Mommy Connect by mommy Paed

Mommy Connect by mommy Paed Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mommy Connect by mommy Paed, Health & Wellness Website, Yangon.

I feel you Mommy.🩺
​မေ​မေတို့ရဲ့ ပူပင်​သောက​တွေ ရင်ဖွင့်နိုင်သလို
က​လေးကျန်းမာ​ရေးအ​ကြောင်း တိုင်ပင်​ဆွေး​နွေးနိုင်ပါတယ်
သားသားမီးမီးတို့အတွက် ​ပူပင်မှု​တွေ ကင်း​​ဝေးရ​စေဖို့ ၂၄ နာရီ က​လေးဆရာဝန်နဲ့ ​ဆွေး​နွေးလို့ရမဲ့ WF24/7 Team ကလဲ အမြဲ Welcome ပါ

ဖေဖေမေမေတို့ စိတ်ပူတတ်ကြတဲ့ သားသားမီးမီးတို့ရဲ့ ပုံမှန် အခြေအနေများ (၂၀)🦵Bow Legs and Knock knees (ခြေထောက်လေးများကွေးခြ...
12/11/2025

ဖေဖေမေမေတို့ စိတ်ပူတတ်ကြတဲ့ သားသားမီးမီးတို့ရဲ့ ပုံမှန် အခြေအနေများ (၂၀)

🦵Bow Legs and Knock knees (ခြေထောက်လေးများကွေးခြင်းနှင့် ဒူးခေါင်းလေးများ ထိနေခြင်း)
Genu Varum and Genu Valgum

ဖေဖေမေမေတို့ရေ!
ကလေးလေးရဲ့ ခြေထောက်လေးတွေ ကွေးနေတာကို စိတ်ပူနေလား?
ဒါမှမဟုတ် မတ်တပ်ရပ်နေတဲ့အချိန် ဒူးခေါင်းလေးတွေ ထိနေတာကို ကြည့်ပြီး စိုးရိမ်မိနေလား?
‌ဖော်ပြပါ အခြေအနေရဲ့ ၉၅ % ဟာ ကလေးတွေမှာ ပုံမှန်ကြီးထွားမှု အဆင့် တစ်ခု ကြောင့်သာ ဖြစ်ပါတယ်
💡💡💡သားသားမီးမီးလေးတို့ရဲ့ ခြေထောက်အနေအထားဟာ အသက်အရွယ်အလိုက် ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို ပုံလေးနဲ့အတူ တွဲကြည့်ကြရအောင်။
(၁) မွေးစမှ ၂ နှစ်အထိ
- ဒီအရွယ်မှာ ခြေထောက်လေးတွေ ကွေးနေတတ်တာ (Bow Legs) ဟာ အထင်ရှားဆုံး ဖြစ်ပါတယ်။
- ဒီအဆင့်က မလွဲမသွေ ဖြတ်သန်းရမယ့် ယာယီအဆင့်ပါ။
- ဒီလိုကွေးရတဲ့ အကြောင်းရင်းကတော့ ကလေးငယ် သန္ဓေသားဘဝတုန်းက သားအိမ်ထဲမှာ ကျဉ်းကျဉ်းလေးနေရလို့ ခြေထောက်လေးတွေက ကွေးညွတ်ပြီး ရှိနေခဲ့ရလို့ပါ။ ဒါကြောင့် ကလေးက လမ်းလျှောက်တတ်တဲ့အခါ ခြေထောက်တွေ ပုံမှန်ဖြောင့်တန်းလာဖို့ အချိန်ယူရမှာ ဖြစ်ပါတယ်။
(၂) ၂ နှစ်မှ ၅ နှစ်အထိ
- ခြေ‌ထောက်လေးတွေ ကွေးတာ တဖြည်းဖြည်း လျော့ကျလာပါပြီ
- ဖြောင့်တန်းတဲ့အနေအထားကနေတဆင့် ၃ နှစ်ကျော်လာတဲ့အခါ ဒူးခေါင်းချင်းထိ (Knock-Knees) တဲ့ပုံစံမျိုးကို ကူးပြောင်းသွားနိုင်တယ်။
- ဒါကလဲ နောက်ထပ်ကြီးထွားမှု အဆင့် ဖြစ်တာကြောင့် ပုံမှန်ပါပဲ
(၃) ၆ နှစ်မှ ၈ နှစ်အထိ
- အရွယ်ရောက်သူတွေလို ဖြောင့်တန်းတဲ့ ပုံမှန်အနေအထား ကို ရောက်ရှိသွားပြီး ကြီးထွားခြင်း အဆုံးသတ်သွားပါပြီ။

🚨🚨🚨ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားပြရမလဲ?
• အသက် ၂ နှစ် သို့မဟုတ် ၃ နှစ်နောက်ပိုင်းမှာ ခြေထောက်ကွေးတာတွေ ပိုဆိုးလာခြင်း သို့မဟုတ် မလျော့ကျဘဲ ဆက်ရှိနေခြင်း။
• ခြေထောက်တစ်ဖက်တည်း ကွေးနေပြီး ကျန်တစ်ဖက်နဲ့ သိသိသာသာ ကွာခြားနေခြင်း။
• ကလေးက ဒူး သို့မဟုတ် တင်ပါးဆစ်မှာ နာကျင်တယ် လို့ပြောခြင်း။
• လမ်းလျှောက်တဲ့အခါ သိသိသာသာ ထော့နဲ့ထော့နဲ့ ဖြစ်နေခြင်း သို့မဟုတ် လမ်းလျှောက်ရ ခက်ခဲနေခြင်း။
• ကလေးက သူ့အသက်အရွယ် ပျမ်းမျှထက် များစွာ အရပ်ပုနေခြင်း။

အပေါ်ကလို စိုးရိမ်ရတဲ့ လက္ခဏာတွေ မရှိပဲ အသက်အရွယ်အလိုက် ကြီးထွားမှု ဇယားလေးအတိုင်း တွေ့နေရတယ်ဆိုရင် ခြေထောက်လေးတွေကွေးတိုင်း မစိုးရိမ်ပါနဲ့တော့‌နော်
ဘာမှ လုပ်စရာမလိုပဲ ကြီးထွားဖို့ အချိန်ပေးလိုက်ကြရအောင်

ဖေဖေမေမေတို့ စိုးရိမ်မှုတွေ လျော့ကျစေဖို့ ရည်ရွယ်လျက်
ချစ်တဲ့ mommy Paed

19/10/2025

💥ကလေးများနဲ့ ထိခိုက်ဒဏ်ရာ💥

ဖေဖေမေမေတို့ရေ ကလေးတွေ ထိခိုက်ဒဏ်ရာရတယ်ဆိုတာ သူတို့ကြီးပြင်းလာတဲ့ လမ်းခရီးမှာ ရှောင်လွှဲလို့မရတဲ့ အရာတစ်ခုပါ။ ဒီလိုအချိန်မျိုးမှာ မိဘတွေ စိတ်ပူတတ်တာ သဘာဝပါ။ အရေးကြီးဆုံးက ကျွန်မတို့ အရမ်း စိတ်မပူဘဲ တည်တည်ငြိမ်ငြိမ် ရှိနေဖို့ပဲ ဖြစ်ပါတယ်။ ထိုမှတဆင့် ကလေးရဲ့ စိုးရိမ်ပူပန်မှုကို ချက်ချင်း လျော့ကျစေတယ်ဆိုတာ ယုံကြည်ပေးပါ။

“So Your Calm = Their Calm” ပါ

ကလေးလေး ထိခိုက်ဒဏ်ရာ ရပြီဆိုတာနဲ့ ဒဏ်ရာပြင်းထန်မှု‌ အမျိုးအစားပေါ်မူတည်ပြီး အောက်ပါအဆင့်လေးတွေကို တခုချင်းလိုက်လုပ်ကြည့်ပါ။

၁။ စိတ်အေးအေးထားပြီး သားသားမီးမီးလေးကို နှစ်သိမ့်ပေးပါ။
1. စိတ်တည်ငြိမ်အောင် ထိန်းထားပါ - ကလေး ဒဏ်ရာရတဲ့အခါ မိဘက စိတ်ပူတတ်တာ သဘာဝပါ။ ဒါပေမဲ့ မိဘက စိတ်တည်ငြိမ်နေမှ ကလေးကလည်း လုံခြုံတယ်လို့ ခံစားရပြီး ပိုပြီးပူးပေါင်းပါဝင်ပါလိမ့်မယ်။
2. ချစ်စကားလေးတွေနဲ့ နှစ်သိမ့်ပါ - "မေမေ/ဖေဖေ ရှိတယ်နော်၊ သား/သမီးကို သက်သာအောင် လုပ်ပေးမယ်" လို့ ပြောပြီး အရင်ဆုံး ဖက်ထားပေးပါ။
3. မြန်မြန်ဆန်းစစ်ပါ - ဒဏ်ရာက သေးလား၊ ကြီးလားဆိုတာ အမြန်ဆုံး ကြည့်ရှုစစ်ဆေးပါ။

၂။ ဒဏ်ရာသေးသေးလေးဆိုရင် အိမ်မှာ ဒီလို လွယ်လွယ်ကူကူ ပြုစုပေးနိုင်ပါတယ်။
1. ပြတ်ရှခြင်း/ပွန်းပဲ့ခြင်း
သန့်ရှင်းတဲ့အဝတ်နဲ့ ၁၀-၁၅ မိနစ်ကြာအောင်ဖိထားပေးပါ။ သွေးတိတ်သွားတဲ့အခါ ဆပ်ပြာနဲ့ ညင်သာစွာဆေးပေးပါ။ betadine ကဲ့သို့ ပိုးသတ်ဆေးထည့်ပြီး ပလာစတာ သို့မဟုတ် ပတ်တီးနဲ့ ဖုံးအုပ်ထားပေးပါ။
2. ဖူးရောင်ခြင်း/ညိုမည်းစွဲခြင်း
ရေခဲကို အဝတ်သန့်သန့်နဲ့ ပတ်ပြီး ၁၀-၂၀ မိနစ်ခန့်ကပ်ပေးပါ။ ဒဏ်ရာရသွားတဲ့ နေရာကို မလှုပ်ရှားစေပဲ ခဏအနားပေးပါ။ လိုအပ်ပါက အကိုက်အခဲပျောက်‌ဆေးပေးနိုင်ပါတယ်။
3. သေးငယ်သော မီးလောင် ဒဏ်ရာ
မီးလောင်တဲ့နေရာကို ရေအေးအေး‌အောက်မှာ ၁၀မိနစ်ခန့် လောင်းချပေးပါ။ ပိုးမဝင်အောင် ပတ်တီး ဒါမှမဟုတ် ပလတ်စတစ်အိတ် အကြည် (cling film) နဲ့ဖုံးအုပ်ပေးပါ။ ထောပတ်၊ ဆီ၊ ရေခဲရေလုံးဝမသုံးပါနဲ့။

၃။ ဒဏ်ရာကြီးပြီး ဆေးရုံချက်ချင်းသွားရမည့် လက္ခဏာများ
- ပြင်းထန်သောဦးခေါင်းဒဏ်ရာ - သတိလစ်သွားခြင်း၊ အဆက်မပြတ်အန်ခြင်း၊ အရမ်းခေါင်းကိုက်ခြင်း၊ ဗလုံးဗထွေးစကားပြောခြင်း၊ တက်ခြင်း၊ မှိန်းနေခြင်း။
- သွေးမတိတ်ခြင်း - မိနစ် ၂၀ ကြာ ဖိထားပေးသော်လည်း သွေးမတိတ်ပဲ စီးကျနေခြင်း ဒါမှမဟုတ် ဒဏ်ရာထဲမှာ တစ်ခုခု စိုက်ဝင်နေခြင်း။
- အသက်ရှူပုံ - အသက်ရှူရခက်ခဲနေခြင်း၊ အသက်ရှူသံနှင့် ပုံစံပြောင်းလဲနေခြင်း။
- အရိုးကျိုးသည်ဟု ယူဆရခြင်း - ခြေထောက်နင်းလို့မရခြင်း၊ ခြေလက်ပုံပျက်နေခြင်း၊ လှုပ်လို့မရအောင်နာကျင်နေခြင်း။
- ပြင်းထန်သော မီးလောင်ဒဏ်ရာ - အရည်ကြည်ဖုများထနေခြင်း၊ အသက်ရှုလမ်းကြောင်းနှင့်နီးကပ်ခြင်း၊ မျက်နှာ၊ ခြေနှင့်လက်တို့တွင် မီးလောင်ခြင်း။

၄။ မျက်လုံး၊ နား၊ နှာ‌ခေါင်း နှင့် ပါးစပ်ထဲသို့ အရာဝတ္ထုများ ဝင်သည့်အခါ
1. မျက်လုံး - လုံးဝမပွတ်ပါနဲ့။ မျက်တောင်ခဏခဏခတ်ခိုင်းပြီး မျက်ရည်တွေနဲ့ အမှုန်တွေကို ဖယ်ရှားစေပါ။ ရေနွေးနွေးသန့်သန့်ကို ဖြည်းဖြည်းလောင်းပြီး ညင်သာစွာ ဆေးကြောပေးပါ။
2. နားနဲ့နှာခေါင်း - ရှင်းရှင်းလင်းလင်းမမြင်ရရင် ထိုးဆွတာတွေ မလုပ်ပါနဲ့။ ပစ္စည်းမရှိတဲ့ နှာခေါင်းကို ပိတ်ထားပြီး အသက်ပြင်းပြင်း ရှူထုတ်စေပါ။ နားထဲ့ ပိုးကောင်ဝင်ပါက နားကို ပစ္စည်းရှိတဲ့နားကို အပေါ်မှာထားပြီး သံလွင်ဆီလေး ထည့်ပေးပါ။
3. ပါးစပ် - သေးငယ်တဲ့ အရာဝတ္ထုအများစုဟာ ဘာပြဿနာမှ မပေးပဲ အီအီးထဲပြန်ပါလာတတ်ပါတယ်။ ကလေးကို အတင်းအကြပ်အန်ခိုင်းခြင်းမပြုလုပ်ရပါ။

🚨🚨🚨ပြားချပ်ချပ် ဘက်ထရီ ခလုပ်ပြား၊ သံလိုက်နဲ့ ချွန်ထက်တဲ့အရာတွေ ဝင်သွားရင်တော့ ဆေးရုံအမြန်ဆုံးသွားသင့်ပါတယ်။

သားသားမီးမီး​လေးတို့ အ​ကြောင်းကို ​ဖေ​ဖေ​မေ​မေတို့သာ အသိဆုံးမို့ ဖေဖေမေမေတို့ စိတ်ပူရတယ်ယူဆရင်တော့ ဆေးရုံဆေးခန်းကို အမြန်သွားသာသွားပါ။

❓ ကလေး​လေး ထိခိုက်ဒဏ်ရာရပြီး ငိုတဲ့အခါ အမြန်ဆုံး နှစ်သိမ့်ပေးနိုင်တဲ့ ကိုယ်ပိုင် 'လျှို့ဝှက်ချက်' လေး​တွေ ​ဖေ​ဖေ​မေ​မေတို့ဆီမှာ ရှိကြလား? (ဥပမာ- ရယ်စရာလုပ်ပြတာ၊ အကြိုက်ဆုံး သီချင်းဆိုပေးတာ)
တခြား ​ဖေ​ဖေ​မေ​မေ​တွေလဲ သိရ​အောင် လျို့ဝှက်ချက်​လေး​တွေ မျှဝေပေးခဲ့ပါဦးနော်! 👇

14/10/2025

👦🧒သားသားမီးမီးတွေ နှာစေး ချောင်းဆိုးမရပ်နိုင်ဘူးလား?😷🤧

တုပ်ကွေး (သို့မဟုတ်) အအေးမိပြီးတာတောင် သားသားမီးမီးလေးတွေရဲ့ ချောင်းဆိုးတာ၊ နှာရည်ယိုတာတွေက မရပ်ဘဲ ဆက်ရှိနေတတ်တာဟာ လုံးဝပုံမှန်ပါပဲ။ တကယ်လို့ ဖေဖေမေမေတို့ရဲ့ ကလေးက ပုံမှန်အတိုင်း ကစားနေနိုင်တယ်၊ စားနေတယ်၊ အိပ်နေနိုင်တယ်ဆိုရင်တော့ အများစုမှာ စိုးရိမ်စရာ မလိုပါဘူး။

⏰⏳ဘာလို့ ရောဂါလက္ခဏာတွေက ကြာနေရတာလဲ?
ကလေးများမှာ ခုခံအားစနစ် ဖွံ့ဖြိုးဆဲဖြစ်ပြီး ရောဂါတစ်ခုပြီးတစ်ခု ကူးစက်တတ်တဲ့အတွက် လက္ခဏာတွေဟာ ဆက်တိုက်ဖြစ်နေသယောင် ရှိနေတတ်ပါတယ်။

၁။ ဗိုင်းရပ်စ်ပိုးဝင်ပြီး "ကျန်နေခဲ့သော" ချောင်းဆိုးခြင်း (Post-viral)
• လေပြွန်လမ်းကြောင်းတွေဟာ ဗိုင်းရပ်စ်ကြောင့် ရောင်ရမ်း နေခဲ့ပါတယ်။ ဗိုင်းရပ်စ်ပျောက်သွားပေမယ့် အဲဒီရောင်ရမ်းမှုတွေ သက်သာဖို့ ၃ ပတ်ကနေ ၄ ပတ်အထိ အချိန်ယူရနိုင်ပါတယ်။
• ဒါဟာ ချောင်းခြောက် ရှိနေပေမဲ့ ကလေးက တခြားဘက်က ကောင်းနေတယ်ဆိုရင်တော့ တဖြည်းဖြည်း ပျောက်ကင်းဖို့ စောင့်ရမှာ ဖြစ်ပါတယ်။

၂။ နှာရည်များ၊ အချွဲများ "စီးကျ" ပြီး ချောင်းဆိုးခြင်း (Post-Nasal Drip)
• နှာခေါင်းထဲက အချွဲတွေက လည်ချောင်းအောက်ကို အဆက်မပြတ် စိမ့်စီးကျနေတာ ဖြစ်ပါတယ်။ ဒါဟာ ချောင်းဆိုးခြင်းကို အဓိက နှိုးဆွတဲ့အရာ ဖြစ်ပြီး၊ အိပ်တဲ့အခါမျိုးမှာ ပိုဆိုးစေပါတယ်။
• ဒါဟာ ရောင်ရမ်းမှု ကျန်နေတာကြောင့် (သို့) ဓာတ်မတည့်မှု (Allergies) ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

၃။ "ဘက်တီးရီးယားပိုး" ကြောင့် ချောင်းဆိုးခြင်း (Protracted Bacterial Bronchitis - PBB)
• သူ့ရဲ့ အဓိက လက္ခဏာကတော့ နေ့စဉ် ချောင်းစို (ရွှဲပြီး အချွဲပါတဲ့ ချောင်း) ကို ၄ ပတ်ထက် ကျော်လွန် ပြီး ဆက်ဆိုးနေတာ ဖြစ်ပါတယ်။
• ဗိုင်းရပ်စ်ကြောင့် မဟုတ်ဘဲ လေပြွန်ထဲမှာ ဘက်တီးရီးယားပိုးတွေ စွဲမြဲနေခြင်းကြောင့်ဖြစ်ပြီး ပုံမှန်အားဖြင့် ပဋိဇီဝဆေး (Antibiotics) သောက်သုံးမှ သက်သာလေ့ရှိပါတယ်။

🩺ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်သလဲ?
ရိုးရိုး ချောင်းဆိုးတာနဲ့ ဆေးကုသမှု လိုအပ်တဲ့ ချောင်းဆိုးတာကို ခွဲခြားနိုင်တဲ့ အဓိက ကန့်သတ်ချက်ကတော့ ၄ ပတ်မြောက်နေ့ ဖြစ်ပါတယ်။ နေ့တိုင်း ချောင်းဆိုးတာ ၄ ပတ်ကျော် လာပြီဆိုရင် ကလေးအတွက်တော့ နာတာရှည် ချောင်းဆိုး ဖြစ်တာကြောင့် ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။

🚨🚨🚨အောက်ပါ "အရေးကြီးသော လက္ခဏာများ" (Red Flags) ကို တွေ့ရှိရင် ကလေးအထူးကု ဆရာဝန်ရဲ့ စမ်းသပ်ကုသမှုကို ချက်ချင်းခံယူသင့်ပါတယ်-
• ချောင်း ၄ ပတ်ကျော် ဆက်တိုက်ဆိုးခြင်း
• အသက်ရှူနှုန်း မြန်နေခြင်း၊ တရွှီရွှီ အသံမြည်ခြင်း၊ ဒါမှမဟုတ် အသက်ရှူဖို့ ခက်ခဲအောင် လှုပ်ရှားနေရခြင်း (နံရိုးအောက်ကြွက်သားတွေ ချိုင့်ဝင်နေခြင်း)။
• အဖျား ၃ ရက်ကျော် ပြီး၊ အရည်လုံးဝ မသောက်တော့ခြင်း၊ မှိန်းခြင်း၊ ဖြူဖတ်ဖြူရော် ဖြစ်နေခြင်း။
• ရုတ်တရက် အပြင်းအထန် ချောင်းဆိုးခြင်း (သို့) ခွေးဟောင်သံလို ချောင်းဆိုးသံ ထွက်ခြင်း။
• အနံ့မကောင်းသော၊ ထူပစ်သော သို့မဟုတ် သွေးပါတဲ့ နှာရည်တွေ ထွက်နေခြင်း။

💡💡💡အမှန်တကယ် သက်သာစေမယ့် အိမ်တွင်းပြုစုနည်းများ
သားသား မီးမီးလေတွေမှာ အထက်ပါ စိုးရိမ်ရတဲ့ လက္ခဏာတွေ မရှိဘူး၊ ပုံမှန်ပျော်ရွှင်နေတယ်၊ အားပြည့်နေတယ်၊ ကောင်းကောင်းအိပ်နိုင်၊ စားနိုင်တယ်ဆိုရင် သက်သာအောင် ဒီအဆင့်‌လေးတွေ လိုက်လုပ်ကြည့်ပါ။

၁။ ပျားရည်ကို အသုံးပြုပါ (အသက် ၁ နှစ်အထက်သာ): ညအိပ်ရာမဝင်မီ ပျားရည် လက်ဖက်ရည်ဇွန်း ၁-၂ ဇွန်း တိုက်ပါ။ ဒါဟာ လည်ချောင်းကို ကောင်းကောင်း ဖုံးအုပ်ပေးပြီး ဆေးဆိုင်က ချောင်းဆိုးပျောက်ဆေးတွေထက် ပိုသက်သာစေပါတယ်။ (အသက် ၁ နှစ်အောက် ကလေးငယ်ကို ပျားရည် လုံးဝမတိုက်ရပါ။)
၂။ ရေများများ တိုက်ပါ: အရည်တွေ (ရေ၊ သစ်သီးဖျော်ရည်၊ ဟင်းချို) များများ သောက်တာဟာ အချွဲတွေကို ပိုမပျစ်အောင် ကူညီပေးပြီး ချောင်းဆိုးထုတ်ရတာ ပိုလွယ်စေပါတယ်။
၃။ ဆားရည် နှာခေါင်းဖြန်းဆေး သုံးပါ: ရိုးရိုး ဆားရည် (Saline Spray) ဟာ နှာခေါင်းပိတ်ခြင်းနဲ့ နှာရည်ကျခြင်းကို သက်သာစေဖို့ အကောင်းဆုံး ဖြစ်ပါတယ်။
၄။ အခန်း လေထုစိုထိုင်းပါစေ: အိပ်ခန်းထဲမှာ အအေးဓာတ်ပေးတဲ့ ရေငွေ့ပေးစက် (cool-mist humidifier) ကို အသုံးပြုတာဟာ လေပြွန်ကို ခြောက်သွေ့ပြီး ယားယံတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။
၅။ ချောင်းဆိုးပျောက်ဆေးများ ရှောင်ကြဉ်ပါ: အသက် ၄ နှစ်အောက် ကလေးငယ်များအတွက် ဆေးဆိုင်မှ အလွယ်တကူ ဝယ်ယူရရှိနိုင်သော ချောင်းဆိုးပျောက်ဆေး (သို့မဟုတ်) နှာစေးပျောက်ဆေးများကို ဆရာဝန် ညွှန်ကြားချက်မပါဘဲ လုံးဝမတိုက်သင့်ပါ။ သူတို့မှာ ထိရောက်မှု မရှိသလို ဘေးထွက်ဆိုးကျိုးလည်း ရှိနိုင်ပါတယ်။
၆။ ခေါင်းမြှင့်အိပ်ခြင်း (Elevation): ညဘက် နှာရည်ကျခြင်းကို သက်သာစေရန်အတွက် အိပ်ယာခေါင်းရင်းကို အနည်းငယ် မြှင့်ထားပါ (ကလေးငယ်များအတွက် အပိုခေါင်းအုံးများသုံးခြင်းထက် မွေ့ယာအောက်တွင် စာအုပ်လို အရာမျိုးထားပြီး မြှင့်ပေးတာက ပိုကောင်းပါတယ်)

💬💬💬ဒီအကြံပြုချက်လေးတွေက ဖေဖေမေမေတို့ရဲ့ စိုးရိမ်စိတ်ကို လျှော့ချနိုင်ပြီး သားသားမီးမီးလေးတို့ကို အိမ်မှာ ပြုစုစောင့်ရှောက်ပေးနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။ စာဖတ်ပြီးပေမဲ့ စိုးရိမ်ပူပန်မှု တစ်စုံတစ်ရာ ရှိနေသးတယ်ဆိုရင်တော့ page messenger ကနေတဆင့် မေးမြန်းနိုင်ပါတယ်နော်။

ချစ်တဲ့ mommy Paed

11/10/2025

🌿 Welcome to Bloom & Bond🌿

မေမေတို့အနေနဲ့ ကလေးလေးနဲ့ မိသားစုအပေါ် စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုတွေ၊ ကူညီနှစ်သိမ့်မှု လိုအပ်နေတဲ့အခက်အခဲတွေ ရှိနေမှာပဲနော်— Bloom & Bond မှာ မေမေတို့အတွက် နားထောင်ပေးမဲ့ counsellors တွေ ရှိနေပါပြီ

✨ သတင်းကောင်းလေးကတော့
Bloom & Bond ကနေ (အခမဲ့) Free Counselling Session လေးတွေကို လက်ခံပေးနေပါပြီ။
အားသာတဲ့အချက်လေးတွေက
- Online session လေးတွေ ဖြစ်တာကြောင့် လူကိုယ်တိုင်လာစရာမလိုပဲ ဆွေးနွေးနိုင်မယ်
- ဒီလို counselling session ယူဖို့ မသေမချာ ဒွိဟ ဖြစ်နေတဲ့အခါ အခမဲ့ အတွေ့အကြုံရယူနိုင်မဲ့ အခွင့်အရေးရရှိမယ်
- မိသားစုအတွက်ပဲ ဦးစားပေးနိုင်ပြီး ကိုယ့်အတွက် အချိန်မပေးနိုင်တဲ့ မေမေတွေအတွက် အဆင်ပြေမဲ့ အချိန်လေးကို counsellors တွေနဲ့ ညှိယူပြီး ဆွေးနွေးခွင့်ရှိမယ် (ညသန်းခေါင်လေးတွေ ဖြစ်နေမှတောင်နော်)
- နေ့စဉ်လူမှုဘဝထဲ ရုန်းကန်နေရတဲ့ မိခင်တဖြစ်လဲ counsellor တွေဖြစ်တာကြောင့် မေမေတို့ရဲ့ ပူပင်သောကတွေကို ဝေဖန်ခြင်းအလျဉ်းမရှိတဲ့ Empathy (ကိုယ်ချင်စားနာမှု) မျိုးကို ရရှိမှာ ဖြစ်ပါတယ်
ဒါ့ကြောင့် မိသားစုတစ်ခုအတွက် မရှိမဖြစ်အရေးကြီးတဲ့ မေမေတို့ရဲ့ စိတ်ကျန်းမာရေး တိုးတက်ဖို့အတွက် Bond &Bond ကို အခုပဲ ဆက်သွယ်လိုက်ပါနော်🌈

📍 လာရောက်ရန်လိပ်စာ – only online for now
📞 ဆက်သွယ်ရန် – Viber 09428453060 မှတဆင့် ဒါမှမဟုတ် Page messenger (mommy connect by Mommy Paed) မှတဆင့် ရက်ချိန်းရယူပါ

ကဲမေမေတို့ရေ မေမေတစ်ယောက်ထဲ မဟုတ်ပါဘူး — Bloom & Bond ကနေ မေမေတို့ကို အမြဲ စောင့်မျှော်နေပါမယ်💕

&Bond #
#
#

မိခင်ဘဝက ကိုယ့်အတွက် စိတ်ပင်ပန်းမှုများစေလား?အဲ့လိုဆိုရင်တော့ မေမေတစ်ယောက်ထဲ မဟုတ်ပါဘူးmommy Paed လဲ ကိုယ့်ကိုကိုယ် အသုံ...
05/09/2025

မိခင်ဘဝက ကိုယ့်အတွက် စိတ်ပင်ပန်းမှုများစေလား?
အဲ့လိုဆိုရင်တော့ မေမေတစ်ယောက်ထဲ မဟုတ်ပါဘူး

mommy Paed လဲ ကိုယ့်ကိုကိုယ် အသုံးမဝင်တဲ့ လူတစ်ယောက်လို ခံစားရပြီး စိတ်ကျရောဂါ ဖြစ်ခါနီးထိ စိတ်ဓာတ်ကျခဲ့ဖူးပါတယ်

ဒါ့ကြောင့် Welcome to ‘Bloom and Bond’ program.

💖Bloom and Bond💖

ခံစားချက်တွေ စိတ်ဒဏ်ရာတွေ သက်သာစေပြီး နားလည်မှု၊ ပံ့ပိုးမှုတွေ ပေးမဲ့ နေရာလေးတစ်ခု (safe place) လေးတစ်ခု မိခင်တိုင်း နဲ့ ကလေးလေးတိုင်းအတွက် လိုအပ်ပါတယ်

အဲ့ဒီနေရာလေးမှာ
၁. ကလေးတွေရဲ့ စိတ်ခံစားချက်တွေအတူတူ ဖော်ထုတ် အဖြေရှာကြမယ်
၂. မေမေတို့ရဲ့ အခက်အခဲ ပြဿနာတွေ ဆွေးနွေးတိုင်ပင် လမ်းညွှန်ပေးမယ်
၃. မေမေတို့ရဲ့ စိတ်သောကတွေအတွက် အထောက်အကူဖြစ်စေမဲ့ work-shop လေးတွေပြုလုပ်ပေးပြီး page ကနေတဆင့် ဗဟုသုတတွေ မျှဝေပေးမယ်

So ‘Bloom with love and Bond With strength’.

Program လေး စတဲ့အခါ ဆရာမနဲ့ အခမဲ့ ဆွေးနွေးတိုင်ပင်လို့ ရတဲ့ session လေးတွေလဲ ရှိမယ်
Workshop တွေလဲ အလျင်းသင့်သလို ပြုလုပ်ပေးမှာမို့ keep in touch ပါနော်

(ကလေးလေးတွေရဲ့ ကျန်းမာရေးအတွက်လဲ WF24/7 program ကလဲ ဆက်ရှိနေဦးမှာပါ
Bloom and Bond အကြောင်း အသေးစိတ်မေးမြန်းလိုပါက 📱viber no. 09428450360 မှာ B&B လို့ စာတိုလေးပေးပို့ပါ
မေမေတိုင်းအတွက် counselling session အခမဲ့ voucher လေးတွေ ရရှိမှာ ဖြစ်ပါတယ်)

27/07/2025

Circumcision (ဂျိုးထိပ် အရေပြားဖြတ်ခြင်း)

မိဘတွေ ဖြစ်လာကြတော့ သားသားမီးမီးလေးတွေအတွက် အဘက်ဘက်က အကောင်းဆုံး ဖြစ်စေဖို့ ဆုံးဖြတ်ချရတာမျိုးတွေ ခဏခဏကြုံရတာပေါ့

ကလေးလေးက သားသားလေးဆိုရင် ဖေဖေမေမေတို့တွေဝေဒွိဟ ဖြစ်ရမဲ့ အခိုက်အတန့် လေး ရှိပြန်ပါရော

💬“သားသားရဲ့ ဂျိုးထိပ်အရေပြားလေး ဖြတ်ရမယ် ပြောတယ် မဖြတ်လို့မရဘူးလား”
💬”ဂျိုးထိပ်အရေပြား မဖြတ်ပဲ ထားရင် ဘာတွေဖြစ်နိုင်လဲ”
💬”ကလေးနာမှာစိုးရိမ်တယ် သားသားဖေဖေလဲ မဖြတ်ထားပေမဲ့ အဆင်ပြေခဲ့တာပဲ မလုပ်လို့မရဘူးလား”
စသဖြင့် အတွေးကိုယ်စီ အမြင်ကိုယ်စီ ရှိကြပါတယ်

ဒီတော့
“Circumcision” လို့ ခေါ်တဲ့ “ဂျိုးထိပ်အရေပြားဖြတ်ခြင်း” အကြောင်း လေ့လာကြစို့နော်

❓Circumcision ဆိုတာ ဘာလဲ
- ဂျိုး ထိပ်ဖူးလေးကို အုပ်ထားတဲ့ အရေပြားကို ဖယ်ရှားတာ ဖြစ်ပါတယ်

❓Circumcision လုပ်ဖို့ ရွေးချယ်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေ ဖြစ်မလဲ
(၁) ဘာသာရေး နဲ့ ဓလေ့ထုံးတမ်း တွေကြောင့်
- ဂျူး လူမျိုးနဲ့ အစ္စလာမ် ဘာသာဝင်တွေမှာ သားသားလေးတွေ မွေးကင်းစအရွယ်ထဲက ဘာသာရေးအယူအဆအရ circumcision ပြုလုပ်ကြပါတယ်
(၂) လူမှုရေးနဲ့ ပတ်ဝန်းကျင်ကြောင့်
- သားသားလေးရဲ့ ပတ်ဝန်းကျင်က အမျိုးသားအများစုဟာ circumcised လုပ်ထားကြတဲ့အခါ ကလေးကိုလဲ ကွဲပြားမှုရှိတယ်ဆိုတဲ့ ခံစားချက် မရှိအောင် ပြုလုပ်ပေးကြပါတယ်
(၃) ကျန်းမာရေး ကောင်းကျိုးများကြောင့်
- ဆီးလမ်းကြောင်းပိုးဝင်မှု နည်းပါးစေခြင်း
- လိင်မှတဆင့်ကူးစက်သော ရောဂါဖြစ်မှုနှုန်း နည်းပါးစေခြင်း
- လိင်တံကင်ဆာ (pe**le cancer) ဖြစ်မှုနှုန်း မရှိသလောက်ထိ လျော့ကျစေခြင်း
- အိမ်ထောင်ဖက် အမျိုးသမီးများတွင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွါးမှုနည်း လျော့ကျစေခြင်း စတာတွေ အပြင်
- ဂျိုးထိပ်အရေပြား ပိုးဝင်ခြင်း (balanitis)၊ ဂျိုးထိပ်အရေပြားကို နောက်ပြန်ဆွဲမရခြင်း (Phimosis)၊ ဂျိုးထိပ်အရေပြားနောက်ဆုတ်ဆွဲမိပြီး ပုံမှန်နေရာ ပြန်မရောက်ခြင်း (Paraphimosis) စတဲ့ အခြေအနေတွေမှ ကာကွယ်နိုင်ခြင်းအပြင်
- သန့်ရှင်းရေး လွယ်လွယ်ကူကူ ပြုလုပ်လို့ ရနိုင်ခြင်း
စတဲ့ အချက်တွေကြောင့် Circumcision ပြုလုပ်ဖို့ ရွေးချယ်ကြပါတယ်

❓Circumcision မပြုလုပ်ချင်တဲ့ အကြောင်းတွေကကော ဘာတွေဖြစ်မလဲ
- Circumcision ပြုလုပ်ခြင်းဟာ သားသားလေးရဲ့ ကိုယ်ပိုင်ရွေးချယ်မှု ဖြစ်တယ်လို့ ယူဆကြခြင်း
- ခွဲစိတ်မှုရဲ့ နောက်ဆက်တွဲ သွေးစိမ့်တာ၊ ပိုးဝင်မှာ၊ အနာမကျက်မှာ စတာတွေကို စိုးရိမ်ခြင်း
- မှန်ကန်တဲ့သန့်ရှင်းရေး နည်းလမ်းများကို ကောင်းစွာ သင်ကြားပေးနိုင်ပါက အထက်ဖော်ပြပါ အခြေအနေများဖြစ်ပွါးနှုန်း လျော့နည်းနိုင်မည်ဟု ယူဆခြင်း
- လိင်ခံစားမှုအပေါ် သက်ရောက်မှု ရှိနိုင်ခြင်း
စတာတွေကြောင့် Circumcision မလုပ်ဖို့ ရွေးချယ် ကြပြန်ပါတယ်

❓Circumcision ပြုလုပ်သင့်သည့်အခြေအနေများ
- Phimosis (ဂျိုးထိပ်အရေပြား နောက်ပြန်ဆွဲမရခြင်း)
- Recurrent Balanitis (ဂျိုးထိပ်အရေပြား ပိုးဝင်ခြင်း)
- Paraphimosis (ဂျိုးထိပ်အရေပြားနောက်ဆုတ်ဆွဲမိပြီး ပုံမှန်နေရာ ပြန်မရောက်ခြင်း)

အထက်ပါ အခြေအနေမျိုးရှိရင်တော့ Circumcision မလုပ်ရင် ဆိုးကျိုးပဲ ရှိနိုင်တာမို့ တွေဝေစရာ မလိုပဲ အရေပြား ဖြတ်သင့်ပါတယ်

✅Circumcision ပြုလုပ်ဖို့ ရွေးချယ်ပြီဆိုရင်
- ကလေး ဘယ်အသက်အရွယ်မှာမဆို Circumcision လုပ်နိုင်ပါတယ် (လေ့လာချက်တွေအရ ၁ နှစ်အောက်မှာ ပြုလုပ်တာ နောက်ဆက်တွဲ အခြေအနေနည်းပြီး ကလေးရဲ့ စိတ်ခံစားမှု အခြေအနေအတွက် အကောင်းဆုံး ဖြစ်တယ်လို့ အဆိုပြုပါတယ်)
- ခွဲစိတ်ဆရာဝန်နဲ့ မခွဲစိတ်ခင်/ခွဲစိတ်ပြီး ပြုစုစောင့်ရှောက်ရေးနည်းလမ်းများကို ဆွေးနွေးတိုင်ပင်သင့်ပါတယ် (အလွန်ရှားပါးသော နောက်ဆက်တွဲ သွေးထွက်ခြင်း၊ ပိုးဝင်ခြင်း၊ နာကျင်ခြင်း၊ အနာမကျက်ခြင်း စသည်တို့ ကို ကာကွယ်ဖို့အတွက် ဖြစ်ပါတယ်)

✅ Cirumcision ပြုလုပ်သင့်တဲ့ အခြေအနေမရှိတာကြောင့် မလုပ်ဖို့ ရွေးချယ်ခဲ့မယ်ဆိုရင်တော့
- သားသားလေးကို ဂျိုးသန့်ရှင်းရေး နေ့စဉ် မှန်မှန်ကန်ကန် ပြုလုပ်ပေးပါ
- ငယ်ရွယ်စဉ်မှာ အရေပြား အပြည့်အဝ နောက်ပြန်ဆွဲမရတာ ပုံမှန်ဖြစ်တယ်ဆိုတာ သတိချပ်ပြီး အတင်းအကြပ် မဆွဲမိစေဖို့ ဂရုပြုပါ
- တကိုယ်ရည်သန့်ရှင်းရေး ကိုယ်တိုင် ပြုလုပ်နိုင်လာတဲ့ အရွယ်မှာ ဂျိုးသန့်ရှင်းရေး ပြုလုပ်ဖို့ သင်ကြားပေးပါ

ဒီလောက်ဆိုရင်တော့ ဖေဖေမေမေတို့ ဆုံးဖြတ်ချက်ချနိုင်ပြီလို့ ယူဆတာမို့ ထပ်သိချင်တာ တိုင်ပင်ချင်တာရှိရင် အမြဲ welcome မို့ page messenger မှာ Hi ပေးပါနော်

သားရှင် ဖေဖေမေမေတို့ စိတ်သောက လျော့ကျစေဖို့ ရည်ရွယ်လျက်

ချစ်တဲ့ mommy Paed

11/06/2025

ဘေဘီလေးတွေ မေမေ့ဗိုက်ထဲကနေ အပြင်ရောက်တာနဲ့ အရင်ဆုံး ဖေဖေမေမေ တို့ကို စိတ်ပူမှုတွေ ပေးနိုင်တာ ဘေဘီလေးတို့ရဲ့ အီအီးပါ 👶💩
ရက်အလိုက် အရောင်လေးတွေပြောင်းနိုင်သလို အကြိမ်အရေအတွက်ဟာလဲ လ အလိုက် ကွာခြားနိုင်တာမို့ ပုံမှန်လား စိတ်ပူရမှာလား ဆိုတာ ဝေခွဲမရ သောကများကြရပါတယ် ဒါကြောင့် မွေးစကနေ potty training ပြုလုပ်သည်အထိ mommy Paed ရေးဖူးတဲ့ p**p p**p p**p ဆောင်ပါးလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

P**p P**p P**p အပိုင်း (၁) အီအီးလေးရဲ့ အရောင်နဲ့ ပုံသဏ္ဌာန် https://www.facebook.com/share/p/16hpQjQXVP/?mibextid=WC7FNe

P**p P**p P**p အပိုင်း (၂) အီအီး အကြိမ်အရေအတွက် https://www.facebook.com/permalink.php?story_fbid=122102564000198378&id=61555951348770&mibextid=WC7FNe

P**p P**p P**p အပိုင်း (၃) ဖြည့်စွက်စာ စားပြီး ဘေဘီလေးတို့ရဲ့ အီအီး https://www.facebook.com/permalink.php?story_fbid=122108591660198378&id=61555951348770&mibextid=WC7FNe

P**p P**p P**p အပိုင်း (၄) ဝမ်းလျှောခြင်း https://www.facebook.com/share/p/1LHJXEAeBd/?mibextid=WC7FNe

P**p P**p P**p အပိုင်း (၅) ဝမ်းချုပ်ခြင်း https://www.facebook.com/share/p/19bSQn3Cck/?mibextid=WC7FNe

Potty training အပိုင်း (၁) https://www.facebook.com/share/p/16cyW8DNP6/?mibextid=WC7FNe

Potty training အပိုင်း (၂) https://www.facebook.com/share/p/15XKatrNxv/?mibextid=WC7FNe

👦💊ကလေးနဲ့ ပိုးသတ်ဆေး💬ဆရာမ သားသားက ပိုးသတ်ဆေး နဲ့မှ အဖျားကျမယ်ထင်တယ် ပိုးသတ်ဆေးပေးပါ💬သမီးလေး အခု ဝမ်းပျက်တော့ အရင်တခါ ဝမ်...
08/06/2025

👦💊ကလေးနဲ့ ပိုးသတ်ဆေး

💬ဆရာမ သားသားက ပိုးသတ်ဆေး နဲ့မှ အဖျားကျမယ်ထင်တယ် ပိုးသတ်ဆေးပေးပါ
💬သမီးလေး အခု ဝမ်းပျက်တော့ အရင်တခါ ဝမ်းသွားတုန်းက တိုက်ထားတဲ့ ပိုးသတ်ဆေး နဲ့ ဓာတ်ဆား တိုက်ထားလိုက်တယ်
💬အဖျားကျပေမဲ့ ချောင်းဆိုးက ကျန်နေခဲ့တာ ဆရာမ ပိုးသတ်ဆေးများများပေးပါ
💬တနေ့ ၃ ကြိမ်ဆိုလို့ နေ့လည်မှ စတိုက်ပေမဲ့ မြန်မြန်ပျောက်အောင် ၃ ကြိမ် တိုက်ရမှာပေါ့နော်

ဒီလိုပုံစံလေးတွေနဲ့ ပိုးသတ်ဆေးကို အရမ်းအားကိုးတဲ့ မေမေတွေရှိသလို

💬ကလေးကောင်းသွားလို့ ပိုးသတ်ဆေးကို ရပ်လိုက်ပြီဆရာမ
💬ပိုးသတ်ဆေးတွေက ပြင်းတော့ ကလေး ခံနိုင်ပါ့မလား
💬ဆေးတွေအများကြီးပေးထားတော့ ကလေး အားပြတ်သွားမှာ စိုးတယ် ဆရာမရယ်
💬ဆေးယဉ်ပါးဖြစ်တတ်တယ်ဆိုတော့ အခုရပ်လိုက်ပြီး နောက်ဖြစ်မှ ပြန်တိုက်တော့မယ်နော် ဆရာမ

စသဖြင့် ပိုးသတ်ဆေးကို မလိုပဲ မသောက်ရမှန်းတော့ သိတယ် ဒါပေမဲ့ ဘယ်လို မှန်ကန်အောင်တိုက်ရမလဲဆိုတာ ဝေဝါးနေကြတာမျိုးလဲ ရှိကြပြန်ရော

ဒီတော့ ပိုးသတ်ဆေးအကြောင်း သေချာ လေ့လာကြစို့နော်

❓ပိုးသတ်ဆေး (Antibiotics) ဆိုတာ ဘာလဲ
- ဘက်တီးရီးယား (bacteria) လို့ခေါ်တဲ့ပိုးမွှားတွေကို တိုက်ထုတ်ပေးတဲ့ ဆေးဝါးတွေ ဖြစ်ပါတယ်
- ဗိုင်းရပ်စ်ပိုး (virus) ကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာတွေကို မသက်သာစေပါဘူး

❓ပိုးသတ်ဆေးက ဘယ်လိုအလုပ်လုပ်လဲ
- ဘက်တီးရီးယားပိုးတွေပွါးတာ၊ ကြီးထွားတာ နှေးသွားအောင်၊ ရပ်သွားအောင် လုပ်ပေးသလို သေသွားအောင် ပြုလုပ်ခြင်းဖြင့် ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ရောဂါတွေကို ပျောက်ကင်းစေပါတယ်
- ကလေးတွေမှာ အဖြစ်အများဆုံး ဗိုင်းရပ်စ်ပိုးဝင်ခြင်းကြောင့် ဖြစ်တဲ့ အအေးမိရောဂါ၊ ဝမ်းလျှောရောဂါ၊ ရာသီတုတ်ကွေးရောဂါ စတာတွေအတွက် ပိုးသတ်ဆေးက လုံးဝ အလုပ်မဖြစ်ပါဘူး

❓ပိုးသတ်ဆေးက ဘယ်လိုပုံစံမျိုးတွေနဲ့ လာတတ်လဲ
- ပါးစပ်က သောက်ရတဲ့ အခဲနဲ့ အရည်ပုံစံ
- အရေပြားပေါ်လိမ်းရတဲ့ အဆီ၊ လိမ်းဆေးပုံစံ
- အသား နဲ့ အကြောထဲထိုးသွင်းလို့ရတဲ့ ပုံစံ အဖြစ် ပိုးသတ်ဆေး ကို အသုံးပြုကြပါတယ်

❓ပိုးသတ်ဆေးကို ကလေးအတွက် အန္တရာယ် အကင်းဆုံး ဖြစ်အောင် ဘယ်လို တိုက်ရမလဲ
1. ဆရာဝန်ညွှန်ကြားမှတိုက်ပါ. ညွှန်ကြားချက်အတိုင်း အတိအကျ လိုက်နာပါ
- တိုက်ရမဲ့အချိန်
- တိုက်ရမဲ့ ပမာဏ
- တိုက်ရမဲ့ရက်

2. မတိုက်ခင် ဆေးတွေကို အမြဲစစ်ဆေးပါ
- အစာနဲ့တွဲတိုက်ရမလား အစာမစားခင် သောက်ရမလား
- ဆေးအရည်တွေ အတွက် မသောက်ခင် လှုပ် (shake) ပေးဖို့ လိုလား
- ဆေးအခဲလေးတွေကို ချေလို့ရလား
(ဆေးပုလင်းတွေ မှာ ဖတ်လို့ရနိုင်သလို ညွှန်ကြားတဲ့ ဆရာဝန်ကို သေချာမေးခဲ့ပါ)

3. သေချာစွာ သိမ်းဆည်းပါ
- ​ရေခဲ​သေတ္တာထဲ သိမ်းရမလား
- အခန်းအပူချိန်မှာ သိမ်းရမလား
- ဘယ်လို အရောင်ပြောင်းရင် စွန့်ပစ်ဖို့လိုမလဲ
(ဆရာဝန်ကို မေးနိုင်သလို ဆေးဝယ်တဲ့အခါ ကျွမ်းကျင် ဆေးဝန်ထမ်းတွေကို မေးခဲ့ပါ)

4. ပိုးသတ်ဆေးတွေကို share မလုပ်ပါနဲ့
- ကိုယ့်ကလေးရဲ့ အဖျားအတွက် ပေးလိုက်တဲ့ဆေးကို တခြားကလေးကို မတိုက်ပါနဲ့
- ပိုးမတူသလို ကိုယ်အလေးချိန်လဲ မတူတာကြောင့် နောက်ကလေးအတွက် အကျိုးလုံးဝ မဖြစ်နိုင်ပါဘူး
- ရက်ပြည့်သွားပြီး ကျန်တဲ့ဆေးတွေကို လွှင့်ပစ်ပါ
- နောက်တခါ ပုံစံတူ လက္ခဏာခံစားရတဲ့အခါ virus ပိုးနဲ့ တခြားဘက်တီးရီးယားကြောင့် ဖြစ်နိုင်တာမို့ ပိုးသတ်ဆေးတိုက်ဖို့ မလိုနိုင်သလို တခြားတမျိုး သုံးဖို့ လိုနိုင်တာမျိုး ဖြစ်နိုင်ပါတယ်

5. ဆရာဝန်က ပြန်ပြဖို့ ချိန်းပါက ရက်ချိန်းပြပေးပါ
- ပေးထားတဲ့ဆေးအပေါ် တုံ့ပြန်မှုရှိမရှိ ကြည့်ဖို့ ချိန်းနိုင်ပါတယ်
- ဆေးရဲ့ side effects တွေ ပေါ်လာတာမျိုးရှိရင် ပြန်ပြဖို့ ညွှန်ကြားနိုင်ပါတယ်

❓ပိုးသတ်ဆေးရဲ့ side effects တွေက ဘာတွေလဲ
- ဝမ်းပျက်တာ
- ပျို့အန်တာ
- အနီကွက်၊ အဖုလေးတွေထွက်တာ
💡side effects အများစုဟာ မပြင်းထန်ပဲ ဆေးရပ်လိုက်တာနဲ့ ပျောက်သွားတတ်ကြပါတယ်

❓ဘယ်လိုဆိုရင် ဆရာဝန်နဲ့ ပြန်ပြသင့်လဲ
- ပိုးသတ်ဆေး စသောက်ပြီး ၄၈ နာရီအတွင်း အဖျားမကျတာ
- ဗိုက်နာ ပြီး အန်တာ၊ ဝမ်းအရည်အကြိမ်များတာ၊ သွေးပါလာတာ
- ဆေးတိုက်ရခက်ပြီး ခဏခဏပြန်အန်နေတာ
- အနီကွက်နဲ့ အဖုတွေ အသစ်ထွက်လာတာ
- ပိုဆိုးလာတယ်လို မေမေက ထင်နေတာ

❓ပိုးသတ်ဆေးတွေကို မလိုအပ်ပဲ တိုက်မိရင် ဘာတွေ ဖြစ်မလဲ
- ဆရာဝန်မညွှန်ကြားပဲ တိုက်တဲ့အခါ
- မှန်ကန်တဲ့ အချိန်၊ ပမာဏ၊ ရက်အပိုင်းအခြားအတိုင်း မတိုက်မိတဲ့အခါ
- ဆေးယဉ်ပါးပြီး ပုံမှန်ပိုးသတ်ဆေးတွေ မတိုးတော့တာမျိုး ဖြစ်တတ်ပါတယ်
- ဘက်တီးရီးယားပိုးတွေဟာ ပိုးသတ်ဆေးတွေကို ခံနိုင်ရည်ရှိဖို့ သူတို့ရဲ့ မျိုးရိုးဗီဇ (DNA) ကို ပြောင်းလဲ ပစ်နိုင်တာကြောင့် မှန်မှန်ကန်ကန်မတိုက်ရင် ဆေးယဉ်ပါး ဖြစ်လာနိုင်တာပါ

✔ဒါကြောင့် ပိုးသတ်ဆေးကို မသုံးရဘူးလို့ မဟုတ်ပါဘူး

“Right Antibiotics for Right Diagnosis, Right Dose and Right Duration of time” ဆိုရင် တိုက်နိုင်ပါတယ်

ပိုးသတ်ဆေးကို မှန်မှန်ကန်ကန်တိုက်ပြီး သားသားမီးမီးတို့ အတွက် အန္တရာယ်အကင်းဆုံး နဲ့ အထိရောက်ဆုံး ဖြစ်ကြစေဖို့ ရည်ရွယ်လျက်

ချစ်တဲ့ mommy Paed
Photo-credit

🗓️June 1 ရက်နေ့ က International Children day (အပြည်ပြည်ဆိုင်ရာ ကလေးများနေ့) ဖြစ်ပါတယ်ကလေးသူငယ် အခွင့်အရေးနဲ့ ဘက်စုံဖွံဖြ...
01/06/2025

🗓️June 1 ရက်နေ့ က International Children day (အပြည်ပြည်ဆိုင်ရာ ကလေးများနေ့) ဖြစ်ပါတယ်

ကလေးသူငယ် အခွင့်အရေးနဲ့ ဘက်စုံဖွံဖြိုးတိုးတက်မှုကို တစ်ကမ္ဘာလုံး သတိချပ်ပြီး အားပေးမြှင့်တင်ကြစေဖို့ ရည်ရွယ်ချက်နဲ့ June 1 ရက်နေ့ကို International Children Day အဖြစ် သတ်မှတ်ကျင်းပ ကြပါတယ်

ကလေးတိုင်းမှာ
✅ချစ်ခင်မှု၊ နားလည်မှု၊ ဂရုစိုက်မှုတွေ ခံယူဖို့
✅အခြေခံ စားသောက်နေထိုင်မှု ရရှိဖို့
✅ဆေးကုသမှုခံယူဖို့
✅ပညာသင်ခွင့်ရရှိဖို့
✅ကိုယ်ကျိုးရှာ၊ အမြတ်ထုတ် တဲ့ ဘယ်လုပ်ရပ်မျိုးကနေမဆို ကာကွယ်မှုရရှိဖို့
အခွင့်အရေးရှိပါတယ်

တချို့ နိုင်ငံတွေရဲ့ ကျောင်းတွေမှာ ရိုးရာအကဖျော်ဖြေမှုတွေ၊ ကစားပွဲနဲ့ ပြိုင်ပွဲတွေ ပြုလုပ်ကြသလို ရုပ်ရှင်ရုံတွေမှာ ကလေးလေးတွေအတွက် free ticket ပေးတာမျိုးတွေ၊ အိမ်မှာ ရှိတဲ့ ကလေးလေးတွေကို လက်ဆောင်ပေးကြတာတွေ ပြုလုပ်ကြပါတယ်

mommy Paed ကလဲ
June 1 ရက်နေ့မှာ ပါဝင်ချင်တာကြောင့် သားသားမီးမီးတို့ကို Free consultation ပြုလုပ်ပေးချင်ပါတယ်

📣June 1 ရက်နေ့ မနက် ၉ နာရီမှ June 2 ရက်နေ့ မနက် ၉ နာရီထိ ဖေဖေမေမေတို့ရဲ့ သားသားမီးမီးအတွက် မေးခွန်းများကို အခမဲ့ ဖြေကြားပေးမှာမို့ viber no. 09428453060 ကို Hello ပြီး J1 လို့ စာတို ပို့ပေးပါနော်

Serial အလိုက် ဖြေကြားပေးမှာမို့ ဆွေးနွေးချင်တဲ့ အကြောင်းအရာလေးတွေ ပို့ထားပေးပါနော်
(ကလေးအသက် သားသား/မီးမီး မေးချင်တဲ့ မေးခွန်း ဒီ ၃ ခု ကို ပို့ထားပေးပါ)

🎁🎁🎁mommy Paed လိုပဲ ဖေဖေမေမေတို့ရဲ့ International Children Day မှာ ကိုယ့်ရဲ့သားသားမီးမီးလေးတွေကို gifts လေးတွေ ပေးကြဖို့ မမေ့ကြနဲ့နော်

ချစ်တဲ့ mommy Paed
Photo-credit

မေမေတို့ စိတ်ပူတတ်ကြတဲ့ သားသားမီးမီးတို့ရဲ့ ပုံမှန် အပြုအမူများ (၁၉)Growing pain ❓Growing pain ဆိုတာဘာလဲ- ကလေးတွေရဲ့ ခြေ...
25/05/2025

မေမေတို့ စိတ်ပူတတ်ကြတဲ့ သားသားမီးမီးတို့ရဲ့ ပုံမှန် အပြုအမူများ (၁၉)

Growing pain

❓Growing pain ဆိုတာဘာလဲ
- ကလေးတွေရဲ့ ခြေထောက် အထူးသဖြင့် ပေါင်နဲ့ ခြေသလုံး ကြွက်သားလေးတွေ နာတာ ကိုက်ခဲတာကို ခေါ်ပါတယ်
- ညနေစောင်းနဲ့ ညဘက်တွေမှာ တွေ့ရတတ်ပြီး ခြေထောက် နှစ်ဘက်လုံးမှာ ခံစားရတာပါ
- တခါတရံ ခြေထောက်နဲ့ နာတာနဲ့အတူ လက်မောင်းနဲ့ ကျောနာတာတွေပါ တွဲတတ်ပါတယ်

❓ဘယ်အရွယ်တွေမှာ တွေ့ရတတ်လဲ
- အသက် ၃-၁၂ နှစ်ကြား ကလေးလေးတွေမှာ ဖြစ်တတ်ပါတယ်
- မနက်ဘက်တွေမှာ နာတာ ကိုက်ခဲတာမျိုးမရှိပဲ ပုံမှန် လှုပ်ရှား ဆော့ကစားနိုင်တာ တွေ့ရပါတယ်
- ညဘက်မှာ နာလာတတ်ပြီး အိပ်ရာကနေ နိုးလောက်အောင်ထိ နာကျင်မှု ဖြစ်တတ်ပါတယ်

❓Growing pain ဘာကြောင့် ဖြစ်ရတာလဲ
- အကြောင်းအရင်းအတိအကျကို ခုထိ မသိသေးပေမဲ့
- နေ့ဘက်မှာ လှုပ်ရှား ဆော့ကစားထားတာတွေကြောင့် နာကျင်ရပြီး ပိုလှုပ်ရှားတဲ့နေ့တွေမှာ ပိုဆိုးတတ်တာမျိုး တွေ့ရပါတယ်
- ဒါကြောင့် ကလေးလေးတွေရဲ့ တနေ့တာ ကိုယ်ကာယ လှုပ်ရှားမှုနဲ့ ဆက်စပ်နေတယ်လို့ ယူဆကြပါတယ်

❓မေမေတို့ စိတ်ပူစရာမလိုတဲ့ Growing pain မှန်း ဘယ်လိုသိနိုင်မလဲ
- Growing pain မှန်းသေချာစေဖို့ စစ်ဆေးလို့ရတဲ့ Tests တွေ မရှိသေးပါဘူး
- ဆရာဝန်က ရောဂါရာဇဝင်နဲ့ စမ်းသပ်မှု ပြုလုပ်ပြီး growing pain လို့ သတ်မှတ်ပေးမှာပါ

❓သက်သာစေဖို့ ဘာတွေ လုပ်ရမလဲ
- နာတဲ့နေရာလေးတွေကို ညှင်သာစွာ နှိပ်နှယ်ပေးပါ
- ရေနွေးအိတ် ကပ်ပေးပါ
- အကြောလျှော့လေ့ကျင့်ခန်းလေးတွေ ကလေးနဲ့အတူတူ လုပ်ပေးပါ
- ပါရာစီတမော လို အနာသက်သာတဲ့ဆေး တိုက်ပါ
- အနားယူစေပြီး ရေဓာတ် ဖြည့်တင်းပေးပါ

❓ဘယ်လို ဆိုရင် ဆရာဝန်နဲ့ ပြရမလဲ
ခြေထောက် ၂ ဘက်လုံးမှာ ဖြစ်တတ်ပြီး ညနေစောင်း နဲ့ ညဘက် မှာ တွေ့ရတတ်ရင်တော့ growing pain ပဲမို့ အထက်ဖော်ပြပါ နည်းလမ်းလေးတွေနဲ့ သက်သာအောင် ပြုစုပေးနိုင်ပါတယ်
အောက်ပါ အချက်တွေ ရှိနေရင်တော့ growing pain ထက် တခြား ရောဂါရှိနေနိုင်တာမို့ ဆရာဝန်နဲ့ ကုသမှု ခံယူသင့်ပါတယ်
🚨ခြေထောက် ၁ ဘက်မှာပဲ နာကျင်ကိုက်ခဲတာ
🚨မနက်ဘက်မှာ နာတတ်ပြီး နေ့စဉ် လှုပ်ရှားမှုတွေအတွက် အခက်အခဲ ဖြစ်စေတာ
🚨ခြေထောက် ထော့နဲ့ထော့နဲ့ ဖြစ်ပြီး လမ်းလျှောက်ဖို့ အခက်အခဲ ဖြစ်စေတာ
🚨ကြွက်သားနေရာမဟုတ်ပဲ အဆစ်တွေနေရာမှာ ကိုက်ခဲတာ (ဥပမာ - ဒူး၊ ခြေကျင်းဝတ်)
🚨ခန္ဓာကိုယ်ပေါ်မှာ အနီစက်၊ အကွက်၊ သွေးခြေဥတဲ့ ပုံစံတွေ့ရတာ
🚨အဖျားနဲ့တွဲပြီး တနေကုန် ပင်ပန်းနွမ်းနယ်နေတတ်တာ
🚨အစာစားချင်စိတ်မရှိပဲ ကိုယ်အလေးချိန်ကျတာ

🚨Red flag signs တွေ မရှိဘူးဆိုရင် Growing pain လို့ မှတ်ယူပြီး သားသားမီးမီးတို့ သက်သာအောင် ပြုစုပေးနိုင်ဖို့ ရည်ရွယ်လျက်

ချစ်တဲ့ mommy Paed
Photo-credit

18/05/2025

🎁သားသားမီးမီးတို့အတွက် ဖေဖေမေမေတို့ရဲ့ မိုးဦးကျ လက်ဆောင်လေး💉

မိုးရာသီရောက်တဲ့အခါ စိုးထိုင်းစ မြင့်တက်လာခြင်း၊ မစီးဆင်းနိုင်တဲ့ ရေသေရေအိုင်တွေများလာခြင်း၊ အပူချိန် မြင့်မားနေရာကနေ အပူချိန် ကျဆင်းခြင်း စတဲ့အချက်တွေက virus နဲ့ bacteria တွေ အတွက် အကောင်းဆုံးပေါက်ဖွားရှင်သန်ဖို့ အခြေအနေတွေ ဖန်တီးပါတယ်

ဒါ့ကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ က ဒီလိုရာသီတွေမှာ အဖြစ်များတာ တွေ့ရပါတယ်

❓ဘာလို့ မိုးရာသီမှာ ဒီလို အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ အဖြစ်များရတာလဲ
✔️စိုထိုင်းစ မြင့်မားမှုကြောင့် အသက်ရှုလမ်းကြောင်းမှာ ရှိနေတဲ့ အမြှေးတွေက ရောဂါပိုးကာကွယ်နိုင်စွမ်းလျော့နည်းပြီး ခုခံအား ကောင်းမွန်စွာ မဖွံဖြိုးသေးတဲ့ ကလေးလေးတွေမှာ နှာစေး၊ ချောင်းဆိုး၊ နှာရည်ကျ၊ လည်ချောင်းနာတာတွေ ပိုဖြစ်ပါတယ်
✔️အပူချိန် ကျဆင်းမှုကြောင့် လေပြွန်လေးတွေဟာ ပုံမှန်ထက် ပိုကျဉ်းပြီး အသက်ရှုကြပ်ကာ ကလေးပန်းနာရင်ကြပ် နဲ့ ဓာတ်မတည့်မှုကြောင့် ဖြစ်တဲ့ လေပြွန်ရောင်တာမျိုးတွေကို ပိုဆိုးစေပါတယ်

❓မိုးရာသီမှာ အဖြစ်အများဆုံး အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေက ဘာတွေဖြစ်မလဲ
- Common cold လို့ခေါ်တဲ့ အအေးမိဖျားနာရောဂါ
- ရာသီတုပ်ကွေးရောဂါ
- အဆုတ်ရောင်ရောဂါ
- Hay fever လို့ခေါ်တဲ့ ဓာတ်မတည့်ခြင်းကြောင့် ဖြစ်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ
- လေပြွန်ရောင်ရမ်းခြင်း
- ပန်းနာရင်ကြပ်ရောဂါ

❓ကလေးလေးတွေမှာ ဒါတွေ မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲ

🧼🫧ကလေးလေးတွေကို ခဏခဏ လက်ဆေး တတ်တဲ့ အကျင့်လေး မွေးမြူပေးပါ
အပြင်မှာ ဆော့ကစားပြီးတဲ့အခါ၊ နှာချေချောင်းဆိုးပြီးတဲ့အခါ၊ အစာမစားမီ လက်ကို ဆပ်ပြာနဲ့ ဆေးကြောစေပါ

🏡🧹အိမ်ကို လေဝင်လေထွက်ကောင်းအောင်ထားပြီး အမြဲ သန့်ရှင်းပါ
ရောဂါပိုးသယ်ဆောင်တဲ့ ဖုန်မှုန့်နဲ့ အမှုန်အမွှားတွေ နည်းစေဖို့ မနက်ဘက်တွေမှာ အိမ်တံခါးနဲ့ ပြတင်းပေါက်တွေ ဖွင့်ထားပေးပါ
Mopping လို့ခေါ်တဲ့ အစိုဝတ်နဲ့ အညစ်အကြေးသန့်စင်ခြင်းကို ပြုလုပ်ပေးပါ

🥗🥛ခုခံအားကောင်းစေဖို့အတွက် အာဟာရပြည့်ဝတဲ့ အစားအစာကျွေးပါ
သန့်ရှင်း လတ်ဆတ်တဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ များများကျွေးပါ

💉🦠ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးနှံပါ
အသက် ၆ လကျော်တာနဲ့ flu vaccine ထိုးပေးပါ
Flu vaccine ထိုးခြင်းအားဖြင့် အထက်ဖော်ပြပါ ရောဂါတွေ လုံးဝ မဖြစ်တာမျိုး မဟုတ်ပေမဲ့

✅ရောဂါဖြစ်ပွါးရင် ပြင်းထန်းမှု လျော့မယ်
✅ဖြစ်တဲ့ ကြာချိန် နည်းမယ်
✅ရောဂါနောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်သလောက် လျော့နည်းစေပါတယ်

ဒါ့ကြောင့် 👨👩ဖေဖေမေမေတို့အနေနဲ့ ခုခံအားဖွံဖြိုးဆဲဖြစ်ပြီး အသက်ရှုလမ်းကြောင်း ရောဂါတွေ ဖြစ်လွယ်တဲ့ 👶👦👧သားသားမီးမီးလေးတွေကိုကာကွယ်ရေးလမ်းညွှန်ချက်နည်းလမ်းလေးတွေအတိုင်း ဂရုစိုက်စောင့်ရှောက် ပေးနိုင်ကြဖို့နဲ့
မိုးဦးကျ လက်ဆောင်အဖြစ် 💉🎁 flu shot အချိန်မှီထိုးပေးနိုင်ကြစေဖို့ ရည်ရွယ်လျက်
ချစ်တဲ့ mommy Paed

(Flu vaccine အကြောင်း သိချင်တာ ထိုးသင့်မထိုးသင့် ဝေခွဲမရတာ တွေအတွက် ဆွေးနွေးနိုင်သလို ကာကွယ်ဆေး ထိုးနိုင်ဖို့ အတွက်လဲ ဆောင်ရွက်ပေးနိုင်တာကြောင့် mommy Paed ရဲ့ page messenger မှာ ဆွေးနွေးနိုင်ပါတယ်နော်)

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Mommy Connect by mommy Paed posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram