13/04/2026
မပုကြွယ်တစ်ယောက်တဖြည်းဖြည်းဝလာသောသူမ၏ခန္ဓာကိုယ်ကိုမှန်ထဲတွင်ကြည့်မိသည်။
မေးနှစ်ထပ်ဖြစ်ပြီး လည်ပင်းကတိုလာသည်။ လှတာမလှတာထက် ညဘက် အသက်ရှု မဝသလိုဖြစ်ပြီးအိပ်ယာက လန့်နိုးတတ်သည်။ တညလုံးအိပ်ထားပါသော်လည်းနောက်နေ့မနက်နိုးလာချိန်တွင် အိပ်ရေးမဝသလိုဖြစ်ပြီး တနေကုန်အိပ်ငိုက်နေတတ်သည်။ အစပိုင်းတွင် စာဖတ်ရင်း၊ TV ကြည့်ရင်းအိပ်ငိုက်သော်လည်း နောက်ပိုင်းပို၍ပို၍ ဝလာသည်နှင့်အမျှ ထမင်းစားရင်း၊စကားပြောရင်းပင်အိပ်ငိုက်လာသည်။ ကားမောင်းရင်းအိပ်ငိုက်သဖြင့် ယာဥ်မတော်တဆမှုပင်ဖြစ်လာရသည်။ သူမနှင့်အတူနေသူ အခန်းဖော်များကလည်းသူမအိပ်ပျော်နေစဥ် အလွန်ဟောက်ကြောင်း၊အိပ်နေရင်းရုတ်တရက်အသက်ရှုရပ်သွားတတ်ကြောင်းပြောကြသဖြင့် သူမစိုးရိမ်လာပြီးဆရာဝန်နှင့်တိုင်ပင်ရတော့သည်။
🤔အိပ်ပျော်နေစဥ်အသက်ရှုရပ်သွားတယ်ဆိုတာ ဘာလို့ဖြစ်ရတာလဲ။
🧑⚕️Sleep apnoea (သို့မဟုတ်) Obstructive sleep apnoea ဆိုတာကတော့ အိပ်ပျော်နေစဥ်အချိန်မှာ
🔺တခဏတာ (10 စက္ကန့်နှင့်အထက်) အသက်ရှုရပ်သွားခြင်းသို့မဟုတ်
🔺မူလအသက်ရှူနှုန်းအောက်(50%) လျော့နည်းသွားခြင်း၊ နှေးသွားခြင်းအပြင်
🔺သွေးထဲရှိအောက်ဆီဂျင်ပမာဏမူလအောက်( 4%) လျော့နည်းသွားခြင်းဖြစ်ပြီးတစ်ညတာအချိန်အတွင်းမှာအကြိမ်ပေါင်းများစွာရာနဲ့ချီ၍ဖြစ်နိုင်ပါတယ်။
💢Obstructive Sleep Apnoea ဖြစ်ရတဲ့အကြောင်းရင်းကတော့ အသက်ရှုလမ်းကြောင်းအပေါ်ပိုင်းရှိ လေပြွန်( pharynx ) အထူးသဖြင့်အာခေါင်ပျော့( soft palate) နေရာတွင်အကြောင်းအမျိုးမျိုးကြောင့်မကြာခဏပိတ်ဆို့ခြင်းကြောင့်ဖြစ်ပါတယ်။
လူတစ်ယောက်အသက်ရှုတဲ့အခါမှာနှာခေါင်း၊ လေပြွန်၊ အဆုတ်တို့အပြင်ရင်ခေါင်းနှင့်ဝမ်းဗိုက်ခြားထားသော အမြှေးပါးတို့သာမက အသက်ရှုလမ်းကြောင်းတလျောက်ရှိ ကြွက်သားတွေရဲ့အကူအညီပါလိုအပ်ပါတယ်။ အိပ်ပျော်နေစဥ်မှာတော့ ထိုကြွက်သားတွေရဲ့ ကျုံ့နိုင် ဆန့်နိုင်စွမ်းလျော့နည်းသွားပြီး အသက်ရှုလမ်းကြောင်းပိတ်ခြင်းဖြစ်ပေါ်တတ်ပါတယ်။ လုံးဝပိတ်မသွားပဲ နည်းနည်းပဲပိတ်ရင် လေဝင်လေထွက်မမျှတမှုကြောင့် အိပ်ပျော်နေစဥ် ဟောက်သံထွက်လာပါတယ်။
အသက် (30 မှ60 ကြား)အမျိုးသားတွေရဲ့ (44%) နှင့် အမျိုးသမီးတွေရဲ့ (28%) မှာအိပ်ပျော်နေစဥ်ဟောက်တတ်ကြောင်းလေ့လာသိရှိရပါတယ်။ ပိုဆိုးလာပြီးအသက်ရှုလမ်းကြောင်းလုံးဝပိတ်သွားချိန်မှာတော့ အိပ်ပျော်နေစဥ်အသက်ရှုရပ်သွားခြင်းဖြစ်တတ်ပါတယ်။
🤔အသက်ရှုလမ်းကြောင်းပိတ်ဆို့မှုကိုဖြစ်စေတဲ့ အကြောင်းအမျိုးမျိုးကဘာတွေလဲ။
🧑⚕️အဓိကဖြစ်ရတဲ့ အကြောင်းရင်း ကတော့အဝလွန်ခြင်းကြောင့်ဖြစ်ပါတယ်။
အခြားအကြောင်းတွေကတော့
👉လည်ပင်းတိုခြင်း၊ မေးတိုခြင်း
👉အာသီးရောင်ခြင်း၊ ကြီးခြင်း
👉အမျိုးသားများ၊ မျိုးရိုးရှိသူများ
👉 သိုင်းရွိက်ဟော်မုန်းချို့တဲ့သူများ
👉အရက်၊ အိပ်ဆေးနှင့် မူးယစ်ဆေးဝါးသုံးစွဲသူများ
👉သွေးတိုးရောဂါအခံရှိပြီး၊ လေဖြတ်ဖူးသူများ
👉နှလုံးရောဂါရှိသူများ
စသူတွေမှာ အဖြစ်များပါတယ်။
🤔Sleep apnoea ကိုဘယ်လိုအမျိုးအစားခွဲခြားနိုင်သလဲ။
🧑⚕️ဆေးပညာအရ
👉Obstructive sleep apnoea ( အသက်ရှုလမ်းကြောင်းပိတ်ဆို့မှုကြောင့်ဖြစ်ခြင်း)
👉Central sleep apnoea (ဦးနှောက်အတွင်း ဗဟိုအသက်ရှု လမ်းကြောင်းဆိုင်ရာ အချက်ပြအားနည်းမှုကြောင့်ဖြစ်ခြင်း)
(ဥပမာ-လေဖြတ်လူနာနဲ့ မူးယစ်ဆေးဝါး၊အိပ်ဆေးနှင့်အလွန်အကျွံအသုံးပြုထားတဲ့ လူနာတွေမှာတွေ့ရတတ်ပါတယ်။)
👉Complex sleep apnoea (အထက်ပါအကြောင်းရင်းနှစ်မျိုးလုံးကြောင့်ဖြစ်ခြင်း) ဆိုပြီးခွဲခြားထားပါတယ်။
🤔ရောဂါလက္ခဏာတွေကဘာတွေလဲ။
👉 အသံကျယ်လောင်စွာ ဟောက်ခြင်း
👉နေ့အချိန်တွင်အလွန်အမင်းအိပ်ငိုက်ခြင်း
👉 အိပ်ပျော်နေစဥ်အသက်ရှုနှုန်းနှေးသွားခြင်း၊
ဥပမာ-ပုံမှန်အသက်ရှုနှုန်းတစ်မိနစ်လျင် 14 ကြိမ်မှ 7 ကြိမ်အောက်လျော့သွားခြင်း
👉အိပ်ပျော်နေစဥ် 10 စက္ကန့်နှင့်အထက် အသက်ရှုခဏရပ်သွားခြင်း
👉 ညဘက်အိပ်ယာမှမကြာခဏလန့်နိုးသဖြင့် အိပ်ရေးမဝဖြစ်ခြင်း
👉ခေါင်းကိုက်ခြင်း၊ခေါင်းမကြည်လင်ခြင်း
👉လူနုံးချိနေခြင်း
👉စိတ်အတက်အကျမြန်ခြင်း၊စိတ်ကျရောဂါ ဖြစ်ခြင်း စတာတွေဖြစ်တတ်ပါတယ်။
ပိုဆိုးလာပါက
💢 သွေးတိုးခြင်း၊
💢 နှလုံးစည်းချက်မမှန်ခြင်း
💢 လေဖြတ်ခြင်း
💢နေ့ဘက် အလွန်အမင်းအိပ်ငိုက်ခြင်းကြောင့် ယာဥ်မတော်တဆဖြစ်ခြင်းစတာတွေဖြစ်တတ်ပါတယ်။
🤔Sleep apnoea ရောဂါရှိမှန်းဘယ်လိုသိနိုင်သလဲ။
🧑⚕️အထက်ပါရောဂါလက္ခဏာများအပြင် Sleep study လို့ခေါ်တဲ့အိပ်ပျော်နေစဥ်စက်တပ်လေ့လာခြင်းဖြင့် ရောဂါဘယ်လောက်ဆိုးသလဲဆိုတာကိုတိုင်းတာနိုင်ပါတယ်။
⏰အိပ်ပျော်နေစဥ် အချိန်တစ်နာရီအတွင်း
(10 စက္ကန့်နှင့်အထက်) အသက်ရှူရပ်သွားခြင်း (သို့မဟုတ်) မူလအသက်ရှုနှုန်းအောက် (50%) လျော့နည်းသွားခြင်း (Apnoea/Hypopnoea index, AHI) နဲ့တိုင်းတာပါတယ်။
တစ်နာရီအတွင်း AHI အကြိမ်ရေ
👉5ကြိမ်မှ14 ကြိမ်= မပြင်းထန်
👉15 ကြိမ်မှ 30 ကြိမ်= အတော်အသင့်ပြင်းထန်
👉အကြိမ်ရေ 30 ကျော်= ပြင်းထန်အဆင့်ဆိုပြီးသတ်မှတ်ထားပါတယ်။
🤔Sleep apnoea ကကုသလို့ပျောက်နိုင်သလား။
🧑⚕️Sleep apnoea အမျိုးအစား၊ဖြစ်ရတဲ့အကြောင်းရင်း၊ ရောဂါပြင်းထန်မှုပေါ်မှာမူတည်ပါတယ်။
မပြင်းထန်ပါက
👉အဝလွန်တဲ့ လူနာတွေမှာ ကိုယ်အလေးချိန်လျော့ချခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း
👉လည်ပင်းနဲ့မေးတိုတဲ့လူနာတွေမှာ ခွဲစိတ်ကုသခြင်း
👉နဂိုရောဂါအခံများဖြစ်သော သွေးတိုးရောဂါ၊ နှလုံးရောဂါ၊သိုင်းရွိက်ရောဂါများကိုစနစ်တကျကုသခြင်း
👉အိပ်ပျော်နေစဥ်အသက်ရှုလမ်းကြောင်းပွင့်စေရန် ကိရိယာများ(mouthpiece) တပ်ဆင်ထားခြင်း
👉ပက်လက်မအိပ်ပဲ ဘေးစောင်း၍အိပ်ခြင်းစတာတွေပြုလုပ်နိုင်ပြီး
🚨 တစ်နာရီအတွင်း AHI အကြိမ်ရေ 30ကျော်လာရင်တော့ အသက်အန္တာရာယ်ရှိလာတဲ့ အတွက်ညအချိန် အိပ်ပျော်နေစဥ် အသက်ရှုစက်တပ်ထားရခြင်း (Continuous positive airway pressure ,CPAP) ပြုလုပ်ရန်လိုပါတယ်။
လူတိုင်း ကျန်းမာ ရေးကို လက်လှမ်းမှီစေရန်
ရည်သန်လျက်
Yangon Medical Network
References
Davidson's Principles and Practices of Medicine
https://www.mayoclinic.org/diseases-conditions/sleep-apnea/symptoms-causes/syc-20377631
https://my.clevelandclinic.org/health/diseases/8718-sleep-apnea