27/03/2026
ဒီမင်းရှား ဝေဒနာရှင်များ ဆီးသွားလို၍ အိမ်သာသို့ ခဏခဏသွားနေကြသည့်အခါ…
(ဒေါက်တာသန်းထွန်းအောင်)
သိမှတ်ဉာဏ်ချို့ယွင်းအားနည်း၍ အမေ့လွန်ရောဂါ (ဒီမင်းရှား - Dementia) ဖြစ်သည့်အခါ တစ်နေရာတည်းကို အာရုံရောက်နေလျှင်လည်းကောင်း၊ ခန္ဓာကိုယ်၏ ခံစားနေရမှုတစ်ခုခုကို စိတ်ထဲ စွဲနေသည့်အခါတွင်လည်းကောင်း၊ ထိုအာရုံမှလွှဲဖယ်ရန်ခက်ခဲမှုရှိတတ်သည်။ မကြာခင်ကမှ ပြီးခဲ့သည့် အဖြစ်အပျက်ကိုမမှတ်မိတော့ခြင်း (Short-term memory loss) ကြောင့် မကြာသေးမီက ဆီးသွား ပြီးပြီဖြစ်သော်လည်း ခဏအကြာမှာမေ့သွားကာ မမှတ်မိတော့ပါ။ ထိုအခါ ဆီးသွားချင် စိတ်နှင့် ဆီးသွားရဦးမည်ဆိုသည်ကို အလုပ်တစ်ခုအနေဖြင့်စိတ်စွဲနေကာ ဆီးသွားရန် အိမ်သာကိုပဲ ထပ်ခါ ထပ်ခါ သွားနေတတ်ကြသည်။ သူတို့ အခက်အခဲရှိနိုင်မည်၊ ချော်လဲသွားမည် စိုးရိမ်၍ အိမ်သာသို့ခဏခဏ သွားကြစဉ် အနီးကပ်စောင့်ကြည့်ပေးနေရသည်မှာ နေ့စဉ်ပြုစုနေရသူများ၊ မိသားစုဝင်များအတွက် စိတ်ရော ကိုယ်ပါပင်ပန်းကြသည်။ သူ့ကိစ္စကို သူကိုယ်တိုင်မလုပ်နိုင်ပါက သူ့အားပြုစုနေကြသူများ အနေဖြင့် လက်တွေ့တွင် ခဏခဏအိမ်သာသို့ပို့ပေးနေရသည်မှာ အချိန်လည်းကုန် လူလည်းပင်ပန်းလှပါသည်။
ဒီမင်းရှား ဝေဒနာရှင်များသည် ထမင်းစားပြီးပြီဖြစ်သော်လည်း မေ့သွားပြီဖြစ်ကာ မစားရသေး၊ ထမင်းမကျွေးသေးဟု ပြောတတ်ကြသည့်အခါ သူတို့စိတ်ကျေနပ်စေရန် အနည်းငယ်ထပ်၍ ကျွေးလိုက်ခြင်းဖြင့်ပြေလည်သွားနိုင်သည်။ သို့သော် ဒီမင်းရှားဝေဒနာရှင်များ ဆီးခဏခဏသွားရန် တောင်းဆိုလာသည့်အခါတွင်မူ မေ့လျော့ခြင်းနှင့် ဆက်စပ်သည့်အပြုအမူသက်သက်မျှဟု မှတ်ထင် ပြီး ဆီးတည်ပေးရုံ၊ အိမ်သာလိုက်ပို့ရုံမျှဖြင့်မပြီးပါ။ မလုံလောက်တော့ပါ။ ဒီမင်းရှားအပြင် အခြားသော ဆီးမကြာခဏပေါက်စေသည့် ရောဂါများပါ တွဲလျက်ပါရှိနေခြင်း ရှိမရှိကို စဉ်းစားစမ်းသပ် အဖြေရှာပြီး ကုသရန်လိုပါသည်။ တချို့လူနာများအတွက် ဆီးလမ်းကြောင်းဆိုင်ရာရောဂါ၊ ဆီးအိမ် ကျောက်တည်ခြင်းစသည်တို့ကိုသိရန် Ultrasound ရိုက်ရန်လိုတတ်သည်။ အရေးကြီးသည်မှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကြောင့် မဟုတ်သည်ကို သေချာရန်လိုသည်။ ဆီးလမ်းကြောင်း ပိုးဝင်သည့်အခါတွင် ဆီးခဏခဏ သွားတတ်ကြသည်။ အမျိုးသမီးများတွင် အမျိုးသားများထက် ပို၍ ဖြစ်တတ်သဖြင့် အမျိုးသမီးဝေဒနာရှင်များအတွက် ဆီးပိုးဝင်ခြင်းကို ပို၍ဂရုပြုရပါမည်။ ဆီး ပိုးဝင်ခြင်းရှိမရှိသိနိုင်ရန် ဆီးကိုစစ်ဆေး စမ်းသပ်ရန်လိုပါသည်။ ခန္ဓာကိုယ်တွင် ရောဂါပိုးဝင်ရောက် နေခြင်းကိုသိရန် သွေးစစ်ရန်လည်း လိုနိုင်သည်။ လူနာ အဖျားရှိလျှင် သို့မဟုတ် ဆီးပိုးဝင်ခြင်း ဖြစ်လျှင် သင့်တော်သောပိုးသတ်ဆေး (Antiobiotic) ဖြင့်ကုသရန်လိုပါမည်။ တချိန်တည်းမှာ ဆီး ခဏခဏသွားနေရခြင်းကို ဖြစ်စေနိုင်သည့် တခြားအကြောင်းရင်းများကိုလည်း စဉ်းစား ရှာဖွေရန် လိုအပ်သည်။ ဆေးတွင် ဆီးဆေး (Diuretic) ပါမပါစစ်ဆေးရမည်။ သက်ကြီးအမျိုးသမီးများတွင် အီစထရိုဂျင် ဟော်မုန်းဓာတ် (Estrogen hormone) နည်းခြင်းကြောင့် မိန်းမကိုယ်ခြောက်ကျုံ့၍ ရောင်ရမ်းခြင်း (Atrophic vaginitis) ဖြစ်နေလျှင်လည်း မကြာခဏ ဆီးသွားနေရခြင်းမျိုး ဖြစ်တတ်သည်။ ထိုသို့ ဖြစ်လျှင် မိန်းမကိုယ်ကို အီစထရိုဂျင်လိမ်းဆေး လိမ်းပေးခြင်းဖြင့် သက်သာသွားနိုင်သည်။ သက်ကြီးအမျိုးသားများ ဖြစ်ပါက ကြီးနေတတ်သော ဆီးကျိတ်သည် ဆီးအိမ်လည်ပင်းနေရာ(Bladder neck) ကိုဖိထားသဖြင့် မကြာခဏ ဆီးပေါက်ချင်သလို ဖြစ်နိုင်သည်ကိုစဉ်စားရမည်။
ဤနေရာတွင် ဆီးသွားချင်စိတ် ပြင်းထန်ခြင်းမျိုးဖြစ်စေသည့် ဆီးအိမ်ကြွက်သား အလုပ်လုပ်မှု လွန်ကဲခြင်း (OAB: Overactive Bladder) အကြောင်းကို အနည်းငယ် ပြောပြလိုပါသည်။ OAB ဖြစ်လျှင် ဆီးအိမ်က ဆီးကို ကြာကြာမထိန်းနိုင်ဘဲ ဆီးအိမ်ထဲ ဆီးနည်းနည်း ရှိရုံနှင့် ဆီးအိမ် ကြွက်သားများ ညှစ်ခြင်းကြောင့် ဝေဒနာရှင်သည် ဆီးမကြာခဏသွားနေတတ်ပါသည်။ ဆီး မထိန်းနိုင်ဖြစ်ရသည်။ ထိုအခြေအနေမျိုးဖြစ်လျှင် ဆီးအိမ်ကြွက်သား အလုပ်လုပ်မှု လွန်ကဲခြင်းမဖြစ်ရန် အတွက် ဆီးအိမ်ညှစ်မှု နည်းစေမည့်ဆေး၊ ဆီးအိမ်ကြွက်သားလျော့ဆေး (ဥပမာ Oxybutanin) ပေးရန်လိုအပ်ပါသည်။ OAB ကြောင့်ဖြစ်လျှင် ဆေးပေးပြီး များသောအားဖြင့် တစ်ပါတ်နှစ်ပါတ် အတွင်း သိသာသည့် ပြောင်းလဲတိုးတက်မှုကို စတင်တွေ့ရတတ်ပါသည်။ ဆီးသွားရသည့်အကြိမ် လျော့ကျသွားသည့်အခါ စိုးရိမ်စိတ်ပါလျော့လာတတ်သည်။ အိမ်သာသို့ သူသွားချင်တိုင်း ချက်ချင်း မပို့နိုင်သဖြင့် ပြုစုသူအပေါ် စိတ်တိုရသည့်အဖြစ်တို့မှာလည်း နည်းလာပေမည်။ ဆီးအိမ်ကြွက်သား လျော့ဆေး အများစုသည် (Anticholinergic action) ရှိသဖြင့် ဝမ်းချုပ်ခြင်း နှင့် အာခြောက်ခြင်းတို့ ဖြစ်နိုင်သည်။ ဒီမင်းရှား ရှိသူများအတွက် မှတ်ဉာဏ်ကို ပိုပြီးထိခိုက်စေခြင်းနှင့် ပိုပြီး စိတ်ရှုပ် ထွေးစေခြင်း စသည့် ဘေးထွက်ဆိုးကျိုးအချို့ ရှိတတ်ပါသည်။ ယခုနောက်ပိုင်း ထွက်လာသည့် Mirabegron ကဲ့သို့သော ဆီးအိမ်ကြွက်သားလျော့ဆေးအသစ်များသည် ဦးနှောက်သို့ မရောက်သဖြင့် ဒီမင်းရှားရှိသူများ အတွက် ဘေးထွက်ဆိုးကျိုးနည်းပါသည်။ OABနှင့်ဒီမင်းရှား တွဲရှိနေလျှင် အတော်ကုသရခက်ခဲပါသည်။ ဆီးအိမ်ကင်ဆာလူနာတချို့မှာ OAB ပုံစံဖြင့်လည်း လာနိုင်ပေသည်။ လိုအပ်ပါက ဆီးလမ်းကြောင်းအထူးကုဆရာဝန်နှင့်လည်း ပြသကာ ကုသမှုခံယူကြရပါမည်။
သက်ကြီးတချို့မှာ ဆီးသွားချင်စိတ်ဖြစ်သည်နှင့် ဆီးကိုထိန်း၍မရတော့ဘဲ ဆီးယိုကျခြင်း (Urgency incontinence) သည် OAB မရှိဘဲလည်း ရှိနေတတ်သည်။ အခုမှ စတင်ဖြစ်သည့် လက္ခဏာဆိုပါက ဆီးပိုးဝင်ခြင်း၊ ဝမ်းချုပ်နေခြင်း ရှိမရှိကို ကြည့်ရန်လိုသည်။ ထိုသို့ဆီးမထိန်းနိုင် သူများ အတွက် Adult Diapers (လူကြီးသုံး ဆီးခံ) သုံးရန်လိုပါမည်။ ဘေးက ကပ်ခွာပါသည့် diaper ကို မကြိုက်သူ၊ ဝတ်ရခက်သူများအတွက် ရိုးရိုးအတွင်းခံ ဘောင်းဘီနှင့် ဆင်တူသော (Pull-up diaper pants) အမျိုးအစားကိုပြောင်း၍ သုံးကြည့်နိုင်ပါသည်။ Diaper လုံးဝမဝတ်လိုသူ များအတွက် စုပ်ယူမှုအားကောင်းသည့်အခင်း (Disposable Underpads) ကို အိပ်ရာခင်းပေါ်မှာ ခင်းပေးထားနိုင်ပါသည်။ Underpad သည် diaper မကြိုက်သူများကို စိတ်အနှောင့်အယှက် မဖြစ်စေသလို ပြုစုသူအတွက်လည်း အိပ်ရာခင်းလဲရသည့်အလုပ်ကို သက်သာစေပါသည်။
