08/07/2025
ဝါဆိုလပြည့်နေ့အကြောင်း သိကောင်းစရာလေး မျှဝေလိုက်ပါတယ်။
🙏ဝါဆိုလပြည့်နေ့အကြောင်း သိကောင်းစရာများ
ဝါဆိုလပြည့်ဆိုတာ မြန်မာတွေအတွက် အရေးပါလှတဲ့ နေ့လေးတစ်နေ့ပါ။ ဂေါတမမြတ်စွာဘုရား တရားဦးဟောကြားခဲ့သော ဓမ္မစင်္ကြာတရားကြောင့် ဗုဒ္ဓအလင်းရောင်တွေ ထိန်လင်းခဲ့ပါသည်။ ဓမ္မစင်္ကြာ အခါတော်နေ့ဟာ သစ္စာလေးပါးနဲ့ အမှန်တရားကို ဟောပြ ခဲ့တဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါသည်။
ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်ကြသူများအဖို့ ဝါဆိုလပြည့်နေ့သည် အယူဝါဒရေးဆိုင်ရာ နေ့ထူးနေ့မြတ်ဖြစ်ပေသည်။ ထို့ကြောင့် ဝါဆိုလပြည့်ကို ဓမ္မစကြာအခါတော်နေ့ဟူ၍ နိုင်ငံအစိုးရတို့က သတ်မှတ်ထားသည်။
🙏ဝါဆိုလပြည့်နေ့ကား သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ ဆိုသည့်အတိုင်း ဂေါတမမြတ်စွာဘုရားရှင် ...
ပဋိသန္ဓေ နေတော်မူခြင်း။ (တုသိတာနတ်ပြည်မှ သက်ဆင်း၍ လူ့ပြည်၌ ပဋိသန္ဓေတည်သောနေ့)
တောထွက်တော်မူခြင်း။ (သူအို၊ သူနာ၊ သူသေ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို နတ်များဖန်ဆင်းပြရာတွင် သံဝေဂရ၍ တောထွက်တော်မူသောနေ့)
တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း။ (ဘုရားအဖြစ်သို့ ရောက်တော်မှုပြီး နောက် ရှေးဦးစွာဖြစ်သော ဓမ္မစကြာဒေသနာတော်ကို ပဉ္စဝဂ္ဂီငါးဦးတို့အား ဝါဆိုလပြည့်နေ့တွင် မိဂဒါဝုန်တော၌ ဟောကြားတော်မူသည်။ )
ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်း
ဟူသော ထူးခြားသည့် ဘာသာရေးမှတ်တိုင်ကြီးများကို စိုက်ထူခဲ့သောနေ့ ဖြစ်သည်။
ထို့ပြင် ဝါဆိုလပြည့်နေ့သည် ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့လဲဖြစ်သည်။
တရားရတနာ စတင်ပေါ်ပေါက်ရာနေ့လဲ ဖြစ်သည်။ သံဃာရတနာ စတင်ပေါ်ထွန်းသောနေ့လဲ ဖြစ်သည်။
ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့် ကြုံသောနေ့လဲ ဖြစ်သည်။
ဧဟိဘိက္ခူ ဟူသော စကားကို စတင်ကြားရသော နေ့လဲ ဖြစ်သည်။
သာဝတ္ထိပြည် သရက်ဖြူ ပင်ရင်း၌ တိတ္တိသင်းကိုနှိမ်နင်း၍ တန်ခိုးပြာဋိဟာ ပြသောနေ့တို့ ဖြစ်သော ကြောင့်တည်း။
ထိုမျှသာမက သံဃာတော်များသည် ဝါဆိုလပြည့်ကျော် ၁-ရက်မှစ၍ ဝါတွင်းသုံးလ ကာလပတ်လုံး ဝါဆိုဝါကပ်သော အခါထူး အခါမြတ်လည်း ဖြစ်သည်။ ဘုရားရှင်သာသနာတော်ရှိ ရဟန်းတို့သည် ဤဝါဆိုလပြည့်နေ့တွင် ဝါတွင်းသုံးလပတ်လုံး မိမိတို့၏ ကျောင်းအာရမ်အတွင်းမှ အရပ် တစ်ပါးသို့ ရွှေ့ပြောင်းသွားလာခြင်း မပြုပါဟူသော ပဋိညာဉ်ဖြင့် ဝါဆို ဝါကပ်မှုများကိုပြုကြသည်။
ဝါတွင်းသုံးလတွင် အခြားကာလများထက်ပို၍ အလှူဒါနများ ပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဘာဝနာများ ကျင့်ကြံအားထုတ်ခြင်းလည်း ပြုကြသည်။
ထိုကဲ့သို့ ရဟန်းသံဃာတော်တို့သည် ဝါတွင်းသုံးလပတ်လုံး ငြိမ်သက်စွာ တရားအားထုတ်လျက်ရှိစဉ် လူတို့သည်လည်း ထိုဝါတွင်းသုံးလတွင် ရဟန်းတို့၏ သိက္ခာပုဒ်တော်များကို ကြည်ညိုခြင်းဖြစ်လျက် ရှစ်ရက် လပြည့်လကွယ်နေ့များတွင် သီတင်းသီလဆောက်တည်၍ သူတော်ကောင်း တရား ပွားများအားထုတ်ကြခြင်း၊ ကုသိုလ်ဒါနမှုများကို ပြုကြခြင်းဖြင့် ဝါကပ်သော ရဟန်းတို့အား ချမ်းမြေ့စေရန် ထောက်ပံ့ကြ၏။
ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် စားနပ်ရိက္ခာအတွက် လယ်ယာလုပ်ငန်းကို ကြိုးစားလုပ်ကိုင်ရင်း တဖက်ကလည်း ဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားများသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းများ ပြုကြသည်။
ဤသို့ ရဟန်းရှင်လူတို့ သုံးလပတ်လုံး ဒါန၊ သီလ၊ ဘာဝနာ အစရှိသော သူတော်ကောင်းတရားများကို ငြိမ်သက်စွာအားထုတ်ရန် အစပြုသော ဝါဆိုလပြည့်နေ့များတွင် လူတို့သည် ဝါကပ်ခြင်းအမှုကို ပြုကြကုန်သော ရဟန်း သံဃာတို့အား ပန်း၊ ဆီမီးတို့ဖြင့် ပူဇော်ကြကုန်သည်။ ဝါဆို ဝါကပ်ကို အစွဲပြု၍ ဝါဆိုပန်း၊ ဝါဆိုဖယောင်းတိုင် စသည့်ဝေါဟာရများ ပေါ်ပေါက်လာသည်။
မြန်မာမင်းများ လက်ထက်တော်တွင် တစ်လလျှင် ပွဲတော်တစ်မျိုးကျ ကျင်းပလေ့ရှိရာ ဤဝါဆိုလအခါတွင် ပဉ္စင်းတော်ခံပွဲများ ကျင်းပမြဲဖြစ် ၏။
ပဉ္စင်းတော်ခံပွဲမှာ ရဟန်းအဖြစ်သို့ ဝင်ခွင့်ရှိ၍ ဝင်လိုသူ ရှင်လူရဟန်း လောင်းတို့အား ရဟန်းဘောင်သို့အခမ်းအနားနှင့် သွတ်သွင်းချီးမြှင့်ခြင်းပင် ဖြစ်လေရာ ဘုရင်မင်းများကိုယ်တော်တိုင် အလေးအမြတ်ပြုလျက် ကျင်းပသောပွဲတော်ဖြစ်လေသည်။
ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့၌ ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်။
ဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ဝါဆိုလပြည့်နေ့ နေဝင်လထွက်အချိန်၌ ပဉ္စဝဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို ဝန်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည်။
ဓမ္မစကြာတရားတော်သည် ဝိနည်းမဟာဝါပါဠိတော်၌ ပဉ္စဝဂ္ဂိယကထာ-အမည်ဖြင့် လာရှိပါသည်။
ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌ ဓမ္မစက္ကပဝတ္တန ဝါရ-အမည်ဖြင့် လာရှိပါသည်။
မဟာဝဂ္ဂသံယုတ် ပါဠိတော်၌ ဓမ္မစက္ကပဝတ္တန သုတ္တ-အမည်ဖြင့် လာရှိပါသည်။
ဓမ္မစက္ကပဝတ္တန၏ အဓိပ္ပါယ်မှာ တရားတည်းဟူသော အသိစက်ကို ဖြစ်စေ၊ လည်စေတော်မူခြင်း-ဟု အဓိပ္ပါယ် ရပါသည်။
(ဓမ္မစက္က=တရားတော်။ ပဝတ္တ=ဖြစ်စေ၊ လည်စေခြင်း။)
ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးတရားကို ညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋကသုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်။ ဓမ္မစကြာတရားတော်ကို စိစစ်သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ...
(အစွန်း ၂-ခု) ကို ရှောင်ကြဉ်ရေး၊ မဇ္ဈိမပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို ညွှန်ကြားထားပြီး
သစ္စာလေးပါးတရားကို သိမြင်စေရန် ဟောကြားထားသောကြောင့် ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော သဘောတရားကို တွေ့ မြင်နိုင်ပါသည်။
ဤကဲ့သို့ အနှစ်သာရပါရှိသော တရားဖြစ်၍ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူတို့က ဓမ္မစကြာတရားတော်ကို အထူးပင် အာရုံစိုက်၍ ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြပါသည်။ အမြို့ မြို့အရွာရွာ၌ ဓမ္မစကြာ အသင်းများ ဖွဲ့စည်းပြီး ပြန့်ပွားအောင် ဆောင်ရွက်လျက်ရှိကြပါသည်။
🙏ဝါဆိုလပြည့်နေ့ရာဇဝင်
ဟိုးရှေးရှေးတုန်းက မြတ်စွာဘုရားလက်ထက်မှာ ရဟန်းသံဃာ အများစုသည် မိုးတွင်းကာလမှာ
စိုက်ပျိုးထားသည့် စပါးခင်းများထဲကို ဖြတ်သန်းလေ့ရှိတာကြောင့် စပါးခင်းတွေ ပျက်ဆီးခဲ့ရပါသည်။ အဲဒီအကြောင်းကို ရွာသူရွာသားများက မြတ်စွာဘုရားကို တိုင်ကြားကြပါသည်။
မြတ်စွာဘုရားသည် စပါးပင် စိုက်တဲ့အချိန်ကနေ စ၍ စပါးပင်တွေ မှည့်တဲ့ အချိန်ထိတိုင်အောင်.. ရဟန်းသံဃာများကို မိမိသီတင်းသုံးနေသော ကျောင်းမှ ဘယ်နေရာကိုမှ ညအိပ်ညနေသွားခွင့်မရှိပဲနဲ့မိမိကျောင်းမှာပဲ သီတင်းသုံးကာ တရားအားထုတ်ဖို့ အချိန်သုံးလ သတ်မှတ်ခဲ့ပါသည်။ ထိုကာလကို ဝါတွင်းသုံးလလို့ ခေါ်ပါသည်။
အဲဒါကြောင့်မို့ဒီဝါတွင်း သုံးလအတွင်းမှာ ရဟန်း
သံဃာများဟာ ဘယ်မှဝေးဝေးလံလံ မသွားဘဲနဲ့ ကိုယ့်ကျောင်းမှာပဲ တရားဒေသနာများကို သင်ချအားထုတ် လေ့လာ ဆည်းပူးနိုင်ပါသည် လို့ စည်ကမ်းသတ်မှတ်ခဲ့ပါသည်။
🙏ဝါဆိုသင်္ကန်း
ဝါဆိုသင်္ကန်း- ဆိုတာ ဝါတွင်းကာလ(မိုးကာလ)၌ မိမိတို့ကျောင်း အသီးသီးတွင် သီတင်းသုံးနေထိုင်သည့် သံဃာတော်များအား လှူဒါန်းသည့်သင်္ကန်းလို့ ပြောနိုင်မယ်ထင်ပါသည်။ ဘုရားရှင် ဟောကြားတဲ့ ပါဠိတော်များမှာ ဝါဆိုသင်္ကန်းကို ဝဿာဝါသိက သာဋိက-လို့ ဟောထားပါသည်။ ပါဠိအင်္ဂလိပ်အဘိဓာန်မှာတော့ a cloak for use in the rainy season- လို့ဖွင့်ပါသည်။ တိပိဋက ပါဠိအဘိဓာန်က ၀ဿာဝါသိက- မိုးကာလ၌ နေလေ့ရှိသော ရဟန်း သာဋိက-အ၀တ်(သင်္ကန်း) - မိုးကာလ၌ မိမိတို့ကျောင်း
တွင် နေလေ့ရှိသောရဟန်းတို့အား ပေးလှူအပ်သော သင်္ကန်းလို့ ဖွင့်ပါသည်။
ဝါမဆိုမီကာလမှာ ဝါဆိုသင်္ကန်းကို ကပ်လှူလေ့ရှိသည်။ ဝါတွင်းကာလ်မှာ အရင်ကထက်ပိုလို့ စာသင်စာချ(ပရိယတ်) တရားထိုင် တရားပြ(ပဋိပတ်) လုပ်တဲ့သံဃာတော်တွေကို ဝါဆိုသင်္ကန်းဆိုပြီး ကျွန်တော်တို့ ထေရဝါဒဗုဒ္ဓဘာသာဝင်တွေက လှူဒါန်းကြပါသည်။
ကူးယူ စုစောင်း ဒါနပြုခြင်းဖြစ်ပါသည်။
#နေ့ရက်တိုင်းကိုGrandSukhaနဲ့အတူပျော်ရွှင်လွတ်လပ်စွာဖြတ်သန်းပါ