08/11/2025
နာတာရှည်ကျောက်ကပ်ရောဂါကို ဆေးပညာအခေါ်အဝေါ်အရ Chronic kidney disease သို့မဟုတ် Chronic renal disease ဟုခေါ်ပါသည်။ ဥပမာ - ဆီးချိုသွေးချိုရောဂါကြောင့် ကျောက်ကပ်ပျက်စီးခြင်း (Diabetic nephropathy)၊ သွေးတိုးရောဂါကြောင့် ကျောက်ကပ်ပျက်စီးခြင်း (Hypertensive nephropathy) နှင့် အရေပြားလေးဖက်နာရောဂါကြောင့် ကျောက်ကပ်ပျက်စီးခြင်း (Systemic Lupus Erythematosus Nephropathy) အစရှိသည်တို့ကို နာတာရှည်ကျောက်ကပ်ရောဂါဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။
နာတာရှည် ကျောက်ကပ်ပျက်စီးမှုကို အဆင့် (၅) ဆင့် ခွဲခြားသတ်မှတ်ထားပြီး ကျောက်ကပ်သန့်စင်နိုင်မှုနှုန်းကို (Glomerular Filtration Rate: GFR) နှင့် တိုင်းတာသတ်မှတ်နိုင်ပါသည်။ အဆင့် (၁) မှ (၃) အထိကို ဆေးဝါးများဖြင့် ကုသရာတွင် ထိရောက်မှုရှိနိုင်ပြီး အဆင့် (၄) တွင် ကျောက်ကပ်ဆေးရန် လိုအပ်လာပါသည်။ အဆင့် (၅) ရောက်လျှင် အစပိုင်း၌ ကျောက်ကပ်ဆေးပြီး ကုသနိုင်သေးသော်လည်း ဆေးရသည့်အကြိမ် စိပ်လာသည်နှင့်အမျှ နောက်ပိုင်းတွင် ကျောက်ကပ် အစားထိုးကုသရန် လိုအပ်လာပါသည်။
ထိုရောဂါများဖြစ်ပွားပါက ကျောက်ကပ်မှ အညစ်အကြေးများကို ကောင်းစွာမစွန့်ထုတ်နိုင်တော့သည့်အတွက် သွေးအတွင်းတွင် ခန္ဓာကိုယ်ဇီဝဖြစ်စဉ်မှ ထွက်လာသော ခရစ်တနင်း ခေါ် ဆီးဆိပ်ဓာတ်များသည် ပုံမှန်ရှိသင့်သည့် ပမာဏထက် ပိုမိုများပြားလာပါသည်။ ကျောက်ကပ်ပျက်စီးမှု အချိန်ကြာလာသည်နှင့်အမျှ ခရစ်တနင်း ခေါ် ဆီးဆိပ်ဓာတ်များသည်လည်း မြင့်တက်လာမည် ဖြစ်သည်။
ရောဂါဝေဒနာ ပြင်းထန်လာပြီး ခံနိုင်ရည်မရှိတော့သည့်အချိန်တွင် ကျောက်ကပ်ဆေးသည့်စက်နှင့် ဆေးမှသာ အသက်ရှင်သန်နိုင်မည် ဖြစ်သည်။ ထိုသို့ကျောက်ကပ်ဆေးခြင်းသည် ငွေကုန်ကြေးကျများသည့်အပြင် ကျောက်ကပ်ဆေးသည့်စက်မှာလည်း ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးတချို့တွင်သာ ရှိသောကြောင့် နယ်မြို့များတွင်နေထိုင်သော ဝေဒနာရှင်များအတွက် များစွာအခက်အခဲရှိလှပါသည်။ ထိုမှတစ်ဖန် ကျောက်ကပ်ဆေးခြင်းအဆင့်တွင် အဆင်မပြေလျှင် ကျောက်ကပ်အစားထိုးကုသမှု (Kidney transplant) ကို ခံယူမှသာ အသက်ရှင်နိုင်မည်ဖြစ်သည်။
သို့ဖြစ်ပါ၍ နိုင်ငံတကာမှ ပညာရှင်များကလည်း ကျောက်ကပ်ရောဂါကို ပြန်လည်ကောင်းမွန်သည်အထိ ကုသနိုင်မည့် ဆေးဝါးများကို အပူတပြင်း ရှာဖွေလျက်ရှိပါသည်။ အနောက်တိုင်းဆေးပညာတွင် နာတာရှည် ကျောက်ကပ်ရောဂါကို ထိရောက်စွာကုသနိုင်သော ဆေးဝါးများ ယနေ့အထိ မပေါ်ပေါက်သေးပေ။
သို့သော် တရုတ်နိုင်ငံ၌ လူနာများတွင် ရိုးရာတိုင်းရင်းဆေးများဖြင့် ကုသပြီး သက်သာပျောက်ကင်းသွားသည့် သာဓကများ တွေ့ရှိရသောကြောင့် ယင်းတရုတ်တိုင်းရင်းဆေးပညာရှင်များ သုံးစွဲသောဆေးပင်များကို လေ့လာရာတွင် သုံးစွဲသည့်ဆေးပင်များအနက် အစွမ်းထက်ဆုံး ဆေးပင်မှာ အက်စ်ထရာဂယ်လက်စ် (Astragalus) အမည်ရှိသော ကျောက်ကပ်ဆေးပင်ဖြစ်နေကြောင်း လေ့လာတွေ့ရှိခဲ့ရပါသည်။
ထို့ကြောင့် ဆေးသိပ္ပံပညာရှင်များသည် ကျောက်ကပ်ဆေးပင်၏ အစွမ်းအာနိသင်များကို သိပ္ပံနည်းကျ စမ်းသပ်မှုများ၊ သုတေသနစာတမ်းများ ပြုလုပ်လာကြပါသည်။ တွေ့ရှိချက်များမှာလည်း လွန်စွာစိတ်ဝင်စားဖွယ် ကောင်းလှပါသည်။
ဒေါက်တာခင်မောင်လွင် (FAME)
ကိုးကားချက် - “ကျောက်ကပ်ဆေးပင်” စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။