27/11/2020
ဆီးချိုသွေးချိုရောဂါဆိုတာဘာလဲ?
ဆီးချိုသွေးချို (Diabetes) ဆိုသည်မှာ ခန္ဓာကိုယ်ထဲရှိ အချိုဓါတ် မြင့်မားခြင်းဖြစ်သည်။ အင်ဆူလင် (Insulin) ဟော်မုန်းကို Pancreas မှထုတ်လုပ်ပေးပြီး အင်ဆူလင်သည် စားလိုက်သောအစာမှ အချိုဓါတ် (glucose) ကို ခန္ဓာကိုယ်တွင်းရှိ ဆဲလ်အတွင်းတွင် စွမ်းအင်အနေဖြင့် သိမ်းဆည်းပေးထားပါသည်။ ဆီးချိုသွေးချိုရောဂါဖြစ်ပွားလျှင် ခန္ဓာကိုယ်သည် အင်ဆူလင်ကိုလုံလောက်စွာ မထုတ်နိုင်ခြင်း (သို့) ထုတ်လုပ်ထားသော အင်ဆူလင်ကို ထိရောက်စွာ အသုံးမချနိုင်ခြင်းကြောင့် ခန္ဓာကိုယ်တွင်း အချိုဓါတ်များ အချိန်ကြာမြင့်စွာရှိပြီး ရောဂါဖြစ်ပွားလာနိုင်ပါသည်။
ဆီးချိုသွေးချိုရောဂါသည် အမြစ်ပြတ်အောင်မကုသနိုင်သော်လည်း သေချာထိန်းသိမ်းခြင်းဖြင့် ကျန်းမာစွာနေထိုင်နိုင်ပါသည်။ အချို့သောလူများသည် ဆီးချိုက နည်းနည်းဘဲတက်တာပါ သိပ်အရေးမကြီးပါဘူး အစရှိသဖြင့် ထင်မိသော်လည်း ဆီးချိုသွေးချိုရောဂါသည် မည်သည့်အနေအထားတွင်ဖြစ်စေ အရေးကြီးပြီး အသက်အန္တရာယ်ကိုစိုးရိမ်ရပါသည်။
ဆီးချိုသွေးချိုရောဂါ ဘယ်နှစ်မျိုးရှိလဲ?
အဖြစ်အများဆုံး ဆီးချိုသွေးချိုရောဂါအမျိုးအစားများမှာ အမျိုးအစား ၁ (type 1 diabetes) ၊ အမျိုးအစား ၂ (type 2 diabetes 2) နှင့် ကိုယ်ဝန်ဆောင်ချိန်တွင်ဖြစ်ပွားတတ်သောဆီးချို (gestational diabetes) တို့ဖြစ်ပါသည်။
Type 1 diabetes
ဆီးချိုသွေချိုအမျိုးအစား ၁ ဖြစ်ပွားပါက ခန္ဓာကိုယ်သည် အင်ဆူလင်ဟော်မုန်းကို မထုတ်လုပ်နိုင်တော့ခြင်းဖြစ်ပါသည်။ လူ၏ကိုယ်ခံအားစနစ်မှ အင်ဆူလင်ထုတ်ပေးနေသည့် pancreas ဆဲလ်များကို တိုက်ခိုက်လိုက်ပါသည်။ အမျိုးအစား ၁ ဆီးချိုသွေးချိုကို ကလေးများ၊ ဆယ်ကျော်သက်များတွင် အများဆုံးတွေ့ရတတ်ပါသည်။
Type 2 diabetes
ဆီးချိုသွေးချိုအမျိုးအစား ၂ တွင် ခန္ဓာကိုယ်သည် အင်ဆူလင်ကို ကောင်းကောင်းအသုံးမချနိုင်တော့ခြင်းဖြစ်ပါသည်။ ဆီးချိုသွေးချိုအမျိုးအစား ၂ သည် အသက်အရွယ်မျိုးဖြစ်ပွားနိုင်ပါသည်။ သို့သော်လည်း သက်လတ်ပိုင်းနှင့် အသက်အရွယ်ကြီးသူများတွင် အများဆုံးတွေ့ရနိုင်ပါသည်။ ဆီးချိုသွေးချိုအမျိုးအစား ၂ သည် ဆီးချိုသွေးချိုရောဂါတွင် အဖြစ်အများဆုံးရောဂါ ဖြစ်ပါသည်။
Gestational diabetes
ကိုယ်ဝန်ဆောင်ချိန်တွင်ဖြစ်ပွားတတ်သော ဆီးချိုသွေးချိုအမျိုးအစားဖြစ်ပါသည်။ အများအားဖြင့် မွေးဖွားပြီးချိန်တွင် ပျောက်ကင်းသွားတတ်ပါသည်။ သို့သော်လည်းဘဲ ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးချိုသွေးချိုဖြစ်ပွားဖူးပါက နောင်တချိန်တွင် အမျိုးအစား ၂ ဆီးချိုသွေးချိုဖြစ်ပွားနိုင်နှုန်း ပုံမှန်ထက်မြင့်မားနိုင်ပါသည်။ တခါတရံတွင် ကိုယ်ဝန်ဆောင်ချိန်တွင် ဖြစ်ပွားသော ဆီးချိုသွေးချိုရောဂါသည် အမျိုးအစား ၂ ဖြစ်နေတတ်ပါသည်။
ဆီးချိုသွေးချိုဖြစ်ပွားမှုနှုန်း ဘယ်လောက်များလဲ?
၂၀၁၄ ခုနှစ်တွင် လူဦးရေ ၄၄၂ သန်းသည် ဆီးချိုသွေးချိုရောဂါကို ခံစားနေရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကဖော်ပြထားပါသည်။ ၂၀၁၆ ခုနှစ်တွင် ဆီးချိုသွေးချိုရောဂါကြောင့် သေဆုံးသူ ၁.၆ သန်းရှိခဲ့ပါသည်။ ၂၀၁၆ တွင် ကမ္ဘာပေါ်ရှိ သေဆုံးမှုအများဆုံးရောဂါစာရင်းတွင် ဆီးချိုသွေးချိုကြောင့် သေဆုံးမှုသည် အဆင့် ၇ နေရာတွင် ရှိခဲ့ပါသည်။
၂၀၁၅ ခုနှစ်တွင် အမေရိကန်ရှိ လူဦးရေ၏ ၉.၄ ရာခိုင်နှုန်း လူဦးရေပေါင်း ၃၀.၃ သန်းသည် ဆီးချိုသွေးချိုရောဂါဖြစ်ပွားခဲ့ပါသည်။ အဆိုပါရောဂါရှိသူများထဲမှ ၂၅ ရာခိုင်နှုန်းခန့်သည် ရောဂါရှိနေသည်ကို ဂရုမပြုမိဘဲ ရှိခဲ့ပါသည်။ ဖြစ်ပွားမှုနှုန်း၏ ၉၀-၉၅ ရာခိုင်နှုန်းသည် အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါဖြစ်ပွားခဲ့ပါသည်။
ဘယ်သူတွေမှာ ဆီးချိုသွေးချို အမျိုးအစား ၂ ပိုမိုဖြစ်ပွားနိုင်ပါသလဲ?
အသက် ၄၅နှစ် အထက်လူများ၊ မိသားစုထဲတွင် ဆီးချိုသွေးချိုရောဂါ ရှိသူများ၊ အဝလွန်သူများတွင် ပိုမိုဖြစ်ပွားနိုင်ပါသည်။ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း၊ သွေးတိုးရှိခြင်းစသည့်အချက်များကလည်း ဆီးချိုသွေးချိုဖြစ်ပွားမှုနှုန်းကို မြင့်တက်စေနိုင်ပါသည်။
ဆီးချိုသွေးချိုရောဂါဖြစ်ပွားရင် တခြားမည်သည့်ရောဂါများထပ်မံဖြစ်ပွားနိုင်ပါသလဲ?
သွေးတွင်းအချိုဓါတ်များသောကြောင့် အောက်ပါရောဂါများထပ်မံဖြစ်ပွားနိုင်ပါသည်။
- နှလုံးရောဂါ
- လေဖြတ်ရောဂါ
- ကျောက်ကပ်ရောဂါ
- မျက်စိရောဂါ
- အာရုံကြောရောဂါ အစရှိသည်တို့ ဖြစ်ပွားနိုင်ပါသည်။
ဆီးချိုသွေးချိုရောဂါရှိ/မရှိကို စစ်ဆေးမှုခံယူသင့်ပါသည်။
ဆီးချိုသွေးချိုရောဂါရှိကြောင်းသိရှိပါက အမြန်ကုသမှုခံယူရန်လိုအပ်ပါသည်။