Yangon Medical Network

Yangon Medical Network Aims to ensure that everyone can access healthcare in a free and equitable manner https://youtube.com/channel/UCf36SDrqeUcT0Jg82iBVi0A

နှစ်သစ် နှုတ်ခွန်းဆက်ဆုမွန်လွှာခရစ်သက္ကရာဇ် ၂၀၂၆ ခုနှစ်နှစ်ဆန်းတစ်ရက်နေ့မှ စတင်သော တော်လှန်နှစ်သစ်ကာလအတွင်း စစ်ဖိနပ်အောက...
01/01/2026

နှစ်သစ် နှုတ်ခွန်းဆက်ဆုမွန်လွှာ

ခရစ်သက္ကရာဇ် ၂၀၂၆ ခုနှစ်နှစ်ဆန်းတစ်ရက်နေ့မှ စတင်သော တော်လှန်နှစ်သစ်ကာလအတွင်း စစ်ဖိနပ်အောက်၊ စစ်အာဏာရှင်စနစ်အောက်မှ တော်လှန်ပြည်သူအပေါင်းတို့ အမြန်ဆုံး လွတ်ကင်းနိုင်ပြီး ညီတူညီမျှ ပျော်ရွှင်ရမည့် နှစ်သစ်အချိန်အခါများကို အမြန်ဆုံး ပိုင်ဆိုင်နိုင်ကြပါစေ။
တော်လှန်ပြည်သူများအားလုံး နှစ်သစ်မှစ၍ ကိုယ်ကျန်းမာစိတ်ချမ်းသာလို့ လိုရာပန်းတိုင်သို့ရောက်နိုင်ကြပါစေ။

Yangon Medical Network

ဆရာ၊ ဆရာမ အားလုံးမင်္ဂလာပါ 📖Yangon Medical Network မှ အခုတစ်ခေါက် စီစဥ်ထားတဲ့ course ကတော့ "Diabetes Mellitus in Primary...
18/12/2025

ဆရာ၊ ဆရာမ အားလုံးမင်္ဂလာပါ

📖Yangon Medical Network မှ အခုတစ်ခေါက် စီစဥ်ထားတဲ့ course ကတော့ "Diabetes Mellitus in Primary Care" ဖြစ်ပါသည်။

🧩ဆီးချိုရောဂါသည် အဖြစ်များသောနာတာရှည်ရောဂါဖြစ်ပြီး နောက်ဆက်တွဲအန္တရာယ်များ ဖြစ်စေနိုင်သော ရောဂါဖြစ်သောကြောင့် primary care setting တွင် အဓိကစိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်။

🧩ဆီးချို ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုတို့ကို ကာကွယ်နိုင်ရန် စောစီးစွာသိရှိနိုင်မှုနှင့် ကြိုတင်စီမံမှုများ လိုအပ်ပါသည်။

🧩 ဆီးချိုရောဂါရှိသူများအတွက်ရေရှည် ဆီးချို ထိန်းချုပ်မှုအောင်မြင်ရန်နှင့်ဆီးချိုရောဂါရှိသူများ၏ဘဝအရည်အသွေးကိုတိုးတက်စေနိုင်ရန်အတွက် ယခု "Diabetes Mellitus in Primary Care" Topic ကိုအောက်ပါအတိုင်းဆွေးနွေးသွားမည်ဖြစ်သည်။

📌 19.12.25 (2:00 pm)
Topic: Diabetes Mellitus in primary care
Platform : Zoom

🩺ဒီ course‌ လေးကိုတက်‌ ရောက်နိုင်ရန်အတွက်အောက်ဖော်ပြပါ Link မှာ Register လုပ်ထားနိုင်ပြီဖြစ်ပါတယ်။
စာရင်းပေးထားတဲ့ email တွေကိုသာ Zoom link ပေးပို့မှာ ဖြစ်ပါတယ်။ Limited Seat ဖြစ်တာမို့ အမြန်လေး register လုပ်ဖို့တော့ လိုမယ်နော်။

https://docs.google.com/forms/d/18hYgtjfpsKXvX94FpeHg6u0xLs_fyZzczU_J55NilQA/edit?usp=drivesdk
......................

▶️ယခင် YMN Tele-educationမှ စီစဉ်ပြုလုပ်ထားခဲ့ courseများနှင့် CME များကိုလဲ အောက်ဖော်ပြပါ YMN Tele Education YouTube channel မှာ ပြန်လည်နားထောင်နိုင်ပါတယ်ရှင်။
https://youtube.com/-education5812?si=utMP7FjeROXoHM0l

Medical personal တိုင်း
ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်နိုင်စေရန်
ရည်သန်လျှက်
Yangon Medical Network

Goutသတိပြုစရာ ဂေါက်ရောဂါဦးလှ​တစ်ယောက်​ခြေမထိပ်မှ မီးစနှင့်ထိုးလိုက်သလို ပူလောင်နာကျင်ခြင်းကိုခံစားရသဖြင့် အိပ်နေရာမှရုတ...
08/12/2025

Gout
သတိပြုစရာ ဂေါက်ရောဂါ
ဦးလှ​တစ်ယောက်​ခြေမထိပ်မှ မီးစနှင့်ထိုးလိုက်သလို ပူလောင်နာကျင်ခြင်းကိုခံစားရသဖြင့် အိပ်နေရာမှရုတ်တရက် လန့်နိုးလာခဲ့သည်။ မခံနိုင်အောင်နာကျင်လွန်းသဖြင့် အိပ်ယာမှနိုး၍မနက်မိုးလင်းသည်နှင့် အနီးစပ်ဆုံးဆေးခန်းသို့ ပြေးရတော့သည်။ သူ၏ ညာဘက်ခြေမသည်နီရဲရောင်ရမ်းနေသည်။ သူသည်​ဘီယာအလွန်ကြိုက်သူလည်းဖြစ်သည်။
ဆရာဝန်တွေက​ဂေါက်ရောဂါ​ဟု​မှတ်ချက်ပေးကြသည်။

🤔ဂေါက်ရောဂါဆိုတာဘာလဲ။
🧑‍⚕️ဂေါက်ရောဂါဆိုသည်မှာ အဆစ်အမြစ်များနာကျင်ရောင်ရမ်းသောရောဂါတစ်ခုဖြစ်ပါသည်။
အမျိုး​သားများ​တွင်​ အမျိုးသမီး​များထက်​ 5 ဆ​ပို၍ အဖြစ်များပြီးအသက်ကြီးသော အမျိုးသမီးများတွင်လည်းအဖြစ်များပါသည်။ အဝလွန်ခြင်း၊ဆီးချို၊ သွေးတိုးရောဂါများနှင့် အတူယှဥ်တွဲတွေ့ရပြီးလက်ရှိကာလတွင် အဖြစ်များသော ရောဂါတစ်ခုလည်းဖြစ်ပါသည်။

🤔ဂေါက်ရောဂါ ဘာကြောင့်ဖြစ်သလဲ။
🧑‍⚕️ဂေါက်ရောဂါဆိုသည်မှာ လူ၏ခန္ဓာကိုယ် အတွင်း​ ယူရစ်အက်ဆစ်ဓါတ်များ(uric acids) များပြားလာပြီးအဆစ်များအတွင်းတွင် မိုနိုဆိုဒီယမ်ယူရိတ်ပုံဆောင်ခဲများ (monosodium urate monohydrate crystals) စုပုံလာခြင်းကြောင့်ဖြစ်ပါသည်။

🤔သွေးထဲမှာ ယူရစ်အက်ဆစ်ဓါတ်များ (uric acid) များတိုင်းဂေါက်ရောဂါ​(gout) ဖြစ်တတ်သလား။
🧑‍⚕️တချို့သောလူနာများတွင်​သွေးတွင်းယူရစ်အက်စစ်ဓါတ်များများနေသော်လည်း​ဂေါက်ရောဂါ​လက္ခဏာ​များမတွေ့ရတတ်ပါ။ ထို့အတူ တခါတရံတွင် သွေးတွင်းယူရစ်အက်ဆစ်ဓါတ်များ မများ​သော်လည်း​ ဂေါက်ရောဂါ ခေါ်အဆစ်အမြစ်များကိုက်သောလက္ခဏာများခံစားနေရသောလူနာများလည်းတွေ့ရပါသည်။ ထို့ကြောင့်​သွေးတွင်းယူရစ်အက်ဆစ်ဓါတ်ထက် အဆစ်​များအတွင်း​ယူရစ်အက်ဆစ်ဓါတ်ပုံဆောင်ခဲများမည်မျှ စုပုံနေသလဲဆိုသည်က ဂေါက်ရောဂါ ဖြစ်မဖြစ်နှင့် တိုက်ရိုက်အချိုးကျပါသည်။

🤔ဘယ်လိုအကြောင်းအရာတွေက​ခန္ဓာကိုယ်​အတွင်း ယူရစ်အက်ဆစ်ဓါတ်များ ကို​များစေသလဲ။
🧑‍⚕️ပုံမှန်​အားဖြင့်​လူ၏ခန္ဓာကိုယ်​အတွင်းရှိယူရစ်အက်ဆစ်ဓါတ်များ၏ သုံးပုံ တစ်ပုံကို ပြင်ပ​အစားအစာများမှရရှိပြီး ကျန်​သုံးပုံနှစ်ပုံသည် ခန္ဓာကိုယ်မှ purine ဓါတ်များပြိုကွဲဓါတ်ပြုရာမှရရှိပါသည်။ ထို့နောက်​ပိုနေသော ယူရစ်အက်ဆစ်ဓါတ်များ၏ သုံးပုံ​နှစ်ပုံကို​ကျောက်ကပ်​မှ​ဆီးထဲတွင်စွန့်ထုတ်ပြီး ကျန်​သုံးပုံ​တစ်ပုံကို​ အစာအိမ်​နှင့် အူလမ်းကြောင်းမှ ဝမ်းထဲတွင်စွန့်ထုတ်ပါသည်။ထို့ကြောင့်​သွေး​တွင်း​ယူရစ်အက်ဆစ်ဓါတ်များ (uric acid) နည်းခြင်း၊များခြင်း​သည်​ ခန္ဓာကိုယ်​အတွင်း​စားသုံးသောပမာဏ၊ထုတ်လုပ်သောပမာဏနှင့် စွန့်ထုတ်သောပမာဏတို့ မျှတ​နေခြင်းရှိမရှိပေါ်တွင်မူတည်ပါသည်။

အောက်ပါအချက်များက သွေးတွင်းယူရစ်အက်ဆစ်ဓါတ်များကိုများစေပါသည်။
💢ကျောက်ကပ်​မှစွန့်ထုတ်ခြင်းကိုနည်းစေသောအခြေအနေများ
👉ကျောက်ကပ်မကောင်းခြင်း
👉ခဲဆိပ်သင့်ခြင်း
👉အရက်၊ဘီယာ​အလွန်အကျွံ​သောက်သုံး​ခြင်း
👉ဆီးဆေးနှင့် အချို့​သော​ကင်ဆာဆေးများ၊ သွေးကျဆေးများ
💢ယူရစ်အက်ဆစ်ဓါတ်များ ပါဝင်သောအစားအစာများအလွန်အကျွံစားသုံးခြင်း
👉ပင်လယ်စာများ၊ခရုများ၊ကမာများ၊ငါးသေတ္တာ​များ
👉မှို၊မျှစ်၊ကလီစာများ
👉အရက်၊ဘီယာများ
👉Fructose သကြားဓါတ်အများအပြားပါဝင်သော အချိုရည်များ
👉အနီရောင်​ရှိသော​အသားများ၊အမဲသား
💢ခန္ဓာကိုယ်​မှ​ယူရစ်အက်ဆစ်ဓါတ်များ​အလွန်အကျွံ​ထုတ်လုပ်ခြင်း
👉သွေးကင်ဆာရောဂါများ
👉Psoriasis ခေါ်အရေပြားရောဂါများ
👉မျိုးရိုးလိုက်သောရောဂါများ
စသည်တို့ကြောင့်ဖြစ်နိုင်ပါသည်။

🤔ဘယ်လိုအကြောင်းအရာတွေက ဂေါက်ရောဂါ ကိုဖြစ်စေသလဲ။
🧑‍⚕️သွေးတွင်းယူရစ်အက်စစ်ဓါတ်များများလာခြင်းနှင့်အတူ ခန္ဓာကိုယ်​အတွင်း​ရှိ​အဆစ်​များအတွင်း​ယူရစ်အက်ဆစ်ဓါတ်ပုံဆောင်ခဲများစုပုံလာခြင်းက ဂေါက်ရောဂါ ကိုဖြစ်စေပါသည်။
ဖြစ်နိုင်ခြေများသူများမှာ
🔺အမျိုးသားများ
🔺အဝလွန်သူများ
🔺သွေးတိုးရောဂါရှိသူများ
🔺ဆီးချိုရောဂါရှိသူများ
🔺ကျောက်ကပ်ရောဂါ ရှိသူများ
🔺သွေးကင်ဆာရောဂါရှိသူများ
🔺နှလုံးရောဂါရှိသူများ
🔺မျိုးရိုးထဲတွင်​ ဂေါက်ရောဂါရှိသူများ
🔺ယူရစ်အက်ဆစ်ဓါတ်ပါဝင်သောအစားအစာများအလွန်အကျွံစားသူများ၊
🔺အရက်၊ ဘီယာသောက်သူများ
🔺ဆီးဆေးနှင့် အချို့သော ဆေးများသောက်နေရသူများ
🔺သွေးတွင်းယူရစ်အက်စစ်ဓါတ်များနေသူများ
စသည်တို့ဖြစ်ပါသည်။

🤔ဂေါက်ရောဂါ ရဲ့ရောဂါလက္ခဏာတွေက ဘာတွေ လဲ။
🔺50%သောလူနာများတွင် ရုတ်တရက်​ ( 2-6 နာရီအတွင်း) ခြေမ​သို့မဟုတ်​အဆစ်တစ်ခုတည်းပြင်းထန်စွာရောင်ရမ်းနာကျင်ခြင်း
ခြေမတွင်အဖြစ်များပြီး အခြားခြေကျင်းဝတ်၊ခြေဖနောင့်၊ဒူးဆစ်နှင့် လက်ချောင်း​များရှိအဆစ်များတွင်လည်းဖြစ်နိုင်သည်။
💢နာကျင်မှု ပြင်းထန်လွန်းသဖြင့် တခါတရံတွင် အိပ်ယာမှလန့်နိုးခြင်း၊တခါတရံတွင်​မီးစနှင့်ထိုးသလိုပူလောင်နာကျင်ခြင်း
💢ခြေမ​သို့မဟုတ်​အဆစ်​ပတ်လည်​တွင်​နီရဲရောင်ရမ်းနေခြင်း
💢ခြေဆစ်လက်ဆစ်များတောင့်နေခြင်း
💢ပြင်းထန်​မှုမှာ​ 5 ရက်မှ​14 ရက်အထိကြာတတ်ခြင်း
💢ပြင်းထန်မှုပေါ်မူတည်၍ ဖျားခြင်း၊ကျောက်ကပ်​ထိခိုက်​ပျက်စီး​ခြင်း
စသည်တို့ဖြစ်နိုင်သည်။

🤔ဘယ်အဆစ်တွေမှာ ဂေါက်ရောဂါ ဖြစ်တတ်သလဲ။
👉အများစုမှာ ခြေမတွင်ဖြစ်တတ်သည်။
👉အခြားအဆစ်များအနေဖြင့်
🔺ဒူးဆစ်များ
🔺ခြေကျင်းဝတ်ရှိ အဆစ်များ
🔺ခြေဖနောင့်
🔺လက်ဆစ်များ
🔺လက်ကောက်ဝတ်နှင့် တံတောင်ဆစ်ရှိအဆစ်များ
စသည်တို့တွင်ဖြစ်နိုင်ပါသေးသည်။

🤔ဂေါက်ရောဂါ ကိုစောစောမကုသပါက ဘာတွေဆက်ဖြစ်နိုင်သလဲ။
👉မကုသပါကအဆစ်များ ပုံပျက်ပြီး ပျက်စီးခြင်းဖြစ်နိုင်သည်။
👉ယူရစ်အက်ဆစ်ဓါတ်ပမာဏများပြားလာခြင်းသည်ကျောက်ကပ်ကျောက်တည်ခြင်း၊ကျောက်ကပ်ပျက်စီးခြင်းကိုဖြစ်စေသည်။

🤔ဂေါက်ရောဂါ ရှိမှန်းဘယ်လိုသိနိုင်မလဲ။
🧑‍⚕️ဆရာဝန်တွေက ရောဂါ​ရာဇဝင်​ကို​မေးမြန်းခြင်း၊စမ်းသပ်စစ်ဆေးခြင်းဖြင့်သိနိုင်ပါသည်။
လိုအပ်ပါ​က​ သွေးဖောက်​စစ်ဆေးခြင်း၊ဓါတ်မှန်ရိုက်ခြင်း၊Ultrasound​ ရိုက်ခြင်း၊ကွန်ပျူတာ ဓါတ်မှန်ရိုက်ခြင်း​ များအပြင်​အဆစ်အတွင်းမှ အရည်ကို စုပ်ထုတ်၍ဓါတ်ခွဲခန်းပို့ခြင်း (joint aspiration) တို့ပြုလုပ်ရပါသည်။

🤔ဂေါက်ရောဂါ ကို​ကာကွယ်ကုသလို့ရနိုင်သလား။
🧑‍⚕️ဖြစ်ပေါ်ရသောအကြောင်းရင်း၊ယူရစ်အက်ဆစ်ဓါတ်များ​များရခြင်းအကြောင်းရင်းပေါ်တွင်မူတည်ပါသည်။
🔺ဥပမာ​သွေး​ကင်ဆာရောဂါကြောင့်​ယူရစ်အက်ဆစ်ဓါတ်များ​များပါ​သွေးကင်ဆာရောဂါကိုပါကုသရန်လိုအပ်ပါသည်။
🔺အချို့သောမျိုးရိုးလိုက်သောဂေါက်ရောဂါများကိုကုသ၍မပျောက်နိုင်ပါ။
🔺တခါတရံတွင်​ရောဂါ​လက္ခဏာ​များဖြစ်လိုက်ပျောက်လိုက်ဖြစ်တတ်ပါသည်။
🔺သို့သော်​ရောဂါ​လက္ခဏာ​ကိုသက်သာစေရန်နှင့် မကြာခဏ​ရောဂါ​လက္ခဏာ​မဖြစ်စေရန်တော့ ကာကွယ်ကုသ၍ရနိုင်ပါသည်။
👉ရောဂါမကြွလာစေရန်​ ယူရစ်အက်ဆစ်ဓါတ်များ အများအပြားပါဝင်သောအစားအသောက်များကိုရှောင်ကြဥ်ခြင်း
👉ရေများများသောက်ပေးခြင်း
👉အချိုရည်နှင့် ဘီယာများအလွန်အကျွံသောက်ခြင်းမှ ရှောင်ကြဥ်ခြင်း
👉ပြင်းထန်သောလေ့ကျင့်ခန်များကြောင့် အဆစ်များဒဏ်ပိခြင်းမရှိစေရန် ရှောင်ကြဥ်ခြင်း၊
👉Uric acid လျော့ချသောဆေးများကို ပုံမှန်သောက်သုံးခြင်း၊(သွေး​တွင်း​ယူရစ်အက်ဆစ်ဓါတ်ပမာဏကို 6 mg/dL အောက်တွင်ထားခြင်းဖြင့် မကြာခဏ​ရောဂါ​လက္ခဏာ​မဖြစ်စေရန်ကာကွယ်နိုင်ပါသည်။)​
👉သွေးတိုး၊ဆီးချိုရောဂါများအတွက် ဆေးမှန်မှန်သောက်ခြင်း
👉ရောဂါ​ဖြစ်​လာပါ​က​စောစောကုသမှုခံယူခြင်း
စသည်တို့ပြုလုပ်သင့်ပါသည်။

