MedCare at Home - အိမ်အရောက် ကျန်းမာရေးဝန်ဆောင်မှု

  • Home
  • Myanmar
  • Yangon
  • MedCare at Home - အိမ်အရောက် ကျန်းမာရေးဝန်ဆောင်မှု

MedCare at Home - အိမ်အရောက် ကျန်းမာရေးဝန်ဆောင်မှု အိမ်အရောက် ကျန်းမာရေးဝန်ဆောင်မှု

Monkeypox (မျောက်ကျောက်ရောဂါ)ဒီရက်ပိုင်းနာမည်ကြီးနေတဲ့ Monkeypox (မျောက်ကျောက်ရောဂါ) ဆိုတာကတော့ ဗိုင်းရပ်စ်ပိုးတစ်မျိုးက...
23/08/2024

Monkeypox (မျောက်ကျောက်ရောဂါ)

ဒီရက်ပိုင်းနာမည်ကြီးနေတဲ့ Monkeypox (မျောက်ကျောက်ရောဂါ) ဆိုတာကတော့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ရတာပါ။ ရောဂါရှိတဲ့ လူတွေ၊ တိရစ္ဆာန်တွေနဲ့ နီးနီးကပ်ကပ်နေခြင်း၊ သူတို့ ထိတွေ့ထားတဲ့ အရာတွေကို ထိတွေ့မိခြင်းကနေ တစ်ဆင့် အဓိက ကူးစက်နိုင်ပါတယ်။

📍ဘာလက္ခဏာတွေ ပြမလဲ❓

မျောက်ကျောက်ရောဂါမှာ လက္ခဏာမျိုးစုံပြနိုင်ပါတယ်။ တစ်ချို့က သာမန်ဖျားရုံ၊ နာရုံလောက်ပဲ ဖြစ်နိုင်ပေမယ့် တစ်ချို့မှာ ဆေးရုံတက်ပြီး အသက်လုရတဲ့ထိ ဖြစ်နိုင်ပါတယ်။ အဓိက တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့ နာမည်ကြီးနေတဲ့ အရေပြားပေါ်မှာ အကွက်တွေ၊ အနာတွေ ဖြစ်တတ်တာရယ်၊ ဖျားတာ၊ ကြွက်သားနာတာ၊ နုံးတာတွေပါပဲ။ တစ်ချို့တွေမှာ အနာတွေက အူထဲ၊ မျက်စိထဲ၊ ဆီးလမ်းကြောင်းထဲ၊ လိင်အင်္ဂါထဲတွေမှာပါ ဖြစ်တတ်လို့ အဲဒီ့နေရာတွေမှာပါ နာတာ၊ အောင့်တာတွေ ဖြစ်တတ်ပါတယ်။

အများအားဖြင့်တော့ ၁ ပတ်၊ ၂ ပတ်အတွင်း ဆေးလေးဘာလေးသောက်ရုံနဲ့ ပြန်သက်သာတတ်ပြီး တစ်ချို့မှာတော့ ဆိုးဆိုးရွားရွား ဖြစ်ပြီး အသက်ဆုံးရှုံးရတဲ့ အထိ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ကလေးတွေ၊ ကိုယ်ဝန်သည်တွေ၊ ကိုယ်ခံအားကျတဲ့ ရောဂါအခံရှိတဲ့သူတွေမှာ ပိုသတိထားရပါမယ်။

ရောဂါဆိုးလာနိုင်တဲ့ လက္ခဏာတွေကတော့ အနာတွေ ကြီးလာတာ၊ အနာတွေမှာ တခြားပိုးတွေ ဝင်ပြီး ယင်းလာတာ၊ တခြားကလီစာတွေမှာ ပိုးထပ်ဝင်တာပါပဲ။ အဲလိုတွေဖြစ်လာရင်တော့ ဆေးရုံတက်တာတွေ၊ ပိုးသတ်ဆေးထိုးတာတွေလိုလာပါလိမ့်မယ်။ လတ်တလောအထိ အသက်အန္တရာယ်ဖြစ်နိုင်တဲ့ နှုန်းကတော့ လူ ၁၀၀၀ မှာ ၁ ယောက်ကနေ ဆေးကုသမှုသေချာမရတဲ့ နေရာတွေမှာ ၁၀ ယောက်မှာ တစ်ယောက်နှုန်း အထိ ဖြစ်နိုင်ပါတယ်။

📍ဘယ်လိုကူးသလဲ❓

ကူးစက်တဲ့ ပုံစံကတော့ ရောဂါရှိတဲ့ သူနဲ့ အနီးကပ်ထိတွေ့ခြင်း (ကိုင်တွယ်ခြင်း၊ နမ်းခြင်း၊ အနီးကပ် စကားပြောခြင်း) ကနေ အဓိက ကူးစက်ပါတယ်။ (လိင်ဆက်ဆံခြင်းကနေ အကူးဆုံးလို့ အရင် သုတေသန ရလဒ်တွေကတော့ ပြောထားပါတယ်။) ရောဂါရှိတဲ့သူ ကိုင်ထားတဲ့ ပစ္စည်းတွေ၊ ဝတ်ထားတဲ့ အဝတ်တွေကလဲ ကူးစက်နိုင်ခြေ အနည်းငယ်ရှိပြီး ကိုယ်ဝန်ဆောင် အမေကနေ ကလေးကို ကူးတာ၊ နို့တိုက်ရင်း ကူးတာတွေလည်း ဖြစ်နိုင်ပါတယ်။

ဘာရောဂါလက္ခဏာမှ မပြနေတဲ့ သူဆီကနေ ကူးတာကတော့ တော်တော်ရှားတယ်လို့ ပြောထားတဲ့ အတွက် အဓိကကတော့ ကိုဗစ်တုန်းကလို့ ဖျားနေတဲ့ သူတွေကို သတိထားရပါမယ်။ နောက်တစ်ခုကတော့ တောထဲက တိရစ္ဆာန်တွေဆီကလည်း ကူးစက်နိုင်ပြီး အိမ်မွေးခွေး၊ကြောင်စသည်ကနေ ကူးစက်တာကတော့ အတည်မပြုနိုင်သေးပါဘူး။

📍ဘယ်လို ကာကွယ်မလဲ❓

ကိုယ့်ပတ်ဝန်းကျင်မှာ ရောဂါပြန့်နေတယ်လို့ ကြားလို့ရှိရင် ဖျားနေတဲ့ သူတွေအနားသွားတာတွေ၊ လူအများကြားသွားတာတွေကို စသတိထားရပါလိမ့်မယ်။ အဓိက ကာကွယ်နည်းကတော့ ကိုဗစ်တုန်းကလိုပဲ လက်ခဏခဏဆေးတာပါပဲ။ ဆပ်ပြာ ဒါမှမဟုတ် အရက်ပျံပါတဲ့ လက်ဆေးရည်နဲ့ ဆေးရင် ပိုးသေပါတယ်။ ဖျားတဲ့သူတွေ အနားသွားရရင် နှာခေါင်းစည်းတပ်တာကလည်း အထောက်အကူပြုပါတယ်။ တိရစ္ဆာန်တွေကနေလဲ ကူးတတ်တဲ့ အတွက် အထိအတွေ့တွေ အပြင် အသားဟင်းတွေချက်ရင် ကျက်တဲ့ အထိ သေချာချက်ဖို့လဲ လိုပါလိမ့်မယ်။ တကယ်လို့ ကိုယ့်ဘာသာကို ရောဂါရှိနေပြီ ထင်ရင် ဆေးခန်းပြပါ။ အရေပြားပေါ်က အနာတွေပျောက်တဲ့ အထိ သီးသန့်နေပါ။ (၁ ပတ်၊ ၂ ပတ်လောက်ကြာတတ်ပါတယ်) အိမ်က လူကြီးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးတွေနဲ့ နည်းနည်းခွဲနေနိုင်ရင် ပိုကောင်းပါတယ်။ ကိုယ့်အဝတ်ကိုယ်လျှော်တာ၊ ရေသီးသန့်ချိုးတာ၊ သီးသန့်အိပ်တာတွေကလဲ အိမ်က တခြားသူတွေကို မကူးအောင် ကာကွယ်ပေးနိုင်ပါတယ်။ တစ်ခုရှိတာက အခန်းကို တံမျက်စည်းလှဲတာတွေ၊ ဖုန်စုတ်စက်နဲ့ သန့်ရှင်းရေးလုပ်တာတွေ ခဏရပ်ထားပါ။ အဲလိုလုပ်ရင် အိမ်က တခြားနေရာကို ပိုးကပြန့်သွားနိုင်လို့ပါ။

ဒါကြောင့် မျောက်ကျောက်ရောဂါမကူးစက်အောင် အပြင်သွားတဲ့အခါ Mask တပ်တာ၊ တစ်ခုခုကိုင်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ခဏခဏဆေးတာတို့ လုပ်ရပါမယ်။ အစာစားတဲ့အခါမှာလည်း သေချာကျက်အောင် ချက်ထားတဲ့အသားကိုပဲ စားသုံးသင့်ပါတယ်။


