14/04/2026
ဆရာလန်းနှင့် နန်းတွင်းဆေးပညာ(၃)
*******************
နန်းပြင်ပက သမားတော်၏ နှလုံးသား-
နေဝင်ရီတရောအချိန်တွင် ဆရာလန်းနှင့် မောင်ဖုန်းတို့သည် နန်းတော်တံခါးမှ ထွက်ခွာလာကြသည်။ ဆရာလန်း၏ နေအိမ်မှာ နန်းမြို့ရိုးပြင်ပ၊ ဧရာဝတီမြစ်ကမ်းဘေးက သစ်သားအိမ်လေးပင် ဖြစ်သည်။ အိမ်ရှေ့တွင် ဆေးပင်မျိုးစုံ စိုက်ပျိုးထားပြီး လေထဲတွင် ခါးသက်သက်နှင့် မွှေးပျံ့သော ဆေးနံ့များက သင်းပျံ့နေသည်။
"ကဲ... မောင်ဖုန်း၊ ဒီနေ့ နန်းတွင်းမှာ ကုခဲ့တဲ့ မင်းသမီးလေးရဲ့ အခြေအနေကို ပြန်ဆင်ခြင်ကြည့်စမ်း။ ငါတို့ ပေးခဲ့တဲ့ ဆေးက ဘယ်လို အကျိုးပြုမလဲ"
ဆရာလန်းက အိမ်ရှေ့ကွပ်ပျစ်ပေါ်တွင် ထိုင်ရင်း မောင်ဖုန်းကို မေးလိုက်သည်။ မောင်ဖုန်းက ဆေးအိတ်ကို အသာချကာ ဆရာ့အတွက် ရေနွေးကြမ်း ငှဲ့ပေးရင်း ဖြေသည်။
"ဆရာပြောတဲ့အတိုင်း 'အအေးငုပ် အပူကန်' ဆိုတော့ မဟာအဖြေကျော်ဆေးက အအေးကို နှင်ထုတ်မှာပါ။ ဒါပေမဲ့ ဆရာ... မင်းသမီးလေးက နန်းတွင်းမှာ စည်းစိမ်နဲ့ နေတာပဲ။ ဘာလို့ အအေးဓာတ်က အဲဒီလောက်အထိ အမြစ်တွယ်နေရတာလဲဗျ"
ဆရာလန်းက ရေနွေးကြမ်းကို တစ်ငုံသောက်ပြီး ခေါင်းညိတ်ပြသည်။
"ဒါက လူ့စရိုက်ကို ကြည့်ရတာကွ။ မင်းသမီးလေးဟာ နန်းဆောင်ထဲမှာပဲ အမြဲနေရတယ်။ လတ်ဆတ်တဲ့ လေကောင်းလေသန့်နဲ့ နေရောင်ခြည်ကို မရဘူး။ အဲဒီတော့ ခန္ဓာကိုယ်ထဲက 'ပါစကတေဇော' ခေါ်တဲ့ အစာခြေဖျက်တဲ့ အပူဓာတ်က အားနည်းလာတယ်။ အစားလည်း ပုံမှန်မစားဘူးဆိုတော့ အာဟာရက သွေးဖြစ်မလာဘဲ အကျိအချွဲတွေ ဖြစ်ကုန်တာပေါ့။ ဒါကြောင့် သူ အသံထွက်တဲ့အခါ လည်ချောင်းထဲမှာ သလိပ်သံ သဲ့သဲ့ပါနေတာ"
ဆရာလန်းက ခေတ္တရပ်ကာ ခြံထဲက 'မဟာလှေကား' ပန်းပင်ကို ကြည့်လိုက်သည်။
"ဆေးပညာဆိုတာ အပင်တွေကို ကုသတာနဲ့ တူတယ်။ အမြစ်ကို ရေလောင်းမှ အကိုင်းအခက်က လန်းဆန်းမှာ။ မင်းသမီးလေးကို ငါကုတာဟာ သူ့ရဲ့ ရောဂါလက္ခဏာကို ကုတာမဟုတ်ဘူး၊ သူ့ရဲ့ ခန္ဓာကိုယ် ယန္တရားကြီး တစ်ခုလုံးကို ပြန်လည် နိုးကြားလာအောင် ကုတာပါ"