လူတိုင်း ကျန်းမာ ရေးကို လက်လှမ်း မှီ စေရန်
ရည် သန်လျက်
Yangon Medical Network

References
Davidson's Principles and Practices of Medicine
https://my.clevelandclinic.org/health/diseases/4755-gout
https://www.mayoclinic.org/diseases-conditions/gout/symptoms-causes/syc-20372897

Renal stonesကျောက်ကပ်ကျောက်တည်ခြင်း🤔ကျောက်ကပ်​ကျောက်တည်​ခြင်းဆိုတာဘာလဲ။🧑‍⚕️ကျောက်ကပ်​ကျောက်တည် ခြင်း သည်လူမျိုးမရွေး၊ယော...
05/12/2025

Renal stones
ကျောက်ကပ်ကျောက်တည်ခြင်း

🤔ကျောက်ကပ်​ကျောက်တည်​ခြင်းဆိုတာဘာလဲ။
🧑‍⚕️ကျောက်ကပ်​ကျောက်တည် ခြင်း သည်လူမျိုးမရွေး၊ယောကျ်ား မိန်းမမရွေး ဖြစ်နိုင်သော ရောဂါတစ်ခုဖြစ်ပါသည်။
🧑‍⚕️ကျောက်ကပ်တွင်ဖြစ်ပေါ်သောကျောက်များသည်​အများအားဖြင့်​ ကယ်လ်ဆီယမ် သို့မဟုတ်​ ဖောစဖိတ်အနယ်များကြောင့်ဖြစ်ပြီး အချို့သောကျောက်များတွင်​ပရိုတင်းအနည်းငယ်ပါဝင်ပါသည်။
အချို့ကျောက်များသည် uric acids နှင့် မဂ္ဂနီဆီယမ်အမိုနီယမ် ဖော့စဖိတ် စသည်တို့​ဖြင့်​ဖွဲ့စည်း​တည်ဆောက်​ထားကြသည်။

🤔ဘယ်လိုအကြောင်းအရာတွေက ကျောက်ကပ်ကျောက်တည်ခြင်းကိုဖြစ်စေသလဲ။
🧑‍⚕️ပုံမှန်​အားဖြင့် ဆီးထဲတွင် minerals ခေါ်​ သတ္တုဓာတ်​များ၊သက်စောင့်ဓါတ်များ၊ အက်ဆစ်ဓါတ်များ၊ ကယ်လ်ဆီယမ်၊ဆိုဒီယမ်၊ uric acids အစရှိသော အခြားဓါတ်ပေါင်းများစွာပါဝင်ပါသည်။
💢လူတစ်ယောက်သည်ဆီးနည်းသွားသောအခြေအနေ သို့မဟုတ်​
💢ထိုအနည်ပမာဏကပျော်ဝင်သောအရည်ပမာဏထက်ပိုများလာသောအခြေအနေတွင် အနယ်များအချင်းချင်း စုပေါင်းပြီး မာသောအရာဝတ္ထုများ တနည်းအားဖြင့် ကျောက်များဖြစ်လာပါသည်။
🔷ထိုသို့ဖြစ်ပေါ်လာရန် လနှင့်ချီ၍၊ တခါတရံတွင် နှစ်နှင့်ချီ၍ ကြာတတ်ပါသည်။
🔷ဖြစ်ပေါ်လာသောကျောက်အမျိုးအစားဖွဲ့စည်းပုံပေါ်မူတည်၍ ဖြစ်ရသောအကြောင်းရင်းအနည်းငယ်ကွာခြားပါသည်။
👉ကယ်လ်ဆီယမ်ပါဝင်သောကျောက်များသည်အဖြစ်အများဆုံးဖြစ်သည်။၎င်းတို့​သည်အစားအသောက်ထဲတွင် Oxalate ဓါတ်များပြီးရေသောက်လည်းနည်းသောသူများတွင်ဖြစ်တတ်သည်။
👉Uric acid ကြောင့်​ဖြစ်သော​ကျောက်များသည် uric acid ကြွယ်ဝသောအစားအစာများဖြစ်သည့် မှို၊ မျှစ်၊ကလီစာ၊အနီရောင်အသားများ၊ဘီယာအလွန်အကျွံသောက်သူများနှင့် သွေးထဲတွင် uric acid များသူများတွင်ဖြစ်တတ်သည်။
👉ဆီးပိုးဝင်ခြင်းအစရှိသည့် မကြာခဏပိုးဝင်ခြင်းများကြောင့် ကြီးမားသော ကျောက်တည်​ခြင်း​( staghorn calculus) များဖြစ်တတ်သည်။
👉မျိုးရိုးလိုက်သောရောဂါဖြစ်သည့် Cystinuria ကဲ့သို့​သော​ရောဂါ​များတွင်​ Cystine stones များဖြစ်တတ်သည်။
ထို့အပြင်
👉မိဘမျိုးရိုးထဲတွင် ကျောက်ကပ်​ကျောက်တည်​ခြင်းဖြစ်ဖူးသူများ
👉Uric acid များသူများ
👉ရေသောက်နည်းသူများ
👉Vitamin​ C အလွန်အကျွံ​သုံးစွဲ သူများ
👉Vitamin​ D​ ပမာဏ​လိုအပ်ချက်​ထက်ပို၍ ဖြည့်စွက်​စာစားသူများ
👉ကျောက်ကပ်ရေအိတ်ရောဂါ (Polycystic kidney disease) ရှိသူများ
👉Sarcoidosis ၊ Hyperparathyroidism အစရှိသည့် သွေးတွင်းကယ်လ်ဆီယမ်ဓါတ်များသောရောဂါရှိသူများ
👉ဆီးလမ်းကြောင်းရောဂါရှိသူများ
👉မွေးရာပါ ဆီးလမ်းကြောင်းနှင့်ကျောက်ကပ်ပုံမမှန်သူများ
👉အစာအိမ်၊အူလမ်းကြောင်းတွင် ခွဲစိတ်ထားသူများ
👉ဆီးချိုရောဂါ၊သွေးတိုးရောဂါ၊အဝလွန်ရောဂါရှိသူများ
👉အရိုးပွရောဂါရှိသူများ
👉 ခဲနှင့် cadmium သတ္တု​များနှင့်ကြာရှည်ထိတွေ့နေရသူများ
👉အချို့သောဆေးဝါးများ၊ဖြည့်စွက်​စာဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများကြောင့်ဖြစ်သည်။

🤔ဆီးကျောက်တည်ခြင်း၏ရောဂါ​လက္ခဏာ​တွေက ဘာတွေ လဲ။
🔺လူနာ​အများစုမှာ တခါတရံတွင် ရောဂါ​လက္ခဏာ​မပြပဲဆေးစစ် ultrasound ရိုက်​မှသာ​တွေ့ရတတ်သည်။
🔺ရောဂါ​လက္ခဏာ​ပြသောသူအများစုတွင်
👉ကျောအောက်ပိုင်းနံဘေး သို့မဟုတ်​ခါးနာခြင်း (တခါတရံတွင် ဆုတ်ဆွဲထားသလို၊တခါတရံတွင် ထိုး၍ အောင့် ခြင်း)​
👉ဆီးလမ်းကြောင်းတစ်လျောက်တွင် ကျောက်ဖြတ်သန်းသွားပါက ဆီးသွားချိန်တွင် မခံနိုင်အောင်နာခြင်း၊(ကျောက်ပမာဏအရွယ်အစား၊ဖြစ်သောနေရာပေါ်မူတည်၍ ပြင်းထန်မှုကွာခြားနိုင်ပါသည်။)​
👉ဆီးထဲတွင်သွေးပါခြင်း
👉ဆီးအနယ်များခြင်း၊နောက်ခြင်း၊အနံဆိုးခြင်း
👉ဆီးမသွားနိုင်ခြင်း၊
👉ပျို့ခြင်း၊အန်ခြင်း
👉ချမ်းတုန်​ခြင်း၊ဖျားခြင်း​
စသည်​တို့​ဖြစ်တတ်​သည်။

🤔ဆီးကျောက်တည်ခြင်းရဲ့နောက်ဆက်တွဲ ပြဿနာတွေကဘာတွေလဲ။
🚨ကျောက်ကပ်ရောင်လာခြင်း၊
🚨ကျောက်ကပ်ပိုးဝင်ခြင်း
🚨ကျောက်ကပ်ပျက်စီးခြင်း
🚨မကြာခဏဆီးပိုးဝင်ခြင်း
🚨နာတာရှည်​ကျောက်ကပ်ရောဂါ ဖြစ်ခြင်း (Chronic Kidney Disease)
စသည်တို့ဖြစ်တတ်သည်။

🤔ကျောက်ကပ်​ကျောက်တည်​ခြင်းကိုဘယ်လိုသိနိုင်မလဲ။
🧑‍⚕️အထက်ပါရောဂါ​လက္ခဏာ​များရှိပါက
🔺ဆရာဝန်များမှရောဂါ​ရာဇဝင်​ကိုမေးမြန်းခြင်း၊စမ်းသပ်ခြင်းအပြင်
🔺Ultrasound​ သို့မဟုတ်​ ကွန်ပျူတာ​ဓါတ် မှန် ရိုက် ခြင်း၊
🔺ဆီးစစ်ခြင်း
🔺ကျောက်ကပ်ဓါတ်အပါအဝင်သွေးစစ်ခြင်းများပြုလုပ်ရပါသည်။

🤔ကျောက်ကပ်​ကျောက်တည် ခြင်းကကုသလို့ပျောက်နိုင်သလား။
🧑‍⚕️သေးငယ်သောကျောက်များ( 6 mm) တွင်လေဆာဖြင့် ကျောက်ချေ၍ အရွယ်အစားသေးငယ်အောင်ပြုလုပ်ခြင်း၊ ခွဲစိတ်ကုသခြင်းများပြုလုပ်ရန်လိုအပ်ပါသည်။
💢အချို့သောလူနာများတွင် ရောဂါ​လက္ခဏာ​ကိုဆေးဝါးများဖြင့်ကုသခြင်း၊
💢ဖြစ်စေသောအကြောင်းတရား(ဥပမာ​ uric acid များခြင်း) စသည်ကိုကုသခြင်းများပြုလုပ်ရန်လိုအပ်ပါသည်။

🤔ကျောက်ကပ်​ကျောက်တည် ခြင်း မဖြစ်စေရန် ဘယ်လို​ကာကွယ်​ရမလဲ။
👉ရေများများသောက်ပေးခြင်း​(တနေ့ 2 လီတာထက်ပို၍)​
👉အနီရောင်အသားများ ကိုလျော့စားခြင်း၊
👉ဆိုဒီယမ်၊သကြားဓါတ်နှင့် Oxalate (ဟင်းနုနွယ်၊မြေပဲစသည်)​ အများအပြား​ပါဝင်​သော​အစားအစာ​များကို​လျော့စားခြင်း၊
👉အဝမလွန်စေရန် ကိုယ်အလေးချိန်ကိုထိန်းသိမ်းခြင်း၊
👉ကယ်လ်ဆီယမ်ဓါတ်အများအပြားပါဝင်သောဆေးဝါး ဖြည့်စွက်စာများကို အလွန်အကျွံ​သောက်သုံး ခြင်း မှရှောင်ကြဥ်ခြင်း၊(ကယ်လ်ဆီယမ်ပါဝင်သော အစားအစာများကိုပိုစားသင့်သည်။)​
👉Uric acid အများအပြားပါဝင်သော အစားအစာများ၊အရက်​ဘီယာ​များကိုတတ်နိုင်သမျှရှောင်ကြဥ်ခြင်း၊
စသည် ဖြင့်ကာကွယ်နိုင်ပါသည်။

လူတိုင်း​ကျန်းမာ ရေးကို လက်လှမ်း မှီ စေရန်
ရည် သန်လျက်
Yangon Medical Network

References
Davidson's Principles and Practices of Medicine
https://www.mayoclinic.org/diseases-conditions/kidney-stones/symptoms-causes/syc-20355755
https://my.clevelandclinic.org/health/diseases/15604-kidney-stones

Systemic Lupus Erythematosusအရေပြားလေးဘက်နာရောဂါ🤔အရေပြားလေးဘက်နာရောဂါဆိုတာ ဘာလဲ။🧑‍⚕️လူ၏ ခန္ဓာကိုယ်​တွင်​ပြင်ပမှ ရောဂါပို...
01/12/2025

Systemic Lupus Erythematosus
အရေပြားလေးဘက်နာရောဂါ
🤔အရေပြားလေးဘက်နာရောဂါဆိုတာ ဘာလဲ။
🧑‍⚕️လူ၏ ခန္ဓာကိုယ်​တွင်​ပြင်ပမှ ရောဂါပိုးမွှား၊ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားပိုး များ ဝင်ရောက်လာပါက
ပြန်လည်တိုက်ဖျက်သော ကိုယ်ခံအားစနစ်ရှိပါသည်။
👉ထိုကိုယ်ခံအားစနစ်သည် ပုံမှန်ထက်ပို၍ အလုပ်လုပ်ခြင်း၊သို့မဟုတ်​လုပ်ဆောင်ချက်များကမောက်ကမဖြစ်၍ မိမိခန္ဓာကိုယ်ရှိ အရေပြား၊ ဆဲလ်များ၊တစ်ရှုးများနှင့် ကိုယ်တွင်းအဂဵါအစိတ်အပိုင်းများကို ပြန်လည်တိုက်ဖျက်ခြင်းကြောင့် အရေပြားလေးဘက်နာရောဂါဆိုတာ ဖြစ်လာရပါသည်။
👉ထိုသို့​တိုက်ခိုက်ရာတွင်​ ခန္ဓာကိုယ်​ရှိ​ အရေပြား၊ အရိုးအဆစ်​များ​ ၊ ကျောက်ကပ်၊ နှလုံး၊ အဆုတ်အစရှိသည့်ကိုယ်တွင်းအဂဵါအစိတ်အပိုင်းများကို​ရောင်ရမ်းစေပါသည်။
👉ထို့အပြင် ရိုးတွင်းခြင်ဆီအတွင်းရှိ သွေးဖြူဥ၊သွေးနီဥ၊ သွေးဥမွှာ စသည်​တို့​ကိုလည်းထိခိုက်ပျက်စီးစေပါသည်။
🚨အရေပြားလေးဘက်နာရောဂါသည် ခန္ဓာကိုယ်​ရှိ​ ကိုယ်တွင်းအဂဵါအစိတ်အပိုင်းများကို ထိခိုက်​ပျက်စီး​စေသဖြင့် စောစောသိပြီးစောစောကုသရန်လိုအပ်ပါသည်။

🤔ဘယ်လိုအကြောင်းအရာတွေက အရေပြားလေးဘက်နာရောဂါကိုဖြစ်စေတာလဲ။
🧑‍⚕️အကြောင်း​အမျိုးမျိုး ကြောင့်ဖြစ်နိုင်ပါသည်။
ဥပမာ
🔺မျိုးရိုးဗီဇဆိုင်ရာပြောင်းလဲခြင်း
🔺ဟော်မုန်းပြောင်းလဲခြင်း (အထူးသဖြင့်​ estrogen ဟော်မုန်းများခြင်း)
🔺ပတ်ဝန်းကျင်​ ( ဥပမာ​ နေရောင်နှင့် ထိတွေ့မှုများခြင်း)
🔺စိတ်ဖိစီးမှုများခြင်း
🔺ဆေးလိပ်သောက်ခြင်း
အစရှိသည်တို့ အပြင်​အခြားအဖြေရှာမရသေးသော အကြောင်းတရားများလည်းပါဝင်ပါသည်။

🤔ဘယ်သူတွေမှာ အရေပြားလေးဘက်နာရောဂါဖြစ်တတ်သလဲ။
👉မည်သူမဆို ယောက်ျား​မိန်းမမရွေး၊အသက်အရွယ်မရွေးဖြစ်နိုင်ချေရှိသော်လည်း လူနာ​အများစု​ (90%) မှာ​အသက်​ 20​မှ​ 30​ အကြားရှိသော အမျိုးသမီးများဖြစ်ပါသည်။
👉အခြားဖြစ်နိုင်ချေများမှာ
🔺အာဖရိက​လူမည်းများ၊စပိန်လူမျိုးများ
🔺အာရှတိုက်သားများ
🔺မိဘမျိုးရိုးတွင် အရေပြားလေးဘက်နာရောဂါရှိသူများ
စသည်တို့ဖြစ်ပါသည်။
အချို့လူများတွင် သာမန်ပိုးဝင်ဖျားနာခြင်း၊အချို့သောဆေးဝါးများနှင့် နေရောင်ထိတွေ့ခြင်းကပင် အရေပြားလေးဘက်နာကိုဖြစ်စေကြောင်းတွေ့ရှိရပါသည်။

🤔အရေပြားလေးဘက်နာရောဂါ၏ ရောဂါ​လက္ခဏာ​တွေကဘာတွေလဲ။
👉အထက်တွင်ဖေါ်ပြထားသည့်အတိုင်း လူ၏ခန္ဓာကိုယ် တစ်ခုလုံးရှိ ကိုယ်တွင်းအဂဵါအစိတ်အပိုင်းများကို ထိခိုက်စေသည့်အတွက် လူနာတစ်ယောက် နှင့်​တစ်ယောက်​ရောဂါ​လက္ခဏာ​တူချင်မှတူမည်ဖြစ်ပါသည်။
အများစုမှာဖြစ်လိုက်ပျောက်လိုက်ဖြစ်တတ်ပြီး​ ရုတ်တရက်​ရောဂါဆိုးလာခြင်းများလည်းရှိတတ်ပါသည်။
👉အဆစ်အမြစ်များရောင်ခြင်း၊ကိုက်ခြင်း
👉အရေပြာပေါ်တွင် အကွက်များပေါ်ခြင်း
👉နေပူထဲသွားချိန်တွင် မျက်နှာနီရဲလာခြင်း၊
👉ဆံပင်ပုံမှန်ထက်ပို၍ကျွတ်လာခြင်း
👉ပါးစပ်​တွင်​အနာများဖြစ်ခြင်း
👉လည်ပင်း​နှင့်​ခန္ဓာကိုယ်​တွင်ပြန်ရည်ကြိတ်များကြီးလာခြင်း
👉ကျောက်ကပ်​ရောင်ခြင်း
👉ကျောက်ကပ်​ထိခိုက်​ပျက်စီး​ခြင်း
👉အဆုတ်​ရေဝင်ခြင်း
👉နှလုံး​ကြွက်သား​ရောင်ခြင်း၊ ရင်ဘတ်အောင့်ခြင်း
👉ပင်ပန်း​လွယ်ခြင်း၊
👉ဖျားနာခြင်း၊အဖျားကြာရှည်ခြင်း
👉သွေးအားနည်းခြင်း
👉သွေး​ဖြူဥ နည်းခြင်း၊
👉သွေးခဲလွယ်ခြင်း
👉ခေါင်းကိုက်ခြင်း
👉အသက်ရှု​ကျပ်​ခြင်း၊မောခြင်း
👉ခြေလက်များရောင်ခြင်း၊မျက်နှာအမ်းခြင်း
👉အရိုးပွခြင်း
👉သတိလစ်သွားခြင်း ၊တက်ခြင်း
စသည်တို့ဖြစ်တတ်သည်။

🤔အရေပြားလေးဘက်နာရောဂါ​ရှိမှန်းဘယ်လိုသိနိုင်မလဲ။
🧑‍⚕️အထက်ပါရောဂါလက္ခဏာများရှိပါကဆရာဝန်များမှ
👉ရောဂါရာဇဝင်ကိုမေးမြန်းခြင်း၊စမ်းသပ်ခြင်းဖြင့်လည်းကောင်း
👉သွေးဖောက်စစ်ဆေးခြင်း၊
👉ဆီးစစ်ခြင်း
👉ကျောက်ကပ်​ရောင်ခြင်း​ရှိပါက​အသားစစစ်ဆေးခြင်း ( renal biopsy)
👉ရောဂါ လက္ခဏာ ပေါ်​မူတည်၍ ultrasound ရိုက်ခြင်း၊ ကွန်ပျူတာ​ဓါတ် မှန်​ရိုက်​ခြင်း၊ သံလိုက်​ဓါတ်​မှန်​ရိုက်​ခြင်း​များပြုလုပ်ရန်လိုအပ်ပါသည်။

🤔 အရေပြားလေးဘက်နာရောဂါ​ကကုလို့ပျောက်နိုင်သလား။
🧑‍⚕️အများစုမှာ​ရေရှည်ကုသရန်လိုအပ်ပြီး
🔺ရောဂါ​လက္ခဏာ​ပေါ်မူတည်၍ ဆေး​အတိုးအလျော့ ပြုလုပ်ရန်၊
🔺ရောဂါ၏ နောက်ဆက်တွဲပြဿနာ​၊
🔺ဆေး၏ ဘေးထွက်ဆိုးကျိုးများရှိမရှိ စောင့်ကြည့်ရန်လိုအပ်ပါသည်။
ဆေး​ကြောင့်​ဖြစ်သော​အရေပြားလေးဘက်နာရောဂါ​များတွင်​ထိုဆေးကိုဖြတ်လိုက်ပါက ကုသ​ပျောက်ကင်း​နိုင်ပါသည်။
👉သို့သော်​မျိုးရိုးဗီဇအရဖြစ်သော အရေပြားလေးဘက်နာရောဂါ များတွင်​ရောဂါကိုပိုမဆိုးစေရန် အဓိကထား၍ကုသရပါသည်။

🤔လေးဘက်နာအမျိုးအစားအားလုံးအတူတူပဲလား။
🧑‍⚕️အကြမ်းအားဖြင့်
👉သွေးလေးဘက်နာ (Rheumatoid arthritis)
👉အရေပြားလေးဘက်နာရောဂါ​ ( Systemic lupus erythematosus)
👉ပိုးလေးဘက်နာရောဂါ (Rheumatic fever)
တို့သည်​ဖြစ်ရသည့် အကြောင်းတရားမတူညီကြသလို ကုသပုံလည်းကွာခြားပါသည်။
အရေပြားလေးဘက်နာရောဂါ​ဖြစ်ပါကလည်း
ကိုယ်ခံအားကိုကျဆင်းစေသည့်ဆေးများ (steroids) ပေးရန်လိုအပ်ပြီး
ထိုဆေးများ၏ဘေးထွက်ဆိုးကျိုးအဖြစ်
🔺ကိုယ်ခံအားကိုကျပြီး တီဘီရောဂါအပါအဝင်ပိုးခဏခဏဝင်ခြင်း
🔺အရိုးပွခြင်း
🔺ကြွက်သားအားနည်းသောရောဂါ​
🔺ဆီးချိုတက်ခြင်း
🔺သွေးတိုးခြင်း
🔺အစာအိမ်ထိခိုက်ခြင်း၊
စသည်တို့ဖြစ်နိုင်သည်။

🤔အရေပြားလေးဘက်နာရောဂါ​မဖြစ်အောင်ကာကွယ်လို့ရသလား။
🧑‍⚕️ရောဂါမဖြစ်အောင်တော့ ကာကွယ်လို့မရပါ။
သို့သော်​ရောဂါမကြွအောင်၊ ပိုမဆိုးအောင်တော့ ကာကွယ်၍ရပါသည်။
👉နေရောင်ခြည်နဲ့တိုက်ရိုက်မထိတွေ့အောင်ကာကွယ်ခြင်း၊ နေရောင်ကာလိမ်းဆေးများလိမ်းခြင်း
👉ကိုယ်ခံအားကောင်းမွန်အောင် နေထိုင်စားသောက်ခြင်း
👉အိပ်ရေးဝအောင်အိပ်ခြင်း၊
👉စိတ်​ဖိစီး​မှု​လျော့​ချ​ခြင်း​
👉ရောဂါ​လက္ခဏာ​ပြ​လာ​ပါက​စောစော​ကုသ​မှုခံယူခြင်း​
စသည်တို့ပြုလုပ်သင့်ပါသည်။

လူတိုင်း​ကျန်းမာ​ရေးကို​လက်လှမ်း​မှီ​စေရန်​
ရည်​သန်လျက်​
Yangon​ Medical​ Network​

References​
https://www.mayoclinic.org/diseases-conditions/lupus/symptoms-causes/syc-20365789
https://my.clevelandclinic.org/health/diseases/4875-lupus
Davidson's Principles and Practices​ of ​Medicine

Gallstonesသည်းခြေကျောက်တည်ခြင်း🤔သည်းခြေကျောက်တည်ခြင်းက ဘယ်လိုဖြစ်တာလဲ။👉ပုံမှန်​အားဖြင့်​လူ၏ သည်းခြေအိတ်သည် ဝမ်းဗိုက်ညာဘက...
24/10/2025

Gallstones
သည်းခြေကျောက်တည်ခြင်း

🤔သည်းခြေကျောက်တည်ခြင်းက ဘယ်လိုဖြစ်တာလဲ။
👉ပုံမှန်​အားဖြင့်​လူ၏ သည်းခြေအိတ်သည် ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်း အသည်း၏အောက်ဘက်တွင်ကပ်လျက်တည်ရှိသည်။
👉၎င်း၏ တာဝန်များမှာ အသည်းမှထုတ်လုပ်ပေးသော အစာခြေဖျက်သည့် သည်းခြေရည်များကို သိုလှောင်ပေးရန်ဖြစ်သည်။ အစာစားလိုက်သောအခါတွင် ယင်းအစာကိုခြေဖျက်ရန် သည်းခြေအိတ်မှ သည်းခြေရည်များကို သည်းခြေပြွန်မှတဆင့် အူသိမ်အတွင်းပိုင်းသို့ ညှစ်ထုတ်​ပေးသည်။
👉သည်းခြေကျောက်များသည် အစာချေ​ဖျက်သော သည်းခြေရည်များ​သည်းခြေအိတ်အတွင်း အနည်ကျ ပြီးမာကျောလာရမှ ကျောက်ခဲကဲ့သို့ဖြစ်လာသောအရာများဖြစ်သည်။ သည်းခြေကျောက်များသည် အရွယ်အစားအမျိုးမျိုး၊ ပမာဏအမျိုးမျိုးရှိနိုင်သည်။

🤔သည်းခြေကျောက်တည်ခြင်းကို ဘယ်လိုအမျိုးအစားခွဲခြားနိုင်သလဲ။
👉သည်းခြေကျောက်၏ပါဝင်​ပစ္စည်း​ဖွဲ့စည်းပုံပေါ်မူတည်၍
1)ကိုလက်စထရော အများဆုံးပါဝင်သောသည်းခြေကျောက်တည်ခြင်း
(Cholesterol​ gallstones)
2)ဘီလီယူဘင် (bilirubin) ရောင်ခြယ်ပစ္စည်းအများဆုံးပါဝင်သော သည်းခြေကျောက်တည်ခြင်း
(Pigment gallstones)
3) ကယ်လ်ဆီယမ်အများဆုံးပါဝင်သော သည်းခြေကျောက်တည်ခြင်း
(Calcium phosphate, calcium carbonate, calcium palmitate/stearate stones)
စသည်ဖြင့်ခွဲခြားနိုင်ပါသည်။

🤔သည်းခြေကျောက်တည်ခြင်း၏ရောဂါ​လက္ခဏာ​တွေက ဘာတွေ လဲ။
👉သည်းခြေကျောက်အများစု​(80%)သည် ပုံမှန်​အားဖြင့်​ရောဂါ​လက္ခဏာ​မပြပဲ ပုံမှန်ဆေးစစ်ခြင်း၊ Ultrasound​ရိုက်ခြင်းများပြုလုပ်မှတွေ့ရတတ်သည်။
👉သည်းခြေကျောက်ရှိသူများ၏ 10 ရာခိုင်နှုန်းကျော်တွင်သာ​ရောဂါ​လက္ခဏာ​များတွေ့ရသည်။
💢အထူးသတိပြုရန်မှာ ရောဂါ​လက္ခဏာ​ပေါ်လာသည်နှင့်နောက်တကြိမ်ထပ်ဖြစ်တတ်သဖြင့် ကုသရန်လိုအပ်သည်။
👉အချို့သောသည်းခြေကျောက်များသည်သည်းခြေပြွန်အတွင်းပိတ်မိခြင်းဖြင့်
🚨ရုတ်တရက်​ပြင်းထန်​စွာ​ဗိုက်အောင့်ခြင်း
🚨ချမ်းတုန်​ပြီးဖျားခြင်း
🚨မျက်လုံး​နှင့် အသားများဝါလာခြင်း စသည်တို့ဖြစ်တတ်သည်။
👉ထို့​အပြင်​သည်းခြေအိတ်ရောင်ရမ်းခြင်း၊
👉ပျို့အန်ခြင်း
👉အစာမကြေဖြစ်ခြင်း
👉ညာဘက်ပခုံးထိပ်နာခြင်း
👉ပခုံးနှစ်ဖက်ကြား ကျောအောင့်ခြင်း
စသည်တို့ဖြစ်တတ်သည်။

🤔သည်းခြေကျောက်တည်ခြင်း၏နောက်ဆက်တွဲပြဿနာ တွေက​ဘာတွေလဲ။
👉သည်းခြေအိတ်ပြည်တည်ခြင်း
👉သည်းခြေအိတ်ရောင်လာခြင်း
👉သည်းခြေပြွန်ပိတ်၍ရောင်လာခြင်း
👉သည်းခြေကျောက်ဖြင့်ပန်ကရိယပြွန်ပိတ်မိခြင်း၊ရောင်လာခြင်း
👉သည်းခြေအိတ်တွင် ကယ်လ်ဆီယမ်အနည်များစု၍မာလာခြင်း​(porcelain gallbladder)
👉သည်းခြေအိတ်ကင်ဆာဖြစ်ခြင်း
စသည်တို့ဖြစ်တတ်သည်။

🤔ဘယ်လိုလူမျိုးတွေမှာသည်းခြေကျောက်တည်ခြင်းဖြစ်တတ်သလဲ။
🔺အမျိုးသမီးများ
🔺အသက်​ 40 ကျော်သူများ
🔺အမေရိကန်လူမျိုးများ၊ မက်ဆီကန်လူမျိုးများ
🔺အဝလွန်သူများ
🔺အထိုင်များ၍ ကိုယ်လက်လှုပ်ရှားမှုနည်းသူများ
🔺အဆီ၊ အဆိမ့်နှင့် ကိုလက်စထရော ပါဝင်မှုများသောအစားအစာများ စားသုံးသူများ
🔺အမျှင်ဓါတ်ပါဝင်သောအစားအစာ မစားသူများ
🔺ဆီးချိုရောဂါရှိသူများ
🔺သွေး​ကင်ဆာ​အပါအဝင်​သွေးနှင့်ပတ်သက်သောရောဂါရှိသူများ
🔺အသည်းရောဂါရှိသူများ
🔺Estrogen အပါအဝင်​ဟော်မုန်းဆေးများသောက်နေရသူများ
🔺ကိုယ်ဝန်ဆောင်များ​
🔺မိဘမျိုးရိုးတွင် သည်းခြေကျောက်တည်ခြင်းရှိသူများ
စသည်​တို့တွင်​အဖြစ်များပါသည်။

🤔ဘယ်​အချိန်မှာ​ဆရာဝန်နဲ့ပြဖို့ လိုလာပြီလဲ။
🧑‍⚕️သည်းခြေကျောက်တည်ခြင်းရဲ့ ပြင်းထန်​တဲ့​ရောဂါ လက္ခဏာ​များဖြစ်တဲ့
🚨ထိုင်နေသည်ဖြစ်စေ၊လှဲနေသည်ဖြစ်စေ မသက်သာပဲမခံနိုင်အောင် ဗိုက်အောင့်ခြင်း
🚨အသားဝါလာခြင်း၊မျက်လုံးဝါလာခြင်း
🚨အဖျားကြီး​ပြီး​ချမ်းတုန်ခြင်း
စသည်​တို့​ရှိပါက​အနီးစပ်ဆုံးကျန်းမာရေး​ဌာန​သို့​သွားရောက်ပြီးကုသမှုခံယူသင့်ပါသည်။

🤔သည်းခြေကျောက်တည်ခြင်းမဖြစ်အောင်​ဘယ်လိုကာကွယ်ရမလဲ။
👉အစာစားချိန်ပုံမှန်စားခြင်း
👉အဝလွန်ခြင်းရှိပါက ကိုယ်အလေးချိန်ကိုဖြည်းဖြည်းချင်းချခြင်း
( တစ်ပတ်အတွင်း​ 1 ပေါင်​မှ​ 2 ပေါင်အတွင်း)
ကိုယ်အလေးချိန်ကို အချိန်တိုအတွင်းပေါင်အများအပြားမချသင့်ပါ။
👉အမျှင်ဓါတ်အများအပြားပါဝင်သော အစားအစာများစားသုံးခြင်း
စသည်ဖြင့်ကာကွယ်နိုင်ပါသည်။

လူတိုင်း ကျန်းမာ ရေးကို လက်လှမ်း မှီ စေရန်
ရည် သန်လျက်
Yangon Medical Network

References
Davidson's Principles and Practices of Medicine
https://www.mayoclinic.org/diseases-conditions/gallstones/symptoms-causes/syc-20354214

ဆရာ၊ ဆရာမ အားလုံးမင်္ဂလာပါ 📖Yangon Medical Network မှ အခုတစ်ခေါက် စီစဥ်ထားတဲ့ course ကတော့ "WASH" training 3rd batch ဖြစ...
24/10/2025

ဆရာ၊ ဆရာမ အားလုံးမင်္ဂလာပါ

📖Yangon Medical Network မှ အခုတစ်ခေါက် စီစဥ်ထားတဲ့ course ကတော့ "WASH" training 3rd batch ဖြစ်ပါတယ်။

🧩ယခုလိုကာလတွင် သဘာဝဘေးအန္တရာယ်တစ်မျိုးမျိုးကြောင့် ရေ၊မိလ္လာနှင့် တကိုယ်ရည်သန့်ရှင်းမှုနှင့် ပတ်သက်သောပြဿနာများစွာကို ဒုက္ခရောက်နေသူတွေ၊ စစ်ဘေးရှောင်သူတွေ ကြုံတွေ့နေရပါသည်။

🧩အထူးတစ်ဖြင့် မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားနေတဲ့ မငြိမ်မသက်မှုတွေကြောင့် ဒုက္ခရောက်နေသူတွေအတွက် WASH (Water, Sanitation & Hygiene) ဆိုင်ရာအကူအညီပေးနိုင်ရန်အတွက် ယခု training ကိုစီစဥ်ထားပါသည်။

📌 25.10.25 (6:00 pm)
Topic: WASH training
Platform : Zoom

🩺ဒီ course‌ လေးကိုတက်‌ ရောက်နိုင်ရန်အတွက်အောက်ဖော်ပြပါ Link မှာ Register လုပ်ထားနိုင်ပြီဖြစ်ပါတယ်။
စာရင်းပေးထားတဲ့ email တွေကိုသာ Zoom link ပေးပို့မှာ ဖြစ်ပါတယ်။ Limited Seat ဖြစ်တာမို့ အမြန်လေး register လုပ်ဖို့တော့ လိုမယ်နော်။

https://docs.google.com/forms/d/1kxBZyBXE9OD39JP47bSHl8J-xYrwb3KFEvZnVsyrHvE/edit?usp=drivesdk......................

Medical personal တိုင်း
ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်နိုင်စေရန်
ရည်သန်လျှက်
Yangon Medical Network

Cellulitis of the legCellulitis of the legခြေထောက်​ပိုးဝင်ရောင်ရမ်းခြင်းဦးလှတစ်ယောက်​ ခြေထောက်​တစ်ဖက်နာပြီးရောင်နေသဖြင်...
20/10/2025

Cellulitis of the leg
Cellulitis of the leg
ခြေထောက်​ပိုးဝင်ရောင်ရမ်းခြင်း

ဦးလှတစ်ယောက်​ ခြေထောက်​တစ်ဖက်နာပြီးရောင်နေသဖြင့် စိုးရိမ်နေသည်။ သူသည်ဆီးချိုရောဂါသည်ဖြစ်ပြီး ဆီးချိုဆေးများသောက်လိုက်မသောက်လိုက် လုပ်နေသူဖြစ်သည်။ ဟိုတစ်နေ့ကတော့ ခလုတ်တိုက်၍ ခြေထောက်​ကို​သံစနှင့် ခြစ်မိသည်။ သို့သော်မပြင်းထန်လှ၍ပေါ့ပေါ့တန်တန်သဘောထားမိသည်။
အခုတော့​ခြေထောက်တစ်ချောင်းလုံး နီရဲပြီးရောင်နေသည်။ ဆရာဝန်တွေက​ခြေထောက်ပိုးဝင်၍ ရောင်ရမ်းခြင်းဖြစ်ကြောင်းပြောကြသည်။

🤔ခြေထောက်ရောင်ခြင်း​ကတခြား​ဘာတွေကြောင့် ဖြစ်နိုင်သေးလဲ။
🧑‍⚕️ခြေထောက်​ရောင်ခြင်း​သည်​အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါသည်။
👉ခြေထောက်​တစ်ဖက်တည်းရောင်ခြင်းများမှာ
1) ထိခိုက်​ဒဏ်ရာရ​ခြင်း
2) အဆစ်ရောင်ခြင်း
3) သွေးလေးဘက်နာရောဂါ
4) အဆစ်ရောင်ရောဂါ၊ ဂေါက်ရောဂါ
5) အရေပြား​ပိုးဝင်မှ ပြည်တည်ခြင်း
6) မြွေ​အပါအဝင်​အဆိပ်ရှိသောအကောင်များကိုက်ခံရခြင်း
7) အရိုးတွင်းပိုးဝင်ခြင်း (bone infection)
8) ပြန်ရည်ကြောပိတ်ခြင်း ( lymphoedema)​၊ ဆင်​ခြေထောက်​ရောဂါ
9)ခြေထောက်​သွေး​ပြန်​ကြော​အတွင်းသွေးခဲပိတ်ခြင်း
စသည်တို့ကြောင့်ဖြစ်နိုင်သည်။
👉 ခြေထောက်​နှစ်ဖက်စလုံးတူညီစွာရောင်နေပါက
1) ကျောက်ကပ်ရောဂါ
2) နှလုံးရောဂါ
3) အသည်းရောဂါ
4) အဟာရချို့တဲ့ခြင်း၊ အသားဓါတ်လျော့နည်းခြင်း၊ သွေးအားနည်းခြင်း၊
5) သိုင်းရွိက်ဟော်မုန်းလျော့နည်းခြင်း
6) လေယာဥ်​ပျံ၊ မီးရထား​ သို့မဟုတ်ကားဖြင့် အချိန်ကြာရှည်စွာခရီးသွားရခြင်း၊
7) အချိန်ကြာမြင့်စွာ မတ်တပ်ရပ်နေရခြင်း
8) ကိုယ်ဝန်ဆောင်ခြင်း၊ ကိုယ်ဝန်ဆောင်ချိန်တွင်သွေးတိုးခြင်း
9) အချို့ဆေးများ၏ ဘေးထွက်ဆိုးကျိုးများ
စသည်တို့ကြောင့်ဖြစ်နိုင်ပါသည်။
👉ခြေထောက်​နှစ်ဖက်စလုံးရောင်ခြင်းသည်
🔺ကျောက်ကပ်ရောဂါ
🔺နှလုံးရောဂါ
🔺အသည်းရောဂါ
🔺ပရိုတင်းဓါတ်ချို့တဲ့သောရောဂါစသည်တို့တွင် အဖြစ်များသည်။

🤔ဒါဆိုရင်​ဦးလှ​ကို​ခြေထောက်ပိုးဝင် ပြီးရောင်တာလို့ ဘာလို့ပြောနိုင်တာလဲ။
🧑‍⚕️ဦးလှက​ခြေထောက်တစ်ဖက်တည်းရောင်တာဖြစ်လို့ တဖက်တည်းရောင်ရတဲ့ အကြောင်းရင်းတွေကိုထည့်သွင်းစဥ်းစားရမှာဖြစ်ပါတယ်။
ဆီးချိုဆေးများသောက်လိုက်မသောက်လိုက်​နှင့်​ဆီးချိုကိုပုံမှန်မထိန်းနိုင်ခြင်းကလည်း ပိုးဝင်ခြင်းကို ပိုဆိုး​စေသော​အကြောင်းရင်းဖြစ်ပါတယ်။
🤔ပိုးဝင်ခြင်းဆိုတာ ဘာကြောင့်ဖြစ်တာလဲ။အနည်းငယ်သော ခြစ်ရာ​လေးက​ပိုးဝင်ခြင်းကိုဖြစ်စေနိုင်သလား။
🧑‍⚕️ပိုးဝင်ခြင်းဆိုတာက
ဘက်တီးရီးယားပိုး တွေ​အရေပြားအောက်အသားထဲကိုဝင်ရောက်ပြီး
💢ပြည်တည်ခြင်း
💢ရောင်ရမ်းခြင်း
💢အပေါ်ယံအရေပြားနီရဲနေပြီး ကိုင်ကြည့်ပါက ပူနေခြင်း
💢နာကျင်နေခြင်း
💢အဖျားတက်ခြင်း
💢အရေပြား​ပေါ်တွင်​အရည်ကြည်အိတ်များဖြစ်ခြင်း
💢လူနုံးခြင်း​ စသည်တို့ခံစားရပါသည်။
ပိုမိုပြင်းထန်ပါက
🚨ပိုးဆိပ်ပျံ့ခြင်း(Sepsis)
🚨သွေးပေါင်ကျခြင်း၊နှလုံးခုန်နှုန်းမြန်၍ shock ရခြင်း
🚨အသက်သေဆုံးခြင်း
အထိဖြစ်နိုင်ပါသည်။
🤔ပိုးဝင်ခြင်းကဘာကြောင့်ဖြစ်သလဲ။
ဘယ်လိုလူတွေမှာ အဖြစ်များသလဲ။
အများအားဖြင့်​အရေပြားအတွင်းပိုးဝင်ခြင်း အများစု​ဟာ​ Streptococcus (strep)နဲ့ Staphylococcus (staph)​ လို့ခေါ်​တဲ့​ဘက်တီးရီးယားပိုး​တွေကြောင့်ဖြစ်ပါတယ်။
အရေပြားထိခိုက်မိခြင်း၊သို့မဟုတ်​ပွန်းရာပဲ့ရာများမှတဆင့် အသားထဲသို့ဝင်ရောက်ပြီး ရောင်ရမ်းခြင်းနှင့်ပြည်တည်နာများကိုဖြစ်စေပါတယ်။

🤔တကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်းက ပိုးဝင်ခြင်းကိုဖြစ်စေတာလား။
🧑‍⚕️နဂို​ဆီးချိုရောဂါ၊ ကိုယ်ခံအားကျဆင်းသည့်ရောဂါရှိသူများ​တွင်​မဖြစ်စလောက် ပွန်းရာပဲ့ရာများမှတဆင့် ပိုးဝင်ခြင်း၊ပြည်တည်ခြင်းဖြစ်စေတတ်ပါသည်။
ဥပမာ​ဆီးချိုရောဂါသည်များတွင် အာရုံကြော​များ ထိခိုက်​ပျက်စီး​မှု ကြောင့် ထုံကျင်နေတတ်သည်။
ထိုအခါ ဖိနပ်မစီးပဲ ခဲလုံးတက်နင်းမိခြင်း၊ဆူးစူးခြင်း​စသည်တို့တွင်နာကျင်ခြင်းကို မခံစားရပဲ အသေးအဖွဲဒဏ်ရာလေးမှ ပိုးဆိပ်တက်၍ ခြေထောက်ဖြတ်ပစ်ရသည်အထိပြင်းထန်တတ်ပါသည်။

🤔ခြေထောက်ပိုးဝင် ခြင်းမ​ဖြစ်အောင်​ဘယ်လိုကာကွယ်ရမလဲ။
👉အရေပြားနှင့်တကိုယ်ရည် သန့်ရှင်းမှုကိုအလေးထားခြင်း
👉ထိခိုက်​ပွန်းပဲ့​ဒဏ်ရာများကို ရေ၊ ဆပ်ပြာ​နှင့် သန့်စင်အောင်ချက်ချင်းဆေးကြောပြီး အရက်ပြန်၊ ဆေးဝါရည်စသည့် အိမ်သုံးဆေးဝါးများထည့်ပေးခြင်း
👉ဆီးချိုရောဂါ ရှိသူများ​တွင်​ခြေထောက်သန့်ရှင်းရေးကိုဂရုစိုက်ခြင်း၊ဆီးချိုပုံမှန်ဖြစ်အောင် ဆေး​သို့မဟုတ်​အစားအစာ​နှင့် ထိန်းခြင်း
👉အသေးအဖွဲဒဏ်ရာလေးများကိုပေါ့ပေါ့ဆဆမထားသင့်ခြင်း
👉ခြေထောက်ပိုးဝင် သည့် လက္ခဏာ​များရှိ​ပါက​နီးစပ်​ရာ​ကျန်းမာရေး​ဌာန​သို့​အမြန် ဆုံး သွားရောက်၍ ကုသမှုခံယူခြင်း
စသည်​တို့​ပြုလုပ်သင့်ပါသည်။

လူတိုင်း​ကျန်းမာ ရေးကို လက်လှမ်း မှီ စေရန်
ရည် သန်လျက်
Yangon Medical Network

References
https://my.clevelandclinic.org/health/diseases/15071-cellulitis

Sinusitisထိပ်ကပ်နာ​ရောဂါ​အကြောင်း​သိ ကောင်း စရာ🤔ထိပ်ကပ်နာရောဂါဆိုတာဘာလဲ။🧑‍⚕️လူ၏ ဦး​ခေါင်း​ခွံတည်ဆောက်ပုံအရ နဖူး၊ ပါးရို...
10/10/2025

Sinusitis
ထိပ်ကပ်နာ​ရောဂါ​အကြောင်း​သိ ကောင်း စရာ
🤔ထိပ်ကပ်နာရောဂါဆိုတာဘာလဲ။
🧑‍⚕️လူ၏ ဦး​ခေါင်း​ခွံတည်ဆောက်ပုံအရ နဖူး၊ ပါးရိုးနှင့် နှာခေါင်း​ပတ်လည်​ရှိ​ကြွက်သား​များနှင့်​ဦးခေါင်းခွံအရိုးတို့ကြားတွင် လေနှင့်ပြည့်နေသော နေရာ​ (4)စုံ( four paired of cavities, or 8 sinuses) ရှိသည်။
ထို​ (8) ခုသော (sinuses)​ တို့သည်တစ်ခုနှင့်တစ်ခု ကျဥ်းမြောင်းသောလမ်းကြောင်းများမှတဆင့် ဆက်သွယ်ထားကြသည်။ ၎င်းတို့၏ အဓိကတာဝန်မှာ နှာခေါင်း​အတွင်း​ဝင်ရောက်​လာသော​ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး​စသည်​တို့ကို​အချွဲအရည်များထုတ်၍ ဖယ်ရှားခြင်း၊ထိုချွဲအရည်များစီးဆင်းရာလမ်းကြောင်းကိုဖန်တီးခြင်းဖြစ်သည်။ ပုံမှန်အခြေအနေတွင် လူ၏ အသက်ရှု လမ်းကြောင်းအတွင်းရောဂါဖြစ်စေသော ပိုးမွှားများဝင်ရောက်ခြင်းမရှိအောင် ထို​ (sinuses)​များကလုပ်ဆောင်ပေးပါသည်။
ထိပ်ကပ်နာ​ဆိုသည်မှာ​ထိုနေရာများအတွင်းရှိ အသားစတစ်ရှူးများရောင်ရမ်းခြင်း၊ပိုးဝင်ခြင်းကြောင့် အချွဲအရည်များပိုထွက်လာခြင်း၊လမ်းကြောင်းပိတ်လာခြင်းတို့ကြောင့်ဖြစ်သည်။

🤔ထိပ်ကပ်နာ​ရောဂါ က​ဘာကြောင့်ဖြစ်သလဲ။
👉ဘက်တီးရီးယားပိုး များ
👉ရာသီ​တုပ်​ကွေး​အပါအဝင်ဗိုင်းရပ်စ်ပိုး​များ
👉မှိုပိုးများ
👉ဓါတ်မတည့်ခြင်း များ( allergies)
စသည်တို့ကြောင့်ဖြစ်သည်။

🤔ဘယ်လို​လူမျိုးတွေ​မှာ ထိပ်ကပ်နာ​ရောဂါဖြစ်တတ်သလဲ။
👉နဂို​ပန်းနာရင်ကျပ်ရောဂါအခံရှိသူများ
👉ဓါတ်မတည့်ခြင်း ရောဂါရှိသူများ
👉နှာခေါင်း​အတွင်း​ပုံမှန်​မဟုတ်သော​အသားပိုရှိသူများ
👉နှာခေါင်း​ရိုးဖွဲ့စည်းတည်ဆောက်ပုံတွင် ပုံမှန်​မဟုတ်သူများ
👉ကိုယ်ခံအားမကောင်းသူများ
👉HIV​ ရောဂါ​၊ကင်ဆာရောဂါရှိသူများ
👉စတီးရွိက်ကဲ့သို့ ကိုယ်ခံအားကျဆင်းစေသောဆေးများရေရှည်သောက်နေရသူများ
👉ဆေးလိပ်သောက်သူများ
စသည်​တို့တွင်​ထိပ်ကပ်နာရောဂါပိုပြီးဖြစ်လွယ်ပါသည်။

🤔ထိပ်ကပ်နာရောဂါကို ဘယ်လိုခွဲခြားထားသလဲ။
🧑‍⚕️ဖြစ်သော​အချိန်ကာလအပေါ်မူတည်၍
👉ခဏတဖြုတ်ဖြစ်သော ထိပ်ကပ်နာ​(Acute sinusitis) (4 ပတ်အထိ ကြာမြင့်နိုင်ပြီး များသောအားဖြင့် ရာသီ​တုပ်ကွေးကြောင့်ဖြစ်သည်။)
👉ကာလတခုအထိဖြစ်နေသော ထိပ်ကပ်နာ​ (Subacute sinusitis) ( 4 ပတ်မှ 12 ပတ်​အထိကြာမြင့်တတ်သည်။)
👉ကာလကြာရှည်စွာဖြစ်နေသော ထိပ်ကပ်နာ​(Chronic sinusitis) (12 ပတ်ထက်ပို၍ကြာမြင့်တတ်ပြီး ဘက်တီးရီးယားပိုး​မွှားများကြောင့်ဖြစ်သည်။)
👉ဖြစ်လိုက်ပျောက်လိုက်ဖြစ်နေသော ထိပ်ကပ်နာ​( Recurrent sinusitis)
(တစ်နှစ်အတွင်း 3 ကြိမ် ထက်ပို၍ ဖြစ်လိုက်ပျောက်လိုက်ဖြစ်နေတတ်သည်။)​
ဟူ၍အမျိုးအစားခွဲခြားနိုင်ပါသည်။

🤔ထိပ်ကပ်နာ​ရောဂါ​ရဲ့​ရောဂါ​လက္ခဏာ​တွေက​ဘာတွေ​လဲ။
👉နှာခေါင်းပိတ်ခြင်း
👉နှာရည်ယိုခြင်း၊ နှာရည်တောက်တောက်ကျနေခြင်း
👉ခေါင်းကိုက်ခြင်း
👉မျက်စိ၊ မျက်နှာနှင့် နဖူးပြင်တဝိုက်နာကျင်ခြင်း​ ( ခေါင်းငုံ့ခြင်း၊ဦးခေါင်းဘယ်ညာလှုပ်ရှားခြင်းများပြုလုပ်ချိန်တွင် ပိုဆိုးတတ်သည်။)​
👉သွားကိုက်တတ်ခြင်း
👉နားကိုက်တတ်ခြင်း
👉အနံ့မရခြင်း
👉ခံတွင်း​အနံ့​ဆိုး​များ​ထွက်ခြင်း
👉ချောင်းဆိုးခြင်း၊ အစိမ်းရောင် သို့မဟုတ်​အဝါရောင်ချွဲသလိပ်များထွက်ခြင်း၊
👉အသက်ရှု​ကျပ်ခြင်း
👉ဖျားခြင်း
👉လူနုံးပြီး အားမရှိသလိုဖြစ်ခြင်း
စသည်တို့ဖြစ်တတ်သည်။
💢ရာသီ​တုပ်ကွေး၊ကိုဗစ်၊ ဓါတ်မတည့်ခြင်း နှင့် ထိပ်ကပ်နာ​တို့သည်​အချို့​ရောဂါ​လက္ခဏာ​များ​ဆင်တူသည့်အတွက်​တခါတရံတွင်​ခွဲခြားရန်ခက်ပါသည်။
💢ရာသီ​တုပ်​ကွေး​သည်​ရက်အနည်းငယ်သာ ကြာတတ်ပြီးပြင်းထန်ခြင်းမရှိပါ။
💢ကိုဗစ်​ရောဂါသည်​ပို၍ ပြင်းထန်​တတ်​ပြီး​အောက်ဆီဂျင်ကျခြင်းနှင့်နောက်ဆက်တွဲပြဿနာများပို၍အဖြစ်များပါသည်။ covid​ ဟုတ်မဟုတ်ကို​အမြန်စစ်ဆေးနိုင်သော test kit များဖြင့်စစ်ဆေးနိုင်ပါသည်။
💢ဓါတ်မတည့်ခြင်း​များတွင်​အရေပြား​ ယားယံ​အကွက်ထခြင်း၊မျက်စိနှင့်နှာခေါင်းများယားယံခြင်း၊နှာရည်ယိုခြင်းများဖြစ်တတ်သော်လည်း ထိပ်ကပ်နာ​ကဲ့သို့​မျက်နှာနှင့် ခေါင်းကိုက်ခြင်းများမရှိတတ်ပါ။

🤔ထိပ်ကပ်နာ​ရောဂါ​က​စိုးရိမ်စရာ လိုသလား။
🧑‍⚕️ပုံမှန်​အားဖြင့်​ရာသီ​တုပ်ကွေး ဗိုင်းရပ်စ်ပိုး များ​ကြောင့်​ဖြစ်သော​ထိပ်ကပ်နာ​ရောဂါသည်​ ကုသမှု​မ​ခံယူ​သော်လည်း​သူ့အလိုအလျောက်ပြန်ကောင်းသွားတတ်ပါသည်။
🚨ဘက်တီးရီးယားပိုး​များ ကြောင့် ဖြစ်သော​ထိပ်ကပ်နာ​များတွင်​ပိုးသတ်ဆေး များသောက်ရန်လိုအပ်ပါသည်။
🚨မှိုပိုးကြောင့်ဖြစ်သောထိပ်ကပ်နာရောဂါများသည်ပိုပြင်းထန်တတ်ပြီး ကိုယ်ခံအားကျဆင်းသည့်ရောဂါရှိသူများ တွင်​အဖြစ်များပါသည်။ ဘက်တီးရီးယားပိုးသတ်ဆေး​များသောက်သော်လည်းမသက်သာတတ်ပဲ မှိုသတ်ဆေးများသောက်ရန်လိုအပ်ပါသည်။
🚨တခါတရံတွင် နောက်​ဆက်​တွဲပြဿနာအဖြစ် ထိပ်ကပ်နာ​ရောဂါ မှ​ သည်​ ဦးနှောက်အတွင်း​ပိုးဝင်ခြင်းကြောင့် ဦးနှောက်အမြှေးပါးရောင်ခြင်းများဖြစ်တတ်ပါသည်။

🤔ဘယ်​အချိန်မှာ​ဆရာဝန်ပြဖို့လိုလာပြီလဲ။
ထိပ်ကပ်နာ​ရောဂါသည်​ 10 ရက်ကျော်ကြာလာပြီး
🚨အဖျားကြီး​ခြင်း​( 103°F ထက်ကျော်ခြင်း)
🚨ဂယောင်ချောက်ခြားဖြစ်ခြင်း
🚨မျက်စိရောင်လာခြင်း၊မျက်စိနာခြင်း
🚨အမြင်​အာရုံ​ဝါးလာခြင်း
🚨တက်သွားခြင်း၊သတိလစ်သွားခြင်း​ (seizures)
🚨လည်ပင်းတောင့်နေခြင်း (stiff neck) စသည်​တို့​ရှိပါက​နီးစပ်​ရာ​ကျန်းမာရေး​ဌာန သို့ အမြန်ဆုံးသွားပြီးကုသမှုခံယူသင့်ပါသည်။

လူတိုင်း​ကျန်းမာ​ရေးကို လက်လှမ်း မှီ စေရန်
ရည် သန်လျက်
Yangon Medical Network

References
https://my.clevelandclinic.org/health/diseases/17701-sinusitis
https://www.mayoclinic.org/diseases-conditions/acute-sinusitis/symptoms-causes/syc-20351671

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Yangon Medical Network posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Yangon Medical Network:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram