30/07/2025
ကြောက်မက်ဖွယ်ရာ ခွေးရူးပြန် ကူးစက်ရောဂါ
(Rabies Infection)
(ရှင်းလင်းချက်။ ။ ဤစာစုတွင်ပါဝင်သော အကြောင်းအရာများသည် မိဘပြည်သူများ ကျန်းမာရေးဗဟုသုတ ရရှိစေရန် အလွယ်တကူနားလည်သဘောပေါက်စေရန် ရေးသားထားသောကြောင့် ဆေးဝါးကုသခြင်းနှင့် သက်ဆိုင်သော အကြောင်းအရာများ မပါဝင်ပါ။)
ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်မှာ ခပ်စိပ်စိပ်တွေ့လာရတာကတော့ ခွေးရူးပြန်ရောဂါ ကူးစက်ခံရတဲ့ ပြည်သူတွေ အကြောင်းပါပဲ။
ခွေးရူးပြန်ရောဂါဟာ ကူးစက်ခံရပြီဆိုရင် ပျောက်ကင်းအောင် ကုသရန် နည်းလမ်းမရှိဘဲ အသက်အန္တရာယ်ဆုံးရှုံးနိုင်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။
ခွေးရူးပြန်ရောဂါကို ကုသနည်းမရှိဘဲ ကာကွယ်ရန် နည်းလမ်းတစ်ခုပဲ ရှိပါတယ်။
ဒီနေ့မှာတော့ ခွေးရူးပြန်ရောဂါအကြောင်း နဲ့ ကာကွယ်ရန် နည်းလမ်းများကို မိဘပြည်သူများ သိအောင် ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
ခွေးရူးပြန်ရောဂါ ဆိုတာ ဘာကိုခေါ်တာလဲ။
ရူးနေတဲ့ခွေးက ကိုက်ရင် ဖြစ်တာလား။
အဖြေကတော့ ရူးနေတဲ့ ခွေးကကိုက်လို့ ခွေးရူးပြန်ရောဂါကူးစက်တာ မဟုတ်ပါဘူး။
ရောဂါပိုးကူးစက်ခံထားရတဲ့ တိရစ္ဆာန်ဟာ သူ့ရဲ့ အာရုံကြောစံနစ် ပျက်စီးနေတာမို့ သာမန်နဲ့ မတူဘဲ ဒေါသထွက်လွယ်ပြီး စိတ်ကို ထိန်းချုပ်ရခက်ခဲနေတတ်ပါတယ်။
ဒါကိုပဲ လူတွေရဲ့ အမြင်မှာကျတော့ မဲမဲမြင်ရာ လျှောက်ကိုက် ဝင်တိုးနေတာတို့၊
ရေသောက်ရခက်ခဲပြီး ရေငတ်နေကာ သားရေတမြားမြား ကျနေတာကို တွေ့မြင်ရပြီး ရူးနေတယ်လို့ အထင်မှားကြတာ ဖြစ်ပါတယ်။
Rabies Lyssavirus တနည်းအားဖြင့် Rabies Virus ပိုး ကူးစက်ခံထားရတဲ့ ခွေး၊ ကြောင်၊ ရှဉ့်၊ မြေခွေး၊ လင်းနို့ အစရှိတဲ့ သတ္တဝါများအပြင် မည်သည့် နို့တိုက်သတ္တဝါများမှ တဆင့် လူသားများသို့ ကူးစက်စေနိုင်ပါတယ်။
Rabies Virus ဘယ်လိုကူးစက်ပါသလဲ။
ရောဂါပိုးရှိသော သတ္တဝါများမှတဆင့် အောက်ပါနည်းလမ်းများဖြင့် ကူးစက်ပျံ့နှံ့နိုင်ပါတယ်
(၁) ရောဂါပိုးကူးစက်ထားသောတိရစ္ဆာန် (အထူးသဖြင့်တောရိုင်းတိရစ္ဆာန်) မှ ကိုက်ခြစ်ခြင်းဖြင့်။
ခွေးရူးပြန်ရောဂါကာကွယ်ဆေး ထိုးနှံထားခြင်းမရှိသော (သို့မဟုတ်) ထိုးနှံထားသော်လည်း အပြည့်အဝကာကွယ်နိုင်စွမ်း မရှိသော အိမ်မွေးတိရစ္ဆာန်များမှ လည်း ကူးစက်စေနိုင်ပါတယ်။
(၂) ရောဂါပိုးပါဝင်သော တိရစ္ဆာန်၏ တံတွေးနှင့် ပွန်းပဲ့ထားသော အရေပြား(သို့မဟုတ်) အရေပြားအောက်ရှိ အကျိအချွှဲအလွှာ မှတဆင့် ကူးစက်နိုင်ပါသည်။
(၃) ရောဂါပိုးပါဝင်သော ခန္ဓာကိုယ်မှ အရည်များ သည် မျက်လုံး၊ နှာခေါင်း၊ ပါးစပ် သို့မဟုတ် ဒဏ်ရာဝင်ရောက်နိုင်သော ပွန်းပဲ့နေသည့် အရေပြားမှ တဆင့်ဝင်ရောက် ကူးစက်နိုင်ပါသည်။
ဘယ်လိုလူတွေမှာ ပိုမို ကူးစက်ခံရနိုင်ခြေ ရှိပါသလဲ။
(၁) ကလေးငယ်တွေမှာ ပိုမိုအန္တရာယ်ရှိပါတယ်
များသောအားဖြင့် ကလေးငယ်တွေဟာ တိရစ္ဆာန် များနှင့် လက်ပွန်းတတီးဆော့ကစား တတ်ကြသောကြောင့် ပိုမိုကူးစက်ခံရနိုင်ခြေ များပါတယ်။
(၂) မည်သူမဆို ခွေးရူးပြန်ရောဂါ ကူးစက်ခံထားရတဲ့ သတ္တဝါရဲ့ ကုတ်ခြစ်မှု၊ ကိုက်ခံမှု၊ လျှာဖြင့် ပွန်းပဲ့နေသော အရည်ပြားကို အလျက်ခံရပါက တတ်ကျွမ်းနားလည်သော ဆရာဝန်၊ သူနာပြုများနှင့် ချက်ခြင်း ဆွေးနွေးတိုင်ပင် ကုသမှု ခံယူရမှာ ဖြစ်ပါတယ်။
ရောဂါပိုးစတင်ကူးစက်ပြီး ဘယ်အချိန်မှာ လက္ခဏာ စပြတတ်ပါသလဲ။
ခွေးရူးပြန်ရောဂါ၏ ရောဂါ လက္ခဏာပေါ်ထွက်ချိန် (Incubation Period) ဟာ လူတွေမှာ
၂ လမှ ၃ လအတွင်း ဖြစ်ပေါ်လေ့ရှိပါတယ်။
သို့သော် ၁ ပတ်မှ ၁ နှစ်အထိ လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ ရောဂါပေါ်ထွက်ချိန်အတိုင်းအတာကို သက်ရောက်စေသော အချက်များမှာ -
(၁) ကိုက်သောနေရာ: မျက်နှာ၊ ခေါင်း၊ သို့မဟုတ် ဦးနှောက် အာရုံကြောများနှင့်နီးစပ်ရာနေရာများတွင် ကိုက်ခံရပါက ရောဂါပေါ်ထွက်ချိန် ပိုမိုတိုတောင်းနိုင်သည်။
(၂) ဒဏ်ရာ၏ ပြင်းထန်မှု: အကိုက်ခံရသောဒဏ်ရာ၏ ပြင်းထန်နက်ရှိုင်းမှု နှင့် ခန္ဓာကိုယ် နေရာ အတော်များများတွင် ကိုက်ခံရခြင်းသည်လည်း ရောဂါအချိန်ကို ပိုမိုလျှင်မြန်စေပါတယ်။
(၃) ရောဂါပိုးအရေအတွက်: ကိုက်ခဲခံရ၊ ထိတွေ့ခံရသော နေရာမှတဆင့် ရောဂါပိုးအများအပြား ဝင်ရောက်ပါက ရောဂါပေါ်ထွက်ချိန်ပိုမိုတိုတောင်းနိုင်သည်။
(၄) လူနာ၏ အသက်အရွယ်: ကလေးများ သို့မဟုတ် အသက်ငယ်သူများတွင် ရောဂါလက္ခဏာပြချိန်ပိုမိုတိုတောင်းနိုင်သည်။
(၅) ကာကွယ်ဆေး ထိုးထားမှု: အဆိုပါလူနာသည် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးထားသည်ဖြစ်ပါက ရောဂါလက္ခဏာ ပြချိန် နှောင့်နှေးစေနိုင်သော်လည်း ရောဂါကို ကာကွယ်နိုင်ရန်သာ အရေးကြီးပါသည်။
ရောဂါလက္ခဏာများ
ခွေးရူးပြန်ရောဂါ၏အစောပိုင်းလက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည် -
(၁) အဖျားတက်ခြင်း
(၂) နာကျင်မှု
(၃) ကိုက်ခံရသည့်နေရာတွင် ထုံကျင်မှု၊
စူးရှရှခံစားရမှု သို့မဟုတ် မီးလောင်သလိုခံစားရမှု
(၄) လေးလံထိုင်းမှိုင်းခြင်း၊ အားအင်ကုန်ခမ်းခြင်း သို့မဟုတ် နေရထိုင်ရ သက်တောင့်သက်သာမရှိခြင်း၊ မအီမသာဖြစ်ခြင်း
(၅) ခေါင်းကိုက်ခြင်း
🚨🚨🚨
ရောဂါပိုးကူးစက်မှု မြန်ဆန်တိုးတက်လာပါက ဦးနှောက်နှင့် အာရုံကြောမကြီး အထိ ရောရမ်းမှု ရောဂါ (Brain and spinal cord inflammation) ဖြစ်စေပြီး အောက်ပါအခြေအနေများကို ဖြစ်စေနိုင်ပါသည် -
• စိတ် ဂဏှာမငြိမ်မှု (Delirium)
• အတက်ရောဂါလက္ခဏာများ (Convulsions)
• ကြွက်သားများအားနည်းခြင်း (Muscle weakness) ထို့ကြောင့် ရေမြိုချ၍မရတော့ခြင်း
• ခန္ဓာကိုယ် အစိတ်အပိုင်းများ အကြောသေ၍ လှုပ်ရှားမရနိုင်တော့ခြင်း (Paralysis)
. မျက်နှာသို့ လေတိုးမှုဒဏ်ကို မခံနိုင်ခြင်း
ဒီအခြေအနေများပေါ်လာလျှင် အသက်ဆုံးရှုံးရန် အန္တရာယ်ရှိနိုင်သောကြောင့် အရေးပေါ်ကုသမှု အလျင်အမြန် လိုအပ်ပါသည်။
အရှင်းလင်းဆုံး ပြောပြရမည်ဆိုပါက ခွေး၊ ကြောင် မည်သည့်တိရစ္ဆာန် ကိုက်ခံရသည်ဖြစ်စေ၊ ကုတ်ခြစ်ခံရသည်ဖြစ်စေ နီးစပ်ရာ ဆေးရုံဆေးခန်းသို့ ၂၄ နာရီအတွင်း အမြန်ဆုံး သွားရောက်သင့်ပါတယ်။
ခွေးရူးပြန်ရောဂါပိုးကူးစက်ပြီး ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်လာလျှင် ထိရောက်သောကုသမှုမရှိပါ။ အယေဘုယျအားဖြင့် ရောဂါသည် သေဆုံးမှုကိုဖြစ်စေတတ်ပါသည်။
ဒါ့ကြောင့် ခွေး၊ ကြောင် စသည့် တိရစ္ဆာန်များ ကိုက်/ ကုတ်ခြစ်ခံရပါက
(၁) ဒဏ်ရာကို ရေ နှင့် ဆပ်ပြာတို့ဖြင့် အနည်းဆုံး ၅ မိနစ်မှ ၁၅ မိနစ်ခန့် ညင်သာစွာ သေချာအောင် ဆေးကြောရပါမည်။ ဆေးကြောပြီးသော ဒဏ်ရာကို သန့်ရှင်းသော ဆေးဂွမ်း၊ ပတ်တီးစတို့ဖြင့် အုပ်၍ ဆေးရုံဆေးခန်းသို့ ချက်ခြင်း သွားရပါမည်။ ဒဏ်ရာကို ဆေးထည့်ရာတွင် အပေါ်ယံအရေပြား ပွန်းပဲ့သွားသည်ဖြစ်၍ အိုင်အိုဒင်းပါသော ပိုးသတ်ဆေးရည်ကိုသာ သုံးသင့်ပါတယ်။
အရက်ပြန် မသုံးသင့်ပါ။
(၂) ဒဏ်ရာပြင်းထန်၍ စုတ်ပြဲမှုများရှိပါက ဒဏ်ရာကို အလုံပိတ်၍ ပြန်ချုပ်ခြင်း လုံးဝ မပြုလုပ်ရပါ။ ဆရာဝန်နှင့် အမြန်တိုင်ပင်ပါ။
(၃) ခွေးရူးပြန်ရောဂါပိုးထိတွေ့ရမိသည်ဟု သံသယရှိပါက (Post-exposure prophylaxis) ကို အမြန်ဆုံး စတင်ထိုးဖို့ အရေးကြီးပါသည်။ ဒါဟာ ရောဂါပိုးအဖြစ် ပိုမိုလျှင်မြန်စွာ ကူးစက်မှုကို တားဆီးပေးနိုင်ပါသည်။
ဒဏ်ရာအတိမ်အနက်နှင့် ထိတွေ့မှုအပေါ်မူတည်ပြီး ရောဂါပိုးနှိမ်နှင်းဆေး
(Rabies immunoglobulin) ကိုပါ တခါတည်း တွဲ၍ ထိုးရပါမည်။
ကာကွယ်ဆေးထိုးရန် နည်းလမ်းများ
ခွေးရူးပြန်ရောဂါသည် ကုသရန်နည်းလမ်းမရှိဘဲ ကာကွယ်ရန်သာ နည်းလမ်းရှိသောကြောင့် အောက်ပါနည်းလမ်းများအတိုင်း ကာကွယ်သင့်ပါသည်။
(၁) ရောဂါပိုးကူးစက်မှု မတိုင်မီ ကာကွယ်ဆေးထိုးခြင်း (Preexposure prophylaxis):
ခွေးရူးပြန်ရောဂါပိုးနှင့် အလွယ်တကူထိတွေ့နိုင်သူများသည် ကြိုတင် ကာကွယ်ဆေးထိုးသင့်ပါသည်။
(က) တိရစ္ဆာန်ဆေးကု ဆရာဝန်များ၊
(ခ) တိရစ္ဆာန်စီမံခန့်ခွဲသူများ၊
(ဂ) ဓာတ်ခွဲခန်းဝန်ထမ်းများ ပါဝင်ပါသည်။
(၂) ခရီးသွားလာမှုမတိုင်မီကြိုတင်ကာကွယ်ခြင်း
အကယ်၍ ခွေးလေခွေးလွင့်များ ပေါများသော ဒေသသို့ မကြာခဏ ခရီးသွားလာရသူဖြစ်ပါက
ရောဂါပိုးနှင့် ထိတွေ့ခြင်း မရှိသေးခင် ကြိုတင်ကာကွယ်ဆေးထိုးခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါသည်။
(၃) မိမိအိမ်ရှိ အိမ်မွေးတိရစ္ဆာန်များကို ခွေးရူးပြန်ကာကွယ်ဆေး ကြိုတင်ထိုးထားပေးခြင်း
(၄) တိရစ္ဆာန်များ နှင့် လက်ပွန်းတသီး မနေခြင်း
(အကယ်၍ မိမိအိမ်ရှိ တိရစ္ဆာန်တကောင်ကောင်သည် ပုံမှန်အတိုင်း ပြုမူနေထိုင်ခြင်း မရှိဘဲ စိတ်တိုလွယ်၊ စိတ်ပုံမှန်မရှိဟု သံသယရှိနေပါက တိရစ္ဆာန်ဆေးကု ဆရာဝန်များနှင့် သေချာစွာ တိုင်ပင်သင့်ပါသည်။
(ကာကွယ်ဆေးထိုးရမည့် အချိန်ဇယား နှင့် ရောဂါပိုးရှာဖွေရန် ကိစ္စများမှာ ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းများ၏ လုပ်ဆောင်ရမည့် အစိတ်အပိုင်းဖြစ်သောကြောင့် ယခု ပို့စ်တွင် ဖော်ပြခြင်း မပြုနိုင်တာကို သည်းခံခွင့်လွှတ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။)
Dr Thant
(အရေးပေါ်ဆရာဝန်)