ထိုစဉ် အိမ်ရှေ့သို့ ရပ်ကွက်ထဲမှ ဆင်းရဲသား အဘိုးအိုတစ်ဦး အပြေးအလွှား ရောက်လာသည်။
"ဆရာကြီး... ဆရာကြီး... ကျုပ် မြေးလေး အတက်ရောဂါ ထနေလို့ ကူညီပါဦးဗျာ"
ဆရာလန်းသည် နန်းတွင်းသမားတော် ဖြစ်သော်လည်း နန်းပြင်က လူဆင်းရဲတွေကိုလည်း ခွဲခြားမှုမရှိ ကုသပေးလေ့ရှိသည်။ ဆရာလန်းက မောင်ဖုန်းကို ကြည့်လိုက်သည်။
"ကဲ... မောင်ဖုန်း၊ ဆေးအိတ်ပြန်လွယ်။ မင်းသမီးလေးကို ကုတာက တာဝန်၊ ဒီကလေးကို ကုတာကတော့ သမားအလုပ်နဲ့ ကုသိုလ်ပဲ။ ငါတို့ သမားတော်တွေအတွက် ဘုရင်လည်း လူပဲ၊ ဆင်းရဲသားလည်း လူပဲ။ ခန္ဓာကိုယ်မှာ ရှိတဲ့ ဓာတ်ကြီးလေးပါးကတော့ အတူတူပဲ မဟုတ်လား"
မောင်ဖုန်းသည် မောနေသော်လည်း ဆရာ့၏ စိတ်ရင်းစေတနာကို သိသဖြင့် ပြုံးပြုံးလေးပင် ခေါင်းငြိမ့်ပြရင်း ဆေးအိတ်ကို ပြန်လွယ်လိုက်သည်။
"ဟုတ်ကဲ့ ဆရာကြီး။ ဒါပေမဲ့ ဆရာကြီး... ဒီကလေးကိုလည်း ဖိနပ်ကြည့်ပြီး ကုမှာလားဗျ"
ဆရာလန်းက ရယ်မောလိုက်ပြီး -
"ဒီကလေးက ဖိနပ်မှ မစီးတာကွ။ သူ့ကိုတော့ မြေကြီးပေါ်က ခြေရာကို ကြည့်ပြီး ကုရမှာပေါ့"
ဆရာလန်း၏ ဟာသနှောသော စကားသံက ဆည်းဆာရိပ်အောက်တွင် ပျံ့လွင့်သွားသည်။ ဆရာလန်းသည် နန်းတွင်းက ဟိတ်ဟန်များကြားတွင်ရော၊ နန်းပြင်က ရိုးရှင်းသော ဘဝများကြားတွင်ပါ ဆေးပညာ၏ အနှစ်သာရကို မေတ္တာဖြင့် ပေါင်းစပ်ပေးနေသူ တစ်ဦးပင် ဖြစ်ပါတော့သည်။
ဆရာလန်းသည် ပကာသနတွေထက် သဘာဝဆန်သော နေထိုင်မှုပုံစံကို ပို၍သဘောကျသည်။ ရာထူးနေရာထက် အများအကျိုးအတွက်ဆို ဘယ်နေရာကနေရနေရ တက်ကြွပျော်ရွှင်နေတတ်သူဖြစ်သည်။ ဟန်ဆောင်သူတွေကြားမှာ ပွင့်လင်းစွာနေတတ်၊ပြောဆိုတတ်သည့်အတွက် အခြားသူများနှင့် မတူ၊ မှန်သူကိုရှောင်ကွင်းတတ်သော လူ့ပတ်ဝန်းကျင်တွင် အပြစ်မြင်ခြင်းခံနေရသော်လည်း သူကပြုံးလျှက်သာနေ၏။ နောက်ကွယ်ရာမှာ ကုန်းချောတတ်၊ ဝေဖန်တတ်၊ အပြစ်မြင်တတ်သူများ၏ ကြဉ်ဖယ်ခြင်းရှိနေသော်လည်း သူမှန်ရာသူလုပ်နေတတ်ပြီး နောက်မဆုတ်တတ်သူဖြစ်လေသည်။
******
ဆရာမြင့် (စကြာမင်း)
(ဆရာလန်းနှင့် နန်းတွင်းဆေးပညာမှ ကူးယူဖေါ်ပြသည်)