11/03/2022
🔹 ဆီးချိုရောဂါ ရှိ/မရှိ သေချာအောင် စမ်းသပ်စစ်ဆေးခြင်း 🔹
ဆီးချိုရောဂါ အမှန်တကယ် ဖြစ်နေကြောင်း စမ်းသပ်မှုများ ပြုလုပ်ရသလို ဆီးချိုရောဂါ ဖြစ်ပွားရသည့် အကြောင်းအရင်းကို သိစေရန် ဆီးချိုရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ ရှိ/မရှိ စစ်ဆေးရန်နှင့် မိမိကုသနေသော လူနာ၏အခြေအနေ တိုးတက်မှု ရှိ/မရှိ သိရှိနိုင်စေရန် အောက်ပါ စမ်းသပ်စစ်ဆေးမှုများကို ပြုလုပ်ရလေ့ရှိပါသည်။
ဆီးစစ်ဆေးခြင်း (Urine RE)
--------------------------
ဆီးထဲ၌ ဂလူးကို့စ် ပါ/မပါ စစ်ဆေးခြင်းဖြစ်သည်။ သာမန် ကျန်းမာနေသူ၏ ဆီးထဲတွင် ဂလူးကို့စ် မပါဝင်ရပါ။ အကယ်၍ ဆီးကိုစစ်ကြည့်ပြီး ဂလူးကို့စ်ပါနေပါက ဆီးချိုရောဂါ ဖြစ်နိုင်ပါသည်။ ဆီးကို အစာစားပြီး ၂ နာရီ အကြာ၌ ယူလျှင် အကောင်းဆုံးဖြစ်သည်။ ဆီးထဲ၌ ဂလူးကို့စ်တွေ့ရုံနှင့် ဆီးချိုရောဂါ ရှိနေပြီဟု တန်းပြော၍ မရသေးပါ။ သေချာအောင် သွေးထဲရှိ ဂလူးကို့စ်ကို စစ်ဆေးပြီး သွေးထဲမှာပါ များနေမှသာ ဆီးချိုဟု ပြောနိုင်ပါသည်။ အချို့သူများ (ဥပမာ ကိုယ်ဝန်ဆောင်များ၊ ကျောက်ကပ်က ဂလူးကို့စ်ကို ပုံမှန်စွန့်ထုတ်နေသူများ) တွင် သွေးထဲ၌ ဂလူးကို့စ် များလေ့မရှိပါ။ အချို့သောဆေးများ (ဥပမာ Ampicillin, Amoxycillin, Levodopa, Aspirin) သည်လည်း ဂလူးကို့စ် စမ်းသပ်မှုကို နှောင့်ယှက်ဟန့်တားနိုင်ပါသည်။
ဆီးစစ်ရာတွင် ဆီးချိုရောဂါသည်များ ဖြစ်လေ့ရှိသည့် ဆီးလမ်းကြောင်း ပိုးဝင်သောလက္ခဏာများ (ဥပမာ ဆီးတွင်း၌ ဘက်တီးရီးယားပိုးများ တွေ့ခြင်း၊ ပြည်များ တွေ့ခြင်း) ရှိ/မရှိ သိနိုင်သလို ကျောက်ကပ်ပျက်စီးမှု ရှိ/မရှိကိုလည်း ဆီးတွင်း၌ ပရိုတင်းဓာတ် (Urine protein) ပါဝင်မှု ရှိ/မရှိကို ကြည့်၍လည်း သိနိုင်ပါသည်။ အခြားသော အချက်အလက်များဖြစ်သည့် ကီတုံးများ (Ketones) ပါဝင်ပါက ဆီးချိုထိန်းသိမ်းမှု ပို၍ဂရုစိုက်ရန်လိုကြောင်း ပြသပေးသဖြင့် အကျိုးရှိပါသည်။
သွေးတွင်းဂလူးကို့စ် စစ်ဆေးခြင်း (Blood glucose testing)
----------------------------------------------------
သွေးဖောက်၍ စစ်ဆေးရာတွင် အဓိကအားဖြင့် လက်မောင်းရှိ သွေးပြန်ကြောမှ ဖောက်ယူလေ့ရှိသည်။ အိမ်တွင်တိုင်းသည့် သွေးတွင်းရှိ ဂလူးကို့စ်တိုင်းသောစက် (Glucometer) ဖြင့် တိုင်းပါက လက်ထိပ်ရှိ ဆံခြည်မျှင် သွေးကြောများမှ သွေး (Capillary blood) ကို ယူခြင်းဖြစ်၍ လက်မောင်းသွေးပြန်ကြောမှယူသော သွေးထက် ဂလူးကို့စ်ပမာဏ အနည်းငယ် ပိုများနိုင်သည်။
သွေးဖောက်သည့် အချိန်ပေါ်မူတည်၍ သွေးတွင်းရှိ ဂလူးကို့စ်ပမာဏ အပြောင်းအလဲရှိသည်။ ထို့ကြောင့် မည်သည့်အချိန်တွင် သွေးဖောက်သည်ကိုပါ ပူးတွဲဖော်ပြရပါမည်။ တစ်ညလုံး အစားမစားဘဲ မနက်မိုးလင်းလင်းချင်း သွေးဖောက်စစ်ဆေး၍ ရသည့်အဖြေကို Fasting blood glucose ဟုခေါ်သည်။ ယင်းကိုစံပြုပြီး အမြဲတိုင်းတာလေ့ရှိသည်။ အစာ စားပြီး ၂ နာရီကြာမှ တိုင်းခြင်းကို 2 hours postprandial glucose ဟုခေါ်သည်။ ယင်းသည် သွေးအတွင်း အစာစားပြီး ဂလူးကို့စ် မည်မျှအသုံးပြုနိုင်သည်ကို ပြသခြင်းဖြစ်သည်။
အချို့မှာ ကြိုတင်စီစဉ်ထားခြင်း မရှိဘဲ ၂၄ နာရီအတွင်း ကြုံသည့်အချိန်တွင် သွေးဖောက်စစ်ဆေးခြင်းကို Random blood glucose ဟုခေါ်သည်။ ဆေးရုံ၊ ဆေးခန်းသို့ ရောက်လာသော လူနာများ၊ ယခင်က ဆီးချိုရှိမှန်း မသိသော လူနာများအား ဆီးချိုသံသယရှိပါက ချက်ချင်းသိစေရန် စစ်ဆေးခြင်းဖြစ်သည်။ ယင်းသို့စစ်ဆေးပြီး သွေးတွင်းဂလူးကို့စ် များစွာတက်နေလျှင်လည်း ဆီးချိုရှိသည်ဟု သတ်မှတ်နိုင်သည်။
ဂလူးကို့စ် ဖျော်ရည်သောက်ပြီး စမ်းသပ်ခြင်း (Oral Glucose Tolerance Test: OGTT)
----------------------------------------------------
လူနာကို ဂလူးကို့စ် ဖျော်ရည်တိုက်ပြီး သွေးတွင်း၌ ဂလူးကို့စ် မည်မျှတက်လာသည်၊ ခန္ဓာကိုယ်ကနေ မည်သို့တုံ့ပြန်သည်ကို စမ်းသပ်ခြင်းဖြစ်သည်။ ဤစမ်းသပ်မှုကို ၁၉၂၃ ခုနှစ် တွင် ဂျာရုန်း ကောင်း (Jerome W. Conn) ဆိုသူက စတင်တီထွင်ခဲ့ရာ ယနေ့အထိ အသုံးဝင်နေဆဲ ဖြစ်သည်။ လူနာတိုင်းကို ပြုလုပ်ရန် မလိုအပ်သော်လည်း အချို့လူနာများတွင် ဤစမ်းသပ်မှုကို ပြုလုပ်ခြင်းဖြင့် လူနာ၏ အခြေအနေကို ပို၍ အသေးစိတ် သိနိုင်ပါသည်။ လုပ်ရလွယ်ကူခြင်း၊ ကုန်ကျစရိတ် မများခြင်းတို့ကြောင့် ပြုလုပ်သင့်သည့် စမ်းသပ်မှုတစ်ခုဟု ဆိုနိုင်သည်။
ဒေါက်တာခင်မောင်လွင် (FAME)
ကိုးကားချက် - "ဆီးချိုရောဂါ" စာအုပ်၊ အခန်း (၁) ဆီးချိုရောဂါဆိုသည်မှာ မှ ထုတ်နုတ်ဖော်ပြသည်။
👉https://t.me/drkhinmaunglwin
👉https://t.me/drkhinmaunglwingroup