17/07/2023
အခုကာလမှာလူအတော်များများစိုးရိမ်နေကြတဲ့ အဆုတ်ရောင်ရောဂါဆိုတာဘာလဲ? ဘယ်လိုကူးစက်တတ်သလဲ? ရောဂါလက္ခဏာတွေကဘာတွေလဲ? ကာကွယ်နိုင်တဲ့နည်းလမ်းတွေရောရှိရဲ့လား? စတာတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
👉👉👉👉👉
အဆုတ်ရောင်ရောဂါဆိုတာ အဆုတ်ထဲကိုပိုးဝင်ပြီး အဆုတ်မှာရှိတဲ့ လေအိတ်ကလေးတွေ ရောင်ရမ်းလာစေတဲ့ရောဂါဖြစ်ပါတယ်။ လေအိတ်ကလေးတွေထဲမှာ အရည် (သို့) ပြည်တွေနဲ့ပြည့်နေတတ်ပြီး အဲဒီအရည်နဲ့ပြည်တွေကြောင့် ချောင်းဆိုးခြင်း၊ သလိပ်ထွက်ခြင်း၊ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ အသက်ရှူရခက်ခဲခြင်းစတဲ့လက္ခဏာတွေဖြစ်ပေါ်စေပါတယ်။
အဆုတ်ရောင်ခြင်းကိုဖြစ်စေတဲ့ ပိုးတွေကတော့ -
👉ဘက်တီးရီးယားပိုးများ (Eg. Streptococcus pneumoniae, Mycoplasma pneumoniae)
👉ဗိုင်းရပ်စ်ပိုးများ (Eg. Influenza Virus, Covid-19, Respiratory Syncytial Virus, Rhinovirus, MHPV, HPIV, etc)
👉မှိုပိုးများကြောင့်ဖြစ်ပါတယ်။
နမိုးနီးယားလို့ခေါ်တဲ့အဆုတ်ရောင်ရောဂါဖြစ်ပွားပြီဆိုရင် လက္ခဏာအပျော့စားကနေ အသက်အန္တရာယ်ရှိတဲ့အထိ ပြင်းထန်တာမျိုးလည်းဖြစ်တတ်ပါတယ်။ အထူးသဖြင့် အသက်တစ်နှစ်အောက်ကလေးငယ်တွေ၊ ကျောင်းနေအရွယ်ကလေးတွေ၊ အသက် (၆၅)နှစ်အထက်လူကြီးတွေ၊ နဂိုနာတာရှည်ရောဂါအခံရှိသူတွေ၊ ကိုယ်ခံအားနည်းနေသူတွေမှာ ပိုမိုပြင်းထန်တာကိုတွေ့ရပါတယ်။
ကူးစက်ပုံ -
🤧ရောဂါပိုးရှိနေသူ နှာချေ၊ ချောင်းဆိုးလိုက်ရာမှထွက်လာသော အမှုန်အမွှားများကိုရှူမိခြင်း၊ ထိုအမှုန်အမွှားများကပ်ငြိနေသော အရာဝတ္တုများ၊ မျက်နှာပြင်များကို လက်ဖြင့်ကိုင်တွယ်မိပြီး မိမိမျက်နှာ၊နှာခေါင်းများသို့ ထိမိခြင်းတို့မှ အဓိကကူးစက်နိုင်ပါတယ်။
အဆုတ်ရောင်ရောဂါရဲ့လက္ခဏာတွေကတော့ -
👉ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ချွေးထွက်များခြင်း၊
ချောင်းဆိုးခြင်း၊ သလိပ်ထွက်ခြင်း၊
👉နုံးနေခြင်း၊
👉အသက်ရှူရခက်ခဲခြင်း၊
👉အသက်ရှူသည့်အခါ ချောင်းဆိုးသည့်အခါများတွင် ရင်ဘတ်အောင့်ခြင်း၊
👉ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊
👉စိတ်မူမမှန်ခြင်း၊ စိတ်ရှုပ်ထွေးနေခြင်း (အထူးသဖြင့် အသက် ၆၅ နှစ်အထက်လူကြီးများမှာတွေ့ရတဲ့လက္ခဏာတွေဖြစ်ပါတယ်။)
👉ပုံမှန်ခန္ဓာကိုယ်အပူချိန်ထက်လျော့ကျနေခြင်း (အထူးသဖြင့် အသက် ၆၅ နှစ်အထက်လူကြီးတွေနဲ့ ကိုယ်ခံအားနည်းသူတွေမှာအတွေ့ရများပါတယ်။)
🤢အထက်ပါရောဂါလက္ခဏာတွေဟာ ခန္ဓာကိုယ်တွင်းဝင်ရောက်တဲ့ပိုးအမျိုးအစား၊ နဂိုရှိရင်းစွဲကျန်းမာရေးအခြေအနေတွေနဲ့ အသက်အရွယ်ပေါ်မူတည်ပြီး အပျော့စားကနေ ပြင်းထန်တဲ့ပုံစံမျိုးအထိတွေ့ရတတ်ပါတယ်။
🤢အဆုတ်ရောင်ရောဂါရဲ့လက္ခဏာတွေဟာသိပ်မပြင်းထန်တဲ့အခြေအနေမှာ သာမန်အအေးမိ/တုပ်ကွေး လက္ခဏာတွေနဲ့ဆင်တူပေမယ့် ပိုပြီးအချိန်ကြာကြာခံစားနေရတာမျိုးဖြစ်တတ်ပါတယ်။
🌡️မွေးကင်းစကလေးငယ်တွေနဲ့တစ်နှစ်အောက်ကလေးငယ်တွေမှာတော့ အဆုတ်ရောင်ရောဂါခံစားနေရပေမယ့် ရောဂါပိုးဝင်ရောက်နေတဲ့လက္ခဏာမပြတာမျိုးလည်းဖြစ်နိုင်ပါတယ်။ အချို့ကလေးငယ်တွေမှာတော့ ဖျားတာ၊ ချောင်းဆိုးတာ၊ ကဏှာမငြိမ်ဖြစ်နေတာ၊ မှိန်းနေတာ၊ နုံးခွေနေတာ၊ အစားမဝင်/နို့မစို့နိုင်တာနဲ့ အသက်ရှူရခက်ခဲတာ စတဲ့လက္ခဏာတွေတွေ့ရတတ်ပါတယ်။🌡️
အောက်ပါအခြေအနေများမှာတော့ ဆေးရုံ/ဆေးခန်းကိုမဖြစ်မနေပြသသင့်ပါတယ်။
♦️အသက်ရှူရခက်ခဲလျှင်
♦️ရင်ဘတ်အောင့်နေလျှင်
♦️ကိုယ်ပူကြီးလျှင် (၁၀၂ ဒီဂရီအထက်ရှိလျှင်)
♦️အဆက်မပြတ်ချောင်းဆိုးနေလျှင်
♦️ချွဲ၊သလိပ်များထွက်နေလျှင်
ပြင်းထန်အဆုတ်ရောင်ရောဂါဖြစ်ပွားနိုင်ချေ ပိုမိုရှိသူများ -
🔶အသက် (၆၅) နှစ်နှင့်အထက်လူကြီးများ
🔶အသက် (၂) နှစ်အောက်ကလေးငယ်များ
🔶နာတာရှည်ရောဂါရှိသူများ၊ အဆုတ်/နှလုံးနှင့်ပတ်သက်သည့်ရောဂါရှိသူများ၊ ကိုယ်ခံအားနည်းသူများ
🔶ကင်ဆာဆေးသွင်းနေရသူများ၊
🔶ကိုယ်ခံအားကျစေမည့်စတီးရွိုက်ကဲ့သို့သောဆေးများသောက်သုံးနေရသူများ၊
🔶ကိုယ်တွင်းအင်္ဂါအစားထိုးကုသထားရသူများ
🔶ဆေးလိပ်သောက်သူများ
အဆုတ်ရောင်ရောဂါ၏နောက်ဆက်တွဲဆိုးကျိုးများ -
❗️သွေးတွင်းပိုးဆိပ်ပျံ့ခြင်းကြောင့်ကိုယ်တွင်းင်္အဂါများထိခိုက်ပျက်စီးခြင်း၊
❗️အသက်ရှူရခက်ခဲပြီးအောက်စီဂျင်ကျခြင်း၊
❗️အဆုတ်တွင်အရည်များစုစည်းလာပြီးထိုအရည်များအားဖောက်ထုတ်ရနိုင်ခြင်း၊
❗️အဆုတ်ပြည်တည်နာဖြစ်ခြင်း စတာတွေဖြစ်လာနိုင်ပါတယ်။
အဆုတ်ရောင်ရောဂါမဖြစ်ပွားအောင်ကာကွယ်ရန် -
✅ အဆုတ်ရောင်ရောဂါဖြစ်ပွားစေသည့်ပိုးများကိုကာကွယ်နိုင်မည့် ကာကွယ်ဆေးများထိုးနှံထားခြင်း၊ (ဉပမာ - ပြင်းထန်အဆုတ်ရောင်ရောဂါကာကွယ်ဆေး၊ ရာသီတုပ်ကွေးကာကွယ်ဆေး၊ ကိုဗစ်ကာကွယ်ဆေး)
✅ တစ်ကိုယ်ရည်သန့်ရှင်းရေးဂရုစိုက်ခြင်း၊ (လက်ကိုဆပ်ပြာဖြင့်မကြာခဏဆေးကြောခြင်း၊ အပြင်ထွက်လျှင် ပါးစပ်/နှာခေါင်းစည်း စနစ်တကျဝတ်ဆင်ခြင်း၊ နှာချေ/ချောင်းဆိုးလျှင် နှာခေါင်းနှင့်ပါးစပ်ကို လက်ကိုင်ပုဝါ (သို့) လက်ဖြင့်အုပ်ထားခြင်း)
✅ ဆေးလိပ်သောက်ခြင်းမှရှောင်ကြဉ်ခြင်း၊
✅ မိမိ၏ကိုယ်ခံအားစနစ်ကိုကောင်းမွန်အောင်ပြုမူနေထိုင်ခြင်း၊ (အိပ်ရေးဝဝအိပ်ခြင်း၊ အာဟာရရှိပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများစားသုံးခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း)
ကာကွယ်ဆေးများအနေနဲ့ -
💉ရာသီတုပ်ကွေးကာကွယ်ဆေးများကို အသက် (၅) နှစ်အောက်ကလေးငယ်များနှင့် (၆၅) နှစ်အထက်လူကြီးများ နှစ်စဉ်ထိုးနှံထားသင့်ပါတယ်။ ကျန်းမာရေးဝန်ထမ်းများ၊ ကိုယ်ခံအားနည်းသူများ၊ လူထူထပ်သည့်နေရာများတွင် အလုပ်လုပ်ကိုင်နေရသူများ၊ နှစ်စဉ်တုပ်ကွေးရာသီတွင်ဖျားတတ်သူများလည်း ရာသီတုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ်ထိုးနှံသင့်ပါတယ်။
💉ကိုဗစ်ကာကွယ်ဆေးကို ကနဉီးအကြိမ်ရေပြည့်ထိုးနှံပြီးနောက် ထပ်ဆောင်းကာကွယ်ဆေးများကို လိုအပ်သလို ထိုးနှံထားသင့်ပါတယ်။
💉ပြင်းထန်အဆုတ်ရောင်ရောဂါကာကွယ်ဆေးကတော့ မြန်မာနိုင်ငံရဲ့တိုးချဲ့ကာကွယ်ဆေးထိုးစီမံချက် (EPI) မှာပါဝင်ပြီး ကလေးငယ်များ အသက် (၂) လမှာတစ်ကြိမ်၊ (၄) လမှာတစ်ကြိမ်၊ (၆) လမှာတစ်ကြိမ်ထိုးနှံပေးပြီးဖြစ်ပါတယ်။ မိမိရင်သွေးလေးများဟာ မွေးကင်းစကနေအသက်အရွယ်အလိုက် ကာကွယ်ဆေးများကိုပုံမှန်ထိုးနှံခဲ့မယ်ဆိုရင် ပြင်းထန်အဆုတ်ရောင်ရောဂါကာကွယ်ဆေးကို ကလေးအသက် (၆) လမှာ သုံးကြိမ်ထိုးနှံပြီးဖြစ်ပါလိမ့်မယ်။
💉ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေးကိုထပ်ဆောင်းထိုးနှံပေးလိုတယ်ဆိုရင်တော့ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပြီးမှ ထိုးနှံသင့်ပါတယ်။
💉အရွယ်ရောက်ပြီးသူများအနေနဲ့လည်း ပြင်းထန်အဆုတ်ရောင်ရောဂါကာကွယ်ဆေး (Pneumococcal Vaccine) ကို ထိုးနှံထားလို့ရပါတယ်။ ပြင်းထန်အဆုတ်ရောင်ရောဂါကာကွယ်ဆေးကို အရွယ်ရောက်ပြီးသူများထိုးနှံမယ်ဆိုရင် ရာသီတုပ်ကွေး ကာကွယ်ဆေးကဲ့သို့ နှစ်စဉ်ထိုးနှံရန်မလိုအပ်ပဲ တစ်ကြိမ်ထိုးနှံခြင်းဖြင့်လုံလောက်ပါတယ်။
💉အချို့သောကျန်းမာရေးအခြေအနေတွေ(ဉပမာ - ကိုယ်တွင်းအင်္ဂါအစားထိုးကုသမှုခံယူထားသူများ၊ သွေးခြင်ဆီပင်မဆဲလ်အစားထိုးကုသမှုခံယူထားသူများ) မှာတော့ ထပ်ဆောင်းထိုးဖို့လိုအပ်နိုင်ပါတယ်။
အဆုတ်ရောင်ရောဂါရဲ့ရောဂါလက္ခဏာတွေနဲ့ပတ်သက်ပြီးဖြစ်ဖြစ်၊ ကာကွယ်ဆေးတွေအကြောင်းသိလိုတာ ဖြစ်ဖြစ် မေတ္တာမွန်ဆေးခန်းရဲ့ Viber ဖုန်းနံပါတ် 09789100812 သို့ စာပေးပို့၍ဖြစ်စေ၊ အသံဖိုင်ပေးပို့၍ဖြစ်စေ မေးမြန်းနိုင်ပါတယ်။ ဆရာဝန်များမှ အခမဲ့ဖြေကြားပေးနေပါတယ်။ မေးမြန်းသူများပြားတဲ့အတွက် Viber မှ ဖုန်းခေါ်ဆိုခြင်းမပြုလုပ်ပဲ စာ/အသံဖိုင်များဖြင့်သာမေးမြန်းပေးပါရန်နှင့် ပြန်လည်ဖြေကြားမှုအနည်းငယ် နောက်ကျခဲ့ပါက နားလည်ပေးပါရန် အထူးမေတ္တာရပ်ခံလိုပါတယ်။
မိသားစုများအားလုံးရောဂါဘယကင်းကွာပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ။
Credit : Mitta Mon Clinic
Reference : Mayo Clinic, CDC
#အဆုတ်ရောင်
#ပြင်းထန်အဆုတ်ရောင်
#ကာကွယ်ဆေး