တချို့ ဒီမင်းရှား ဝေဒနာရှင်များမှာ အိမ်သာသွားချင်ခြင်းက မူလအကြောင်းရင်း မဟုတ်ဘဲ စိုးရိမ်စိတ်ကြောင့် တစ်ခုခုကိုလုပ်ချင်နေသည့်လက္ခဏာလည်း ဖြစ်နိုင်ပါသည်။ အမှန်အားဖြင့် ဆီးအိမ်ထဲတွင် ဆီးများများမရှိတော့သဖြင့် အိမ်သာထပ်သွားသည့်အခါ ဆီးအနည်းငယ်သာ ထွက် တော့ခြင်း သို့မဟုတ် ဆီးလုံးဝမထွက်တော့ခြင်းမျိုး ဖြစ်တတ်သည်။ သို့သော်လည်း အိမ်သာ တွင် သွားထိုင်လိုက်ရသဖြင့် စိတ်ထဲတွင်ကျေနပ်သွားကြခြင်းဖြစ်သည်။ စိုးရိမ်စိတ်ဖြင့် ဆီးသွားရန်ကိုသာ အာရုံရောက်နေကာ စိတ်လှုပ်ရှားနေသည့်သဘော ဖြစ်သည်။ ထိုအာရုံကြောင့် ဆီးသွားပြီးပြီ ဖြစ်သော်လည်း "သွားပြီးပြီလား၊ မသွားရသေးဘူးလား" ဆိုသည်ကို ဝေခွဲမရတော့ဘဲ အသေအချာ မမှတ်မိတော့သည့်အခါ သွားချင်စိတ်ပေါ်လာတိုင်း အိမ်သာသွားရန်ကိုသာ ကြိုးစားတော့သည်။ ထိုလူနာများအတွက် စိတ်ငြိမ်ဆေးကိုပါ ထည့်ပေးခြင်းအားဖြင့် သက်သာသွားစေနိုင်ပါသည်။ ရှင်းပြပြောဆိုခြင်းကို နားလည်လက်ခံနိုင်သေးသည့် ဒီမင်းရှားဝေဒနာရှင်များအတွက် ဆီးအိမ်ကို ပြန်လေ့ကျင့်ခြင်း (Bladder retraining) ကိုလုပ်ပေးရပါမည်။ သူတို့၏ဆီးသွားတတ် သည့် ပုံစံကို လေ့လာပြီး မှတ်သားထားပါ။ ဖြစ်နိုင်ပါက တစ်နေ့တွင် စုစုပေါင်း အိမ်သာသွားရသည့် အကြိမ်၊ တကယ်ဆီးပေါက်သည့်အကြိမ်၊ ဆီးမပေါက်ဘဲ အိမ်သာမှပြန်ထွက်လာသည့်အကြိမ်တို့ကို မှတ်ထားရမည်။ ရေ နှင့် အရည်သောက်သည့် အကြိမ်၊ တစ်ကြိမ်လျှင်သောက်သည့်ပမာဏ ၊ ဝမ်းချုပ်ခြင်းရှိမရှိ၊ ဝမ်းသွားသည့်အကြိမ် စသည်တို့ကိုပါ ဆီးသွားခြင်းမှတ်တမ်းတွင် ထည့်မှတ် ထားနိုင်လျှင်ပိုကောင်း၏။ နောက်ဆုံး ဆီးသွားပြီးသည့်အချိန်မှစ၍ နှစ်နာရီခြားစီ ဆီးသွားစေခြင်း မျိုး စတင်လေ့ကျင့်ရပါမည်။ နောက်ပိုင်းတွင် ဆီးတည်ချိန်ကို အဆင်ပြေသလို ညှိပေးနိုင်ပါသည်။ ဝေဒနာရှင် တောင်းဆိုသည့်အခါတိုင်း ဆီးသွားရန် အိမ်သာသို့လိုက်ပို့နေရခြင်းထက် နှစ်နာရီ ခြား တစ်ခါ ဆီးသွားရန် အကျင့်လုပ်ပေးခြင်းဖြင့် နောက်ပိုင်းကျင့်သားရသွားသည့်အခါ ဆီးသွားလိုခြင်း နှင့်ပတ်သက်၍ စိုးရိမ်စိတ် မဖြစ်တော့ပါ။ ဆီးသွားရမည့်အချိန်ရောက်လျှင် “ဆီးသွားဖို့ အချိန်ရောက်ပြီ၊ သွားရအောင်" ဟု ပုံမှန်ဆီးတည်ပေးခြင်းဖြင့် သူတောင်းဆိုစရာမလိုတော့၍ ဆီးသွားခြင်း ပြဿနာမရှိတော့ဟု သူ့ကိုယ်သူ ယုံကြည်မှုကိုလည်း ရရှိသွားစေပါသည်။
ဆီးတည်ရန်အချိန်မတိုင်မီ ဆီးသွားရန်တောင်းဆိုလာပါက ပြုစုစောင့်ရှောက်သူအနေဖြင့် လိမ္မာပါးနပ်စွာ ကိုင်တွယ်တတ်ရန် လိုပါသည်။ "ခုနကမှ သွားထားတာပဲ" စသည်ဖြင့် သူနှင့်ဆန့်ကျင်ကာ ငြင်းဆိုလိုက်ခြင်းက သူ့ကို စော်ကားသကဲ့သို့ ခံစားရစေပြီး ပို၍စိတ်တိုသွားစေနိုင်ပါသည်။ "ဟုတ်ကဲ့ သွားကြမယ်နော်၊ ရေခဏ သွားသောက်လိုက်ဦးမယ်၊ ခဏလေးပဲစောင့်ပေးပါ၊ လိုက်ပို့ပေးမယ်" စသည်ဖြင့် အပြုသဘောဆောင်သည့် အပြောမျိုးဖြင့် အချိန်ဆွဲသည့်နည်းကို သုံးကြည့်ပါ။ ဆီးသွားချင်သည်၊ ဆီးသွားမည်ဟုပြောတိုင်း ချက်ချင်းအိမ်သာသို့လိုက်မပို့ပါနှင့်ဦး။ တစ်နည်းနည်းဖြင့်အာရုံပြောင်းကြည့်ပါ။ “ဒီတရားတစ်ပုဒ်ပြီးရင် သို့မဟုတ် ဒီသီချင်းတစ်ပုဒ်ပြီးရင် သွားရအောင်" “ငါးမိနစ်လောက် အသက်ရှူလေ့ကျင့်ခန်းလုပ်ပြီးရင် သွားကြမယ်” စသည်ဖြင့် သူ လက်ခံနိုင်မည်ထင်သည်ကို ပြောပြီး အချိန်ဆွဲကြည့်ပါ။ အဆင်ပြေလျှင် တဖြည်းဖြည်းနှင့် ၅ မိနစ် ကနေ ၁၀ မိနစ်၊ ၁၅ မိနစ်အထိ တိုး၍တိုး၍ အချိန်ဆွဲကြည့်ခြင်းဖြင့် ဆီးအိမ်က ဦးနှောက်သို့ ခဏ ခဏပို့နေသည့် မှားယွင်းသောအချက်ပေးမှု ( Wrong signal) ကိုလျှော့ချနိုင်ပါသည်။ အိမ်သာ မသွားခင်အချိန်လေးမှာလည်း သွေးပူသွားအောင်ဆိုပြီး ခြေလက်လှုပ်ရှားမှုလုပ်ကာ ရသလောက် အချိန်ဆွဲပါ။ အိမ်သာသွားရာလမ်းတွင်လည်း အမြန်မသွားပါနှင့်။ စကားတပြောပြောနှင့် အချိန်ဆွဲ လျှောက်သွားပါ။ လမ်းမှာ စိတ်ဝင်စားမည်ထင်သည့်အရာများ တွေ့လျှင်လည်း ခဏရပ်ကာ အာရုံ ပြောင်းကြည့်ပါ။ ဆီးပေါက်ပြီးသွားသည့်အခါတွင်လည်း အိမ်သာထဲမှ မြန်မြန်ပြန်မထွက်ဘဲ အဝတ်အစားကို အေးအေးဆေးဆေး သေသေချာချာ ပြန်ဝတ်ပေးခြင်း၊ လက်ကို စနစ်တကျဆေးပေးခြင်း တို့ဖြင့်အချိန်ကိုသုံးပါ။ လိုရင်း ရည်ရွယ်ချက်မှာ အိမ်သာတစ်ခါတစ်ခါသွားရသည့်အချိန်ကို ကြန့်ကြာစေခြင်းဖြင့် တစ်နေ့တာသွားမည့်အကြိမ်ရေကို လျှော့ချရန် ဖြစ်ပါသည်။ သတိပြုရမည်မှာ အချိန်ဆွဲသည့်နည်းကို ဆီးသွားချင်စိတ်ဖြစ်သည်နှင့် ဆီးထွက်ကျခြင်း (Urgency incontinence) ရှိသူများတွင် သုံး၍မဖြစ်ပါ။ ထို့အတူ မိမိအလိုရှိသည်ကို ချက်ချင်းရမှ ကျေနပ်သူ၊ မဟုတ်ပါက ဒေါသအိုး ပေါက်ကွဲမည့်သူမျိုးဆိုလျှင်လည်း သတိထားရပါမည်။
ဆီးသွားခြင်းမှတ်တမ်းမှ ညဖက်တွင် ဆီးသွားကြိမ်မည်မျှရှိသည်ကို ပိုတိကျစွာသိနိုင်သည်။ ညတွင် ဆီးမကြာခဏသွားရသဖြင့် အိပ်ရေးပျက်ခြင်းသက်သာရန် ရေသောက်ချိန်ကို ထိန်းညှိရန် လိုမည်။ မနက်နှင့် နေ့ခင်းဖက်တွင် ရေသောက်ခြင်းကို ထိန်းရန်မလိုပါ။ ညနေ ၆ နာရီ နောက်ပိုင်းမှာ ရေသောက်ခြင်းကိုစလျှော့ပြီး အိပ်ရာဝင်ခါနည်း ည ၉-၁၀နာရီ နောက်ပိုင်း ရေမသောက်တော့ရန် ဖြစ်သည်။ အပူအစပ်၊ ကေဖင်း (Caffeine)နှင့် ဂက်စ်ပါသည့်ဖျော်ရည်များ (Carbonated drinks) ကို ရှောင်သင့်ပါသည်။ အိပ်ရာမဝင်မီတွင်လည်း ဆီးသွားခိုင်းရပါမည်။ ဖြစ်နိုင်လျှင်နှစ်ခါဆက်တိုက် မိနစ်အနည်းငယ်ခြား၍ဆီးပေါက်စေခြင်း (Double voiding) လုပ်ရပါမည်။ လူနာလည်းအိပ်ရေးဝ၊ ပြုစုသူလည်းမပင်ပန်းစေရန် ညမှာ Diaper သုံးရန်စဉ်းစားနိုင်ပါသည်။ အိမ်သာတင်ကုလားထိုင် (Commode Chair) ကို အိပ်ရာဘေးတွင်ထားပေးခြင်းဖြင့် အိမ်သာအထိ သွားရ ပို့ရသည့် ပင်ပန်းမှု ကိုလျှော့ချနိုင်ပြီး ဝေဒနာရှင်အတွက် လည်း ပိုပြီးဘေးကင်းပါသည်။ တချို့မှာ Commode ကို မြင်လိုက်သည်နှင့် "ဆီးသွားချင်တယ်" ဖြစ်လာတတ်ကြသည်လည်းရှိသည်။ ထိုသူများအတွက် commode ကို အမြင်ကွယ်ရာမှာသိမ်းထားပါ။ မသုံးသည့်အချိန်မှာ အဝတ်တစ်ခုခုနှင့် ဖုံးဝှက်ထားပါ။ ဆေးခန်းသွားပြရသည့်အခါတွင်ဖြစ်စေ၊ အကြောင်းကိစ္စတစ်ခုခုကြောင့်အပြင်ထွက်ရန်ရှိသည့် အခါတွင်ဖြစ်စေ diaper ဝတ်သွားပါ။ diaper အပိုတစ်ခုပါယူဆောင်သွားက အဆင်ပြေတတ်၏။
ဒီမင်းရှား ရောဂါ၏ အစောပိုင်း သို့မဟုတ် အလယ်အလတ် အဆင့်တွင် အလုပ်တစ်ခုကို ထပ်တလဲလဲ လုပ်ဆောင်ခြင်း အပြုအမူ (Repetitive Behavior) ရှိတတ်ပါသည်။ ထိုအပြုအမူသည် စိတ်စွဲလမ်းမှုလွန်ကဲခြင်းရောဂါ (OCD: Obsessive Compulsive Disorder) နှင့်ဆင်တူနေတတ်သည်။ OCD သည် စိုးရိမ်စိတ် (Anxiety) ဖိစီးမှုကြောင့် ဖြစ်ရခြင်းဖြစ်သည်။ ထိုစိတ်ကိုလည်း ဆန့်ကျင်၍မရဘဲ ဖြစ်နေသည်။ "ဆီးသွားချင်စိတ်ဖြစ်လာသည့်အခါ ဆီးမသွားလျှင် တစ်ခုခု ဖြစ် တော့မည်" ဆိုသည့် အတွေးနှင့်စိုးရိမ်ခြင်းကို တွန်းလှန်၍မရသဖြင့် ဆီးသွားခြင်းကို လုပ်ရခြင်း ဖြစ်သည်။ ဆီးသွားပြီးထွက်လာလိုက် ထပ်သွားရန်အိမ်သာထဲထပ်ဝင်လိုက်နှင့် ဝင်လိုက်ထွက်လိုက် လုပ်ခြင်းကို အလေ့အကျင့်တစ်ခုပမာ ထပ်တလဲလဲလုပ်နေခြင်းဖြစ်သည်။ မည်သည့်အလုပ်ကိုမဆို ဖန်ဖန်ထပ်ကာ မလုပ်မနေနိုင်၍လုပ်နေခြင်းကို ကိုယ်တိုင်လည်း အနည်းငယ်သတိထားမိတတ်ကြ သည်။ ကိုယ့်ကိုယ်ကိုလည်း ထိုအဖြစ်ကြောင့် စိတ်မသက်မသာဖြစ်ရခြင်းရှိတတ်သည်။ အသေအချာ စစ်မေးကြည့်လျှင် အလုပ်တစ်ခုခုကို ထပ်ခါထပ်ခါ လုပ်တတ်သည့်အပြုအမူသည် ငယ်စဉ် ကပင် ရှိနေခဲ့ကြကြောင်း တွေ့ရတတ်သည်။ အသက်ကြီးလာသည့်အခါတွင်မှ ရုတ်တရက်ပေါ်လာခြင်းမျိုးမဟုတ်ပေ။
ဒီမင်းရှားကြောင့် ထပ်တလဲလဲ လုပ်ဆောင်ခြင်း အပြုအမူ (Repetitive Behavior) သည် ဒီမင်းရှားရောဂါဖြစ်လာသည့်အခါ၊ အသက်ကြီးလာသည့်အခါမှ ပေါ်လာခြင်းမျိုးဖြစ်သည်။ Short term memory loss နှင့် အဓိကသက်ဆိုင်ပြီး မေ့လွယ်လာခြင်း (Forgetfulness) ကြောင့်ဖြစ် သည်။ မည်သည့်အတွက်ကြောင့်ထပ်တလဲလဲလုပ်မိခြင်းကိုလည်း မပြောပြတတ်ပါ။ မသိကြပါ။ သတိထားမိမှု (Awareness) မရှိပါ။ အထူးသဖြင့် ဒီမင်းရှားကြောင့် ဦးနှောက်၏ ရှေ့ပိုင်းဖု (Frontal Lobe) ထိခိုက်လာသည့်အခါ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း (Inhibition) လျော့ကျသွားပြီး တစ်ခုခုကို ထပ်ခါတလဲလဲလုပ်ချင်စိတ်ကို တားဆီးနိုင်စွမ်း ထိန်းချုပ်နိုင်စွမ်း မရှိတော့၍ ဖြစ်ပါ သည်။ တချို့သောဝေဒနာရှင်တို့အတွက် အိမ်သာခဏခဏသွားခြင်းမှာ နေ့စဉ်အလုပ် (Routine) တစ်ခုလို ဖြစ်နေတတ်သည်။ ထိုသို့အကျင့်ဖြစ်နေသည့်သူတို့အတွက် အာရုံလွှဲပေးလိုက်ခြင်းနည်းကို သုံးခြင်းဖြင့် အတိုင်းအတာတစ်ခုထိ အဆင်ပြေနိုင်သည်။ အဓိပ္ပာယ်ရှိစေမည့်တခြားအလုပ်များ (Meaningful activities) ( ဥပမာ ဟင်းသီးဟင်းရွက်သင်ခိုင်းခြင်း၊ အဝတ်အစားများကို ခေါက်ခိုင်းခြင်း၊ တခြားစိတ်ဝင်စားမည့် အကြောင်းအရာကို စကားပြောဆိုခြင်း၊ ကြိုက်နှစ်သက်တတ်သည့် ကစားနည်းကို အတူတူကစားခြင်း) ဖြင့် အစားထိုး အာရုံလွှဲကြည့်ကြရပါမည်။ "အလုပ်ရှိနေခြင်း၊ အလုပ်ထဲတွင် အာရုံရောက်နေခြင်း" က အိမ်သာသွားချင်စိတ်ကို လျော့ကျစေပါသည်။ ဦးနှောက်က အိမ်သာသွားချင်သည့် အာရုံကို ခဏမေ့သွားစေနိုင်ပါသည်။ ပြုစုစောင့်ရှောက်သူ မိသားစုများအနေဖြင့် ယခုကဲ့သို့ ဆီးသွားချင်စိတ် ပေါ်နေခြင်းသည် ဒီမင်းရှားရောဂါကြောင့် ဖြစ်သည်ကို အမြဲ သတိရနေရန်လိုသည်။ မဟုတ်ပါက မိမိကို ရည်ရွယ်ချက်ရှိရှိ အိမ်သာသို့တချိန်လုံးပို့ခိုင်းကာ တမင် ဒုက္ခပေးနေသည်ဟု အထင်ရောက်သွားနိုင်သည်။ သို့ဖြစ်ပါက သူ့အပေါ် နားမလည်တော့သဖြင့် စိတ်ရှည်သည်းခံပြီး ဆက်လက်ပြုစုရန် အခက်အခဲရှိပေလိမ့်မည်။
မှတ်ဉာဏ်ချို့ယွင်းအားနည်းလာခြင်းကြောင့် စိတ်ရှုပ်ထွေးလာခြင်း၊ စိုးရိမ်စိတ်ဝင်လာခြင်း တို့ ဖြစ်လာသည့်အခါ သူတို့အနေဖြင့် "အိမ်သာသွားခြင်း" ဆိုသည့် မိမိနှင့်ရင်းနှီးပြီးသားအလုပ်ကို ထပ်လုပ်ရခြင်းဖြင့် စိတ်သက်သာလုံခြုံမှုကိုရှာဖွေခြင်းမျိုးကို တချို့ ဒီမင်းရှားဝေဒနာရှင်များတွင် တွေ့နိုင်သည်။ ဒီမင်းရှားမဖြစ်မီ နဂိုကတည်းက ကိုယ်ရည်ကိုယ်သွေး (Personality) အရ သန့်ရှင်းမှုကြိုက်သူမျိုးမှာ အိမ်သာသွားချင်စိတ်အနည်းငယ်ပေါ်လာသည်နှင့် အိမ်သာမရောက်မီ မတော်တဆဆီးထွက်ကျကာ ညစ်ပတ်နံစော်သွားမည်ကို အရမ်းစိုးရိမ်တတ်ကြသည်။ ထို့ကြောင့် စိတ်ချရစေရန် ခဏခဏသွားနေခြင်းမျိုးလည်း ဖြစ်တတ်သည်။ ထိုသို့ ဒီမင်းရှားနှင့် ဆက်စပ်လျက် စိတ်လှုပ်ရှားခြင်းအပြုအမူ (Behavior of anxiety component) ပါဝင်နေသူတို့အတွက် စိတ်ပိုင်း ဆိုင်ရာအားပေးထောက်ကူမှု (Emotional support) အပြင် စိတ်ငြိမ်သက်ဆေး (Antianxiolytic) ကိုပါ တွဲပေးခြင်းဖြင့် သက်သာသွားတတ်ပါသည်။
ယခုအချိန်ထိ မှတ်ဉာဏ်တိုးတက်ကောင်းမွန်လာစေရန်အတွက် သုံးနေသည့်ဆေးများမှာ ဒီမင်းရှားကို ပျောက်ကင်းအောင်မကုသပေးနိုင်သေးသော်လည်း အထက်ပါပြုစုစောင့်ရှောက်မှု ပုံစံများသည် ဒီမင်းရှားဝေဒနာရှင်တို့၏ "နေထိုင်မှု အရည်အသွေး (Quality of Life)" ကို များစွာ တိုးတက်ကောင်းမွန်လာအောင်လုပ်ပေးနိုင်ပါသည်။ အနီးကပ်ပြုစုနေရသူများ၊ မိသားစုဝင်များ အတွက်လည်း စိတ်ဖိစီးမှုနည်းပြီး၊ မိမိကျန်းမာရေးကိုလည်းမထိခိုက်စေဘဲ မိမိတို့ချစ်ကြရသည့် သနားဖွယ်ရာ ဒီမင်းရှားဝေဒနာရှင်များကို သူတို့၏ခရီးဆုံးတိုင်အောင် ကြင်နာယုယ လုံခြုံနွေးထွေးစွာဖြင့် ဆက်လက်စောင့်ရှောက်ပြုစုနိုင်ရန် အထောက်အကူဖြစ်လိမ့်မည်ဟု ယုံကြည်မိပါသည်။
ဆန္ဒမွန်ဖြင့်…ဒေါက်တာသန်းထွန်းအောင်