#မျောက်ကျောက်ရောဂါ

#အိမ်အရောက်ကျန်းမာရေးဝန်ဆောင်မှု
#ဆရာဝန်အိမ်ပင့်

🔹သွေးလွန်တုပ်ကွေးရောဂါဆိုတာ ခြင်ကိုက်ရာကတဆင့် ကူးစက်တဲ့ virus ပိုးကြောင့် ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်🔹အပူပိုင်းနဲ့ သမပိုင်းဒေ...
01/08/2024

🔹သွေးလွန်တုပ်ကွေးရောဂါဆိုတာ ခြင်ကိုက်ရာကတဆင့် ကူးစက်တဲ့ virus ပိုးကြောင့် ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်
🔹အပူပိုင်းနဲ့ သမပိုင်းဒေသတွေမှာ ပိုတွေ့ရတတ်ပါတယ်
🔹မြန်မာနိုင်ငံက ပူပြီး စိုစွတ်တဲ့ ရာသီဥတုဖြစ်လို့ သွေးလွန်တုပ်ကွေးရောဂါအဖြစ်များပါတယ်

👉ဘယ်လိုရောဂါလက္ခဏာတွေနဲ့လာတာလဲ

သွေးလွန်တုပ်ကွေးရောဂါပိုးကူးစက်ခံထားရတဲ့ခြင်အကိုက်ခံရပြီး 10 ရက်အတွင်းရောဂါလက္ခဏာပြပါတယ်

🫧အဖျားကြီးမယ်
🫧ခေါင်းအရမ်းကိုက်မယ်
🫧ကြွက်သားတို့ အဆစ်တို့နာမယ် မျက်လုံးတဝိုက်နာမယ်
🫧ပျို့မယ် အန်မယ်
🫧အနီစက်တွေထွက်မယ်
စတဲ့ ရောဂါလက္ခဏာတွေနဲ့လာပါမယ် ရောဂါလက္ခဏာတွေက ၂ ရက်ကနေ ၇ ရက်ထိ ကြာနိုင်ပါတယ်

အရင်သွေးလွန်တုပ်ကွေးဖြစ်ဖူးပြီး နောက်တစ်ခါထပ်ဖြစ်တဲ့သူတွေက ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါ ပိုဖြစ်တတ်ပါတယ်

👉ပြင်းထန်သွေးလွန်တုပ်ကွေးရဲ့ ရောဂါလက္ခတွေကတော့

🫧ဗိုက်အရမ်းနာမယ်
🫧တောက်လျှောက်အန်မယ် အန်တဲ့အထဲ သွေးတွေပါမယ် အညိုရောင်တွေအန်မယ်
🫧ခြေဖျားလက်ဖျားတွေအေးစက်လာမယ်
🫧အရမ်းနုံးချိလာမယ်
🫧အသက်ရှုမြန်လာမယ်
🫧ဂဏာမငြိမ်ဖြစ်မယ်

အဲလိုတွေခံစားလာရမယ်ဆိုရင်တော့ ပေါ့ဆမနေသင့်ဘဲ ဆေးရုံဆေးခန်းပြသင့်ပါတယ်

👉ဘယ်လိုကူးစက်တတ်လဲ

(၁)ရောဂါပိုးကူးစက်ခံထားရတဲ့ Aedes ခြင်ကိုက်ခံရလို့ ကူးစက်နိုင်ပါတယ်
(၂)သွေးသွင်းခြင်း ကိုယ်အင်္ဂါအစားထိုးခြင်းတို့မှလည်း ကူးစက်တတ်ပါတယ်
(၃)ကိုယ်ဝန်ဆောင်တဲ့အချိန် ရောဂါပိုးကူးစက်ခံရရင်လည်း သန္ဓေသားကိုကူးစက်နိုင်ပါတယ်

(၂) နဲ့ (၃) ကြောင့် ဖြစ်တာတော့ရှားပါတယ်

သွေးလွန်တုပ်ကွေးရောဂါက ပြင်းထန်အဆင့်ထိရောက်ရင် အသက်ဆုံးရှုံးနိုင်တဲ့အထိဖြစ်တတ်လို့ မဖြစ်အောင်ကာကွယ်ဖို့ အရေးကြီးပါတယ်

👉ဘယ်လိုကာကွယ်မလဲဆိုတော့

🫧အင်္ကျီလက်ရှည် ဘောင်းဘီရှည်ဝတ်မယ်
🫧ခြင်ထောင်နဲ့အိပ်မယ်
🫧ခြင်ဇကာကာထားမယ်
🫧ခြင်မပေါက်ဖွားနိုင်အောင် အိမ်နဲ့ အိမ်နားပတ်ဝန်းကျင်မှာ ဖုံး သွန် လဲ စစ် လုပ်မယ်

🔹ခြင်ကတဆင့် ကူးစက်တတ်တာဆိုတော့ ခြင်ကိုက်မခံရအောင်နေခြင်းက အကောင်းဆုံးကာကွယ်နိုင်တဲ့နည်းလမ်းဖြစ်ပါတယ်

👉ဖြစ်လာပြီဆိုရင် ဘယ်လိုလုပ်မလဲ

🔹အနားယူပါ
🔹ဓါတ်ဆားသောက်ပါ ရေများများသောက်ပါ
အစာကြေလွယ်တဲ့အစားအစာ အာဟာရပြည့်ဝတဲ့ အစားအစာတွေစားပါ
🔹အညိုရောင်အရည်တွေ မသောက်ပါနဲ့
🔹Paracetamol အဖျားကျဆေးသောက်လို့ရပါတယ်
🔹အကိုက်အခဲပျောက်ဆေးတွေ မသောက်ပါနဲ့
🔹ပြင်းထန်သွေးလုပ်တုပ်ကွေးလက္ခဏာတွေခံစားလာရပြီဆိုရင်တော့ ဆေးရုံဆေးခန်းပြဖို့လိုပါတယ်

ခုလို စိုစွတ်တဲ့မိုးရာသီမှာ ခြင်ပေါက်ဖွားနှုန်းများပြီး သွေးလွန်တုပ်ကွေးရောဂါ ပိုဖြစ်တတ်လို့ ခြင်ကိုက်မခံရအောင်နေပြီး သွေးလွန်တုပ်ကွေးရောဂါမဖြစ်အောင် ကာကွယ်ဖို့ အရေးကြီးပါတယ်

#သွေးလွန်တုပ်ကွေး


#ဆရာဝန်အိမ်ပင့်
#အိမ်အရောက်ကျန်းမာရေးဝန်ဆောင်မှု

လက်သည်း ခြေသည်း မှိုစွဲခြင်း🔹Nail Fungus လို့ ခေါ်တဲ့ လက်သည်း ခြေသည်းမှိုစွဲခြင်းကို ဆေးပညာအရ Onychomycosis လို့ ခေါ်ပါတ...
19/07/2024

လက်သည်း ခြေသည်း မှိုစွဲခြင်း

🔹Nail Fungus လို့ ခေါ်တဲ့ လက်သည်း ခြေသည်းမှိုစွဲခြင်းကို ဆေးပညာအရ Onychomycosis လို့ ခေါ်ပါတယ်။
Dermatophytes လို့ခေါ်တဲ့ မှိုကြောင့်ဖြစ်တဲ့ မှိုရောဂါတစ်မျိုးဖြစ်ပြီး အဖြစ်များတဲ့ ရောဂါတစ်ခုပါ။
လက်သည်းမှာလည်း ဖြစ်တတ်ပေမယ့် ခြေသည်းမှာ ပိုဖြစ်တတ်ပါတယ်။

🔹ဘယ်လိုလူတွေမှာ ပိုဖြစ်တတ်လဲဆိုရင်

🔗အသက်ကြီးတဲ့သူတွေ
🔗ခြေထောက်ချွေးထွက်များတဲ့ ဖိနပ်မျိုးစီးတဲ့သူတွေ
🔗ရေထဲမှာ ဖိနပ်မပါဘဲ လမ်းလျှောက်တဲ့သူတွေ
🔗ခြေသည်း လက်သည်းမှာ ထိခိုက် ဒဏ်ရာရရင်
🔗ဆီးချို သို့ psoriasis လို့ခေါ်တဲ့ အရေပြားရောဂါရှိတဲ့သူတွေမှာ Onychomycosis ပိုဖြစ်တတ်ပါတယ်။

👉စဖြစ်ဖြစ်ချင်းမှာ ခြေသည်း လက်သည်းအောက်မှာ အဖြူ သို့ ဝါညိုညို အစက်လေးတွေ ဖြစ်လာပါတယ်။

👉ခြေသည်း လက်သည်းမှိုစွဲခြင်းရဲ့ ရောဂါလက္ခဏာတွေကတော့

🫧 ခြေသည်း လက်သည်းတွေ အရောင်ပြောင်းလာမယ်
🫧ပုံမှန်ထက် ပိုထူပြီး ညှပ်ရခက်လာမယ်၊ နာလာမယ်
🫧ကြွပ်ဆတ်လာပြီး ပြတ်ထွက်တာမျိုးတွေ ပုံစံပြောင်းလာတာမျိုးတွေ ဖြစ်လာမယ်
🫧သူ့အလိုလို ကျွတ်ထွက်တာမျိုးတွေ ဖြစ်လာတတ်တယ်
🫧အနံ့ဆိုးတွေ ထွက်မယ်

👉တခါတရံ ရောဂါမပြင်းထန်ရင် သန့်သန့်ရှင်းရှင်းနေပြီး ရေမစိုအောင် နေမယ်၊ ဆီးချိုသေချာထိန်းမယ်ဆိုရင် သူ့ဘာသာသူ ကောင်းသွားတာမျိုးလည်း ရှိပါတယ်။

👉ဘယ်အချိန်မှာ ဆေးခန်းပြရမလဲဆိုရင်

🫧ဆီးချိုရှိတဲ့သူမှာ ဖြစ်လာရင် နောက်ဆက်တွဲတွေဖြစ်တဲ့ ခြေထောက်ပြသနာတွေနဲ့ ပိုးဝင်ပြီး ခြေထောက်ဖြတ်ရတဲ့ အထိ ဖြစ်တတ်လို့ ဆေးခန်းပြသင့်ပါတယ်။
🫧ခြေသည်း လက်သည်းတဝိုက်မှာ သွေးထွက်လာရင်၊ နာပြီး ရောင်ရမ်းလာရင်၊ လမ်းလျှောက်ရခက်လာရင် မပေါ့ဆဘဲ ဆေးခန်းပြသင့်ပါတယ်။

စိုစွတ်တဲ့ မိုးရာသီမှာ အဖြစ်များတဲ့ ခြေသည်း လက်သည်းမှိုစွဲခြင်း အကြောင်းကို
နားလည်လွယ်အောင် ပြောပြထားပါတယ်။

ကျန်းမာရေးဗဟုသုတ content တွေကို MedCare at Home page မှာ အပတ်စဉ် အနည်းဆုံး တစ်ခုစီ တင်ပေးသွားပါမယ်ရှင်။


#ခြေသည်းလက်သည်းမှိုစွဲခြင်း
#ဆရာဝန်အိမ်ပင့်
#ကျန်းမာရေးဝန်ဆောင်မှု

#အိမ်တိုင်ရာရောက်



🔗MedCare at Home မှ ကြိုဆိုပါတယ်ရှင်🔗👨‍⚕️အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ပြသဖို့ အခက်အခဲရှိတဲ့ န...
08/07/2024

🔗MedCare at Home မှ ကြိုဆိုပါတယ်ရှင်🔗

👨‍⚕️အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ပြသဖို့ အခက်အခဲရှိတဲ့ နာတာရှည်လူမမာများ၊ ဖိုးဖိုးဖွားဖွားများ၊ သက်ကြီးရွယ်အိုများအတွက် “MedCare at Home အိမ်အရောက် ကျန်းမာရေးဝန်ဆောင်မှု” ရှိပါတယ်ရှင်။

အိမ်တိုင်ရာရောက် ရရှိနိုင်တဲ့ ကျန်းမာရေး ဝန်ဆောင်မှုများ

🔹ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်း

🔹အတွေ့အကြုံရှိ အထွေထွေရောဂါကုဆရာဝန်မှ အိမ်တိုင်ရာရောက် ကြည့်ရှုကုသပေးခြင်း

🔹ဆီးချိုသွေးတိုးစသော နာတာရှည်ရောဂါများကို ရေရှည်အတွက် ထိန်းညှိကုသခြင်း

🔹မိမိကျန်းမာရေးအခြေအနေများအတွက် ဆွေးနွေးတိုင်ပင်နိုင်ခြင်း

🔹ကာကွယ်ဆေးထိုးနှံပေးခြင်း

🔹ဆေးသွင်း ၊ Drip ချိတ်ခြင်းများ ပြုလုပ်ပေးခြင်း

🔹အိမ်တိုင်ရာရောက် သွေးဖောက်ပေးခြင်း၊ ဓာတ်ခွဲစစ်ဆေးပေးခြင်း

🔹ECG ဆွဲပေးခြင်း

🔹အစာပိုက်၊ ဆီးပိုက် တပ်ဆင်ပေးခြင်း၊ အသစ်လဲလှယ်ပေးခြင်း၊ ဖြုတ်ပေးခြင်း

🔹ထိခိုက်ဒဏ်ရာအနာများကို Dressing ထည့်ပေးခြင်း

🔹အခြားလိုအပ်သော ကျန်းမာရေးကိစ္စတိုင်ပင် ဆွေးနွေးမှုကို ရရှိနိုင်ပါတယ်ရှင်။

🔗သင့်ကျန်းမာရေးနှင့် သင့်မိသားစုသင်တောင့် သက်သာဖြစ်စေရန် MedCare at Home မှ အသင့်ရှိနေပါတယ်နော်။

🔗အိမ်အရောက် ကျန်းမာရေးဝန်ဆောင်မှုရယူရန်အတွက် ကြိုတင် booking ယူပေးဖို့ လိုအပ်ပါတယ်ရှင်။

အသေးစိတ်စုံစမ်းမေးမြန်းရန်နှင့် Booking တင်ရန်အတွက်

☎️Ph no - 09945511500/ 0943182434 တို့ကို ဆက်သွယ်နိုင်ပါတယ်



#ဆရာဝန်အိမ်ပင့်

#အိမ်တိုင်ရာရောက်
#ကျန်းမာရေးဝန်ဆောင်မှု

အဆိုတော် Justin Bieber က မနေ့က သူ့ရဲ့ မျက်နှာ တစ်ခြမ်း ရွဲ့သွားခဲ့တဲ့ အတွက်ကြောင့်  လတ်တလော ဖျော်ဖြေမှုတွေကို ရပ်နားလိုက...
12/06/2022

အဆိုတော် Justin Bieber က မနေ့က သူ့ရဲ့ မျက်နှာ တစ်ခြမ်း ရွဲ့သွားခဲ့တဲ့ အတွက်ကြောင့် လတ်တလော ဖျော်ဖြေမှုတွေကို ရပ်နားလိုက်တယ်လို့ ကြေညာထားပါတယ်။ သူ့ရဲ့ အမျိုးသမီးဖြစ်သူ Hailey Bieber ဟာလည်း ပြီးခဲ့တဲ့ မတ်လတုန်းက လေဖြတ်လို့ ဆေးရုံတက်ခဲ့ရဖူးပါတယ်။

Justin Bieber ကရော မျက်နှာရွဲ့သွားတာ ဘာကြောင့်ပါလဲ
_____________________________________________
သူတင်ထားတဲ့ Instagram ပေါ်က Video အရ သူဟာ Ramsay Hunt Syndrome ကို ခံစားနေရတာဖြစ်ပြီး မျက်နှာ တစ်ခြမ်းလုံးကို မလှုပ်နိုင်တဲ့ အခြေအနေကို ရောက်နေတယ်လို့ပြောပါတယ်။

အဲဒီ Video အရ နားထဲကို Virus ပိုးဝင်ပြီး အဲ့ပိုးက မျက်နှာက အာရုံကြောကို ထိခိုက်စေတဲ့ အတွက် မျက်နှာ တစ်ခြမ်းလှုပ် မရတော့ပါဘူး။ မျက်လုံးတစ်ဖက် ပိတ်မရဘူး။ ပြုံးလိုက်ရင် တစ်ခြမ်းရွဲ့သွားတယ်။ မျက်မှောင်ကြုံ့မရဘူး။ မျက်နှာတစ်ခြမ်းလုံး လှုပ်မရတော့ဘူးလို့ သူကဆိုပါတယ်။

Ramsay Hunt Syndrome ဆိုတာ ဘာပါလဲ
__________________________________
Ramsay Hunt ရောဂါဆိုတာ အလွယ်ပြောရရင် နားနဲ့ အနီးတဝိုက်မှာ ရေယုန်ပေါက်တာပါပဲ။ မျက်နှာရွဲ့တာ အပြင် တချို့သူတွေမှာ အနီကွက်တွေပါ ထွက်လာပြီး နာလည်းနာတတ်ပါတယ်။ အရမ်းဆိုးရင် နားတစ်ဖက် မကြားရဘူး ဖြစ်သွားတတ်ပါတယ်။

Ramsay Hunt ကို ဖြစ်စေတဲ့ Virus ပိုးကတော့ ရေကျောက်ဖြစ်စေတဲ့ ပိုးပါပဲ။ Varicella Zoster လို့ခေါ်ပါတယ်။ ရေယုန်၊ ရေကျောက်စတဲ့ ရောဂါတွေကို ဖြစ်စေတတ်ပါတယ်။ အခုနာမည်ကြီးနေတဲ့ မျောက်ကျောက်နဲ့တော့ အမျိုးမတော်ပါဘူး။ ငယ်ငယ်တုန်းက ရေကျောက်ဖြစ်ခဲ့ဖူးတဲ့သူတွေမှာ ပိုးပြန်ကြွတဲ့ အခါ အခုလိုမျိုးဖြစ်တတ်ပါတယ်။

ဒီရောဂါဖြစ်ခဲ့မယ်ဆိုရင် မြန်မြန်ကုရပါတယ်။ မြန်မြန်မကုခဲ့ရင် မျက်နှာ တစ်ခြမ်းရွဲ့သွားတာ ပြန်မကောင်းနိုင်တာမျိုး၊ နားပြန်မကြားရတာမျိုးဖြစ်သွားတတ်ပါတယ်။

ဘာလက္ခဏာတွေ ပြမလဲ
___________________
ဒီရောဂါမှာ အဓိက လက္ခဏာ ၂ ခုရှိပါတယ်။
၁။ နားအနီးတဝိုက်မှာ အနာတွေ ဖြစ်လာတတ်ပါတယ်။ နာပါတယ်။ အရည်ကြည်ဖုတွေဖြစ်လာတတ်ပါတယ်။
၂။ အနာဖြစ်တဲ့ဘက်မှာပဲ မျက်နှာ တစ်ခြမ်း လှုပ်မရဖြစ်သွားပါတယ်။

တချို့သူတွေမှာ ဒီလက္ခဏာ ၂ ခုလုံး ဖြစ်တတ်ပြီးတော့ တချို့မှာတော့ မျက်နှာ ရွဲ့သွားတာပဲ ဖြစ်တတ်ပြီး အနာတွေ မတွေ့ရပါဘူး။

နားမကြားရတာ၊ နားအူတာ၊ မျက်စိ တစ်ဖက်ပိတ်မရတာ၊ ချာချာလည် မူးနေတတ်တာ၊ အစာစားရင် အရသာ မရှိတာ၊ အရသာ ပြောင်းတာ (လျှာကို သွားတဲ့ အာရုံကြော ပါသွားလို့)၊ မျက်စိတွေ ပါးစပ်တွေ ခြောက်တာ တွေလည်း ဖြစ်နိုင်ပါတယ်။

လေဖြတ်တာနဲ့ ဘယ်လိုခွဲမလဲ
______________________
သိသာတဲ့ အချက်တစ်ခုကတော့ လေဖြတ်တဲ့ သူတွေမှာ ပါးစပ်ရွဲ့တာပဲ ဖြစ်ပြီး မျက်စိ တစ်ဖက် ပိတ်မရတာ ဖြစ်ခဲပါတယ်။ ဒီရောဂါမှာတော့ မျက်စိတစ်ဖက် ပိတ်မရတာ အဖြစ်များပါတယ်။ အကြမ်းဖျင်းပြောရရင် ပါးစပ်ပဲ ရွဲ့ရင် လေဖြတ်တာ ဖြစ်ဖို့ များပြီး ပါးစပ်ရော၊ မျက်စိပါထိရင် လေဖြတ်တာ မဟုတ်ဖို့ များပါတယ်။

နောက်ဆက်တွဲ ဘာတွေ ဖြစ်နိုင်လဲ
__________________________
၁။ မျက်နှာရွဲ့ခြင်းနှင့် နားမကြားခြင်း
များသောအားဖြင့် လူအများစုမှာ ကုသမှု ခံယူပြီးရင် ပြန်ကောင်းပေမယ့်လည်း ရှားရှားပါးပါး တချို့မှာ ပြန်မကောင်းတာလည်း ဖြစ်နိုင်ပါတယ်။
၂။ မျက်စိထိခိုက်နိုင်ခြင်း
ရောဂါကြောင့် မျက်စိကို တိုက်ရိုက် မထိခိုက်နိုင်ပေမယ့်လည်း မျက်စိပိတ်လို့မရတာကြောင့်မို့လို မျက်စိ ခြောက်သွေ့တာ၊ အမှုန်အမွှားတွေ ဝင်ပြီး မျက်စိဒဏ်ရာရတာတွေ ဖြစ်နိုင်ပါတယ်။
၃။ အချိန်အတော်ကြာ နားတဝိုက်နာနေတတ်ခြင်း
ဒီနောက်ဆက်တွဲကတော့ ရှားပါတယ်။ တချို့သူတွေမှာ ရောဂါသက်သာသွားပေမယ့်လည်း အနာဖြစ်ခဲ့တဲ့ နေရာမှာ နာပြီး ကျန်ခဲ့တတ်ပါတယ်။ ရေယုန်တွေလိုပဲပေါ့။

ဘယ်လို ကုရမလဲ
_____________
၁။ ဗိုင်းရပ်စ်သတ်ဆေးများ
ရေယုန် ဗိုင်းရပ်စ်ကို သတ်နိုင်တဲ့ ဆေးတွေကို ဗိုင်းရပ်စ်ကြောင့် ဖြစ်တာ သေချာတဲ့ သူတွေမှာ ပေးလေ့ရှိပါတယ်။ ဒါပေမယ့် ရောဂါ အပေါ် အကျိုးသက်ရောက်မှုတော့ အရမ်းမရှိလှပါဘူး။

၂။ စတီးရွိုက်အုပ်စုဝင်ဆေးများ
ဒီရောဂါအတွက် အကျိုးသက်ရောက်မှု အရှိဆုံးဆေးတွေပါ။ လက္ခဏာတွေ စပြပြီး ၇၂ နာရီအတွင်း ပေးရင် ဖြစ်တဲ့ သူတွေရဲ့ ၉၅% မှာ နောက်ဆက်တွဲ မကျန်ပဲ မြန်မြန်ပျောက်ကင်းစေပါတယ်။ ဒါပေမယ့် ဘေးထွက်ဆိုးကျိုး အလွန်များတဲ့ အတွက်ကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။

၃။ ခေါင်းမူးသက်သာစေသော ဆေးများ
ဒါတွေကတော့ ခေါင်းမူးတဲ့ လက္ခဏာသက်သာရုံလောက်ပဲ ပေးကြတာ ဖြစ်ပါတယ်။ တချို့အရမ်း ဆိုးတဲ့သူတွေမှာ Diazepam လို အိပ်ဆေးတွေပါ သုံးရတာမျိုး ဖြစ်နိုင်ပါတယ်။

၄။ အနာသက်သာစေသောဆေးများ
မျက်နှာမှာ အနာတွေပါဖြစ်ခဲ့ရင် သောက်နိုင်ပါတယ်။ ရေယုန်ရောဂါပိုးကြောင့် ဖြစ်တာဆိုတော့ နာတဲ့ အချိန်မှာ အရမ်းနာပါတယ်။ သာမာန် ပါရာစီတမောလို ဆေးတွေကနေ အလွန်ပြင်းထန်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေး အပြင်းတွေပါ လိုကောင်းလိုနိုင်ပါတယ်။

၅။ မျက်စဥ်းများ
မျက်စိတွေ ခြောက်သွေ့တတ်တဲ့ အတွက် Cool-eye လို မျက်စဥ်းတွေ လိုအပ်နိုင်ပါတယ်။ မျက်စိဒဏ်ရာပြင်းထန်ရင်တော့ မျက်စိ ဆရာဝန်နဲ့ပါ ပြဖို့ လိုအပ်တတ်ပါတယ်။



အခုနာမည်ကြီးနေတဲ့ မျောက်ကျောက်ရောဂါ မြန်မာနိုင်ငံမှာ ဖြစ်လာနိုင်လား‐----------------------------------------------------...
26/05/2022

အခုနာမည်ကြီးနေတဲ့ မျောက်ကျောက်ရောဂါ မြန်မာနိုင်ငံမှာ ဖြစ်လာနိုင်လား
‐--------------------------------------------------------------
ဖြစ်လာစရာ ရာခိုင်နှုန်းအတော်နည်းတယ်ပြောရပါမယ်။ မှတ်တမ်းတွေအရဆိုရင် စင်ကာပူမှာ ၂၀၁၉တုန်းက မျောက်ကျောက်ရောဂါ ဖြစ်တဲ့သူ တစ်ဦးရှိခဲ့ပါတယ်။ ဒါပေမယ့် မျောက်ကျောက်က ကိုဗစ်လို မဟုတ်ပဲ ကူးစက်ဖို့ ခက်တာကြောင့် ဆက်လက် ပျံ့သွားတာမျိုးမရှိခဲ့ပါဘူး။

မျောက်ကျောက်ရောဂါ ဆိုတာ ဘာကြောင့်ဖြစ်တာလဲ
‐-------------------------------------------------------------------------
မျောက်ကျောက်ရောဂါဟာ မျောက်ကျောက် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ရတာဖြစ်ပြီး အရင်တုန်းက ဖြစ်ခဲ့ဖူးတဲ့ ပြင်းထန်တဲ့ ကျောက်ကြီးရောဂါနဲ့ အုပ်စုတူ ဗိုင်းရပ်စ်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် မျောက်ကျောက်ကတော့ ကျောက်ကြီးရောဂါလောက် မဆိုးပါဘူး။

မျောက်ကျောက်က အခုမှဖြစ်တဲ့ ရောဂါတော့ မဟုတ်ပါဘူး။ အာဖရိကမျောက်တွေမှာ ၁၉၅၈ လောက်ကတည်းက ဖြစ်နေခဲ့တာဖြစ်ပြီး လူတွေကိုစ ၁၉၇၀ လောက်ကတည်းက စတင်ကူးစက်ခဲ့တာ ဖြစ်ပါတယ်။ အာဖရိကတိုက်အပြင်မှာ ဖြစ်တာအလွန်ရှားပြီး များသောအားဖြင့် မျောက်တွေကနေပဲ တဆင့်ကူးစက်တာဖြစ်ပါတယ်။

မျောက်ကျောက်ရောဂါဘယ်လိုကူးသလဲ
‐-------------------------------------------------------
များသောအားဖြင့်သော ရောဂါဖြစ်နေတဲ့လူ ဒါမှမဟုတ် တိရစ္ဆာန်ရဲ့ အနီးအနားမှာ နေမိမှ ကူးတာများပါတယ်။ ပိုးက အရေပြားက အနာတွေကနေ၊ အသက်ရှူလမ်းကြောင်းကနေ ဒါမှမဟုတ် မျက်စိ၊နှာခေါင်း၊ပါးစပ်တို့ကနေ ဝင်ရောက်နိုင်ပါတယ်။

လူအချင်းချင်းကူးရင်တော့ အသက်ရှူလမ်းကြောင်းကနေပဲ ကူးတာများပါတယ်။ ဒါပေမယ့် ကိုဗစ်လိုမျိုး ကူးစက်မှု မြန်တာမျိုးမဟုတ်ပဲ မျက်နှာ ၂ ခု အချိန်တော်တော်ကြာကြာ ပူးကပ်နေဖို့လိုပါတယ်။ (သိပ်မရိုကြနဲ့ပေါ့ဗျာ။) ရောဂါကူးစက်ခံထားရတဲ့ မျောက် ကိုက်ခံရတာ၊ ကုတ်ခံရတာကနေလည်း ကူးနိုင်ပါတယ်။ နောက်တစ်ခုကတော့ လိင်ဆက်ဆံရာကနေလည်း ကူးနိုင်ပါသေးတယ်တဲ့။

ဘာလက္ခဏာ​တွေ ပြသလဲ
‐-----------------------------------
အရင်ဖျားပါတယ်။ ဖျားပြီး ၃ ရက်လောက်နေရင် အနီစက်တွေ စဖြစ်လာပါတယ်။ အနီစက်တွေက ယားတတ်ပြီး အရည်ကြည်ဖုတွေဖြစ်ပြီးရင် ပေါက်သွားတတ်ပါတယ်။ များသောအားဖြင့် မျက်နှာ၊ ခြေဖဝါး၊ လက်ဖဝါးတွေမှာ ဖြစ်တတ်ပါတယ်။ (ကိုယ်လုံးပေါ်မှာပဲ ဖြစ်ပြီး မျက်နှာမှာ မဟုတ်ရင် မျောက်ကျောက် သိပ်မဖြစ်နိုင်ပါ။) ကျန်​တာ​တွေက​တော့ ​ခေါင်းကိုက်တာ၊ တစ်ကိုယ်လုံး ကိုက်တာ ခဲတာ၊ ခါးနာတာ၊ ပြန်ရည်ကျိတ်​တွေ​ရောင်တာ၊ နုံး​ခွေ​နေတာ စတဲ့ လက္ခဏာ​တွေလည်း ပြတတ်ပါတယ်။ ပုံမှန်ဆိုရင် ၂ ပတ်ကနေ ၄ ပတ်လောက် အထိ ကြာပြီး အလိုလိုပြန်ကောင်းတာများပါတယ်။

ဘယ်လိုကုရမလဲ
-------------------------
လောလောဆယ်အထိတော့ ပြတ်ပြတ်သားသားကုနိုင်တဲ့ ဆေးမရှိသေးပါဘူး။ ဖြစ်လာတဲ့ လက္ခဏာတွေကို သာမာန်အဖျားရောဂါလိုမျိုးပဲ ကုရုံပါပဲ။ ရောဂါပြင်းထန်တဲ့ သူတွေဆိုရင်တော့ Tecovirimat ဆိုတဲ့ ဆေးကို သုံးလို့ရမယ်လို့တော့ သိရပါတယ်။ ဆေးကတော့ အလွန်ရှားပါတယ်။ ရောဂါပြင်းထန်လာနိုင်တဲ့ ရာခိုင်နှုန်းကလဲ တော်တော်နည်းတာမို့ သိပ်စိုးရိမ်စရာတော့ မရှိသေးပါ။ ဟိုးအရင်ခေတ်က သုံးခဲ့တဲ့ ကျောက်ကြီးရောဂါ ကာကွယ်ဆေးကတော့ မျောက်ကျောက်ရောဂါကို ကာကွယ်နိုင်တယ်လို့ သိရပါတယ်။ လောလောဆယ်တော့ အဲဒီ့ဆေးကို မြန်မာနိုင်ငံမှာ ထိုးပေးနေတယ်လို့တော့ မသိရသေးပါ။ အသက် ၅၀ ကျော်တဲ့သူတွေဆိုရင်တော့ ငယ်ငယ်ကတည်းက ထိုးပြီးသားဖြစ်နိုင်ပါတယ်။

ဒီ့ထက်ပိုပြီး အ​သေးစိတ်​တွေ သိချင်တယ်ဆိုရင်လည်း page messenger က​နေ စုံစမ်းလို့ရပါတယ်။


တုပ်ကွေးကာကွယ်ဆေးထိုးပြီးရင် တုပ်ကွေး မဖြစ်တော့ဘူးလား_________________________________________________"ငါတို့က တုပ်ကွေးက...
22/04/2022

တုပ်ကွေးကာကွယ်ဆေးထိုးပြီးရင် တုပ်ကွေး မဖြစ်တော့ဘူးလား
_________________________________________________
"ငါတို့က တုပ်ကွေးကာကွယ်ဆေးထိုးထားတယ်။ ဒီနှစ် တုပ်ကွေး မဖြစ်တော့ဘူး။”
"အရင် တစ်လလောက်ကမှ တုပ်ကွေးကာကွယ်ဆေးထိုးထားတာ။ အခုဖျားနေတယ်။ တုပ်ကွေးတော့ မဟုတ်လောက်ဘူး။ အအေးမိတယ်ထင်တယ်။”
အဲလို စကားမျိုးတွေ တုပ်ကွေးရာသီမှာ ခဏ၊ခဏ ကြားဖူးပါသလား။
တုပ်ကွေးကာကွယ်ဆေးက တုပ်ကွေးကို ၁၀၀ ရာခိုင်နှုန်းကာကွယ်နိုင်တာ မဟုတ်ပါဘူး။ ဒါဆို ဘယ်လောက် ရာခိုင်နှုန်း ကာကွယ်နိုင်လဲ။
တုပ်ကွေးကာကွယ်ဆေးဆိုတာ ဖြစ်လာမယ့် တုပ်ကွေးရောဂါအမျိုးအစားကို ခန့်မှန်းပြီး ကြိုထုတ်ထားရတာဖြစ်တဲ့ အတွက်ကြောင့် ဘယ်လောက်ရာခိုင်နှုန်းကာကွယ်နိုင်မယ်ဆိုတာကို ကြိုမပြောနိုင်ပါဘူး။ နှစ်ကုန်လို့ သုတေသနအဖြေတွေ ပြန်ထွက်မှ သိရတာမျိုးပါ။ များသောအားဖြင့် တုပ်ကွေးဖြစ်နှုန်းကို ၄၀% ကနေ ၆၀% ထိ လျော့ချပေးနိုင်တယ်လို့ပဲ အကြမ်းဖျင်းပြောလို့ ရပါမယ်။ ကာကွယ်နိုင်စွမ်းက တစ်နှစ်နဲ့ တစ်နှစ်လည်း မတူပါဘူး။ ဥပမာ ၂၀၁၈ ခုနှစ်တုန်းက တုပ်ကွေးကာကွယ်ဆေးက အလွန်ထိရောက်ပြီး တုပ်ကွေးဖြစ်နှုန်းရဲ့ ၆၁% ကို ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာတော့ ၁၆%ပဲ ကာကွယ်နိုင်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ဘယ်လောက် ရာခိုင်နှုန်းကာကွယ်နိုင်မယ်ဆိုတာကို ကြိုမပြောနိုင်ပါဘူး။ ပျမ်းမျှ ၄၀% ခန့် ကာကွယ်နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ ဆေးမထိုးထားတဲ့ လူ ၁၀၀မှာ ၁၀၀လုံး တုပ်ကွေးဖြစ်ရင် ဆေးထိုးထားတဲ့ လူ ၁၀၀ မှာ ၄၀ ကနေ ၆၀ ပဲ ဖြစ်မယ်ဆိုပါတော့။

လူတိုင်း တုပ်ကွေးကာကွယ်ဆေးထိုးသင့်သလား။ ဘယ်သူတွေမှာ ထိုးသင့်လဲ။
___________________________________________________________
အပေါ်ကပြောသလိုဆိုတော့ ဆေးက အပြည့်အဝမကာကွယ်နိုင်တဲ့ အတွက် ထိုးသင့်ရဲ့လားဆိုတာ မေးစရာတစ်ခု ဖြစ်လာပါတယ်။ တုပ်ကွေးရောဂါဟာ ဖြစ်တဲ့သူ အများစုမှာ မပြင်းထန်တတ်ပါဘူး။ တုပ်ကွေးကြောင့် သေတယ့်သူ ဘယ်လောက်ရှိသလဲ။ ကိုဗစ်က ပိုကြောက်ဖို့ မကောင်းဘူးလား စသည်ဖြင့် မေးခွန်းတွေ ပေါ်လာပါတယ်။
WHO ရဲ့ ကြေညာချက်တွေအရ ကမ္ဘာပေါ်မှာ နှစ်စဥ် လူဦးရေ ၂၅၀၀၀၀ ကနေ ၅၀၀၀၀၀ လောက်အထိ တုပ်ကွေးရောဂါကြောင့် ဆုံးပါးနေပြီး ၃၀၀၀၀၀၀ ကနေ ၅၀၀၀၀၀၀ လောက်အထိ ပြင်းထန် အဆုတ်ရောင်အဆင့်နဲ့ ဆေးရုံတက်ရတယ်လို့ ခန့်မှန်းထားပါတယ်။ အထူးသဖြင့် H1N1 လို ပြင်းထန်တဲ့ မျိုးစိတ်တွေကြောင့် ဖြစ်တဲ့ နှစ်တွေဆို အဲဒီ့ထက် များသွားနိုင်ပါတယ်။ ဒါကြောင့် တုပ်ကွေးကာကွယ်ဆေးကို ဖြစ်နိုင်ရင် လူတိုင်းထိုးသင့်တယ်လို့ ဆိုရပါမယ်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေခဲ့ရင် ဦးစားပေးထိုးသင့်တဲ့ သူတွေ ရှိပါတယ်။ သူတို့တွေကတော့
- အသက် ၆၅ နှစ် အထက် လူကြီးတွေ
- ကိုယ်ဝန်ဆောင်တွေ
- ဆီးချို၊ နှလုံး၊ အဆုတ်၊ အသည်း၊ ကျောက်ကပ် စတဲ့ နာတာရှည်ဝေဒနာရှင်တွေ
- သွေးကင်ဆာ၊ HIV၊ သရက်ရွက်ထုတ်ထားတဲ့သူ၊ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုခု အစားထိုးထားရတဲ့သူ၊ အကြောင်း တစ်ခုခုကြောင့် ခုခံအားကို ကျစေတဲ့ ဆေးတွေ သုံးနေရတဲ့သူတွေ (အရေပြား လေးဘက်နာ၊ ကင်ဆာ စသည်)
- အသက် ၁၈ နှစ်အောက် သွေးကျဲဆေးသောက်နေရတဲ့ သူတွေ

ဘယ်သူတွေမှာ တုပ်ကွေးကာကွယ်ဆေး မထိုးသင့်ဘူးလဲ
___________________________________________
- အသက် ၆ လအောက်ကလေးတွေ
- အရင်တုန်းက တုပ်ကွေးကာကွယ်ဆေးနဲ့ မတည့်တာကြုံဖူးရင်
- Guillain-Barre ရောဂါလို့ ခေါ်တဲ့ ကြွက်သားရောဂါ တစ်မျိုးရှိရင်
- ကြက်ဥ၊ ဘဲဥတွေနဲ့ မတည့်ရင် (ကာကွယ်ဆေးက ဥတွေကရတဲ့ အသားဓာတ်နဲ့ ထုတ်ထားလို့လို့ပါ)

ကာကွယ်ဆေးထိုးတဲ့အတွက် ဘာဆိုးကျိုးတွေရှိနိုင်လဲ
_________________________________________
_ တချို့တွေက ဆေးထိုးပြီးရင် ခေါင်းမူးတတ်တာမျိုးရှိတဲ့ အတွက် ဆေးထိုးပြီးရင် ၁၅ မိနစ်လောက် ထိုင်နေသင့်ပါတယ်။
- ထိုးတဲ့နေရာမှာ နာတာ၊ နီတာ၊ ခေါင်းနည်းနည်းကိုက်တတ်တာ၊ ကိုယ်လက်တွေ နည်းနည်း ကိုက်ခဲတတ်တာ၊ အနည်းငယ်ဖျားတတ်တာ စတာတွေလည်း ဖြစ်တတ်ပါတယ်။ များသောအားဖြင့်တော့ ၂ ရက် ၃ ရက် အတွင်း အလိုလိုပျောက်ပါတယ်။
- အလွန်ရှားပါးတဲ့ ဓာတ်မတည့်ခြင်းကတော့ လူ ၁၀ သိန်းမှာ တစ်ယောက်လောက်ကြုံရတတ်ပါတယ်။ ဆေးထိုးပြီး ခေတ္တစောင့်ကြည့်လိုက်ရင် အရေးပေါ်အခြေအနေတွေကို ရှောင်ရှားနိုင်ပါလိမ့်မယ်။

ဆေးထိုးပြီး ဘယ်လောက်ကြာရင် ကာကွယ်မှု ရပြီလဲ
_________________________________________
တုပ်ကွေးကာကွယ်ဆေးထိုးပြီး ကာကွယ်မှု ရဖို့ကတော့ ဆေးထိုးပြီး ၂ ပတ်ကြာတဲ့အထိ စောင့်ဖို့ လိုပါတယ်။

တုပ်ကွေးကာကွယ်ဆေးက ၁ လုံးထဲ ထိုးရင် လုံလောက်ပြီလား။ ဘယ်နှစ်လုံး ထိုးရမလဲ။ ဘယ်လောက်ကြာကြာခံမလဲ။
___________________________________________________________________
တုပ်ကွေးကာကွယ်ဆေးက နှစ်အလိုက်ထွက်တဲ့ အတွက်ကြောင့် တုပ်ကွေးရာသီ တစ်ခုကို တစ်ခါထိုးရပါတယ်။ ၁ လုံးထဲဆို တစ်ရာသီ အတွက် လုံလောက်ပါတယ်။ တစ်ခုရှိတာက အသက် ၆လကနေ ၉ နှစ်အောက် အရင် တုပ်ကွေးကာကွယ်ဆေး မထိုးဖူးတဲ့ ကလေးတွေမှာ ဆိုရင်တော့ ၄ ပတ်ခြားပြီး ၂ ခါထိုးသင့်ပါတယ်။

တကယ်လို့ တုပ်ကွေးကာကွယ်ဆေးထိုးဖို့ စိတ်ဝင်စားတယ်ဆိုရင် MD Medical and Dental Clinic Centre မှာ လာရောက်စုံစမ်းလို့ရပါတယ်။

၁၉၂၂ ခုနှစ်မှာ အမေရိကန်နိုင်ငံမှာ ရှိတဲ့ ၂၈နှစ် အရွယ် Charles Osborne ဆိုတဲ့သူတစ်ယောက်က ဝက်တစ်ကောင်ကို မပေါ်ခင်မှာ အလေးခ...
07/04/2022

၁၉၂၂ ခုနှစ်မှာ အမေရိကန်နိုင်ငံမှာ ရှိတဲ့ ၂၈နှစ် အရွယ် Charles Osborne ဆိုတဲ့သူတစ်ယောက်က ဝက်တစ်ကောင်ကို မပေါ်ခင်မှာ အလေးချိန်ချိန်ဖို့လုပ်နေပါတယ်။ ခန့်မှန်းခြေ ပေါင် ၃၅၀လောက်ရှိမယ့် ဝက်ကို ကောက်မလိုက်တဲ့ အချိန်မှာ သူဟာရုတ်တရက်လဲကျသွားပါတယ်။ သူ့မှာ ဘာမှတော့ ထူးထူးခြားခြားခံစားရတာတော့ မရှိပါဘူး။ ဒါပေမယ့် အဲဒီ့အချိန်ကစပြီး ဆက်တိုက် ကြို့ထိုးတော့တာပါပဲ။
ကြို့ထိုးတာဟာ တစ်ရက်လည်းမပျောက်၊ နှစ်ရက်လည်းမပျောက်တဲ့ အတွက် သူဟာ ဆရာဝန်တွေနဲ့စပြီးတိုင်ပင်ပါတယ်။ အနီးအနားက ဆရာဝန်တွေနဲ့ မသက်သာတဲ့ အချိန်မှာ တစ်နိုင်ငံလုံးပတ်ပြီး သူ့ရောဂါကို ကုသဖို့ ကြိုးစားပါတယ်။ ဒါပေမယ့်လည်း သူ့အနေအထားက မသက်သာခဲ့ပါဘူး။
"ဆရာဝန်တွေက ကျွန့်တော့်ခေါင်းထဲမှာ ပင်အပ်လောက်ရှိတဲ့ သွေးကြောလေးတစ်ချောင်းပေါက်သွားတယ်ပြောတယ်။ အဲဒီ့ကနေ အာရုံကြော ပြဿနာဖြစ်ပြီး ကြို့ထိုးတာလို့ပြောတယ်။” လို့ သူကဆိုတယ်။ အစပိုင်းမှာ တစ်မိနစ်ကို အခါ ၄၀ လောက် ကြို့ထိုးရာကနေ တဖြည်းဖြည်းနဲ့ အခါ ၂၀ လောက်အထိရောက်လာတယ်။ ကြို့ထိုးလွန်းလို့ အစာစားရင် Blender နဲ့ ကြိတ်ပြီး စားရပါတယ်။ နောက်ဆုံး ၁၉၉၀ ခုနှစ် (၆၈နှစ် အကြာ) မှပဲ ကြို့ထိုးတာဟာရပ်သွားတော့တယ်။ ၁၉၉၁ ခုနှစ် (အသက် ၉၇) မှာပဲ သူဆုံးပါတယ်။
အရွယ်ရောက်ပြီး နောက်ပိုင်း တစ်သက်လုံးနီးပါး ကြို့ထိုးနေပေမယ့် အထင်မသေးပါနဲ့။ သူ့ဘဝမှာ ၂ ခါလက်ထပ်ဖူးပြီး သားသမီး ၈ ယောက်ရှိခဲ့ပါတယ်။ (FA တွေ အတွက် မျက်ရည် ၂ စက်ပါ။)
ကြို့ထိုးတယ်ဆိုတာ လူတိုင်းမှာ ဖြစ်ဖူးတဲ့ အရာပါ။ တစ်ခါ၊ နှစ်ခါလောက်ဆိုရင် ပြဿနာမရှိပေမယ့် အကြိမ်ရေများလာရင် စိတ်အနှောင့်အယှက်ဖြစ်စေလာတတ်ပါတယ်။ ကြို့ထိုးတာ ဘာကြောင့်လဲဆိုတာသိရအောင် အောက်က ပုံလေးတွေအောက်မှာဆက်ကြည့်နိုင်ပါတယ်။

ကြို့ထိုးတယ်ဆိုတာ ဝမ်းဗိုက်ထဲမှာရှိတဲ့ ကန့်လန့်ကာကြွက်သားကြောင့်ပါပဲ။ ကန့်လန့်ကာကြွက်သားဆိုတာ ရင်ဘတ်နဲ့ ဗိုက်၊ အဆုတ်နဲ့ အစာအိမ်ကို ပိုင်းခြားထားတဲ့အရာပါ။ ပုံမှန်မှာ ကန့်လန့်ကာကြွက်သားက အသက်ရှုတဲ့အချိန်မှာ အောက်ကိုနိမ့်ဆင်းပြီး အသက်ရှုထုတ်တဲ့အချိန်မှာ အဆုတ်ကိုပြန်ပင့်တင်ပါတယ်။ အဲဒီ့ကန့်လန့်ကာကြွက်သားကို တစ်ခုခုက အနှောင့်အယှက်သွားပေးမိရင် ရုတ်တရက် ကြုံ့သွားတဲ့အတွက်ကြောင့် လေတွေကို ရှိုက်သွင်းသလိုဖြစ်သွားပါတယ်။ အဲဒီ့လေက အသံကြိုးကို သွားထိတဲ့အခါ ကြို့ထိုးရင်ထွက်တတ်တဲ့ "အေ့"ဆိုတဲ့ အသံထွက်လာပါတယ်။

ဘာလို့ ကြို့ထိုးတာလဲ
ကြို့ထိုးစေတဲ့ အကြောင်းရင်းတွေ အများကြီးပါပဲ။ စိတ်လှုပ်ရှားမှုတစ်ချို့ကြောင့်တောင် ကြို့ထိုးတတ်ပါတယ်။ ဦးနှောက်ကနေ ကန့်လန့်ကာကြွက်သားကို ချိတ်ဆက်ထားတဲ့ အာရုံကြောတွေကို အကြောင်းအရာတစ်ခုခုက လှုံ့ဆော်မိရင် ကြို့ထိုးတာပါပဲ။ အဖြစ်များတဲ့ အကြောင်းအရာတွေကတော့

ပြည့်နင့်နေအောင်စားမိတာ
အစာစားတာ အရမ်းမြန်တာ
အရက် ဒါမှမဟုတ် Gas ပါတဲ့ အချိုရည်သောက်မိတာ
စိတ်ဖိစီးမှုများလွန်းတာ
ရုတ်တရက် အပူအအေးပြောင်းတာတွေ
တစ်ချို့သူတွေမှာ ကြောက်တဲ့ ခံစားချက် ဒါမှမဟုတ် စိတ်လှုပ်ရှားတာတွေကြောင့် ကြို့ထိုးတတ်ပါတယ်။

ကြို့ထိုးတာ အရေးကြီးလား
ပုံမှန်တော့ ကြို့ထိုးတယ်ဆိုတာ အရေးမကြီးပါဘူး။ ဒါပေမယ့် အချိန်တစ်ခုကြာလို့ မပျောက်ဖူးဆိုရင်တော့ ပြဿနာဖြစ်လာတတ်ပါတယ်။ တကယ်လို့ သက်ဆိုင်ရာအာရုံကြောကို နှောင့်ယှက်နေတဲ့ အရာက ခဏတဖြုတ်နဲ့ မသက်သာဘူးဆိုရင် ကြို့ထိုးတာ အချိန်ကြာလာတတ်ပါတယ်။ တချို့မှာ နားထဲ အမှိုက်ဝင်တာကအစ လည်ချောင်းနာတာအထိ ကြာရှည်ကြို့ထိုးတာရဲ့ တရားခံဖြစ်နေတတ်ပါတယ်။ ကံဆိုးရင်တော့ ကင်ဆာတွေ၊ လည်ပင်းကြီးရောဂါတွေ၊ ဦးနှောက်ယောင်တာ၊ ဦးနှောက်အမြှေးပါးယောင်တာ၊ ဆီးချို၊ ကျောက်ကပ်ပျက်တာ၊ လည်ပင်းက အလုံးတွေကလည်း နောက်ကွယ်က ပြဿနာဖြစ်နေတတ်ပါတယ်။

အဲဒါဆို ကြို့ထိုးရင် ဆရာဝန်နဲ့ တိုင်ပင်ရမှာလား
ကြို့ထိုးတိုင်းတော့ ဆရာဝန်နဲ့ တိုင်ပင်စရာမလိုပါဘူး။ တကယ်လို့ ကြို့ထိုးတာ ၂ ရက်ထက်ပိုကြာတာမျိုး၊ စားရတာ အိပ်ရတာ အသက်ရှုရတာကို အနှောင့်အယှက်ဖြစ်နေတာမျိုးဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်စရာ လိုအပ်ပါတယ်။ တကယ်လို့ ကြို့ထို့းတဲ့အချိန်မှာ ဗိုက်နာတာ၊ ဖျားနေတာ၊ မောတာ၊ အန်တာ၊ ချောင်းဆိုးရင်သွေးပါတာ စတဲ့ လက္ခဏာတွေပြခဲ့ရင်လည်း ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ကြို့ထိုးတာရပ်အောင်ဘယ်လိုလုပ်ရမလဲ
ငယ်ငယ်က ကြားဖူးသလို ကင်းမြီးကောက်ထောင်တာ၊ တစ်ယောက်ယောက်က လန့်အောင် ခြောက်တာတွေက ကြို့ထိုးတာကို တစ်ခါတစ်ရံပျောက်စေတတ်ပါတယ်။ ဒါပေမယ့် အမြဲတမ်းပျောက်စေမယ်လို့တော့ အာမမခံနိုင်ပါဘူး။ နည်းနည်းပိုပြီးသေချာတဲ့ နည်းလမ်းကတော့ အဆုတ်ထဲမှာ Carbon Dioxide ပမာဏများလာအောင် လုပ်တာဖြစ်ပါတယ်။ Carbon Dioxide က ကန့်လန့်ကာကြွက်သားကို ဖြေလျော့သွားစေပါတယ်။ အလွယ်တကူ အိမ်မှာ ကြို့ထိုးသက်သာအောင် လုပ်လို့ရတာတွေကတော့
အသက်အောင့်ပြီး တံတွေး ၃ ခါမျိုချပါ (တစ်ချို့က ၇ ခါလို့ပြောကြပါတယ်၊ အဓိကကတော့ အသက်အောင့်ရတဲ့အတွက် သွေးထဲမှာ Carbon Dioxide level တက်လာအောင်ပါ)
အိပ်တစ်အိပ်ကို ခေါင်းမှာစွတ်ပြီး အသက်ရှုပါ။ (ခေါင်းမူးမလာခင် ပြန်ရပ်ဖို့တော့ လိုပါမယ်)
ရေတစ်ခွက်ကို မြန်မြန် အသက်အောင့်ပြီး သောက်ပါ။
သကြားတစ်ဇွန်း စားပါ။
ရေနဲ့ ပလုပ်ကျင်းပါ။
ဘာနဲ့မှ မသက်သာရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးသောက်ဖို့၊ မသက်သာခဲ့ရင် အကြောင်းရင်းကို ရှာဖို့တော့ လိုပါလိမ့်မယ်။

မနေ့က Oscar ပွဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေတဲ့ Will Smith ရဲ့ အမျိုးသမီး Jada Pinkett Smith ရဲ့ ဆံပင်ကျွတ်ရောဂါ အကြောင်းက...
29/03/2022

မနေ့က Oscar ပွဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေတဲ့ Will Smith ရဲ့ အမျိုးသမီး Jada Pinkett Smith ရဲ့ ဆံပင်ကျွတ်ရောဂါ အကြောင်းကို ပြောပြချင်ပါတယ်။ Jada Smith ဟာ ၂၀၁၈ ခုနှစ်ကတည်းက Alopecia လို့ခေါ်တဲ့ ဆံပင်ကျွတ်တဲ့ရောဂါကို ခံစားနေရတာ ဖြစ်ပါတယ်။

လူတစ်ယောက်ဟာ တစ်နေ့ကို ပုံမှန် ဆံပင် ၅၀ ကနေ ၁၀၀ ကြား ကျွတ်တတ်ပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက်ကြားထဲမှာ ဆံပင်ကျွတ်တဲ့ ပုံစံတွေ မတူကြပါဘူး။ အသက်ကြီးလာရင် အထူးသဖြင့် ယောက်ျားတွေမှာဆို ဆံပင်ပါးနှုန်း၊ ကျွတ်နှုန်း ပိုများပါတယ်။ ပုံမှန်ဆို အသက် ၅၀ ကျော် ယောက်ျားတွေရဲ့ တစ်ဝက်လောက်နဲ့ အသက် ၄၀ ကျော်မိန်းမတွေရဲ့ ၄၀ ရာခိုင်နှုန်းလောက်မှာ ဆံပင်ပါးလာတတ်ကြပါတယ်။ အဲဒီ့ထဲကမှ Alopecia ဆိုတဲ့ ရောဂါကတော့ ယောက်ျားရော၊ မိန်းမရော ဘယ်အသက်အရွယ်မဆို ဖြစ်နိုင်ပါတယ်။

ဒီရောဂါက ရှိသမျှ ဆံပင်တွေ အကုန်လုံးကို ကျွတ်စေတာလား

Alopecia (နာမည်အပြည့်အစုံဆိုရင်တော့ Alopecia areata လို့ခေါ်ပါတယ်။) ရောဂါဆိုတာ ခေါင်းပေါ်မှာ အကွက်အကွက်တွေဖြစ်ပြီး ဆံပင်ကျွတ်တတ်တဲ့ ရောဂါပါ။ အများအားဖြင့် အကွက်အနည်းငယ်သာရှိတတ်ပြီး တစ်ခေါင်းလုံးတော့ သိပ်မကျွတ်တတ်ပါဘူး။ ဒါပေမယ့် တစ်ချို့သူတွေမှာတော့ ပုံမှန်ထက်ပိုပြင်းထန်တတ်ပါတယ်။ အမျိုးကွဲ တစ်ခုဖြစ်တဲ့ Alopecia totalis မှာဆိုရင် ခေါင်းပေါ်က ဆံပင်တွေ လုံးဝမကျန်တဲ့ထိကို ပြင်းထန်နိုင်ပါတယ်။ Alopecia universalis မှာဆိုရင် တစ်ကိုယ်လုံးက အမွှေးတွေအကုန်လုံး ကျွတ်တတ်ပါတယ်။ မှတ်တမ်းမှတ်ရာတွေ အရတော့ Alopecia က လူ ၄၀၀၀ မှာ တစ်ယောက် ဖြစ်တတ်ပြီး ၁၆၀၀၀ မှာ တစ်ယောက်က တစ်ခေါင်းလုံး ကျွတ်တတ်ပါတယ်။ လူ ၅၀၀၀၀ ကျော်မှာ တစ်ယောက်ကတော့ တစ်ကိုယ်လုံးအမွှေးကျွတ်တဲ့ထိ ဆိုးရွားနိုင်ပါတယ်။

ဘာကြောင့် ဒီရောဂါဖြစ်ရလဲ

အကြောင်းရင်း အတိအကျကိုတော့ မပြောနိုင်သေးပေမယ့် ခုထိတော့ ကိုယ်ခံအားစနစ် ဖောက်လွှဲဖောက်ပြန် ဖြစ်တာတွေကြောင့်လို့ ယူဆထားကြပါတယ်။ ကိုယ်ခံအား စနစ်က ခန္ဓာကိုယ်ပေါ်က မွှေးညင်းပေါက်တွေကို မှားယွင်းတိုက်ခိုက်တာကြောင့် ပျက်စီးကုန်ပြီး အမွှေးတွေပြန် မထွက်ပဲ ကျွတ်ကုန်တာဖြစ်ပါတယ်။ မွှေးညင်းပေါက်ကိုပဲ ရွေးချယ် ဖျက်စီးတာကြောင့် အရေပြားပေါ်မှာတော့ အမာရွတ်မထင်တတ်ပါ။
Alopecia က ကလေးတွေမှာလည်း ဖြစ်နိုင်သလို လူကြီးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ အတွေ့အများဆုံးကတော့ အသက် ၁၀ နဲ့ ၃၀ ကြားဖြစ်ပြီး မျိုးရိုးဗီဇနဲ့လည်း ဆိုင်တတ်တာကြောင့် မိသားစုဝင်တွေထဲမှာ အဲဒီ့ရောဂါဖြစ်တဲ့သူရှိရင် ကိုယ့်ဆီမှာလည်း ဖြစ်ဖို့ ရာခိုင်နှုန်းပိုများတတ်ပါတယ်။

Alopecia က ဘယ်လို လက္ခဏာတွေပြတတ်လဲ

အပေါ်မှာပြောခဲ့သလို ခေါင်းမှာ ဆံပင်ကျွတ်ပြီး ပါးလာတဲ့ အကွက်အကွက်တွေပေါ်လာမယ်။ ဆံပင်ကျွတ်တဲ့ နေရာတွေမှာ အမာရွတ်တွေ တခြားနီရဲတာတွေ၊ ရောင်ကိုင်းနေတာတွေ မရှိဘူး။ တချို့သူတွေမှာတော့ ဆံပင်မကျွတ်ခင် ဦးရေပြားယားတာ၊ ကျဥ်တာ၊ အပူလောင်သလို ခံစားရတာတွေ ရှိတယ်လို့တော့ ပြောပါတယ်။
တစ်ချို့သူတွေမှာ ကံကောင်းရင် လအနည်းငယ်အကြာမှာ ဘာမှလုပ်စရာမလိုပဲ အလိုလို ပြန်ပေါက်လာတတ်ပါတယ်။ တစ်ချို့မှာတော့ တဖြည်းဖြည်းနဲ့ ပိုဆိုးသွားတတ်ပါတယ်။ ခြေသည်း၊ လက်သည်းတွေမှာ ချိုင့်လာတာ၊ မညီမညာဖြစ်လာတာတွေနဲ့လည်း တွဲဖြစ်တတ်ပါတယ်။ ပြန်ကောင်းလာတဲ့သူအရေအတွက်က ၁၀ ရာခိုင်နှုန်းအောက်လောက်ပဲ ရှိတယ်ပြောကြပါတယ်။

Alopecia ကို ကုလို့ရသလား

ဒီရောဂါကို သက်သာအောင် လုပ်လို့ရတဲ့ ဆေးတွေ၊ နည်းလမ်းတွေရှိပေမယ့် ခုထိတော့ လုံးဝကောင်းအောင် လုပ်နိုင်တဲ့နည်း မရှိသေးပါ။ တစ်ချို့ဆေးတွေက ခဏတဖြုတ်သောက်ရင် ရုတ်တရက်အများကြီးပိုမဆိုးလာအောင် တားနိုင်ပေမယ့် ကျွတ်ပြီးသားတွေကိုတော့ ပြန်ပေါက်အောင် မလုပ်နိုင်သေးပါ။ တစ်ချို့ ဟော်မုန်းဆိုင်ရာဆေးတွေကလည်း အကျိုးရှိနိုင်ပေမယ့် အပြည့်အဝပြန်ကောင်းဖို့တော့ သေချာပါဘူး။ ရောဂါအပျော့စားတွေမှာ ဦးရေပြားထဲ ဆေးထိုးတာတွေ အသုံးပြုတာမျိုးလည်း ရှိပါတယ်။ ဆံပင်တွေ အများကြီးကျွတ်သွားတဲ့နောက်ပိုင်းမှာ ဆံပင်တုတွေနဲ့ ဆံပင်ပြန်စိုက်တာကလည်း အသုံးဝင်နိုင်ပါတယ်။ ဆံပင်ကျွတ်ခြင်းကလည်း ကာယကံရှင်ကို စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်ဆိုးဆိုးရွားရွား ပေးနိုင်တဲ့အတွက် ရေရှည်မှာ ဘယ်လို လုပ်မယ်ဆိုတာကို ဆရာဝန်နဲ့ သေချာတိုင်ပင်သင့်ပါတယ်။

မိမိတို့ရဲ့ ကိုယ်ပိုင် အတွေ့အကြုံတွေကိုလည်း comment မှာ ဝင်ရောက်ဆွေးနွေးပေးခဲ့လို့ ရပါတယ်။

Address

Yangon

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Website

Alerts

Be the first to know and let us send you an email when MedCare at Home - အိမ်အရောက် ကျန်းမာရေးဝန်ဆောင်မှု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share