖြင့် ယခုကဲ့သို့ ဆီးသွားချင်စိတ် ပေါ်နေခြင်းသည် ဒီမင်းရှားရောဂါကြောင့် ဖြစ်သည်ကို အမြဲ သတိရနေရန်လိုသည်။ မဟုတ်ပါက မိမိကို ရည်ရွယ်ချက်ရှိရှိ အိမ်သာသို့တချိန်လုံးပို့ခိုင်းကာ တမင် ဒုက္ခပေးနေသည်ဟု အထင်ရောက်သွားနိုင်သည်။ သို့ဖြစ်ပါက သူ့အပေါ် နားမလည်တော့သဖြင့် စိတ်ရှည်သည်းခံပြီး ဆက်လက်ပြုစုရန် အခက်အခဲရှိပေလိမ့်မည်။

မှတ်ဉာဏ်ချို့ယွင်းအားနည်းလာခြင်းကြောင့် စိတ်ရှုပ်ထွေးလာခြင်း၊ စိုးရိမ်စိတ်ဝင်လာခြင်း တို့ ဖြစ်လာသည့်အခါ သူတို့အနေဖြင့် "အိမ်သာသွားခြင်း" ဆိုသည့် မိမိနှင့်ရင်းနှီးပြီးသားအလုပ်ကို ထပ်လုပ်ရခြင်းဖြင့် စိတ်သက်သာလုံခြုံမှုကိုရှာဖွေခြင်းမျိုးကို တချို့ ဒီမင်းရှားဝေဒနာရှင်များတွင် တွေ့နိုင်သည်။ ဒီမင်းရှားမဖြစ်မီ နဂိုကတည်းက ကိုယ်ရည်ကိုယ်သွေး (Personality) အရ သန့်ရှင်းမှုကြိုက်သူမျိုးမှာ အိမ်သာသွားချင်စိတ်အနည်းငယ်ပေါ်လာသည်နှင့် အိမ်သာမရောက်မီ မတော်တဆဆီးထွက်ကျကာ ညစ်ပတ်နံစော်သွားမည်ကို အရမ်းစိုးရိမ်တတ်ကြသည်။ ထို့ကြောင့် စိတ်ချရစေရန် ခဏခဏသွားနေခြင်းမျိုးလည်း ဖြစ်တတ်သည်။ ထိုသို့ ဒီမင်းရှားနှင့် ဆက်စပ်လျက် စိတ်လှုပ်ရှားခြင်းအပြုအမူ (Behavior of anxiety component) ပါဝင်နေသူတို့အတွက် စိတ်ပိုင်း ဆိုင်ရာအားပေးထောက်ကူမှု (Emotional support) အပြင် စိတ်ငြိမ်သက်ဆေး (Antianxiolytic) ကိုပါ တွဲပေးခြင်းဖြင့် သက်သာသွားတတ်ပါသည်။

ယခုအချိန်ထိ မှတ်ဉာဏ်တိုးတက်ကောင်းမွန်လာစေရန်အတွက် သုံးနေသည့်ဆေးများမှာ ဒီမင်းရှားကို ပျောက်ကင်းအောင်မကုသပေးနိုင်သေးသော်လည်း အထက်ပါပြုစုစောင့်ရှောက်မှု ပုံစံများသည် ဒီမင်းရှားဝေဒနာရှင်တို့၏ "နေထိုင်မှု အရည်အသွေး (Quality of Life)" ကို များစွာ တိုးတက်ကောင်းမွန်လာအောင်လုပ်ပေးနိုင်ပါသည်။ အနီးကပ်ပြုစုနေရသူများ၊ မိသားစုဝင်များ အတွက်လည်း စိတ်ဖိစီးမှုနည်းပြီး၊ မိမိကျန်းမာရေးကိုလည်းမထိခိုက်စေဘဲ မိမိတို့ချစ်ကြရသည့် သနားဖွယ်ရာ ဒီမင်းရှားဝေဒနာရှင်များကို သူတို့၏ခရီးဆုံးတိုင်အောင် ကြင်နာယုယ လုံခြုံနွေးထွေးစွာဖြင့် ဆက်လက်စောင့်ရှောက်ပြုစုနိုင်ရန် အထောက်အကူဖြစ်လိမ့်မည်ဟု ယုံကြည်မိပါသည်။

ဆန္ဒမွန်ဖြင့်…ဒေါက်တာသန်းထွန်းအောင်

Nursing Home ကို ရွေးချယ်မည်ဆိုလျှင် (အပိုင်း - ၂)Nursing Home တစ်ခုကို ရွေးချယ်ရာတွင် အောက်ပါအချက်များကို အသေးစိတ် စစ်ဆ...
21/03/2026

Nursing Home ကို ရွေးချယ်မည်ဆိုလျှင်
(အပိုင်း - ၂)

Nursing Home တစ်ခုကို ရွေးချယ်ရာတွင် အောက်ပါအချက်များကို အသေးစိတ် စစ်ဆေးကြည့်ရှုခြင်းသည် မိမိချစ်ရသူအတွက် အကောင်းဆုံးဆုံးဖြတ်ချက်တစ်ခု ဖြစ်စေပါလိမ့်မည်။

➡️အာဟာရနှင့် အစားအစာများ 🍽️
➡️လှုပ်ရှားမှုများနှင့် လူမှုဘဝ 🎨
➡️နေထိုင်သူများအပေါ် လေးစားမှု 🙏

Nursing Home တစ်ခုကို ရွေးချယ်ခြင်းသည် အဆောက်အအုံကောင်းမွန်မှုသာမက ဂရုစိုက်မှု၊ မေတ္တာနှင့် လေးစားမှု ပါဝင်မှုကိုပါ အလေးထား စဉ်းစားရမည့် အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါသည်။

*** အသေးစိတ်အချက်အလက်များကိုတော့ အောက်တွင် ပုံနှင့်တကွ ဆက်လက်၍ ဖတ်ရှုနိုင်ပါတယ် ခင်ဗျာ့။

👉 အပိုင်း (၃) တွင် Nursing Home သို့ အပ်နှံမည့် မိသားစုများအတွက် နောက်ထပ် သိထားသင့်သော အချက်များကို ဆက်လက်မျှဝေပေးသွားပါမည်။

အပိုင်း (၁) 👇
https://www.facebook.com/share/p/1AT9EnCxud/

SN Aye Myat Thaw

GCC Centre နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Page Messenger မှတဆင့် (သို့) Hotline number - +95 9789 298 111, +95 9789 298 222, +95 9789 298 333 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

GCC Centre (Geriatric & Continuing Care Centre),
သက်ကြီးကျန်းမာရေးနှင့် စဉ်ဆက်မပြတ်‌ ပြုစုစောင့်ရှောက်မှုစင်တာ၊ Green Garden Villa၊ ဇောတိက (၁)လမ်း၊ သန်လျင်-ကျောက်တန်းလမ်းမ၊ သန်လျင်မြို့။

#သက်ကြီးကျန်းမာရေးနှင့်စဉ်ဆက်မပြတ်‌ပြုစုစောင့်ရှောက်မှုစင်တာ

20/03/2026

💛 အဖိုးအဖွားများအတွက် နွေးထွေးတဲ့နေရာလေး

GCC Centre ကို လာရောက်လေ့လာပြီး အတွေ့အကြုံကို မျှဝေထားတဲ့ ဆရာ Dr. So Pyay ကို အထူးကျေးဇူးတင်ရှိပါတယ် ခင်ဗျာ့။

မိသားစုလိုစောင့်ရှောက်မှု ပေးနိုင်ဖို့ ကျွန်တော်တို့ GCC Centre မှ အမြဲကြိုးစားနေပါတယ် ခင်ဗျာ့။

📹 Full Vlog ကို အောက်မှာကြည့်ရှုနိုင်ပါတယ် ခင်ဗျာ့.....

“ရောင်ပြန်ဆုခြွေ”ဖြည်းဖြည်းစုပုံ ရောဂါစုံလင် အားကုန်ယွင်းယို သက်ကြီးအိုကို တရိုတသေ စိတ်ရှည်ရှည်ဖြင့် လိုလေသမျှ ဖြည့်ဆည်း...
17/03/2026

“ရောင်ပြန်ဆုခြွေ”

ဖြည်းဖြည်းစုပုံ ရောဂါစုံလင်
အားကုန်ယွင်းယို သက်ကြီးအိုကို
တရိုတသေ စိတ်ရှည်ရှည်ဖြင့်
လိုလေသမျှ ဖြည့်ဆည်းကြကာ
စေတနာထား မေတ္တာများဖြင့်
လေးစားနားလည် စိတ်ဝယ်အထူး
ရွှင်ကြည်နူးလျက် ရည်စူးကံမှု
ပီတိထုဖြင့် ပြုစုယုယ
သွေးသားမှလာ နွေးထွေးပါသည့်
ကြင်နာလက်များ အပြုံးအားဖြည့်
ရင်သားထိဆက် နှလုံးထပ်သော်
ဖြစ်ပေါ်အားတက် လင်းလတ်ဓာတ်စီး
ရှိန်ဟုန်ကြီးက နှစ်ရှည်လများ
ဇရာဝါးမျို ခံစားထိုထို
ရောဂါအိုနု အခုလက်ငင်း
သူ့ထက်ငါဝေး ခွာပြေးဆင်းသော်
စိတ်ပျော်ကိုယ်နု ချမ်းသာမှုဖြင့်
တောင်းဆုခြွေသည် ယုယစောင်မ
ပြုစုကြသား သမီးသားရွယ်
မြေးများအရွယ် နောင်ဝယ်အိုက
ခုလိုပြုစု ကောင်းမှုကံကျိုး
ဆထက်တိုးရ များထရောဂါ
ကိုယ့်မှာမဖြစ် ဖြစ်လည်းခဏ
သေးငယ်မျှသာ ဝေဒနာပြင်း
ခံရခြင်းငှာ မရှိပါဘဲ
ဆင်းရဲဒုက္ခ ကင်းဝေးကြကာ
ဘဝဆည်းဆာ ငြိမ်းအေးသာယာ
ဇရာပန်းချီ ဆေးမမီရာ
လှသည်ခံ့ထယ် ဂုဏ်ဝင့်ကြွယ်ရာ
အံ့ဖွယ်တစ်ပါးဖြစ်ပါစေ။

(သန်းထွန်းအောင်)

မနက်ခင်း နေရောင်နုနုအောက်မှာ အဖိုးအဖွားများ နေပူစာလှုံရင်း ကျန်းမာပျော်ရွှင်တဲ့ အချိန်လေး ☀️💛GCC Centre နှင့် ပတ်သက်၍ အသ...
12/03/2026

မနက်ခင်း နေရောင်နုနုအောက်မှာ အဖိုးအဖွားများ နေပူစာလှုံရင်း ကျန်းမာပျော်ရွှင်တဲ့ အချိန်လေး ☀️💛

GCC Centre နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Page Messenger မှတဆင့် (သို့) Hotline number - +95 9789 298 111, +95 9789 298 222, +95 9789 298 333 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

GCC Centre (Geriatric & Continuing Care Centre),
သက်ကြီးကျန်းမာရေးနှင့် စဉ်ဆက်မပြတ်‌ ပြုစုစောင့်ရှောက်မှုစင်တာ၊ Green Garden Villa၊ ဇောတိက (၁)လမ်း၊ သန်လျင်-ကျောက်တန်းလမ်းမ၊ သန်လျင်မြို့။

#သက်ကြီးကျန်းမာရေးနှင့်စဉ်ဆက်မပြတ်‌ပြုစုစောင့်ရှောက်မှုစင်တာ

“ဒီမင်းရှားဝေဒနာရှင်များ နှင့် ပစ္စည်းများစုဆောင်းသိမ်းဆည်းထားတတ်သည့်အပြုအမူ”  (Hoarding behavior)                      ...
05/03/2026

“ဒီမင်းရှားဝေဒနာရှင်များ နှင့် ပစ္စည်းများစုဆောင်းသိမ်းဆည်းထားတတ်သည့်အပြုအမူ”
(Hoarding behavior)

(ဒေါက်တာသန်းထွန်းအောင်)

ဟောင်းနွမ်းဖုံတက်ပြီး ဖရိုဖရဲဖြစ်နေသော သတင်းစာဟောင်းများ၊ ဂျာနယ်မဂ္ဂဇင်းများ၊ စာအုပ်များ၊ အဝတ်စုတ်များ၊ အမျိုးမျိုးသောလျှပ်စစ်ပစ္စည်းအပျက်များ၊ တစ်ခါသုံးပစ္စည်းများ၊ ဖျော်ရည်ဘူးခွံများ၊ စက္ကူဘူးခွံများ၊ ထီးစုတ်ထီးဟောင်းများ၊ မြင်သည်နှင့်လွှတ်ပစ်သင့်သည်ဟု သိနိုင်သော ပစ္စည်းအတိုအထွာများ၊ ပြန့်ကျဲနေသော တိုလီမိုလီ အိမ်အသုံးအဆောင်အမျိုးမျိုးတို့နှင့် အမြင်မတော်အောင် ပွတ်သိပ်ပြည့်နှက်နေသည့် အိမ်တစ်အိမ်ကို တွေ့ဖူးကောင်းတွေ့ဖူးကြပါလိမ့် မည်။ ထိုအခါ အိမ်ရှင်းလင်းရန်လိုနေပြီဆိုသည့် အနေအထားကို သတိထားကြလိမ့်မည် ဖြစ်သော် လည်း သာမန်အားဖြင့် သည်အိမ်မှာ အသက်ကြီးသူများသာ နေကြခြင်းကြောင့်လည်းကောင်း၊ အိမ်သန့်ရှင်းရေးကိုကောင်းစွာလုပ်ပေးမည့်သူ မရှိသောကြောင့်လည်းကောင်း၊ အိမ်ကို မရှင်းလင်း နိုင်သောကြောင့် အိမ်မှာထိုသို့ ရှုပ်ပွနေရသည်ဟု ခပ်ပေါ့ပေါ့တွေးထင်နိုင်သည်။ သို့သော်လည်း သည်အိမ်တွင်ရှိသူ တစ်ဦးဦးမှာ ပစ္စည်းများကိုစုဆောင်းသိမ်းဆည်းတတ်သည့် ပုံမှန်မဟုတ်သော အပြုအမူ (Hoarding behavior) ရှိနေလိမ့်မည်ဟု တွေးထင်မိသူကား နည်းပေလိမ့်မည်။

Hoarding behavior ကိုတွေ့နိုင်သောရောဂါတချို့ရှိပါသည်။ လေ့လာထားချက်များအရ ဒီမင်းရှား ဝေဒနာရှင်တို့၏ ၂၂% ခန့်တွင် ထိုသို့သော Hoarding behavior ကို တွေ့ရတတ်သည်။ ပစ္စည်းစုခြင်းအပြုအမူသည် ငယ်စဉ်ကတည်းကပါလာသည့် စုဆောင်းသိမ်းဆည်းထားလိုသည့် အကျင့် (Hoarding tendency & habit) တစ်ခုလည်းဖြစ်နိုင်ပါသည်။ "တန်ဖိုးထားခြင်း"၊ "အမှတ် တရသိမ်းထားခြင်း" တို့ကြောင့်မဟုတ်ဘဲ၊ "ပျက်စီးသွားသည့်ပစ္စည်းကို လွှင့်ပစ်ရန်ဝန်လေး နှမြော ခြင်း" နှင့် "နောင်တစ်ချိန်မှာ အသုံးကျမည်ဟုမျှော်လင့်ခြင်း" ဆိုသည့်စိတ်နှင့် သိမ်းထားခြင်းလည်း ဖြစ်တတ်ကြသည်။ အပျက်အဟောင်းနှစ်ခုပေါင်းလိုက်က အကောင်းတစ်ခုရမည်။ အသေးအမွှား လေးကအစ အပိုပစ္စည်း (Spare part) တစ်ခုခုလိုလာလျှင် စျေးကြီးပေး၍ဝယ်ရသည်၊ ရှာရခက် သည်၊ အဟောင်းရှိမှအသစ်ချမ်းသာမည် ဆိုသောအယူအဆကြောင့်လည်း စုထား သိမ်းထားတတ် ကြသည်။ ထိုသို့ "အသုံးဝင်လာနိုင်မှုမျှော်လင့်ချက်"နှင့်ပစ္စည်းစုခြင်းသည် အတိုင်းထက်အလွန် ဖြစ်လာပြီး စနစ်တကျသိမ်းထားသည့်ပုံစံမဟုတ်တော့ခြင်း၊ သူ့နေရာနှင့်သူ အစီအစဉ် တကျ ထားသိုရှင်းလင်းရန်ငြင်းဆန်ခြင်း၊ စသည်တို့ဖြစ်လာပါက ပုံမှန်မဟုတ်တော့ဟု ယူဆနိုင်ပါသည်။ ထိုအခါ ဒီမင်းရှား၏လက္ခဏာဖြစ်နိုင်ခြေ ရှိမရှိကိုသိနိုင်ရန် ဆရာဝန်နှင့် ပြသစစ်ဆေးမှုလုပ်သင့်၏။

ဒီမင်းရှား ရှိသူများသည် မှတ်ဉာဏ်လျော့ကျလာခြင်း၊ စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည် (Executive function) ကျဆင်းလာခြင်းတို့ကြောင့် ပစ္စည်းများကို စနစ်တကျမထားနိုင်တော့ပေ။ ထိုပစ္စည်းရှိမှ စိတ်လုံခြုံမှုဖြစ်နေခြင်း သို့မဟုတ် ထိန်းချုပ်မှုလိုချင်စိတ်ရှိနေခြင်း တို့ကြောင့် သိမ်းဆည်း စုဆောင်းခြင်းမျိုး ဖြစ်တတ်သည်။ ဒီမင်းရှား ဝေဒနာရှင်များအနေဖြင့် ပစ္စည်းများ၏ ဟောင်းနွမ်းပျက်စီးလာသည့် အခြေအနေ နှင့် လက်ရှိတန်ဖိုး၊ သို့မဟုတ် ရှေးဟောင်း ရှာပါး ပစ္စည်း အနေအထားနှင့် အဖိုးတန်ခြင်း စသည်တို့ကို မှန်ကန်စွာ ခွဲခြားသိရှိရန် ခက်ခဲလာကြပါသည်။ စုဆောင်းထားသည့် ပစ္စည်းများမှာ မည်သို့ရလာသည်ကိုလည်း မသိတော့၊ အပြင်ကနေ ကောက်ယူ လာသည်ကိုလည်း မမှတ်မိတော့ပါ။ မည်သည့်အတွက်ကြောင့် သိမ်းထားမှန်းလည်း တိကျစွာ မပြောနိုင်တော့ပါ။

တစ်ခါတစ်ရံ ပါကင်ဆန်ရောဂါ (Parkinson’s disease) ရှင်များသည် သူတို့ရောဂါအတွက် သောက်သုံးနေရသည့် Dopamine Agonists ဆေးဝါးများကြောင့်လည်း ကိုယ့်စိတ်ကို ထိန်းချုပ်ရ ခက်ခဲသည့် တွန်းအားပေးအပြုအမူများ (Impulse Control Disorders - ICDs) ကို ဖြစ်ပေါ် စေ တတ်ရာ ICDs ၏ တစ်စိတ်တစ်ပိုင်းအဖြစ် Hoarding ပေါ်လာနိုင်ပါသည်။ အထူးသဖြင့် ဆေးချိန် ပမာဏ တိုးမြှင့်လိုက်သည့်အခါ စုဆောင်းခြင်းအပြုအမူ သိသိသာသာ ပိုဆိုးလာခြင်းတွေ့ရသည်။ အခြားအလားတူ တွန်းအားပေးအပြုအမူများဖြစ်သည့် လောင်းကစားစွဲလန်းခြင်း၊ အင်တာနက် အလွန်အကျွံသုံးခြင်း၊ ပစ္စည်းများတစ်ခုပြီးတစ်ခုဆက်တိုက်ဝယ်ယူခြင်း စသည်တို့လည်း ဖြစ်ပေါ် လာနိုင်သည်။ ထိုလူနာများအတွက် ဆေးကြောင့်ဖြစ်သည့် ဘေးထွက်ဆိုးကျိုး ဟုတ် မဟုတ် ကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြသရန် အလွန်အရေးကြီးသည်။

(Hoarding) အပြုအမူသည် ဒီမင်းရှားမရှိဘဲ အမှန်တကယ် တန်ဖိုးမရှိ၊ အသုံးမဝင်တော့ သည့် ပစ္စည်းများကို စွန့်ပစ်ရန်ဝန်လေးပြီး သိမ်းဆည်းထားချင်သေးသည့် ပင်ကိုယ် စိတ်ရောဂါ (Primary Hoarding Disorder) ၏ လက္ခဏာလည်း ဖြစ်နိုင်ပါသည်။ ထိုသူများသည် ငယ်ရွယ်စဉ် ကတည်းက သို့မဟုတ် ရောဂါမဖြစ်မီကတည်းက ပစ္စည်းစုဆောင်းတတ်သည့် အကျင့်ရှိခဲ့ကြသည်။ သူ့ပစ္စည်းများကို ဖယ်ရှားစွန့်ပစ်လိုက်လျှင် ပြင်းထန်သည့် စိုးရိမ်ပူပန်မှု (Anxiety) သို့မဟုတ် စိတ် ဆင်းရဲမှု (Distress) ဖြစ်ကြသည်။ သူ့မှာ စုဆောင်းထားသည့် ပစ္စည်းတိုင်းအတွက် အသေးစိတ် အကြောင်းပြချက် ရှိနေတတ်ပြီး၊ ပစ္စည်းများကို တန်ဖိုးရှိသည့်အရာ (သို့မဟုတ်) နောင်တွင် လိုအပ်နိုင်မည့်အရာအဖြစ် ယုံကြည်ကာ သိမြင်မှုမှားခြင်းမျိုးမဟုတ်ဘဲ သိမ်းထားခြင်းဖြစ်သည်။
ယခုဆောင်းပါးတွင် ဒီမင်းရှားကြောင့် ဆက်စပ်ဖြစ်နေသည့် Hoarding behavior ကို မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သည်ကို ဆက်လက်အကြံပေးတင်ပြသွားပါမည်။ ဒီမင်းရှား ဖြစ်စ တွင် အပြင်ပန်းအားဖြင့် ပစ္စည်းများစုပုံရှုပ်ပွနေသည်ကို ဝေဒနာရှင်၏ အခန်းလောက်တွင်သာ မြင် လွယ်နိုင်ကြ၏။ Hoarding behavior ဆိုးလာသည်နှင့်အမျှ အိမ်ရှိနေရာအားလုံးကို တစတစတိုး လာကာ၊ ပစ္စည်းထားသိုခန်း၊ ဧည့်ခန်း၊ အိမ်သာ ရေချိုး ခန်းပါမချန် နေရာလွတ်မှန်သမျှ ပစ္စည်းစုံ ရှုပ်ပွ ပြည့်ကျပ်လာပေတော့သည်။ အလွန်ဆိုးလာသည့်အခြေအနေတွင် လူတစ်ယောက် သွားလာ နိုင်သည့်လမ်းလောက်သာ ကျန်ရှိတော့သည်။ ပြဿနာမှာ ဒီမင်းရှားဝေဒနာရှင်သည် စုပုံ ပြည့်ကျပ် နေသည့် ပစ္စည်းများကို ရှင်းရန်လက်မခံခြင်းဖြစ်သည်။ ထိုသို့သော အခြေအနေမျိုးကို ရင်ဆိုင်နေ ရသည့် ဒီမင်းရှားလူနာ၏ မိသားစုအတွက်မှာ ဖြေရှင်းရခက်ခဲကာ စိတ်ဖိစီးမှုများ ဖြစ်ကြရသည်။ Hoarding behavior သည် ဒီမင်းရှားကြောင့်ဖြစ်ပေါ်လာနိုင်သော ရောဂါလက္ခဏာ တစ်ရပ်ဖြစ်ပြီး လူနာကိုယ်တိုင် တမင်သက်သက် လုပ်နေခြင်းမဟုတ်သဖြင့် စိတ်ရှည်ရှည်နှင့် ကိုင်တွယ်တတ်ရန် အရေးကြီးပါသည်။ လူနာသည် သူ၏စိတ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်များကျဆင်းလာသဖြင့် စိတ် လုံခြုံမှု နှင့် ထိန်းချုပ်နိုင်စွမ်းလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ပစ္စည်းများကိုဖက်တွယ်နေခြင်း ဖြစ်တတ်သည်။ ထိုသို့သော လူနာ၏ခံစားချက်ကို နားလည်လေးစားသောအားဖြင့် သူစုထားသည့် အရာများကို လွင့်ပစ်ရမည့်အရာများပါဝင်နေလင့်ကစား 'အမှိုက်တွေပဲ' ဟု ပြောဆိုသတ်မှတ် အပြစ် မတင်လိုက်ရန် အရေးကြီးပါသည်။ လူနာသည် အကျိုးအကြောင်း ရှင်းပြပြောဆိုခြင်းကို နားလည် မှတ်မိ လိုက်နာလုပ်ဆောင်နိူင်စွမ်းမရှိတော့ခြင်းကို သတိပြု လက်ခံရန် လိုအပ်ပါသည်။

သူ စုဆောင်းသိမ်းဆည်းထားသည်များကို ရှင်းလင်းရန် အတင်းအကျပ်ပြောဆိုခြင်း၊ သူ၏ သဘောတူခွင့်ပြုချက်မရဘဲ ပစ္စည်းများဖယ်ရှားစွန့်ပစ်ခြင်းတို့သည် လူနာကိုစိုးရိမ်စိတ်ပိုများစေပြီး မလိုလားအပ်သော ရုန့်ရင်းကြမ်းတမ်းသည့် အပြုအမူများကိုပါ ဖြစ်ပေါ်လာစေနိုင်ပါသည်။ ထိပ်တိုက် ရင်ဆိုင်ခြင်း (Confrontation) ဖြင့်မဟုတ်ဘဲ တစ်နည်းလှည့်ပြောင်း၍ စီမံခန့်ခွဲခြင်း (Distraction or Redirection) ပုံစံဖြင့်လုပ်ဆောင်ရန်လိုသည်။ ဘေးကင်းလုံခြုံရေးကို ဦးစား ပေးပြီး တစ်ဆင့်ပြီးတစ်ဆင့် တိုးလျက်လုပ်ဆောင်ခြင်းနည်း (Prioritize safety and Gradually step by step approach) မှာ အောင်မြင်မှုရတတ်ပါသည်။ အရေးအကြီးဆုံးမှာ ခလုတ်တိုက် လဲကျနိုင်သည့်အန္တရာယ်နှင့် မီးဘေး အန္တရာယ် ရှိနိုင်သည့်ပစ္စည်းများကို ဦးစားပေး ရှင်းလင်းပါ။ သွားရလာရ မခက်စေရန် လူသွားလမ်းကြောင်း၊ တံခါးပေါက်ဝများနှင့် မီးဖိုချောင်နေရာများကို တတ်နိုင်သမျှ ရှင်းလင်းရန် အာရုံစိုက်ပါ။ ဧည့်ခန်းတစ်ခုလုံးကို တစ်ခါတည်း တစ်ပြိုင်နက် ရှင်းလင်းရန် ကြိုးစားမည့်အစား၊ တစ်ဖြည်းဖြည်းချင်း တစ်ကြိမ်လျှင် သေးငယ်သည့် နေရာလေး တစ်ခု (ဥပမာ- စားပွဲနေရာ၊ ထောင့်နေရာလေးတစ်ခု) နှင့် စတင်ကာရှင်းလင်းကြည့်ပါ။ မသိသာ စေရန် အပြင်မျက်နှာစာရှိ ပစ္စည်းများကို ပုံမပျက်စေဘဲ နဂိုအတိုင်းထားလျက် အတွင်းပိုင်းနှင့် နောက်ကွယ်ရှိပစ္စည်းများကိုအဓိကထား၍ရှင်းလင်းခြင်း၊ တစ်ရက်လျှင်အရေအတွက်အနည်းငယ် စီ လျှော့ချသွားခြင်း တို့က အဆင်ပြေနိုင်ပါသည်။

ရှင်းလင်းရာတွင် လူနာကို ပါဝင်စေပြီး သူကိုယ်တိုင် ဆုံးဖြတ်ချက်ချခွင့်ပေးပါ။ အများထဲမှ သူသိမ်းထားချင်သည့် အရာကို မေးမြန်းပါ။ သူ စုဆောင်းသိမ်းဆည်းထားချင်သည့် ပစ္စည်းအချို့ကို သတ်မှတ်ထားသော အမှတ်တရစုဘူး၊ သေတ္တာ၊ အံဆွဲ (Memory box or Junk drawer) တစ်ခုခု ထဲမှာထားခွင့်ပေးပါ။ အများအားဖြင့် သူ့အနေဖြင့် စဥ်းစားရခက်ပြီး ဆုံးဖြတ်ပေးနိုင်သည်မှာ နည်းနည်း၊ မိမိလျှင်မြန်စွာသိမ်းလိုက်သည်မှာ များများ ဖြစ်စေခြင်းအားဖြင့် အလုပ်ပြီးသွားရန် ကြိုးစားပါ။ ချက်ချင်းပစ်ရမည့်အရာများကိုမူ ချက်ချင်းစွန့်ပစ်ပါ။ အလျော့အတင်း၊ အပေးအယူကို အခြေအနေအရ ပါးနပ်စွာလုပ်တတ်ရန်လိုပါသည်။ ရှင်းလင်းနေစဉ်တွင်လည်း ပစ္စည်းများကို မိမိ ရွေ့ပြောင်းသိမ်းဆည်းပေးနေခြင်းမှာ ဘေးကင်းရန်၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်း သပ်ရပ် သွားစေရန်၊ သူ့အတွက်အခက်အခဲရှိသည်ကို မိမိကကူညီနေခြင်းဖြစ်ကြောင်း နားလည်ရန်ပြော ပြပါ။ နားလည်မှတ်မိချင်မှမှတ်မိမည်ဖြစ်သော်လည်း ပြောရမည်မှာ မိမိအလုပ်ဖြစ်ပါသည်။ မိမိ စိတ်ကိုလျော့ထားရန် နှင့် အသံနေအသံထားပျော့ပျောင်းရန် အရေးကြီးပါသည်။ သူသိစေရန် ပြောလည်းပြော လုပ်လည်းလုပ်ပါ။ ဥပမာ“ဒါက သွားလမ်းပေါ် ရောက်နေတော့ ညဘက် အိမ်သာ သွားရင် ခလုတ်တိုက်ပြီး လဲကျမှာစိုးရတယ်”၊ “ဒါကြီးက ပြူတင်းပေါက်ကို ပိတ် ကာထားတော့ မှောင်နေတာပေါ့” စသည်ဖြင့်ပြောရင်း တဖြေးဖြေးချင်း ဖယ်ရှားရှင်းလင်းသွားရန်ဖြစ်သည်။ သူ ပြန်မပြောဘဲငြိမ်နေလျှင် သဘောတူလက်ခံသည်ဟုယူဆနိုင်သည်။ သူ့အခြေအနေကို အကဲခတ်ပါ။ မျက်စိနောက်လာ စိတ်ရှုပ်လာသလိုပြခြင်း၊ မကြိုက်တော့ဘဲ စိတ်တို ဒေါသထွက်လာခြင်း ဖြစ်ပါက ဆက်မလုပ်တော့ဘဲ ထိုနေ့အတွက် ရှင်းလင်းရေးပြုလုပ်ခြင်းကိစ္စကို ရပ်လိုက်ပါ။ “အိမ်ရှင်းတာ ပင်ပန်းသွားပြီထင်တယ်၊ တစ်ခုခု စားကြရအောင်” စသည်ဖြင့် ပြောကြားကာ စိတ်ကို ပြောင်းပေးလိုက်ပါ။ သူလက်ခံမည်ထင်ရသော တခြားအကျိုးရှိမည့်ပုံစံ (ဥပမာ-ကဲ ဆက်ပီး မရှင်း တော့ဘူး၊ ဒီမဂ္ဂဇင်းဟောင်းတွေကိုပဲ အတွဲလိုက် အမှတ်စဥ်လိုက် စီလိုက်ကြရအောင်) ဖြင့် အာရုံ ပြောင်း လုပ်ပေးခြင်းနည်းသည်လည်း ပွကျဲနေသည်များကို သေသပ်သွားစေမည်ဖြစ်သည်။

လက်တွေ့တွင် အကြောင်းစုံဖြင့် စုထားသိမ်းဆည်းလာသောအရာများကို သူတို့ကိုယ်တိုင် လည်း မမှတ်မိတော့ပါ။ တချို့မှာ သာမန်သိမ်းထားသည့်အဆင့်ထက်ကျော်လွန်၍ သူများမသိအောင်၊ မမြင်အောင် သိုဝှက်ထားကြသည်လည်းရှိသည်။ တချိန်လုံး သတိမရတော့ဘဲ ကာလကြာရှည်စွာပစ်ထားခဲ့သောအရာများမှာ အမြင်မတော်သဖြင့် သွားပြီး ရှင်းလင်းသည့်အခါမှသာ၊ ထိုအရာများမှာအရေးကြီးသည်၊ အဖိုးတန်သည်၊ လာမထိနှင့်၊ မကိုင်နှင့်ဖြစ်လာတတ်သည်။ ထိုသို့ လူနာက သူ့ပစ္စည်းဖယ်ရှားခြင်းကို လုံးဝလက်မခံလျှင် "ဘာတစ်ခုမျှလွင့်မပစ်ပါဘူး" ၊ "စနစ်တကျလေး စီပြီး သိမ်းပေးထားမှာပါ" စသည်ဖြင့် ပြောကြည့်ပါ။ လက်ခံလျှင် "နေရာရွှေ့ပြောင်းခြင်း" နည်းလမ်း (The "Relocation" strategy) ကိုသုံးနိုင်ပါသည်။ လူမြင်မကောင်းသောအရာများ (ညစ်ထေး စုတ်ပြတ်နေသော သတင်းစာအဟောင်း) ကို မမြင်သာအောင် အလုံပိတ် သေတ္တာများ (Storage boxes) ထဲ ထည့်ပြီး လူမြင်ကွင်းမှ ဖယ်ရှားလိုက်ပါ။ လိုချင်သည့်အခါ သည်သေတ္တာများထဲမှ ပြန်ယူနိုင်သေးကြောင်းပြောပြီး သူစုထားသော အရာများနှင့်ပတ်သက်ပြီး ဆုံးရှုံးသွားပြီဆိုသည့် ခံစားရမှု မဖြစ်စေရန်၊ ဂရုတစိုက်ရှိကြောင်း ပြသရန် သေတ္တာကို သင့်လျှော်သောစာကြောင်းတစ်ခုခု (ဥပမာ-"ဒီနှစ်အတွက်မှတ်တမ်းများ") ရေးထားလိုက်ပါ။ လွင့်ပစ်မှဖြစ်မည့်အရာများကို မသိအောင် ပစ်လိုက်ပါ။ ရှင်းလင်းလိုက်သည့် နေရာများတွင်လည်း အမြင်အာရုံလွှဲခြင်း (Visual distraction) ဖြစ်စေရန် သစ်လွင်လှပသည့်အရာတစ်ခုခု (ဥပမာ-အပင်ငယ်၊ ပန်းအိုး၊ ပန်းပုရုပ်) နှင့်အစားထိုး ထားပေးနိုင်ပါက ပိုကောင်းပါသည်။ နောက်ထပ်စုပုံရန် နေရာမပေးသလိုလည်း ဖြစ်သွားပါမည်။ ဖြစ်နိုင်လျှင် အိမ်ရှင်းနေစဉ် အဆင့်ဆင့် ဓာတ်ပုံမှတ်တမ်း (မရှင်းလင်းမီ ပစ္စည်းများ စုပုံနေသောပုံ၊ ပစ္စည်းများကို ပုံးများထဲ စနစ်တကျ ထည့်နေသောပုံ၊ ရှင်းလိုက်ပြီးနောက် လူသွားလမ်းကြောင်း ကျယ်ဝန်းပြီးရှင်းလင်းနေသောပုံ) ယူထားပေးပါ။ လူနာက “ငါ့ပစ္စည်းတွေ ဘယ်ရောက်သွားလဲ" ဟု မေးလာသည့်အခါ "မပျောက်ပါဘူး၊ လုံလုံခြုံခြုံ သိမ်းပေးထားတာပါ" ဆိုပြီးဓာတ်ပုံများနှင့်ပြလိုက်ပါက စိတ်ကျေနပ်သွားနိုင်ပါသည်။ လိုအပ်သည့်အခါပြန်ဖတ်ရန်၊ ပြန်ကြည့်ရန်၊ အမှတ်တရ သိမ်းထားရန် စသည့် အတွေးမျိုးစုံဖြင့် ကြာရှည်စွာသိမ်းထားလာခြင်းမျိုးဖြစ်ပါက သူတန်ဖိုးထားပြီး သိမ်းထားသည့်အရာများ၊ ဖိုင်များ၊ စာအုပ်များတို့ကို မိမိလည်း တန်ဖိုးထားသည်ကို ပြသသည့် သဘောဖြင့် မလွှင့်ပစ်ပဲ "စာအုပ်စင်" များဝယ်ယူကာ သူလက်ခံ ကျေနပ်မည့်ပုံစံဖြင့် အမျိုးအစားခွဲခြား ခေါင်းစည်းတပ်ကာ ဖရိုဖရဲ ဖြစ်နေသော “စာအုပ်ပုံ”ကို သေသပ်စွာစီထားသော “စာအုပ်စင်” အဖြစ် ပြောင်းလိုက်လျှင် အဆင်ပြေတတ်ပါသည်။

ဒီမင်းရှားဝေဒနာရှင်များသည် အိမ်တွင်ဘာမှလုပ်စရာမရှိဘဲ အထီးကျန်ဆန်ဆန် ငြီးငွေ့ ပျင်းရိစွာ နေကြရခြင်းသည် အိမ်ပြင်ထွက်၍ အသုံးမလိုအပ်သည့်အရာများ၊ သူများစွန့်ပစ်ထားသော ပစ္စည်းများကို အိမ်တွင်းသို့ ထပ်မံသယ်ယူလာရန် အခွင့်အလမ်းပေးသလို ဖြစ်နိုင်တတ်သည်။ အပြင်မှ ပစ္စည်းများကို ထပ်မယူလာအောင်လည်း တားဆီးရန်လိုမည်။ မဟုတ်လျှင် မိမိကရှင်းလိုက် သူက ထပ်ဖြည့်လိုက်နှင့် ရှင်း၍မဆုံး ဖြစ်နေလိမ့်မည်။ အပြင်ထွက်၍ လမ်းလျှောက်ခြင်းသည် ကျန်းမာရေးအတွက်ကောင်းသည်။ သို့သော် တစ်ယောက်တည်းမဟုတ်ဘဲ စောင့်ရှောက်သူနှင့် အတူတူသွားပါ။ လမ်းလျှောက်မည့်နေရာကိုလည်း အလွယ်တကူ ကောက်ယူလာရန်ပစ္စည်းများ မရှိနိုင်သောနေရာ (ဥပမာ-ပန်းခြံ ) ကိုသာ ရွေးချယ်ပါ။ ထည့်စရာအိတ် သို့မဟုတ် စျေးဝယ်ခြင်းတောင်း စသည်တို့ကို မယူသွားပါစေနှင့်။ အပြင်မှ အိမ်ပြန်ရောက်လာတိုင်း သယ်ယူလာသည့် ပစ္စည်းများ ပါလာခြင်းရှိမရှိ မသိမသာ စစ်ဆေးပါ။ ပစ္စည်းတွေ့လျှင် အခြေအနေအရ ခွင့်တောင်းခြင်းဖြင့်လည်းကောင်း၊ အသိမပေးဘဲ ရှင်းလင်းလိုက်ခြင်းဖြင့်လည်းကောင်း၊ ချက်ချင်း ဖယ်ရှား လိုက်ပါ။ ဆွေးနွေးငြင်းခုံခြင်း အပြစ်ပြောဆိုခြင်းတို့ကိုမူ ရှောင်ရှားရန်လိုသည်။ လက်မခံသေးချိန်တွင် ခဏစောင့်ဆိုင်းပြီး မေ့သွားလောက်သည့်အချိန်တွင် လျင်မြန်စွာဖယ်ရှားခြင်းကို လုပ်ပါ။

Hoarding သည် ဒီမင်းရှား၏ ဆိုးရွားမှုအခြေအနေ အဆင့်နှင့်လည်းသက်ဆိုင်သည်။ အပြုအမူပိုင်းဆိုင်ရာ ကုထုံး (Behavioral therapy) သို့မဟုတ် ဆေးဝါးနှင့်ကုသမှု လိုအပ်သည်၊ မလိုအပ်သည်ကို ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ အကယ်၍ လူနာက သူ စုထားသည့် သိမ်းထားသည့် ပစ္စည်းများကို လုံးဝရှင်းလင်းခွင့်မပေးသဖြင့် အိမ်ထဲတွင် ပစ္စည်းများပုံနေသည့် ပုံစံ (Hoarding level) ကို ဓာတ်ပုံရိုက်ပြီး (လူနာ မသိအောင်) ဆရာဝန် သို့မဟုတ် စိတ်ပညာရှင် (Psychologist) ကို ပြသပါ။ သူ၏အခြေအနေကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဆရာဝန်အား လိုအပ်မည့် အချက်အလက်များကို ပြည့်စုံစွာပေးခြင်းဖြင့် ပိုမိုထိရောက်သည့် ပူးပေါင်းဆောင်ရွက်ကုသမှုမျိုးကို ရရှိရန်ရည်ရွယ်ခြင်း ဖြစ်ပါသည်။ ထိုအခါ ဆရာဝန်အနေဖြင့် သူတို့၏အပြုအမူနှင့် ရောဂါအဆင့်ကို ခန့်မှန်းသိရှိနိုင်ပြီး သင့်တော်သည့်ဆေးနှင့် အပြုအမူပိုင်းဆိုင်ရာကုထုံး (Non-pharmacological behavioral therapy) ကို အကြံပေးနိုင်ပေမည်။ ဆေးသောက်နေသော်လည်း အခြေအနေ ပိုဆိုးလာလျှင် ဆရာဝန်ကို ပွင့်ပွင့်လင်းလင်း ပြောပြရန်လိုသည်။ သို့မှသာ သင့်တော်သော ဆေးဝါးအမျိုးအစားနှင့်ပမာဏကို ပြောင်းလဲ ချိန်ညှိရန် လွယ်ကူမည်ဖြစ်သည်။ လိုအပ်ပါက ယခုကဲ့သို့သောလူနာမျိုးကို လက်ခံကုသပေးသည့် အထူးကုဆရာဝန်နှင့် ပြရမည်ဆိုလျှင်လည်း ဆရာဝန်လွှဲပြောင်းပေးခြင်းကို နားလည်လက်ခံပါ။

ဒီမင်းရှားဝေဒနာရှင်မိသားစုဝင်များအနေဖြင့် ပစ္စည်းများသည်ဧည့်ခန်းတွင် ရှုပ်ပွနေခြင်းကြောင့် ဧည့်သည်လာလျှင် ထိုင်စရာနေရာမရှိအောင် အမြင်မကောင်းဖြစ်နေ၍ အားနာစိတ်နှင့် စိတ်မကောင်းဖြစ်ကြမည် မှန်သော်လည်း ထိုအားနာစိတ်ကို လျှော့ချပါ။ စိတ်ဖိစီးမှုအဖြစ်မခံပါနှင့်။ ဧည့်သည်အား ဧည့်ခန်းတွင် မဟုတ်ဘဲ အဆင်ပြေမည့် အခန်းငယ်လေးတစ်ခု သို့မဟုတ် မီးဖိုချောင် စားပွဲလေးမှာထိုင်ရန်စီစဉ်ပေးပါ။ ဧည့်သည်များ၏အမြင်ကောင်းရန်ထက် ကိုယ့်မိသားစု အဆင်ပြေရေးနှင့် ဘေးကင်းကျန်းမာရေးသည်သာ ပိုအရေးကြီးကြောင်းခံယူထားပါ။ ပြုစုစောင့်ရှောက်ကြရသူများအနေဖြင့်လည်း မိမိတို့၏ စိတ်ဖိစီးမှုဒဏ်ကိုလည်း ထိန်းချုပ်ကိုင်တွယ်ခြင်း (Caregiver stress management) လုပ်ရန် လိုအပ်သည်။ မိမိမှာ အလွန်စိတ်ရှည်ရှည်ထား သည်းခံပြီး မတတ်သာသဖြင့် သန့်ရှင်းရေးအလုပ်သမားကဲ့သို့ လုပ်နေရသည်ဟု သဘောမထားဘဲ လူကောင်းတစ်ယောက်ကဲ့သို့ တွေးနိုင်လုပ်နိုင်ခြင်း မရှိတော့သည့် သနားဖွယ်လူနာတစ်ယောက်ကို ဂရုတစိုက် ပြုစုပေးနေသူ၊ ကောင်းစေလိုသည့် စိတ်စေတနာနှင့် လုပ်ပေးနေသူအဖြစ်ခံယူလိုက်ပါက စိတ်ဖိစီးနေမှုလျော့ကျ သွားပေလိမ့်မည်။ အောင်မြင်ပြီးစီးအောင် လုပ်နိုင်မည့်အကြံကောင်းများလည်း ပေါ်လာပေလိမ့်မည်။ အိမ်ရှိပစ္စည်းများ ဖရိုဖရဲ ဖြစ်နေခြင်းသည် မိမိ၏ညံ့ဖျင်းမှုကြောင့်ဟု မိမိကို မိမိ အပြစ်မတင်ပါနှင့်။ လူနာ၏ ရောဂါကြောင့် ဖြစ်လာသောလက္ခဏာတစ်ခုဟုမှတ်ယူပြီး မိမိ အပြစ်၊ မိမိညံ့ဖျင်းမှုလည်းပါသည်ဟု ခံစားနေမှုကိုဖယ်ရှားပစ်ရမည်။ လူနာအကြောင်းကို ခဏမေ့ထားပြီး တစ်နေ့ကို အနည်းဆုံး တစ်နာရီ သို့မဟုတ် မိနစ်သုံးဆယ်ခန့် ကိုယ့်အတွက် သီးသန့် အနားယူချိန်ထားပြီး နှစ်သက်ရာလုပ်ခြင်း (အင်တာနက်သုံးခြင်း၊ တေးသီချင်း နားထောင်ခြင်း၊ ကိုယ်လက်လှုပ်ရှားကစားခြင်း၊ တရားထိုင်ခြင်း) ဖြင့် စိတ်ကိုအနားပေးပါ။ ရေရှည်ပြုစု စောင့်ရှောက်ကြမည့်ခရီးလမ်းမှာ ပြုစုသူတို့ ပင်ပန်းနွမ်းနယ်မှု (Burnout) မဖြစ်ရန်လိုသည်။ ပြုစုစောင့်ရှောက်သူ အထောက်အကူပြုအဖွဲ့ (Caregiver support group) ကဲ့သို့သော အတွေ့အကြုံရှိသူများနှင့်ဖွဲ့ထားသည့် အဖွဲ့အစည်းရှိလျှင် ဆက်သွယ်ကြပါ။ စိတ်ဖိစီးမှုကို လျော့ကျ သွားစေမည့်နည်းများ၊ ကိုင်တွယ်ဖြေခြင်းသင့်သည့် အကြံဉာဏ်ကောင်းများကို သူတို့ထံမှရရှိနိုင်ပါသည်။ တစ်ဦးတည်း ကြိတ်ပြီးခံစားကာ လုပ်နေရန်မကြိုးစားပါနှင့်။ မဖြစ်သင့်သော စိတ်ဖိစီးမှုများကြောင့် စုပြုံပေါက်ကွဲခြင်း မဖြစ်စေရန် ကိုယ့်အတွက် အနားယူချိန်ဖန်တီးခြင်း သို့မဟုတ် ယုံကြည်ရင်းနှီးသည့် မိတ်ဆွေတစ်ဦးနှင့် ရင်ဖွင့်ပြောကြားခြင်းတို့ပြုလုပ်ပါ။ တစ်ခါတရံ မိမိအိမ်အခြေအနေနှင့်ခံစားနေရမှုများကို ပွင့်လင်းစွာဖွင့်ချ ပြောပြလိုက်ခွင့်ရရုံဖြင့် စိတ်ပေါ့ပါးသွားစေနိုင်သည်။ မိမိအနေဖြင့် စိတ်ဖိစီးမှုများပြီး ပင်ပန်းနွမ်းလျ လက်ပန်းကျလာခြင်း၊ ခံနိုင်ရည်မရှိတော့ခြင်းမျိုး ခံစားလာရပါက ကိုယ်တိုင်လည်းဆရာဝန်နှင့် ပြသသင့်ပါသည်။ မိမိကိုယ်တိုင်စိတ်ပိုင်း ဆိုင်ရာ ကျန်းမာခိုင်ခံ့မှုရှိသည့်အခါမှ သူတစ်ပါးကို ပိုမိုကောင်းမွန်ထိရောက်စွာ ပြုစုနိုင်ပါမည်။

အချုပ်အားဖြင့် Hoarding သည် အလွယ်တကူပျောက်သွားမည့် အပြုအမူမျိုး မဟုတ်ပါ။ နားလည်ရခက်ပြီး ကိုင်တွယ်ဖြေရှင်းရလည်းခက်ပါသည်။ ဒီမင်းရှား ရောဂါအခြေအနေ တိုးလာပြီး လုပ်နိုင်စွမ်းမရှိတော့သည့်အခါမှ ရပ်သွားတတ်သည်။ ထိုအဆင့် မရောက်မီ Hoarding ကို လက်ရှိ တွေ့ကြုံနေရသည့် ဒီမင်းရှား ဝေဒနာရှင် မိသားစုများအတွက် ဤဆောင်းပါးသည် တစ်ခုသော အတိုင်းအတာထိ အထောက်အကူ ဖြစ်လိမ့်မည်ဟု မျှော်လင့်မိပါသည်။

အားလုံး အဆင်ပြေကြပါစေ။ ဆန္ဒမွန်ဖြင့်…..

(ဒေါက်တာသန်းထွန်းအောင်)

Address

No. 155/D, ZawTiKa 1st Street, Let Yet San Village, Near Phayar Ngar Su Bus Stop, Thanlyin-Kyauktan Road, Thanlyin
Thanlyin
11291

Alerts

Be the first to know and let us send you an email when GCC Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to GCC Centre:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category