26/08/2020
အစစ်အမှန်ကို ရှာဖွေခြင်း
“မောင်ဒုက္ခ”လို့ အမည်ရှိတဲ့ ကျောင်းသားလေးတစ်ယောက်အကြောင်း ဇာတကပုံပြင်လေးတစ်ပုဒ် ရှိပါတယ်။
ပုံပြင်လေးက အလွန်ရိုးရှင်းပါတယ်။ မောင်ဒုက္ခဟာ ထင်ရှားကျော်ကြားလှတဲ့ ဆရာကြီးတစ်ယောက်ဆီမှာ စာသင်ကြားနေတဲ့ ကျောင်းသားလေး။ သူ့ဆီမှာ မကျေနပ်နေတာ တစ်ခုရှိတယ်။ သူ့နာမည် မောင်ဒုက္ခဆိုတာကို လုံးဝမကြိုက်ဘူး။ ဒုက္ခဆိုတာ မကောင်းတဲ့အရာကို ရည်ညွှန်းတာဆိုတော့ ဒီနာမည်ကြောင့်ပဲ သူဟာ ကျက်သရေမရှိတော့ဘူး အောင်မြင်နိုင်မှာ မဟုတ်တော့ဘူးလို့ ထင်နေတာပေါ့။
တနေ့တော့ မောင်ဒုက္ခဟာ သူ့ဆရာကြီးနားကပ်ပြီး နာမည်ပြောင်းပေးဖို့ သွားပြောပါတယ်။ ဆရာကြီးက “ငါ့တပည့် မြို့တွေရွာတွေလျှောက်သွားပြီး ပိုကောင်းမယ်ထင်တဲ့ နာမည်တခုကို ရှာလာခဲ့ပါ။ တွေ့ပြီဆို ပြန်လာခဲ့ပါ။ အဲ့အခါ မင်းကို နာမည်အသစ် ပေးမယ်” လို့ ပြန်ပြောသတဲ့။ အဲ့တာနဲ့ မောင်ဒုက္ခလည်း မြို့တွေရွာတွေကိုပတ်သွားပြီး နာမည်ရှာပုံတော် ဖွင့်ပါတယ်။
မြို့ကြီးတမြို့ ရောက်တဲ့အခါ နာရေးတခုနဲ့ ကြုံတယ်။ ဒါနဲ့ သေဆုံးသူနာမည် မေးကြည့်လိုက်တော့ “မောင်ရှင်သန်”တဲ့။ မောင်ဒုက္ခဟာ အံ့ဩသွားတယ်။ “နာမည်က မောင်ရှင်သန်ဖြစ်ပြီး ဘာလို့ သေဆုံးရတာလဲ”လို့ လိုက်မေးတော့ “သူ့နာမည် ဘာဖြစ်ဖြစ် လူတိုင်းက သေကြမှာပဲ။ နာမည်ဆိုတာ သတ်မှတ်ချက်တခုပါပဲ”လို့ ပြန်ပြောကြတယ်။ ဒါနဲ့ သူလည်း ခရီးဆက်တာပေါ့။
လမ်းမှာ ကောင်မလေးတယောက်ကို သူဌေးကြီးက ရိုက်နေတာ တွေသတဲ့။ စုံစမ်းကြည့်လိုက်တော့ အကြွေးမဆပ်နိုင်လို့ သူဌေးကြီးက အခိုင်းအစေအဖြစ် သိမ်းယူလာတာလို့ သိရတယ်။ နာမည်က “မချမ်းသာ”တဲ့။ မောင်ဒုက္ခဟာ အံ့ဩသွားတယ်။ “နာမည်က မချမ်းသာဖြစ်ပြီး ဘာလို့ အကြွေးမဆပ်နိုင်ရတာလဲ”လို့ လိုက်မေးတော့ “သူ့နာမည် ဘာဖြစ်ဖြစ် ပိုက်ဆံမရှိရင် ဘယ်လိုအကြွေးဆပ်နိုင်မလဲ။ နာမည်ဆိုတာ သတ်မှတ်ချက်တခုပါပဲ”လို့ ပြန်ပြောကြတယ်။ ဒါနဲ့ သူလည်း ခရီးဆက်တာပေါ့။
တောအုပ်တခုထဲ ရောက်တဲ့အခါ လမ်းပျောက်နေတဲ့ လူတယောက်နဲ့ တွေ့ပြန်တယ်။ သူ့နာမည်ကို မေးကြည့်လိုက်တော့ “မောင်လမ်းပြ”တဲ့။ မောင်ဒုက္ခဟာ အံ့ဩသွားပြန်တယ်။ “နာမည်က မောင်လမ်းပြဖြစ်ပြီး ဘာလို့ လမ်းပျောက်ရတာလဲ”လို့ မေးတော့ “နာမည်ဘာပဲဖြစ်ဖြစ် လမ်းမသိတဲ့အခါ လမ်းပျောက်တတ်ပါတယ်။ နာမည်ဆိုတာ သတ်မှတ်ချက်တခုပါပဲ”လို့ ပြန်ပြောတယ်။ ဒီအခါမှာ မောင်ဒုက္ခက အမှန်တရားကို ရှာတွေ့သွားပြီး သူ့နာမည်ကို လက်ခံနိုင်သွားပါတယ်။
ကျနော်တို့လူသားတွေဟာ နေ့စဉ် မောင်ဒုက္ခလိုပဲ ဖြစ်နေတတ်ကြပါတယ်။ ကိုယ်တိုင်ရဲ့ ဖြစ်တည််မှု ကိုယ်စွမ်းကိုယ်စ အစစ်အမှန်တွေကို နားလည်လက်ခံဖို့ ခက်ခဲနေတတ်ကြပါတယ်။ ဘာကြောင့်လဲဆို ကျနော်တို့ဟာ ကိုယ်တွင်းအစစ်အမှန်ကို မေ့ထားပြီး ဘေးပတ်ဝန်းကျင်ရဲ့ သတ်မှတ်မှု ဝေဖန်မှု အထင်ကြီးမှု ချီးမြောက်မှု ကဲ့ရဲ့မှုတွေနဲ့ ရှင်သန်နေကြလို့ပါပဲ။ ကိုယ်တိုင်လက်ခံနိုင်မှုထက် အခြားလူတွေရဲ့ လက်ခံမှုကို လိုလားနေကြလို့ပါ။ ဒါကို low self acceptance လို့ ခေါ်ပါတယ်။
Low self acceptance ဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေရဲ့အစပါပဲ။ စိတ်ဖိစီးမှု စိတ်ဓာတ်ကျမှု သေကြောင်းကြံစည်မှုတွေရဲ့ မြစ်ဖျားခံရာပဲဖြစ်ပါတယ်။ ကိုယ်တိုင်လက်ခံနိုင်စွမ်းအားနည်းလာတဲ့အခါ အခြားသူတွေရဲ့လက်ခံမှုကို လိုချင်လာတာမို့ အစစ်အမှန်မဟုတ်တဲ့အရာတွေကို ပြုလုပ်ပြီး အခြားသူတွေရဲ့ ချီးမြောက်မှု အထင်ကြီးမှုတွေကို တောင်းခံလာတတ်ကြပါတယ်။ ဒီလိုနဲ့ ကျနော်တို့ဟာ အစစ်အမှန်နဲ့ ဝေးကွာလာပြီး အတုအယောင်တွေ ကိုယ်တိုင်အလိုမကျမှုတွေနဲ့ စိတ်ဖိစီးစွာ ရှင်သန်နေရတတ်ပါတယ်။
အင်္ဂလိပ်စကားပုံလေးတခု ရှိပါတယ်။ “A rose by any other name would smell as sweet”တဲ့။ နှင်းဆီဟာ သူ့နာမည် နှင်းဆီမဟုတ်ခဲ့ရင်တောင် သူ့ရနံ့က သင်းပျံ့နေဦးမှာပါပဲ။ ဘေးပတ်ဝန်းကျင်က ဘယ်လိုသတ်မှတ်ထားပါစေ ကျနော်တို့ဟာ ကိုယ်ပိုင်အရောင် ကိုယ်ပိုင်ရနံ့နဲ့ စစ်မှန်စွာ ရှင်သန်ရပါမည်။ ဖူးပွင့်ရပါမည်။ သင်းပျံ့ရပါမည်။ ကိုယ့်ဘဝရဲ့ အစစ်အမှန်ကို ကိုယ်တိုင်ခံစားပျော်ရွှင်နိုင်ဖို့ လိုအပ်ပါတယ်။