01/03/2026
“ဆရာ၊ ကျွန်မ သွေးဆုံးကိုင်မှာ ကြောက်တယ်…”
ဒါက ဆရာ မကြာခဏ ကြားရတဲ့ စကားပါ။
အမျိုးသမီးအများစုဟာ သားအိမ်နဲ့ သားဥအိမ်ရောဂါ ပြင်းထန်စွာ ခံစားနေရပြီး- အသားလုံး အကျိတ်တွေ၊ သွေးလုံး (endometriosis)၊ ထပ်ခါတလဲလဲ နာကျင်ကိုက်ခဲမှု၊ သွေးဆင်းများတာတွေ... စတာတွေ ဖြစ်နေကျပါတယ်။
ဒါပေမယ့် သူတို့ရဲ့ အကြီးမားဆုံး ကြောက်ရွံ့မှုက ရောဂါမဟုတ်ဘူး။
သူတို့ရဲ့ အကြီးမားဆုံး ကြောက်ရွံ့မှုကတော့-
👉 “ခွဲစိတ်ပြီးနောက် သွေးဆုံးရင် ဘာဖြစ်မလဲ”
အဲဒီကြောက်ရွံ့မှုကို ဆရာ နားလည်ပါတယ်။
လူမှုကွန်ရက် Facebook Tiktop တွေမှာ ပူပြင်းတဲ့ ချွေးထွက်ခြင်း၊ စိတ်ခံစားချက် ပြောင်းလဲခြင်း၊ အိုမင်းခြင်း၊ ခြောက်သွေ့ခြင်း၊ အားနည်းခြင်းတွေအကြောင်း ပြောကြတာကြောင့်…
သွေးဆုံးတာက ကြောက်စရာကောင်းတယ်လို့ ထင်ရစေပါတယ်။
ဒါပေမယ့် အဲလို ပြောနေတဲ့သူတွေက သားအိမ် သားဥအိမ် ထုတ်လို့ ဖြစ်နေကြတာတွေ ပြောနေတာဘဲ ဖြစ်ပြီး သူတို့သာ ရောဂါရှိတဲ့ သားအိမ် သားဥအိမ်တွေများ မထုတ်ခဲ့ရင် ဘာဖြစ်မယ်ဆိုတာ မပြောကြပါဘူး
သားဥအိမ်နဲ့ သားအိမ် နှစ်ခုစလုံး ပြင်းထန်စွာ ရောဂါရှိနေတဲ့အခါ ခန္ဓာကိုယ်ထဲမှာ သိမ်းဆည်းထားလို့ မရနိုင်ပါဘူး
တစ်ခါတစ်ရံမှာ ရောဂါကို ဖယ်ရှားတာက ခန္ဓာကိုယ်အတွက် အလုံခြုံဆုံးနဲ့ အကောင်းဆုံး ရွေးချယ်မှုပါပဲ။
ဟုတ်ပါတယ် - သားဥအိမ်နှစ်ခုလုံးကို သဘာဝအတိုင်း သွေးဆုံးခြင်း မတိုင်ခင် ဖယ်ရှားလိုက်ရင် သွေးဆုံးခြင်းရဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
ဒါပေမယ့် အမှန်တရားကတော့-
🌿 အမျိုးသမီးတိုင်း ပြင်းထန်စွာ ခံစားရတာ မဟုတ်ပါဘူး။
🌿 ရောဂါလက္ခဏာတွေကို ကုသနိုင်ပါတယ်။
🌿 ဟော်မုန်း အစားထိုးကုထုံး (HRT) ကို စနစ်တကျ ကုသမယ်ဆိုရင် အမျိုးသမီးအများစုအတွက် ဘေးကင်းပါတယ်။
🌿 ဘဝအရည်အသွေး ကောင်းမွန်နေနိုင်ပါသေးတယ်။
ပိုအန္တရာယ်များတာကတော့ -
• အဆက်မပြတ်နာကျင်မှုနဲ့ နေထိုင်ခြင်း
• သွေးထွက်များပြီး သွေးအားနည်းရောဂါနဲ့ နေထိုင်ခြင်း
• ကြီးထွားလာတဲ့ အကျိတ်တွေနဲ့ နေထိုင်ခြင်း
• ကင်ဆာကို ကြောက်ရွံ့ခြင်းနဲ့ နေထိုင်ခြင်း
သွေးဆုံးခြင်းဟာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါ။
ကုသမှုမခံယူရတဲ့ ရောဂါဟာ အသက်အန္တရာယ်ပေးနိုင်ပါတယ်
ဆရာဝန်တစ်ယောက်အနေနဲ့ ဆရာဟာ အကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိဘဲ ကိုယ်တွင်းအင်္ဂါတွေကို ဖယ်ရှားဖို့ မထောက်ခံပါဘူး။
ဆရာတို့ ခွဲစိတ်ကုသမှု အကြံပြုတဲ့အခါ လူနာကို ကာကွယ်ပေးချင်လို့ပါ - ထိခိုက်အောင် မဟုတ်ဘဲ ကယ်တင်ချင်လို့ပါ။
Facebook ပေါ်က ကြောက်ရွံ့မှုတွေကြောင့် သင့်လျော်တဲ့ ကုသမှုကို နှောင့်နှေးအောင် မလုပ်ပါနဲ့။
ကျန်းမာရေးက ကြောက်ရွံ့မှုထက် ပိုအရေးကြီးပါတယ်။
မိမိရဲ့ ဆရာဝန်ကို မေးခွန်းများများ မေးပါ။
ရောဂါအခြေအနေကို နားလည်ပါ။
ပြီးရင် ယုံကြည်မှုရှိရှိ ဆုံးဖြတ်ပါ။
🌸အမျိုးသမီးတိုင်းဟာ
🌸 နာကျင်မှု တစ်စုံတစ်ရာ မရှိဘဲ နေထိုင်ရန် ထိုက်တန်ပါတယ်
🌸 ကျန်းမာဘေးကင်းလုံခြုံမှုတွေနဲ့ ထိုက်တန်ပါတယ်။
🌸 သင့်လျော်တဲ့ ဂရုစိုက်မှုတွေ ကုသမှုတွေနဲ့ထိုက်တန်ပါတယ်။
🌸ကင်ဆာရောဂါဖြစ်မှာကို ကြောက်ရွှံစိုးထိတ်ပြီး မနေရတဲ့ ဘဝနဲ့ ထိုက်တန်ပါတယ်