Dr Wai Yan Phyo

Dr Wai Yan Phyo ကျန်းမာရေး ဆိုင်ရာအကြောင်းအရာများကို အများပြည်သူသိရှိစေရန်

 #ခရုသင်းသမင်ဖြူ ( ) ဝေဒနာဟာ ကုသလို့မရနိုင်တော့ဘူးလို့ အများက ထင်မှတ်ထားကြပေမယ့် တကယ်တော့ မှန်ကန်တဲ့ကုထုံးနဲ့ အချိန်မီကြ...
30/04/2026

#ခရုသင်းသမင်ဖြူ ( ) ဝေဒနာဟာ ကုသလို့မရနိုင်တော့ဘူးလို့ အများက ထင်မှတ်ထားကြပေမယ့် တကယ်တော့ မှန်ကန်တဲ့ကုထုံးနဲ့ အချိန်မီကြိုးစားရင် ပြန်လည်ပျောက်ကင်းနိုင်တဲ့ ရောဂါတစ်ခုဖြစ်ကြောင်း ကျွန်တော့်ဆီလာပြတဲ့ လူနာနှစ်ဦးရဲ့ ဖြစ်စဉ်လေးက သက်သေပြနေပါတယ်။

👉ပထမလူနာကတော့ အသက်ငယ်ရွယ်ပြီး ရောဂါဖြစ်ဖြစ်ခြင်း ၂ လအတွင်းမှာတင် ကျွန်တော့်ဆီ ရောက်လာခဲ့တာပါ။ အဖြူကွက်က ရေးတေးတေးအဆင့်မှာပဲ ရှိသေးတာမို့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ရောင်ခြယ်ဆဲလ်တွေကို ဖျက်ဆီးနေတဲ့ (Autoimmunity) ဖြစ်စဉ်ကို အချိန်မီတားဆီးနိုင်ခဲ့ပြီး ၂ လအတွင်းမှာတင် မူလအသားအရေအတိုင်း ပြန်လည်ကောင်းမွန်သွားခဲ့ပါတယ်။ ဒါဟာ ရောဂါကို စောစောသိ၊ စောစောကုသခြင်းရဲ့ အကျိုးကျေးဇူးပဲ ဖြစ်ပါတယ်။

👉ဒုတိယလူနာကတော့ ဖြစ်တာ နှစ်ချီကြာခဲ့ပြီး တခြားနေရာမှာ ၂ နှစ်ကြာအောင် ကုသမှုခံယူခဲ့ပေမယ့် အရောင်ပြန်မတက်လာတဲ့ အခြေအနေမျိုးပါ။ ဘာကြောင့်လဲဆိုတော့ အဲဒီနေရာမှာရှိတဲ့ ရောင်ခြယ်ဆဲလ်တွေဟာ အမြစ်ပြတ်ဖျက်ဆီးခံလိုက်ရတာကြောင့် သာမန်သောက်ဆေး၊ လိမ်းဆေးနဲ့ အလင်းတန်းကုထုံးတွေ (၆) လလောက် ထပ်ကြိုးစားကြည့်ပေမယ့် ထူးခြားမလာတော့တာပါ။ ဒါနဲ့ ကျွန်တော်က နောက်ဆုံးနည်းလမ်းဖြစ်တဲ့ "ရောင်ခြယ်ဆဲလ် အစားထိုးကုထုံး" ကို ပြုလုပ်ဖို့ အကြံပေးခဲ့ပါတယ်။ အခုဆိုရင်တော့ ၃ လအတွင်းမှာတင် ၉၀ ရာခိုင်နှုန်းကျော် ပြန်လည်ပျောက်ကင်းသွားပြီဖြစ်လို့ ဖိနပ်စီးတိုင်း ခြေထောက်က အဖြူကွက်ကိုကြည့်ပြီး စိတ်မသက်မသာ ဖြစ်ရတဲ့ဘဝကနေ ဝမ်းသာအားရ လွတ်မြောက်သွားနိုင်ခဲ့ပါပြီ။

💢ဒီနေရာမှာ သတိပြုစရာ အချက်ကတော့ လူနာနှစ်ဦးလုံးဟာ ရာဘာဖိနပ်နဲ့ ဓာတ်မတည့်ရာကနေ သမင်ဖြူအစပျိုးခဲ့တာဖြစ်လို့ မိမိတို့ ဝတ်ဆင်တဲ့ အသုံးအဆောင်တွေကြောင့် အရေပြားအရောင်ပြောင်းလာရင် ပေါ့ပေါ့ဆဆ မနေသင့်ပါဘူး။ အချုပ်အားဖြင့် "အနာသိရင် ဆေးရှိပါတယ်"၊ မှန်ကန်တဲ့ နည်းလမ်းနဲ့ ကျွမ်းကျင်တဲ့ ကုသမှုသာ လိုအပ်တာပါဗျာ။

✅ခရုသင်းသမင်ဖြူနဲ့ ပတ်သက်ပြီး သိလိုတာများရှိရင် Comment မှာ ပွင့်ပွင့်လင်းလင်း မေးမြန်းနိုင်ပါတယ်။

မျိုးရိုးမရှိပဲ #သမင်ဖြူ ဖြစ်တာ ဘာကြောင့်လဲသိချင်ရင် 👇
https://www.facebook.com/share/v/1P2MujtCas/

လေးစားစွာဖြင့် -

#ဒေါက်တာဝေယံဖြိုး

 #ဆီးချိုရောဂါနဲ့ အရေပြားကျန်းမာရေး- သင်သတိမထားမိသေးတဲ့အချက်များဆီးချိုရောဂါ (Diabetes Mellitus) ဆိုတာ သွေးထဲမှာ သကြားဓာ...
28/04/2026

#ဆီးချိုရောဂါနဲ့ အရေပြားကျန်းမာရေး- သင်သတိမထားမိသေးတဲ့အချက်များ

ဆီးချိုရောဂါ (Diabetes Mellitus) ဆိုတာ သွေးထဲမှာ သကြားဓာတ်များရုံတင် မဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ အပြင်ဘက်ဆုံး အလွှာဖြစ်တဲ့ ကျွန်တော်တို့ အရေပြားအထိပါ ဒုက္ခပေးနိုင်တယ်ဆိုတာ သင်သိပါသလား? တကယ်တော့ ဆီးချိုဝေဒနာရှင် ၃ ယောက်မှာ ၁ ယောက်ဟာ အရေပြားပြဿနာ တစ်မျိုးမျိုးကို ခံစားနေရတာပါ။ တစ်ခါတစ်ရံမှာ အရေပြားပေါ်က ထူးခြားတဲ့ လက္ခဏာလေးတွေဟာ သင့်ဆီးချို အခြေအနေကို ကြိုတင်သတိပေးနေတဲ့ "အချက်ပြခေါင်းလောင်း" လေးတွေလည်း ဖြစ်နေတတ်ပါတယ်။

ဒါဆိုရင် ဆီးချိုလူနာတွေမှာ အတွေ့ရအများဆုံး အရေပြားပြဿနာတွေက ဘာတွေဖြစ်မလဲ?

ဆီးချိုလူနာတွေမှာ အတွေ့ရအများဆုံး အရေပြားအခြေအနေ (၆) မျိုး

👉၁။ Diabetic Dermopathy (ခြေသလုံးအကွက်များ): ခြေသလုံးမှာ အညိုရောင် အဝိုင်းကွက်လေးတွေ ပေါ်လာတာပါ။ဒီအကွက်တွေက သွေးကြောငယ်လေးတွေ ပျက်စီးလို့ ဖြစ်တာပါ။ လူနာတော်တော်များများက ပိုးကောင်ကိုက်က်တာ ဒါမှမဟုတ် အနာဟောင်းလို့ ထင်တတ်ကြပေမယ့် ဒါဟာ ဆီးချိုရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ တကယ်တော့ ဒီအကွက်တွေအတွက် သီးသန့်ဆေးလိမ်းစရာ မလိုပါဘူး။ သူ့အလိုလို ဘာမှမဖြစ်စေတဲ့အတွက် စိုးရိမ်စရာ မရှိပါဘူး။အဓိကကတော့ ဆီးချိုကို သေချာထိန်းဖို့ ပါပဲ။ ဆီးချိုထိန်းမှ အကွက်အသစ်တွေ ထပ်မတိုးမှာပါ။ ခြေသလုံး အရေပြား ခြောက်မသွားအောင် Moisturizer တစ်မျိုးမျိုး လိမ်းပေးထားရင် ရပါပြီ။

👉၂။ Acanthosis Nigricans (အရေပြားထူပြီး မည်းလာခြင်း): လည်ပင်း၊ ချိုင်းကြားနဲ့ ပေါင်ခြံတွေမှာ အရေပြားက ကတ္တီပါသားလို ထူပြီး မည်းလာတာပါ။ ဒါဟာ သင့်ခန္ဓာကိုယ်မှာ အင်ဆူလင် (Insulin) ဓာတ်တွေ အရမ်းများနေပြီဆိုတာကို ပြနေတာပါ။ဒါက ခန္ဓာကိုယ်မှာ အင်ဆူလင် ခုခံမှု ဖြစ်နေပြီဆိုတဲ့ လက္ခဏာပါ။ ကိုယ်အလေးချိန် လျှော့တာနဲ့ အင်ဆူလင်ဓာတ်ကို ပြန်တုံ့ပြန်မှုကောင်းစေတဲ့ ဆေးတွေသောက်တာက အထိရောက်ဆုံးပါ။ အသားအရေ ပြန်ချောမွေ့အောင် Retinoids ပါတဲ့ဆေးတွေ ဒါမှမဟုတ် အရေပြားအထူကို ပါးစေတဲ့ Salicylic acid, Urea ပါတဲ့ ခရင်မ်တွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ လိမ်းနိုင်ပါတယ်။ဆီးချိုမရှိသော်လည်း အဝလွန်တဲ့သူတွေ အချိုဓါတ်အစားများတဲ့သူတွေမှာလည်းတွေ့ရတတ်ပါတယ်။

👉၃။ Skin Tags (အရေပြားအသားသီးများ/အသားပိုအဖုများ): လည်ပင်းနဲ့ မျက်ခွံတွေမှာ အသားပိုအဖုတွေ ထွက်လာတာပါ။ ဒါဟာလည်း အင်ဆူလင် ခုခံမှု (Insulin Resistance) နဲ့ တိုက်ရိုက်ဆက်စပ်နေတတ်ပါတယ်။ဒီအသားပိုအဖုတွေက ကျန်းမာရေးအတွက် အန္တရာယ်မရှိပေမယ့် အမြင်မလှလို့ ဖယ်ချင်တတ်ကြပါတယ်။ဆေးခန်းမှာ (Cryotherapy)အေးခဲပြီးဖယ်တာ ၊ လေဆာနဲ့ဖယ်တာ ဒါမှမဟုတ် လျှပ်စစ်နဲ့ (Cautery) တို့ဖယ်တာမျိုးတွေ လုပ်လို့ရပါတယ်။ အစားအသောက်နဲ့ လေ့ကျင့်ခန်းလုပ်ပြီး အင်ဆူလင် ခုခံမှုကို လျှော့ချရင် အသစ်တွေ ထပ်မထွက်အောင် ကာကွယ်နိုင်ပါတယ်။

