15/01/2026
Motivation ဆိုတဲ့စကားလုံးကို
ကျွန်မအယုံအကြည်မရှိတော့ဘူး။
စာရေးသူ - ဒေါက်တာအေးချမ်းသန္တာထွဋ်
စာဖတ်ချိန် - ၇ မိနစ်
ကျမလွန်ခဲ့တဲ့တစ်ပတ်လောက်က Majorpyor ဆိုတဲ့ podcast မှာ speaker အဖြစ်ပါဝင်ရတယ်။ ဒီ podcast channel ကလေးရဲ့ရည်ရွယ်ချက်က လူငယ်တွေ သူတို့မေဂျာတွေရွေးချယ်တဲ့အချိန်မှာ ဒါမှမဟုတ် ရွေးချယ်ထားတဲ့ မေဂျာတွေကိုတက်နေတဲ့အချိန်မှာ စိတ်ပင်ပန်းရတာတွေ၊ အခက်အခဲတွေကြုံရတဲ့အခါ စိတ်ခွန်အားတွေနဲ့ လက်တွေ့ကျင့်သုံးနိုင်တဲ့သင်ခန်းစာတွေရရှိဖို့ ရည်ရွယ်တာပေါ့နော်။
ကျမကိုမေးတဲ့အထဲမှာ မေးခွန်းတစ်ခုက "ရွေးချယ်ထားတဲ့ မေဂျာတွေကိုတက်နေတဲ့အချိန် အခက်အခဲတွေနဲ့ အရမ်းရင်ဆိုင်ရလို့ ရပ်ပစ်ဖို့စဉ်းစားလိုက်တဲ့အချိန်ရှိဖူးသလား။ အဲ့အချိန်မှာ ဘယ်လို ကိုယ့်ကိုယ်ကိုယ် motivate လုပ်ပြီး ဆက်နေလဲ" တဲ့။
ဒါကအခုခေတ်လူငယ်တွေမှာ မလိုအပ်ပဲရင်ဆိုင်နေရတဲ့ ပြဿနာတွေထဲကတစ်ခုဖြစ်မယ်ထင်တယ်။
ဘာလဲဆိုတော့ ရွေးချယ်စရာတွေအရမ်းများလာလို့ပါ။ ကျွန်မတို့ခေတ်ကနဲ့သိပ်မတူဘဲ ရွေးချယ်စရာတွေ လွန်စွာများပြားလာတာဟာ ဦးနှောက်ရဲ့ဆုံးဖြတ်နိုင်စွမ်းကိုနွမ်းနွယ်သွားစေပါတယ်။
ဒီလိုကြာလာတဲ့အခါမှာ ဦးနှောက်ကပိုင်းခြားနိုင်တဲ့စွမ်းအင်နည်းလာတော့ စွမ်းအင်သိပ်မကုန်ဘဲ ဖြတ်လမ်းသွားလို့ရတဲ့ brain ရဲ့လုပ်နေကြ default ပုံစံအတိုင်းပဲ၊ ကျွန်မတို့မှာရှိတဲ့နဂိုအကျင့်တွေကိုအခြေခံလို့ ဆုံးဖြတ်ရွေးချယ်တာတွေ လုပ်မိလိုက်တတ်ကြပါတော့တယ်။
လုပ်နေကြအကျင့်တွေက ကိုယ့်အတွက်ကောင်းကျိုးရှိမနေဘူးဆိုရင်တော့ အဆင်မပြေတဲ့ ရွေးချယ်မှုတွေဖြစ်ကုန်တာပေါ့။
ကျမတုန်းကတော့ ရွေးချယ်စရာကလည်းသိပ်အများကြီးမရှိဘူးလေ။ အဲဒီအချိန်တုန်းက ကျွန်မထင်ခဲ့တာ အကောင်းဆုံးကဆရာဝန်ဖြစ်ဖို့ပဲ။ ဒါကြောင့်ဆရာဝန်ဖြစ်ဖို့ကျောင်းမှာအကောင်းဆုံးလုပ်ရမယ်။ ဒါဟာကျွန်မရဲ့ တစ်ကြောင်းတည်းသောလမ်းပဲ။ ဒါကိုရပ်လိုက်မယ်..စသဖြင့်စဉ်းစားဖို့တောင်အချိန်မရပါဘူး။
ကျွန်မအရှေ့မှာရေးခဲ့သလို ကျွန်မရဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့် လေ့ကျင့်ခန်းတွေကို အပြင်းအထန်လုပ်ပြီး၊ ဝိတ်လျှော့ခဲ့တယ်ဆိုပေမယ့်၊ တစ်ဖက်မှာတော့ ကျမရဲ့တစိုက်မတ်မတ်လုပ်ဆောင်မှုဟာ ကိုယ့်ကိုယ်ကိုယ် ပြန် train သလိုဖြစ်ပြီး ကျွန်မအတွက် system တစ်ခုဆောက်သလိုတောင်ဖြစ်သွားခဲ့ပါတယ်။
ဥပမာ ကျွန်မဖိုင်နယ်ပတ်တူးဖြေတော့ ဘယ်လိုမှလေ့ကျင့်ခန်းလုပ်တဲ့ဆီမသွားနိုင်ဘူးလေ။ အဲဒီအချိန်မှာကျွန်မအလေးတုံးတွေဝယ်ထားဖြစ်တယ်။ အလေးတုံးတွေနဲ့ အဆောင်မှာ ကိုယ့်ဖာကိုယ် ဆော့တာပေါ့လေ။
ဒါပေမဲ့စာကြည့်ချိန်ကလည်း ရှိသေးတာဆိုတော့ ကျွန်မလေ့ကျင့်ခန်းလုပ်၊ အလေးမတိုင်းမှာ စာပြန်နွှေးတယ်။
အဆောင်အခန်းနံရံတစ်လျှောက်မှာ post-it notes တွေရှိတယ် အဲ့ဒီမှာ အသေမှတ်ရမယ့် ရောဂါလက္ခဏာတွေ diagnosis တွေ ကုသမှုတွေကို အတိုရေးထား၊ မှတ်ထားတာပေါ့လေ။
ဒါတွေကိုကြည့် စာနွှေးရင်းနဲ့ လေ့ကျင့်ခန်းလုပ်ဖြစ်တယ်ပေါ့။
အဲ့တော့ စာလည်းနွေးပြီးသားဖြစ်၊ လေ့ကျင့်ခန်းလဲလုပ်ပြီးသားဖြစ်။
ဒါက vice versa အကျိုးရှိပြီး ကျွန်မရဲ့လေ့ကျင့်ခန်းလုပ်တာနဲ့ စာလုပ်တာကို stick ဖြစ်သွားစေခဲ့ပါတယ်။
ခုထိလဲဒီလုပ်ဆောင်မှုတွေကို ဆက်လုပ်ဖြစ်နေဆဲပါ။ အဲဒီအလေးတုံးတွေ အခုထိ ကျွန်မမှာရှိတယ်။ အဲဒီအလေးတုံးတွေနဲ့ပဲ ကျွန်မအိမ်မှာ အလေးတွေမဖြစ်တယ်။ အခုတော့အလေးမရင်း podcast နားထောင်တာပေါ့လေ။
ပြောချင်တာက မိုတီဗေးရှင်းတက်ဖို့အတွက် စာတွေဖတ်တာ ရုပ်ရှင်ကြည့်တာစသဖြင့် ကျွန်မလုပ်ပါတယ်။ ဒါပေမယ့် ဒီလိုစိတ်တက်ကြွသွားတာဟာခဏပါပဲ။ ဟော်မုန်းအပြောင်းအလဲတချက် ဖြစ်သွားတဲ့အတွက်ဖြစ်ပါတယ်။ ရေရှည်မခံပါဘူး။
ဒါကြောင့်မို့ တစိုက်မတ်မတ်ဖြစ်သွားဖို့၊ အလေးအကျင့်ဖြစ်သွားဖို့နဲ့ ဒီကနေမှတစ်ဆင့် system ဖြစ်သွားဖို့လိုအပ်ပါတယ်။ ဒါဆိုကိုယ်တောင်မသိလိုက်ဘဲနဲ့ ကိုယ်လုပ်ချင်တဲ့အရာတွေကို stick လုပ်မိ စေပါတယ်။ ဒီလိုဖြစ်ဖို့ consistency နဲ့ discipline လိုအပ်ပါတယ်။
ကျွန်မကလည်း အရာအားလုံးမှာ discipline ကောင်းနေတာမဟုတ်ပါဘူး။ ဒါပေမဲ့ကျွန်မက consistency ကတော့အရမ်းကောင်းတယ်။ လေ့ကျင့်ခန်းကိုတစိုက်မတ်မတ်လုပ်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုကလည်း ကျွန်မကိုပုံသွင်းလိုက်သလိုဖြစ်တာပေါ့နော်။ ဒါကပဲစာမေးပွဲတွေအောင်ဖို့၊ ဆရာဝန်ဘွဲ့ရဖို့၊ discipline ဖြစ်သွားစေခဲ့ပါတယ်။
consistency နဲ့ discipline ရှိရင် မေဂျာပညာရေးအတွက်မှမဟုတ်ပါဘူး၊ ဘဝမှာ ဘယ်အရာကိုမဆို အောင်မြင်နိုင်ပါတယ်
ကျမသိတဲ့မောင်လေးတစ်ယောက်ဆို သူကဆယ်တန်းတောင်မအောင်ဘူး၊ ဒါပေမဲ့သူ ဗီဒီယို editing ကိုတော့ စိတ်ဝင်စားတယ်။ ဒါကိုပဲ တစ်စိုက်မတ်မတ်လုပ်တယ်။ လေ့လာတယ်။ ကျောင်းတက်ရမလား။ ဘာလုပ်ရမလား....စသဖြင့်ဘာမှစဉ်းစားမနေဘူး။ အခုဆိုရင် အသက်က၂၀ကျော်လေးပဲရှိသေးတယ်၊ သူက စိုင်းစိုင်းခမ်းလှိုင်တို့လိုမျိုး နာမည်ကြီးတွေရဲ့ mtv ကိုရိုက်ပေးရတဲ့ assistant director တောင်ဖြစ်နေပြီ။
Passion ဆိုတာကိုလည်း အခုခေတ်မှာသိပ်ပြောတယ်။ တကယ်တမ်းကျတော့ ဒီလိုမျိုးငယ်ရွယ်စဉ်မှာ ကိုယ့်ရဲ့ passion ကိုသိတဲ့လူဟာတော်တော်နည်းပါတယ်။ ကိုယ့်ရဲ့ passion ကိုသိဖို့ တော်တော်များများကို စမ်းသပ်လုပ်ဆောင်၊ တွေ့ကြုံကြည့်ဖို့လိုအပ်ပါတယ်။ ဒါမှဘယ်ဟာကိုသဘောကျတယ်၊ ဘယ်ဟာကို သဘောမကျဘူးစသဖြင့်သိလာမှာပါ။ ဒီလိုဖြစ်စေဖို့အတွက်လည်း တကယ်ကို ပွင့်ပွင့်လင်းလင်းနဲ့ အကောင်းဆုံးထောက်ပံ့ပေးမယ့် မိဘတွေရှိရင်တော့အကောင်းဆုံးပဲပေါ့လေ။ လောကမှာ လူတိုင်းကတော့ ဘယ်ကံကောင်းနိုင်ပါ့မလဲ။ အဲ့လိုမိဘတွေရှိရဲ့သားနဲ့တောင် ဘာလုပ်ရမလဲ ဗျာများနေတဲ့သူတွေလည်း အများကြီးပါ။ ဒါကြောင့်မို့ ကျမ လူငယ်တွေကိုပေးလေ့ရှိတဲ့အကြံဥာဏ်ကတော့ နားနဲ့မျက်စိကိုစွန့်ထားဖို့ပါပဲ။ စာဖတ်တဲ့အကျင့်ကိုလည်းလုပ်၊ အပြင်က လူကြီးသူမတွေနဲ့ စကားပြောဆိုဆွေးနွေးတာတွေကိုလည်း နားထောင်၊ သိလိုတာတွေကို မေးကြည့်ခိုင်းပါတယ်။ နောက်တစ်ခုက ခရီးတွေထွက်တာမျိုးပါ။ တောင်တက်ခရီးစဥ်တွေလိုက်တာမျိုး၊ စုပြေးကြတဲ့အဖွဲ့တွေထဲ ဝင်တာမျိုး၊ စာဖတ်အသင်းတွေထဲ ဝင်ပြီး ပြောဆိုဆွေးနွေးတာမျိုး၊ စာကြည့်တိုက်တွေမှာ အပတ်စဥ်လုပ်တဲ့ပွဲတွေ၊ Goethe တို့ Francis Institute တို့လို့ နေရာတွေမှာ networking လုပ်တာမျိုးတို့၊ ကျောင်းပိတ်ရက်တွေမှာ အလုပ်သင်အနေနဲ့ လုပ်တာမျိုးတို့ပေါ့လေ။ ခုဆို နိုင်ငံရပ်ခြားရောက်နေတဲ့ မောင်ငယ်၊ ညီမငယ်တွေလည်း များလာတော့ ကိုယ်ပညာသွားရှာနေတဲ့နိုင်ငံမှာရှိတဲ့ ကွန်ယက်တွေထဲဝင်ရောက်ထားစေချင်တယ်။ စာပြီးတာနဲ့ ကိုယ့်အခန်းကိုပဲ ပြန်တာမျိုးမဟုတ်ဘဲ၊ ဘေးပတ်ဝန်းကျင်ကိုလေ့လာစေချင်တယ်။ အလုပ်သင်လုပ်လို့ရရင် လိုက်လုပ်စေချင်တယ်။
နောက်တစ်ခု သတိထားစေချင်တာက ဆိုရှယ်မီဒီယာပေါ်က အရာတွေက လက်တွေ့မဆန်တဲ့အပြင်၊ အမြဲတမ်း ကောင်းမွန်အဆင်ပြေတဲ့ ပုံစံတွေကိုပဲ ပြလေ့ရှိတာမို့၊ ဒီဟာလည်း လုပ်ရင်ကောင်းသလိုလို၊ ဒါလည်းဖြစ်ချင်သလိုလို၊ ဟိုဟာလည်းဖြစ်ချင်သလိုလို စိတ်ခံစားချက်တွေဖြစ်နေတတ်ပါတယ်။
နည်းနည်းလောက် ကိုယ် လုပ်နေတဲ့အရာ အဆင်မပြေတော့ဘူးဆိုရင် ရွေးချယ်စရာတွေလည်းရှိတော့ လမ်းကြောင်းပြောင်းချင်သလိုကလည်း လွယ်လင့်တကူကို ဖြစ်လာတော့တာ။ ဆိုရှယ်မီဒီယာတွေကြောင့်ပဲ ရွေးချယ်မှုတွေ နှိုင်းယှဉ်မှုတွေနဲ့ လူငယ်တွေဟာမလိုအပ်ဘဲစိတ်ပင်ပန်းမှုတွေကိုခံစားလာရတတ်ပါတယ်။
ကျမဆိုလည်းကျွန်မရွေးချယ်ခဲ့တဲ့လမ်းကြောင်းတွေမှာ ကောင်းတာတွေ၊ မကောင်းတာတွေစသဖြင့် ဖြစ်တယ်ထင်ရပေမယ့်၊ တကယ်တမ်းတော့လည်း ကျွန်မကိုအကျိုးပြုနေတဲ့ အပိုင်းတွေ အများကြီးရှိနေတော့တာ။ အပေါ်မှာရေးခဲ့သလို စိတ်ပိုင်းဆိုင်ရာကြောင့် အပြင်းအထန်လေ့ကျင့်ခန်း လုပ်တာတောင်မှ ကျွန်မအတွက်တစ်ဖက်တစ်လမ်းက အကျိုးပြန်ဖြစ်နေခဲ့တာကိုး။
ဒါကြောင့် ကျွန်မရဲ့ဒီစာကိုဖတ်နေတဲ့ မောင်ငယ်ညီမငယ်တွေကို "အခုရွေးချယ်ထားတဲ့အရာတစ်ခုရှိတယ်ဆိုရင် ဒါကိုပဲ consistency ရှိရှိနဲ့ discipline နဲ့သာလုပ်ဆောင်ဖို့" ကျွန်မတိုက်တွန်းချင်ပါတယ်။ “မရှိသေးဘူးဆိုရင်လည်း အထက်ပါနည်းလမ်းတွေအတိုင်း ကြိုးစားကြည့်ကြစေချင်တယ်။”
ဒါကမောင်လေးတို့ညီမလေးတို့အတွက် ကောင်းကျိုးတစ်စုံတစ်ရာရကိုရမယ်လို့ ကျမအသေအချာပြောချင်ပါတယ်။ နောက်ထပ် ကောင်းမွန်တဲ့နည်းလမ်းလေးတွေရှိမယ်ဆိုရင်လည်း ဒီပို့စ်လေးအောက်မှာ comment လေး ရေးပေးခဲ့ကြပါဦးနော်။
ဒီ podcast ရရင်လည်း စောင့်ကြည့်နေတဲ့မောင်လေးတွေ၊ ညီမလေးတွေအတွက်ရှဲပေးပါဦးမယ်။ majorpyor podcast YouTube channel လေးကလဲ မောင်လေးတို့၊ ညီမလေးတို့အတွက် စောင့်ကြည့်နားထောင်သင့်တဲ့ channel လေးဖြစ်ပါတယ်။
ဒီစာမှတစ်ဆင့်အကျိုးတစ်စုံတစ်ရာရပါစေရှင်။