Drmyo

Drmyo This page is about the personal experience of a surgeon and to share some knowledge about the surgery. Consultant Surgeon ( General & Colorectal Surgery)

14/01/2026

ကျွန်တော်ရခဲ့တဲ့ သင်ခန်းစာ တစ်ခု၊ အတွေးတခု
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

ကျွန်တော် ခွဲစိတ်အထူးကုဘွဲ့လွန်ကျောင်းသားဘဝ ၂၀၀၇-၂၀၀၈ ဝန်းကျင်ဖြစ်မည်ထင်ပါသည်။ နေရာကတော့ ထုံးစံအတိုင်း ရန်ကုန်ဆေးရုံကြီးပေါ့။

ရန်ကုန်ဆေးရုံကြီးတွင် ထိုစဉ်က combined clinic ခေါ် ဆေးပညာဆွေးနွေးပွဲက တစ်လကို နှစ်ကြိမ်ရှိသည်။ တကြိမ်က ခွဲစိတ်ဌာနတွေကချည်း စုပေါင်းလုပ်သော surgical combined ခေါ် ခွဲစိတ်နှင့်ဆိုင်သော ရောဂါတွေ၊ ခွဲစိတ်လူနာတွေချည်း သီးသန့်ဆွေးနွေးကြတာဖြစ်၏။ နောက် တခုကား ရန်ကုန်ဆေးရုံကြီး၏ ဆေးရုံအုပ်ကြီးက ကြီးမှူးကျင်းပသော YGH combined ခေါ် ရန်ကုန်ဆေးရုံကြီးမှာ ရှိရှိသမျှ လူနာဆောင်အသီးသီးမှ စုံစီနဖာ လူနာများနှင့်ပက်သက်သမျှ ထူးခြားဖြစ်စဉ်များ၊ ရှားပါးလူနာများ၊ ဆေးပညာအရ စိတ်ဝင်စားစရာ လူနာများအကြောင်းကို ဆွေးနွေးကြခြင်းဖြစ်သည်။ YGH combined က ခွဲစိတ်လူနာတင်မက ရှိရှိသမျှ ရောပြွမ်းနေသော လူနာများအကြောင်းဖြစ်၍ တမျိုးစိတ်ဝင်စားစရာကောင်းပါသည်။

ထိုနေ့က YGH combined တွင် case တခုတင်သည်။ တင်သူက ဆရာဦးသက်ခိုင်ဝင်း။ ဆရာက ထိုအချိန်က ဆေးကုသဆောင် (၁၇/၁၈) ၏ ပါမောက္ခဖြစ်သည်။ တင်သည့်အကြောင်းက (၁၇-၁၈) ဆရာသက် လူနာဆောင်မှ လူနာတစ်ယောက်အကြာင်း။ လူနာက pericardial effusion ခေါ် နှလုံးကို ကာရံထားသော နှလုံးအမြှေးပါးတွင် ရေဝင်နေခြင်းကြောင့် ထိုရေများက နှလုံးကို ဖိထားသလိုဖြစ်နေခြင်းကြောင့် နှလုံးညှစ်အားကျကာ အမောဖေါက်နေသော အကြောင်း။ ထိုသို့ အမောဖေါက်နေခြင်းကြောင့် ထိုနှလုံးကို ဖိနေသောရေများကို စုပ်ထုတ်ရန် အရေးပေါ်အခြေအနေဖြစ်နေသဖြင့် cardiac surgery ခေါ် နှလုံးခွဲစိတ်ဆောင်မှ နှလုံးခွဲစိတ်ဆရာဝန်ကို ဆရာသက်မှ ခေါ်ပြသည်။ chat show သည်ဟု ခေါ်သည်။ နှလုံးခွဲစိတ်ဌာနမှ ဆရာဝန်က လူနာကိုလာကြည့်ပြီး echo ခေါ် နှလုံးကို အာထရာဆောင်းတမျိုးကို ရိုက်ခိုင်းပြီး echo ရပါက ထိုဖိနေသောရေကို လာစုပ်ပေးမည်ဟု လူနာမှတ်တမ်းတွင်ရေးပြီး ထားခဲ့သည်။ အဲ့ဒီမှာ echo က ဘာဖြစ်သည်တော့ မမှတ်မိတော့ ။ သဘောကတော့ echo က ကြန့်ကြာနေရာ နှလုံးခွဲစိတ်ဆရာဝန်က echo ရိုက်ပြီးမှ စုပ်ပေးမည် တင်းခံနေသည်။ ဆရာသက်ကလဲ မြန်မြန်စုပ်ပေးစေလိုသည်။ လူနာက တော်တော်မောနေပြီကိုး။ အောက်ဆီဂျင်လဲ ကျနေသည်။ နှလုံးခွဲစိတ်ကလဲ echo ရမှ လာပြော၊ echo ရရင် စုပ်ပေးမယ် ခေါင်းမာနေရာ ဆရာသက်လဲ တော်တော် ဒေါသထွက်နေလေပြီ။

နောက်ဆုံးပြောရရင် echo ကို မဟားဒရား အကြိမ်ကြိမ်လောဆော်ပြီးမှ နှလုံးဆရာဝန်က ရေစုပ်ပေးသွားပြီး လူနာကတော့ သက်သာသွားပါသည်ပေါ့။

ထိုနေ့က ဆရာသက် တင်ပြသည်မှာ (၁၇/၁၈) တွင် ထိုကိစ္စဖြစ်ခဲ့ပြီး နှလုံးဆရာဝန်က echo မရှိ၍ မစုပ်ပေးဘူး လုပ်နေခြင်းမှာ မဖြစ်သင့်ကြောင်းပေါ့။

အဲ့သည်မှာ ထို combined clinic တွင် နှလုံးခွဲစိတ်မှ အမဒေါက်တာဒေါ်အေးအေးပြုံးလဲ ရှိနေလေရာ ဟိုငြင်းဒီငြင်း ဖြစ်ကြပြီး နောက်ဆုံး အမဒေါ်အေးအေးပြုံးက ဒီ pericardial effusion ကို စုပ်ဖို့ နှလုံးခွဲစိတ်ဆရာဝန်ကို (၁၇/၁၈) က တကြော်ကြော် ခေါ်နေခြင်းမှာ မဖြစ်သင့်ကြောင်း၊ ဒီလောက်လူနာမောနေသော pericardial effusion ဆိုပါက အရေးပေါ်အခြေအနေဟု သတ်မှတ်ကာ (၁၇/၁၈) မှ ဆရာဝန်တစ်ဦးဦးက ချက်ချင်းစုပ်သင့်ကြောင်း၊ ဒါသည် ဆေးပညာမှာ သင်ကြားပြီးဖြစ်သော ဆရာဝန်တိုင်းတတ်ရမည့် bedside emergency procedure ဖြစ်ကြောင်း၊ cardiac surgeon ( နှလုံးခွဲစိတ်ဆရာဝန်) ကို ဆရာသက်က အပြစ်မတင်သင့်ကြောင်း ပြန်ပြောလေသည်။

ကျွန်တော်တို့က လူကြီးသူမ ဆရာကြီးများ ပါမောက္ခများ ငြင်းခုန်ပွဲကြမ်းနေကြပြီဖြစ်၍ ဒီပွဲကတော့ တော်တော်ကြည့်ကောင်းတယ်ဟေ့ဆိုတာ နောက်ခုံတမ်းများမှ အားပေးလျှက်နေကြကုန်၏။ ပွဲကြီးပွဲကောင်းပေကိုး ခင်ဗျ။

ဒါပေမယ့် ဒီနေရာမှာ အထင်လဲ မမှားကြနဲ့အုန်း ခင်ဗျ။ ဆေးပညာ ဆွေးနွေးပွဲ clinic တွေဟာ ဒီလိုပဲ ပညာရပ်ဆိုင်ရာတွေ အပြင်းအထန် ငြင်းခုံကြသော်လဲ ပွဲပြီးသွားတော့လဲ မိတ်ဆွေရင်း ဟီးဟီးဟားဟားပါပဲ။ ဒါလဲ ဆရာဝန်ဘဝ တမျိုး ဘိုဆန်၍ သဘောကျစရာကောင်းသော တချက်ပေတည်း။

ယခု အရေးပေါ်လူနာကို bedside ကုတင်ဘေး အရေးပေါ်စုပ်လိုက်ပါလားဟု အမဖက်က ပြောလေတော့ ကျွန်တော့်စိတ်ထဲကလဲ အမဒေါ်အေးအေးပြုံး ပြန်ချေပတာလဲ ဟုတ်ပေသားပဲ။ ဒါ bedside procedure ပဲဟူ၍ ဟုတ်တုတ်တုတ် တွေးနေတုန်း ဆရာသက်သည် ကျွန်တော်လုံးဝတွေးမထင်ထားသော ပိုင်နိုင်သော အကွက်ကို ချက်ချင်းထောက်လိုက်လေသည်။

ဆရာသက်ပြန်ပြောသည်မှာ ယခုတိုင် စကားလုံး အတိအကျ နားထဲကြားယောင်နေသေးသည်။

“ ဟုတ်ပါတယ်၊ ဒါ emergency bedside procedure ပါပဲ၊ ကျွန်တော်လဲ ဒီလူနာကို ကိုယ့်ဟာကိုယ် စုပ်တော့မယ်လို့ ပြင်ဆင်နေပါပြီ။ ဒါပေမယ့် ခင်ဗျားတို့လို နှလုံးခွဲစ်တ်ဆရာဝန်ကြီးတွေတောင် echo လို့ဆိုတဲ့ဟာကြီးရမှ စုပ်မယ်ပြောနေတာ၊ ကျွန်တော်တို့ကိုကျ ကုတင်ဘေးမှာ စုပ်လိုက်ပါလားလို့ပြောနေတာ တရားမျှတမှု ရှိပါရဲ့လားတဲ့”

နားထောင်နေကြသည့် ပရိသတ်က ဝေါကနဲဖြစ်သွားသည်။ အမဒေါ်အေးအေးပြုံးလဲ ဘာမှ ပြန်ပြောသည်ဟု ကျွန်တော်မမှတ်မိ။ ဘာမှ ပြန်မပြောတော့ဟု ကျွန်တော်ထင်သည်။

ဒီနေရာမှာ ဒိုင်လူကြီးက ကျွန်တော့်ရဲ့ ဆရာရင်းကြီး ရင်ခေါင်းခွဲစိတ်က ဆရာကြီးဦးခင်မောင်အေးပါပဲ။

ဒီနေရာမှာ ဆရာအေးက မတ်တပ်ရပ်၍ ပြောသည်ကား cardiac surgeon မရှိသော ဆေးရုံများအနေဖြင့်မူ ဒေါ်အေးအေးပြုံး ပြောသည်မှာ မှန်ကန်ကြောင်း၊ ( cardiac surgery နှလုံးခွဲစိတ်ဌာနမှာလဲ ရန်ကုန်နှင့် မန္တလေးတွင်သာရှိသည်။ ဤကား စကားချပ်) လူနာဒီလောက်မောနေပါက ဘယ်သူ့မှ ခေါ်ပြမနေသင့်ပဲ ကိုယ့်ဟာကိုယ် စုပ်သင့်ကြောင်း၊ သို့သော် ယခု လူနာမှာမူ ရန်ကုန်ဆေးရုံကြီးတွင် ဖြစ်ခြင်းကြောင့် (၁၇/၁၈) မှ ဆရာဝန်သမားတော် physician များက မစုပ်သင့်ကြောင်း၊ နှလုံးခွဲစိတ်ဌာနမှာ နှလုံးခွဲစိတ်ဆရာဝန်မှသာ စုပ်ပေးသင့်ကြောင်း၊ ဒါမှသာ လူနာသည် ရန်ကုန်ဆေးရုံကြီးနှင့် သင့်တော်သော အကောင်းဆုံးဝန်ဆောင်မှု service ကို ရသည်ဆိုရမည်ဖြစ်ကြောင်း၊ သူကတော့ ဒီလိုသဘောထားပေး၍ ဒီလိုပဲ မှတ်ယူတာ တရားနည်းလမ်းကျမည်ဟူ၍ ဒိုင်လူကြီးသဖွယ် အဆုံးအဖြတ်ပေးလိုက်ရာ အားလုံးဘာမှ စောဒက မတက်ကြတော့ဘဲ ပြီးဆုံးသွားကြပါတော့သည်။

တခြားဆရာဝန် အငယ်များအဖို့မူကား ဒီသင်ခန်းစာကို ဆက်လက်သယ်ဆောင်သွားသလား၊ မေ့သွားကြသလား မပြောတတ်သော်လဲ ကျွန်တော့်အဖို့မူ ထိုအဖြစ်အပျက်နှင့် ဆရာအေး၏
မှတ်ချက်စကားကို ကျွန်တော်လိုက်နာကျင့်သုံးမည့် မူတခု အဖြစ်လည်းကောင်း၊ ဆေးပညာကျင့်ဝတ်နှင့် ကိုက်ညီပါပေသည်ဟူ၍ လည်းကောင်း စိတ်ထဲ အမြဲပင် မှတ်မှတ်ရရ ရှိနေခဲ့ပါတော့သည်။

ကျွန်တော်သည် ယခုအခါ မိမိကိုယ်ကို colorectal surgeon ( အူမကြီးနှင့် စအိုရောဂါခွဲစိတ်ကု ဆရာဝန်) တစ်ယောက်နေဖြင့် ခံယူသည်။ ကျွန်တော့်မှာ colorectal fellowship training လဲ ရှိသည်။ သို့သော် မြန်မာပြည်တွင် ယခုအချိန်အထိ ထို အထူးကုဌာန တရားဝင် မရှိသေးပါ။ Myanmar colorectal surgical society ဟုခေါ်သော အစုအဖွဲ့သည်ကား မြန်မာနိုင်ငံ ဆရာဝန်အသင်း၏ လက်အောက်တွင် တရားဝင် ဖွဲ့စည်းတည်ထောင်ထားပါသည်။ ကျွန်တော်တို့ကို မြန်မာနိုင်ငံဆေးကောင်စီမှ အထွေထွေခွဲစိတ်အထူးကု specialist license သာ ချထားပေးသည်။

ကျွန်တော့် စာဖတ်ပရိသတ်များဆိုလျှင် သိသည်။ ကျွန်တော်သည် ဆေးပညာအကြောင်းဆိုလျှင် ဒီအူမကြီးတွေ၊ စအိုရောဂါတွေ အကြောင်းပဲ ပြောသည်၊ ဟောသည်၊ ရေးသည်။ ကျန်တာတွေ မရေး။ ကျန်တာတွေ မရေးဆို ကျွန်တော်သည် ကျန်တာတွေကို ကိုယ့်ကိုကိုယ် up to date နောက်ဆုံးပေါ်ဟာတွေ လေ့လာဖတ်ရှုနေသည်ဟု မထင်၍ မရေးခြင်းပေ။

မရေးသလို ကျွန်တော်သည် ကျန်တာတွေလဲ သိပ်မခွဲ။ ကျွန်တော်သည် ဝန်ထမ်းဘဝက ကိုယ့်ကိုကိုယ် အထွေထွေခွဲစိတ်အထူးကုတစ်ယောက်အနေဖြင့်သာ ခံယူထားရာ အဲ့တုန်းက တခြားသူများနည်းတူ အကုန်ခွဲ၏။ လည်ပင်းသိုင်းရွိုက်ဆိုလဲ ခွဲလိုက်တာပဲ။ အစာအိမ်ဆိုလဲ ခွဲလိုက်တာပဲ။ သည်းခြေအိတ်ဆိုလဲ ခွဲလိုက်တာပဲ။ အဲ့လိုပေါ့။

ခုကျ စိတ်က အဲ့လိုမဟုတ်တော့။ ကျွန်တော့်စာများထဲတွင် အူမကြီးကင်ဆာကို ဘယ်သို့ ဘယ်ပုံ နိုင်ငံတကာအဆင့်အတန်းနှင့် အညီ lymph node dissection အကြိတ်တွေပြောင်အောင်ခွဲရမည်၊ TME ( total meaorectal excision ) တွေ ၊ CME တွေလုပ်မှ လူနာအတွက် တရားမည် စသဖြင့် ပြောဟောလာရာ ကိုယ့်အူမကြီးကိစ္စကျ ဒီလိုပျံလန်နေအောင်လုပ်မှ ကောင်းမည် စာနဲ့ပေနဲ့ တက်ရေးနေပြီး ကျွန်တော်က အရင်လို တခြားကင်ဆာတွေကျ ကျွန်တော်အရင်က ခွဲတတ်သလို ဟိုစပ်စပ် ဒီစပ်စပ်လျှောက်ခွဲနေပါက ကျွန်တော်သည် တရားမျှတပါ၏လော။ ကိုယ့်စကားကိုယ် မလေးစားရာ ရောက်မနေဘူးလော။

သိုင်းရွိုက်ကင်ဆာဆိုလဲ သိုင်းရွိုက်ကင်ဆာမို့ သိုင်းရွိုက်ထုတ်ရုံနဲ့ မပြီးသေး၊ neck dissection ခေါ် လည်ပင်းအကြိတ်တွေ အကုန်အပြောင်လုပ်နိုင်မှ လူနာအတွက် ကောင်းပေမည်။ ကျွန်တော်က သိုင်းရွိုက်တော့ ခွဲထုတ်တတ်ပါရဲ့၊ neck dissection မလုပ်တတ်ပါက လူနာအတွက် တရားမျှတပါ၍လော။

Gastric cancer ခေါ် အစာအိမ်ကင်ဆာတို့တွင်လဲ အစာအိမ်ကိုထုတ်ရုံနဲ့ မပြီးသေး၊ node dissection ခေါ် အစာအိမ်ပတ်ချာလည်က အကြိတ်တွေကို အနည်းဆုံး D2 level ထုတ်နိုင်ရမည်။ ကျွန်တော်သည် အစာအိမ်ကို ခွဲတတ်ပါ၏။ သို့သော် D2 ကို မလုပ်တတ်ချေ။ D1 သာလုပ်တတ်၏။ D2 လုပ်တတ်သော အစာအိမ်ဆရာများ ရှိလေရာ ကျွန်တော်က D2 ထိရောက်အောင် မခွဲတတ်ဘဲ D1 level ကိုခွဲပြီး လူနာကို အစာအိမ်ကင်ဆာကြီး ခွဲပေးလိုက်ပါပြီ ပြောရသော် ကျွန်တော်စိတ်မသန့်ပေ။ လူနာကတော့ ကိုယ်မပြောရင် ဘာသိမှာလဲ။ ခွဲပြီးသွားပြီပဲပေါ့။ D2 တွေ D1 တွေက ဆရာဝန်တွေ အလုပ်လေ။ ကိုယ့်ထက် ပိုကောင်းအောင် ခွဲတတ်သူ ဆရာများရှိပါက ကျွန်တော်သည် ထိုသူထံ လူနာကို လွှဲပေးသင့်သည် မဟုတ်ပါလော။

အဲ့လို စဉ်းစားဆင်ခြင်ပြီး ကျွန်တော်သည် ကိုယ်ပိုင်ပိုင်နိုင်နိုင် lymph node dissection လုပ်တတ်သော ရင်သားကင်ဆာနှင့် အူမကြီးကင်ဆာမှလွဲ၍ ကျန်သော ကင်ဆာများ ဘာကင်ဆာမှ မခွဲတော့ပြီ။ ကင်ဆာမဟုတ်သော တခြားအထွေထွေခွဲစိတ်မှုများကိုကား ခွဲပါသည်။ ကင်ဆာမဟုတ်တော့ node dissection မလိုဘူးလေ၊ အဲ့တော့ ကျွန်တော်ခွဲပေးတာ တရားမျှတသည်ဟုထင်သည်။ ထို့ကြောင့်ခွဲ၏။ node dissection လုပ်မှ တရားမျှတမည်ဖြစ်သော တခြားကင်ဆာများကိုမူကား မခွဲတော့ပါ။

အဲ့မှာ နောက်ထပ် ပြဿနာတခုရှိသေးဗျ။ ယင်းကား ကလေးမက လူကြီးမကျ ကလေးများပင်။ ဆေးပညာအားဖြင့် အသက် (၁၂)အောက်သည် ကလေးဆရာဝန်အပိုင်၊ အသက်(၁၂) ကျော်လျှင် လူကြီးဆရာဝန် အပိုင်။ တခါတလေ ၁၀ နှစ်ကျော်၊ ၁၁ နှစ်ကျော် ကလေးများ အူအတက်ရောင်ခြင်း၊ အူကျခြင်းများ လာလာပြကြသည်။ ကျွန်တော်က ရှင်းပြသည်။ ၁၂ အောက်ဖြစ်၍ ကျွန်တော် မခွဲလိုပါ။ ကလေးခွဲစိတ်ဆရာဝန်သပ်သပ်ရှိပါသည်။ ကလေးကို ကလေးခွဲစိတ်ကခွဲတာ ပို၍ မသင့်တော်ဘူးလား။ သူတို့နှင့် ခွဲပါပြောနေရသည်။ တချို့ မိဘများသည်ကား သူတို့အမျိုးထဲက ဘယ်သူဘယ်ဝါ ကျွန်တော်နှင့်ခွဲတာ အဆင်ပြေလို့ဟူ၍ ကလေးများကို ဂျိုးဖြတ်ခိုင်းခြင်း၊ အူအတက်၊ အူကျ ဘာညာခွဲပေးဖို့ တောင်းဆိုကြလေရာ ကျွန်တော်က ပြောမရရင် ခွဲပေးမည်၊ သို့သော် ကျွန်တော်သည် ကလေးခွဲစိတ်ဆရာဝန်မဟုတ်ကြောင်း၊ ရှင်းပြကြောင်း၊ သို့သော် မိဘများက ခွဲလိုသောကြောင့် ခွဲပေးခြင်းဖြစ်ကြောင်း လက်မှတ်ထိုးခိုင်းရသည်။ ခုတော့ ဒါမျိုးတွေ တဖြည်းဖြည်း မရှိသလောက်ဖြစ်သွားပါပြီ။ ကျွန်တော်ကလဲ ငြင်းသကိုးဗျ။ ငြင်းဆို ကလေးခွဲစိတ်သူ့ဟာသူရှိတာပဲ။ ကျွန်တော့်ထက် ပိုကောင်းမှာပေါ့ဗျာ။ ဟုတ်ဘူးလား။

ဒီမှာ တခုပြောစရာရှိသည်။ ကျွန်တော်အခု စဉ်းစားနေတာသည် ရန်ကုန် setting ရန်ကုန် အခင်းအကျင်းဆိုတာကိုတော့ စာဖတ်သူ မမေ့နဲ့အုန်းနော်။ ကျွန်တော်သာ ဝန်ထမ်းဆရာဝန်ဘဝနဲ့ ဆက်ရှိနေပြီး သွားရေးလာရေးခက်သောနယ်တနေရာမှ ဆရာဝန်ဖြစ်နေပါက ကျွန်တော်သည် ခေါင်းလဲခွဲမှာပဲ၊ ရင်ခေါင်းလဲ ဖွင့်မှာပဲ၊ ဆီးလမ်းကြောင်းလဲ တွယ်မှာပဲ၊ ကလေးလဲ ရှောင်မှာမဟုတ်ပေ။ ဘာလို့ဆို ကိုယ်မှ မခွဲပေးလဲ ခွဲပေးမယ်သူမှ မရှိတာပဲကိုး။ အဲ့တော့ အကောင်းဆုံးမဟုတ်သည့်တိုင် တတ်သမျှ မှတ်သမျှတော့ လူနာအသက်ရှင်အောင် လုပ်သင့်လုပ်ထိုက်တာကို သဘောတူပါသည်။ သစ်မရှိရင်တော့လဲ ဝါးပေါင်းကွပ်ရမှာပဲ မဟုတ်ပါလား။ ကားမရှိရင်တော့လဲ စက်ဘီးစီးရမည်သာ။ ဒီလိုနယ်က ဆရာဝန်တွေ အကုန်လုံးခွဲပေးတာကို အပြစ်မပြောသည့်အပြင် ကျွန်တော်က အခါခပ်သိမ်း ဦးညွှတ်ပါ၏။ သို့သော် ထိုဆရာဝန်နယ်မှ ပြန်ပြောင်းခဲ့၍ ရန်ကုန်ဆေးရုံကြီးတွင် တာဝန်ပြန်ကျသည် ထားပါတော့။ ထိုသို့ ခေါင်းအစ ခြေအဆုံး ငါနယ်မှာခွဲခဲ့တာပဲ၊ ခုလဲ ခွဲမှာပဲ ဆိုငြားအံ့။ ကျွန်တော် ထိုဆရာဝန်ကို အပြစ်တင်မိလေမည်။ အဘယ်ကြောင့်ဆိုသော် ယခု နေရာဌာန ကွာခြားသွားလေပြီ။ ကိုယ့်ထက် ကောင်းအောင် လုပ်နိုင်သူရှိမှန်း မိမိကိုယ်တိုင် သိပါက ထိုပိုမိုကျွမ်းကျင်သူရှိကြောင်း လူနာအား အသိပေးထိုက်သည် မဟုတ်ပါလား။

အဘယ်လူသားမှ ရှိရှိသမျှ ခေါင်းအစ ခြေအဆုံး ထူးချွန်မနေနိုင်ပေ။ မတတ်တာကို မတတ်သည်ဟု ဝန်ခံခြင်းသည် ရိုးသားခြင်းဟု ကျွန်တော်ယုံကြည်သည်။ တတ်ယောင်ကားလုပ်ခြင်းသည် အန္တရာယ်အကြီးဆုံးတည်း။ မိမိတတ်ကျွမ်းသည်ကိုသာ တဖက်ကမ်းခတ်အောင် အတတ်နိုင်ဆုံး ကြိုးပမ်းသင့်သည်။ ဟိုယောင်ယောင် ဒီယောင်ယောင် ဘာမှ တခုခုကို ဇောက်ချမလုပ်ခြင်းသည် အကျိုးမဖြစ်ထွန်းနိုင်။ ကွမ်းယာပဲရောင်းရောင်း၊ ဘောလုံးပဲကန်ကန်၊ ပန်းချီပဲဆွဲဆွဲ၊ ဆရာဝန်ပဲလုပ်လုပ် တနေရာရာမှာ တဖက်ကမ်းခတ် ထူးချွန်အောင်လုပ်သူသည် အောင်မြင်ဖို့ ပို၍ နီးစပ်သည်။

စာရေးဆရာ၊ ကဗျာဆရာ၊ ရုပ်ရှင်မင်းသား၊ ဆရာဝန်၊ ဘောလုံးလဲ ကန်သေး၊ နိုင်ငံရေးလဲ ဝါသနာပါကာ ပန်းချီလဲဆွဲပါသဗျဆိုလျှင်ဖြင့် ဒါကို ကျွန်တော်ကတော့ ဒီလူသိပ်ထူးချွန်တာပဲလို့ မြင်မည့်အစား ဟိုစပ်စပ် ဒီစပ်စပ်ပဲဆိုတာ ပို၍ နီးစပ်လိမ့်မည်ထင်သည်။

အချုပ်ဆိုရလျှင်ဖြင့် အားလုံးသည် ကိုယ်ချင်းစာ တရားသာ ဖြစ်ပေတော့သည်။

ကျွန်တော်တို့ ဆေးကျောင်းသားတွေသည် နောက်ဆုံးနှစ် အပိုင်း(က) တွင် ဆရာဝန်တစ်ဦးလိုက်နာရမည့် ကျင့်ဝတ် ethic တွေအကြောင်း တခမ်းတနား သင်ကြားခဲ့ရပါသည်။ ကျွန်တော်တို့ခေတ်က ဆရာဒေးဗစ်ကျော်သည် မှုခင်းဆေးပညာ၏ ဌာနမှူးဖြစ်၍ ဆရာ၏ သင်ကြားပုံကောင်းမွန်လှခြင်းကြောင့် အတော်များများကြီး ဆရာပြောတာတွေ ခေါင်းထဲစွဲမှတ်ခဲ့ကာ ယခုထိ ကျွန်တော်၏ ဆရာဝန်ဘဝ ဘေးမသီရန်မခပဲ ဖြတ်ကျော်နိုင်ခဲ့ခြင်းသည် ဆရာဒေးဗစ်၏ ကျေးဇူးပါဝင်ပါသည်။

သို့သော် ဆေးပညာကျင့်ဝတ်စာအုပ်တွေထက် ပိုအမှတ်ရမိသည့် စကားတခွန်းကလဲ ကျွန်တော့်ရင်ထဲ ရှိနေခဲ့သည်။

တတိယနှစ်ဆေးကျာင်းသားဘဝ ဂျပန်ဆေးရုံကို စရောက်ရောက်ခြင်း ထိုစဉ်က ဆေးပညာ medicine ပါမောက္ခ ဆရာဦးမောင်မောင်ဝင့်က ကျွန်တော်တို့ကျောင်းသားအဖွဲ့အား “ ethic တွေ စာတွေသိပ်ပြောမနေပါနဲ့ကွာ၊ မင်းအမျိုးဆို မင်းဘယ်လိုကုမလဲ၊ အဲ့ဒီ အတိုင်းသာ လူနာကိုကု၊ မင်းတို့ ethic အတော်များများကို အလိုလိုစောင့်ထိမ်းပြီး ဖြစ်လိမ့်မယ်တဲ့”။

အင်း၊ ဟုတ်ပေစွ။

ကျွန်တော် ဒီစာကို ရေးခြင်းမှာ ဘယ်ဟာက မှားသည်၊ ဘယ်ဟာက မှန်သည် ငြင်းခုန်ရန်မဟုတ်ပါပေ၊ လောကကြီးတွင် တဖက်သည် အားလုံးမှန်၍ တဖက်သည် အားလုံးမှားသည်ဟုလဲ ကျွန်တော်ဘယ်တုံးကမှ မယူဆခဲ့ပါ။ လောက၏ သဘာဝနည်းတူပင် ဆေးပညာမှာရော၊ ဆေးပညာကျင့်ဝတ်မှာရော များစွာသောငြင်းခုံစရာတွေရှိ၍ အမှန်ကြီးနှင့် အမှန်လေး၊ အမှားကြီးနှင့် အမှားလေးတို့သာ ရှိသည်ဖြစ်သောကြောင့် ဤစာသည် ကျွန်တော်ရှုမြင်သော ရှုထောင့်တခုကို မျှဝေရန်တင်ပြခြင်းသာဖြစ်၍ စာဖတ်သူသည် စဉ်းစားခန်းဝင်ခြင်းဖြင့် အတွေးတခု၊ အရသာတခုရှိသည်ဆိုလျှင်ပင် ဤစာသည် လုံလောက်ပြီ မဟုတ်ပါလား ခင်ဗျာ။


13/01/2026
11/01/2026

ကျွန်တော့်ရဲ့ စိတ်ဖိစီးမှုများ
^^^^^^^^^^^^^^^^^^^
ဟိုးအရင်က လုပ်ဖော်ကိုင်ဖက် တော်တော်များများက ကျွန်တော့်ကို ပြောကြသည်။ အထူးသဖြင့် အငယ်တွေကပေါ့။ ဆရာ့ကို ကြည့်လိုက်ရင် အမြဲသွက်လက်ဖျတ်လတ်နေတာပဲ။ ဘာ stress ( စိတ်ဖိစီးမှု မှ ရှိပုံမရဘူးတဲ့။

ကျွန်တော်က ရယ်နေပါသည်။ အင်း ကိုယ့်အကြောင်းကိုယ်သာသိ။ ဘယ် stress မရှိပဲတော့ နေမလဲဗျာ။ stress တာပေါ့။ ရယ်ရယ်မောမောကျော်ဖြတ်နေလို့သာရယ်ပါ။ ဒါတောင် ခုနောက်ပိုင်း အလုပ်များလွန်း၍ သိပ်မရယ်နိုင်။ အရင်က တော်တော်ရယ်နိုင်သည်။

ကျောင်းစနေကာစ သူငယ်တန်းဘဝကတည်းက stress ကစသည်ထင်သည်။ တနှစ်တနှစ် အတန်းထဲတွင် အဆင့်ကောင်းရေး ကြိုးစားနေရတာနဲ့ ၁၀ တန်းရောက်ရော။ ၁၀ တန်းရောက်တော့လဲ သိတဲ့အတိုင်း ဆေးကျောင်းဝင်ဖို့ စာဖတ်ရတာ ဖတ်ဖတ်မော။

ဆေးကျောင်းရောက်တော့ အပင်ပန်းဆုံးအတန်းတွေက ပထမနှစ်၊ ဒုတိယနှစ် နှင့် နောက်ဆုံးနှစ် အပိုင်း(ခ)။

ပထမနှစ် ( 1st MB) မှာ ကျောင်းဖွင့်ကာစကနေစပြီး ပျော်လိုက်တာလေ။အပျော်လွန်ပြီး စာမေးပွဲတွေ တဘုန်းဘုန်းကျတာ၊ နောက်ဆုံးအတန်းတင် စာမေးပွဲနီးမှ class work အမှတ်တွေက မပြည့်၊ သင်္ချာတွေ မတွက်တတ်လို့ ကျွန်တော့်ဘဝတလျှောက် ဖြေဖူးခဲ့သမျှ စာမေးပွဲထဲ အခက်ခဲဆုံးဖြစ်ခဲ့ပြီး အစုတ်ပြတ်ဆုံး အမှတ်နဲ့ အောင်တယ်ဆိုရုံလေး ရင်တမမ၊ ဖင်တကြွကြွ အောင်ခဲ့ရသည်လေ။ စိတ်ပင်ပန်းလိုက်တာဆိုတာ စာမေးပွဲမဖြေခင် ၂ လ လောက်ကစပြီး။ ဘယ်လောက် ဒီစာမေးပွဲက အိပ်မက်ဆိုးဖြစ်ခဲ့သလဲဆို ယခုအထိ အိပ်မက်ထဲမှာ ခဏခဏ 1 st MB စာမေးပွဲနီးပြီ။ သင်္ချာတွေ မတွက်တတ်၍ ကယ်တော်မူကြပါ၊ ငါတော့ကျပါပြီ၊ အကျခံရတော့မှာပဲဆိုပြီး လန့်လန့်နိုးနေဆဲ။ တကယ် အခုထိနော်။ မညာဘူး။ UK က Royal College စာမေးပွဲဖြေတာ တခါမှ အိပ်မက်လဲ မမက်ဘူး။ ပင်ပန်းတယ်လဲ မထင်ဘူး။ တခါလာ ဒီ 1 st MB စာမေးပွဲကပဲ ကျွန်တော့်ကို ခြောက်လှန့်နေဆဲ။

2 nd MB ကျ ကျွန်တော် ဆေးကျောင်း၏ စာမေးပွဲအထာကိုနပ်၍ လိမ္မာသွားချေပြီ။ စာမှန်မှန်လုပ်သဖြင့် စာမေးပွဲအောင်ပါသည်။ သို့သော် ဒုတိယနှစ် 2nd MB သည် အလွန်အင်မတန် စာများလှ၍ ဆယ်တန်းတနှစ်စာလောက်သင်သောစာကို သူက တပတ်နှင့် အပြတ်လက်ချာပေးသည်။ ဘာသာ ၃ ခုက တပတ်တခါ စာမေးပွဲစစ်နေလေရာ ၃ ဘာသာ ပတ်ခြာလည်ပြီး အပတ်တိုင်း စာမေးပွဲဖြေနေရလေရာ စိတ်မှာဖိစီးလှသည်။ အပတ်စဉ် စာမေးပွဲပြီးတိုင်း စာမေးပွဲပြီးပြီးချင်း အတန်းလစ်ကာ သူငယ်ချင်း အယောက်(၂၀) လောက်စု၍ ထိုစဉ်က စည်ဘီယာသောက်ကြခြင်းဖြင့် ဘီယာကြိုက်ခြင်းသည် 2nd MB မှ စာမေးပွဲများကြောင့် ဖြစ်လေသည်။ အဲ့တုန်းက တခွက်မှ ၅၀ ကျပ်လောက်ရယ်။ ပျော်စရာ ၊ လွမ်းစရာဗျ။

ဒုတိယနှစ်ပြီးတော့ တတိယနှစ်၊ နောက်ဆုံးနှစ် အပိုင်း(က) စာမေးပွဲတို့သည် 2nd MB နှင့် ယှဉ်လျှင် သက်သာသည်။ သာမန် စာမေးပွဲ stress ပဲ။ အေးဆေးပဲ ကျော်ဖြတ်ခဲ့သည်။ ဟော နောက်ဆုံးနှစ် part(2) လဲ စိတ်ထဲ ဘာမှ သိပ်မရှိပါ။ သာမန်ပဲ မှန်မှန်စာလုပ်ပြီး အောင်ခဲ့သည်သာ။ part II ဆိုတာ ကျတတ်တယ်ဆိုတဲ့ stress လေးတော့ ပိုတက်တာပေါ့လေ။ MSc entrance လဲ တခါထဲ အောင်ခဲ့သည်။ တော်တော်တော့ ပျော်ခဲ့ပါသည်။ ဘဝမှာ အပျော်ဆုံး စာမေးပွဲဖြစ်မည်။ ကိုယ် ဝါသနာပါတဲ့ ခွဲစိတ်အထူးကု သင်တန်းဖြစ်ပေသကိုး။ ဆရာဝန်ဘဝ လမ်းစုံလမ်းခွ စာမေးပွဲပေမယ့် 1st MB လောက် တိုင်မပတ်ခဲ့။

Master ဘွဲ့လွန် MSc သည် စာမေးပွဲ stress တယ်မရှိလှပါ။ ပြောရရင် ဒီလိုပဲ ဆေးရုံ ဂျူတီဆင်းရင်း၊ စာလေးဖတ်ရင်း အောင်သွားတာပါပဲ။

MSc ပြီးတော့ MRCS လဲ တခါထဲပဲ သာသာယာယာအောင်တာပါပဲ။ ပြောရရင် 1st MB လောက် မပင်ပန်းလှပါ။

MRCS အောင်တော့လေ ကျွန်တော် ၂ လ လောက်ပျော်နေသည်။ အိပ်ယာက ညဖက် တရေးဖျတ်ကနဲနိုးတိုင်း ငါ့ဘဝမှာ ငါလိုချင်တဲ့ ငါတန်ဖိုးထားတဲ့ ဘွဲ့တွေ အကုန်ရခဲ့ပြီ။ ဘဝမှာ နောက်ထပ် စာမေးပွဲ မဖြေချင်လဲရပြီ။ MRCS တခုထဲအတွက် ပျော်တာမဟုတ်။ ဘဝမှာ အောင်ကိုအောင်ရမယ့် ရှိရှိသမျှ စာမေးပွဲတွေ အားလုံးအောင်ခဲ့ပြီဆိုပြီး သိမ်းကြုံးပျော်နေခြင်းသာ။ ကိုယ်ဖတ်ချင်တဲ့စာကို ဇိမ်ကလေးနဲ့ပဲ ဖတ်ရတော့မည်။ စာတွေကို စာမေးပွဲဖြေရအုန်းမယ်ဆိုတဲ့ စိတ်နဲ့ ဖတ်စရာမလိုတော့။ ကောင်းလေစွ ကောင်းလေစွတကားဟု စဉ်းစားက ညဖက်တရေးနိုးတိုင်း တစိမ့်စိမ့်ကျေနပ်နေမိသည်မှာ ၂ လလောက်ကြာပါသည်။

စာမေးပွဲတွေပြီးတော့ stress တွေ အတော်နည်းသွားပြီ ထင်ခဲ့မိသည်။ ငါ တသက်လုံး ဆေးရုံမှာ ဘယ်လိုနေ့ရောညရော ခွဲစိတ်ပင်ပန်းတာကို ဘာမှမသိဘဲ ငါ့ကို တခါမှ မမြင်ဖူးသည့် နိုင်ငံရပ်ခြားမှ စာမေးပွဲစစ်သူတွေက အအောင်အရှုံးသတ်မှတ်မည်ဆိုတော့ ကိုယ့်ဘဝကိုယ် နည်းနည်း စိတ်နာမိသေးသည်။ ဪ ဒို့ ဆရာဝန်ဘဝကလဲ အသက်ပဲ ၃၅ နှစ်ရှိနေပြီ၊ ခုထိ ကိုယ့်ဘဝကို စာစစ်သူက ကျေနပ်မှုရှိ၊ မရှိ စာမေးပွဲ အောင်ထိုက် မအောင်ထိုက် သူတပါးရဲ့ အဆုံးအဖြတ်ကို အမြဲခံယူနေရတုန်းပါလားဟု တွေးမိသေးသည်။

ကဲ ဘာပဲပြောပြော အခုအောင်လေပြီ။ နင်လားဟဲ့ စာမေးပွဲတွေ။ မြန်မာပြည် ဆရာဝန် တစ်ယောက်အနေနဲ့တော့ စာမေးပွဲထပ်ဖြေစရာ ကုန်ပြီပေါ့။

ဒီနေ့ကစ၍ ငါသည် စာကို ဇိမ်နဲ့ဖတ်မည်။ စာက ငါ့ကို မဖတ်စေရတော့။ ငါကသာ စာကို ဖတ်မည်ဟု တွေးလေ၏။ stress တွေ နည်းပြီဟုလဲ ထင်မိ၏။ ဤကား မဟာအမှားကြီးပေ တကား။

ဘဝသည် မထင်မှတ်ဘဲ တဆစ်ချိုး ဖြစ်ပြန်သည်။ အလုပ်ထွက်ချင်စိတ်တွေ ပေါ်ပေါက်လာကာ တကယ်လဲ အလုပ်ထွက်ဖြစ်သွားသည်။ ( ခုတော့ သူငယ်ချင်းတွေက နင်အလုပ်ထွက်လိုက်တာ ကံကောင်းလိုက်တာဟု တွေ့တိုင်းပြောကြ၏။ - ဤကား
စကားချပ်) ။ အစိုးရဆေးရုံမှာ ခွဲတာစိတ်တာမှာကျ အရမ်းကြီး စိတ်ဖိဆီးမှု မများလှပေ။ ဘာနဲ့ တူသလဲဆိုတော့ ခွဲစိတ်ရတဲ့ ဖိအားဒဏ်ကို ward ထဲ ရှိရှိသမျှ ဆရာဝန်တွေက ထောက်တိုင်တွေ အများကြီးနှင့် မျှခံထားသည်နှင့်တူ၏။ တယောက်ထဲ stress သိပ်မပိ။

ဟော အပြင်ပုဂ္ဂလိကဆေးရုံက လူနာကျ ကိုယ်တစ်ယောက်ထဲ ထောက်တိုင်တခုထဲက ရှိရှိသမျှ ဝန်ကို ထမ်းနေရသလိုပင်။

တနေ့တနေ့ အမှားမဖြစ်အောင် ဂရုစိုက်ရသည်။ အသေးစားခွဲစိတ်မှုများအတွက် stress မများလှသော်လဲ အကြီးစားခွဲစိတ်မှုများအတွက်မူ stress သည် အမြဲရှိနေသည်။

လူနာရှင်တွေကတော့ ခွဲစိတ်တာပြီးပြီး ခွဲခန်းကထွက်ပြီဆိုရင် အတော်အတန်စိတ်အေးကြမည် ထင်ရသော်လဲ ခွဲစိတ်ဆရာဝန်၏ stress ကား ခွဲနေတုန်းထက်စာလျှင် ခွဲပြီးသွားပါမှ post operative stress က စသည်ထင်သည်။ ကျွန်တော် ငယ်ငယ်ကရုပ်ရှင်ကြည့်လျှင် မင်းသားဒဏ်ရာရလျှင် ဆရာဝန်ကခွဲစိတ်ခန်းထဲက ထွက်လာပြီး အားလုံးကောင်းသွားပါပြီ၊ ဘာမှ စိုးရိမ်စရာမရှိတော့ပါဘူးဆိုတာကို အဟုတ်မှတ်နေခဲ့ဖူးသည်။ အမယ် ခွဲစိတ်မှု အောင်မြင်တယ်ဆိုတာကလဲ ပါသေးဗျ။ ရုပ်ရှင်ကတော့ ဘာကိုဆိုလိုတယ် မသိပေ။ ခွဲစိတ်မှုအောင်မြင်တယ်ဆိုတာ လူနာ ခွဲနေတုန်း တခါထဲ အသက်ထွက်မသွားဘူး၊ ရှင်လျက်ပဲ ခွဲခန်းထဲက ပြန်ထွက်လာတာကို ဆိုလိုပုံရ၏။ ကိုယ် ကိုယ်တိုင် ခွဲစိတ်ဆရာဝန်ဖြစ်မှ ခွဲပြီးပြီးချင်း ဘာမှ စိတ်ပူစရာမရှိဘူး ဘယ်လိုမှပြောမရမှန်း သဘောပေါက်သည်။ ခွဲပြီးပြီးချင်း ခွဲစိတ်မှု အောင်မြင်ပါတယ်လို့လဲ တခါမှ မပြောဘူးပေ။ ခွဲလို့ ပြီးပြီးပဲ ပြောဖြစ်သည်။ အောင်မြင်ပါတယ်တွေ၊ စိတ်မပူပါနဲ့တော့တွေက ဆေးရုံကဆင်းမှပဲ ပြောရမည့်ကိစ္စတွေ ဖြစ်လေသည်။ တခါမှ အောင်မြင်ပါတယ်ဆိုတဲ့ စကားမသုံးဘူးပေ။ ဥပမာ အူမကြီးကင်ဆာတခုခွဲရင် အောင်မြင်ပါတယ်ဆိုတာ ၅ နှစ်လောက်စောင့်ရမည့်သဘောတည်း။

တကယ် စိတ်ထဲ ရှိတာကတော့ ခွဲတဲ့တဆင့်တော့ပြီးပြီ။ လူနာလဲ မေ့ဆေးကနေ ပြန်နိုးပြီ။ ခွဲပြီးကာလ post operative period ကို စောင့်ကြရအုန်းမည်။

၂၄ နာရီအတွင်းဆို လူနာသွေးထွက်မှာစိုးလို့ စိတ်ပူသည်။ ၃ရက် ၅ ရက်ဆို အူဆက်ထားတာတွေ ကောင်းအောင် ဆုတောင်းရသည်။ အဖျားတက်လျှင်၊ ဗိုက်တင်းလျှင် စိတ်ကပူရပြန်သည်။ ဒါတွေက ပူနေကျတွေ၊ ရှားရှားပါးပါး ကြံကြံဖန်ဖန် ပြဿနာတွေ မကြုံရပါစေနဲ့ကလဲ ဆုတောင်းနေရသေးသည်။ ရှားရှားပါးပါး ကြံကြံဖန်ဖန်တွေကြောင့် ကျွန်တော့်ဘဝမှာ လူနာ (၃) ဦးလောက်ဆုံးပါးဖူးသည်။ တစ်ယောက်ချင်းဆီကို သေချာမှတ်မိ၍ နေ၏။ ဒါမျိုးတွေ ထပ်မကြုံလိုတော့ပြီ။

လူနာခွဲပြီး အချိန်မတော် ဆေးရုံက ဖုန်းဆက်လျှင် ဘာများဖြစ်လို့လဲဆိုပြီး လန့်သွားသည်။ Ward MO က ဘာမှ မဟုတ်တဲ့ အသေးအဖွဲတွေ မေးသော ဖုန်းဖြစ်လျှင် စိတ်က တခြမ်းက စိတ်ဆိုးသည်။ အမလေး အချိန်မတော် ဒီအသေးအဖွဲတွေ မေးနေရလားပေါ့။ တခြားစိတ်တခြမ်းကတော့ လူနာကောင်းလို့ တော်ပါသေးရဲ့ပေါ့။

ကျွန်တော်၏ အူပြန်ဆက်ပြီး ယိုစိမ့်မှုသည် ၂ % လောက်ရှိသည်။ တော်တော်နည်းသည်ဟု ဆိုနိုင်ပါသည်။ တနှစ်မှာ တယောက်လောက် ဗိုက်ပြန်ဖွင့်ရတတ်သည်။ လူနာ အူဆက်တာ အဆင်မပြေ၍ ခွဲပြီး ၅ ရက်လောက် ဗိုက်ပြန်ဖွင့်ရမည်ဆိုလျှင် ကျွန်တော်အထူးစိတ်ပူတော့သည်။ တကယ်လို့များ နံနက်အစောကြီး ပြန်ဖွင့်ရတော့မည်ဆိုလျှင် ညဖက် ကောင်းကောင်းအိပ်မရသည့်အပြင် တခါတလေများ အဲ့လူနာအကြောင်း အိပ်မက်တောင် မက်သေးဗျ။ ဘယ်လောက်စိတ်စွဲသလဲဆိုရင်။ ဖြစ်နိုင်လျှင် ခုချက်ချင်း
ထဖွင့်ချင်သည်။ ကျွန်တော့် စိတ်ကား လာမယ့်ဘေးပြေးတွေ့ပဲ။

လူနာတစ်ယောက် ခွဲပြီးလို့ မတော်မတဲ့ ပြန်များဗိုက်ဖွင့်ရမည်ဆိုလျှင် စိတ်က အမျိုးမျိုးတွေးနေရသည်။ ဘာတွေ့လျှင် ဘာလုပ်မည်၊ ဟိုဟာတွေ့လျှင် ဟိုလိုလုပ်မည်ပေါ့။ ဖြစ်နိုင်သမျှ မြန်မြန်ကလဲ ပြန်ဖွင့်ချင်သည်။ ဖြစ်နိုင်ရင် ခု ၁၅ မိနစ်အတွင်းတောင် ကိုယ့်စိတ်က ဖွင့်ချင်မိသည်။ စောင့်နေရတဲ့ကာလ ဖင်တကြွကြွ။ မျက်နှာက မသာမယာ။ ဘာလုပ်လုပ် ဘယ်သွားသွား ဘာစားစား ဒီလူနာဗိုက်ပဲ စိတ်ထဲတနုံ့နုံ့။

ခွဲစိတ်ဆရာဝန်တစ်ယောက်သည် စိတ်ပူသင့် ပူထိုက်သည်ကို ပူရမည်ဟု ကျွန်တော် ခံယူသည်။ ပူသင့် ပူထိုက်တာကို ပူမှ ခွဲစိတ်နေစဉ် ကြမ်းခြင်း၊ ရမ်းခြင်း၊ ဘုရင့်နောင်ဖေါင်ဖျက်နည်းခွဲခြင်းမျိုးကို ရှောင်ရှားနိုင်ကာ လူနာအတွက် အန္တရာယ်ကင်းမည့် ချဉ်းကပ်ပုံကို ရမည်ဖြစ်သည်။ တချို့ ခွဲစိတ်ဆရာဝန်တို့သည် ဘာမှ စိတ်မပူကြ၊ ဆော်ထည့်လိုက်တာပဲ၊ မျက်ကန်းတစ္ဆေမကြောက်လို ဖြစ်နေတာ ကျွန်တော် သဘောမကျချေ။ ပူသင့်သည်ကို ပူရမည်။ ခွဲစိတ်နေစဉ် အဆင်မပြေပါက လူနာအန္တရာယ်ကင်းကင်းဖြစ်နိုင်သည့် ထွက်ပေါက်အဖြေရှိရမည်။ တဗိုက်လုံး မွှေနောက် ဖြဲရဲပြီးမှ ဘာမှလုပ်မရတော့၊ ပြန်ထွက်စရာလမ်းမရှိဆိုသည်မှာ မဖြစ်သင့်ပေ။ ဒါ ဘုရင့်နောင် မဟုတ်ပေ။ နင်းကန်စိတ်ပူပြီး ဘာမှ မတို့မထိ မခွဲရဲတာလဲ မကောင်း။ ဘာမဆို အလယ်အလတ်ပဲ ကောင်း၏။ အစွန်းရောက်က ဒုက္ခဖြစ်မည် မလွှဲတည်း။

တခါက ကျွန်တော် နိုင်ငံခြားခရီးသွားနေစဉ် ကျွန်တော်ခွဲခဲ့သော လူနာက leak ( အူဆက်သောနေရာမှ ယိုစိမ့်မှု) ရသည်။ ကိုယ်ပြန်မယ့်နေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင်။ ကျွန်တော်က လူနာကို viber ကနေဖုန်းပြောပြီး ခုညပြန်ဖွင့်မည် စီစဉ်ရသည်။ လေဆိပ်ကနေ အိမ်မပြန်နိုင်ဘဲ ဆေးရုံတန်းပြေးရသည်။ ခွဲခန်းတန်းဝင်ပြီး ပြန်ဖွင့်ရသည်။ ကျွန်တော့်မှာ စိတ်မောလူမော ဖြစ်လိုက်တာလေ။

အဲ့ကတည်းက ခရီးသွားစရာရှိလျှင် တပတ်လောက်ကြိုပြီး major အကြီးစားခွဲစိတ်မှု မလုပ်တော့။ စိတ်အေးအေးလေး
ခရီးသွားပါရစေတော့။ major တွေက ခုခွဲ ခုကောင်းတယ် မကောင်းဘူး တန်းပြီးပြောမရချေ။ အချိန်တခု စောင့်ရသည်။

လူနာမိသားစုက ဆရာရယ် ဂရုစိုက်ပေးပါလို့ပြောရင် ကျွန်တော့်စိတ်ထဲ အမလေးဗျာ ဘယ်ဂရုမစိုက်ဘဲ ပစ်ထားမတုန်း၊ လူနာတခုခု မကောင်းလျှင် ဆရာဝန်စိတ်ပင်ပန်းရတာဟာ အဲ့လူနာထက် မလျော့ပါဘူးဗျာ။ လူနာကောင်းမှ ကိုယ်လဲ စိတ်အေးအေးချမ်းချမ်းနေရမည် မဟုတ်ပါလော။

လူနာတစ်ယောက် ကောင်းသွားလိုက်၊ ဆေးရုံဆင်းသွားလိုက်၊ လူနာမိသားစု ပျော်ရွှင်သွားလိုက် ဖြစ်ရသော်လဲ ခွဲစိတ်ဆရာဝန်ကတော့ လူနာအသစ်တွေထပ်ရောက်လာလိုက်၊ ထပ်ခေါင်းစားလိုက်၊ ထပ်ခွဲလိုက်၊ ထပ်စိတ်ပူလိုက်ဖြင့် ဘဝကို ဖြတ်သန်းလျှက်ရှိပါကြောင်း။


08/01/2026

အချိန်နှင့် အရွယ်
^^^^^^^^^^^^

တနေ့တ၌ ကျွန်တော်နှင့် ဆရာကြီးဦးခင်မောင်အေးတို့သည် ရန်ကုန်မြို့ မော်တင်လမ်းရှိ green cross ဆေးရုံ၏ ခွဲခန်းတွင် ဆရာ တပည့်နှစ်ယောက်သား ထိုညအတွက် ခွဲစရာ စိတ်စရာ လူနာများအား ခွဲစိတ်ပြီးကြ၍ ကျွန်တော်က Post operative note ခေါ် ခွဲစိတ်သည့်လုပ်ငန်းစဉ် ညွှန်းကြားချက်များရေးရင်း၊ ဆရာကြီးက ထိုင်ရင်း နှစ်ယောက်သား အားလူးဖုတ်ကြတော့သည်။

ဆရာကြီးအေးနှင့် ကျွန်တော် ဆရာတပည့်နှစ်ယောက်မှာ လွန်စွာပင် စကားပြောကြရာ၌ အစပ်အဟတ်တည့်လှ၍ ဘယ်တော့မှ စကားလက်ဆုံ ပြောလို့ကုန်တယ်ဆိုတာ မရှိပေ။

ဒီည ကျွန်တော်က စကားစသည်။ ဆရာကြီးရယ် တချို့ ဆရာဝန်ကြီးတွေက အသက် ၇၀ အသက် ၈၀ အရွယ်မှာ လောဘတကြီး ဆေးခန်းထိုင်နေရတာ သိပ်တော့ မနိပ်ဘူးဗျနော်။

ကျွန်တော့်အမြင်တော့ ဒီအရွယ်မှာဆေးခန်းမထိုင်သင့်တော့ဘူး။ ထိုင်ချင်လဲ အပျင်းပြေထိုင်ပြီး ပေါ့ပေါ့ပါးပါး အသေးစားလေးတွေလောက်ပဲ ခွဲတာကောင်းမယ်ထင်တယ်။ နို့မို့ ဒီအသက် ၈၀ နီးမှ လောဘကြီးနေတာလဲ မကောင်း၊ လူနာနဲ့ ပြဿနာတက်ခဲ့ရင်လဲ မကောင်းနဲ့၊ ကျွန်တော်တော့ အသက် ၆၀ ၊ ၆၅ လောက် အလွန်ဆုံးလောက်ခွဲတာ ကောင်းမယ်ထင်တယ် ပြောမိလေရာ။

ဆရာကြီးအေးက ပြန်ပြောသည်မှာကား မင်းကလဲ အသက် ၇၀ တန်း ၈၀ တန်းမှာ လောဘတကြီးခွဲတာထက် ပိုဆိုးတာ ရှိသေးတယ်ကွ ဆိုတော့ ကျွန်တော်က ဘယ်လိုများ ပိုဆိုးတာရှိပါသေးသလဲလို့ စကားထောက်လိုက်ရာ မင်းကလဲ ဒီအရွယ်ရောက်မှ တကယ်စားဝတ်နေရေးအတွက် ခုထိဆေးခန်းထိုင်၊ ခုထိခွဲနေရတော့ ပိုဆိုးတာပေါ့ကွာဟုဆိုသောအခါ ကျွန်တော်မှာ ဆရာကြီးဘာပြောချင်သလဲ သဘောပေါက်ပါလေပြီ။

ကျွန်တော် ဆရာကြီးပြန်ပြောမယ် မျှော်လင့်ထားသည်က ဟုတ်တာပေါ့ကွာ၊ ဒီအရွယ် ဘာလောဘကြီးနေရမှာလဲဟု မျှော်လင့်ထားရာ အခုဆရာကြီးပြန်ပြောသည်ကား ကျွန်တော်ထင်သလို မဟုတ်ဘဲ ဒီအရွယ်ကျမှ လောဘကြီးလို့ မဟုတ်ဘဲ ဘဝမှာခုထိ ဘာမှ ပြင်ဆင်စုဆောင်းထားတာမရှိလို့ မလုပ်မဖြစ် လုပ်နေရခြင်းမှာ အဆိုးဆုံးဟူသတတ်။

ခွဲစိတ်ဆရာဝန်လောကမှာ ဒီလိုဆရာကြီးတွေ တကယ်ရှိခဲ့တယ်။ ငယ်စဉ်ဘဝ ပိုက်ဆံမရှာခဲ့တာလို့ ကြံဖန်ဂုဏ်ယူချင်ရင်လဲ ဂုဏ်ယူနိုင်ပေမယ့် တခြားတဖက်က ကြည့်ပြန်တော့လဲ ဘဝကခုထိ မငြိမ်းချမ်းသေးပေတကား။

တချို့ ဆရာကြီးများသည်လဲ ဆိုရှယ်လစ်ခေတ်မှာ လူလားမြောက်လာကြရကား အပြင်ဆေးခန်းထိုင်တာကိုပဲ သူတို့က ရာဇဝတ်မှုလောက်ထင်နေပြီး ဆေးခန်းမထိုင်တာကပဲ ဂုဏ်ပုဒ်တခုလို သတ်မှတ်လေရော့သလား။

ဒါပေမယ့် ကိုယ်တကယ် အိုမင်းလာတော့မှ ဒုက္ခနှင့် လှလှတွေ့ကာ ဘာမှ အငြိမ်းစားဘဝအတွက် အဆင်သင့်မဖြစ်ဘဲ ခုနက ဆရာအေးပြောသလို အသက်ကြီးမှ ဆေးခန်းထိုင်ရတော့သည်။

သားသမီးတွေလဲ ဘာမှ လောက်လောက်လားလားဖြစ်မလာဘဲ ဒုက္ခများကုန်ကြသည့် ခွဲစိတ်ဆရာဝန်ကြီးတွေ တကယ်ရှိသည်။ သိပ်မများသော်လဲ သိပ်မရှားပေ။

ယခုခေတ်အထိလဲ အဲ့လိုအေးအေးဆေးဆေးပဲ နေနေသည့် ဆရာဝန်အထူးကုတွေ အများကြီးပင်။ သူတို့သည် အေးအေးပဲနေသည်။ ဆေးရုံမှာလဲ အေးအေးပင်။ အပြင်ဆေးခန်းဆိုလဲ တာဝန်ကျေရုံလောက် မိန်းမနားပူသက်သာရုံလောက်ထိုင်ပြီး ဆေးခန်းမှာ ကော်ဖီပဲ ထိုင်သောက်နေကြသူတွေ အများကြီးရှိသည်။ ဆရာဝန်ကြီးတွေဖြစ်ပြီး ကားတောင်မမောင်း၊ မရှိ၊ YBS ပဲ သာသာယာယာ စီးနေသူတွေ တကယ်ရှိသည်။

သူတို့ဘဝသည် အေးချမ်း၏။ ပျော်စရာကောင်း၏။ လူနာ၏ အပူလဲ မရှိ၊ ခေါင်းလဲမခြောက်၊ အေးဆေးပေတကား။ သို့သော် သူတို့ အခု ငယ်ကြသေးသည်။ ငယ်သည်ဆိုတာ သက်လတ်ပိုင်း ၄၀-၅၀ တွေပေါ့။

သို့သော် ကျွန်တော် တခြားတဖက်က လှည့်တွေးမိပြန်သည်။ ထိုဆရာတို့သည် အေးချမ်းပါ၏၊ လူချစ်လူခင်လဲ ပေါများပါ၏၊ အဂတိလဲ ကင်းရှင်းပါပေ၏။ သို့သော် သူတို့သည် ဆရာအေးပြောသလို အသက်ကြီးလာလျှင် ဒုက္ခမဖြစ်နိုင်ဘူးလား။

အသက်မကြီးသေးခင်ရော သူတို့၏ မိသားစုအပေါ် ယောင်္ကျားတစ်ယောက်အနေဖြင့် အကောင်းဆုံးစွမ်းဆောင်ပေးပါ၏လော။ သား၊သမီးကလေးတွေ ရှိပါက သူတို့လဲ အများနည်းတူ international school တက်ချင်ရှာပေလိမ့်မယ်။ ကားစီးချင်ရှာကြပေလိမ့်မယ်။ အိမ်ကောင်းကောင်းလေးလဲ နေချင်ရှာပေလိမ့်မည် မဟုတ်ပါလော။

ကိုယ်က အိမ်ထောင်မရှိ၊ လူပျို အပျို
လူလွတ်ဆိုရင်တော့ သဘောရှိ ကလောဟိ။ အိမ်ထောင်ထူထောင်မိလျှင်မူကား ကိုယ်တဦးထဲ အေးချမ်းနေရုံဖြင့် မပြီးသေးချေ။ မိသားစုကို ပြုစုပျိုးထောင်ရမည့် တာဝန်၊ ကာကွယ်စောင့်ရှောက်ပေးရမည့် ဝတ္တရားအတွက် ယောင်္ကျားတစ်ယောက်သည် ထိပ်ဆုံးမရောက်တောင် အလယ်အလတ်တော့ မကသင့်သည် မဟုတ်ပါလား။

နောက်ဆုံးတော့ ဘုရားဟောတာဟာ တယ်မှန်တာပဲဟု ဘာသာရေးမကိုင်းရှိုင်းသူ ကျွန်တော်က သုံးသပ်မိခဲ့၏။

ဘယ်အရာမဆို အစွန်းမရောက်ရာ။ အလယ်အလတ်ကိုသာ သွားရာ၏။

ငယ်စဉ်ရွယ်တုန်းမှာ လောဘတကြီးမဟုတ်ဘဲ ဆရာဝန်ကျင့်ဝတ်နှင့်ညီစွာလဲ အ
သက်မွေးနိုင်တာပဲ မဟုတ်ပါလား။ ပိုက်ဆံရဖို့ လူနာကို ဂျင်းထည့်စရာ ဂွင်ရိုက်စရာ မလိုပါ။ အစိုးရဆေးရုံလဲ စေတနာဖြင့် အလုပ်လုပ်ရင် ကုသိုလ်လဲရ၊ ပညာလဲရ တခုခုတော့ ရနေတာပါပဲ။ စေတနာနဲ့လုပ်ရင် နာမည်ကောင်းလေးပါရပြီး ဒီနာမည်ကောင်းလေးဟာ ဘဝတသက်တာ အောင်လက်မှတ်ကလေး မဟုတ်ပါလားဗျာ။

ပြင်ပဆေးရုံမို့ ပိုက်ဆံယူ၊ ပိုက်ဆံရသော်လဲ ဒါဟာလဲ ဆရာဝန်တစ်ယောက်အဖို့ သန့်ရှင်းသော အသက်မွေးမှုလို့ပဲ ကျွန်တော်ယုံကြည်ပါတယ်။ ဆေးပညာရဲ့ သစ္စာကို စောင့်သိပြီး ဆရာဝန်ရဲ့ကျင့်ဝတ်ကို လိုက်နာကာ စေတနာနဲ့ ကုသပေးရင် ဒါဟာလဲ ကိုယ့်ပညာရဲ့ ရထိုက်သော တန်ဖိုးဆိုတာ အများသဘောတူမယ် ထင်ရတာပါပဲ။

မြန်မာ့လူ့ဘောင်က ဆရာဝန်တွေကို အရမ်းမျှော်လင့်ချက်ကြီးတတ်ကြတယ်။ လုံးဝခြောက်ပစ်ကင်း သဲလဲစင် ပိုက်ဆံမယူတဲ့ စေတနာဆရာဝန်တွေအဖြစ် ရုပ်ရှင်တွေ၊ စာအုပ်တွေက ပုံဖော်တတ်ကြတယ်။

ကျွန်တော်ကတော့ ထုံးစံအတိုင်း အစွန်းရောက်တာ မကြိုက်ဘူးလေ။ လူ့လောက သဘာဝနဲ့ ဝေးကွာတာဟာလဲ လက်တွေ့မကျပါဘူး။

ကျွန်တော်သဘောကျတဲ့ ဆရာဝန်အမျိုးအစား၊ မျှော်လင့်တဲ့အမျိုးအစားကတော့ professional ဆိုတဲ့ ပညာဥာဏ်ပြည့်ဝပြီး ethical ဖြစ်တဲ့ ဆရာဝန်ရဲ့ ကျင့်ဝတ်ကို စောင့်ထိန်းလိုက်နာတဲ့ ဆရာဝန်ဖြစ်တာကပဲ သဘာဝနဲ့ နီးစပ်ပြီး လက်တွေ့လဲ ကျပါပေတယ်။

ဥစ္စာငွေကြေးကို လုံးဝပဓါနမထားပဲ ကိုယ့်ဘဝရဲ့ စည်းစိမ်အားလုံးကို စွန့်လွှတ်ပြီး လူနာအတွက်ပဲဆိုတဲ့ စံပြဆရာဝန်ကြီးတွေ ကမ္ဘာမှာရော ၊ မြန်မာမှာပါ ရှိမှာပါ။ ဒီလို ပုဂ္ဂိုလ်မျိုးတွေကိုတော့ တကယ့်ရှားပါးအနေနဲ့ လေးစားရမှာပါ။ ဒါပေမယ့် professional တိုင်းဟာ ဒီလိုလူတွေပဲ ဖြစ်ရမယ်ဆိုတာတော့လဲ လက်တွေ့ဘဝမှာ မဖြစ်နိုင်ပါဘူး။ professionalism ဆိုတဲ့ ပညာရှင်ပီသမှုကိုပဲ မျှော်လင့်တာက အကောင်းဆုံးနဲ့ အဖြစ်နိုင်ဆုံး၊ လက်တွေ့အကျဆုံးပါပဲ။

ဆရာအေးကပဲ တခါကပြောပြဖူးပါတယ်။ ဆရာဝန်ကြီးတစ်ယောက်ကို သူရဲ့တပည့်လား၊ အပေါင်းအသင်းလား တယောက်ကမေးသတဲ့။ ( ဆရာအေးကတော့ နာမည်ပြောတယ်၊ ထားပါတော့ ဒီနေရာမှာ)

ဆရာကြီးဆေးခန်းထိုင်နေပြီပေါ့ဆိုတော့ ဆရာဝန်ကြီးပြန်ဖြေတာက ကျွန်တော် လူနာကြည့်နေတာပါဗျာတဲ့။


04/01/2026

အူမကြီးကင်ဆာ၏ ရောဂါလက္ခဏာများ ။

03/01/2026
01/01/2026
2025 ရဲ့ နောက်ဆုံးခွဲစိတ်မှု 😆😜😆
31/12/2025

2025 ရဲ့ နောက်ဆုံးခွဲစိတ်မှု 😆😜😆

31/12/2025
30/12/2025
24/12/2025
22/12/2025

အူမကြီးကင်ဆာကို ဘယ်လိုကာကွယ်ကြမလဲ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Drmyo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram