Drmyo

Drmyo This page is about the personal experience of a surgeon and to share some knowledge about the surgery. Consultant Surgeon ( General & Colorectal Surgery)

28/09/2025

ဆရာဝန်အငယ်တို့ ဘဝ
# # # # # # # # # # # # # # # #

ဆေးကုတယ်ဆိုတာက တဦးတစ်ယောက်ထဲ ကောင်းနေ၊ တော်နေလို့ မရသော ကိစ္စဖြစ်သည်။ ဦးဆောင်ကုသသော lead consultant ကလဲ တော်ရမည်။ အတွေးအခေါ် အတွေ့အကြုံ ဆုံးဖြတ်ချက် အကုန်ကောင်းနေဖို့လိုသည်။ သည်ခေတ်ကြီးမှာ ဆရာဝန်ကြီး ဘယ်လို ဆုံးဖြတ်ချက်ချတယ်၊ ဒီဆုံးဖြတ်ချက်က မှန်ကန်တယ်ဆိုတာကလဲ နည်းပညာမြင့် စက်ပစ္စည်းတွေ အကူအညီ မပါပဲ မဖြစ်နိုင်ပြန်ပေ။ ဒီစက်ပစ္စည်းတွေကနေ အဓိပ္ပါယ်ဖော် အဖြေထုတ်ပေးနေတဲ့ ဓါတ်မှန်ဆရာဝန်ကြီးတွေ၊ ရောဂါဗေဒ ဆရာဝန်ကြီးတွေ၊ ပိုးမွှားကျွမ်းကျင်သူ ဆရာဝန်ကြီးတွေရဲ့ နောက်ကွယ်က ကျွမ်းကျင်တိကျမှုကလဲ အရေးကြီးသေးသည်။

ဒီနေရာ ဒီစာမှာ အဓိကပိုပြီးပြောချင်တာက ဆရာဝန်ငယ်တွေ၊ သူနာပြုတွေရဲ့ အခန်းကဏ္ဏနဲ့ သူတို့ရဲ့ အရေးကြီးပုံပင်။

လူနာသည် ဆရာဝန်ကြီးနှင့် တနေ့ ဘယ်နှစ်မိနစ်များ တွေ့ရလို့တုန်း။ ၁၀ မိနစ် ၁၅ မိနစ်ဆိုတာ အလွန်ဆုံး။ အများအားဖြင့် တနေ့ ၅ မိနစ်သာ။ ဒီလူနာတွေကို အချိန်အများစု ရှေ့တန်းက ထိတွေ့ဆက်ဆံနေရသူတွေက ဆရာဝန်ငယ်တွေနဲ့ သူနာပြုတွေသာ။

ဒါပေမယ့် ဒီဆရာဝန်ငယ်တွေ ဘဝက မလွယ်ပေ။ အထူးသဖြင့် အစိုးရဆေးရုံတွေထက် ပြင်ကပုဂ္ဂလိကဆေးရုံတွေမှာ ဒီအငယ်တွေရဲ့ ဘဝက လုံလောက်တဲ့ အသိအမှတ်ပြုမှုကို အများအားဖြင့်မရကြရှာပေ။

ကျွန်တော်တို့ ငယ်စဉ်ကလဲ ဆရာဝန်အငယ်ဘဝကပဲ လူတိုင်းစကြရတာပါပဲ။ ဆရာဝန်ကြီးတွေက လူနာမှတ်တမ်း chat မှာ စာတကြောင်းရေးလိုက်တိုင်း အဲ့တကြောင်းကို လိုက်လုပ်ရတာက ဆရာဝန်ငယ်တွေ၊ သူနာပြုတွေရဲ့ အလုပ်တွေ ဖြစ်ကုန်သည်။ ပင်ပန်းလှသည်။ သို့သော် ဒါတွေဟာ အောက်ခြေသိမ်းပညာတွေ ဖြစ်သည်။ သူတို့ ရွတ်သမျှ ရေးသမျှ ငါတို့က လိုက်လုပ်ရသည်။ ရွတ်တာ ရေးတာက စာတကြောင်း၊ စကားတခွန်း၊ လုပ်ရတဲ့သူကတော့ အလုပ်ရှုပ်ပြီသာ မှတ်ကရောပဲ။ ဒါပေမယ့်လဲ ဆရာဝန်အငယ်ဘဝမှာ ဒါတွေက ငြီးငြူနေလို့ မရပေ။ လုပ်ရပေမည်။ သို့သော် ဆရာဝန် အငယ်တွေ လိုချင်သည်က ဆရာဝန်ကြီးတွေ ၊
လူနာတွေရဲ့ သူရဲ့ပင်ပန်းမှုအပေါ် အသိအမှတ်ပြုမှု၊ ကျေးဇူးတင်တဲ့ စကားတခွန်း၊ အပြုံးတပွင့်၊ အနည်းဆုံး နှစ်လိုတဲ့ မျက်နှာက ဖော်ပြမှု တခုပါပဲ။

လွန်ခဲ့သော ၄-၅ နှစ်လောက်က မြန်မာပြည်မှာ ဆရာဝန်အငယ်တွေစုပြီး အလုပ်သင်ဆရာဝန်တွေကို အလုပ်နဲ့ပက်သက်တဲ့ သုတေသနတစ်ခု လုပ်ခဲ့ရာ အဆိုပါ သုတေသနကထွက်တဲ့ ရလဒ်မှာ ဆရာဝန်ငယ်တွေ အလိုချင်ဆုံးက ပိုက်ဆံတွေ၊ ခံစားခွင့်တွေ မဟုတ်ခဲ့ဘဲ အသိအမှတ်ပြုမှု ဟူ၍ ရလဒ်ထွက်ပေါ်ခဲ့ပြီး အဆိုပါ သုတေသန စာတမ်းကို နိုင်ငံခြားဆေးစာစောင်များကပင် လက်ခံပုံနှိပ် ဖော်ပြခဲ့ကြဖူးသည်။

ကျွန်တော်လဲ ငယ်ရာက ကြီးလာသော ဆရာဝန်ပင်ဖြစ်ရာ တချို့ တချို့သော ဆရာဝန်ကြီးများသည် အငယ်များကို လုပ်ဖော်ကိုင်ဖက်ဟူသော သဘောထားစိတ်နည်းပြီး တလွဲအသုံးချ ဗိုလ်ကျလိုသော စိတ်များကို တွေ့ရသည်။ တချို့သောလို့ ပြောတယ်နော်။ အားလုံး မဟုတ်ပါ။ တချို့ကလဲ အငယ်တွေကို ကြင်ကြင်နာနာဆက်ဆံပြီး စာသင်ပေး၊ ကာကွယ်ပေး၊ စောင့်ရှောက်ပေးကြတာ မရှားပါ။ ပုံမှန်ဆက်ဆံကြသူကတော့ ထုံးစံအတိုင်း အများစုပေါ့။ ဒီစာမှာတော့ ကောင်းတာတွေ ခဏထားပြီး ဆိုးတာလေးတွေ ပြောရတော့မှာပဲ။ စေတနာ က အငယ်တွေအပေါ် ထိုသို့ ကျူးလွန်နေတာတွေကို နည်းပါးစေချင်တာရယ်၊ လူနာတွေက အငယ်တွေ အပေါ်နားလည်စေချင်တာကြောင့် ရယ်ပါပဲ။

အကြီးများ အများစု ပေါ့ပေါ့တန်တန် လူရှေ့သူရှေ့မရှောင် ပြောထွက်နေကြသည်မှာ အငယ်များသည် စာမဖတ်၊ စာမတတ်ဆိုခြင်းပင်။ ငါတို့ စာမေးပွဲ အအောင်ပေးလိုက်လို့သာ၊ ဘာမှမတတ်ဘူးဟူ၍ နှိမ်ပေါက်ပြောသံများ တချိန်လုံးလိုပင် ကြားနေရသည်။ ကျွန်တော်ကတော့ အဲ့လိုလုံးဝမထင်ပါ။ သူတို့ အရွယ် သူတို့အတွေ့အကြုံ၊ သူတို့ တတ်သင့်သလောက် တတ်ကြပါသည်။ ဘာက သက်သေလဲဆို အဲ့မတတ်ပါဘူးဆိုတဲ့ အငယ်တွေ အမေရိကား၊ အင်္ဂလန်၊ ဩစတေးလျ စာမေးပွဲ အချိန်တန်ရင် အကုန်နီးပါး ၊ မအောင်သူမရှိသလောက် အောင်ကြတာပဲ မဟုတ်ဘူးလား။ အဲ့တော့ သူတို့ စာမတတ်တာ မဖြစ်နိုင်။ မြန်မာစာမေးပွဲမှာ ခိုလို့ရလို့ ခိုတာသာ ဖြစ်ရမည်။ သူတို့ မြန်မာစာမေးပွဲမှာ တဆုံးအားမထုတ်တာသာ ဖြစ်ရမည်။ ဒါက စနစ်၏ ပြဿနာပင်။ လူမတော်တာ မဟုတ်လို့ မထင်မိ။ နောက်တခုက သူတို့ကို စာမတတ်ဘူးပြောနေတဲ့ လူကြီးသူမတွေသည် ကိုယ်ငယ်ငယ်သူတို့ အရွယ်တုန်းက ဘယ်လောက်တတ်သလဲ ဆိုတာကို မေ့သွားကြတာ ဖြစ်ဖို့များသည်။ တကယ် မတတ်လျှင် စာမေးပွဲသာ ချသင့်သည်။ ဆေးကျောင်းက ထုတ်ပစ်သင့်ရင်လဲ ထုတ်ပစ်လိုက်ပေါ့ဗျာ။ အအောင်ပေးပြီး ဒီကောင်တွေ ဘာမှ မတတ်ဘူးပြောနေတာတော့ တယ် သဘာဝ မကျချေ။ ကျွန်တော့် လက်တွေ့အတွေ့အကြုံအရလဲ ပြင်ပဆေးရုံက ဆရာဝန်အငယ်တချို့ကား အလွန်တော်တာ ကျွန်တော် ဝန်ခံပါသည်။ ကျွန်တော်သူတို့အရွယ်က သူတို့လောက်ပင် မတတ်ခဲ့ပါ။ ဒင်းတို့ ECG ဖတ်တာ၊ bedside echo ထောက်တာ၊ FAST အာထရာဆောင်းတွေ ဖတ်တာများ ဖြူးဖြောင့်နေရော။ တကယ်အားကိုးရသည်။ ကိုယ်တွေငယ်စဉ်က arrest ရပဟေ့၊ CPR ဆို အကုန်နီးပါးသေသည်သာ။ အခုများ code blue ဟေ့ဆို တော်တော် ပြန်ရှင်ကြတာ ခဏခဏ တွေ့နေရတော့ သူတို့ကို ချီးကျူးမိသည်။ သူတို့ monitor တွေ ECG တွေ Defribတွေနဲ့ CPR နေကြတာ သွားရပ်ကြည့်ပြီး အတုတောင်ယူရသည်။ သူတို့က ကိုယ်လာတော့ ဆရာလုပ်မလို့လာတယ်ထင်တာ ကိုယ်က သူတို့လောက် မအိုကေ၍ နင်တို့လုပ်ကြလုပ်ကြ၊ ငါက လာအားပေးတာဟူ၍ ချီးကျူးပေးရသည်။ တကယ်လဲ ကိုယ်လုပ်ရင် သူတို့လောက် မကောင်းနိုင်မှန်း ကိုယ်ဟာကိုယ် သိ၏။

တချို့ အကြီးတွေ၏ ဆိုးနည်းတကွက်ကား လူနာရှေ့မှာ အငယ်တွေ အသုံးမကျဘူး၊ တလွဲတွေလုပ်ထားတယ် ဘာညာပြော၍ ငါလာ၍ အမှားတွေ ပြင်ပေးလို့သာ ဒီလူနာရှင်ရ သလိုလို နှမ်းဖြူး၍ လူနာရှေ့အမှတ်ယူခြင်းပေတည်း။ အကြီးဖြစ်၍ နှမ်းဖြူးတာက ပြဿနာမဟုတ်သော်လဲ အငယ်တွေကို ကျေးဇူးမတင်၊ မချီးကျူးပဲ အသုံးမကျဘူး၊ နင်တို့လုပ်ပုံနဲ့ သေတော့မလို့၊ ငါကယ်လို့ပေသာပဲဟူသော အကွက်ချိုးခြင်းမှာ မကောင်းလှပေ။ အငယ်တွေသည် အချဉ်မဟုတ်၍ ပြန်မပြောသာ၍သာ မပြောသော်လဲ စိတ်ထဲကတော့ သိသည်သာ။ အငယ်က အကြီးအပေါ် စေတနာပျက်သည်ပေါ့။

တချို့ လူနာများက ဒါကို နားမလည်။ အခန်းထဲ round လှည့်ရင် အကြီးကဆရာဝန်ငယ်တွေ၊ သူနာပြုတွေကို ဆဲဆို ဝေဖန်သွားတာကို သဘောကျကြသည်။ ဒီလို ဆရာဝန်ကြီးက ကြိတ်ပေးမှ ငါတို့ လူနာကို ပိုဂရုစိုက်မှာ၊ ကြိတ်ပစေဟူသော စိတ်ရှိတတ်ကြသည်။ တကယ်က အငယ်တွေက ဆူခံဆဲခံရမည်ဆိုး၍ ခဏခဏ လာကြည့်တာတော့ ဖြစ်ကောင်းဖြစ်မည်။ သို့သော် team work ပျက်သွားခြင်း ဖြစ်ပေသည်။ တချို့လူနာများကလဲ ဆရာဝန်ကြီးလာလျှင် အငယ်တွေကို တိုင်ကြတောကြတာမျိုးကလဲ ရှိတတ်ကြသေးသည်။

တခါက ကြုံရဖူးသည်။ ငယ်ငယ်က YGH တွင် ward round နေရင်း ဆရာဝန်မကြီးတစ်ယောက်က လူနာရှေ့တွင် ကျွန်တော်လုပ်၍ လူနာဒုက္ခရောက်တော့မည်ဆိုတာ ကျွန်တော့်ကို လူနာရှေ့တွင် ကြိတ်၏။ ကျွန်တော်က ငယ်သေးသဖြင့် ဘာမှ ချက်ကျလက်ကျ ပြန်မပြောတတ်။ သူစွပ်စွဲသလို မဟုတ်ဘူးဆိုတာ ကျွန်တော်သိသည်။ လူနာကလဲညအကောင်းကြီးပင်။ နောက်တဖြေးဖြေး သူများတွေကိုလဲ ဒီဆရာဝန်မကြီးက ဘာမဟုတ်တာတွေကို တခမ်းတနား လူနာရှေ့မှာ ဆရာဝန်ငယ်ကို ခေါ်ဆူပြပြီး အသားယူနေတာ သဘောပိုပေါက်လာရသည်။

ငယ်ငယ်က တော်တော်ရိုသေဖူးသည့် ဆရာကြီးတယောက်သည် သူ့အစားလူနာကိုကြည့်ပေးသည့် သူ့လက်ထောက် ( သူ့လက်ထောက်ဆိုသော်လဲ သူကိုယ်တိုင် ယုံကြည်စွာ လွဲအပ်ထားသော အထူးကုဆရာဝန်ကြီး) လုံးဝအသုံးမကျကြောင်း၊ တလွဲတွေချည်းလုပ်ထားကြောင်း လူနာရှေ့တွင် ပြောဆိုနေသည်။ ထိုဆရာကြီးသည် တကယ်တော့ လူနာကို တရက်မှ လာမကြည့်ပေ။ ဗုဒ္ဓဟူးနေ့ တရက်သာ သူလမ်းကြုံ၍ သူ့နာမည်နှင့်တင်ထားသော လူနာကို လမ်းကြုံလာကြည့်ရင်း တပတ်လုံး ဆေးကုပေးထားရသော သူတပည့်ကျော် အသုံးမကျကြောင်း လူနာရှေ့မှာ ဆူပူပြီး အသားယူနေခြင်း ဖြစ်ပေသည်။ သူ၏ ဆူပူမှု ဗိုလ်ကျမှုသည် တဖြေးဖြေး အရှိန်တက်လာကာ သူတပည့် physician သာမက ကျွန်တော့်ဖက်ပါ ရောက်လာကာ၊ လူနာက ဘာဖြစ်တယ် ညာဖြစ်တယ်ပြောပြီး surgeon ( ခွဲစိတ်ဆရာဝန်ကျွန်တော်) ကိုပါ ခုချက်ချင်း လူနာပြန်လာကြည့်တွေ ဘာတွေ စည်းကျော်ဘောင်ကျော် အမိန့်ပေးလာတော့သည်။ MO ဆရာဝန် အငယ်က ကျွန်တော့်ဆီ ဖြစ်ကြောင်းကုန်စင် ဖုန်းဆက်ပြောသောအခါ ကျွန်တော်က ဒါမျိုးအထာတွေ နပ်နေပြီ ဖြစ်သောကြောင့် ကျွန်တော် အဲ့လူနာကို နေ့တိုင်း round နေတာ အကောင်းဖြစ်ကြောင်း၊ လူနာကောင်းကြောင်း၊ ကျွန်တော် လာကြည့်မှာမဟုတ်ကြောင်း အပြတ်ပြောပစ်လိုက်သည်။

နောက်နေ့ အဲ့ Ward က ဆရာဝန်ငယ်လေးကို စာသင်ပေးရသည်။ ဒီလို အပြုအမူတွေ ရှောင်ရှားသင့်ကြောင်းပေါ့။ ကိုယ်ယုံကြည်လို့ လူနာကြည့်ခိုင်းထားတဲ့ ကိုယ့်အငယ်ကို လူနာရှေ့မှာ စတိုင်ထုတ် အရှက်ခွဲတာ ကောင်းတဲ့အကျင့်မဟုတ်ကြောင်း၊ ကိုယ်တော့ တပတ်လုံးနေ တခါမှ လာမကြည့်ဘဲ လာကြည့်တဲ့ အခိုက်အတန့်မှာ ကိုယ့်တပည့်ကိုယ် ချနင်းရက်ခြင်းပေတည်း။ ကျွန်တော့်ကိုပါ အဖျားခတ်နင်းသွားသေးသည်။ တကယ် ကိုယ့်တပည့်က သူပြောသလို လုံးဝ အမှားတွေလုပ် အသုံးမကျ မယုံကြည်ရင် လူနာမကြည့်ခိုင်းနဲ့လေဗျာ။ ရှင်းနေတာပဲ။ လူနာကလဲ အကောင်းကြီးကို။ တမင် လာ round ခိုက် လူနာရှေ့ ပညာပြ အမှတ်ယူခြင်း။

တကယ်က ဆေးပညာမှာ လုပ်ရမှာနဲ့ မလုပ်ရမှာ ပြတ်ပြတ်သားသား အဖြူအမဲက ရှားပါသည်။ grey zone ခေါ် မပြတ်သားရသေးသော ကိစ္စ အများအပြားရှိရာ အဆိုပါ grey zone က အလုပ်တွေကို အကြီးတွေက အငယ်တွေကို ဆူပူနေခြင်းမှာ တကယ်တော့ တရားမျှတမှု တယ်မရှိလှပေ။ လူနာကတော့ အကြီးက အမြဲမှန်မည်ဟု ထင်မည်သာ။ ကိုယ်က ဆရာဝန်ကြီးဆိုပါက အဆိုပါ grey zone ကိစ္စတွေအတွက် အငယ်တွေကို နားလည်မှု ပေးရပေမည်။

လူနာရှေ့ အငယ်တွေကို ဖိဆူပြီး ကိုယ့်ကိုကိုယ် စျေးရောင်းသည့်အကွက်ကတော့ သိပ်မမိုက်လှပါ။ ရေရှည်လဲ မခံလောက်ပါ။ အငယ်တွေရဲ့ ချဉ်ဖတ်ဆရာဝန် ဖြစ်လာမှာ သေချာသည်။

တချို့အငယ်တွေ အူကြောင်ကြားလုပ်ပြီး ဆူစရာကိစ္စရှိလျှင်တောင် အငယ်တွေကို ဘယ်လို ပြောဆို ဆုံမရမလဲဆိုတာ ကျွန်တော့်ဆရာ ဆရာကြီးဦးခင်မောင်အေးက သင်ထားသဖြင့် အသည်းစွဲအောင် မှတ်ထားမိသည်။ ဆရာကြီး ပြောသည်ကား - မင်း ဆူစရာရှိရင် လူပုံအလယ် လူနာတွေရှေ့မှာ မဆူနဲ့နော်။ အခန်းထဲ ခေါ်ပြောကွ။ သူ့ဂုဏ်သိက္ခာ ကိုယ့်ဂုဏ်သိက္ခာဆိုတာ ရှိတယ်ကွ။ လူပုံအလယ်ဆူတာတော့ ဘယ်သူကခံချင်မလဲကွာ။ တော်ကြာ မတော်တဆ သူက ကိုယ့်ခံပြောရင် ကိုယ်လဲ အတော်ဒုက္ခရောက် အရှက်ကွဲနိုင်သကွ ဟူသတတ်။

တခါက ထိုသို့ တကယ်ဖြစ်ပျက်ခဲ့ဖူးလေသည်။ အလွန်အင်မတန်ဆူတတ်ပူတတ်သော ဆရာသည် ပုဂ္ဂလိကဆေးရုံတွင် round လှည့်ရင်း သူ့ထုံးစံအတိုင်း လူနာရှေ့တွင် ဆူဆဲလေရာ အငယ်က မခံပဲ ဆရာကြီး ကျွန်မနာမည်ဘယ်သူ၊ ဆမ နံပါတ်ဘယ်လောက် ၊ သူအမှားလုပ်တယ်ထင်ရင် တိုင်လိုက်ဟူ၍ လူပုံအလယ်ပြန်ဖြဲလေရာ အဆုံးသတ်သော် နှစ်ဖက်စလုံး အရှက်သိက္ခာမဲ့ရတော့သည်။

အလကားနေရင်း အသေးအဖွဲ ကိစ္စပေါင်းစုံကို တကူးတက ခေါ်ဆူနေသော ဆရာဝန်များလဲ ကြုံရသည်။ တခါသော် ကျွန်တော် ward round သွားရာ ဆရာဝန်အငယ် လူနာဆောင်တွင် မရှိ၊ ဘယ်သွားလဲ မေးရာ ဆရာမကြီးတယောက်က ဆူစရာရှိ၍ ခေါ်ထားသောကြောင့် ဟူ၏ ။ ကဲ ရှိစေတော့ နောက်တထပ်က နောက်လူနာအရင်သွား round မည်ဆုံးဖြတ်ကာ နောက်တစ်ထပ်တွင်လဲ ဆရာဝန်အငယ်မရှိ၊ ဘယ်သွားလဲဆိုတော့ အဲ့ဆရာမကြီးကပဲ ဆူစရာရှိ၍ ဆရာဝန်အငယ်ကို ခေါ်ထားပြန်သည်တဲ့။ နောက်တပ်ကို သွားပြန်ရာ ထိုအထပ်က ဆရာဝန်ကိုလဲ ထိုဆရာမကြီးကပင် ဆူစရာရှိ၍ ခေါ်ထားပြန်ပြီတဲ့။ အဲ့ ဆရာမကြီးကား အလကားနေ ရှိရှိသမျှ ဆူဆဲပြီး အငယ်များကို နှိပ်စက်ခြင်းတွင် နာမည်ကြီးလေသည်။ ကျွန်တော့် ဒေါသပေါက်ကွဲလေပြီ။ တွေ့သည့် သူနာပြုကို ကျွန်တော့်ကို MO ဆရာဝန်အငယ်ခေါ်ပေး၊ ကျွန်တော် round မယ်။ ရှိရှိသမျှ အထပ်တိုင်းက ဆရာဝန်တွေကို သူဆူချင်လို့ ခေါ်ထားရအောင် တခြားသူတွေ အလုပ်လုပ်ရအုန်းမယ်။ သူဆူဖို့ အလုပ်ခန့်ထားတာမဟုတ်။ အလုပ်လုပ်ဖို့ ခန့်ထားတာဟူ၍ ကျွန်တော် သောင်းကျန်းလေတော့သည်။ ခု ချက်ချင်းခေါ်၊ ကျွန်တော် round မယ်လို့ပြောလို့ အတင်းခေါ်ခိုင်းတော့မှ နောက် ၂ မိနစ်လောက်မှာ MO အငယ်ရောက်လာသည်။ နင်တို့ကို ဆူချင်လို့မဟုတ်၊ တမင်ခေါ်ခိုင်းတာပြောမှ MO က စပ်ဖြဲဖြဲရှင်းပြသည်မှာ ဆရာမကြီးက ဆူဖို့ ဆရာဝန် ၅ ယောက် ဆင့်ခေါ်ထားပြီး ထို MO မှာ သူအဆူခံဖို့ အလှည့်ထိုင်စောင့်နေရတုန်း
ဟူသတတ်။ မသွားနဲ့ ငါနဲ့ round နေတယ်ပြောလိုက်ဟု စိတ်ပေါက်ပေါက် ပြောလိုက်မိ၏။

တချို့ကား ဆူတာပူတာကို ဆူရပူရမည့် အပြစ်ကတခြား၊ မဆိုင်တာတွေ လျှောက်ဆူနေတာက များများ။ ကျွန်တော်လဲ အလုပ်များရင် အဆင်သင့် မဖြစ်ရင် တခါတလေဆူပါတယ်။ ဥပမာ လူနာစမ်းဖို့ ဖင်လှန်ပြီးမှ ဓါတ်မီးလိုက်ရှာတာမျိုး၊ ကျွန်တော်ဆူသည်။ သို့သော် ဆူရင် အဓိက အကြောင်းအရင်းကိုသာ ဆူရာ၏။ ဓါတ်မီးအဆင်သင့် မဖြစ်၍ ဆူလျှင် ဆရာမတို့အနေဖြင့် ကိုယ်ဝင်မည့်အခန်း ပစ္စည်းစုံ၊ မစုံ စစ်သင့်ကြောင်း၊ ပြီးပြီပေါ့။ ဟုတ်ဖူးလားဗျာ။

တချို့ကျ ဆူတာက မဟုတ်တာတွေ ရောက်ကုန်ရော။ ဥပမာ အငယ်တစ်ယောက် အလုပ်နောက်ကျ၍ ဆူသည်။ နောက်ကို နောက်မကျနှင့် ၊ မကြိုက်ဘူး။ ပြီးပြီပေါ့။

တချို့ ဆူပုံဆူနည်းကား နင်တို့နောက်ကျသည်။ ဟွန်း အလှကတော့ ပြင်ထားတာ မင်းသမီးရှုံးလောက်သည်။ နင်တို့က လင်တွေနှင့် တွေ့ဖို့ကျ အားစိုက်ထုတ်သည်။ အလုပ်ကျ နောက်ကျသည်။ စသဖြင့်ပေါ့ဗျာ၊ အလကားနေ မဆိုင်တာတွေ လျှောက်ပြောနေခြင်းကား လိုရင်းကိုလဲ မထိရောက်၊ လေလဲကုန်၊ အလကားနေ သောက်မြင်ကတ်ခံရခြင်းသာ ရလေသည်။

အဲ့တော့ ဆူတယ် ပူတယ် ဆိုတာကလဲ ဆူသင့် ဆူထိုက်လောက်သည့် ခိုင်လုံသော အကြောင်းရှိမှသာ ဆူပုံဆူနည်း မှန်မှန်ကန်ကန်သာ လုပ်ရာ၏။ အလကားနေ ရှိရှိသမျှ လျှောက်ပြဿနာ ရှာနေခြင်းမှာ မကောင်းသည့်အပြင် လူမလေးခွေးမခန့် ဖြစ်လာတတ်လေသည်။

ဆရာဝန်ကြီးတွေ အနေဖြင့် သဘောထားရမည်မှာ ထို အငယ်လေးတွေသည် လူနာနှင့် တနေကုန်နေရသူတွေ ဖြစ်၏။ သူတို့၏ ကိုယ့်အပေါ် လေးစားချစ်ခင်မှုသည် ကိုယ့်လူနာအပေါ် သက်ရောက်၏။ လူနာက ဝုန်းဒိုင်းဆို ထဖေါက်ပါက သူတို့ကပင် ရှေ့တန်းက ချက်ချင်းဆေးကုမည့်သူများ၊ ကိုယ်က ဖုန်းထဲကပြောတာကို လုပ်ပေးမည့် ရှေ့တန်းက ဆရာဝန်များဖြစ်၍ သူတို့ အရေးကြီးလှပေသည်။ သူတို့သည် ဆရာဝန်ကြီးကို လေးစားချစ်ခင်သည့်အခါ အရေးရယ် အကြောင်းရယ်ဆို သူတို့က အစွမ်းကုန် အသကုန် အသက်ကယ်ပါလိမ့်မည်။ ကိုယ်က ကားပေါ်ပဲ ရှိအုန်းမည်။ ကိုယ်လဲ လူနာဘေး ၂၄ နာရီ ငုတ်တုတ် vital sign ထိုင်ယူနိုင်တာမဟုတ်၊ သူတို့က တနေကုန် monitor လုပ်ပေးမည့် ကိုယ့်ရဲ့ ရှေ့တန်း ရဲဘော်လေးများ ဖြစ်ပါပေသည်။

တဦးမေတ္တာ တစ်ဦးမှာ ဆိုတာကို ကျွန်တော်ကတော့ အထူးယုံကြည်ပါသည်။

တယောက်ထဲ ဇာတ်လိုက်လုပ်ကာ ကျန်တာကို လူကြမ်းအဖြစ် အသုံးမချပါလေနှင့်။ အဲ့တာ ရုပ်ရှင်ဆိုလျှင် ပေါကားဖြစ်မည်။

အကောင်းဆုံးက အားလုံးပျော်ရွင်စွာ ကပြအသုံးခံတတ်သည့် teamwork ဆိုသော အားလုံးပါဝင်မှုကသာ လူနာအတွက် အကောင်းဆုံးပါ။


TikTok နဲ့ YouTube ခုတလော ဘာ​တွေရှုပ်နေမှန်းလဲ မသိ။ စိတ်ထဲမှာ ရေးချင်တာတွေက အများကြီးပဲ။ ဒါပေမယ့် ဦးနှောက်က စာရေးဖို့ အရ...
26/08/2025

TikTok နဲ့ YouTube

ခုတလော ဘာ​တွေရှုပ်နေမှန်းလဲ မသိ။ စိတ်ထဲမှာ ရေးချင်တာတွေက အများကြီးပဲ။ ဒါပေမယ့် ဦးနှောက်က စာရေးဖို့ အရမ်းဖီးလ်တက်နေသော်လဲ လက်ကချမရေးဖြစ်သဖြင့် စာကထွက်မလာတော့။

စာရေးဖို့ အကြောင်းတွေကလဲ အများအားဖြင့် ဆေးရုံတခုနဲ့တခုကြား ကားမောင်းရင်း စဉ်းစားဖြစ်နေတာများသည်။ တကယ်က စာရေးဖို့က စဉ်းစားဖို့ပင် မလို၊ ဆေးရုံတခုမှာ လူနာတချို့ကြည့်ပြီးရင် ပြောချင်တာတွေ၊ စဉ်းစားမိတာတွေက ရှိလာပြန်လေပြီ။ သို့သော် ကားမောင်းနေရသောကြောင့် ချက်ချင်းချမရေးဖြစ်သဖြင့် စာတပုဒ် ဖြစ်မလာခြင်းပင်။

ကျွန်တော် စာရေးပုံမှာ မြန်သည်ဟုပြောရမည်။ ဘာမှ စဉ်းစားနေစရာ ပြန်ပြင်နေစရာမလို။ တကယ်ရေးချင်နေလျှင် ဖုန်းထဲ ကောက်ရိုက်လိုက်သည်။ စာတပုဒ် တစ်နာရီ နှစ်နာရီလောက်ကြာသည်။ ပြီးတာနဲ့ ကောက်တင်သည်သာ။

တခါတလေတော့ မတင်ခင်ပြန်ဖတ်သည်။ ဘယ်လိုစာမျိုးလဲဆိုတော့ အတွေးအခေါ်ပါသည့် ဆရာဝန်ဘဝအကြောင်းတွေ ရေးတဲ့အခါ အစွန်းရောက်မှာ လေသံမာသွားမှာ စိုးသောကြောင့် လေသံကို ပြန်ဖော့သည့်အနေဖြင့် ပြန်စစ်သည်။ လေသံမာတာလေးတွေ တွေ့လျှင် ပြန်လျှော့သည်😊

ဆေးကုတဲ့အကြောင်းကတော့ ဘာမှ ပြန်မဖတ်။ ကိုယ်လုပ်နေတဲ့အတိုင်း ချရေးတာဖြစ်လို့ ဘာမှ မပြင်ပေ။ ရေးတင်ပဲ။

မရေးဖြစ်တာကြာတော့ ဖတ်ချင်သူတွေကို အားနာမိသည်။ တခါတလေ ကိုယ့်အားရက် တနင်္ဂနွေမှာ ရေးမယ်ကြံသော်လဲ စာဖတ်လိုက်၊ ဖုန်းပွတ်လိုက် ဇိမ်တွေ့နေသောကြောင့် ကိုယ်စာကိုယ်ရေးဖို့ အားမထုတ်ချင်ပဲ အပျင်းထူနေပြန်သည်။

TikTok ကနေ ပြောရင် ကောင်းမလား အခါခါတွေး၍ အကြိမ်ကြိမ်လဲ ပျက်၏။ ပျက်သောအကြောင်းကား ကိုယ့်မျက်နှာကြီးကို မပြချင်သောကြောင့်တည်း။ ပြီးတော့ video ကို edit မလုပ်တတ်တာလဲ အဓိက အကြောင်း။

သူငယ်ချင်း မိတ်ဆွေတို့က ကျွန်တော်သည် အပြောကောင်း၏ဟု မြှောက်ပေးကြ၏။ စိတ်ပါလာပြန်သည်။ တခါ ငါ့မျက်နှာကြီး သူများတွေ ကြည့်နေရပါအုန်းမယ်ဆိုပြီး မလုပ်ဖြစ်ပြန်။ အဲ့လိုနဲ့ဟိုရွှေ့ ဒီရွှေ့ လုပ်လာရာ အခုတော့ တကယ်လုပ်မည်ဟု အားတင်းပြန်သည်။

ကိုယ်ပြောချင်တာ ကိုယ်ပြချင်တာလေးတွေ ပြောမယ်ဟု အားတင်းကာ ဒီတခါတော့ တကယ်လုပ်ပါတော့မည်ဟု ဆုံးဖြတ်မိတာပဲ။

VPN လဲ မလိုသောကြောင့် အဆင်ပြေမယ် ထင်ရတာပါပဲ။ စာရေးတာလဲ မပျက်ပါဘူး။ စာရေးရတာကို ကြိုက်သည်။ ပိုလဲ ဂုဏ်ယူသလိုရှိသည်။ TikTok ကျ နာမည်ကိုက ကလေးကလား လိုလို။ တကယ်က ကလေးကလားမဟုတ်ပါ။ TikTok သည် လူတွေ၏ ဘဝတွေကို သာတူညီမျှ တင်ပြခွင့်ပေးသည်။ TikTok မှာ တကယ့်အဖိုးတန် ဗဟုသုတတွေ၊ ဘဝ တွေ အများကြီးရှိသည်။

TikTok လုပ်တာ ဘာပိုက်ဆံမှလဲ မျှော်လင့်လို့မဟုတ်ပါ။ ရေးချင်တဲ့အချိန် fb မှာ ရေးမည်။ ပြောချင်တာလေးတွေ၊ ခွဲစိတ်ဆရာဝန်တယောက်ရဲ့ ဘဝနဲ့ ပတ်ဝန်းကျင်လေးတွေကို video လေးတွေနဲ့ တင်ပြမယ်လဲ စိတ်ကူးမိတာကြောင့်ရယ်ပါ။

YouTube ကတော့ အိန္ဒြေကြီးနဲဲ့ဗျ။ video လုပ်မိမှတော့ you ပါ tube တော့မည်ဟု ဆုံးဖြတ်ပြန်တော့သည်။

ကဲ ငါဟဲ့ ငြိမ်ငြိမ်မနေဘဲ လုပ်မိပြန်လေပြီ။

ကျွန်တော် ငြိမ်ငြိမ်မနေတော့ ကျွန်တော့ ချစ်မိတ်ဆွေတို့ကိုလဲ အပူကပ်ရအုန်းတော့မည်။

ကျွန်တော့ TikTok လေးကို follow လုပ်ခြင်းဖြင့် အားပေးတော်မူကြပါကုန်။

YouTube တော့ စမ်းတဝါးဝါး၊ TikTok ထက် ပို အခြေအနေဆိုးသဖြင့် နောက်များမှပဲ ဂျီတိုက်တော့မယ်နော်🤣

ကျေးဇူးပါပဲ 😆

33 Followers, 0 Following, 31 Likes - Watch awesome short videos created by drmyocolorectal

24/08/2025

အူမကြီးကင်ဆာအကြောင်း (၁)

13/07/2025

ဆေးကုရာဝယ် ချွေတာတိုင်းလဲမကောင်း ဖြုန်းတီးရန်လဲ မသင့်
# # # # # # # # # # # # # # # # # # # # # # # # # # # # # # # #

ဒီရက်ပိုင်းမှာ ကွန်ပြူတာဓါတ်မှန် CT တွေအကြောင်း၊ ရောဂါရဲ့ အစောဆုံးလက္ခဏာ early warning signs and symptoms တွေအကြောင်း ရေးလိုက်တာက ခွဲစိတ်ကုပညာရဲ့ အတွေးအခေါ်ကို လူငယ်ဆရာဝန်များကို လှစ်ဟပြလိုတာတကြောင်း၊ ဆေးလောကမှ မဟုတ်သူ ပြည်သူလူထုကို ဗဟုသုတ ရစေလိုတာ တကြောင်းပါ။

ဒါပေမယ့် လောကမှာ ဘယ်အရာမှာမှ အစွန်းရောက်တာ၊ အလွန်အကျွံဖြစ်တာဟာလဲ မကောင်းပါဘူး။

ဆေးပညာမှာလဲ ဒီအချက်ကို ထိန်းညှိပေးမယ့် စကားလုံးက ရှိပြီးသားပါ။ ဒါကတော့ cost effectiveness ဆိုတဲ့ စကားလုံးပါပဲ။ သဘောကတော့ ကုန်ကျတဲ့ငွေနဲ့ ပြန်ရတဲ့တန်ဖိုးဟာ ထိုက်တန်ရမယ်၊ ဖြုန်းတီးရာမရောက် အကျိုးရှိရမယ်လို့ ဆိုလိုတဲ့ စကားလုံး တိုတိုတုတ်တုတ်လေးပါ။ cost နဲ့ effect ပါ။

ဆေးပညာမှာ ရောဂါကို ကြောက်တယ် ကြောက်တယ်၊ အကုန်စစ်မယ်ဆိုတာဟာလဲ မမှန်သလို အေးဆေးပါကွာ၊အပိုတွေပါကွာဆိုတာကလဲ မဟုတ်ပါဘူး။

ပထမဦးဆုံး လူ့လောကသဘာဝမှာပဲဖြစ်ဖြစ် ဆေးပညာမှာပဲဖြစ်ဖြစ် လက်ခံဖို့လိုကတော့ ၁၀၀% မှန်တယ် ၁၀၀% အလုံးစုံ စိတ်ချရတယ်ဆိုတာ မရှိပါဘူး။ ဒါပေမယ့် ဆေးပညာမှာတင်မက ဘယ်ပညာရပ်နယ်ပယ်မှာမဆို ပိုပိုပြီးကောင်းအောင် ပိုပိုပြီး အန္တရာယ်ကင်းအောင်၊ ပိုပိုပြီး စိတ်ချရအောင် ပညာရှင်ဂုရုများက ကြိုးပမ်းနေကြပါတယ်။ ဘယ်တော့မှတော့ ၁၀၀% မဖြစ်နိုင်ဘူး။ ဒါပေမယ့် ပိုကောင်းဖို့တော့ မျှော်မှန်းနိုင်ပါတယ်။

ဆေးပညာမှာ ဆရာဝန်တွေဟာ ကိုယ်စိတ်ကူးပေါက်သလို ကောင်းမယ်ထင်ရာ လျှောက်ကု လျှောက်လုပ်လို့ မရပါဘူး။ စိတ်ကူးပေါက်တိုင်း ကိုယ်ကောင်းမယ်ထင်တိုင်း လျှောက်လုပ်ရင် ဆရာဝန်နဲ့ မတူဘဲ ရမ်းကုတွေနဲ့ တူလာပါလိမ့်မယ်။ စေတနာ တခုထဲနဲ့ ဆရာဝန် မဖြစ်ပါဘူး။ ပညာလဲ လိုပါတယ်။

ဆန်းသစ်တီထွင်ခြင်းကို ဆေးပညာက အာပေးပါတယ်။ ဆန်းသစ်တီထွင်လာခဲ့ကြလို့လဲ လောကဓါတ်ဆေးပညာ တနည်း အနောက်တိုင်းဆေးပညာဟာ ကမ္ဘာက လက်ခံတဲ့ စနစ်ကျတဲ့ ဆေးပညာတစ်ခု ဖြစ်လာခဲ့တာပါ။

ဆန်းသစ်တီထွင်မှုတွေဟာ တဆင့်ပြီးတဆင့် စနစ်တကျ သုတေသနပြုပြီးသာ လုပ်ရမယ်။ တိရိစ္ဆာန်နဲ့ စရတာလဲ ဖြစ်မယ်။ ဒီသုသေတနဟာ ကျင့်ဝတ်နဲ့ညီတဲ့ သုတေသနဖြစ်ရမယ်။ ဒါကိုစောင့်ကြည့်တဲ့ လုပ်ငန်းစဉ်ရှိရမယ်။ အကျိုးရှိတာ သေချာမှ ဒါဟာ တကယ်အသုံးချလို့ရတဲ့ ဆရာဝန်အများ အသုံးပြုနိုင်တဲ့ လုပ်ထုံးလုပ်နည်းအနေနဲ့ ရောက်ရှိလာတာပါ။

နိုင်ငံတကာမှာတော့ အထူးသဖြင့်တိုးတက်တဲ့ တိုင်းပြည်တွေမှာ ဘာရောဂါပဲဖြစ်ဖြစ် guideline လို့ခေါ်တဲ့ ကုသမှုလုပ်ငန်းစဉ်တွေကို လိုက်နာကြလေ့ရှိပါတယ်။ guideline တွေဟာလဲ သူ့အလိုလို စိတ်ကူးပေါက်သလို ထပြီးရေးဆွဲကြတာ မဟုတ်ပါဘူး။ evidence based medicine လို့ခေါ်တဲ့ ဆေးပညာသုတေသနတွေ အပေါ်မှာ အခြေခံပြီး ခေတ်နဲ့အညီ အမြဲတမ်း ပြုပြင်ပြောင်းလဲ ရေးဆွဲနေကြတာ ဖြစ်ပါတယ်။ သဘောကတော့ နိုင်ငံတကာမှာ guideline တွေက ဆရာကြီးတပါးပါးက ငါကြိုက်သလို ငါစိတ်ထင်တိုင်း ရေးဆွဲလို့တော့ မရပါဘူး။ အားလုံးဟာ သုတေသနတွေ့ရှိချက်ရလဒ် ( evidence based medicine) ကိုယ့်နိုင်ငံရဲ့ ဓနအင်အား ( wealth and health policy) လူနာအပေါ်အကျိုးရှိမှုဆိုတဲ့ အခြေခံ ( cost effectiveness) ဒါတွေ အပေါ်မှာ အခြေခံပြီး ပညာရှင်တွေက စုပေါင်းတိုင်ပင်ပြီး
ရေးဆွဲကြပါတယ်။ ဒီလို guidelines တွေကို ဆရာဝန်တွေက လိုက်နာပြီး လူနာတွေကို ဆေးကုပေးကြရပါတယ်။

Guideline တွေဟာ တနိုင်ငံနဲ့ တနိုင်ငံ၊ ဒေသတခုနဲ့ တခုလိုက်ပြီး အနည်းငယ် ကွဲပြားနိုင်ပါတယ်။ ဘာလို့ ကွဲပြားရသလဲဆိုရင်တော့ တိုင်းပြည်ရဲ့ ဓနအင်အားနဲ့ ဆရာဝန်အင်အား၊ စက်ပစ္စည်းအင်အားတွေကြောင့်ပါ။ ဥပမာ အမေရိကန်ရဲ့ guideline ၊ United Kingdom ( အများအခေါ် အင်္ဂလန်ရဲ့ guideline ) ၊ ဂျပန်ရဲ့ guideline တွေဟာ နည်းနည်းကွဲကြပါတယ်။ အများကြီးမကွာကြပါဘူး။ နည်းနည်းကွာကြပါတယ်။ ပိုက်ဆံပိုချမ်းသာတဲ့ အမေရိကန်၊ ဂျပန်က guideline ပိုမြင့်လေ့ရှိပြီး UK guideline က မြန်မာပြည်နဲ့ ပိုအဆင်ပြေလေ့ရှိပါတယ်။

မြန်မာပြည်ကတော့ ထုံးစံအတိုင်း local guideline မရှိပါဘူး။ ကောင်းနိုးရာရာ ရှိတဲ့စက်ပစ္စည်းနဲ့ အဆင်ပြေတဲ့ ဖြတ်ညှပ်ကတ် နှုတ် guideline ၊ တကျောင်းတဂါထာ ပါးစပ် guideline တွေပဲများပါတယ်။

ဒါလို guideline မရှိပဲ အဆင်ပြေသလို ဖြတ်ညှပ်ကပ် လုပ်နေရတာကို မြန်မာဆရာဝန်တွေ အပေါ်ကိုပဲ အပြစ်လုံးလုံးတင်မယ်ဆိုရင်လဲ တရားမျှတမှုတော့ မရှိနိုင်ပါဘူး။ သူတို့ဟာလဲ သူတို့ရှိတဲ့ပစ္စည်းနဲ့ အတတ်နိုင်ဆုံးတော့ ကြံဖန်ပြီး လုပ်တော့လုပ်နေကြတာပါပဲ။

ဒါပေမယ့် ပစ္စည်းမရှိလို့ဆိုပြီး မင်းတို့ကောင်းမယ်ထင်သလိုသာ ကြည့်ကျက်လုပ်ကြကွာဆိုရင်တော့လဲ တဖြည်းဖြည်း ဆရာဝန်ဆေးပညာတွေ ပျောက်ပြီး ကောင်းမယ်ထင်ရာလုပ်တဲ့ရမ်းကုလို ဆရာဝန်တွေ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကလဲ ရှိလာပြန်ပါတယ်။

မြန်မာနိုင်ငံက ဆေးရုံတွေရဲ့ အဆင့်အတန်းက ကွာဟချက်ကြီးမားပါတယ်။ ခရိုင်အဆင့် ဆေးရုံတခုရဲ့ အဆင့်အတန်းဟာ တိုင်းအဆင့်ဆေးရုံတွေနဲ့ မတူပါဘူး။ တိုင်းအဆင့်ဆေးရုံတွေရဲ့ ဆေးကုနိုင်စွမ်းကလဲ သင်ကြားရေးဆေးရုံတွေရဲ့ အဆင့်နဲ့ မတူပြန်ပါဘူး။ အဆင့်အတန်းဆိုတာ ဆရာဝန်ရဲ့ ပညာရေးလယ်ဗယ်ကို ဆိုလိုချင်တာထက် ဆေးကုဖို့လိုအပ်တဲ့ ပစ္စည်းကိရိယာ၊ ဓါတ်မှန်၊ ဓါတ်ခွဲခန်းတွေကို ဆိုလိုတာပါ။

တခါ ပြင်ပ ပုဂ္ဂလိက ဆေးရုံတွေကလဲ အဆင့်အတန်းက အမျိုးမျိုးအထွေထွေ ကွဲပြားနေပါတယ်။ တကယ့် နိုင်ငံတကာအဆင့်မှီ JCI recognized ဆေးရုံတွေလဲ ရှိသလို ဘာမှလောက်လောက်လားလားပစ္စည်းမရှိဘဲ အထူးကုဆေးရုံဆိုင်းဘုတ်တပ်ထားတဲ့ ပုဂ္ဂလိက ဆေးရုံဆေးခန်းငယ်တွေကလဲ အများကြီးပါ။ ဒီအခါ မြန်မာပြည်မှာက ဆေးကုသမှု အဆင့်အတန်းကို ထိန်းညှိရတာက တကယ့် ပြဿနာကြီးတခု ဖြစ်လို့နေပါတယ်။

လူနာတွေ အနေနဲ့ကလဲ ဆေးကုဖို့ ကုန်ကျစရိတ်တွေကို ကိုယ့်အိပ်ကပ်ထဲက စိုက်ရတာဖြစ်တဲ့အတွက် လူနာရဲ့ ငွေကြေးအင်အားကလဲ ဆေးကုသမှု အဆင့်အတန်းမှာ အများကြီး စကားပြောသလို ဖြစ်နေပါတယ်။ ပိုက်ဆံရှိရင် guideline အတိုင်းကု၊ မရှိရင် ချွေတာ၊ အဆင့်တွေကျော် ၊ ကျော်ခွပြီးကု ဆိုသလိုမျိုး ဖြစ်နေပါတယ်။

အဆင့်တွေကျော်၊ ကျော်ခွပြီး မှန်းရ ရမ်းရတဲ့အခါမှာ တချို့သောလူနာတွေမှာ အနာနဲ့ဆေး မတွေ့တာ၊ ခုတ်ရာတလွဲ ရှရာတခြားတွေကလဲ ဖြစ်မှာပါပဲ။ အဆင့်တွေကျော်ရပြီ ဆိုကတည်းက safety လို့ခေါ်တဲ့ စိတ်ချရမှု အဆင့်အတန်းတွေကို စပြီးဖေါက်ဖျက်ကြရပြီလေ။

ဘယ်အရာမဆို အစွန်းမရောက်ကြဖို့ လိုပါတယ်။ ဘယ်လူနာလာလာ လက်နဲ့စမ်း၊ အာထရာဆောင်းလောက်ရိုက်ရုံနဲ့လဲ အလုပ်မဖြစ်ပါဘူး။ တချို့လူနာတွေက ဆေးပညာရဲ့ သဘောတရားကို သဘောမပေါက်ဘဲ ဒီဆရာကြီးက အပိုတွေဘာမှ မလုပ်ဘူး၊ တန်းခွဲတာပဲ၊ ကောင်းသွားတာပဲ၊ ဆေးတန်းပေးတာပဲ။ အိုကေသွားတာပဲ အစရှိသဖြင့် ပြောတတ်၊ ချီးကျူးတတ်ကြပါတယ်။ အင်း
ဒါပေမယ့် သူတို့ သတိမထားမိလိုက်တာက ရေရှည်ဘာဖြစ်မလဲ။ နောက်တချက်က ကိုယ်က ကံကောင်းလို့ အိုကေသွားသော်လဲ အဆင့်တွေကျော်ချလိုက်လို့ မအိုကေဘဲ တိုင်ပတ်ပြီး ပိုက်ဆံပိုကုန်သွားတဲ့ လူနာတွေလဲ အများအပြားရှိနိုင်တယ်ဆိုတာ သဘောပေါက်ကြဖို့ပါပဲ။

ကျွန်တော် team leader ဘဝက ရန်ကုန်ဆေးရုံကြီး အရေးပေါ်မှာ ဂျူတီကျရင် တနေ့ တနေ့ဗိုက်နာလို့ အရေးပေါ်ကိုလာတဲ့လူနာ မနည်းမနောပါ။ ကျွန်တော် လက်နဲ့စမ်း၊ ဆေး ၂ ချောင်းလောက် ကောက်ထိုးလိုက်ရင် ခဏနေ သက်သာသွားတာပါပဲ။ နာရီအနည်းငယ်လောက် စောင့်ကြည့်ပြီး ကောင်းရင် ပေးပြန်လိုက်တာပါပဲ။ ကျွန်တော့် စိတ်ထဲမှာ ဪဒီလူနာတွေရဲ့ ဘယ်လောက် ရာခိုင်နှုန်းလောက်ဟာ ကင်ဆာတွေ ဖြစ်နေကြမလဲလို့ ကျွန်တော် ခဏ ခဏတွေးမိပြီး စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော်လဲ ဘာမှ မလုပ်ပေးနိုင်ပါဘူး။ အဲ့ခေတ် ၂၀၀၄- ၂၀၁၃ လောက်က အူမကြီးမှန်ပြောင်း အစာအိမ်မှန်ပြောင်း ကြည့်ရဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်၊ CT ဝေးလို့ အာထရာဆောင်းတောင် လူတိုင်း မရိုက်ပါဘူး။ ပေါပေါများများ
ရိုက်စရာ ရိုးရိုးဓါတ်မှန်ပဲရှိပြီး အူအတက်ရောက်တာလိုမျိုးကတော့ ဘာမှကို မစစ်တော့ဘဲ လက်နဲ့စမ်းပြီး ခွဲဖို့လိုတယ် လုပ်ခဲ့ကြရတာပါပဲ။ တခြား တခြားသော ဆရာဝန်အပေါင်းလဲ ကျွန်တော့်နည်းတူ ဆုံးဖြတ်ချက်ချခဲ့ကြရတာပါပဲ။ ဘာလို့ဆို ကျွန်တော်တို့မှာ လူနဲ့ ခွဲခန်းကလွဲလို့ ဘာမှ မရှိသလောက်ပဲကိုး။ အထူးသဖြင့် အရေးပေါ်မှာပေါ့။

ခုတော့လဲ ကျွန်တော်က အပြင်ဆေးရုံက ဆရာဝန်ဆိုတော့ အူအတက်လေးရောင်တာတောင် CT လေး ရိုက်ပြီးမှ ၊ လုံးဝ သေချာမှ ခွဲချင်တယ်ဆိုတာမျိုး ဖြစ်သွားတာပေါ့။ လူနာကလဲ တတ်နိုင်၊ စက်တွေကလဲ ရှိလာတာကိုး။ အဲ့တော့ ကျွန်တော် ကျော်ချတာတွေ မလုပ်ချင်တော့ဘူးလေ။ ကျော်ချခြင်း၊ ချွေတာလွန်းခြင်းက လူနာကို ဘယ်လို ဒုက္ခပေးသလဲ အတွေ့အကြုံတွေလဲ များခဲ့ပြီ။ ကျော်ချလို့ ခံခဲ့ရပေါင်းလဲ များခဲ့ပြီကိုးဗျ။

ဒီလိုပြောလို့ ဘုန်းဗောလအော လုပ်ကြဟဲ့လို့ ဆိုလိုတာ မဟုတ်ပါဘူး ဆိုတာကိုလဲ သတိချပ်ကြဖို့ လိုပါတယ်။ မကြာမကြာ တွေ့ရတာက ဖေါက်ပြီးသားသွေးအဖြေတွေကို တစ်ကစ ပြန်ပြန်ဖေါက်တာပါ။ ဒီ ဓါတ်ခွဲခန်း ငါမယုံဘူး၊ ဟိုဓါတ်ခွဲခန်းမှ ယုံတယ်ဆိုတာမျိုးပေါ့။ အရေးကြီးတဲ့ တချို့တလေ ပြန်ဖေါက်တာကို နားလည်လက်ခံလို့ ရပေမယ့် အမြဲအဲ့လို တစ်က ပြန်စမယ်ဆိုတာတော့ မဟုတ်သေးဘူးလို့ ထင်ပါတယ်။ တချို့ကြတော့လဲ ဒါက ဟိုလူလုပ်ထားတာ၊ ငါပြန်လုပ်မယ် ဆိုပြီး ( ဥပမာ မှန်ပြောင်းကြည့်ထားတာ လပိုင်းပဲ ရှိသေးတယ်၊ ငါပြန်ကြည့်အုန်းမယ်ဆိုပြီး ထပ်ကြည့်တာမျိုးပေါ့) ။ ဒါတွေက တကယ်လိုအပ်ပါရဲ့လား။ တခါတလေ တကယ့် လူနာအခြေအနေပြောင်းလဲမှူကြောင့် မှန်ပြောင်း ထပ်ခါ ထပ်ခါ ကြည့်ရတာမျိုးကို လက်ခံပေမယ့် ဘာမှ အကြောင်းမရှိဘဲ ငါကြည့်ထားတာ မဟုတ်လို့ဆိုတာကတော့ ကောင်းမွန်တဲ့အကြောင်း ဟုတ်မနေပါဘူး။ နောက်တခုကတော့ မလိုအပ်ဘဲ ဆေးရုံအကြာကြီးတင်ထားတာမျိုးတွေပါ။ လူနာတွေကို စာနာသင့်တာတွေပါ။

ဒီလို အစွန်းတရားတွေ မဖြစ်အောင်၊ လမ်းချော်တာတွေ မဖြစ်အောင်၊ ၁၀၀% မဟုတ်သော်လဲ အတတ်နိုင်ဆုံး ထောင့်စေ့အောင် ဘာတွေက လမ်းညွှန်နေသလဲဆိုတော့ guideline တွေပါပဲ။

မြန်မာပြည်က ဆရာဝန်အတော်များများက guideline တွေကို မလိုက်နာကြပါဘူး။ မလိုက်နာဘူးဆိုတာကလဲ လိုက်နာနိုင်လောက်မယ့် resource လို့ခေါ်တဲ့ ပိုက်ဆံမရှိလို့ပါပဲ။ ဒါက ဆင်ခြေပေးစရာ အခြေအနေ တခုဖြစ်ပေမယ့် တဖြည်းဖြည်း guideline တွေကို မလိုက်နာတဲ့ အကျင့်က စွဲကပ်လာပြီးတော့ ငါထင်ရာငါလုပ်မယ်၊ ကောင်းမယ်ထင်ရာ စေတနာနဲ့ လုပ်တာပဲဆိုတာက အပြင်ဆေးရုံတွေ အထိပါ ရောက်လာပါတော့တယ်။ အပြင်ဆေးရုံက လူနာက ပိုက်ဆံတတ်နိုင်လဲ ဆရာဝန်က guideline ကို လိုက်နာနေကျ မဟုတ်တော့တဲ့အတွက် စနစ်တကျ မဖြစ်တော့ပါဘူး။ အစိုးရဆေးရုံမှာ လူနာတွေက ပိုက်ဆံမတတ်နိုင်လို့၊ စက်တွေကပျက်နေလို့ စသဖြင့် ဆင်ခြေပေးကာ ကျော်ချတာက ဖြစ်နိုင်သော်လဲ guideline ကို follow မလုပ်တဲ့ အကျင့်က စွဲကပ်နေတဲ့အခါ အပြင်ဆေးရုံကျ ဒီလိုဆင်ခြေပေးဖို့က ခက်ပါတယ်။

ပိုဆိုးတာက guideline တွေကို ပစ်ပယ်တဲ့ ဓလေ့က လွှမ်းမိုးနေတဲ့အခါ နိုင်ငံတကာက ဆရာဝန်တွေနဲ့ ပြောဆိုဆွေးနွေး စကားပြောရတဲ့အခါ အကုန်ဂွကျကုန်ပါတယ်။ အရှက်တွေကွဲကုန်ပါတယ်။

နောက်တခုက training လို့ခေါ်တဲ့ သင်ကြားရေး ပြဿနာပါ။ ဆရာဝန်ငယ်တွေဟာ ဆရာဝန်ကြီးတွေရဲ့ တယောက်တမျိုး တွေးခေါ်ကြံစည်လုပ်ကိုင်ကြတာတွေကို မြင်ရပြီး standard practice လို့ခေါ်တဲ့ စံကုသမှု၊ စံသတ်မှတ်ချက်တွေကို မသင်ယူရဘဲ တကျောင်း တဂါထာ ဖြစ်ကုန်တော့ ဘာကို သင်ယူရမလဲဆိုတဲ့ အူချာပေါက်မှုကို ဖြစ်စေပါတယ်။ နိုင်ငံခြားစာမေးပွဲတွေ ဖြေရင် အဲ့ဒီ guideline အူချာပေါက်မှုက တော်တော်ဒုက္ခပေးပြီး စာမေးပွဲကျစေပါတယ်။

သူများနိုင်ငံက ဆရာဝန်ငယ်တွေ စာမေးပွဲဖြေရင် သူတို့က နေ့စဉ်သူတို့လုပ်နေတာကိုပဲ ပြန်ဖြေရတော့ အေးဆေးပါပဲ။ ကိုယ်တွေ ဆရာဝန်ငယ်တွေ ခဗျာမယ် တကယ်လုပ်နေရတာက ကျော်ခွကုထုံးတွေဖြစ်နေပြီး စာမေးပွဲကျမှ စိတ်ကူးယဉ် standard treatment တွေ ဖြစ်နေတာကြောင့် တော်တော်သတိထားပြီး ဖြေကြရသလိုဖြစ်နေပါတယ်။

ဒီနေရာမှာ လူငယ်ဆရာဝန်များကို နိုးဆော်ချင်တာက guideline တွေကို ကြေညက်စေချင်တာပါ။ အစိုးရဆေးရုံမှာ guideline အတိုင်း အကြောင်းအမျိုးမျိုးကြောင့် မလုပ်နိုင်သည့်တိုင် အတတ်နိုင်ဆုံး guidelines နဲ့ နီးနီး နေစေချင်ပါတယ်။ guideline ကဘယ်လို၊ သို့သော် ပိုက်ဆံမရှိလို့ ဟိုလိုလုပ်လိုက်ရတယ်၊ ဒီလိုကျော်ခွလိုက်ရတယ်၊ သို့သော် တကယ်အကောင်းဆုံး လုပ်ရမှာကတော့ ဒီဟာဆိုတာကို မျက်ခြေမပြတ်စေချင်ပါဘူး။ ဒါမှ ချွေတာနေရပေမယ့် အတွေးအခေါ် မှန်နေသော၊ principle မပျက်သော ဆရာဝန်ဖြစ်ပြီး ကိုယ်ရော၊ လူနာရော အန္တရာယ်ကင်း အကျိုးရှိပြီး နိုင်ငံတကာမှာလဲ ဝင်ဆန့်ပါလိမ့်မယ်။

Guideline ဆိုတာ ဘယ် ဆရာ့ ဆရာကြီးကမှ ရေးဆွဲထားတာမဟုတ်ပါဘူး။ evidence based medicine လို့ခေါ်တဲ့ သုတေသနတွေကနေ guideline ဖြစ်လာတာပါ။ ဒါတွေက ကိုယ်ကောင်းမယ်ထင်ရာ လုပ်တာပဲဆိုပြီး စိန်ခေါ်လို့ မရနိုင်ပါဘူး။ level 5 နဲ့ level 1 တော်တော်ကွာပါတယ်။

လူနာတွေ အနေနဲ့လဲ ဘယ်ဟာက အသုံး၊ ဘယ်ဟာက အဖြုန်းသေချာမေးမြန်း နားလည်ခြင်းဖြင့် အန္တရာယ်ကင်းသော မကျော်မခွ ကုသမှုများ ရရှိနိုင်ပါစေကြောင်းပါ။


“Nothing can bring you peace but yourself “Ralph Waldo Emerson Photo by Drmyo
12/07/2025

“Nothing can bring you peace but yourself “

Ralph Waldo Emerson

Photo by Drmyo

29/06/2025

ဝမ်းသွားတာ သွေးပါရင် ကင်ဆာအတွက် စိတ်ပူစရာ လိုပါသလား။
*******************************************

အဖြေကို ထိပ်ဆုံးမှာပဲ ပေးလိုက်မယ်။ ပူသင်တဲ့သူ ရှိတယ်။ အရမ်းမပူသင့်တဲ့သူလဲ ရှိတယ်။ အတင်းကာရော စိတ္တဇဖြစ်လောက်အောင် စိတ်ပူစရာမလိုသလို ပေါ့တီးပေါ့ဆ လစ်လျူရှုလို့လဲ မရပါဘူး။ ဘယ်လိုသူတွေက ဆရာဝန်နဲ့ သေသေချာချာ အချိန်မဆိုင်းပဲ ပြသဖို့လိုအပ်ပြီး ဘယ်လိုသူတွေကတော့ အရမ်းစိတ်ပူဖို့ မလိုဘူးလဲ သိချင်ရင် ဒီစာကို အဆုံးထိအောင် ဆက်ဖတ်ပေးပါ။ ကျွန်တော်ရှင်းပြပါမယ်။

ကျွန်တော့်ဆီကို တနေ့တနေ့ လူနာပေါင်းများစွာ ဝမ်းသွားရင်သွေးထွက်လို့ဆိုပြီး လာလာပြကြပါတယ်။ စိတ်ပူလို့ လာပြကြတာပါ။ တချို့ကို ကျွန်တော်က အေးအေးဆေးဆေးပဲ စိတ်မပူဖို့ရှင်းပြပြီး ဆေးပဲပေးလိုက်ပါတယ်။ တချို့ကိုတော့ အူမကြီးမှန်ပြောင်းကြည့်ခိုင်းပါတယ်။ ဘာအပေါ်မူတည်ပြီး ကျွန်တော်က ဒီလိုမတူကွဲပြားစွာ ဆုံးဖြတ်နေတာပါလဲ ကျွန်တော်ရှင်းပြပါမယ်။

လူနာတွေရဲ့ အဓိက ပြဿနာကတော့ ဝမ်းသွားရင်သွေးပါလို့ပေါ့။

နံပါတ်တစ် ကျွန်တော်ထိပ်ဆုံးကထားပြီးစဉ်းစားတာက လူနာရဲ့ အသက်အရွယ်ပါ။ အကြမ်းဖျင်း အသက် (၄၀) အောက် လူနာတွေ ဝမ်းသွားရင်း သွေးပါရင် ကျွန်တော် သိပ်စိတ်မပူပါဘူး။ အသက်(၄၀) ကျော်ရင် တော့ စိတ်ပူပါတယ်။ ဘာလို့ဆို အသက် (၄၀) အောက်မှာ ဝမ်းသွားရင်း သွေးပါသော်လဲ အူမကြီးကင်ဆာဖြစ်နိုင်ခြေဟာ နည်းပါးပါတယ်။ အသက် (၄၀) ကျော်လာရင်တော့ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေက စတင်ပြီး မြင့်တက်လာပြီ ဖြစ်တဲ့အတွက် ဒီလူနာဟာ ကင်ဆာများ ဖြစ်နေမလား စပြီးစဉ်းစားပါပြီ။ သဘောကတော့ မှန်ပြောင်းကြည့်သင့်သလား စပြီးစဉ်းစားပါတယ်။

အူမကြီးကင်ဆာဟာ လူငယ်တွေမှာ မဖြစ်တော့ဘူးလားဆိုတော့ ဒီလိုမဟုတ်ပါဘူး။ ဖြစ်ပါတယ်။ ဖြစ်တာမှ တခြားကင်ဆာတွေထက်တောင် အူမကြီးကင်ဆာက လူငယ်လူလတ်ပိုင်းတွေမှာ ဖြစ်နိုင်ပါသေးတယ်။ သို့သော်ငြား အသက် (၄၀-၄၅) ဆိုတဲ့ အရွယ်နဲ့ နှိုင်းယှဉ်ရင်တော့ လူငယ်တွေဟာ ဘာပဲပြောပြော ကင်ဆာဖြစ်နိုင်ခြေ နည်းပါတယ်။ အဲ့တော့ ပြောချင်တာက အသက် (၄၀) အောက် လူငယ်တွေမှာ ဝမ်းသွားလို့ သွေးပါရင် အရမ်းကာရောတော့ ကင်ဆာစိတ္တဇကြီး မဖြစ်ပါနဲ့အုန်း။ သတိထားတာကတော့ ကောင်းပါတယ်။ သို့သော် အလွန်အကျွံ အခြေအမြစ်မရှိ စိတ်ပူခြင်းကလဲ မကောင်းလှပါဘူး။

သို့သော် အသက်ငယ်သော်ငြား သတိထားရမည့် လူနာတွေရှိသည်။ မိသားစုထဲတွင် အူမကြီးကင်ဆာဖြစ်သည့် ရာဇဝင်၊ အစာအိမ်ကင်ဆာ ရာဇဝင်၊ သားဥပြွန်ကင်ဆာ ဒါမျိုးတွေရှိလျှင် ဒါမှမဟုတ် နာတာရှည်အူမကြီးရောင်သော Ulcerative Colitis လို လူနာမျိုးဆိုရင်တော့ ငယ်ပေမယ့် လျှော့မတွက်သင့်၊ အမြဲသတိထားနေရမည် ဖြစ်သည်။

နောက်တခု ကျွန်တော်စဉ်းစားတာကတော့ သွေးထွက်ပုံသွေးထွက်နည်းပါ။ ဝမ်းသွားတာ သွေးပါတာက ဟုတ်ပြီ။ သွေးက ရဲရဲတောက် သွေးစိမ်းရှင်ရှင်ထွက်တာလား၊ ဒါမှမဟုတ် ဝမ်းနဲ့ အရောထွက်သလား။ ရဲရဲတောက် သွေးစိမ်းရှင်ရှင်ထွက်တယ်၊ ဝမ်းသွားပြီးသွေးက တတောက်တောက်ကျတယ်၊ ဝမ်းသွားရင် သွေးကဗြန်းကနဲ ပန်းထွက်တယ်ဆိုရင် သဘောက ဒီသွေးသည် စအိုဝက လာတာဖြစ်ဖို့များတယ်။ သဘောက စအိုကို လက်နဲ့စမ်းရုံနဲ့ ဇာတ်လမ်းတော်တော် ပြတ်နိုင်တယ် ဆိုတဲ့ သဘောပါပဲ။ ကင်ဆာဖြစ်ခဲ့ရင်တောင် လက်နဲ့စမ်းရုံနဲ့ ကင်ဆာအကြိတ်ကို မိနိုင်တယ်၊ လက်နဲ့မှီတယ်ဆိုတဲ့ သဘောသက်ရောက်ပါတယ်။ အများအားဖြင့် ဒီလိုသွေးထွက်ပုံ သွေးထွက်နည်းဟာ လိပ်ခေါင်းက၊ စအိုကွဲတာက ဖြစ်ဖို့များတယ်။ ကံဆိုးလို့ မစင်အိမ်ကင်ဆာ( CA re**um) ဖြစ်အုန်းတော့ ၊ လက်ကို စအိုထဲထည့်ပြီးစမ်းတာနဲ့ တန်းကနဲသိဖို့ပိုပြီးများပါတယ်။ သွေးရဲတိုင်း စိတ်ပူစရာမလိုဘူးလို့ ကျွန်တော်မပြောဘူးနော်။ တခါတလေ မစင်အိမ်ကင်ဆာ ( CA re**um) တွေဟာလဲ စအိုဝ (ဖင်) နဲ့ နီးတာမို့ သွေးရဲရဲထွက်နိုင်ပါတယ်။ သို့သော် သွေးဟာဝမ်းနဲ့ရောပြီးထွက်တယ်၊ အကျိအချွဲတွေလဲပါတယ်၊ ဝမ်းသွားရတာကလဲ အရင်နဲ့မတူ၊ မဝဘူး၊ မပြီးဘူး၊ အိမ်သာတက်ပြီးရင် ဇာတ်လမ်းမပြတ်ဘဲ အိမ်သာမှာ ပြန်ပြန်ထိုင်နေရတယ် ဆိုရင်ဖြင့် ဒါဟာ မပေါ့ဆသင့်သော၊ အရေးကြီးသော၊ စိတ်ပူရသော၊ ဆရာဝန်နဲ့ မြန်မြန်တွေ့ပြီး အူမကြီးမှန်ပြောင်း ကြည့်သင့်တဲ့ ကိစ္စဖြစ်လာပါပြီ။ အထူးသဖြင့် အသက်(၄၀) ကျော် သော ပုဂ္ဂိုလ်များပေါ့။

နောက်ထပ် ကျွန်တော် စဉ်းစားတာက ဝမ်းသွားရင်းသွေးပါတယ်ဆိုပြီး လူနာကလာရင် သွေးပါတာ ဘယ်လောက်အချိန်ကြာပြီလဲ၊ ဘယ်လောက် ရက်စိတ်စိတ် သွေးပါသလဲဆိုတဲ့ ကိစ္စပါပဲ။

သွေးပါတာ ၁၀ နှစ်၊ ပါလိုက် မပါလိုက်ပဲ၊ ဝမ်းချုပ်ရင် ပါတယ်။ ဒါဆိုရင် နည်းနည်းစိတ်အေး။ ဘာလို့ဆို တကယ်လို့များ ကင်ဆာက သွေးထွက်ရင် ဘယ်လိုမှ (၁၀) နှစ်တော့ ဒီအတိုင်းဆက်ရှိနေမှာ မဟုတ်ပေဘူးလေ။ ဘဝကူးသွားလောက်ပြီ၊ မဟုတ်ဘူးလားဗျာ။

အဲ ဒီလိုမဟုတ်ဘဲ အစက အကောင်း၊ သွေးပါလာတာ ၃ လ ၄ လ ၊ အသက်ကလဲ (၄၀) ကျော်ဆိုရင်ဖြင့် သေသေချာချာ သတိထားသင့်ပေပြီ။ မှန်ပြောင်းကြည့်ဖို့ စစဉ်းစားတိုင်ပင်ဖို့ ကျွန်တော်စဉ်းစားမည်ဖြစ်သည်။ ၁၀ နှစ် ၁၅ နှစ် သွေးကပါလိုက် မပါလိုက်ဖြစ်နေတာထက် ၃လ ၄လ ရက်စိတ်စိတ်လေး သွေးပါနေတာက ပိုပြီး စိတ်ပူဖို့ကောင်းလေသည်။

နောက်တခုက သွေးပါသည့်ရက် စိတ်၊ မစိတ်။ ကင်ဆာကြောင့် သွေးထွက်လျှင် နေ့တိုင်းတော့ သွေးကထွက်ချင်မှ ထွက်မည်။ ပါသည့်ရက်ပါ မပါသည့်ရက်မပါဖြစ်နိုင်သော်လဲ အများအားဖြင့် ရက်စိတ်လေ့ရှိသည်။

လိပ်ခေါင်းတို့ ဘာတို့ကျ သက်သာနေလျှင် လပိုင်းလောက် မပါပဲ ကောင်းနေပြန်ရော။ ကင်ဆာကျတော့ အဲ့လိုအကြာကြီး သွေးတိတ်နေလေ့ မရှိ၊ ရက်ခြား သို့မဟုတ် နေ့စဉ် နည်းနည်းတော့ပါနေတတ်သည်။

နောက်တမျိုးကတော့ လူနာက သွေးပါနေသည်။ စအိုကို စမ်းကြည့်တော့လဲ ဘာမှ လောက်လောက်လားလား လိပ်ခေါင်းလဲ မတွေ့၊ စအိုကွဲတာလဲ မတွေ့၊ ဆေးပေးတော့လဲ သွေးထွက်တာက ကောင်းမလာသော လူနာမျိုးတွင်ကား မှန်ပြောင်းကြည့်မလားဆိုတာ စဉ်းစားရမည့် ကိစ္စဖြစ်ပေသည်။

ကျွန်တော့်ဆီသို့ တချို့သော လူနာများက အကြောက်လွန်ပြီး တုန်လှုပ်ခြောက်ခြားစွာ လာပြကြသည်။ ဒါမျိုးတွေ ကျွန်တော်က မဖြစ်စေလိုပါ။ လောကကြီးတွင် သတိထားရမည့် သတိထားသင့်သည့် ကိစ္စများ၊ ရောဂါလက္ခဏာများကို ဗဟုသုတအနေဖြင့် သိထားခြင်းအားဖြင့် ကြောက်သင့်တာ စိုးရိမ်သင့်တာဆိုရင်လဲ ဆရာဝန်ဆီ စောစောသွားပြခြင်းဖြင့် အကျိုးကျေးဇူးရှိရာ၏။ အရမ်းကာရောလဲ ရှိရှိသမျှ ပြဿနာတိုင်းကို အစိုးရိမ်လွန်နေခြင်းမှာလဲ နည်းလမ်းမကျသေးပေ။

ဆေးပညာမှာ judgement ဆိုတဲ့ ချင့်ချိန်မှုရှိသည်။ cost effectiveness ဆိုတဲ့ ငွေကြေးကုန်ကျမှုနဲ့ ပြန်ရတဲ့ အကျိုးကျေးဇူးကိုလဲ ထည့်တွက်ရမည့် အပိုင်းရှိတယ်။ မလိုတာတွေ နင်းကန်လျှောက်လုပ်ရင်လဲ လူနာပိုက်ဆံကုန် အကျိုးမရှိ။ လုပ်သင့်တာတွေကို နင်းကန်ချွေတာပြီး မလုပ်ရင်လဲ လူနာအကျိုးမဲ့၊ ရောဂါတွေလွတ်ထွက်၊ အသိနောက်ကျ ကုမရ ဖြစ်နိုင်သည်။ ဆရာဝန်တစ်ယောက်သည် အမြဲ judgement ကောင်းနေဖို့လိုသည်။ အထူးသဖြင့် မြန်မာပြည်လို နေရာတကာ guidelines အတိုင်း မလုပ်နိုင်ဘဲ ချွေတာနေရသည့် တိုင်းပြည်တွင် ပိုပြီး judgement ကောင်းဖို့လိုပါသည်။

ဒီစာလေးက ဒီကိစ္စလေးတွေကို အနည်းငယ် နားလည်သဘောပေါက် ပြေလည်နိုင်ကောင်းပါရဲ့။

#အူမကြီးကင်ဆာ
#အူမကြီးမှန်ပြောင်း

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Drmyo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram