23/11/2023
Health (ကျန်းမာရေး)
--------------------
အနာရောဂါကို ကာကွယ်သောနည်းလမ်းကောင်း ဥစ္စာကံစောင့် အသက်ဉာဏ်စောင့်ဟူသော ရှေးပညာရှိတို့၏ စကားကို လူတိုင်း သတိချပ်သင့်၏။ ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်နေထိုင်တတ်ခြင်းသည် ရောဂါဘယကို တားဆီးနိုင်သည့်ပြင် အသက်ရှည်ရာရှည်ကြောင်းလည်း ဖြစ်ရကား ကျန်းမာရေး လမ်းညွှန်မျာကို သေချာစွာ ဖတ်ရှုမှတ်သား၍ သုံးသပ်ကြပါလော့။ အာရောဂျံ၊ ပရမံ၊ လာဘံဟူသော ဘုရား ဟောတရား တော်နှင့်အညီ ကျန်းမာရေး လာဘ်ကြီးကို လက်ကိုင်ရရှိထားမှ သာလျှင် လူ့ဘဝရကျိုး နပ်ပေမည်။ ကျန်းမာရေးနှင့် လျော်ညီ စွာ ပြုမူနေထိုင်တတ်ပါမှ မွန်မြတ်လှသော ထိုလာဘ်ကြီးကို ရရှိနိုင်ပေမည်။
မိမိတို့ နေထိုင်ရာအိမ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ပြုပြင်နေထိုင်ခြင်းမရှိပါက ထိုအဆောက်အုံသည် မကြာမီ ပျက်စီးယိုယွင်းသွားတတ်သကဲ့သို့ အိမ်နှင့်တူသော ခန္ဓာကိုယ်ကို ကျန်းမာမှုအတွက် ဂရုမပြုဘဲ နေပါက တဖြည်းဖြည်း ချို့တဲ့ လာကာ စိတ်၏ဆင်းရဲခြင်း၊ ကိုယ်၏ဆင်းရဲခြင်းများကို ကြုံတွေ့ခံစားရလိမ့်မည်။
ကျန်းမာရေးနှင့် ညီညွတ်စွာ နေနိုင်ရန်မှာ မခက်ပေ။ မိမိ၏ နေမှုစားမှုတို့ကို စံနစ်တကျ ဂရုစိုက်၍ ပြုပြင် ပေးရုံမျှနှင့် ကျန်းမာမှုကို လွယ်ကူစွာ ရနိုင်သည်။ ဤသို့ ဖြစ်စေရန် အောက်ပါကျန်းမာရေးကျင့်စဉ် ၉ ချက်ကို ကျင့်သုံးလိုက်နာကြရပေမည်။
၁။ လေကောင်းလေသန့်ကို ရှူရှိုက်ပါ။
၂။ ရေကောင်းရေသန့်ကို သောက်ပါ။
၃။ ကျန်းမာစေမည့် အစားအစာမျိုးကို စားပါ။
၄။ အိပ်ရေးဝအောင် အိပ်ပါ။
၅။ ကျန်းမာရေးနှင့် ညီညွတ်စွာ ဝတ်စားဆင်ယင်ပါ။
၆။ ကိုယ်ခန္ဓာ အနေအထား မှန်ကန်အောင် နေပါ။
၇။ ဣရိယာပုတ် မျှတအောင် နေထိုင်ပါ။
၈။ သန့်ရှင်းစင်ကြယ်စွာ နေပါ။
၉။ စိတ်ကြည်လင် ရွှင်လန်းစွာ နေပါ။
ကျန်းမာမှု ရစေရန် ထိုကျင့်စဉ်များအတိုင်း ဆောင်ရွက်ဖို့ရာ အဘယ်ကြောင့်အရေးကြီးသည်ကို တစ်ခုစီ စစ်ဆေးကြပါစို့။