👉၄။ Xanthelasma (မျက်ခွံပေါ်က အဝါရောင်အဆီဖတ်များ)
မျက်ခွံတစ်ဝိုက်မှာ အဝါရောင် အဖုလေးတွေ မြင်နေရပြီဆိုရင် သင့်သွေးတွင်းအဆီဓာတ်က ပုံမှန်ထက် များနေနိုင်ပါတယ်။သွေးထဲမှာ အဆီဓာတ် (Cholesterol) အရမ်းများနေတာကို ပြနေတာပါ။ရောဂါဗေဒ (Pathology) အမြင်နဲ့ ပြောရရင် Xanthelasma ဆိုတာ တကယ်တော့ အဆီတွေကို ဝါးမြိုထားတဲ့ "အဆီစား သွေးဖြူဥ" လေးတွေ မျက်ခွံအရေပြားအောက်မှာ စုနေတာပဲ ဖြစ်ပါတယ်။ ဒီဆဲလ်လေးတွေဟာ သူ့ချည်းသက်သက်ဆိုရင်တော့ အန္တရာယ်မရှိ (Benign) ပေမဲ့၊ သူတို့ ရှိနေခြင်းက သင့်ခန္ဓာကိုယ်ရဲ့ သွေးတွင်းအဆီဓာတ် စီမံခန့်ခွဲမှုမှာ ပြဿနာတစ်ခုခု ရှိနေနိုင်တယ်ဆိုတာကို ပြသနေတဲ့ လက္ခဏာရပ်တစ်ခုပဲ ဖြစ်ပါတယ်။အဓိကကတော့ သွေးတွင်းအဆီချဆေး သောက်ရပါမယ်။ ဒါပေမယ့် အဆီကျသွားရုံနဲ့ အဖတ်တွေက အလိုလို ပျောက်မသွားတတ်ပါဘူး။လိုအပ်ရင်တော့ လေဆာနဲ့ ဖယ်တာ ဒါမှမဟုတ် ခွဲစိတ်ဖယ်ရှားတာမျိုး လုပ်ရတတ်ပါတယ်။

👉၅။ Diabetic Stiff Skin (အရေပြားတင်းတောင့်ခြင်း)
လက်ဖမိုးနဲ့ လက်ချောင်းလေးတွေက အရေပြားတွေ ထူလာ၊ တင်းလာပြီး လက်ချောင်းလေးတွေကို လှုပ်ရှားရတာ ခက်လာတာမျိုးပါ။အရေပြားထဲမှာရှိတဲ့ ကော်လာဂျင် (Collagen) အမျှင်လေးတွေကို လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရတဲ့ "စပရိန်" အဆုတ်လိုက်လေးတွေလို မြင်ကြည့်ပေးပါ။ ဆီးချိုကို သေချာမထိန်းနိုင်တဲ့အခါ ပိုလျှံနေတဲ့ သကြားဓာတ်တွေက အဲဒီစပရိန်လေးတွေကို တစ်ခုနဲ့တစ်ခု ငြိသွားစေတဲ့ "သံချေး" တွေလို ပြုမူကြပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ အရေပြားဟာ အရင်လို လွတ်လပ်စွာ မဆန့်နိုင်၊ မလှုပ်ရှားနိုင်တော့ဘဲ လက်ဖမိုးနဲ့ လက်ချောင်းလေးတွေမှာ သိသိသာသာ တင်းတောင့်လာရခြင်း ဖြစ်ပါတယ်။ဆီးချိုကို တိတိကျကျ ထိန်းဖို့က နံပါတ် (၁) ပါပဲ။ ဒါမှ အရေပြား ပိုထူလာတာကို တားနိုင်မှာပါ။ လက်ချောင်းလေးတွေ မတောင့်သွားအောင် လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးရပါမယ်။Urea ဒါမှမဟုတ် Lactic Acid ပါတဲ့ Moisturizer တွေ လိမ်းပေးရင် အရေပြားကို နည်းနည်း ပြန်ပျော့ပျောင်းစေပါတယ်။

👉၆။ Candida Intertrigo (အရေပြားတွန့်ခေါက်ရာများတွင် မှိုစွဲခြင်း)
ရင်သားအောက် ဒါမှမဟုတ် ဝမ်းဗိုက်အရေပြားတွန့်တဲ့ နေရာတွေမှာ နီရဲပြီး ယားယံလာတာပါ။ သကြားဓာတ်များတဲ့ အရေပြားဟာ မှိုတွေအတွက်တော့ "နိဗ္ဗာန်ဘုံ" ပါပဲ။ ဆီးချိုရောဂါမှာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် "စစ်သည်တော်" (သွေးဖြူဥ) တွေဟာ ထိုင်းမှိုင်းပြီး အမြင်အာရုံတွေ ဝေဝါးနေကြပါတယ်။ သွေးကြောတွေကလည်း ပစ္စည်းပို့လို့မရအောင် "ပိတ်ဆို့နေတဲ့ ပိုက်လိုင်း" တွေလို ဖြစ်နေပြီး ပိုလျှံနေတဲ့ သကြားဓာတ်တွေကတော့ ကျူးကျော်ဝင်ရောက်လာတဲ့ ဘက်တီးရီးယားတွေအတွက် အားရပါးရ စားသောက်လို့ရတဲ့ "ဘူဖေးစားပွဲကြီး" လို ဖြစ်နေပါတယ်။ ဒီအချက်တွေ အားလုံးပေါင်းစပ်လိုက်တဲ့အခါ သာမန်ခြစ်ရာ အသေးလေးတစ်ခုဟာတောင် ခြေလက်တွေ ဆုံးရှုံးရနိုင်လောက်တဲ့အထိ စိုးရိမ်ရတဲ့ ပိုးဝင်မှုမျိုး ဖြစ်သွားရခြင်းဖြစ်ပါတယ်။အရေပြားတွန့်ခေါက်ရာများတွင် နီရဲယားယံတတ်သည့် မှိုစွဲခြင်း (Candida) အတွက် မှိုသတ်ဆေးခရင်မ်များ လိမ်းရမည်ဖြစ်ပြီး အရေပြားကို အမြဲခြောက်သွေ့အောင် ထားရှိရပါမည်။

📌ဒါတွေက စိုးရိမ်ရတဲ့ ပြဿနာတွေလား?
အသားပိုအဖုလေးတွေကတော့ အလှအပအတွက်ပဲ ပြဿနာရှိပေမယ့်၊ အနာလေးတွေနဲ့ မှိုပိုးဝင်တာတွေကို ပေါ့ပေါ့ဆဆထားရင်တော့ အန္တရာယ်ကြီးပါတယ်။ ဆီးချိုသမားတစ်ယောက်အတွက် ခြေထောက်က အနာသေးသေးလေးဟာ ဂရုမစိုက်ရင် ခြေထောက်ဖြတ်ရတဲ့အထိ ပြင်းထန်သွားနိုင်ပါတယ်။ ဒါကြောင့် အရေပြားက ပြောင်းလဲမှုတိုင်းကို ဂရုတစိုက် ကြည့်ဖို့ လိုပါတယ်။

ဒီတော့ ဒီပြဿနာတွေကို ဘယ်လို ကြိုတင်ကာကွယ်ကြမလဲ?

✅ကာကွယ်ဖို့အတွက် ရိုးရှင်းတဲ့ နည်းလမ်း (၅) ချက်

၁။ သွေးချိုကို အမြဲစစ်ပါ: ဒါကတော့ အဓိကသော့ချက်ပါပဲ။

၂။ အရေပြားကို အမြဲအစိုဓာတ်ထိန်းပါ: Lotion ဒါမှမဟုတ် Moisturizer လိမ်းပေးပါ။ ဒါပေမဲ့ ခြေချောင်းကြားတွေကိုတော့ ခြောက်သွေ့အောင် ထားရပါမယ်။

၃။ ရေပူနဲ့ ရေမချိုးပါနဲ့:ရေပူဟာ အရေပြားကို ပိုခြောက်သွေ့စေပြီး ထိခိုက်လွယ်စေပါတယ်။

၄။ အသားသီးတွေကို ကိုယ့်ဘာသာ မဖြတ်ပါနဲ့: ပိုးဝင်နိုင်ခြေ အရမ်းများပါတယ်။

၅။ ခြေဖဝါးကို နေ့တိုင်းကြည့်ပါ: မှန်လေးတစ်ချပ်သုံးပြီး ခြေဖဝါးမှာ အနာရှိ၊ မရှိ နေ့စဉ် စစ်ဆေးပါ။

✅ဒါဆိုရင် ဘယ်လိုအချိန်မှာ ဆရာဝန်ဆီ ပြေးဖို့ လိုပြီလဲ?

ဆရာဝန်ဆီ ဘယ်အချိန်မှာ သွားသင့်သလဲ?
အကယ်၍ သင့်အရေပြားမှာ နီရဲတာ၊ ပြည်တည်တာ၊ အရမ်းနာလာတာ ဒါမှမဟုတ် မပျောက်နိုင်တဲ့ အနာတွေ ရှိနေပြီဆိုရင်တော့ အချိန်မဆွဲပါနဲ့။ အထူးသဖြင့် ခြေထောက်မှာ အနာတွေ့ရင် အရေပြားဆရာဝန် ဒါမှမဟုတ် ဆီးချိုအထူးကုနဲ့ ချက်ချင်းပြသဖို့ လိုပါတယ်။

🟢ခြုံငုံပြောရလျှင် ဤအရေပြားပြဿနာအားလုံး သက်သာပျောက်ကင်းရန်အတွက် သွေးတွင်းသကြားဓာတ် (HbA1c) ကို မှန်ကန်စွာ ထိန်းချုပ်ထားနိုင်ရန်မှာ အရေးကြီးဆုံးဖြစ်ပါတယ်။

သိလိုတာများရှိရင် Comment မှာ မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

လေးစားစွာဖြင့် -

#ဒေါက်တာဝေယံဖြိုး

ကျန်းမာရေးသတင်းများအချိန်နှင့်တပြေးညီသိရှိဖို့ ဒီကို Join ထားပေးပါခင်ဗျာ
👉https://www.messenger.com/channel/61553651425538

24/04/2026

#အလားတူဆေး ဆိုတာ ဘာကိုခေါ်တာလဲ??📌

👉ပါဝင်တဲ့ဆေး Chemical တူသော်လည်း တံဆိပ်တခု နဲ့ တခု ဈေးမတူတာဘာကြောင့်လဲ
👉ဈေးကြီးတဲ့ ဆေး နဲ့ ဈေးချိုတဲ့ဆေး က ဘာတွေကွာလို့လဲ
👉အလားတူဆေးကို ဘယ်လိုနေရာတွေမှာမသုံးသင့်ဘူးလဲ?

ကျန်းမာရေးသတင်းများအချိန်နှင့်တပြေးညီသိရှိဖို့ ဒီကို Join ထားပေးပါခင်ဗျာ
👉https://www.messenger.com/channel/61553651425538

လေးစားစွာဖြင့် -

#ဒေါက်တာဝေယံဖြိုး

Kembangan-Thuwunna Clinic
ကမ်ဘန်ဂန်-သုဝဏ္ဏဆေးခန်း
လိပ်စာ: တိုက် (၄)၊ အခန်း (၀၀၁)၊ မြေညီထပ်၊ (၂၄) ရပ်ကွက်၊ သံသုမာလမ်းနှင့် ပဒုမ္မာလမ်းထောင့် (စုပေါင်းမှတ်တိုင်အနီး)၊ သင်္ဃန်းကျွန်းမြို့နယ်။
09752572757,09778527793

KEMBANGAN SPECIALIST CENTRE
ကမ်ဘန်ဂန်အထူးကုဆေးခန်း
အမှတ် (171)၊ရွှေဂုံတိုင်လမ်းသွယ်၊ အနောက်‌ရွှေဂုံတိုင်လမ်းမကြီး၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့l
09772458611‬, 09795899634

Hope Specialist and Diagnostics Centre
အမှတ် ၁၃၈၊ ပါရမီလမ်း၊ ၄ရပ်ကွက်
တောင်ဥက္ကလာပမြို့နယ်၊ရန်ကုန်
09880888293,09880888294

 #နှင်းခူဘာကြောင့်ခဏခဏပြန်ဖြစ်ရသလဲ?   နှင်းခူ ရှိတဲ့သူတစ်ယောက်ရဲ့ အရေပြားဟာ "အကာအကွယ် အားနည်းနေတဲ့ အိမ်တစ်လုံး" နဲ့ တူပါ...
21/04/2026

#နှင်းခူဘာကြောင့်ခဏခဏပြန်ဖြစ်ရသလဲ?

နှင်းခူ ရှိတဲ့သူတစ်ယောက်ရဲ့ အရေပြားဟာ "အကာအကွယ် အားနည်းနေတဲ့ အိမ်တစ်လုံး" နဲ့ တူပါတယ်။အပြင်ပန်းကြည့်ရင် အကောင်းအတိုင်းပဲဆိုပေမယ့် အတွင်းထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ အတူတူကြည့်လိုက်ရအောင်။

၁။ အုတ်တံတိုင်းမှာ အက်ကြောင်းရှိနေခြင်း 🧱
ကျွန်ုပ်တို့အရေပြားရဲ့ အပေါ်ယံလွှာဟာ အိမ်တစ်လုံးကို ကာကွယ်ထားတဲ့ "အပြင်ဘက် အုတ်တံတိုင်း" ပါပဲ။ အဲဒီအုတ်တွေကို ခိုင်မြဲအောင် စုစည်းပေးထားတဲ့ "ဘိလပ်မြေ" ကိုတော့ ဆေးပညာအရ Filaggrin (ဖိလက်ဂရင်) လို့ ခေါ်ပါတယ်။

နှင်းခူဝေဒနာရှင်တွေမှာ ဒီဘိလပ်မြေဓာတ်က မွေးရာပါ နည်းနေတတ်ပါတယ်။ အကျိုးဆက်ကတော့ အုတ်တံတိုင်းမှာ အက်ကြောင်းတွေဖြစ်ပြီး အိမ်ထဲက အဖိုးတန်တဲ့ "ရေဓာတ်" တွေ အပြင်ကို စိမ့်ထွက်သွားသလို၊ အပြင်က "ဖုန်မှုန့်၊ ပိုးမွှားနဲ့ ဓာတ်မတည့်ပစ္စည်း" တွေကလည်း အက်ကြောင်းတွေကြားကနေ အိမ်ထဲကို အလွယ်တကူ ကျူးကျော်ဝင်ရောက်လာကြတာပါပဲ။ ဒါကြောင့်လည်း အသားအရေက ခဏခဏ ခြောက်သွေ့ပြီး ယားယံလာရတာပါ။

ဒါပေမယ့် အပြင်ကရန်သူတွေ ဝင်လာရုံနဲ့တင် မပြီးသေးပါဘူး။ အိမ်ထဲမှာ အသင့်စောင့်နေတဲ့ "အချက်ပေးစနစ်" ကလည်း အရေးကြီးပါသေးတယ်။ 🔔

၂။ အမြဲနိုးကြားနေတဲ့ "မီးအချက်ပေးစနစ်" 🚨
အသားအရေ ကြည့်ကောင်းသွားလို့ ရောဂါပျောက်ပြီလို့ ထင်ရပေမယ့် အရေပြားအောက်မှာ T-cells လို့ခေါ်တဲ့ "အသိဉာဏ်အရှိဆုံး ကင်းထောက်စစ်သားလေးများ" က အမြဲ ကင်းလှည့်နေပါတယ်။ သူတို့က ရန်သူကို သေချာမှတ်မိနေအောင် လေ့ကျင့်ထားကြသူတွေပါ။

နှင်းခူဝေဒနာရှင်တွေရဲ့ အရေပြားအောက်မှာတော့ ဒီစစ်သားလေးတွေဟာ အလွန်အကဲဆတ်တဲ့ "မီးအချက်ပေးစနစ်" လို ဖြစ်နေပါတယ်။ ဒါကြောင့် ချွေးထွက်တာ ဒါမှမဟုတ် စိတ်ဖိစီးတာမျိုး အနည်းငယ်ရှိရုံနဲ့တင် "မီးလောင်နေပြီ" လို့ မှားယွင်းယူဆပြီး ချက်ချင်း အချက်ပေးခေါင်းလောင်းတီးကာ ရောဂါကို ပြန်ကြွလာစေတာပါ။ ဆရာဝန်တွေပေးတဲ့ လိမ်းဆေးတွေဟာ ဒီလိုမျက်စိလည်ပြီး အကဲဆတ်နေတဲ့ စစ်သားလေးတွေကို ငြိမ်ဝပ်သွားအောင် (Calm down ဖြစ်အောင်) လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။

ဒါဆိုရင် ဒီလိုမျိုး ခဏခဏ ပြန်မကြွလာအောင် ဘယ်လိုမျိုး အကောင်းဆုံး ကာကွယ်ကြမလဲ?

နှင်းခူကို အနိုင်ပိုင်းဖို့ဆိုရင် "ကာကွယ်ရေး နည်းလမ်းနှစ်သွယ်" ကို စနစ်တကျ အသုံးပြုရပါမယ် -

✅ အပြင်ဘက် အကာအကွယ် (Emollients): အုတ်တံတိုင်းက အက်ကြောင်းတွေကို Moisturizer/Emollient နဲ့ အမြဲ ဖုံးအုပ်ထားရပါမယ်။ ဒါဟာ အပြင်ကရန်သူတွေကို လမ်းခုလတ်မှာ တားဆီးပေးတဲ့ "အပေါ်ယံ အကာအကွယ်အလွှာသစ်" တစ်ခုကို ဖန်တီးပေးတာပါ။

✅ အတွင်းဘက် အကာအကွယ် (Proactive Treatment): အရေပြားအောက်က အချက်ပေးစနစ် (T-cells) တွေ မလိုအပ်ဘဲ အချက်ပေးခေါင်းလောင်း မတီးအောင် ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေကို ပမာဏအနည်းငယ်နဲ့ အပတ်စဉ် ပုံမှန်လိမ်းပေးဖို့ လိုပါတယ်။ ဒါကို "စနစ်ကို ပုံမှန် ပြန်လည်စစ်ဆေး ထိန်းညှိခြင်း" လို့ မှတ်ယူနိုင်ပါတယ်။

✅ နှင်းခူဆိုတာ "ကုလို့ လုံးဝမရတာ" မဟုတ်ဘဲ "အမြဲ ဂရုစိုက်ပေးရတဲ့ အရေပြားအမျိုးအစား" တစ်ခုဖြစ်ပါတယ်။ အုတ်တံတိုင်းကို အမြဲပြုပြင် (Moisturize လုပ်) နေပြီး၊ အချက်ပေးစနစ်ကို ငြိမ်အောင် ထားနိုင်ရင် ကျန်းမာလှပတဲ့ အရေပြားကို ရေရှည် ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်✨

✅ နှင်းခူရောဂါ ကုသပြီးနောက် အရေပြားကို ပြန်လည်ထိန်းသိမ်းဖို့အတွက် အဓိကအားဖြင့် ပထမ ၄ ပတ် (တစ်လ) ခန့်သည် အရေးကြီးဆုံး ကာလဖြစ်ပါတယ်။ အရေပြားဆဲလ်များ အသစ်တစ်ကျော့ ပြန်လည်ဖြစ်ပေါ်ပြီး အုတ်တံတိုင်း (Skin Barrier) ပြန်လည်ခိုင်မာလာစေရန် အနည်းဆုံး တစ်လခန့် အချိန်ယူရလေ့ရှိသောကြောင့် ထိုကာလအတွင်း အရေပြား ကြည်လင်နေစေကာမူ အစိုဓာတ်ထိန်းခရင်မ် (Emollients) ကို မပြတ်တမ်း လိမ်းပေးရပါမယ်။ ထို့ပြင် ရောဂါပြန်ကြွနှုန်းကို လျှော့ချရန်အတွက် ရောဂါဖြစ်လေ့ရှိသော နေရာများကို တစ်ပတ်လျှင် နှစ်ကြိမ်ခန့် ဆေးပါးပါးလိမ်းပေးသည့် Proactive Therapy ကို ၃ လမှ ၆ လအထိ ဆက်လက်လုပ်ဆောင်နိုင်ပြီး၊ အခြေခံအားဖြင့်တော့ နှင်းခူရှိသူများသည် အရေပြားခြောက်သွေ့မှုမှ ကာကွယ်ရန် အစိုဓာတ်ထိန်းခြင်းကို တစ်သက်တာ နေ့စဉ်အလေ့အကျင့်တစ်ခုအဖြစ် စွဲမြဲစွာ လုပ်ဆောင်သွားရန် လိုအပ်ပါတယ်။

သိလိုတာများရှိရင် Comment မှာ မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

ကျန်းမာရေးသတင်းများအချိန်နှင့်တပြေးညီသိရှိဖို့ ဒီကို Join ထားပေးပါခင်ဗျာ
👉https://www.messenger.com/channel/61553651425538

လေးစားစွာဖြင့် -

#ဒေါက်တာဝေယံဖြိုး

 #သရက်သီးစားရင် တကယ်ပဲ ယားယံစေသလား?🥭“နွေရာသီ သရက်သီးပေါ်ချိန်ဆို သရက်သီး 🥭 အစားမများနဲ့ဦး၊ သွေးပူပြီး အပူကန်လိမ့်မယ်” ဆိ...
18/04/2026

#သရက်သီးစားရင် တကယ်ပဲ ယားယံစေသလား?🥭

“နွေရာသီ သရက်သီးပေါ်ချိန်ဆို သရက်သီး 🥭 အစားမများနဲ့ဦး၊ သွေးပူပြီး အပူကန်လိမ့်မယ်” ဆိုတဲ့ စကားကို ကျွန်တော်တို့ ခဏခဏ ကြားဖူးကြမှာပါ။ အထူးသဖြင့် #နှင်းခူ (Eczema) ဒါမှမဟုတ် #အင်ပြင် (Urticaria) ခဏခဏ ထတတ်တဲ့ လူနာတွေဆိုရင် သရက်သီးစားပြီးတာနဲ့ အသားအရေက ပိုဆိုးလာတတ်တာမျိုးကို ကျွန်တော်တို့ ဆရာဝန်တွေ လက်တွေ့မှာ မကြာခဏ တွေ့ရလေ့ရှိပါတယ်။ ဒီနေရာမှာ ရှေးလူကြီးတွေပြောတဲ့ “ #အပူကန်တယ်” ဆိုတာကို ခေတ်သစ် အရေပြားဆေးပညာအရ ကြည့်မယ်ဆိုရင် သိပ္ပံနည်းကျ အကြောင်းရင်းတွေ အများကြီး ရှိနေပါတယ်။

🥭ပထမဆုံး အကြောင်းရင်းကတော့ သရက်သီးထဲမှာ ပါတဲ့ သကြားဓာတ်ကနေ စတာပါ။ သရက်သီးက သဘာဝအတိုင်း သကြားဓာတ် အတော်လေး များပြားပြီး တစ်ခါတည်းနဲ့ အများကြီး စားလိုက်တဲ့အခါ သွေးထဲက သကြားဓာတ်နဲ့ အင်ဆူလင် (Insulin) ပမာဏက ရုတ်တရက် ထိုးတက်သွားပါတယ်။ ဒီအခါမှာ ခန္ဓာကိုယ်ကနေ IGF-1 လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကို ထုတ်ပေးပြီး အဆိုပါဟော်မုန်းက နှင်းခူရှိတဲ့သူတွေအတွက်တော့ အခြေအနေကို ပိုဆိုးစေတဲ့ “မီးလောင်ရာ လေပင့်” တဲ့အရာ ဖြစ်လာပါတယ်။ သူက ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းမှုတွေကို ပိုဖြစ်စေပြီး အရေပြားဆဲလ်တွေကို လှုံ့ဆော်တဲ့အတွက် အသားအရေကို ပိုပြီး နီမြန်းယားယံလာစေတာ ဖြစ်ပါတယ်။

🥭ဒါပေမဲ့ သကြားဓာတ် တစ်ခုတည်းကပဲ သင့်အရေပြားကို ယားယံစေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ကိုယ်တွင်းစနစ်ကို တိုက်ရိုက်သွားပြီး “ယားယံစေ” တဲ့ ဒုတိယမြောက် ဓာတ်ပြုမှု တစ်ခုလည်း ရှိပါသေးတယ်။

အဲဒါကတော့ ဟစ္စတမင်း (Histamine) ဓာတ် ထွက်လာခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အင်ပြင်ထရင် သောက်လေ့ရှိတဲ့ဆေးကို Anti-histamine (ဟစ္စတမင်း ဆန့်ကျင်ဆေး) လို့ ခေါ်တာ မှတ်မိကြမှာပါ။ သရက်သီးကတော့ အဲဒီ ယားယံစေတဲ့ Histamine ဓာတ်တွေကို ခန္ဓာကိုယ်ထဲမှာ လွတ်ထွက်လာအောင် လှုံ့ဆော်ပေးပါတယ်။ ဒါကို “Pseudo-allergy” လို့ ခေါ်ပြီး တကယ့် ဓာတ်မတည့်တာမျိုး မဟုတ်ပေမဲ့ သရက်သီးက ခန္ဓာကိုယ်ထဲက ဆဲလ်တွေကို သွားဆွလိုက်တဲ့အတွက် ယားယံခြင်းကို ဖြစ်စေတာပါ။ ဒီအခါမှာ လူနာက ပိုကုတ်မိမယ်၊ ကုတ်လေ အရေပြားက ပိုပျက်စီးလေ ဖြစ်ပြီး နှင်းခူအခြေအနေက တဖြည်းဖြည်းနဲ့ ပိုဆိုးလာတတ်ပါတယ်။

🥭ယားယံရုံတင်မကဘဲ တချို့သူတွေမှာ နှုတ်ခမ်းတွေ ထုံလာတာ စပ်ဖျင်းဖျင်း ဖြစ်တာ၊ ရောင်တာမျိုးအထိ ဖြစ်လာတတ်တာကတော့ ခန္ဓာကိုယ်ရဲ့ “အမှတ်မှားခြင်း” ကြောင့် ဖြစ်တာပါ။

သရက်သီးမှာ ပါတဲ့ ပရိုတင်းဓာတ်ဟာ ကျွန်တော်တို့ သုံးနေကျ သဘာဝရာဘာ (Latex) မှာပါတဲ့ ဓာတ်နဲ့ ပုံစံတူနေတတ်ပါတယ်။ တကယ်လို့ သင့်မှာ ရာဘာ(Latex) နဲ့ ဓာတ်မတည့်တဲ့ အခံရှိနေရင် သရက်သီးစားတဲ့အခါ ခန္ဓာကိုယ်က ဒါကို ရာဘာလို့ အမှတ်မှားပြီး ခုခံအားစနစ်ကို သွားနှိုးဆွလိုက်ပါတယ်။ အကျိုးဆက်အနေနဲ့ နှုတ်ခမ်းတွေ စပ်ဖျင်းဖျင်း ဖြစ်လာတာ ဒါမှမဟုတ် အရေပြားပေါ်က အနာတွေ ပိုနီလာတာမျိုး ဖြစ်တတ်ပါတယ်။

📌ဒါဆို အချိုဓာတ်နည်းတဲ့ သရက်သီးအစိမ်း ဆိုရင်ရော စိတ်ချရပြီလား?

✅အဖြေကတော့ သရက်သီးစိမ်း (သို့မဟုတ်) အချဉ် မှာလည်း သူ့နည်းသူ့ဟန်နဲ့ နောက်ထပ် ပြဿနာတစ်မျိုး ရှိနေပြန်ပါတယ်။

သရက်သီးစိမ်းမှာ သကြားဓာတ်နည်းတဲ့အတွက် အင်ဆူလင်ကို အများကြီး မတက်စေပေမဲ့ သူ့ရဲ့ အခွံနဲ့ အညှာနားမှာ ယားယံစေတဲ့ အစေးဓာတ် (Urushiol) က အသီးမှည့်ထက်တောင် ပိုပြီး ပြင်းအားများတတ်ပါတယ်။ ဒါကြောင့် သရက်သီးစိမ်းကို သွားနဲ့ ကိုက်ခွာတာ၊ အခွံနွှာတာတွေ လုပ်တဲ့အခါ နှုတ်ခမ်းဘေး ဒါမှမဟုတ် လက်ချောင်းလေးတွေမှာ အနီကွက်တွေ၊ အဖုလေးတွေ ထွက်လာတတ်တာပါ။ ဒါက အထဲက အသားကြောင့် မဟုတ်ဘဲ အပြင်က "အစေး" ကြောင့် ဖြစ်တဲ့ ထိတွေ့မှုဆိုင်ရာ အရေပြားရောင်ရမ်းခြင်း (Contact Dermatitis) ပဲ ဖြစ်ပါတယ်။

💢သရက်သီးဟာ Poison Ivy လို့ခေါ်တဲ့ အယားပင်တွေနဲ့ မျိုးနွယ်တူဖြစ်ပြီး သရက်သီးအခွံနဲ့ အညှာနားက အစေးတွေမှာ Urushiol ဆိုတဲ့ ဓာတ်တစ်မျိုး ပါဝင်ပါတယ်။ သရက်သီးကို သွားနဲ့ ကိုက်ခွာစားတာ ဒါမှမဟုတ် အခွံကို လက်နဲ့ ကိုင်မိရာကနေ အရေပြားမှာ အနီကွက်တွေ ထွက်လာတတ်ပါတယ်။ နှင်းခူအခံရှိသူတွေမှာဆိုရင် ဒီလို အပြင်ပန်းက ထိတွေ့မှုကြောင့် ဖြစ်တဲ့ ယားယံမှုကနေ တစ်ကိုယ်လုံးမှာ ရှိတဲ့ နှင်းခူနာတွေကိုပါ လိုက်ပြီး ပိုကြွလာစေနိုင်ပါတယ်။

📌ဒါဆို သရက်သီးကို လုံးဝ မစားရတော့ဘူးလား?

✅မဟုတ်ပါဘူး၊ ယားယံမှု သက်သာအောင် စားလို့ရတဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။

✅သရက်သီးကို မကိုင်ခင်နဲ့ မနွှာခင် ရေနဲ့ သေသေချာချာ ဆေးကြောဖို့ လိုပါတယ်။ သရက်သီးအစိမ်းအခွံကို သေချာနွှာဖို့လိုပါတယ်။ အစေးဓါတ်က အခွံနဲ့အနီးဆုံးနေရာမှာရှိနေတဲ့အတွက်ဖြသေချာနွှာဖို့လိုပါတယ်။ ။ ဖြစ်နိုင်ရင် ကိုယ်တိုင်မနွှာဘဲ တခြားတစ်ယောက်ကို နွှာခိုင်းတာ ဒါမှမဟုတ် လက်အိတ်စွပ်ပြီး နွှာတာက အစေးဒဏ်ကနေ ကင်းဝေးစေပါတယ်။ အညှာနားကိုလည်းသေချာဖြတ်တောက် ဆေးကြောသန့်စင်ဖို့လိုပါတယ်။ဖြစ်နိုင်ရင် အညာနားက အသားကိုမစားတာ ပိုကောင်းပါတယ်။

✅နောက်တစ်ချက်ကတော့ ပမာဏကို ဆင်ခြင်ဖို့ပါပဲ။ တစ်ခါစားရင် အသီးတစ်ခြမ်းထက် ပိုမစားတာက သွေးထဲက သကြားဓာတ်ကို ထိန်းညှိနိုင်ပြီး ရောင်ရမ်းမှုကို လျှော့ချနိုင်မှာပါ။ နောက်ဆုံးအနေနဲ့ မှတ်တမ်းလေး ထားကြည့်ပါ။ သရက်သီး စားတိုင်း ယားတာလားဆိုတာ သတိထားကြည့်ပေးခြင်းက သင့်အရေပြားအတွက် အကောင်းဆုံး ကာကွယ်မှု ဖြစ်ပါလိမ့်မယ်။

ဒီတော့ အသီးမှည့်ကြောင့် ယားတာလား၊ အသီးစိမ်းရဲ့ အစေးကြောင့် ယားတာလားဆိုတာ ခွဲခြားသိမြင်ဖို့က သင့်အရေပြား ကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။ သရက်သီးကို အရသာလည်းရှိ၊ အသားအရေလည်း မထိခိုက်အောင် စားသုံးချင်တယ်ဆိုရင်တော့ ပမာဏကို ဆင်ခြင်ဖို့နဲ့ အစေးကို သေချာဆေးကြောဖို့ မမေ့ပါနဲ့။

📣မှာချင်တာက...
ကျွန်တော်တို့ရဲ့ အရေပြားဆိုတာ ခန္ဓာကိုယ်ထဲကို ထည့်လိုက်တဲ့ အရာတွေအပေါ် မူတည်ပြီး ပြန်လည် တုံ့ပြန်တတ်တဲ့ အစိတ်အပိုင်းတစ်ခုပါ။ ရှေးလူကြီးတွေ ပြောတဲ့ “အပူကန်တယ်” ဆိုတာဟာ ဒီကနေ့ ခေတ်သစ် ဆေးပညာအရ ကြည့်ရင် သိပ္ပံနည်းကျ အကြောင်းရင်းတွေ အများကြီး ရှိနေပါတယ်။

နောက်တစ်ခါ သရက်သီးစားတော့မယ်ဆိုရင် “အဆင်ပြေရဲ့လား၊ နည်းနည်းပဲ စားသင့်သလား” ဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ဖို့ လိုပါတယ်။ ကျွန်တော်တို့ရဲ့ အစားအသောက်နဲ့ အရေပြား ကျန်းမာရေး ဆက်စပ်မှုကို ဒီနေ့ကစပြီး သတိထား ကြည့်လိုက်ရအောင်လားခင်ဗျာ။

သရက်သီးစားပြီးတိုင်း အရေပြားမှာ ထူးခြားတဲ့ ပြောင်းလဲမှုတွေ ကြုံဖူးပါသလား?

ကိုယ့်ရဲ့ အတွေ့အကြုံလေးတွေကို အောက်က Comment မှာ ဝေမျှပေးခဲ့ပါဦးခင်ဗျာ။

ကျန်းမာရေးသတင်းများအချိန်နှင့်တပြေးညီသိရှိဖို့ ဒီကို Join ထားပေးပါခင်ဗျာ
👉https://www.messenger.com/channel/61553651425538

လေးစားစွာဖြင့် -

#ဒေါက်တာဝေယံဖြိုး

14/04/2026

"ဘေးကင်းကျန်းမာ၊ စိတ်အေးချမ်းသာစွာနဲ့ ပျော်ရွှင်စရာ မြန်မာနှစ်သစ်ကူး ဖြစ်ပါစေခင်ဗျာ။"🙏🙏🙏

 #သင်္ကြန်ရေကစားတော့မလား? အရေပြားနဲ့ ဆံသား မပျက်စီးအောင် ဒီလိုပြင်ဆင်ရအောင် 💦🌞သင်္ကြန်ဆိုတာ မြန်မာတို့ရဲ့ အပျော်ဆုံးအချိ...
12/04/2026

#သင်္ကြန်ရေကစားတော့မလား?

အရေပြားနဲ့ ဆံသား မပျက်စီးအောင် ဒီလိုပြင်ဆင်ရအောင် 💦🌞

သင်္ကြန်ဆိုတာ မြန်မာတို့ရဲ့ အပျော်ဆုံးအချိန်ဖြစ်သလို တစ်ဖက်မှာလည်း အပူရှိန်အပြင်းဆုံး ကာလဖြစ်ပါတယ်။ ☀️ ရေစိုလိုက်၊ နေပူထဲထွက်လိုက် လုပ်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ အကာအကွယ်အမဲ့ဆုံးဖြစ်တဲ့ "အရေပြား" နဲ့ "ဆံသား" တွေက အဆိုးရွားဆုံး ထိခိုက်ခံရလေ့ရှိပါတယ်။ ဆေးပညာအရရော၊ လက်တွေ့မြန်မာ့ရာသီဥတုနဲ့ပါ ကိုက်ညီမယ့် အရေပြားနဲ့ ဆံသားစောင့်ရှောက်မှု လမ်းညွှန်ချက်တွေကို အသေးစိတ် ရှင်းပြပေးပါ့မယ်။ 👇

(၁) ကြိုတင်ပြင်ဆင်ခြင်း 🛡️

နေပူထဲ ရေထွက်ကစားတော့မယ်ဆိုရင်လည်း သေချာပြင်ဆင်မှ အရေပြားလောင်တာနဲ့ ဆံပင်ပျက်စီးတာကို ကာကွယ်နိုင်မှာပါ။

နေရောင်ခြည်ဒဏ်ကို အကောင်းဆုံး တုံ့ပြန်ခြင်း 🧴

မြန်မာပြည်ရဲ့ ဧပြီလ နေရောင်ခြည်မှာ UV rays (ခရမ်းလွန်ရောင်ခြည်) တွေက အရမ်းပြင်းပါတယ်။

Sunscreen (နေရောင်ကာခရင်မ်): ဒါက မဖြစ်မနေ လိုပါတယ်။ SPF 50+ နဲ့ PA++++ ပါတာကို ရွေးပါ။ ရေကစားမှာဖြစ်လို့ "Water-resistant" (ရေစိုခံ) ဖြစ်ဖို့ အရေးကြီးပါတယ်။ အသုံးပြုမယ့် Sunscreen က Water Resistant ဖြစ်ရဲ့လား ဆိုတာ သေချာစစ်ကြည့်ပါ။

ဘယ်လိုလိမ်းမလဲ: နေပူထဲမထွက်ခင် မိနစ် ၂၀ ကြိုလိမ်းပါ။ မျက်နှာတင်မကဘဲ နားရွက်၊ လည်ပင်းနဲ့ လက်ချောင်းလေးတွေပါ ချန်မထားပါနဲ့။

💡 ဥပမာ: ကျွန်တော်တို့ လူနာအတော်များများက Sunscreen လိမ်းထားပေမယ့် လောင်တယ်လို့ ပြောတတ်ကြပါတယ်။ အကြောင်းရင်းက တစ်ခါပဲလိမ်းပြီး တစ်နေကုန် ကစားလို့ပါ။ ရေစိုနေရင် ၂ နာရီခြား တစ်ခါ ပြန်လိမ်းပေးမှ ထိရောက်ပါတယ်။ လိုအပ်ရင် နာရီဝက်တစ်ခါအထိ ပြန်လိမ်းရနိုင်ပါတယ်။

အရေပြားအတွက် အစိုဓာတ် 💧

ရေထဲမှာပါတဲ့ ပိုးသတ်ဆေး (Chlorine) ဒါမှမဟုတ် မသန့်ရှင်းတဲ့ ရေတွေကြောင့် အရေပြား ခြောက်သွေ့ယားယံတတ်ပါတယ်။ ရေမထွက်ခင် Moisturizing Cream သို့မဟုတ် Body Lotion ခပ်ပျစ်ပျစ်လေး တစ်လွှာ လိမ်းထားပါ။ ဒါဟာ အရေပြားနဲ့ ပြင်ပရေတွေကြားမှာ အတားအဆီး (Barrier) တစ်ခုလို လုပ်ဆောင်ပေးပါတယ်။

ဆံသားအတွက် အကာအကွယ် 💇‍♂️💇‍♀️

ဆံပင်က ရေစိုလိုက် နေပူလိုက်ဖြစ်ရင် ပျက်စီးဖို့ အရမ်းလွယ်ပါတယ်။

Hair Oil/Serum: ဆံပင်ကို ဆီ (ဥပမာ- အုန်းဆီ၊ သံလွင်ဆီ သို့မဟုတ် Serum) တစ်မျိုးမျိုး ခပ်ပါးပါးလေး ကြိုလိမ်းထားပါ။ ဒါဟာ ဆံသားထဲကို မသန့်တဲ့ရေတွေ စိမ့်ဝင်တာကို လျှော့ချပေးပြီး နေလောင်ဒဏ်ကနေ ကာကွယ်ပေးပါတယ်။

ဆံပင်စည်းပါ: ဆံပင်ကို ဖားလျားချထားတာထက် ကျစ်ဆံမြီးကျစ်တာ ဒါမှမဟုတ် သေသေချာချာ စည်းထားတာက ပွတ်တိုက်မှုနဲ့ ရှုပ်ထွေးမှုကို သက်သာစေပါတယ်။

(၂) ရေကစားနေစဉ် သတိပြုရန်အချက်များ 💦

ပျော်နေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မေ့နေတတ်ကြပါတယ်။

ရေဓာတ်ဖြည့်တင်းခြင်း: အပြင်က ရေစိုနေပေမယ့် ခန္ဓာကိုယ်အတွင်းပိုင်းကတော့ ချွေးထွက်ပြီး ရေဓာတ်ခမ်းခြောက် (Dehydration) နေတတ်ပါတယ်။ ရေခဲရေထက် ရိုးရိုးရေသန့်ကို မကြာခဏ သောက်ပေးပါ။ 🥤

ဝတ်စားဆင်ယင်မှု: အသားကပ်အင်္ကျီတွေထက် လေဝင်လေထွက်ကောင်းပြီး အသားချောတဲ့ အင်္ကျီလက်ရှည်တွေကို ရွေးချယ်ပါ။ ဒါဟာ Physical Barrier ပါပဲ။ 👕

မျက်လုံးကို ဂရုစိုက်ပါ: ရေညစ်ပတ်တွေကြောင့် မျက်စိနာတာ ဖြစ်နိုင်လို့ မျက်မှန် (Sunglasses) တပ်ထားတာက ပိုစိတ်ချရပါတယ်။ 😎

(၃) ရေကစားပြီးနောက် ပြုပြင်ထိန်းသိမ်းခြင်း ✨

ဒါက အရေးအကြီးဆုံး အပိုင်းပါ။ ရေကစားပြီး ပြန်လာတဲ့အခါ အရေပြားက အရမ်းနုနယ်နေပါပြီ။

ရေချိုးသန့်စင်ခြင်း 🚿

ချက်ချင်းရေချိုးပါ: ပြန်ရောက်တာနဲ့ အညစ်အကြေးတွေကို စင်ကြယ်အောင် ရေချိုးပါ။

ရေအေးဖြင့်သာ ချိုးပါ: နေလောင်ထားတဲ့ အရေပြားကို ရေနွေးနဲ့ မချိုးပါနဲ့။

နူးညံ့တဲ့ ဆပ်ပြာသုံးပါ: အစိုဓာတ်ပါတဲ့ Gentle Cleanser တွေကို သုံးပေးပါ။

နေလောင်ခြင်းကို ကုသခြင်း 🌿

အကယ်၍ အရေပြားက နီရဲပြီး စပ်ဖျဉ်းဖျဉ်း ဖြစ်နေပြီဆိုရင် -

Aloe Vera Gel (ရှားစောင်းလက်ပတ်): ရေခဲသေတ္တာထဲ ထည့်ထားတဲ့ ဂျယ်လ်ကို လိမ်းပေးတာက အပူစုပ်ယူဖို့ အကောင်းဆုံးပါ။

Ice Pack: အဝတ်စသန့်သန့်ထဲ ရေခဲထည့်ပြီး နီမြန်းနေတဲ့နေရာတွေကို အုပ်ပေးပါ။ 🧊

သတိပြုရန်: နေလောင်ထားတဲ့နေရာကို အတင်းပွတ်တာ လုံးဝမလုပ်ပါနဲ့။ အရေပြားကွာလာရင်လည်း လက်နဲ့ မခွာပါနဲ့။

ဆံသားပြန်လည်ပြုပြင်ခြင်း 🧴

Conditioning: ခေါင်းလျှော်ပြီးရင် Conditioner သို့မဟုတ် Hair Mask ကို ၅ မိနစ်ခန့် ထားပြီးမှ ဆေးချပါ။

ခြောက်အောင်သုတ်ပါ: ဆံပင်ကို အပူချောင်း (Dryer) နဲ့ အတင်းမှုတ်တာမျိုး မလုပ်ပါနဲ့။ဖြစ်နိုင်ရင် Dryer ရဲ့အပူချိန်ကိုလျော့ပြီးအသုံးပြုပါ။

(၄) ကလေးငယ်များအတွက် အထူးသတိပေးချက် 👶

ကလေးတွေရဲ့ အရေပြားက လူကြီးတွေထက် ၅ ဆ ပိုပါးပါတယ်။

နေပူအပြင်းဆုံးအချိန် (မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီ) အတွင်း ရေထွက်မကစားခိုင်းပါနဲ့။ 🚫🌞

ကလေးတွေအတွက် အထူးထုတ်ထားတဲ့ Baby Sunscreen ကိုသာ သုံးပေးပါ။

ရေကစားပြီးတာနဲ့ အဝတ်အစား ချက်ချင်းလဲပေးပြီး ကိုယ်လုံးကို ခြောက်အောင် သုတ်ပေးပါ။

အကြံပြုချက် 💡

သင်္ကြန်မှာ ပျော်ဖို့ကောင်းသလို ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ အလှအပကိုလည်း တန်ဖိုးထားစေချင်ပါတယ်။ အခုပြောပြတဲ့ အချက်လေးတွေကို သေချာလိုက်နာပေးကြပါခင်ဗျာ။

မြန်မာပြည်သူ ပြည်သားအားလုံး စိတ်ရောကိုယ်ပါ အေးမြလန်းဆန်းတဲ့ သင်္ကြန်အခါသမယလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ 🙏✨

ဒေါက်တာဝေယံဖြိုး

ကျန်းမာရေးသတင်းများအချိန်နှင့်တပြေးညီသိရှိဖို့ ဒီကို Join ထားပေးပါခင်ဗျာ https://www.messenger.com/channel/61553651425538

📣 ဒီ Post လေးက သူငယ်ချင်းတွေအတွက် အသုံးဝင်မယ်ဆိုရင် Share ပေးဖို့ မမေ့နဲ့ဦးနော်! တခြားဘာတွေ သိချင်သေးလဲ? Comment မှာ မေးခဲ့လို့ ရပါတယ်ဗျ။ 👇

#သင်္ကြန် #အရေပြားကျန်းမာရေး

10/04/2026

#ဆံပင်ကျွတ်တာကို ဒီအတိုင်းပဲ ကြည့်နေတော့မှာလား? ⚠️

ဆံပင်ကျွတ်တာကို "ခဏပါပဲ" ဆိုပြီး လျစ်လျူရှုထားမိလား? တကယ်တော့ ဆံပင်ကျွတ်ရောဂါအချို့ဟာ အချိန်မီ မကုသရင် ဆံပင်အိတ်တွေ ပျက်စီးသွားပြီး ဘယ်တော့မှ ပြန်မပေါက်နိုင်တော့တဲ့ အခြေအနေအထိ ဖြစ်သွားနိုင်ပါတယ်။

🩺✨ ဆံပင်နဲ့ ပတ်သက်ပြီး စိုးရိမ်တာရှိရင် Comment မှာ မေးခဲ့လို့ ရပါတယ်ခင်ဗျာ။

Online Consultation Registration
https://t.me/drwaiyanphyo?direct

Kembangan-Thuwunna Clinic ကမ်ဘန်ဂန်-သုဝဏ္ဏဆေးခန်း
လိပ်စာ: တိုက် (၄)၊ အခန်း (၀၀၁)၊ မြေညီထပ်၊ (၂၄) ရပ်ကွက်၊ သံသုမာလမ်းနှင့် ပဒုမ္မာလမ်းထောင့် (စုပေါင်းမှတ်တိုင်အနီး)၊ သင်္ဃန်းကျွန်းမြို့နယ်။ 09752572757,09778527793

KEMBANGAN SPECIALIST CENTRE ကမ်ဘန်ဂန်အထူးကုဆေးခန်း
အမှတ် (171)၊ရွှေဂုံတိုင်လမ်းသွယ်၊ အနောက်‌ရွှေဂုံတိုင်လမ်းမကြီး၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့
09772458611‬, 09795899634

နေ့ရက် နှင့် ဆေးခန်းထိုင်သည့်အချိန်အတိအကျကိုဆေးခန်းဖုန်းသို့ (Mon- Sat 9Am-5pm) ခေါ်ဆိုမေးမြန်းနိုင်ပါတယ်။

#ဒေါက်တာဝေယံဖြိုး #အရေပြားကျန်းမာ

08/04/2026

#ဆံပင်ပုံမှန်ကျွတ်တာလား #ထိပ်ပြောင်တော့မှာလား😱

ခေါင်းဖြီးတိုင်း၊ ခေါင်းလျှော်တိုင်း ဆံပင်တွေ အများကြီးပါလာလို့ စိတ်ပူနေပြီလား? တကယ်တော့ ဆံပင်ကျွတ်တာတိုင်းက ထိပ်ပြောင်စေတဲ့ "ဆံပင်ကျွတ်ရောဂါ" မဟုတ်ပါဘူး။
✅ Shedding (ဆံပင်ပုံမှန်ကျွတ်ခြင်း): တစ်နေ့ကို အချောင်း ၁၀၀ ဝန်းကျင် ကျွတ်တာက သဘာဝပါ။ ယာယီပဲဖြစ်ပြီး ပြန်ပေါက်နိုင်ပါတယ်။
❌ Loss (ဆံပင်ကျွတ်ရောဂါ): ဆံပင်အိတ်တွေ ပျက်စီးပြီး ပြန်မပေါက်တော့တဲ့ အခြေအနေပါ။

ကိုယ့်ရဲ့ ဆံပင်ကျွတ်တာက ဘယ်လိုအမျိုးအစားလဲဆိုတာ သိဖို့ ဒီဗီဒီယိုကို အဆုံးထိ ကြည့်လိုက်ပါ။ 🩺✨

ဆံပင်နဲ့ ပတ်သက်ပြီး စိုးရိမ်တာရှိရင် Comment မှာ မေးခဲ့လို့ ရပါတယ်ခင်ဗျာ။

https://t.me/drwaiyanphyo?direct

Kembangan-Thuwunna Clinic
ကမ်ဘန်ဂန်-သုဝဏ္ဏဆေးခန်း
လိပ်စာ: တိုက် (၄)၊ အခန်း (၀၀၁)၊ မြေညီထပ်၊ (၂၄) ရပ်ကွက်၊ သံသုမာလမ်းနှင့် ပဒုမ္မာလမ်းထောင့် (စုပေါင်းမှတ်တိုင်အနီး)၊ သင်္ဃန်းကျွန်းမြို့နယ်။
09752572757,09778527793

KEMBANGAN SPECIALIST CENTRE
ကမ်ဘန်ဂန်အထူးကုဆေးခန်း
အမှတ် (171)၊ရွှေဂုံတိုင်လမ်းသွယ်၊ အနောက်‌ရွှေဂုံတိုင်လမ်းမကြီး၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့l
09772458611‬, 09795899634

နေ့ရက် နှင့် ဆေးခန်းထိုင်သည့်အချိန်အတိအကျကိုဆေးခန်းဖုန်းသို့ (Mon- Sat 9Am-5pm) ခေါ်ဆိုမေးမြန်းနိုင်ပါတယ်။ #ဒေါက်တာဝေယံဖြိုး #အရေပြားကျန်းမာ

 #ခရုသင်း (Vitiligo) ဝေဒနာရှင်များအတွက် နေရောင်ခြည်က "ရန်သူလား၊ မိတ်ဆွေလား" 📣နေရောင်ခြည်နဲ့ ခရုသင်း ( ) ဆိုတာက "ရန်သူလို...
06/04/2026

#ခရုသင်း (Vitiligo) ဝေဒနာရှင်များအတွက် နေရောင်ခြည်က "ရန်သူလား၊ မိတ်ဆွေလား"

📣နေရောင်ခြည်နဲ့ ခရုသင်း ( ) ဆိုတာက "ရန်သူလိုတစ်မျိုး၊ မိတ်ဆွေလိုတစ်ဖုံ" ပါပဲ။ ဒါကြောင့် လူနာတွေ မကြာခဏဆိုသလို မေးလေ့ရှိတဲ့ မေးခွန်းတွေကို ပေါ့ပေါ့ပါးပါးနဲ့ နားလည်လွယ်အောင် ဆရာဝန်တစ်ဦးအနေနဲ့ ပြန်ဖြေပေးလိုက်ပါတယ်ဗျာ။

👉၁။ ခရုသင်းကွက်တွေက နေရောင်ဒဏ်ကို ဘာကြောင့် မခံနိုင်တာလဲ?
ခရုသင်းရှိတဲ့ အရေပြားဟာ သဘာဝကပေးထားတဲ့ "ထီး" မရှိတော့တာနဲ့ တူပါတယ်။ အရေပြားမှာ နေရောင်ဒဏ်ကို အကာအကွယ်ပေးမယ့် မယ်လနင် (Melanin) အရောင်ခြယ်ပစ္စည်း မရှိတော့တဲ့အတွက် နေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါ သာမန်အရေပြားထက် နေလောင်ဒဏ် (Sunburn) ကို အလွန်အမင်း ခံရလွယ်တာ ဖြစ်ပါတယ်။

👉၂။ နေရောင်ခြည်ကို ခရုသင်းကုသမှုအနေနဲ့ သုံးလို့ရပါသလား?
အံ့သြစရာကောင်းတာက သုံးလို့ရပါတယ်ခင်ဗျာ။ ဒါကို Heliotherapy လို့ ခေါ်ပါတယ်။ နေရောင်ခြည်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည် (UV) ဟာ ဆံပင်မွေးညင်းအိတ်လေးတွေထဲမှာ ပုန်းအောင်းနေတဲ့ "အနားယူနေတဲ့ အရောင်ခြယ်ဆဲလ်တွေ" ကို ပြန်လည်နိုးကြားလာစေပြီး အဖြူကွက်ပေါ်ကို ပျံ့နှံ့လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ အလင်းကုထုံးစက်တွေနဲ့ မကုသနိုင်သူတွေအတွက် သဘာဝနေရောင်ခြည်ဟာ အဖိုးတန်တဲ့ ကုထုံးတစ်ခုပါပဲ။

👉၃။ ခရုသင်းရှိရင် နေရောင်ကို လုံးဝရှောင်ပြီး အိမ်ထဲမှာပဲ အောင်းနေရမလား?
လုံးဝမလိုပါဘူး။ နေရောင်ကို လုံးဝရှောင်လိုက်တာဟာ ဗီတာမင် D ချို့တဲ့စေရုံတင်မကဘဲ စိတ်ဓာတ်ကျတာမျိုးပါ ဖြစ်စေနိုင်ပါတယ်။ "အိမ်ထဲမှာ ပုန်းနေမယ့်အစား" နေရောင်ခြည်ကို ဘယ်လိုစနစ်တကျ ထိတွေ့မလဲဆိုတဲ့ နည်းလမ်းကိုပဲ ကျွမ်းကျင်သူတွေက အကြံပြုကြပါတယ်။

👉၄။ နေလောင်တာက ခရုသင်းအကွက်သစ်တွေ ထပ်ဖြစ်စေနိုင်သလား?
ဒါကိုတော့ အထူးသတိထားရပါမယ်။ ကိုးဗ်နာဖြစ်စဉ် (Koebner phenomenon) အရ ပြင်းထန်တဲ့ နေလောင်ဒဏ်ကြောင့် အရေပြား ထိခိုက်ဒဏ်ရာရသွားတဲ့အခါ အဲဒီဒဏ်ရာရတဲ့နေရာမှာ ခရုသင်းအကွက်သစ်တွေ ထပ်ပေါ်လာတာ ဒါမှမဟုတ် ရှိရင်းစွဲအကွက်တွေ ပိုပြန့်လာတာမျိုး ဖြစ်တတ်ပါတယ်။

👉၅။ ခရုသင်းရှိသူတွေဟာ အရေပြားကင်ဆာဖြစ်ဖို့ ပိုလွယ်သလား?
သီအိုရီအရတော့ အကာအကွယ်မဲ့နေလို့ ပိုဖြစ်နိုင်တယ်လို့ ထင်ရပေမဲ့ လက်တွေ့မှာတော့ ပြောင်းပြန်ပါပဲ။ လေ့လာမှုတွေအရ ခရုသင်းဝေဒနာရှင်တွေဟာ အရေပြားကင်ဆာဖြစ်နိုင်ခြေ ၃ ဆခန့် ပိုမိုနည်းပါး တာကို တွေ့ရပါတယ်။ ဒါဟာ ကင်ဆာကို တားဆီးပေးတဲ့ p53 gene လို့ခေါ်တဲ့ မျိုးဗီဇဓာတ်တစ်မျိုး ပိုမိုအားကောင်းနေလို့ ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။

👉၆။ နေရောင်ခြည်နဲ့ ဗီတာမင် D က ခရုသင်းအတွက် ဘယ်လောက်အရေးကြီးလဲ?
အလွန်အရေးကြီးပါတယ်ခင်ဗျာ။ ဗီတာမင် D ဟာ ကိုယ်ခံအားစနစ်ကို ထိန်းညှိပေးတဲ့နေရာမှာ အဓိကကျပါတယ်။ အထူးသဖြင့် ကျွန်တော်တို့လို အသားညိုတဲ့ တောင်အာရှသားတွေဟာ ဗီတာမင် D လုံလောက်အောင်ရဖို့ နေရောင်ခြည်ထဲမှာ အသားဖြူသူတွေထက် ပိုမိုကြာရှည်စွာ နေပေးဖို့ လိုအပ်ပါတယ်။

👉၇။ နေကာခရင်မ် (Sunscreen) ကို ဘယ်လိုလိမ်းရင် အထိရောက်ဆုံးလဲ?

ကျွမ်းကျင်သူတွေက "နှစ်မျိုးသုံးနည်း" ကို အကြံပြုထားပါတယ် -

ခရုသင်းကွက်တွေပေါ်မှာ: SPF 15 ခန့်ကိုပဲ လိမ်းပါ
(ကုသမှုအတွက် UV အနည်းငယ် ဝင်ခွင့်ပေးရန်)။

ပတ်ဝန်းကျင် အရေပြားပေါ်မှာ: SPF 50+ ကို လိမ်းပါ
(ဘေးက အရေပြားတွေ ပိုမညိုလာစေရန်)။

👉၈။ နေပူထဲထွက်ရင် အဖြူကွက်တွေက ဘာလို့ ပိုသိသာလာတာလဲ?
ဒါက အရောင်ကွာခြားမှု (Contrast) ကြောင့်ပါ။ နေပူထဲထွက်လို့ ကျန်းမာတဲ့ အရေပြားတွေက ပိုညို (Tan) လာတဲ့အခါ အဖြူကွက်တွေက ပိုပြီး ကွက်ကွက်ကွင်းကွင်း မြင်သာလာတာ ဖြစ်ပါတယ်။ အထက်ကပြောခဲ့တဲ့ "နေကာခရင်မ်နှစ်မျိုးသုံးနည်း" က ဒါကို ကူညီပေးနိုင်ပါတယ်။

👉၉။ နေကာခရင်မ်တစ်ခုတည်းနဲ့ နေရောင်ကို ကာကွယ်လို့ ရပါသလား?
မလုံလောက်ပါဘူး။ နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ဖို့ အဝတ်အစား (Physical protection) က ပထမအဆင့်ပါ။ ထီးဆောင်းတာ၊ ဦးထုပ်ဆောင်းတာ၊ လက်ရှည်ဝတ်တာတွေက အရေးကြီးဆုံးဖြစ်ပြီး နေကာခရင်မ်ကတော့ ဒုတိယအဆင့် အကာအကွယ်သာ ဖြစ်ပါတယ်။

👉၁၀။ ခရုသင်းကွက်တွေက ယားတတ်သလား? ဘာကြောင့် ယားတာလဲ?

ဒါက တကယ့်ကို အမေးများတဲ့ မေးခွန်းပါပဲ။ အဖြေကတော့ "ယားတတ်ပါတယ်" ခင်ဗျာ။ အကြောင်းရင်း (၃) ချက်ကြောင့် ဖြစ်နိုင်ပါတယ် -

ရောဂါကြွနေချိန် (Active Stage): ခရုသင်းအကွက်သစ်တွေ ထပ်ဖြစ်ခါနီး ဒါမှမဟုတ် ရှိရင်းစွဲအကွက်တွေ ပြန့်တော့မယ့်အချိန်မှာ အရေပြားထဲက ခုခံအားဆဲလ်တွေက အရောင်ခြယ်ဆဲလ်တွေကို တိုက်ခိုက်နေတာမို့လို့ အဲဒီနေရာမှာ တစစ်စစ်နဲ့ ယားယံတာမျိုး ခံစားရတတ်ပါတယ်။

နေလောင်ဒဏ် (Sun Sensitivity): ရှေ့မှာပြောခဲ့သလိုပဲ ခရုသင်းကွက်တွေမှာ နေရောင်ဒဏ်ခံနိုင်တဲ့ မယ်လနင်မရှိတော့တဲ့အတွက် နေပူထဲထွက်လိုက်ရင် အရေပြားက နီရဲပြီး ယားယံလာတာမျိုး ဖြစ်တတ်ပါတယ်။

အရေပြားခြောက်သွေ့ခြင်း: ခရုသင်းရှိတဲ့နေရာက အရေပြားဟာ ပုံမှန်ထက် ပိုပြီးခြောက်သွေ့လွယ်တတ်ပါတယ်။ အဲဒီလို ခြောက်သွေ့တဲ့အခါမှာလည်း ယားယံမှုကို ဖြစ်စေနိုင်ပါတယ်။

💢မှတ်ချက် - ခရုသင်းဝေဒနာရှင်များအနေဖြင့် မိမိ၏အရေပြားအခြေအနေပေါ်မူတည်၍ အသေးစိတ်ကုသမှုကို ကျွမ်းကျင်အရေပြားဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် အကြံပြုလိုပါသည်။

📍 အသိပေးချက်: ဆေးဝါးနှင့် Skincare ပစ္စည်းများ ရောင်းချခြင်း မပြုပါ။ လိုအပ်သော ဆွေးနွေးမှုများကိုသာ စေတနာရှေ့ထား၍ ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါတယ်ခင်ဗျာ။

📩 ဆက်သွယ်မေးမြန်းရန်:
👉 [ဒီနေရာကို နှိပ်ပါ - https://t.me/drwaiyanphyo?direct]

Kembangan-Thuwunna Clinic ကမ်ဘန်ဂန်-သုဝဏ္ဏဆေးခန်း
လိပ်စာ: တိုက် (၄)၊ အခန်း (၀၀၁)၊ မြေညီထပ်၊ (၂၄) ရပ်ကွက်၊ သံသုမာလမ်းနှင့် ပဒုမ္မာလမ်းထောင့် (စုပေါင်းမှတ်တိုင်အနီး)၊ သင်္ဃန်းကျွန်းမြို့နယ်။
09752572757,09778527793

KEMBANGAN SPECIALIST CENTRE ကမ်ဘန်ဂန်အထူးကုဆေးခန်း
အမှတ် (171)၊ရွှေဂုံတိုင်လမ်းသွယ်၊ အနောက်‌ရွှေဂုံတိုင်လမ်းမကြီး၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့l
09772458611, 09795899634

နေ့ရက် နှင့် ဆေးခန်းထိုင်သည့်အချိန်အတိအကျကိုဆေးခန်းဖုန်းသို့ (Mon- Sat 9Am-5pm) ခေါ်ဆိုမေးမြန်းနိုင်ပါတယ်။

လေးစားစွာဖြင့် -

#ဒေါက်တာဝေယံဖြိုး

🛑 အသားအရေကို ဖျက်ဆီးနေတဲ့ "တရားခံ" က အနီးနားမှာတင် ရှိနေနိုင်ပါတယ်..အရေပြားပေါ်မှာ အဖြူကွက်လေးတွေ စတွေ့ပြီဆိုတာနဲ့ လူတို...
04/04/2026

🛑 အသားအရေကို ဖျက်ဆီးနေတဲ့ "တရားခံ" က အနီးနားမှာတင် ရှိနေနိုင်ပါတယ်..

အရေပြားပေါ်မှာ အဖြူကွက်လေးတွေ စတွေ့ပြီဆိုတာနဲ့ လူတိုင်းက "ငါ ခရုသင်း (သမင်ဖြူ) ဖြစ်ပြီလား" ဆိုပြီး ထိတ်လန့်သွားတတ်ကြပါတယ်။ အများစုက ဒါကို မျိုးရိုးဗီဇကြောင့်ပဲလို့ ထင်တတ်ကြပေမယ့် တကယ်တော့ သင်နေ့စဉ် ထိတွေ့နေရတဲ့ ဓါတုပစ္စည်းတွေ ကြောင့်လည်း ဖြစ်နိုင်တယ်ဆိုတာကို သတိထားမိသူ နည်းပါသေးတယ်။

ဒါကို ဆေးပညာအရ Chemical-induced Vitiligo သို့မဟုတ် Contact Leukoderma လို့ ခေါ်ပါတယ်။ ပုံမှန်သမင်ဖြူနဲ့ ဆင်တူပေမယ့် ကုသပုံချင်း မတူညီတဲ့အတွက် သေချာသိထားဖို့ လိုအပ်ပါတယ်။

ကျွန်တော့်ဆီကို အရေပြားပေါ်က (ခရုသင်း/သမင်ဖြူ) အဖြူကွက်တွေကြောင့် လာပြကြတဲ့ လူနာတော်တော်များများဟာ အစပိုင်းမှာ ဒါဟာ မျိုးရိုးကြောင့်ဖြစ်တာလို့ပဲ ထင်နေကြတာပါ။ ဒါပေမယ့် သေချာစစ်ဆေးကြည့်တဲ့အခါ သူတို့နေ့စဉ်သုံးနေတဲ့ ပစ္စည်းတွေနဲ့ အလုပ်ခွင်က တရားခံတွေကို ရှာဖွေတွေ့ရှိခဲ့ရပါတယ်။

ဒါတွေကတော့ ကျွန်တော့်လူနာအချို့ရဲ့ သင်ခန်းစာယူစရာ ကိုယ်တွေ့ဖြစ်ရပ်တွေပါ -

👁️ ၁။ အလှအပနောက်ကွယ်က အန္တရာယ် (Eyeshadow & Cosmetics)

လူနာတစ်ယောက်ဆိုရင် မျက်ခွံပေါ်မှာ အဖြူကွက်လေးတွေ စပေါ်လာလို့ ရောက်လာပါတယ်။ မေးမြန်းကြည့်တော့မှ သူနေ့တိုင်းခြယ်နေကျ Eyeshadow နဲ့ အစက်အပြောက်ပျောက်ချင်လို့ လိမ်းနေတဲ့ Dark Spot Corrector တွေမှာပါတဲ့ ပြင်းထန်တဲ့ ဓါတုပစ္စည်းတွေကြောင့် အသားအရေက ဓါတ်မတည့်ဘဲ အရောင်ခြယ်ဆဲလ်တွေ ပျက်စီးသွားတာပါ။ အလှအပအတွက် သုံးတဲ့ပစ္စည်းက ကိုယ့်အသားအရေကို ပြန်ဖျက်ဆီးလိုက်တဲ့ ဖြစ်ရပ်မျိုးပါပဲ။

👣 ၂။ ဖိနပ်ကပေးတဲ့ အမှတ်တရ (Rubber Slippers)

ဒါကတော့ လူသိအနည်းဆုံးပါ။ လူနာတစ်ယောက်ဟာ ခြေဖမိုးမှာ ဖိနပ်သိုင်းကြိုးပုံစံအတိုင်း အဖြူကွက်တွေ ဖြစ်လာပါတယ်။ အကြောင်းရင်းကတော့ သူစီးနေတဲ့ ရော်ဘာဖိနပ် (Rubber Slippers) ထဲမှာပါတဲ့ Antioxidant ဒြပ်ပေါင်း (Monobenzyl Ether of Hydroquinone (MBEH) တွေကြောင့်ပါ။ အသားအရေနဲ့ ရော်ဘာ တိုက်ရိုက်ထိတွေ့မှု များလာတဲ့အခါ ဓါတုပစ္စည်းက ဆဲလ်တွေကို အဆိပ်အတောက် ဖြစ်စေခဲ့တာပါ။

💇 ၃။ ဆံပင်ဆိုးဆေးကြောင့် ပြောင်းလဲသွားတဲ့ အသားအရေ (Hair Dyes)

"ဆံပင်ဖြူဖုံးချင်လို့ ဆိုးတာပါ ဆရာ... အခုတော့ နဖူးနဲ့ နားထင်တွေမှာ အဖြူကွက်တွေ ဖြစ်ကုန်ပြီ" ဆိုတဲ့ လူနာတွေလည်း မနည်းပါဘူး။ ဆံပင်ဆိုးဆေးထဲမှာပါတဲ့ PPD ဓါတ်ဟာ အရေပြားကို ပြင်းထန်စွာ ရောင်ရမ်းစေပြီး Chemical Leukoderma ဖြစ်စေတဲ့ အဓိက တရားခံတွေထဲက တစ်ခုဖြစ်ပါတယ်။

🥯 ၄။ အစားအစာလုပ်ငန်းခွင်က "အဖြူရောင်" ခြိမ်းခြောက်မှု (Food Industry)

ဒါကတော့ လုပ်ငန်းခွင် အန္တရာယ် (Occupational Hazard) ပါပဲ။ အစားအသောက်လုပ်ငန်းတွေမှာ သုံးတဲ့ အစားအသောက်ဆိုးဆေး (Food Colorings) တွေနဲ့ ဂျုံဖြူအောင် လုပ်တဲ့ Food Bleaching ပစ္စည်းတွေကို လက်ဗလာနဲ့ ကိုင်တွယ်မိရာကနေ လက်ချောင်းလေးတွေမှာ အဖြူကွက်တွေ စတင်လာတာမျိုးပါ။ စားသုံးသူအတွက် ဘေးကင်းပေမယ့် ပြင်းအားများတဲ့ ဒြပ်ပေါင်းတွေကို အကာအကွယ်မပါဘဲ ကိုင်တွယ်မိတဲ့အခါ အလုပ်သမားတွေရဲ့ အရေပြားကို ထိခိုက်စေတာဖြစ်ပါတယ်။

ဒါကို ဆေးပညာအရ Contact/Chemical Leukoderma လို့ ခေါ်ပါတယ်။ သာမန်သမင်ဖြူနဲ့ ဘာတွေကွာခြားလဲ၊ ဘယ်လိုအရာတွေက တွန်းအားပေးနေတာလဲ?

🔍 သမင်ဖြူ (Vitiligo) ရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်

ပုံမှန်သမင်ဖြူဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က မိမိရဲ့ အရောင်ခြယ်ဆဲလ် (Melanocytes) တွေကို မှားယွင်းတိုက်ခိုက်ရာကနေ စတင်တာပါ။ အဓိက အကြောင်းရင်း (၃) ချက်ရှိပါတယ် -

မျိုးရိုးဗီဇ (Genetics): မိသားစုထဲမှာ ဖြစ်ဖူးသူရှိရင် ပိုသတိထားရမယ်။

ဓာတ်တိုးဆန့်ကျင်မှု မမျှတခြင်း (Oxidative Stress): ဆဲလ်တွေအတွင်း အဆိပ်အတောက်တွေ များလာတာ။

ခုခံအားစနစ် နိုးဆွမှု: ဆဲလ်တွေ Stress ဖြစ်တဲ့အခါ "အချက်ပေးပရိုတင်း" ထွက်လာပြီး ကိုယ့်ဆဲလ်ကို ကိုယ်ပြန်ဖျက်ဆီးပစ်တာပါ။

ဒါပေမယ့်... ဓါတုပစ္စည်းကြောင့်ဖြစ်တဲ့ အဖြူကွက်ကတော့ ပိုပြီး တိကျပါတယ်။ ထိတွေ့တဲ့နေရာကနေ စတင်ပြီး တစ်ကိုယ်လုံးကို ပျံ့နှံ့သွားနိုင်လို့ ပိုပြီး သတိထားဖို့ လိုအပ်ပါတယ်။

⚠️ သင့်အရေပြားကို "အဆိပ်" ခတ်နေတဲ့ အရာများ

Phenolic နဲ့ Catecholic လို့ခေါ်တဲ့ ဒြပ်ပေါင်းတွေဟာ အရောင်ခြယ်ဆဲလ်တွေကို လှည့်စားပြီး ဖျက်စီးပစ်တတ်ပါတယ်။ ဘယ်ပစ္စည်းတွေမှာ ပါတတ်လဲဆိုရင် -

အသားဖြူခရင်မ်အချို့ (Bleaching Creams): Monobenzone ပါဝင်တဲ့ ခရင်မ်တွေဟာ အရောင်ခြယ်ဆဲလ်တွေကို အသေသတ်ပစ်နိုင်လို့ ဥရောပမှာတောင် ပိတ်ပင်ထားပါတယ်။

ဆံပင်ဆိုးဆေး: PPD ဓါတ်ကြောင့် အရေပြားရောင်ရမ်းရာကနေ အဖြူကွက်ဖြစ်စေနိုင်ပါတယ်။

အိမ်သုံးပစ္စည်းများ: အဝတ်လျှော်ဆပ်ပြာ၊ သန့်ရှင်းရေးသုံးရည်၊ သွားတိုက်ဆေးနဲ့ ချိုင်းဖြန်းစပရေးအချို့။

စက်မှုလုပ်ငန်းသုံး: ရော်ဘာဖိနပ်၊ ကော်၊ ပလတ်စတစ်နဲ့ လျှပ်စစ်ပစ္စည်းတွေမှာ သုံးတဲ့ 4-TBP Resin တွေ။

ဘယ်သူတွေ ပိုသတိထားရမလဲ?

မျိုးရိုးရှိသူတွေ၊ ဆောက်လုပ်ရေးနဲ့ စက်ရုံအလုပ်သမားတွေအပြင် ဓါတုစက်ရုံအနီး နေထိုင်သူတွေဟာ ဖြစ်နိုင်ခြေ (၃) ဆ ပိုများပါတယ်။

💡 အဖြူကွက်တွေ စတွေ့လာရင် ဘာလုပ်မလဲ?

ကြောက်မနေပါနဲ့၊ စောစောစီးစီး သိရင် ကုသလို့ ရပါတယ်။

တရားခံကို ရှာဖွေဖယ်ရှားပါ: သင်သုံးနေတဲ့ ဆပ်ပြာ၊ ဆိုးဆေး ဒါမှမဟုတ် အလုပ်ခွင်က ပစ္စည်းတွေကို ပြန်ဆန်းစစ်ပြီး ထိတွေ့မှုကို ရပ်လိုက်ပါ။

ဆရာဝန်နဲ့ ပြသပါ: Wood's Lamp (ခရမ်းလွန်ရောင်ခြည်မီးအိမ်) နဲ့ စစ်ဆေးပြီး မှိုလား၊ သမင်ဖြူလားဆိုတာ အဖြေရှာပါ။

ဆေးဝါးဖြင့် ကုသခြင်း: Steroid လိမ်းဆေးတွေ သို့မဟုတ် ခုခံအားထိန်းဆေး (Tacrolimus) တွေက ထိရောက်ပါတယ်။

အလင်းကုထုံး (Phototherapy): NB-UVB အလင်းနဲ့ ဆဲလ်တွေကို ပြန်လည်နိုးကြားစေခြင်း။

ခွဲစိတ်ခြင်း: အရေပြားဆဲလ် အစားထိုးခြင်း (Melanocyte Transplantation) နည်းပညာများ။

👨‍⚕️ အကြံပြုချက်

အရေပြားဟာ သင့်ကျန်းမာရေးရဲ့ ကာကွယ်ရေးတံတိုင်းပါ။ ဓါတုပစ္စည်းကိုင်တွယ်ရတဲ့အခါ လက်အိတ်ဝတ်ဖို့ မမေ့ပါနဲ့။ အထူးသဖြင့် အသားဖြူစေတယ်ဆိုတဲ့ အမည်မသိလိမ်းဆေးတွေကို ရှောင်ပါ။ အဖြူကွက်တွေ့ရင် စိတ်မပူဘဲ ကျွမ်းကျင်သူနဲ့ အမြန်ဆုံး ဆွေးနွေးပါ။

📣 သင့်မှာ ဓါတုပစ္စည်းတစ်ခုခုနဲ့ ထိတွေ့ပြီးမှ အရေပြားမှာ အကွက်လေးတွေ ပေါ်လာတာမျိုး ကြုံဖူးပါသလား?

ဒီပို့စ်လေးက အကျိုးရှိတယ်ဆိုရင် သင့်ချစ်ခင်ရသူတွေပါ သိအောင် Share ပေးဖို့ မမေ့နဲ့ဦးနော်!

အရေပြားအခြေအနေအလိုက် စနစ်တကျ ကုသမှုနဲ့ လမ်းညွှန်ချက်တွေကို ရယူလိုပါက အသေးစိတ် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ခင်ဗျာ။

📩 ရက်ချိန်းရယူရန် (သို့မဟုတ်) ဆက်သွယ်မေးမြန်းရန်:
👉 [ဒီနေရာကို နှိပ်ပါ - https://t.me/drwaiyanphyo?direct]

📍 အသိပေးချက်: ကျွန်တော့်အနေနဲ့ ဆေးဝါးနှင့် Skincare ပစ္စည်းများ ရောင်းချခြင်း မပြုပါ။ လိုအပ်သော ဆွေးနွေးကုသမှုများကိုသာ စေတနာရှေ့ထား၍ ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါတယ်ခင်ဗျာ။

လေးစားစွာဖြင့် -

#ဒေါက်တာဝေယံဖြိုး

#ခရုသင်း #သမင်ဖြူ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Dr Wai Yan Phyo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr Wai Yan Phyo:

Share

Category